ဆဋ္ဌမမန္တန်နှင့် အသားကျခြင်း
Vol. 68 Ch. 953
ကျောက်စစ်သည်တော်ကြီး တောင်ထိပ်အပေါ် ခြေချလိုက်စဉ် မန်ဟိုသည် ဘေးဘီဝဲယာကို ဂုဏ်ယူစွာ ကြည့်လိုက်၏။ ဤနေရာမှနေ၍ လခြမ်းပုံသဏ္ဌာန်ရေးဆွဲထားသော ဧရာမကျောက်ကမ်းပါးကြီးတစ်ခုကို မြင်လိုက်ရသည်။
တူညီသော လခြမ်းပုံသဏ္ဌာန်က ရုတ်တရက် သူ့စိတ်ထဲတွင် ပေါ်လာသဖြင့် မန်ဟို၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားလေသည်။
သူ့မှာ ကျောက်ကမ်းပါးအား ယူမသွားနိုင်သလို၊ ပွား၍လည်း မရပေ။ ကြည်ရုံသာ ကြည့်နေနိုင်သည့်အလားပင်။ အကြည့်တစ်ချက်တည်းနှင့် ထိုပုံရိပ်က သူ့စိတ်ထဲတွင် စွဲထင်ကျန်ရစ်သွားသည်။ သို့သော် ထိုပုံရိပ်သည် ကိုးရက်သာ ခံမည်ဖြစ်ကြောင်းကိုလည်း မန်ဟို ပြောနိုင်သည်။
ကိုးရက်ကြာလျှင် လခြမ်း၏ ပုံရိပ်သည် ပျောက်ကွယ်သွားမည်ဖြစ်ပြီး သူ ၎င်းကို မှတ်မိတော့မည်မဟုတ်ပေ။
"အဲ့ဒါ ငရဲလလား ... ဒါဆို ငါ ကိုးရက်အတွင်း တောင်ကိုးလုံးကို ကြည့်ဖို့ လိုအပ်တယ်ထင်တယ်" မန်ဟိုက ပြုံးလိုက်သည်။ အခြားသူများအတွက် ဤသည်မှာ ခက်ခဲသော်လည်း သူ့အတွက်တော့ လွန်စွာရိုးရှင်းသော အလုပ်လေးတစ်လုပ်ပင်။
"ဒါနေရာက တကယ်ပဲ ပွပေါက်ကြီးဟ" သူက သက်ပြင်းချပြီးနောက် ကျောက်စစ်သည်တော်ကြီးကို ပွတ်သပ်လိုက်ရာ ၎င်းသည် ပထမတောင်အောက်သို့ ပျံဆင်းသွားပြီး ဒုတိယတောင်သို့ ဦးတည်သွား၏။
ဟိုးလွန်လေပြီးသောနှစ်များက ပထမမျိုးဆက်ခေါင်းဆောင်ကြီး ငရဲတောင်ကိုးလုံးကို ဖန်ဆင်းခဲ့သော အခိုက်အတန့်မှ ယနေ့ထက်ထိ ယခုလိုအရာမျိုး မဖြစ်ပျက်ခဲ့ဖူးပေ။ မန်ဟိုသည် ရှေ့ဆက်သွားနေရင်း ယူ၍ရသမျှအကုန် သိုလှောင်အိတ်ထဲသို့ ထည့်နေ၏။
အတားအဆီးများ၊ သားရဲများမှာ သူ အားမထည့်ဘဲ နင်းခြေသွားနိုင်သော မြက်ခြောက်များအလားပင်....
တောင်ထိပ်သူကြီးများပင်လျှင် ကျောက်စစ်သည်တော်ကြီးကို မြင်သည်နှင့် ကပျာကယာ ပုန်းသွားကြသည်။ မန်ဟိုမှာ ဒုတိယတောင်ကို အလွယ်တကူ ဖြတ်ကာ တတိယတောင်သို့ ရောက်သွားလေပြီ ...
သူ့မှာ ရရှိခဲ့သော အမွေအနှစ်များနှင့် မှော်သိုင်းကွက်များမှာ များပြားလွန်းသဖြင့် ရေပင် မရေနိုင်တော့သလို ၊ အစီအစဉ်တကျလည်း မထားနိုင်တော့ပေ။ သူ့တွင် သိုလှောင်အိတ်များရှိနေသရွေ့ သူသည် တွေ့သမျှအကုန် ထည့်နေဦးမည်ဖြစ်၏။
"ပွပေါက်ကြီးဟေး
"ငါ ဒီကထွက်တာနဲ့ ဒီပစ္စည်းတွေကို မျိုးနွယ်စုထဲက ပိုကောင်းတဲ့ပစ္စည်းတွေနဲ့ လဲလို့ရလောက်တယ်" မန်ဟိုသည် ပို၍သာ စိတ်လှုပ်ရှားလာ၏။ ဤနေရာတွင်မှ ချမ်းသာတော့မည့်ခံစားချက်အစစ်ကို ပထမဆုံးအကြိမ် ရလိုက်လေသည်။
ဤခံစားချက်က သူ၏စိတ်လှုပ်ရှားမှုကို လောင်စာဖြည့်ပေးလိုက်ပြီး သူကား စတုတ္ထတောင်နှင့် ပဉ္စမတောင်သို့ တဟုန်ထိုး ဆက်သွားတော့သည်။
တောင်တစ်လုံးစီ၏ ကမ်းပါးတွင် လခြမ်းသဏ္ဌာန်တစ်ခုစီ ရှိသည်။ မန်ဟိုသည် ပုံရိပ်ကို ကြည့်လိုက်တိုင်း သူ့စိတ်ထဲရှိ လခြမ်းသည် ပို၍ထင်ရှားလာ၏။ တဖြေးဖြေး သူ့စိတ်ထဲရှိ ပုံရိပ်ထဲမှ ပြင်းထန်လာသော ဖိအားတစ်ခုအား စတင်ထုတ်လွှတ်လာသည်။
အချိန်များ ကုန်လွန်သွားသည်။ တတိယမြောက်နေ့ကုန်သော် အဋ္ဌမတောင်သို့ သူ ရောက်လာခဲ့လေပြီ။
ထိုစဉ် အဋ္ဌမတောင်ထိပ်နားတွင် အနက်ဝတ်အဘိုးကြီးတစ်ယောက်သည် ကျောက်စိမ်းပြားအား အထိတ်တလန့်ကြည့်ရင်း မန္တန်ဝင်္ကပါတစ်ခုထဲ၌ ပိတ်မိနေလျက် ရပ်နေ၏။ ပြီးခဲ့သည့်သုံးရက်အတွင်း သူ့မှာ ကျောက်စိမ်းပြားအား အဆက်မပြတ် ကြည့်နေခဲ့ပြီး မန်ဟို့ကို ကိုယ်စားပြုသောအလင်းစက်သည် ငရဲတောင်ကိုးလုံးထဲရှိ သူ့နေရာအနား ရောက်သထက် ရောက်လာသည်ကို ရှင်းရှင်းလင်းလင်း မြင်နေရ၏။
သူက မန်ဟို ပထမတောင်မှ စရန် ရွေးချယ်လိုက်သည်ကို မြင်လျှင် စိတ်သက်သာရာရသွားပြီးနောက် ကောက်ကျစ်စွာပင် ရယ်ခဲ့လေသည်။ သူ့စိတ်ထဲတွင် မန်ဟို သူ ရှိနေသောတောင်အား ရွေးချယ်ရဲမည်မဟုတ်ဟု တွေးထင်ခဲ့မိ၏။ ဤအခြင်းအရာက သူ့အား မန်ဟို့နောက်လိုက်ရန်ပင် တွေးမိလိုက်စေသည်။
သို့သော် သူ့စိတ်ကူးမှာ မန်ဟို နာရီပိုင်းလေးနှင့် တောင်တစ်တောင်လုံးအား ဖြတ်လာသည်ကို မြင်လျှင် ... အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားတော့သည်။
ထို့နောက် သူ့အတွက် ပထမတောင်မှ သူ ရပ်နေသော အဋ္ဌမတောင်သို့ ရောက်လာရန် သုံးရက်သာ ကြာလိုက်သည်။ ဤမြင်ကွင်းက သူ့ခေါင်းအား ပေါက်ကွဲတော့မည့်အလား ထုံကျင်သွားစေသည်။ သူ့စိတ်မှာ ဝီခေါ်နေပြီး ကြောက်လွန်း၍ တဆတ်ဆတ်ပင် တုန်လာသည်။ သူ့မှာ တောင်မှ ထွက်ပြေးသွားလိုက်ချင်နေတော့၏။
မန်ဟို မည်ကဲ့သို့လုပ်ဆောင်နေသလဲ သူ မသိပေ။ သို့သော် တကယ်တော့ ယင်းက အရေးမကြီးပေ။ ဤအခိုက်အတန့်တွင် မန်ဟိုနှင့် ဆုံတွေ့လိုက်ပါက သေရနိုင်ခြေများကြောင်း သေချာသွားသည်။
"ဘာလုပ်ရမလဲ၊ ဘာလုပ်ရမလဲ...." အနက်ဝတ်အဘိုးကြီးမှာ ကျောက်စိမ်းပြားနှင့် မန်ဟို့ကို ကိုယ်စားပြုသော အလင်းစက်ကို ကြည့်နေသည်။ အလင်းစက်က ယခုတွင် ကြောက်မက်ဖွယ်ရာ အမြန်နှုန်းဖြင့် သူ့ဆီ ဦးတည်လာနေရာ အဘိုးကြီးအား ရင်တထိတ်ထိတ်ဖြစ်နေစေတော့သည်။
နာရီအနည်းငယ်ကြာသော် တောင်အောက်မှ သူ့ထံ လာနေသော မန်ဟို့ကို မြင်လိုက်ရ၏။ ထို့နောက် မန်ဟို တက်ထိုင်ထားသော ကျောက်စစ်သည်တော်ကြီးကို တွေ့လိုက်ရသည်။ အဘိုးကြီးမှာ အထိတ်တလန့် အော်လိုက်မိလေသည်။
"တစ်ဝက်တစ်ပျက်တာအိုပါရာဂွန် အရှိန်အဝါ"
"ဒါ ... ဒါက ..." အဘိုးကြီးသည် ရုပ်တုကြီးကို မြင်လျှင်ချင်း အကုန်လုံးကို နားလည်သွား၏။ ထို့နောက် သူသည် ရုပ်တုကြီးကို မြင်ဖူးနေသကဲ့သို့ ခံစားလိုက်ရပြီး ၎င်းကို မှတ်မိရန် တခဏသာ ကြာလိုက်လေသည်။ ထိုအခိုက်အတန့်တွင် သူ့ခြေထောက်များမှာ ရုတ်တရက် ခွေကျသွားပြီး သေမင်းအရိပ်က သူ့အပေါ် စိုးမိုးလာတော့သည်။
သူ့ခေါင်းထဲတွင် အတွေးပေါင်းစုံ ဖြတ်ပြေးနေစဉ် သူ့မှာ ဟောဟဲလှိုက်နေသည်။ အသက်တစ်ရှိုက်ကြာသော် မန်ဟိုနှင့် ကျောက်စစ်သည်တော်ကြီးကား အနားရောက်လာလေပြီ။ အဘိုးကြီးက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် တည်ကြည်သောမျက်နှာထားဖြင့် လက်နှစ်ဖက်ယှက်ကာ မန်ဟို့အား အရိုအသေပေးလိုက်သည်။
"ကျွန်တော်က ဖန်တောက်ဟုန်ပါ" သူက အလောသုံးဆယ်ပြောသည်။ "ဂါဝရပြုပါတယ် မင်းသားဟို
"မင်းသား ကျွန်တော့်ကို ဒီမှာတွေ့တာ အံဩသွားတယ်မလား။ အရှက်သိက္ခာမရှိတဲ့ ဖန်ရှုံ့ရှန်းက ဒီနေရာကို လာပြီး မင်းသားကို သတ်ဖို့ ကျွန်တော့်ကို နားချရင်း ကတိတွေအများကြီး ပေးခဲ့လို့ပါ။ ဒါပေမဲ့ ဖန်ရှုံ့ရှန်းဟာ ကျွန်တော်က ဖြောင့်မတ်တဲ့သူ ၊ မဖားတတ်တဲ့သူ၊ သခင်ကြီးဖန်ရှုံ့ဖုန်းကို လေးစားနေတဲ့သူဆိုတာ မသိခဲ့ပါဘူး။ ကျွန်တော်လိုလူက လူယုတ်မာ ဖန်ရှုံ့ရှန်းကို ဘယ်လိုလုပ် ကူညီပေးမှာတုန်း
"ဒါကြောင့် ဖန်ရှုံ့ရှန်း သဘောအတိုင်း ဒီနေရာကို လာခဲ့တယ်။ ဒါပေမဲ့ တကယ့်ရည်ရွယ်ချက်က ဒီကို လာပြီး မင်းသားကို ကာကွယ်ပေးဖို့ပါ။ မင်းသားဟို သိလား ... ကျွန်တော်က မင်းသား သေးသေးလေးတုန်းက လက်ထဲမှာ ပွေ့ပေးခဲ့ဖူးတယ်...."
ဖန်တောက်ဟုန် စကားပြောလိုက်သည့်အချိန်မှာပင် ကျောက်စစ်သည်တော်ကြီးက သူ့အရှေ့တွင် ရပ်လိုက်လေပြီ။ ၎င်းက ကိုးမီတာအမြင့်ဖြင့် ဧရာမကြီးမဟုတ်သည့်တိုင် တစ်ဝက်တစ်ပျက်တာအိုအရှိန်အဝါနှင့် ဖိအားကို ထုတ်လွှတ်နေသေးရာ အဘိုးကြီးအား တုန်ရီလာစေသည်။ သူ့မှာ ဂလုခနဲ တံတွေးမြိုချပြီးနောက် အန္တရာယ်များသောလူပုံစံမပေါ်အောင် သွားဖြဲပြုံးပြလိုက်၏။
မန်ဟိုက ဖန်တောက်ဟုန်ကို ငုံ့ကြည့်ရင်း ကျောက်စစ်သည်တော်ကြီးအပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်။
"ခင်ဗျားက ကျုပ် ကလေးအရွယ်တုန်းက ချီပေးခဲ့တယ်လား" မန်ဟိုက တည်ငြိမ်စွာ ပြောသည်။
"ဟုတ်ကဲ့" သူက ခေါင်းတဆတ်ဆိတ်ညိတ်ရင်း ပြန်ဖြေသည်။ "မင်းသားဟို ငယ်ငယ်တုန်းက ကျွန်တော် ချီပေးခဲ့တာ။ သေးသေးလေးနဲ့ အရမ်းချစ်ဖို့ကောင်းခဲ့တာလေ။ အခု အရွယ်ရောက်လာတော့ သိပ်ခန့်ညားတာပဲ..." အဘိုးကြီးသည် ဖော်လန်ဖားတတ်သူမဟုတ်သော်လည်း ဤအခြေအနေတွင် နည်းနည်းလေးမှ တွန့်ဆုတ်မနေပေ။
မန်ဟိုက အဘိုးကြီးကို တခဏကြည့်ပြီးနောက် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ၊ အဲဒီလိုဆိုမှတော့ ကျင့်ကြံခြင်းအခြေခံကို အင်မော်တယ်နယ်ပယ်အထိ လျှော့ချလိုက်။ ခင်ဗျားကို တားမြစ်မန္တန်တစ်ခုနဲ့ ပြုစားမလို့။ အခုကစပြီး ခင်ဗျား ကျုပ်အမိန့်ကို နာခံရမယ်"
ဖန်တောက်ဟုန်မှာ မန်ဟို့စကားကို ကြားသော် တုန်လှုပ်သွားသည်။ သို့သော် ကျောက်စစ်သည်တော်ကြီး၏အရှိန်အဝါက သူ မငြင်းနိုင်ခင် ပေါက်ကွဲထွက်လာ၏။ ၎င်းမှာ တောင်ကြီးတစ်လုံး ဖန်တောက်ဟုန်အပေါ် သက်ရောက်လာသကဲ့သို့ ဖြစ်၍ သူ့မှာ သူ့အား မျက်နှာဖြူဖပ်ဖြူလျော်နှင့် ချွေးပြန်လာစေသော အသက်အန္တရာယ်ကို ခံစားလိုက်ရသည်။
စိတ်ထဲတွင် သူသည် ဖန်ရှုံ့ရှန်း သေချင်းဆိုးနှင့်သေပါစေရန် ကျိန်ဆဲနေ၏။ ဖန်ရှုံ့ရှန်းအပေါ် သူ၏မုန်းတီးမှုမှာ မယုံကြည်နိုင်ဖွယ် အမြင့်သို့ ရောက်ရှိသွားခဲ့ပြီး သူ့မှာ နောင်တလည်း အကြီးအကျယ်ရနေသည်။
ထို့နောက် သူက မန်ဟို့မျက်လုံးထဲရှိ သွေးအေးမှုကို မြင်လျှင် ရင်လေးသွား၏။ တခဏ တိတ်ဆိတ်နေပြီးနောက် သူ့မှာ သက်ပြင်းရှည်ကြီးချကာ ညာလက်ကို တုံ့ဆိုင်းခြင်းမရှိ မြှောက်ပြီးနောက် ရင်ဘတ်အပေါ် ရိုက်ချလိုက်သည်။
ချီစီးဆင်းမှုလမ်းကြောင်းများစွာ ပျက်ပြားသဖြင့် သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူ၏ကျင့်ကြံခြင်းအခြေခံသည် ဝိညာဉ်မီးအိမ်တစ်လုံးငြိမ်းအဆင့်မှ အင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်သို့ ကျဆင်းသွား၏။
မန်ဟိုက ဤအပြုအမူကြောင့် စိတ်နှလုံးလှုပ်ရှားသွားပုံပေါ်မပေ။ ကျောက်စစ်သည်တော်ကြီး ရပ်နေသရွေ့ ဖန်တောက်ဟုန်သည် မန်ဟို၏တောင်းဆိုမှုအားလုံးကို မေးခွန်းထုတ်မှာမဟုတ်ပေ။ သို့သော် မန်ဟို့တွင် ကာကွယ်ပေးနေသော ကျောက်စစ်သည်တော်ကြီးသာ မရှိလျှင် အဘိုးကြီး၏မျက်နှာသည် ရေခဲတမျှ ခက်ထန်နေပြီး သူ့အား ရပ်နေသည့်နေရာမှာတင် သတ်လိုက်မှာ ဖြစ်၏။
မန်ဟိုကား ရန်သူများကို မသနားပေ။ အသက်ချမ်းသာပေးသည်ကပင် ငဲ့ညာသည်ထက် ပိုနေလေပြီ။
ဖန်တောက်ဟုန်၏ ကျင့်ကြံခြင်းအခြေခံ ကျဆင်းသွားသည်ကို မြင်လျှင် မန်ဟိုက ညာလက်ကို ဆန့်ပြီး ဆဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်ကို ထုတ်လွှတ်လိုက်သည်။ ချက်ချင်းပင် အဖြူအမည်းစီးကြောင်းများက သူ့လက်ပတ်ပတ်လည်တွင် လှည့်ပတ်လာသည်။ ချီစီးကြောင်းနှစ်ကြောင်းက သူ့မျက်နှာတွင် အဖြူရောင်နှင့်အမည်းရောင်အလင်းတို့ ထင်ဟပ်နေစေရာ သူ့အား အလွန်ထူးဆန်းနေစေသည်။
ဖန်တောက်ဟုန်မှာ ခေါင်းနပန်းကြီးသွားသည်။ အဖြူအမည်းချီများက သူ့ကို ကြောက်လန့်တုန်ရီနေစေ၏။
သူက တခဏ ချီတုံချတုံ ဖြစ်နေပြီးနောက် မေးသည်။ "မင်းသားဟို ... အဲ့ဒါ ဘာ ... ဘာတားမြစ်မန္တန်လဲဟင်"
"ဪ အဲ့ဒါလား။ ပြီးခဲ့တဲ့ရက်ပိုင်းက လေ့လာထားတဲ့ ပြုစားမန္တန်တစ်ခုလေးပါ" မန်ဟိုက ဖန်တောက်ဟုန်ကို ကြည့်ရင်း ပြန်ဖြေသည်။ "အသားကျဖို့လိုသေးပေမယ့် မပူပါနဲ့။ ဒါ ကျုပ် အောင်မြင်နိုင်တယ်လို့ ယုံကြည်ချက်ရှိတဲ့ ပထမဆုံးအကြိမ်ပဲ။ တကယ်တော့ ခင်ဗျား ကျင့်ကြံအဆင့် နည်းနည်းလောက် ထပ်နှိမ့်လိုက်ရင် အောင်မြင်နိုင်ခြေ ပိုများတယ်"
ဖန်တောက်ဟုန် မျက်နှာပျက်သွားသည်။
"ပြီးခဲ့တဲ့ ရက်ပိုင်းလေးကမှ လေ့လာထားတာ။ အသားမကျသေးဘူး။ အခုမှ သုံးကြည့်ဖို့ ပထမဆုံးအကြိမ် ယုံကြည်ချက်ရှိတယ်" အဘိုးကြီး၏မျက်နှာတွင် ချွေးသီးချွေးပေါက်များ ပိုကျလာသည်။ သူ့မှာ ဤအဖြူရောင်နှင့်အမည်းရောင်ချီစီးကြောင်းနှစ်ကြောင်းသည် သူ့ဝိညာဉ်ကို နုတ်ယူနိုင်ကြောင်း ခံစားနေရတော့၏။ ဤမန္တန်ပြုစားခြင်းသာ မအောင်မြင်လျှင် သူ အသေဆိုးနှင့်သေရလိမ့်မည်ဟုလည်း အာရုံရနေသည်။
မန်ဟို သူ့ကို လက်ညှိုးထိုးလိုက်သောအခါ ဖန်တောက်ဟန်မှာ လက်နှစ်ဖက်ဖြင့် ကာ၍ ကပျာကယာ အော်လိုက်သည်။
"ခဏ ခဏနေပါဦး..." သူ့မှာ နောက်ဆုတ်သွားသော်လည်း ကျောက်စစ်သည်တော်ကြီးက လူသတ်ငွေ့တို့ တထောင်းထောင်းထနေသော ဓားကြီးကို ဝင့်လိုက်သည်။ ဖန်တောက်ဟုန်မှာ တုံ့ခနဲ ရပ်လိုက်ရ၏။
သူက အံတင်းတင်းကြိတ်လိုက်ရင်း မျက်နှာဖြူဖပ်ဖြူလျော်ဖြင့် ရင်ဘတ်ကို ဆက်တိုက် ထုလိုက်ပြီး သွေးအန်လိုက်သည်။ မိမိကိုယ်ကို ထိခိုက်အောင် လုပ်လိုက်မှုက သူ၏ကျင့်ကြံခြင်းအခြေခံကို အင်မော်တယ်နယ်ပယ်မှ တာအိုရှာဖွေခြင်းအဆင့်နှင့်ညီမျှသောအဆင့်သို့ ကျဆင်းသွားစေသည်။ ထိုအခိုက်အတန့်တွင် သူက ရပ်၍ မျက်နှာဖြူဖပ်ဖြူလျော်နှင့် ခါးသီးစွာ ပြုံးရင်း မန်ဟို့ကို မော့ကြည့်လိုက်သည်။
သူ၏ရုတ်တရက် လုပ်ဆောင်မှုက မန်ဟို့အား သူ့ကို တခဏ သေသေချာချာ ကြည့်လိုက်စေပြီးနောက် လက်ညှိုးထပ်ထိုးလိုက်စေသည်။ ချက်ချင်းပင် အဖြူရောင်နှင့်အနက်ရောင်ချီစီးကြောင်းများက လေကိုခွင်းကာ ဖန်တောက်ဟုန်၏ ခန္ဓာကိုယ်ထဲ ထိုးဖောက်သွားသည်။ တစ်ချိန်တည်းမှာပင် မီးခိုးရောင်မှော်သင်္ကေတများက ရှေ့နောက်ပြေးလွှားရင်း သူ့အရေပြားပေါ်တွင် ပေါ်လာ၏။ ကြည့်ရသရွေ့ ဤမှော်သင်္ကေတများက သူ့ကိုယ်ထဲ၌ ပေါက်ဖွားလာပြီး သူ့အပေါ်တွင် ထင်ဟပ်လာသည့်အလားပင်။
မန်ဟိုက ဖန်တောက်ဟုန်ကို နီးနီးကပ်ကပ် ကြည့်သည်။ ဤတစ်ခေါက်တွင် သူသည် ဆဋ္ဌမမန္တန်သုံးပုံအား အတန်ငယ် ပြောင်းလဲထား၏။ ဤနည်းလမ်းအလုပ် မဖြစ်လျှင် တခြားနည်းလမ်းဖြင့် စမ်းကြည့်ရလိမ့်မည်။
အချိန်များ ကုန်လွန်သွားသည်။ နောက်ဆုံးတော့ ဖန်တောက်ဟုန်၏အော်သံများမှာ အားနည်းသထက် အားနည်းလာ၏။ အမွှေးတိုင်တစ်တိုင်ထွန်းစာကြာသော် သူသည် ရုတ်တရက် တောင့်တင်းသွားပြီး မှော်သင်္ကေတအားလုံး မှေးမှိန်သွား၏။ ကျန်ခဲ့သည့် တစ်ခုတည်းသောအရာမှာ သူ့နဖူးပေါ်ရှိ မှော်သင်္ကေတအသစ်တစ်ခုဖြစ်သည်။ ထိုမှော်သင်္ကေတက ဖောက်ခနဲ မြည်ကာ သူ့နဖူးမှ ကွာ၍ မန်ဟိုနှင့်တစ်သားတည်း ပေါင်းစည်းသွားသည်။
ထိုသို့ဖြစ်ပျက်သောအခါ မန်ဟိုသည် သူ့ကိုယ်တွင်း၌ စီးဆင်းနေသော အနွေးလှိုင်းတစ်လှိုင်းကို ခံစားလိုက်ရ၏။ တစ်ချိန်တည်းမှာပင် ဖန်တောက်ဟုန်နှင့် တစ်ပုံစံတည်းတူသာ လူသေးသေးလေး၏ပုံရိပ်သည် သူ့စိတ်ထဲတွင် ပေါ်လာသည်။
"အလုပ်ဖြစ်သွားတာလား" မန်ဟိုက အတန်ငယ်အံ့ဩသွားသောပုံဖြင့် တွေးလိုက်သည်။ ပညာရပ်အား အကြိမ်များစွာ စမ်းကြည့်ခဲ့ပြီးနောက် ဤသည်က သူ၏ပထမဆုံးအောင်မြင်မှုဖြစ်သယောင်ပင်။
ဖန်တောက်ဟုန်မှာ တအံ့တဩ စိုက်ကြည့်ပြီးနောက် လေးဖက်ထောက်လိုက်သည်။ စောစောက သူ နင့်နေအောင် ခံစားခဲ့ရသော နာကျင်မှုမှာ ယခုတော့ ပျောက်သွားလေပြီ။ သူသည် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီးနောက် ခြေချောင်းများ၊ လက်ချောင်းများကို လှုပ်လိုက်ကြည့်လိုက်၏။ ထူးထူးခြားခြား မခံစားရပေ။
"မင်းသား ... အောင် အောင်မြင်သွားပြီလား" သူက မဝံ့မရဲ မေးလိုက်သည်။
မန်ဟိုက မျက်မှောင်ကြုတ်ရင်း သူ့စိတ်ထဲရှိ လူသေးသေးလေးကို စူးစမ်းနေသည်။ သူသည် ရင်တဒိန်းဒိန်းခုန်လျက် လူသေးသေးလေးအား လက်ဝါးဖြင့် ရိုက်နေကြောင်း စိတ်ကူးလိုက်သည်။ သူ ထိုသို့လုပ်လိုက်လျှင်ချင်း ဖန်တောက်ဟုန်မှာ အားခနဲ အော်လိုက်ရသည်။ မမြင်ရသော ဧရာမလက်ကြီးတစ်ဖက်က သူ့အား ယခုလေးတင် ရိုက်လိုက်သလို ခံစားလိုက်ရ၏။ သွေးများ သူ့ပါးစပ်မှ ပန်းထွက်သွားပြီး သူ့မှာ ခွေလဲသွားတော့သည်။ ကုန်းရုန်းပြန်ထပြီးနောက် သူက ဘေးဘီဝဲယာအား အူကြောင်ကြောင်လေး ကြည့်လိုက်၏။
မန်ဟိုက မျက်လုံးများ တောက်ပနေလျက် စိတ်ကူးဖြင့် အဘိုးကြီးအား မိုးကြိုးပစ်ချစေလိုက်သည်။
မည်သည့်အရာမှ မမြင်ရသည့်တိုင် ဖန်တောက်ဟုန်မှာ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ အားခနဲ အော်လိုက်၏။
မန်ဟို၏မျက်လုံးများက ပို၍ပင် တောက်ပသွားပြီး သူက အဘိုးကြီး မီးလောင်၊ ရေနစ်၊ ဆောင့်ကန်ခံရပြီး တောင်တစ်လုံးဖြင့် အဖိခံလိုက်ရသည်ကို စိတ်ကူးလိုက်သည်။
ဖန်တောက်ဟုန်ခမျာ ဆံပင်များ လောင်ကျွမ်းရင်း ရေနစ်ကာ အသားများစုတ်ပြဲပြီးနောက် အလွန်ကြီးမားသော အရာဝတ္ထုကြီးတစ်ခုဖြင့် အဖိခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသဖြင့် ငယ်သံပါအောင် အော်လိုက်ရတော့သည်။ ဤအရာအားလုံးက သူ့အား မန်ဟို့ကို ကြောက်လန့်စွာ ကြည့်လိုက်မိစေသည်။ သူ့မှာ ပြုစားခြင်းမန္တန်နှင့် တားမြစ်မန္တန်မျိုးစုံကို သိသော်လည်း ဤမျှကြောက်စရာကောင်းသောအရာမျိုးအား ကြားပင်မကြားခဲ့ဖူးပေ။
သူ့မှာ ရုတ်တရက် ... မသေမချင်း မန်ဟို၏ကစားခြင်းခံရတော့မည့်အလား ခံစားလိုက်ရသည်။
"ဒီတော့ ဒါက ဆဋ္ဌမမန္တန်ပေါ့လေ ... ရှင်ခြင်းသေခြင်းမန္တန်ကို … ထိန်းချုပ်တာနဲ့ပတ်သက်တာပဲ" သူက အသက်ပြင်းပြင်းရှူသွင်းပြီးနောက် ပြုံးလိုက်၏။
သူ့အပြုံးက ဖန်တောက်ဟန်အား ကြောက်ဒူးတုန်သွားစေသည်။ ထိုအခိုက်အတန့်တွင် မျက်နှာမပြရဲအောင် အရှက်ခွဲခံနေရသဖြင့် ဖန်ရှုံ့ရှန်းအပေါ် သူ၏မုန်းတီးမှုမှာ ရိုးတွင်းခြင်ဆီထဲထိ စိမ့်ဝင်သွားတော့သည်။
***