မျိုးဆက်များကို ဖြတ်သန်းခြင်း
Vol. 69 Ch. 956
မန်ဟို့တစ်ကိုယ်လုံး တုန်ရီသွားပြီး အသက်ရှူမြန်လာသည်။ သူသည် ဤနေရာမှာ သူ ဘယ်တော့မှ ဝင်ရောက်မလာနိုင်သင့်သော နေရာဖြစ်ကြောင်း သိ၏။ ထိုမျှသာမက သူ၏ကျင့်ကြံခြင်းအခြေခံမှာ ပဉ္စမမန္တန်၏အမွေအနှစ်ကို လက်ခံရန် ရှေးဟောင်းနယ်ပယ်၏အထွတ်အထိပ်တွင် ရှိခဲ့လေသည်။
သို့ထိတိုင် ကျောက်စစ်သည်တော်ကြောင့် ဤနေရာသို့ သူ ရောက်နေလေပြီ။
မန်ဟို၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူက ချက်ချင်း မလှုပ်ရှားပေ။ သူ့မှာ ဆဋ္ဌမမြောက်မိစ္ဆာချုပ်နှောင်သူကြောင့် ခံစားခဲ့ရသော အန္တရာယ်ကို မှတ်မိနေသေး၍ သတိရှိရှိနှင့် ဆက်သွားပြီး တုံ့ပင် တုံ့ဆိုင်းနေသည်။
အမှန်တွင် ပဉ္စမမျိုးဆက်မိစ္ဆာချုပ်နှောင်သူထံမှ မည်သည့်အန္တရာယ်ကိုမှ မခံစားရသလို၊ ရှေးဟောင်းမိစ္ဆာချုပ်နှောင်ကျောက်စိမ်းကလည်း ထူးထူးဆန်းဆန်း မပြုမူခဲ့ပေ။ သူ့မှာ အလွယ်တကူ လက်မလျှော့နိုင်သေး၍ တစ်ယောက်တည်း ရေရွတ်လိုက်သည်။
"ငါ့ ဒုတိယကိုယ်အစစ်က ဖျက်စီးခံရပြီးတဲ့နောက် ပြန်ကုစားနေတဲ့အခြေအနေမှာ ရှိနေသေးတာ ဆိုးတယ်။ သူသာ ရှိလို့ကတော့ စမ်းခိုင်းကြည့်ခိုင်းလို့ရမယ်" တခဏကြာသော် သူ၏မျက်လုံးများသည် ခိုင်မာပြတ်သားမှုတို့ဖြင့် တောက်ပလာ၏။
ဆုလာဘ်များသည် စွန့်စားမှ ရောက်လာတတ်သည့်အတွက် လက်လျှော့လိုက်သည်ထက်စာလျှင် လောင်းကြေးထပ်ကြည့်သည်က အကောင်းဆုံးဖြစ်သည်။
သူက ထပ်မံတုံ့ဆိုင်းမနေတော့ရန် ဆုံးဖြတ်လိုက်သည်။ သူသည် လူငယ်ဆီ လျှောက်သွားပြီး အရိုအသေပေးလိုက်၏။ ထို့နောက် သတိအပြည့်ဖြင့် သူ၏ကျင့်ကြံခြင်းကို ဖြေးဖြေးချင်း လှည့်ပတ်လိုက်သည်။ မထင်မှတ်ထားသည့်အရာတစ်ခုခု ဖြစ်လျှင် သူ၏နတ်ဘုရားစွမ်းရည်အကုန်လုံးကို သုံးရင်း ချက်ချင်း ထွက်ပြေးပေမည်။ ထိုမျှသာမက သူ့တွင် စောင့်ရှောက်ပေးမည့် ကျောက်စစ်သည်တော်ကြီး ရှိသည်။
လူငယ်က တင်ပျဉ်ခွေ၍ တရားထိုင်နေစဉ် လက်ကို နှေးကွေးစွာ ဆန့်တန်းကာ မန်ဟို၏နဖူးပေါ် ဖိချလိုက်သည်။
သူတို့နှစ်ယောက်ကား အချိန်နှင့်နေရာကို ဖြတ်၍ ဆက်သွယ်သွားသယောင်ပင်။
အမွေအနှစ်အား လက်ဆင့်ကမ်းပေးနေလေပြီ။
သူတို့ကို မျိုးဆက်များစွာ၊ နှစ်ပေါင်းများစွာ၊ အကွာအဝေများစွာ ခြားထားသည်။ သို့ထိတိုင် သူတို့နှစ်ယောက်လုံးသည် ဤနေရာ ဘိုးဘေးမြေထဲတွင် အမွှေလွှဲအပ်ခြင်းအား လုပ်ဆောင်နေကြ၏။
တာအိုမြစ်ကြီးတစ်စင်း သို့မဟုတ် နတ်ဒေဝါမြစ်ကြီးတစ်စင်း မန်ဟို့နဖူးထဲ စီးဝင်သွားသကဲ့သို့ ဝေါခနဲ မြည်ဟည်းသွားသည်။ မျက်စိတစ်မှိတ်အတွင်း သူ့မှာ သူ့ခေါင်းပေါက်ကွဲ၍ စိတ်ပျက်ပြားတော့မည့်အလား ခံစားလိုက်ရသည်။
မိုးကြိုးလျှပ်စီးများက သူ့စိတ်ထဲတွင် ဝင်းဝင်းလက်လျက် အတောမသပ်နိုင်အောင် ပေါက်ကွဲလာသဖြင့် သူ့မှာ ရင်တဒိန်းဒိန်း ခုန်လာတော့သည်။ သူ့မျက်နှာသည် ချက်ချင်း ဖြူဆုပ်သွားပြီး သွေးများ သူ့နှုတ်ခမ်းထောင့်မှ စီးကျလာ၏။ ပြင်းထန်သောအန္တရာယ်အာရုံတစ်ခု ပေါ်ပေါက်လာသည်။ သူ့အရှေ့ရှိ လူငယ်တွင် မန်ဟို့ကို သေစေလိုစိတ်နည်းနည်းမှ မရှိပေ။ မန်ဟို၏ကျင့်ကြံခြင်းအခြေခံက အမွေကို ထောက်ပံ့ပေးရန် မလုံလောက်ခြင်းသာ ဖြစ်၏။
သို့သော် သူသည် အံကြိတ်၍ စိတ်ပိုင်းဖြတ်ထားသော မျက်နှာထားနှင့် သူ၏လက်ရှိစွမ်းအားအဆင့်ဖြင့် လက်မခံနိုင်သင့်သော အမွေကို ဆက်လက် လက်ခံနေသည်။
သူ့ခန္ဓာကိုယ်မှာ တည်ရှိခြင်းနှင့် မတည်ရှိခြင်းကြားသို့ တစတစ ဝင်ရောက်သွားသည့်အလားပင်။ သူ့အရှိန်အဝါမှာ အားနည်းလာသလို၊ သူ၏အသက်မီးတောက်သည်လည်း မှေးမှိန်လာ၏။
လေလယ်တွင် သတ္တမခေါင်းဆောင်ကြီးသည် ဇဝေဇဝါနှင့် စိုက်ကြည့်နေသည်။ မန်ဟို ဝင်ရောက်သွားခဲ့သောကြောင့် ရှေးဟောင်းသုဿန်မြေနှင့်ပတ်သက်၍ ထူးဆန်းသည့်အရာတစ်ခုခုဖြစ်နေကြောင်း သူ ပြောနိုင်လေသည်။
သူက မန်ဟို့ကို စူးစိုက်ကြည့်လိုက်ပြီး တစ်စုံတစ်ခုကို ယခုလေးတင် သတိထားမိလိုက်သည့်အလား သူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။ သူကား သိသိသာသာ တုန်လှုပ်၍ အသက်ပြင်းပြင်းရှူလိုက်တော့သည်။
"သူ အမွေအနှစ်တစ်ခုကို လက်ခံနေတာပဲ
"ရှေးဟောင်းသုဿန်မြေဟာ ဒီမှာ ရှိနေခဲ့တာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာခဲ့ပြီ။ တော်တော်များများက ဒီနေရာအထိ ရောက်မလာနိုင်ခဲ့ပေမယ့် အနည်းစုတော့ ရှိသေးတယ်။ အဲဒီအက်ကွဲကြောင်းတွေက နတ်မီးလျှံစမ်းသပ်ချက်တွေ၊ အမွေအနှစ်တွေ မဟုတ်ဘူး။ ဒါပေမယ့် ... ဒီကလေးက အမွေတစ်ခုကို ဆင်ခြင်သုံးသပ်နေတယ်တဲ့လား" သတ္တမခေါင်းဆောင်ကြီး၏ကမ္ဘာကြီးမှာ ချာချာလည်နေတော့သည်။
"ဒါပေမဲ့ သူ ခံစားလိုက်ရတဲ့ အမွေအနှစ်က ဘယ်သူ့ဟာလဲ" သူသည် အဝေးရှိ မြူလွှမ်းကောင်းကင်အမိုးခုံးသို့ လှမ်းကြည့်လိုက်စဉ် နက်နဲသောအလင်းစတစ်စက သူ့မျက်လုံးများတွင် ပေါ်လာ၏။
အချိန်သည် နှေးကွေးစွာ ကုန်ဆုံးသွားသည်။ မန်ဟို့အရှိန်အဝါမှာ ပို၍အားနည်းလာပြီး အသက်စွမ်းအားမီးတောက်လည်း မှိန်ပျနေလေပြီ။ သူ့ကို ကိုယ်တိုင်ကိုယ်ကျ မြင်လိုက်ရသော မည်သူမဆို သူ အမွေအနှစ်တစ်ခုကို လက်ခံနေကြောင်း သဘောပေါက်ပေလိမ့်မည်။ သို့သော် သွေးဆက်ကျောက်စိမ်းပြားအပေါ်တွင်မူ သူ့မှာ အသက်ငင်နေသည်နှင့် တူသည်။
မှန်ပါသည် ၊ ဖန်တောက်ဟုန်အပြင် ဘိုးဘေးမြေထဲတွင် အနက်ဝတ်ကျင့်ကြံသူခြောက်ယောက် ကျန်သေးပြီး အကုန်လုံးက သူတို့၏ကျောက်စိမ်းပြားများအား ကြည့်နေကြသည်။ သူတို့ ရှင်းရှင်းလင်းလင်း မြင်နေရသည်မှာ မန်ဟို့ကိုယ်စားပြု အလင်းစက်သည် မှေးမှိန်သထက် မှေးမှိန်လာနေသည်ကို ဖြစ်၏။ ဖန်တောက်ဟုန်၏အလင်းစက်ကလည်း မန်ဟိုနှင့်လွန်စွာ နီးကပ်နေကြောင်း သူတို့ တွေ့ရသည်။
ဤအခြင်းအရာက သူတို့ကို မှားယွင်းစွာ သုံးသပ်မိလိုက်စေသည်။
သူတို့အားလုံးမှာ ဖန်တောက်ဟုန်ကြောင့် မန်ဟို၏အလင်းစက် မှေးမှိန်လာနေခြင်းဖြစ်သည်ဟု တွေးလိုက်ကြလေသည်။
ကျန်အနက်ဝတ်လူခြောက်ယောက်မှာ လွန်စွာသတိရှိသူများ ဖြစ်ကြသော်လည်း အကျင့်စရိုက်မတူကြပေ။ တချို့က ပြတ်သားသည်၊ တချို့က တွန့်ဆုတ်နေသည်။ တချို့ကဝောာ့ စိုးရိမ်နေပြီး တချို့မှာမူ စိတ်လိုက်မာန်ပါလုပ်တတ်၏။
မန်ဟို၏လက်ရှိနေရာမှ ကီလိုမီတာငါးရာခန့်အကွာတွင် မျက်လုံးများ လင်းလက်နေသော အနက်ဝတ်နှင့် သက်လတ်ပိုင်းလူတစ်ယောက်ရှိသည်။ "ဖန်ဟိုမှာ သေချာပေါက် အဖိုးတန်ရတနာတစ်ပါးပါး ရှိလိမ့်မယ်။ အဲ့ဒါကြောင့် ရှေးဟောင်းနယ်ပယ်အကြီးအကဲနှစ်ယောက်ဆက်တိုက် သတ်နိုင်ခဲ့တာပဲဖြစ်မယ်။ ကြည့်ပုံထောက်ရင် သူ့ကျင့်ကြံခြင်းအခြေခံက မလုံလောက်တာကြောင့် အဲဒီမှော်ပစ္စည်းရဲ့စွမ်းအားကို အကြာကြီးမသုံးနိုင်တာ။ အခု .... ဖန်တောက်ဟုန်လည်း အဲဒီမှာရှိနေတယ်။ သူ မသေသေးဘူးဆိုတော့ ငါတို့မှာ အခွင့်အရေးရှိသေးတယ်"
ထိုသက်လတ်ပိုင်းလူသည် ပိန်ပါးပြီး သူ့အား အလွန်အကျည်းတန်စေသော ရှည်ရှည်ကောက်ကောက်နှာခေါင်းကြီးကို ပိုင်ဆိုင်ထား၏။
"အင်မော်နယ်ပယ်နားကပ်နေတဲ့ ကျင့်ကြံသူတစ်ယောက်ကို ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူတစ်ယောက်ကို သတ်နိုင်စေတဲ့ အဖိုးထိုက်ရတနာ .... " သက်လတ်ပိုင်းလူမှာ တခဏ ချီတုံချတုံဖြစ်နေပြီးနောက် သွေးစက်ခြေရာခံကျောက်စိမ်းပြားကို ပြန်ကြည့်လိုက်သည်။ အလင်းစက်နှစ်စက်က မန်ဟိုရှိရာသို့ ရွေ့လျားနေပြီဖြစ်ကြောင်း သတိထားမိလိုက်သောအခါ သူ၏မျက်လုံးများတွင် ခိုင်မာပြတ်သားမှုတို့ ပြည့်နှက်သွားတော့သည်။
"ငါက အနီးဆုံးဆိုတော့ သတိထားသရွေ့ ဘာပြဿနာမှ မရှိသင့်ဘူး" သက်လတ်ပိုင်းလူမှာ တွန့်ဆုတ်မနေတော့ဘဲ အဝေးသို့ ထွက်သွားတော့သည်။
တစ်ချိန်တည်းမှာပင် တခြားအနက်ဝတ်ကျင့်ကြံသူနှစ်ယောက်လည်း လားရာနှစ်ခုမှ ချဉ်းကပ်လာနေကြသည်။ သူတို့သည် ပထမအနက်ဝတ်လူနည်းတူ တွေးနေကြပြီး မန်ဟို့ထံသို့ လျင်မြန်စွာ လာနေကြ၏။
ကျန်အနက်ဝတ်လူ သုံးယောက်မှာမူ အန္တရာယ်ကင်းကင်းနေဖို့သာ ဆုံးဖြတ်လိုက်ကြသည်။ နောက်ဆုံး အနက်ဝတ်အဘိုးကြီးမှာတော့ ... တာအိုစောင့်ရှောက်သူကြီးရှိခဲ့ဖူးသော ဘိုးဘေးမြေ၏ဝင်ပေါက်တွင် ရပ်နေသည်။
သူက ပြိုကျထားသော တောင်တန်းများကို စစ်ဆေးကြည့်လိုက်၏။ အဆုံးမရှိသော အပျက်အစီးများနှင့် ကျောက်တုံးကျောက်ခဲပုံများက သူ့စိတ်အား တုန်ရီသွားစေသည်။ သူမှာ ပြောစရာစကားပင် မတွေးတတ်တော့သဖြင့် ထိုမြင်ကွင်းကို အကြာမှအကြာကြီး ကြည့်နေပြီးနောက်မှ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။
"တာအိုစောင့်ရှောက်သူကြီး ... မရှိတော့ဘူး" သူက တွေးသည်။ ကြီးမားသော အံဩခြင်းလှိုင်းလုံးကြီးများက သူ့ကို လွှမ်းမိုးသွားသဖြင့် သူ့မှာ တုန်ရီလာတော့သည်။ ရုတ်တရက် သူသည် ပထမဆုံးရှေးဟောင်းနယ်ပယ်ကျင့်ကြံသူအသတ်ခံခဲ့ရသော နေရာမှာ ဤနေရာဖြစ်ကြောင်း သဘောပေါက်လိုက်သဖြင့် မျက်လုံးများ လင်းခနဲ လက်သွား၏။
အကြောင်းရင်းကို ချက်ချင်းဆိုသလို နားလည်လိုက်သဖြင့် အဖြေပေါ်လာသောအခါ သူ့မှာ ယုံပင် မယုံနိုင်ပေ။ သို့သော် ထိုမယုံနိုင်ဖွယ်ရာ အဖြေကပင် အရာအားလုံးကို ရှင်းလင်းသွားစေသည်။
"ဖန်ဟိုက ဘယ်လိုလုပ် တာအိုစောင့်ရှောက်သူကို ထိန်းချုပ်နိုင်မှာလဲ" သူက သွေးဆက်ကျောက်စိမ်းပြားကို ထုတ်၍ မန်ဟို့ကိုယ်စားပြုအလင်းစက်ကို ကြည့်လိုက်သည်။ ထို့နောက် မန်ဟို့ထံ လျင်မြန်စွာ ချဉ်းကပ်သွားနေသော ကျင့်ကြံသူသုံးယောက်ကို ကြည့်လိုက်၏။ ဘိုးဘေးမြေထဲတွင် အခြားသူများကို သတင်းပေးပို့၍မရရာ သူ့မှာ မီးပုံထဲ တိုးဝင်နေသော ပိုးဖလံများသဖွယ် အလင်းစက်သုံးစက် မန်ဟို့အနား စုဆုံသွားနေသည်ကိုသာ ကြည့်နေနိုင်သည်။
"ဒီလူတွေ သေရင် ငါထင်ထားသလို ဖန်ဟိုက တာအိုစောင့်ရှောက်သူကြီးကို တစ်နည်းနည်းထိန်းချုပ်နေတာ သေချာပြီ" အဘိုးကြီးမှာ သူ မှန်ကြောင်း လက်မခံချင်သည့်တိုင် တခြားအဖြေကို မစဉ်းစားတတ်တော့ပေ။
အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွား၏။ သုံးရက်ကြာပြီဖြစ်ပြီး မန်ဟို ဘိုးဘေးမြေထဲ ရောက်နေခဲ့သည်မှာ တစ်လခန့် ရှိလေပြီ။ လောလောဆယ်တွင် သူသည် ကျောက်တိုင်ကြီး၏အရှေ့၌ မျက်လုံးများပိတ်လျက် ကျောက်ရုပ်ကြီးသဖွယ် တင်ပျဉ်ခွေထိုင်နေ၏။
သူ့အရှိန်အဝါမှာ အတိုင်းထက်အလွန်အားနည်းနေပြီး သူ၏အသက်စွမ်းအားမီးတောက်မှာလည်း ငြိမ်းပေတော့မည်။ ပဉ္စမမန္တန်၏ အမွေအနှစ်က သူ့ထဲသို့ အဆက်မပြတ် စီးဆင်းနေသဖြင့် သူ့စိတ်ထဲတွင် မိုးကြိုးလျှပ်စီးများ ထစ်ချုန်းသောင်းကျန်းနေသည်။ သူ မြင်နေရသည့် ပုံရိပ်များက သူ့အား အဆုံးမရှိသော ချောက်ကြီးထဲသို့ ကျနေသည့်အလား ခံစားရစေသည်။
သူ့စိတ်မှာ အတင်းအဓမ္မ ထည့်သွင်းခံနေရသဖြင့် စုတ်ဖြဲခံနေရကဲ့သို့ နာကျင်မှုအား ပြင်းထန်လာစေသည်။ သူ့မှာ အရှင်လတ်လတ် ငရဲကျနေသလို ခံစားလာရ၏။
အဆင့်နိမ့်သော ကျင့်ကြံခြင်းအခြေခံဖြင့် ဤကဲ့သို့အမွေတစ်ခုကို လက်ခံနေသောကြောင့် သူ၏ထာဝရအလွှာ အလုပ်လုပ်နေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်ပြီး သူ့စိတ် ပျက်ပြားမှုမရှိစေရန်၊ ပေါက်ကွဲမသွားစေရန် စဉ်ဆက်မပြတ် ကုစားပေးနေသည်။
သူ၏အစစ်အမှန်အင်မော်တယ်အပြင်အားကိုယ်လည်း သူ့စိတ်ကို တည်ငြိမ်အောင် ထိန်းပေးထား၏။
ပဉ္စမမန္တန်၏ အမွေအနှစ်သည် သူ့ကိုယ်ထဲ စီးဝင်နေစဉ် သူ့စိတ်ထဲ၌ အဆက်မပြတ် အပေါ်အောက် လှန်နေသော လက်ကြီးတစ်ဖက်သဖွယ် ဖြစ်လာသည်။
တစ်ခါတရံ ၎င်းက အပေါ်ကို လှန်နေတတ်ပြီး တစ်ခါတရံ အောက်သို့ မှောက်နေတတ်သည်။ ထိုသို့ သံသရာလည်နေစဉ် စကြဝဠာတစ်ခုလုံးအား ၎င်းအထဲတွင် ဖုံးကွယ်ခံထားရသည့်အလား ၊ ယင်နှင့်ယန် ပါဝင်နေသည့်အလား ထင်ရ၏။ ၎င်းတွင် ကောင်းကင်နှင့်မြေကြီး၏ မဟာတာအိုတစ်ခုပါရှိလေသည်။
ရှေးဟောင်းသုဿာန်မြေထဲ၌ သူ့ကို ဝန်းရံလျက်ရှိသော အက်ကွဲကြောင်းတစ်သိန်းသည်လည်း အသက်ရှူနေသည့်အလား သံသရာလည်လာသည်။ တစ်ခါတရံ ၎င်းတို့က ပွင့်နေတတ်ပြီး တစ်ခါတရံ ပိတ်ထားကြသည်။ အဝေးမှကြည့်လျှင် မျက်လုံးတစ်သိန်း ဖွင့်ချည်ပိတ်ချည် လုပ်နေသည်နှင့် တူ၏။
သံသရာက သုံးရက်တိုင်တိုင် မရပ်နားဘဲ ဆက်ဖြစ်နေသည်။
ဖန်တောက်ဟုန်မှာတော့ ပါးစပ်အဟောင်းသားဖြစ်နေသည်မှာ ကြာလေပြီ။ သူ့မှာ မန်ဟို့ကြောင့် တုန်လှုပ်ရပြန်ပြီး သူ့ဘယ်တော့မှ မမြင်ခဲ့ဖူးသော ကြောက်စရာ အင်မော်တယ်နယ်ပယ်ကျင့်ကြံသူအဖြစ် မမြင်မိဘဲ မနေတော့ပေ။
အမှန်တွင် သူသည် ယခုလိုအရာမျိုးအား ကြားပင်မကြားခဲ့ဖူးခြင်း ဖြစ်၏။
"သူသာ အင်မော်တယ်အဆင့်တက်ရင် ... အရှေ့အောင်ပွဲဂြိုဟ်တစ်ခုလုံးကို ကိုင်လှုပ်နိုင်လိမ့်မယ်" ဖန်တောက်ဟုန်၏ မျက်လုံးများ တောက်ပသွားပြီး သူ၏သေခြင်းရှင်ခြင်းအား မန်ဟိုထိန်းချုပ်ထားသည်မှာ လက်မခံနိုင်သောကိစ္စမဟုတ်ကြောင်း နားလည်လိုက်သည်။
လေလယ်တွင် သတ္တမခေါင်းဆောင်ကြီးသည် မန်ဟို့ကို ငုံ့ကြည့်ပြီး ဖန်တောက်ဟုန်ထက်ပင် စိတ်နှလုံးတုန်ရီနေ၏။ သူ၏ မျက်လုံးများက စူးရှတောက်ပနေပြီး သူကား ဖန်မျိုးနွယ်စု၏ အနာဂတ်ကို ကြည့်နေရသကဲ့သို့ ခံစားလိုက်ရလေသည်။
"သူက အစစ်အမှန်အင်မော်တယ်အပြင်အားကိုယ် ပိုင်ဆိုင်ထားပြီးတဲ့အပြင် သူ့ကိုယ်ထဲက အင်မော်တယ်ချီကလည်း အထွတ်အထိပ်ရောက်ခါနီးပြီ ...
"သူ့ကိုယ်ပေါ်မှာ အင်မော်တယ်နွယ်ပင်ရဲ့ အရှိန်အဝါ လုံးဝမရှိဘူး။ ဒါမှမဟုတ် သူ့အင်မော်တယ်နွယ်ပင်ကို သူ့ဓမ္မဆင်းတုက အပြည့်အဝစုပ်ယူပြီးသွားတာ ဖြစ်နိုင်တယ်။ အဲဒီလိုဆိုရင် ... ဒီကလေးက ရက်တစ်ရာအတွင်း အင်မော်တယ်အဆင့်ရောက်ရှိတော့မှာပဲ
"နောင်တစ်ချိန်မှာ သူက ဖန်မျိုးနွယ်စုရဲ့ အမာခံကျောရိုး သေချာပေါက် ဖြစ်လာလိမ့်မယ်"
ထိုစဉ် နဝမတောင်၏အပြင်၊ ကြယ်စင်တာရာများအကြားက အနန္တနဝမပင်လယ်တွင် အံ့ဩတုန်လှုပ်ဖွယ်အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာ၏။
ထိုအရှိန်အဝါက ပင်လယ်မျက်နှာပြင်ထက်မှ သိပ်သည်းထူထဲသော မြူခိုးများကို တထောင်းထောင်း ထလာစေသည်။ ထို့နောက် မြူခိုးမြူငွေ့များသည် တင့်တယ်ကြော့ရှင်းစွာ ကခုန်နေဟန်တူသော အရိပ်များအသွင်ပြောင်းလာ၏။ ခေါင်းအထက်တွင် မိုးကြိုးများ ထစ်ချုန်းလာပြီး ပြစ်ဒဏ်တိမ်တိုက်တစ်ခု စတင်ဖြစ်ပေါ်လာလေပြီ။
တစ်ချိန်တည်းမှာပင် ဧရာမအင်မော်တယ်တံခါးကြီးသည် နဝမပင်လယ်၏အထက်တွင် တစတစ မြင်သာလာ၏။
နဝမပင်လယ်တွင် ကျင့်ကြံသူများ အခြေချနေထိုင်ရာ ကျွန်းများ မရေမတွက်နိုင်အောင် ရှိသည်။ လောလောဆယ်တွင် ထိုကျင့်ကြံသူအားလုံးမှာ စိတ်နှလုံးတုန်လှုပ်နေကြပြီး အပေါ်မော့ကြည့်လိုက်ကြသည်။ မည်သည့်မျှဝေးကွာစေကာမူ တလိပ်လိပ် ဖြာထွက်လာနေသော အင်မော်တယ်ချီများကို သူတို့ ခံစားရသေးသည်။
"အဲ့ဒါ ... အင်မော်တယ်တံခါးပဲ"
"ဘယ်သူက အစစ်အမှန်အင်မော်တယ်အဆင့်ကို ရောက်ဝောာ့မှာလဲ။ ဘယ်သူက အင်မော်တယ်တံခါးကို တွန်းဖွင့်တော့မှာလဲ"
နဝမတောင်ပင်လယ်၏ ကျွန်းမျိုးစုံရှိ ကျင်ကြံသူများ တုန်လှုပ်နေကြစဉ် အင်မော်တယ်တံခါး၏အောက်၊ ပင်လယ်မျက်နှာပြင်ထက်တွင် ဧရာမအကွဲကြောင်းကြီးတစ်ကြောင်း ဟလာသည်။ ထိုအကွဲကြောင်းထဲတွင် ရေထဲမှ မြောက်တက်လာသော နောက်ထပ်တံခါးကြီးတစ်ချပ် ပေါ်လာသည်။
တံခါးထဲ၌ အနောက်တွင် အမျိုးသမီးအလောင်းတစ်လောင်းပျံဝဲနေသော မိန်းကလေးတစ်ဦးရှိ၏။ ထိုမိန်းကလေးကား အင်မော်တယ်တံခါးထံသို့ ပျံမတက်ခင် တစ်ချက်လေးပင် တွန့်ဆုတ်နေပေ။
တစ်ချိန်တည်းမှာပင် ပင်လယ်ထဲရှိ တံခါးထဲမှ ကျင့်ကြံသူတစ်ထောင်ကျော်လည်း ပျံထွက်လာသည်။ ယောက်ျားမိန်းမစုံလင်ပြီး အကုန်လုံးက အတိုင်းထက်အလွန် တည်ကြည်လေးနက်သော မျက်နှာထားများဖြင့် ဧရာမမန္တန်အစီအရင်ကြီးတစ်ုအား ဖော်ဆောင်ရန် အရပ်လေးမျက်နှာသို့ ဖြန့်လိုက်ကြ၏။ ထို့နောက် တံခါးထဲမှ ဧရာမပင်လယ်နဂါးတစ်ရာကျော် ထွက်လာကာ မိန်းကလေးအတွက် ဓမ္မစောင့်ရှောက်သူများအဖြစ် ပြုမူရန် ပတ်ဝန်းကျင်တွင် လှည့်ပတ်သွားလာနေကြသည်။ ကြောက်ခမန်းလိလိအရှိန်အဝါများအား ထုတ်လွှတ်နေသော အဘိုးကြီးဆယ်ယောက်လည်း ပေါ်လာသည်။ သူတို့အားလုံးက ရှေးဟောင်းနယ်ပယ်၏အထွတ်အထိပ်တွင် ဖြစ်ပြီး တစ်ယောက်လျှင် အနည်းဆုံး မီးအိမ် (၁၃)၊ (၁၄) လုံးအား ငြှိမ်းထား၏။
ဤလူများသည် ... နဝမပင်လယ်နတ်လောက၏ ကျင့်ကြံသူများ ဖြစ်လေသည်။ တာအိုဆရာအစည်းအရုံးသုံးခု၏ အင်အားအား ယခုတွင် ပေါ်လွင်စွာ မြင်ရလေပြီ။
နောက်ဆုံးမှ ပေါ်လာသူကတော့ ပင်လယ်ပြာဝတ်ရုံအား ဝတ်ထားသော အဘွားအိုတစ်ဦးဖြစ်သည်။ သူမ၏တည်ရှိမှုက မိုးကောင်းကင်ပင် သူမအား အသိအမှတ်ပြုရသည့်အလား ရှိရှိသမျှ ကျင့်ကြံသူအားလုံးထက် သာလွန်၏။
"တုံးအာ အစစ်အမှန်အင်မော်တယ်ရမယ့် နေ့ ရောက်လာခဲ့ပြီ" အဘွားအိုက အေးစက်စွာ ပြောသည်။ "အင်မော်တယ်တံခါးကို ဖွင့်၊ အင်မော်တယ်ချီကို လက်ခံပြီး အစစ်အမှန်အင်မော်တယ်အဆင့် တက်လှမ်းလိုက်တော့"
ဖန်းတုံးအာက အသက်ပြင်းပြင်းရှူသွင်းပြီးနောက် အင်မော်တယ်တံခါးထံသို့ တဟုန်ထိုး ဦးတည်သွားသည်။
လျှပ်စီးများ တဝင်းဝင်းလက်လျက် မိုးတဂျိန်းဂျိန်း ခြိမ်းနေသည့်တိုင် မည်သည့်အရာကမှ ဖန်းတုံးအာအား ရပ်တန့်မသွားစေနိုင်ပေ။ သူမခန္ဓာကိုယ်မှ အင်မော်တယ်ပြစ်ဒဏ်ကို အံတုဖက်ပြိုင်နိုင်သော တန်ခိုးတို့ ပေါက်ကွဲထွက်လာသည်။
ကြီးကျယ်ခမ်းနားသော ဖြစ်ရပ်ကြီးတစ်ခုသည် မျိုးဆက်သစ်ရွေးချယ်ခံတို့ ရောက်ရှိလာတော့မည်ကို ရှေ့ပြေးကြေညာနေလေပြီ။ ထိုမျိုးဆက်သစ်ရွေးချယ်ခံများအနက် လက်ရှိခေတ်တွင် အစစ်အမှန်သူတော်စင်တစ်ဦး ဖြစ်လာဖို့လေးအတွက် ယခင်ခေတ်တွင် ကျင့်ကြံခြင်းအခြေခံကို ချုပ်တည်းထားခဲ့သော တစ်ယောက်ရှိသည်။ နဝမတောင်ပင်လယ်၏ကျင့်ကြံသူ ၊ ဆေးလုံးမိစ္ဆာပြီးလျှင် အစစ်အမှန်အင်မော်တယ်အဆင့်သို့ တက်လှမ်းမည့် ဒုတိယလူ ... ဖန်းတုံးအာ။
ဤအခိုက်အတန့်တွင် နဝမတောင်ပင်လယ်အနှံ့အပြားရှိ ဂိုဏ်းများ၊ မျိုးနွယ်စုများမှ လူများသည် ဖန်တုံးအာ နဝမပင်လယ်ထက်တွင် အင်မော်တယ်အဖြစ်သို့ တက်လှမ်းမည်ကို စောင့်ကြည့်ရန် နည်းလမ်းမျိုးစုံ အသုံးပြုနေကြ၏။
ထိုစဉ် ...
စတုတ္ထတောင်၏ မြေအောက်ကမ္ဘာ၊ ဘဝပြန်ဝင်စားခြင်းတံတားဘေးတွင် အေးစက်စက်အမျိုးသမီးတစ်ယောက်သည် နဝမတောင်ရှိဟန်တူသော အရပ်သို့ ခေါင်းလှည့်ကြည့်လိုက်၏။ သူမကား ဘယ်တော့မှ မမေ့အောင် နဝမတောင်အား နောက်ဆုံးအကြိမ်ကြည့်ရန် မျှော်လင့်နေသယောင်ပင်။ သူမ၏နက်မှောင်သော ဆံနွယ်ရှည်ရှည်လေးများက လေထဲတွင် ကခုန်နေသည်။ သူမသည် လိပ်ပြာလေးတစ်ကောင်သဖွယ် တင့်တယ်လှပစွာဖြင့် ဘဝပြန်ဝင်စားခြင်းထဲ ဝင်ရောက်သွားတော့၏။
အရင်ဘဝမှာတုန်းက သူမနာမည်ကား ရှုချင် ဖြစ်ခဲ့သည်။
***