ငရဲတောင်ကိုးလုံးထဲရှိ နေနှင့်လ
Vol. 69 Ch. 954
အဋ္ဌမမန္တန်သည် ခန္ဧာကိုယ်ပြုစားခြင်းဖြစ်၍ ရုပ်ခန္ဓာပြုစားခြင်းမန္တန်ဟုပင် ခေါ်နိုင်သည်။
သတ္တမမန္တန်က ကံကြွေးညှို့ခြင်း၊ ကံကြွေးကို ပြုစားခြင်းဖြစ်သည်။
ဆဋ္ဌမန္တန်မှာတော့ ရှင်ခြင်းသေခြင်းပြုစားမန္တန်ပင်။
မန်ဟို လေ့လာခဲ့သော မိစ္ဆာချုပ်နှောင်မန္တန်သုံးခုသည် သူ၏စိတ်ထဲ၌ လှည့်ပတ်နေသည်။ ပြုစားခြင်းမန္တန်တစ်ခုစီတွင် သူမတူသော အသွင်အပြင်ကိုယ်စီရှိကြပြီး တစ်ခုစီကို အစွမ်းထက်လျှို့ဝှက်မှော်အတတ်များအဖြစ် သတ်မှတ်နိုင်၏။
မိစ္ဆာချုပ်နှောင်သူအဖွဲ့မှာ ကြောက်မက်ဖွယ်ကောင်းပြီး ဤအခိုက်အတန့်တွင် မန္တန်သည် ၎င်းကို နဖူးတွေ့ဒူးတွေ့ မြင်လိုက်ရပြီဖြစ်ကြောင်း ပြောနိုင်လေသည်။ အမှန်အတိုင်းဆိုရလျှင် ကျီမျိုးနွယ်စု၏ ကံကြွေးဖျက်စီးခြင်းမှာ သတ္တမမန္တန်ကို တုပထားသည်ဟုပင် ခံစားလိုက်ရ၏။
"ပဉ္စမန္တန်က ဘယ်လိုပြုစားခြင်းမန္တန်မျိုး ဖြစ်မလဲမသိဘူး" မန်ဟို၏မျက်လုံးများ တောက်ပသွားပြီး သူက အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ ထို့နောက် ဖန်တောက်ဟုန်ကို အဖက်မလုပ်တော့ဘဲ နတ်ဘုရားစိတ်ဆန္ဒတချို့ကို ကျောက်စစ်သည်တော်ကြီး၏အတွင်းသို့ ပို့လွှတ်ရင်း ၎င်းအား လေပေါ် ခုန်နက်၍ တောင်ထိပ်သို့ ဦးတည်သွားစေလိုက်သည်။ ဖန်တောက်ဟုန် ပိတ်မိနေသော မန္တန်ဝင်္ကပါကိုမူ ကျောက်စစ်သည်တော်ကြီးက ဘာမှမဟုတ်သည့်အတိုင်း နင်းပစ်လိုက်၏။
ဖန်တောက်ဟုန်သည် ထိုအဖြစ်အပျက်ကို မြင်လျှင် စိတ်ထဲတွင် တုန်လှုပ်သွားပြီး စောစောက သူ ချခဲ့သော ဆုံးဖြတ်ချက်မှာ သေချာပေါက် မှန်သည်ဟု ခံစားလိုက်ရလေသည်။ သူက ဖင်လေးမနေဘဲ မန်ဟို့နောက် လိုက်သွားတော့သည်။
တောင်ထိပ်သို့ ရောက်သော် မန်ဟိုသည် ကျောက်ကမ်းပါး၌ ရေးဆွဲထားသော လခြမ်းကို မြင်လိုက်ပြီး သူ့စိတ်ထဲ၌ ခတ်နှိပ်ခံထားရသော ပုံရိပ်မှာ ပို၍ထင်ရှားပြတ်သားလာတော့၏။ ထိုမျှသာမက ယခုတွင် သူ့နဖူးထက်၌ လခြမ်းတစ်ခုအား မြင်နေရလေပြီ။
"ငရဲလလျှို့ဝှက်မှော်သိုင်း" ဖန်တောက်ဟုန်မှာ ပင့်သက်ရှိုက်မိလိုက်သည်။ ရုတ်တရက် သူသည် မန်ဟို ကျန်တောင်ခုနစ်လုံးအား မည်ကဲ့သို့ ဖြတ်လာခဲ့သည်လဲ ပြန်တွေးပြီး အားကျမနာလိုဖြစ်သွား၏။
"ငရဲလမှော်သိုင်းက အစွမ်းထက်လား" မန်ဟိုက မေးသည်။
ဖန်တောက်ဟုန်က စရှင်းပြသည်။ "ပထမမျိုးဆက်ခေါင်းဆောင်ကြီးက မဟာတာအိုမှော်ကျင့်စဉ်ကြီးငါးခုနဲ့ လျှို့ဝှက်မှော်သိုင်းသုံးခုကို ချန်ရစ်ခဲ့တယ်။ ငရဲလမှော်သိုင်းက လျှို့ဝှက်မှော်သိုင်းသုံးခုထဲက တစ်ခုအပါအဝင်ပဲ
"ကျင့်ကြံအဆင့်မြင့်လေလေ ငရဲလမှော်သိုင်းဟာ အဖျက်အစီးစွမ်းအား မြင့်တက်လာလေလေပဲ။ အဲ့ဒါက နေနဲ့လကို ပြောင်းလဲပြီး ကျင့်ကြံခြင်းအခြေခံထက် အဆပေါင်းများစွာ ကြီးမားတဲ့စွမ်းအားကို ထုတ်လွှတ်ပေးနိုင်တယ်။ အဲ့ဒါက တိုက်ပွဲအတွက် အကောင်းဆုံးဝှက်ဖဲတစ်ချပ်ပဲ
"မျိုးနွယ်စုထဲမှာဆို ငရဲလလျှို့ဝှက်မှော်သိုင်းကို ရနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းက စွမ်းရည်ဆောင်ရမှတ်တစ်ပြုံကြီးပေးဖို့ပဲ ရှိတယ်။ တကယ်တော့ ... အဲ့ဒီသိုင်းကို တတ်တဲ့သူက မျိုးနွယ်စုတစ်လုံးမှာမှ လက်တစ်ဆုပ်ပဲ ရှိတယ်" သူ့မျက်လုံးထဲရှိ အားကျမနာလိုမှုတို့မှာ ပိုပို၍ သိသာလာသည်။
မန်ဟို၏မျက်လုံးများ လင်းလက်သွားပြီး သူက ညစ်ကျယ်ကျယ် ရယ်သည်။ သူသည် မျှော်လင့်ချက်များဖြင့် နဝမမြောက်ငရဲတောင်ကို လှမ်းကြည့်သည်။ ထို့နောက် ကျောက်စစ်သည်တော်ကြီးက နောက်မှ အနီးကပ်လိုက်ပါပျံသန်းလာသော ဖန်တောက်ဟုန်နှင့်အတူ နဝမမြောက်တောင်သို့ တဟုန်ထိုး ထွက်သွားတော့၏။
ဖန်တောက်ဟုန်မှာ တစ်လမ်းလုံး ဟောလဲလှိုက်နေသည်။ နောက်ဆုံးတော့ သူသည် မန်ဟို ပထမတောင်မှ အဋ္ဌမတောင်သို့ မည်ကဲ့သို့ လျင်မြန်စွာ လာနိုင်ခဲ့သည်လဲ နားလည်သွား၏။ မျိုးနွယ်စု၏ တာအိုစောင့်ရှောက်သူကြီးက မည်သည့်အရာကိုမဆို ထိုးဖောက်သွားလေသည်။ အရှေ့၌ မည်သည့်အရာပင် ပေါ်လာပါစေ၊ ဖျက်စီးခံရမည်သာဖြစ်၏။
နာရီအနည်းငယ်ကြာသော် မန်ဟိုကား နဝမမြောက် ငရဲတောင်သို့ ရောက်သွားလေပြီ။ သူ မြင်လိုက်ရသောအရာမှာ အမွှေးဖားဖားသားရဲအုပ်ကြီးတစ်အုပ် ဖြစ်သည်။ ၎င်းတို့မှာ စိတ်ချမ်းမသာစရာအခြေအနေတွင် ဖြစ်ပြီး မျက်ထောင့်နီကြီးများဖြင့် ကြက်တူရွေးနောက် လိုက်နေကြသည်
ကြက်တူရွေးက အားရကျေနပ်နေသော တဂီးဂီးအော်သံများကို ရံဖန်ရံခါ ထုတ်လွှတ်ရင်း လေတွင် ပျံဝဲနေသည်။ ၎င်းမှာ အတိုင်းထက်အလွန် စိတ်လှုပ်ရှားနေပုံရပြီး ခဏကြာတိုင်း သားရဲအုပ်ကြီးဆီ ပြန်ထိုးဝင်သွားသော ရောင်စုံအလင်းတန်းတစ်တန်းအသွင်ပြောင်းသွားတတ်သည်။ ပြန်ထွက်လာတိုင်း ၎င်းမှာ မယုံနိုင်လောက်အောင် အလိုပြည့်နေပုံရပြီး ပြဲလန်နေသော အသံကြီးဖြင့် အောင်ပွဲခံအော်ဟစ်တတ်၏။
တက်ကြွနေသော ကြက်ဖကြီးသဖွယ် ကြက်တူရွေး၏ပုံစံနှင့်အပြုအမူများက မန်ဟို့အား ဤနဝမတောင်ရှိ သားရဲများအတွက် စိတ်မကောင်းဖြစ်မိစေသည်။ သို့သော် ကြက်တူရွေး တောင်သားရဲများကို ရှင်းပေးထား၍ မန်ဟိုမှာ များစွာပို၍ ချောချောမွေမွေ့ ဆက်သွားနေနိုင်လေသည်။
နောက်ဆုံးတောင်ထိပ်တွင် နောက်ဆုံးကမ်းပါးရှိပြီး လခြမ်း၏နောက်ဆုံးပုံရိပ်က မန်ဟို့အား စိတ်နှလုံးတုန်ရီသွားစေသည်။
သူ့နဖူးပေါ်ရှိ လခြမ်းသည် တလက်လက် တောက်ပလာပြီးနောက် မှေးမှိန်ပျောက်ကွယ်သွား၏။ သို့သော် မမြင်ရတော့သည့်တိုင် လခြမ်းကား သူ့မှတ်ဉာဏ်ထဲတွင် ထာဝရစွဲထင်သွားသည့်အလားပင်။ ဉာဏ်အလင်းများလည်း သူ့စိတ်ထဲ၌ ပေါ်ပေါက်လာလေပြီ။
အချိန်တချို့ကြာသော် မန်ဟိုက မျက်လုံးဖွင့်လိုက်ပြီး သူ့အရှိန်အဝါမှာ ယခင်နှင့်မတူတော့ပေ။ သူက ဘယ်လက်ကို မြှောက်လိုက်ရာ လခြမ်းသည် သူ့နဖူးထက်တွင် ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် အနက်ရောင်လခြမ်းတစ်ခုက သူ့လက်ဝါးထက်တွင် ပျံဝဲနေသည်။
လပေါ်ပေါက်လာမှုက ဖန်တောက်ဟုန်၏မျက်နှာအပေါ်တွင် ခံစားချက်များဖြတ်ပြေးသွားစေသည်။ သို့သော် အချိန်အနည်းငယ်ကြာသော် မန်ဟို့လက်ပေါ်တွင် အလင်းဖန်လုံးတစ်လုံးလည်း ထပ်ပေါ်လာသဖြင့် ... သူ၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားတော့သည်။
အလင်းဖန်လုံးမှာ အဖြူရောင်ဖြစ်သော်လည်း နေနှင့်လည်း တူသည်။ သူ့လက်ဝါးထက်တွင် နေနှင့်လသည် တစ်ခုကို တစ်ခု လှည့်ပတ်နေစဉ် နေ၏အလင်းရောင်က လ၏ နက်မှောင်သောမျက်နှာပြင်ပေါ်သို့ ရောင်ပြန်ဟပ်နေ၏။
အဖြူရောင်နှင့် အမည်းရောင်။
နေနှင့်လ။
ဤအခိုက်အတန့်တွင် ၎င်းတို့က ကြောက်မက်ဖွယ်ဖိအားကို ထုတ်လွှတ်နေသည်။
ဖန်တောက်ဟုန်ပင်လျှင် ၎င်းကို ခံစားရပြီး အံ့အားသင့်သွားသည်။
"ပေါင်းစည်းလိုက်တာပဲ" သူက တွေးသည်။ "သူက တကယ်ကြီး မှော်သိုင်းနှစ်ခုကို ပေါင်းစည်းလိုက်တာပဲ။ ဝိညာဉ်မီးအိမ်အများကြီး ငြှိမ်းထားပြီးတဲ့သူတွေ၊ အနှစ်သာရပြောင်းလဲမှုတွေကို ဖမ်းဆုပ်နိုင်တဲ့သူတွေ၊ စိတ်သန္တန်မှာ မဟာတာအိုတစ်ပါးရဲ့အရိပ် ကိန်းအောင်းနေတဲ့သူတွေပဲ မှော်သိုင်းတွေကို ပေါင်းစည်းပြီး အခုလိုအင်အားကြီးမားတဲ့ အသွင်ပြောင်းမှုတွေကို ဖန်တီးနိုင်တာ။ ဒါတောင် သူက တကယ်ကြီး ... ပေါင်း... ပေါင်းစည်းနိုင်တယ်တဲ့လား။ အင်မော်တယ်နယ်ပယ်တောင် မဟုတ်သေးဘဲနဲ့ ဘယ်လိုလုပ်ပြီး မဟာတာအိုတစ်ပါးရဲ့အရိပ်က သူ့စိတ်ထဲမှာ ကိန်းအောင်းနေနိုင်မှာလဲ"
ဖန်တောက်ဟုန်မှာ မယုံနိုင်လောက်အောင် ဖြစ်နေသည်။ ယခုလို မှော်သိုင်းများအား ပေါင်းစည်းဖို့ဆိုသည်မှာ အလွန်ရှုပ်ထွေးသောကိစ္စတစ်ရပ်ဖြစ်၍ သူပင်လျှင် များများစားစား နားမလည်ပေ။ သူ သိသိသမျှမှာ ၎င်းက မဟာတာအိုတစ်ပါး၏အရိပ် အပြင် ဒဏ္ဍာရီလာအနှစ်သာရနှင့် တစ်ခုခုပတ်သက်နေသည်ကိုသာ ဖြစ်၏။
မန်ဟိုက သူ့လက်ဝါးပေါ်တွင် ပျံဝဲနေသော နေနှင့်လကို ကြည့်ပြီး တစ်ယောက်တည်း ရေရွတ်နေသည်။ ဤအခိုက်အတန့်တွင် ရုတ်တရက် တောင်အသေးလေးတစ်လုံးက နေနှင့်လ၏ဘေးတွင် ပေါ်လာလေပြီ။
ဤသည်မှာ ထိုနှစ်တုန်းက သင်္ဘောကြီးပေါ်တွင် အိပ်မက်မက်နေသည့်အလား ခရီးနှင်နေခဲ့တုန်းက မြင်ခဲ့ရသော နဝမတောင်၏ပုံရိပ်မှတစ်ပါး အခြားမဟုတ်ပေ။
နဝမတောင်၏ပုံရိပ်သည် မယုံနိုင်လောက်အောင် အစွမ်းထက်မည်ထင်ရသော်လည်း မန်ဟို၏လက်ရှိအဆင့်တွင် အသုံးဝင်ဖို့ရန် အားနည်းလွန်းခဲ့၏။ သို့သော် ယခုတွင် ၎င်းကား သဘာဝနိယာမတစ်ခုခုနှင့် သဟဇာတဖြစ်နေသယောင်ပင်။ နေနှင့် လတို့ ၎င်းကို လှည့်ပတ်နေစဉ် ၎င်းသည် ယခင်ထက်ပို၍ပင် များပြားသော စွမ်းအင်တို့ဖြင့် လှုပ်ရှားသက်ဝင်နေ၏။
ကြီးမားသောစွမ်းအင်က ဖန်တောက်ဟုန်ကို ပါးစပ်အဟောင်းသား ဖြစ်သွားစေပြီး သူ့မျက်နှာမှာ ရိပ်ခနဲ ဖြစ်သွားသည်။
"အဲ့ဒါ နောက်ထပ် ထပ်ပေါင်းစည်းလိုက်တာပဲ။ ဒီကလေးက ဘယ်က မကောင်းဆိုးဝါးကြီးပါလိမ့်မယ်။ ဒီလိုအဆင့်နိမ့်တဲ့ ကျင့်ကြံခြင်းအခြေခံနဲ့တောင် မှော်သိုင်းတွေကို နှစ်ကြိမ်ပေါင်းစည်းနိုင်တယ်။ သူ့မှာ တာအိုအရိပ်ဘယ်နှခုတောင် ရှိနေတာတုန်း ... " ဖန်တောက်ဟုန်က အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ မဟာတာအိုအရိပ်များကို ရရှိဖို့ လျှို့ဝှက်ဆန်းကြယ်သော ဉာဏ်အလင်းတို့ကို လိုအပ်ကြောင်း သူ သိသည်။ ရှေးဟောင်းနယ်ပယ်၌ ဖြစ်သော သူ့ပင်လျှင် မဟာတာအိုတစ်ခုသာ ပေါ်ပေါက်လာခဲ့ဖူး၏။ သို့ထိတိုင် သူ့မှာ မန်ဟို့လက်ထဲတွင် မဟာတာအိုအရိပ်တစ်ခုပြီးတစ်ခု ပေါ်လာသည်ကို မျက်ဝါးထင်ထင် မြင်ခဲ့ရပြီးလေပြီ။ ၎င်းကား မယုံနိုင်စရာကြီးပင်။
သူ့အတွက် ပို၍ပင် တုန်လှုပ်စရာကောင်းသည်မှာ နဝမတောင်၊ နေနှင့်လတို့ကို ကြည့်လျှင် ခြောက်လှန့်ခံနေရသကဲ့သို့ ခံစားရခြင်းဖြစ်သည်။
ဖန်တောက်ဟုန်မှာ အသက်ပင် ကောင်းကောင်းမရှူနိုင်ဘဲ မျက်လုံးကြီးပြူးလျက် ကြည့်နေသည်။ သို့သော် ဤအခိုက်အတန့်တွင် မန်ဟို့မျက်နှာပေါ်၌ အတွေးနက်သွားသောအမူအရာတစ်ခု ပေါ်လာရာ ဖန်တောက်ဟုန်အား ရင်တဒိန်းဒိန်း ခုန်လာစေတော့သည်။
"မဟုတ်မှ ... မဟုတ်မှ ... သူ ... သူ သုံးကြိမ်ဆက်တိုက် ပေါင်းစည်းတော့မှာလား" တွေးကြည့်ရုံလေးနှင့်တင် ဖန်တောက်ဟုန်မှာ ရူးတော့မလို ဖြစ်သွားသည်။
ထိုအတွေး သူ့စိတ်ထဲ၌ ပေါ်လာသည့်အချိန်မှာပင် ပုလဲနှစ်လုံးသည် နဝမတောင်၊ နေနှင့်လတို့၏အပြင်တွင် ပေါ်လာသည်။ ပုလဲများသည် အဖြူနှင့်အမည်းဖြစ်ပြီး နဝမတောင်၊ နေနှင့် လကို အသံမထွက်ဘဲ လှည့်ပတ်နေ၏။
နေနှင့်လက အတွင်းမှ လှည့်ပတ်နေစဉ် ပုလဲနှစ်လုံးသည် အပြင်ပတ်လမ်းအတိုင်း လည်လျက်ရှိသည်။ နဝမတောင်ကတော့ အားလုံး၏အလယ်တွင် ဖြစ်သည်။ ၎င်းတို့ တစ်ခုနှင့်တစ်ခု တိုက်မိခြင်းမရှိဘဲ စည်းချက်ညီညီလည်နေရင်း အရောင်အဝါတောက်ပနေသော ပုံရိပ်တစ်ခုအား ဖန်တီးနေသည်။
ပို၍ပင် မယုံနိုင်လောက်အောင် အစွမ်းထက်သော အရှိန်အဝါတစ်ခုက ပေါက်ကွဲထွက်လာ၏။
၎င်းက အသက်တစ်ရှိုက်သာ ခံလိုက်ပြီး ပုလဲနက်ပုလဲဖြူတို့ မှေးမှိန်ပျောက်ကွယ်သွားသည်။ နဝမတောင်လည်း ပျက်စီးကာ နေနှင့်လလည်း မည်းမှောင်သွား၏။ မန်ဟိုက မျက်မှောင်ကြုတ်၍ တစ်ယောက်တည်း ပွစိပွစိရေရွတ်လိုက်သည်။
သူ့မှာ ဘေး၌ ချာချာလည် မူးဝေလျက်၊ ပါးစပ်အဟောင်းသားနှင့် ရပ်နေသော ဖန်တောက်ဟုန်၏အဖြစ်ကို သတိမထားမိပေ။
"ပေါင်းစည်းမှုသုံးခု ... သူက တကယ် သုံးကြိမ် လုပ်ခဲ့တာပဲ..."
စောစောက သူ ခံစားခဲ့ရသော အရှိန်အဝါသည် သူ့ကို သွက်သွက်ခါအောင် အံ့ဩသွားစေခဲ့၏။ သူသည် ရှေးဟောင်းနယ်ပယ်ပညာရှင်တစ်ဦးဖြစ်သည့်တိုင် အင်မော်တယ်နယ်ပယ်ပင် မဟုတ်သေးသော ကျင့်ကြံသူတစ်ယောက်၏ မှော်သိုင်းကွက်ကြောင့် အံ့အားသင့်နေရချေပြီ။
"သူက အစစ်အမှန်အင်မော်တယ် မဟုတ်သေးပေမယ့် မကြာခင်ဖြစ်တော့မှာ .... အစစ်အမှန်အင်မော်တယ်ဖြစ်တာနဲ့ အကြောဘယ်နှကြော ဖွင့်နိုင်လိမ့်မလဲ။ အနည်းဆုံး ၉၀ ကတော့ သေချာတယ်" ဖန်တောက်ဟုန်သည် မန်ဟို့ကို ကြည့်နေစဉ် ရုတ်တရက် မည်သည့်အတွက်ကြောင့် ဖန်ရှုံ့ရှန်း မန်ဟို့ကို ခြွင်းချက်မရှိ သတ်ချင်နေသလဲ နားလည်သွား၏။
"သူက လူတောင် မဟုတ်ဘူး ..."
မန်ဟိုက ထပ်စမ်းကြည့်ရန် ပြင်လိုက်စဉ် ရုတ်တရက် မိစ္ဆာချုပ်နှောင်သူအဖွဲ့ထံမှ ဆင့်ခေါ်သံက ပြင်းပြင်းထန်ထန် ပြန်နိုးကြွလာသည်။
သူသည် လက်ကို ပြန်ချပြီး ငရဲတောင်ထိပ်ပေါ်ရှိ သူ၏နေရာမှ လှမ်းကြည့်လိုက်၏။
သူ ရပ်နေရာမှနေ၍ သူ့အရှေ့ တောင်အောက်တွင် ဆန့်တန်းနေသော လွင်ပြင်ကျယ်ကြီးတစ်ခုကို မြင်လိုက်ရသည်။ မြေကြီးသည် ပိတ်ပိတ်ပိန်း နက်မှောင်နေပြီး ကောင်းကင်မှာ နှစ်ခြမ်းကွဲနေသယောင်ပင်။ တခြားနေရာအားလုံးတွင် နေ့လည်ဖြစ်သော်လည်း ဤတစ်နေရာတည်းကွက်၍ ညဖြစ်နေ၏။
ညအမှောင်ထုစိုးမိုးနေသော နေရာမှာ တကယ်တော့ မည်းနက်နေသောမြေကြီးဧရိယာ၏ အလယ်တည့်တည့်တွင် ဖြစ်သည်။ ထိုနေရာတွင် ဆံပင်ရှည်များ ပျံလွင့်နေပြီး မျက်နှာဖြူဖပ်ဖြူလျော်နှင့်လူငယ်တစ်ဦး တင်ပျဉ်ခွေထိုင်နေသည်။ သူသည် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး သူ့ပတ်ပတ်လည်၌ မသေခင် ကြီးစွာသောဝေဒနာကို ခံစားခဲ့ကြရသည့်အလား မျက်နှာများ တွန့်လိမ်ရှုံ့မဲ့နေသော အလောင်းပေါင်းများစွာအား မြင်ရနိုင်၏။
ယောက်ျားမိန်းမစုံလင်ပြီး ကျင့်ကြံသူများ ဖြစ်ကြသည်။ တချို့တွင် သားရဲခန္ဓာကိုယ်များ ရှိပြီး တချို့က တောင်ပင်လယ်ကိုးလောကမှ သတ္တဝါများပင် မဟုတ်သည့်အလား ထူးဆန်းသော ပုံပန်းသွင်ပြင်များနှင့် ရက်စက်ခက်ထန်ပုံရသည်။
အလောင်းများက အင်မော်တယ်ရှေးဟောင်းတာအိုဆရာဝတ်ပြုကျောင်းမှာတုန်းက မြင်တွေ့ခဲ့ရသော လူများ၏အဝတ်အစားကို ပြန်အမှတ်ရသွားစေသည့် ရှေးဟောင်းဝတ်ရုံများကို ဝတ်ဆင်ထားသည်။
ယခုလိုမျိုးအရာများကား နေကိုးစင်းနှင့် လိပ်ပြာကိုးကောင် ပေါ်လာခဲ့ဖူးသော နတ်ဒေဝါစစ်ပွဲကြီး၏ မြင်ကွင်းမှာတုန်းကလည်း ပေါ်လာခဲ့ဖူး၏။
အလွန်တရာရှေးကျမှုက လူငယ်ထံမှ ပျံ့လွင့်လာပြီး သူ့ပတ်ပတ်လည်ရှိ ဧရိယာသည် ပိတ်လိုက်၊ ဖွင့်လိုက်လုပ်နေသော ပါးစပ်ကြီးများသဖွယ် ပုံရိပ်ယောင်အက်ကွဲကြောင်းများဖြင့် ပြည့်နှက်သွားသည်။ ကြည့်ရသရွေ့ ထိုကဲ့သို့ အက်ကွဲကြောင်းပေါင်းတစ်သိန်းခန့် ရှိပုံပင်။
လူငယ်မှာ အက်ကွဲကြောင်းများ၏ ဝန်းရံခြင်းခံထားရသည်။ မန်ဟို သူ့ကို ကြည့်နေစဉ် လူငယ်က ပြန်ကြည့်ပြီး မျှော်လင့်နေသောအလင်းရောင်အား သူ၏မျက်လုံးများတွင် မြင်ရနိုင်သည်။
"လာခဲ့ ..." သူက နူးညံ့ပျော့ပျောင်းသော အသံဖြင့် ပြောသည်။ ၎င်းက အချိန်ကို ဖြတ်၍ လေကို ခွင်းလာရင်း မန်ဟို့နားထဲသို့ ရောက်ရှိလာ၏။
မန်ဟို့တစ်ကိုယ်လုံး တုန်ရီသွားသည်။ သူက မျက်တောင်ခတ်ပြီး မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ အရှေ့ရှိ ဧရိယာတစ်ခုလုံး ပြောင်ရှင်းနေသည်။ လေထဲရှိ အက်ကွဲကြောင်းများမှအပ မည်သည့်အရာမှ မတွေ့ရတော့ပေ။ လူရိပ်လေးမျှပင် မရှိတော့ခြင်းဖြစ်၏။
မန်ဟိုမှာ ထင်ယောင်ထင်မှား မြင်ခဲ့သည့်အလားပင်။
သတိထားမိစရာ တစ်ခုတည်းသောအရာမှာ ညဧရိယာ၏အလယ်တည့်တည့်၌ မားမားမတ်မတ် မြင့်သွန်းနေသော ဧရာမကျောက်တိုင်ကြီးတစ်တိုင်သာ။ ၎င်းက လွန်စွာဝေးကွာနေသော်လည်း ကျောက်တိုင်ကြီး၏ ခံ့ညားထည်ဝါသောအရှိန်အဝါကို ခံစားနေရသေးပြီး ၎င်းက မိစ္ဆာချီတို့ဖြင့် တဖွေးဖွေး လှုပ်နေကြောင်း မြင်လိုက်ရသည်။
ဤဧရိယာ ကွဲပြားနေရသည့်အကြောင်းရင်းမှာ ဤ သိပ်သည်းထူထဲနေသော မိစ္ဆာချီများ၏ လွှမ်းမိုးမှုကြောင့်ဖြစ်သည်။ ထို့ကြောင့် အမြဲထာဝရညဖြစ်နေခြင်းပင်။
မန်ဟိုသည် တခဏ တိတ်ဆိတ်စွာ ရပ်နေပြီးနောက် ဖန်တောက်ဟုန် သူ မြင်ခဲ့ရသော ပုံရိပ်ကို မမြင်ခဲ့ရကြောင်း အတည်ပြုရန် လှမ်းကြည့်လိုက်သည်။ သူက အမွှေးတိုင်တစ်တိုင်ထွန်းစာကြာသည်အထိ စဉ်းစားရင်း ရပ်နေပြီးနောက် ခိုင်မာပြတ်သားမှုတို့ သူ့မျက်လုံးထဲတွင် နေရာယူလာသည်။
သူက တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ နတ်ဘုရားစိတ်ဆန္ဒစီးကြောင်းတစ်ကြောင်းအား ထုတ်လွှတ်လိုက်၏။ ကျောက်စစ်သည်တော်ကြီးက မျက်လုံးများ လင်းလက်နေလျက် မန်ဟို့ကို သယ်သွားသည်။ ၎င်းက ဝုန်းခနဲ အမြန်ဆုံးနှုန်းဖြင့် တဟုန်ထိုး ထွက်သွားသော ကြယ်တံခွန်ကြီးအသွင်ပြောင်းသွား၏။
ဖန်တောက်ဟုန်လည်း နောက်မှလိုက်ပါလာသည်။
နာရီအနည်းငယ်ကြာသော ညဧရိယာသည် နီးလာ၏။ အရှေ့၌ အက်ကွဲကြောင်းတစ်သိန်းပြည့်နှက်နေသော ဧရိယာကို မန်ဟိုကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရလေပြီ။ သူက ဧရိယာ၏အစပ်တွင် ရပ်လိုက်ပြီး နေနှင့်ညကြား၏ မျဉ်းကြောင်းပေါ်တွင် ရပ်နေရသကဲ့သို့ ခံစားလိုက်ရသည်။ ခြေလှမ်းလေးတစ်လှမ်းလှမ်းလိုက်ရုံနှင့် ညအမှောင်ထုထဲသို့ ရောက်သွားပေလိမ့်မည်။
ငိုညည်းသံများက အမှောင်ထုတွင် တိုးလိုက် ၊ ကျယ်လိုက် ဖြစ်နေသည်။
သူ နေ့နှင့်ည၏ အစပ်တွင် ရပ်လိုက်သည့် အချိန်မှာပင် ဆင့်ခေါ်ခံနေရသော ခံစားချက်က သူ့ထဲတွင် တစ်ဖန်နိုးကြွလာ၏။ ဧရာမလက်ကြီးက သူ့ရင်ထဲ ထိုးဝင်၍ သူ့နှလုံးသားကို ဆုပ်ကိုင်နေသကဲ့သို့ပင်။ သူသည် အသက်ပြင်းပြင်းရှူရင်း အရှေ့ရှိ ပုံရိပ်ယောင်အက်ကွဲကြောင်းများကို မော့ကြည့်လိုက်ရာ အားလုံး၏အလယ်တွင် ထိုင်နေသော လူငယ်ကို ထပ်မြင်လိုက်ရ၏။
လူငယ်၏မျက်နှာကို သဲသဲကွဲကွဲ မမြင်ရသော်လည်း သူ့အသံက မန်ဟို့စိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။
"လာခဲ့...
"မိစ္ဆာချုပ်နှောင်သူအဖွဲ့ရဲ့ ဆက်ခံသူ ... လာခဲ့ ....
"ငါက .... ပဉ္စမမျိုးဆက်မိစ္ဆာချုပ်နှောင်သူပဲ ..."
***