ပဉ္စမမိစ္ဆာချုပ်နှောင်မန္တန်
Vol. 69 Ch. 955
မျိုးနွယ်စု၏ ဘိုးဘေးမြေတွင် ရှေးဟောင်းသုသာန်မြေသို့ သွားရောက်နိုင်ခဲ့သူများမှာ ပို၍ပင် ရှားပါးလေသည်။ အများစုအတွက် ငရဲတောင်ကိုးလုံးသည် သွားနိုင်သည့်အတိုင်းအတာအကုန် ဖြစ်၏။ ဘိုးဘေးမြေတည်ရှိခဲ့သမျှ နှစ်ပေါင်းမရေမတွက်နိုင်အောင်တစ်လျှောက်လုံး ရှေးဟောင်းသုသာန်မြေသို့ သွားနိုင်ခဲ့သည့်လူအနည်းစုပင်လျှင် ရှေ့ဆက်မသွားနိုင်ခဲ့ပေ။
ဘယ်သူမှ ထိုအဆင့်ကို မဖြတ်နိုင်ခဲ့ခြင်းတော့မဟုတ်။ သို့သော် ဤနယ်ပယ်ကို အောင်အောင်မြင်မြင် စိန်ခေါ်နိုင်ခဲ့သည့်လူအနည်းစုအနက် တစ်ယောက်မှ နောက်ဆုံးနေရာဖြစ်သော မြူလွှမ်းကောင်းကင်အမိုးခုံးသို့ မရောက်ခဲ့ကြပေ။ တာအိုနယ်ပယ်ရှိ လူများပင်လျှင် ၎င်းအထဲသို့ ခြေလှမ်းအနည်းငယ်ထက်ပို၍ မသွားနိုင်ခဲ့ပေ။
မန်ဟိုက အရှေ့ရှိ ညအမှောင်ထုကို လှမ်းကြည့်ရင်း ရှေးဟောင်းသုသာန်မြေ၏ အစပ်နားတွင် ရပ်နေသည်။ ထူးဆန်းသော အလင်းရောင်တစ်ခုက သူ၏ မျက်လုံးများတွင် တောက်ပသွားပြီး ခဏကြာ စဉ်းစားပြီးသော် သူက နတ်ဘုရားစိတ်အာရုံတစ်ခုအား ထုတ်လွှတ်လိုက်ရာ ကျောက်စစ်သည်တော်ကြီးအား ရှေ့သို့လျှောက်၍ ရှေးဟောင်းသုသာန်မြေ၏ အမှောင်ထုအတွင်းသို့ ၀င်ရောက်စေလိုက်သည်။
သူတို့ ၀င်ရောက်လိုက်သောအခါ ရုတ်တရက် ဧရာမပါးစပ်ကြီးများသဖွယ် ပုံရိပ်ယောင်အက်ကွဲကြောင်းကြီးများက ဟလာ၏။ ချက်ချင်းပင် တစ်နေရာလုံးကား ၀န်းရံခံလိုက်ရလေပြီ။
အက်ကြောင်းများထဲတွင် မတူညီသော ကမ္ဘာလောကများအား မန်ဟိုမြင်လိုက်ရပြီး ထိုကမ္ဘာလောကတစ်ခုစီသည် နတ်မီးလျှံစမ်းသပ်ပွဲတစ်ခု ဖြစ်ဟန်တူ၏။
၎င်းတို့ထံမှ မယုံကြည်နိုင်ဖွယ်ရာ ဖိအားတစ်ခုက ထွက်ပေါ်နေသည်။ ဤအက်ကွဲကြောင်းများအနက် တစ်ချို့သည် ကျောက်စစ်တော်ကြီးနှင့် ဆင်တူသော အရှိန်အဝါများ ပိုင်ဆိုင်ထားသယောင်ပင်။
သူသည် ကြောက်မက်ဖွယ်အရှိန်အဝါအများအပြားကို ခံစားလိုက်ရသဖြင့် မျက်လုံးများ လင်းခနဲ လက်သွား၏။ ဤသည်မှာ ကျောက်စစ်သည်တော်ကြီးဖြင့်ပင်လျှင် အန္တရာယ်ရှိကြောင်း ပထမဆုံးအကြိမ် ခံစားလိုက်ရစေသော ပတ်ဝန်းကျင်ကို ကြုံတွေ့ရခြင်းဖြစ်သည်။
"ဒီနေရာက ၀င်္ကပါလိုပဲ ထင်တယ်။ ဒီနတ်မီးလျှံစမ်းသပ်ပွဲတွေအကုန်လုံးကို ဖြတ်သွားတာက ကံတရားပေါ် မူတည်ပေမယ့် လူတစ်ယောက်ရဲ့ ကျင့်ကြံခြင်းအခြေခံပေါ်လည်း မူတည်တယ်" မန်ဟို၏ မျက်လုံးများ ခိုင်မာပြတ်သားသော စိတ်ဆန္ဒဖြင့် တောက်ပသွားသောအချိန်တွင် ကျောက်စစ်သည်တော်၏ မျက်လုံးများကမူ အေးစက်စက် လင်းလက်သွား၏။ ၎င်းက အရှေ့ရှိ အက်ကွဲကြောင်းတစ်ကြောင်းထဲသို့ ၀င်ရောက်လိုက်လေသည်။
ထိုစဉ် သတ္တမခေါင်းဆောင်ကြီးသည် လေလယ်တွင် ပျံဝဲနေ၏။ သူ၏ မျက်ခုံးနှစ်ဖက်က ကြုတ်နေသော်လည်း မျက်လုံးများကတော့ တောက်ပနေလေသည်။ သူ့အတွက် ရှေးဟောင်းသုသာန်မြေနှင့်ပက်သက်ပြီး ထူးခြားနေသည့်အရာတစ်ခု ရှိ၏။
"တစ်ခုခုတော့ မူမမှန်ဘူး" သူက တွေးသည်။ ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်ပြီးနောက် သူ့အကြည့်သည် အဝေးရှိအရာတစ်ခုအပေါ် ကျရောက်သွားပြီး ရုတ်တရက် တုန်ရီသွား၏။
"ဟမ်" သူက ရုတ်တရက် နတ်ဘုရားအာရုံထုတ်လွှတ်လိုက်ပြီး တခဏအတွင်း သူ၏အမူအရာသည် အလွန်အမင်း အံ့အားသင့်သွားသောပုံစံအဖြစ် ပြောင်းလဲသွား၏။
မသိရသော အချိန်တစ်ချိန်တွင် ဘိုးဘေးမြေထဲ၌ မြူထုတစ်ခု ပေါ်ပေါက်လာခဲ့ကြောင်း သူ ယခုလေးတင် သိရှိခဲ့ရလေသည်။ ၎င်းက အားလုံးကို ဖုံးလွှမ်းထားသည်။ ဤသည်မှာ တစ်ခါမှ မဖြစ်ဖူးသောအရာဖြစ်၍ သူ့မှာ အံ့အားသင့်သွား၏။ ရှေးဟောင်းသုသာန်မြေနောက်၌ မည်သူမှ မရောက်ခဲ့ဘူးသော မြူလွှမ်းကောင်းကင်အမိုးခုံးရှိသည်။ ကြည့်ရသရွေ့ ထိုနေရာကား ဤမြူများ အစပြုရာနေရာဖြစ်ပြီး မြူလွှမ်းကောင်းကင်အမိုးခုံးထဲရှိ မြူများမှာ ပို၍ပင် ထူပိန်းသိပ်သည်းနေသယောင်ပင်။
ဤအပြောင်းအလဲက သတ္တမခေါင်းဆောင်ကြီး၏ မျက်လုံးများကို ကျဉ်းမြောင်းသွားစေသည်။
ဖန်တောက်ဟုန်မှာ ရောက်နေသောနေရာထက်ပို၍ အနားမကပ်ဝံ့ပေ။ သူက မန်ဟို အက်ကွဲကြောင်းထဲ တုံ့ဆိုင်းခြင်းမရှိ ၀င်သွားသည်ကို စောင့်ကြည့်ရင်း ရှေးဟောင်းသုသာန်မြေ၏ အစပ်၌ ရပ်နေသည်။ သူက တခဏ ရပ်၍ ထွက်သွားရန် စဉ်းစားလိုက်သည်။ ထို့နောက် သူသည် ခံစားခဲ့ရသော နာကျင်မှုကို ပြန်တွေးပြီး ထွက်မသွားရဲကြောင်း နားလည်လိုက်၏။ သူက တင်ပျဉ်ခွေထိုင်ကာ တိတ်ဆိတ်စွာ စောင့်နေလိုက်လေသည်။
မန်ဟို အက်ကွဲကြောင်းထဲ ၀င်ရောက်လိုက်သောအခါ ကြီးမားကျယ်ပြောသော နယ်မြေတစ်ခုသို့ ရောက်သွားပြီး ၎င်းအလယ်တွင် ထွက်ပေါက်ဖြစ်သည့် ဧရာမအက်ကွဲကြောင်းကြီးတစ်ခုရှိကြောင်း တွေ့လိုက်ရသည်။
သူ ဤကမ္ဘာတွင် ပေါ်လာလျှင်ချင်း သရဲမီးလုံးများစွာ ပေါ်ပေါက်လာပြီးနောက် သူ့ထံ ပြေး၀င်လာ၏။ ၎င်းတို့က အနားရောက်လာသည်နှင့်တစ်ပြိုင်နက် အလိုအလျောက် ဖောက်ကွဲပစ်လိုက်ကြလေသည်။
တဝုန်းဝုန်းပေါက်ကွဲသံများ လေတွင်ပြည့်နှက်သွားစဉ် ကျောက်စစ်သည်တော်ကြီးက ဓားကို လွှဲရမ်းလိုက်သည်။ တစ်၀က်တစ်ပျက်တာအိုအရှိန်အဝါတစ်ခု ဖြာထွက်သွားပြီး အလိုအလျောက်ဖောက်ခွဲပစ်နေသော သရဲမီးလုံးများမှာ အနားပင်မကပ်နိုင်ဘဲ လေလယ်တွင် အေးခဲကုန်ကြ၏။
မန်ဟိုကတော့ မပြောင်းလဲသော အမူအရာဖြင့် ကျောက်စစ်သည်တော်ကြီး၏အပေါ်တွင် ထိုင်နေသည်။ ၎င်းကား ရှေ့ဆက်သွားပြီး များမကြာခင် ရှေးဟောင်းသုဿန်မြေအတွင်းတစ်နေရာရှိ အက်ကွဲကြောင်းထဲမှ ပြန်ပေါ်လာ၏။ သူတို့သည် မူလစခဲ့သောနေရာမှ မီတာထောင်ချီ ဝေးသွားလေပြီ။
ထပ်မံ၍ သူတို့မှာ မရေမတွက်နိုင်သော အက်ကွဲကြောင်းများဖြင့် ၀န်းရံခံလိုက်ရသည်။ မန်ဟိုထင်ထားသည့်အတိုင်းပင် ဤနေရာမှာ ၀င်္ကပါတစ်ခုဖြစ်ပြီး အက်ကွဲကြောင်းတစ်ခုစီက တစ်နေရာကို ဦးတည်နေသော ဥမင်များသဖွယ် ပြုမူနေလေသည်။
"ဒီလို ၀င်္ကပါမျိုးရဲ့အဆုံးကိုရောက်အောင် ဘယ်လိုသွားရမလဲ" မန်ဟိုက မျက်မှောင်ကြုတ်ရင်း တွေးနေ၏။ သူ့မျက်လုံးများက ပြန်မပိတ်လိုက်မီ တခဏ လင်းလက်သွားသည်။ ထို့နောက် သူ၏ မိစ္ဆာချုပ်နှောင်သူအရှိန်အဝါသည် ပေါ်ထွက်လာပြီး ဤနေရာ၏ အလယ်ဗဟိုရှိ ကျောက်တိုင်နှင့် သဟဇာတဖြစ်ရင်း ဖြာထွက်လာသည်။
တခဏကြာသော် မန်ဟို၏မျက်လုံးများ ပြန်ပွင့်လာသည်။ သူက တုံ့ဆိုင်းမနေဘဲ ကျောက်စစ်သည်တော်ကြီးကို ဦးတည်ချက်ပြောင်းကာ အနီးအနားရှိ အက်ကွဲကြောင်းအတွင်းသို့ ၀င်စေလိုက်သည်။
အက်ကွဲကြောင်းထဲသို့ ၀င်လိုက်သည်နှင့်တစ်ပြိုင်နက် လျှပ်စီးမိုးကြိုးကမ္ဘာတစ်ခုထဲရောက်သွားကြောင်း သိလိုက်ရသည်။ ထိုနေရာတွင် မီတာပေါင်းများစွာ မြင့်မားသော လှိုင်းလုံးကြီးများ ထကြွနေသည့် ပင်လယ်တစ်စင်းမှအပ မြေကြီးဟူ၍ မရှိပေ။
ရေမျက်နှာပြင်ထက်တွင် ဧရာမအရိပ်ကြီးများအား မြင်ရနိုင်ပြီး ၎င်းတို့က ရံဖန်ရံခါ မန်ဟို့ကို တိုက်ခိုက်လိုက်သော ဧရာမလက်တံကြီးများအဖြစ် ပြောင်းသွားတတ်သည်။ ရှေးဟောင်းနယ်ပယ်နှင့်တူသော အရှိန်အဝါတစ်ခုက ပင်လယ်အောက်ခြေမှ ထွက်ပေါ်လာ၏။
မန်ဟို၏မျက်နှာထားက တည်ငြိမ်အေးဆေးလျက် ရှိစဉ် ကျောက်စစ်သည်တော်က ညာလက်ကို ဆန့်ထုတ်ပြီးနောက် ပင်လယ်မျက်နှာပြင်အား ရိုက်ချလိုက်သည်။ ချက်ချင်းပင် အပြာရောင်အလင်းက ၎င်း၏ ဖြာထွက်လာပြီး ရေခဲများ ရေမျက်နှာပြင်တစ်လျှောက် ပြေးလွှားသွား၏။ တထက်ထက် အက်သံများ ကြားနေရစဉ် ပင်လယ်တစ်ခုလုံးကား ရေခဲတုံးကြီးဖြစ်သွားလေပြီ။
လှိုင်းများမှာ နေရာမှာတင် အေးခဲသွားပြီး လက်တံများက ရေခဲရုပ်တုများ ဖြစ်သွား၏။ ရေမျက်နှာပြင်အောက်ရှိ ရှေးဟောင်းနယ်ပယ်အရှိန်အဝါပင်လျှင် လုံးလုံးလျားလျား ချိတ်ပိတ်ခံလိုက်ရလေသည်။
ကျောက်စစ်သည်တော်ကြီးက ထွက်ပေါက်သို့ မရောက်မချင်း လေကို ခွင်းသွားသည်။ သူတို့ ရှေးဟောင်းသုသာန်မြေ၌ ပြန်ပေါ်လာသည့်အခါ ဗဟိုနှင့်အတန်ငယ် နီးကပ်သွား၏။
မန်ဟိုသည် နည်းနည်းလေးမှ တုံ့ဆိုင်းမနေပေ။ သူက သူ၏ ထူးဆန်းသော မိစ္ဆာချုပ်နှောင်အာရုံကို အားကိုးရင်း တတိယမြောက်အက်ကွဲကြောင်းထဲ ၀င်ရောက်လိုက်၏။
သူ အက်ကွဲကြောင်းတစ်ကြောင်းပြီးတစ်ကြောင်း ခုန်ကူးနေစဉ် ရက်အနည်းငယ် ကြာသွားသည်။ မကြာမီ သူသည် အက်ကွဲကြောင်းပေါင်း တစ်ရာကျော် ဖြတ်သန်းသွားခဲ့ပြီးလေပြီ။ အများစုတွင် ရှေးဟောင်းနယ်ပယ်နှင့် နှိုင်းယှဉ်၍ရသော ရန်သူတစ်ယောက် သို့မဟုတ် ရန်သူများ ပါရှိ၏။
သူ ကြုံတွေ့ခဲ့ရသော ဖြစ်တည်မှုများအနက် ရှေးဟောင်းနယ်ပယ် အထွတ်အထိပ်အဆင့်သုံးဦး ရှိလေသည်။ သို့သော် အန္တရာယ်အများဆုံး အခြေအနေမှာတော့ အံ့ဩဖွယ်ကောင်းစွာနှင့် တစ်၀က်တစ်ပျက်တာအိုပါရာဂွန်တစ်ဦးဖြစ်နေသည့် ပုံရိပ်ယောင် သက်လတ်ပိုင်းလူတစ်ယောက်ကို ကြုံတွေ့ခဲ့ရသည့်အချိန်တွင် ဖြစ်သည်။
ထိုတိုက်ပွဲက ကမ္ဘာလောကကို တုန်ဟည်းသွားစေပြီး ကျောက်စစ်သည်တော်ကြီးမှာ အဆုံးသတ်တွင် အနိုင်ရခဲ့သော်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့လေသည်။
ကြုံတွေ့ခဲ့ရသည့် စိန်ခေါ်မှု၏ ခက်ခဲခြင်းအဆင့်က မန်ဟို့ကို တုန်လှုပ်သွားစေသည်။ ကျောက်စစ်သည်တော်ကြီးမပါဘဲ သူ့အစွမ်းအစသာသူ အားကိုးပါလျှင် မန်ဟိုမှာ ဤနေရာသို့ ဘယ်တော့မှ ရောက်နိုင်ခဲ့မည်မဟုတ်ပေ။ ပြောရလျှင် ဤကံကြမ္မာကောင်းက မန်ဟို့အပိုင်မဟုတ်သည်သာ ဖြစ်၏။
မန်ဟိုမှာ သူလုပ်နေသောအရာက တော်တော်လေး စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်ဟု တွေးကောင်းတွေးနေသော်လည်း ရှေးဟောင်းသုသာန်မြေ၏အစပ်၌ စောင့်နေသေးသော ဖန်တောက်ဟုန်အတွက်မူ ထပ်မံ၍ မျက်ပြူးဆံပြာဖြစ်ရချေပြီ။ မျိုးနွယ်စု၏ အကြီးအကဲတစ်ဦးအနေဖြင့် သူသည် ဤနေရာက မည်မျှကြောက်စရာကောင်းကြောင်း ကောင်းကောင်းသိ၏။
အက်ကွဲကြောင်းကမ္ဘာလောကပေါင်းတစ်သိန်းရှိပြီး မည်သည့်အရာကမှ တစ်နေရာထဲတွင် သတ်သတ်မှတ်မှတ်ရှိမနေပေ။ ၎င်းတို့သည် အချိန်မရွေးပြောင်းလဲနိုင်ပြီး ကမ္ဘာလောကတစ်ခုစီတွင် စိတ်ဝိညာဉ်နယ်ပယ်၊ အင်မော်တယ်နယ်ပယ်၊ ရှေးဟောင်းနယ်ပယ်နှင့် တစ်၀က်တစ်ပျက်တာအိုနယ်ပယ်များ ရှိနိုင်၏။ အစစ်အမှန်တာအိုအဆင့်ရှိသော ကြောက်မက်ဖွယ်ရာ ဖြစ်တည်မှုတစ်ချို့ပင်လျှင် ရှိလေသည်။
ဤကမ္ဘာလောကများအတွင်း ၎င်းတို့က ပေါ်ပေါက်လာချင်သည့်အချိန် ပေါ်ပေါက်လာတတ်သည့်အတွက် ဖြတ်သန်းဖို့ရန်မှာ အတိုင်းထက်အလွန် ခက်ခဲ၏။
ဤနေရာမှာ ပထမမျိုးဆက်ခေါင်းဆောင်ကြီး မသေဆုံးခင်က တည်ဆောက်ခဲ့သော နေရာဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်မှုများ ပြည့်နှက်နေသောနေရာတစ်နေရာလည်း ဖြစ်သည်။
"သူက တစ်ရာကျော် ဖြတ်ပြီးသွားပြီ။ အကြိမ်တိုင်း အမှန်ကို ဖြတ်ပြီး ဗဟိုနဲ့ နီးနေတဲ့အတိုင်းပဲ" ဖန်တောက်ဟန်သာ ဤသို့ သုံးသပ်မိခြင်းမဟုတ်။ သတ္တမခေါင်းဆောင်ကြီးလည်း တိတ်တဆိတ် အံ့ဩရင်း မန်ဟို အက်ကြောင်းများအား ဖြတ်သွားသည်ကို စောင့်ကြည့်နေ၏။
"ဒီလူဆိုးလေးက တစ်နည်းနည်းနဲ့ ဘယ်လမ်းကို ရွေးရမလဲ သိနေပါလား။ မဟုတ်ဘူး။ ဒါမဖြစ်နိုင်ဘူး။ ရွေးစရာလမ်းမှမရှိတာ။ ဒါက သူ့ကံ ကောင်းလွန်းတာပဲ ဖြစ်လိမ့်မယ်။ သူရွေးလိုက်တဲ့ ဘယ်ရွေးချယ်မှုကမှ အချင်းနှီးဖြစ်မသွားဘူး။ သူ တစ်လှမ်း လှမ်းလိုက်တုင်း အလယ်နဲ့ နီးနီးသွားတယ်"
ဖန်တောက်ဟန်နှင့် သတ္တမခေါင်းဆောင်ကြီးတို့ အထိတ်တလန့် ကြည့်နေစဉ် မန်ဟိုက နောက်ထပ်အက်ကွဲကြောင်းတစ်ခုသို့ ၀င်သွား၏။ သူက မရပ်မနား ဆက်သွားနေပြီး နောက်တစ်နေ့တွင် အက်ကွဲကြောင်းတစ်ခုထဲမှ ပေါ်လာကာ ရှေးဟောင်းသုသာန်မြေ၏ ဗဟိုသို့ ရောက်သွားကြောင်း တွေ့လိုက်ရသည်။
သူ့ရှေ့တည့်တည့်တွင်ကား လျှို့ဝှက်ဆန်းကြယ်သော အရိပ်အယောင်ကို ထုတ်လွှတ်လျက် မိုးထိုးနေသော ဧရာမကျောက်တိုင်ကြီးတစ်တိုင်ဖြစ်သည်။
သို့သော် မန်ဟို့မျက်လုံးများတွင်တော့ ဤသည်မှာ ကျောက်တိုင်တစ်တိုင်ဟုတ်ဘဲ တင်ပျဉ်ခွေထိုင်နေသော ၀တ်ရုံရှည်နှင့် လူငယ်တစ်ဦးဖြစ်သည်။ မန်ဟို အနားကပ်လာသည့်အခါ ထိုလူငယ်က ခေါင်းမော့ကြည့်လိုက်၏။
သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွားပြီး မန်ဟို့စိတ်ထဲတွင် ထစ်ချုန်းသံကြီး ပြည့်နှက်သွားသည်။ တစ်ချိန်တည်းမှာပင် သူ့သိုလှောင်အိတ်ထဲရှိ ရှေးဟောင်းမိစ္ဆာချုပ်နှောင်ကျောက်စိမ်းသည် စတင် တုန်ခါလာ၏။
လူငယ် စကားပြောလိုက်သောအခါ သူ၏အသံသည် နူးညံ့ငြင်သာလျက် ရှိ၏။
"မင်းအတွက် ငါ့အရှေ့မှာ ဒီလို ရပ်နေနိုင်တယ်ဆိုတာ မင်းကျင့်ကြံခြင်းအခြေခံက တာအိုနယ်ပယ်ကနေ ဆံချည်မျှင်တစ်မျှင်ပဲ ကွာဝေးတော့တဲ့ ရှေးဟောင်းနယ်ပယ် အထွတ်အထိပ်မှာလို့ ညွှန်ပြနေတယ်။ မင်းဟာ အနှစ်သာရကို နက်နက်နဲနဲ နားလည်ထားပြီးသား ဖြစ်လောက်တယ်
“ဟိုးအရင်နှစ်တုန်းက ငါတောင်ပင်လယ်လောကက မထွက်သွားခင် တစ်ယောက်က ငါ့ကို မိစ္ဆာချုပ်နှောင်သူမျိုးဆက်သစ်တွေအတွက် မျှော်လင့်ချက်အနေနဲ့ နတ်ဘုရားအာရုံစီးကြောင်းတစ်ခု ထားရစ်ခဲ့ဖို့ ပြောခဲ့တယ်
“အဲ့ဒါနဲ့ ငါရဲ့တာအိုမှော်သိုင်းကို တောင်ပက်လယ်လောကက လူတွေ ရယူနိုင်ဖို့ ထားရစ်ခဲ့ပေးတယ်။ ကြီးကျယ်မြင့်မြတ်တဲ့ တောင်ကိုးလုံးနဲ့ ပင်လယ်ကိုးစင်းတစ်လျှောက်လုံးမှာ ငါ့ရဲ့မှော်သိုင်းက မရေမတွက်နိုင်တဲ့ ရှေးဟောင်းသုသာန်မြေတွေကို ဖန်တီးခဲ့တယ်။ အဲ့ဒီ့ ရှေးဟောင်းသုသာန်မြေ တစ်မြေစီတိုင်းမှာ ငါ့ရဲ့မှော်သိုင်းတွေ ပါပေမယ့် မိစ္ဆာချုပ်နှောင်သူတွေပဲ ငါ့ရဲ့ စစ်မှန်တဲ့ အမွေကို ရရှိနိုင်တယ်
“မင်း အခုကြည့်နေတဲ့ နေရာက အဲဒီနေရာတွေထဲက တစ်နေရာလေးပဲ။ တောင်ကိုးလုံးနဲ့ ပင်လယ်ကိုးစင်းတစ်လျှောက်လုံးမှာ ဒီလိုနေရာမျိုး စုစုပေါင်း ၉၀၀၀၀ ကျော်တယ်။ ဘယ်သူမဆို ငါ့မှော်အစွမ်း၊ မှော်သိုင်းနဲ့ ပက်သက်ပြီး ဉာဏ်အလင်းရနိုင်ပေမယ့် အမွေအနှစ်ကိုတော့ လေးကြိမ်ပဲ လက်ဆင့်ကမ်းပေးနိုင်တယ်။ အဲ့ဒီနောက်ပြီးရင် ငါ ရှေးဟောင်းသုဿန်မြေတွေမှာ ချန်ရစ်ခဲ့တဲ့ နတ်ဘုရားစိတ်ဆန္ဒတွေဟာ တောင်ပင်လယ်တွေကနေ ပျောက်ကွယ်သွားပြီး ဘယ်တော့မှ ထပ်မြင်ရမှာ မဟုတ်တော့ဘူး။ လက်ရှိအချိန်ကတော့ ငါ့ရဲ့အမွေကို လေးကြိမ်မြောက် လက်ဆင့်ကမ်းပေးမယ့်အချိန်ပဲ။
“ငါက တောင်ပင်လယ်လောကက ကျင့်ကြံသူတစ်ယောက်မဟုတ်ဘူး။ မတော်တဆ ရောက်လာခဲ့တာပဲ ဖြစ်တယ်။ ငါဟာ ကံတိုက်ဆိုင်ပြီး ပဉ္စမမြောက်မိစ္ဆာချုပ်နှောင်သူ ဖြစ်လာခဲ့တာပဲ။ အဲ့ဒါကြောင့်မလို့ တောင်ပင်လယ်လောကမှာ နှစ်တစ်ထောင်ပဲ နေနိုင်ခဲ့တယ်။ ငါ့ရဲ့ ပြုစားမန္တန်ကတော့ အတွင်းအပြင်လို့ ခေါ်တယ်
“မင်း ပတ်ပတ်လည်က မရေမတွက်နိုင်တဲ့ အက်ကွဲကြောင်းတွေက မှန်တစ်ချပ်ရဲ့ မျက်နှာပြင်လိုပဲ။ အဲဒီ့မှန်ရဲ့ အတွင်း သို့မဟုတ် အပြင်မှာ ရှိတဲ့ အယူအဆက မင်း နှလုံးသားထဲမှာလည်း တည်ရှိတဲ့ အယူအဆတစ်ခုပဲ
“ဒီအက်ကွဲကြောင်းပေါင်း ၁၀၀၀၀၀ ရှိတယ်။ ဒါက ငါ့ရဲ့ ပဉ္စမမြောက် မိစ္ဆာချုပ်နှောင်မန္တန် အတွင်းအပြင် ပြုစားခြင်းပဲ" ထို့နောက် သူသည် ညာလက်ကို မြှောက်လိုက်ရာ အက်ကွဲကြောင်းသေးသေးလေးက သူ့လက်၀ါး၌ ကွဲထွက်လာပြီး စတင်လည်လာသည်။
တစ်ချိန်တည်းမှာပင် ပတ်၀န်းကျင်ရှိ အက်ကွဲကြောင်းတစ်သိန်းလုံး တဝီဝီလည်လာရာ ထိုထူးဆန်းသော မြင်ကွင်းက သတ္တမမြောက်ခေါင်းဆောင်ကြီးနှင့် ဖန်တောက်ဟုန်ကို မျက်လုံးများ ပြူးလျက်၊ ချာချာလည်လျက် စိုက်ကြည့်မိလိုက်စေသည်။
"ဒါက အတွင်းအပြင် အနှစ်သာရပဲ" လူငယ်က အေးတိအေးစက်ပြောသည်။ "ငါ အတွင်းလို့ပြောရင် ကောင်းကင်နဲ့ မြေကြီးဟာ ဝါးမြိုခံရမယ်" ဤအခိုက်အတန့်တွင် အက်ကွဲကြောင်းအားလုံးမှာ ဟလာရာ ရှေးဟောင်းသုသာန်မြေအားလုံးအပြင် ကျန်ဘိုးဘေးမြေများမှာ တွန့်လိမ်ရှုံ့တွလာသည်။ တစ်ဆက်တည်းမှာပင် အပြင်ဘက် ဖန်မျိုးနွယ်စု၊ အရှေ့အောင်ပွဲဂြိုလ်ပေါ်တွင်လည်း တွန့်လိမ်ရှုံ့တွနေသော ပုံပျက်မှုများကို မြင်ရနိုင်သည်။
မမြင်ရသော ကြောက်မက်ဖွယ်အားတစ်ရပ်က ဂြိုလ်တစ်ဂြိုလ်လုံးကို ဝါးမြိုတော့မည့်အလားပင်။
ယခုလို ကြောက်မက်ဖွယ်ကောင်းသော ပြုစားခြင်းမန္တန်က မန်ဟို့စိတ်ကို ချာချာလည်သွားစေသည်။ ပဉ္စမမြောက်မန္တန်က ကောင်းကင်နှင့်မြေကြီးကို ကိုင်လှုပ်နိုင်သည်အထိ အစွမ်းထက်လိမ့်မည်ဟု မန်ဟို မည်ကဲ့သို့ တွေးနိုင်ခဲ့မည်နည်း။
ထို့နောက် လူငယ်က ဆက်ပြောသည်။
"ငါ အပြင်လို့ ပြောရင် မိုးကောင်းကင်ဟာ အချုပ်အနှောင်မဲ့တယ်" အက်ကွဲကြောင်းအားလုံး ရုတ်တရက် ကျုံ့ပြီး ပိတ်သွားကြသည်။ ရှေးဟောင်းသုသာန်မြေ၊ ဘိုးဘေးမြေ၊ ဖန်မျိုးနွယ်စုနှင့် အရှေ့အောင်ပွဲဂြိုလ် အကုန်လုံး မျက်စိတစ်မှိတ်အတွင်း ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။
ဤထူးဆန်းသော အသွင်ပြောင်းမှုအားလုံးက အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့သဖြင့် လူအများစုမှာ သတိပင်မထားမိလိုက်ပေ။
သို့သော် ဖန်မျိုးနွယ်စု ဘိုးဘေးစံအိမ်၏ အောက်ထဲရှိ ကျောက်လိုဏ်ဂူတွင် ဖန်မျိုးနွယ်ခေါင်းဆောင်ကြီးများမှာ ရုတ်တရက် တုန်ရီသွားပြီးနောက် မျက်လုံးများ ဖွင့်လိုက်ကြသည်။
ထိုမျှသာမက ဂူ၏ ဟိုးအတွင်းပိုင်းထဲတွင် ဖန်မျိုးနွယ်စု၏ မြေခေါင်းဆောင်ကြီးသည် မျက်လုံးအား ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။ ကောင်းကင်မှာ မှေးမှိန်ပြီး မြေပြင်များ တုန်ခါလာသည်။
"အတွင်းနှင့်အပြင် ဝါးမြိုခြင်းနဲ့ လွှတ်ခြင်း။ ဒါက ငါ့မန္တန်ပဲ။ ငါရှေ့မှာထိုင်ပြီး ဒီမန္တန်ကို ဆင်ခြင်သုံးသပ်ပါ။ မိစ္ဆာချုပ်နှောင်သူအဖွဲ့ရဲ့ ပြုစားခြင်းမန္တန်ကိုးခု ပေါင်းစည်းသွားတဲ့အခါ တောင်ပင်လယ်လောကဟာ မိစ္ဆာချုပ်နှောင်သူတွေလက်ထဲကို ပြန်လာလိမ့်မယ်
“မင်း တောင်ပင်လယ်လောကကနေ ထွက်ခွာလာရမယ့် ကံကြမ္မာပါလို့ … ငါ တျန်းပင်ကျစ် အသက်ရှိနေသေးသရွေ့ မင်း ငါ့ကို လာရှာနိုင်တယ်။ ငါ မိစ္ဆာချုပ်နှောင်သူအဖွဲ့အပေါ်မှာ ကျေးဇူးအကြွေးတင်နေတဲ့အတွက် မင်းရဲ့တာအိုစောင့်ရှောက်သူအဖြစ် ပြုမူပေးနိုင်တယ်" လူငယ်က ထိုသို့ပြောပြီး မျက်လုံးများ ပိတ်လိုက်သည်။
***