ရွေးချယ်များ၏ အတွင်းနတ်ဆိုးများ
Vol. 69 Ch. 957
အင်မော်တယ်တံခါးက နဝမပင်လယ်ထက်တွင် ပေါ်လာပြီး ဖန်းတုံးအာသည် ကောင်းကင်သို့ ပျံတက်သွားသည်။ သူမ တံခါးကို ဝင်တိုက်လိုက်သော အခိုက်အတန့်တွင် နဝမတောင်ပင်လယ်တစ်ဝန်းရှိ မျိုးနွယ်စုများနှင့် ဂိုဏ်းများသည် ကောင်းကင်၏ ရုတ်တရက် ပြောင်းလဲသွားမှုကို သတိထားမိသွားကြ၏။
ပြောင်းလဲမှုက ကြောက်ခမန်းလိလိမဟုတ်ပေ။ နဝမတောင်ပင်လယ်၏ အင်မော်တယ်ချီများ အတန်ငယ် အားကောင်းလာခြင်းသာ ဖြစ်သည်။ သို့သော် ပြောင်းလဲမှုက ရေပြင်ထက်တွင် လှိုင်းများ ထလာသကဲ့သို့ဖြစ်ရာ အတော်များများမှ သတိထားမိလိုက်လေသည်။
နဝမပင်လယ်ရှိ အင်မော်တယ်တံခါး၏ပတ်ဝန်းကျင်များတွင် ပို၍သိသာထင်ရှား၏။ ထိုနေရာတွင် မဟာတာအိုတစ်ပါး ဆင်းသက်လာသဖြင့် အင်မော်တယ်ချီများ တဖွေးဖွေး လှုပ်နေသည်။ ထစ်ချုန်းသံကြီးများက လေထုကို မင်းမူနေပြီး ပြစ်ဒဏ်မိုးကြိုးသည် တဂျိန်းဂျိန်း ကြိမ်းဝါးလျက်ရှိကာ မြူများလည်း ဆူပွက်နေ၏။
အင်မော်တယ်တံခါးကို ဝင်တိုက်လိုက်သည်နှင့် ဖန်တုံးအာမှာ ပြစ်ဒဏ်မိုးကြိုးများ၏ ဝန်းရံခြင်းခံလိုက်ရသည်။ သူမမျက်လုံးများတွငိ ခိုင်မာပြတ်သားသောစိတ်ဆန္ဒတို့ ပြည့်နှက်နေပြီး သူမနှလုံးသားထဲ၌ အတွေးတစ်ခုသာ ရှိသည်။
"မန်ဟို ငါ သေချာပေါက် နင့်ကို အနိုင်ယူမယ်"
ဖန်းတုံးအာသည် ဤမျိုးဆက်တွင် ဆေးလုံးမိစ္ဆာပြီးနောက် အင်မော်တယ်တံခါးကို တိုက်ခိုက်သော ဒုတိယမြောက် ပုဂ္ဂိုလ်ဖြစ်၏။ တစ်ချိန်တည်းမှာပင် တံခါးပိတ်ကျင့်ကြံနေသော ကျန်ရွေးချယ်ခံများသည် ထွက်လာပြီး အစစ်အမှန်အင်မော်တယ်နယ်ပယ်သို့ တက်လှမ်းဖို့ ပြင်ဆင်နေကြလေပြီ။ သူတို့သည် အင်မော်တယ်ချီအပြောင်းအလဲကို သတိထားမိကြသော်လည်း လျစ်လျူရှုရင်း ခိုင်မာပြတ်သားမှုတို့ မျက်ဝန်းများတွင် ပြည့်နှက်လျက် တရားဆက်ထိုင်နေကြ၏။
ကျောက်ရီဖန်းက လောလောဆယ်တွင် မြင့်မြတ်သော ရေစီးဓားဂူ၏ လျှို့ဝှက်အခန်းတစ်ခန်းထဲတွင် တင်ပျဉ်ခွေထိုင်နေသည်။
"အစစ်အမှန်အင်မော်တယ်တက်လှမ်းဖို့ ခေတ် ရောက်ရှိလာခဲ့ပြီ" သူက ရေရွတ်လိုက်သည်။ "တာအိုဆရာအစည်းအရုံးသုံးခု၊ မျိုးနွယ်စုကြီးလေးစု၊ အထွတ်အမြတ်မြေငါးမြေ၊ ဘုရားကျောင်းသုံးကျောင်းဂိုဏ်းခြောက်ဂိုဏ်းတို့က ... အစစ်အမှန်အင်မော်တယ်ဖြစ်လာမယ့် ရွေးချယ်ခံတွေအတွက် အင်အားတွေ၊ အရင်းအမြစ်တွေ စုဆောင်းနေခဲ့တာ နှစ်ချီခဲ့ပြီ
"သူတို့အားလုံးက စုဆောင်းထားတဲ့ အရင်းအမြစ်အားလုံးကို သုံးပြီး အစစ်အမှန်အင်မော်တယ်နယ်ပယ်ရဲ့အမြင့်ကို တက်ဖို့ ပြင်ထားကြတယ်။ 'ငှက်တစ်ကောင်က တိတ်ဆိတ်ရင် တိတ်ဆိတ်နေမယ်။ ဒါပေမဲ့ သူ့ပထမဆုံး တေးသီသံက လူတွေကို အံ့အားသင့်သွားစေတယ်' ဆိုတဲ့အတိုင်းပေါ့" ကျောက်ရီဖန်း၏မျက်လုံးများက ရုတ်တရက် ပွင့်လာသည်။
"အကြော (၇၀) ဖွင့်တာက သာမန်ပဲ။ အကြော (၈၀) ဆို ရွေးချယ်ခံဖြစ်ဖို့ ထိုက်တန်တယ်။ အကြော (၉၀) ကတော့ မျိုးဆက်တစ်ဆက်ရဲ့ လျှမ်းလျှမ်းတောက် နေတစ်စင်းဖြစ်စေနိုင်တယ်
"ဖန်မု ... မင်း ဒီခေတ်ရဲ့ အစစ်အမှန်အင်မော်တယ်နယ်ပယ်ကို ဝင်ရောက်နိုင်လေမလား" ကျောက်ရီဖန်း၏မျက်လုံးများ တောက်ပသွားသည်။ သူသည် ကိုယ်တွင်းဒဏ်ရာများနှင့် စိတ်ဒဏ်ရာမှ ပြန်လည်သက်သာလာခဲ့သည်မှာ ကြာလေပြီ။ သို့သော် သူ့နှလုံးထဲ၌ အရိပ်ကြီးတစ်ခုက အတွင်းနတ်ဆိုးတစ်ကောင်သဖွယ် ပုန်းအောင်းနေကြောင်း သူ သိသည်။
ဖန်မုအဖြစ်နှင့် မန်ဟိုက ကျောက်ရီဖန်း၏ အတွင်းနတ်ဆိုး ဖြစ်လာခဲ့သည်။
သူက သရုပ်မှန်မန်ဟိုဖြင့် ဖန်းတုံးအာ၏ အတွင်းနတ်ဆိုးဖြစ်လာခဲ့သည်။
ထိုနည်းတူစွာပင် နဝမတောင်ပင်လယ်၌ သူ တွေ့ခဲ့သမျှ ရွေးချယ်ခံအားလုံးတွင် သူ့ကြောင့် အတွင်းနတ်ဆိုးများ ရှိကြလေသည်။
အရှေ့အောင်ပွဲဂြိုဟ်၊ ဖန်မျိုးနွယ်စု၏ ဘိုးဘေးစံအိမ်ထဲတွင် ဖန်ဝေသည် တုန်ရီနေ၏။ သူ၏အသက်စွမ်းအားအရှိန်အဝါမှာ ရံဖန်ရံခါ လင်းလက်သွားပြီး ရံဖန်ရံခါ မှေးမှိန်သွားသည်။ တစ်ခါတလေ သူ့မျက်နှာသည် အကျည်းတန်စွာ ရှုံ့မဲ့သွားတတ်ပြီး ကျန်အချိန်များတွင် ပြုံးနေတတ်သည်။ သူ့ပတ်ပတ်လည်ရှိ ခြောက်ကပ်နေသော အဘိုးကြီးကိုးယောက်ထံမှ အင်မော်တယ်ချီများကို စုပ်ယူနေစဉ် ထူးဆန်းသောလှိုင်းများက သူ့ထံမှ ဖြာထွက်နေ၏။
"ဖန်ဟို ... ငါ အစစ်အမှန်အင်မော်တယ်ဖြစ်ခါနီးပြီ။ ငါ မအောင်မြင်ရင် မိုးကောင်းကင်အောက်မှာ ဖန်ဝေဆိုတာ မရှိတော့ဘူး။ ဒါပေမဲ့ ငါ အောင်မြင်ရင်တော့ ... အစစ်အမှန်အင်မော်တယ်ဖြစ်လာတာနဲ့ မင်းကို သတ်ပြီး ငါ့ရဲ့အတွင်းနတ်ဆိုးကို ဖျက်စီးပစ်မယ်"
မြောက်ကျူပင်ဂြိုဟ်၊ လီမျိုးနွယ်စုရှိ တားမြစ်နေရာတစ်နေရာတွင် ကြာကန်တစ်ကန်ရှိသည်။ ကန်ရေများသည် ကြည်လဲ့နေပြီး ဟိုဟိုသည်သည် ကူးခတ်သွားလာနေသော ငါးများအာစ မြင်ရနိုင်၏။ ငှက်ကလေးများ၏ ကျလိကျလိတေးသီသံများက သင်းပျံသောပန်းရနံ့လေးများနှင့်အတူ လေတွင် ပျံ့လွင့်နေသည်။ ၎င်းကား အသေးစားနိဗ္ဗာန်ဘုံလေးအလားပင်။ လီလင်းအာသည် ကြာတစ်ပွင့်၏အပေါ်တွင် တင်ပျဉ်ခွေထိုင်နေ၏။ သူမအသားရေမှာ ကြည်လင်နေပြီး နူးညံ့အိစက်နေသည့်အပြင် အတန်ငယ်နီရဲနေသည်။ သူမသည် ရိုးရိုးသာမန်ဝတ်ရုံတစ်စုံသာ ဝတ်ဆင်ထားသော်လည်း သူမ၏ တပ်မက်စွဲညိဖွယ်ကိုယ်ခန္ဓာလေးအား ထင်းလင်းနေစေသေး၏။
သူမလည်း အစစ်အမှန်အင်မော်တယ်နယ်ပယ်သို့ ဝင်ရောက်ပေတော့မည်။
တစ်ချိန်တည်းမှာပင် ဝမ်မု၊ စုန့်လော့တန်၊ ထိုက်ယန်ကျစ်၊ စွန်းဟိုက်နှင့် အခြားသူများလည်း အစစ်အမှန်အင်မော်တယ်နယ်ပယ်သို့ တက်လှမ်းဖို့ သူတို့၏သက်ဆိုင်ရာဂိုဏ်းများနှင့် မျိုးနွယ်စုများ၌ ပြင်ဆင်နေကြသည်။
ဤလူအားလုံး အတားအဆီးများကို ချိုးဖျက်နေကြစဉ် မန်ဟို၏ပုံရိပ်က သူတို့၏စိတ်ကို စိုးမိုးနေသည်။ မန်ဟိုကား ... ရွေးချယ်ခံမျိုးဆက်တစ်ဆက်လုံး၏ အတွင်းနတ်ဆိုးဖြစ်လာခဲ့လေ၏။
ထိုစဉ် နဝမတောင်ပင်လယ်၏ ကြယ်တာရာကောင်းကင်တွင် လွင့်မျောသော ဥက္ကာခဲတစ်ခဲအပေါ်၌ လူငယ်တစ်ယောက် တင်ပျဉ်ခွေထိုင်နေသည်။ သူက အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ရှည်လျားသောအဖြူရောင်ဆံပင်များကို ပိုင်ဆိုင်ထား၏။ သူ့မျက်နှာမှာ ချောမောခန့်ညားပြီး တစ်ချိန်တည်းမှာပင် ရှေးဆန်နေသည်။
အင်မော်တယ်ချီတို့က သူ့ကို လှည့်ပတ်နေပြီး အံ့ဩဖွယ်ကောင်းစွာနှင့် သူ့လက်ထဲတွင် အင်မော်တယ်လမ်းပြနွယ်တစ်ပင် ရှိနေလေသည်။
"ဝမ်မျိုးနွယ်စုမှာ ... ဝမ်မုက လျှမ်းလျှမ်းတောက်နေတစ်စင်းဖြစ်ပြီး ငါက အမေ့ပျောက်ခံပဲ။ ကိစ္စမရှိဘူး။ ငါ လိုအပ်တဲ့ တစ်ခုတည်းသောအရာက ဒီအင်မော်တယ်လမ်းပြနွယ်ပင်" လူငယ်က အင်မော်တယ်လမ်းပြနွယ်ပင်ကို ခေါင်းအထက်သို့ မြှောက်၍ အာကာသထဲသို့ ငေးကြည့်လိုက်၏။
"မန်ဟို မင်းနဲ့ငါ ပြန်တွေ့ရမယ့်နေ့ကို ငါ မျှော်လင့်မိတယ် ... " ဤလူငယ်ကား ဝမ်တန်ဖေးမှတစ်ပါး အခြားမဟုတ်ပေ။
ဤအချိန်တစ်ဝိုက်တွင် ဝမ်ယိုချိုင်၊ ဖက်တီး၊ ချန်ဖန်းနှင့် ဂိုဏ်းအသီးသီးသို့ ရောက်ရှိသွားခဲ့သော တောင်ကောင်းကင်ဂြိုဟ်မှ မန်ဟို၏အပေါင်းအပါအားလုံးမှာ အစစ်အမှန်အင်မော်တယ်ကိစ္စနှင့်ပတ်သက်၍ သူတို့၏ဝါရင့်ဂိုဏ်းဝင်များထံမှ အကြောင်းကြားခံရသည်။ သူတို့အားလုံး ကောာင်းကင်သို့ မော့ကြည့်လိုက်ကြ၏။
"အခု မန်ဟို ဘယ်ရောက်နေလောက်မလဲ..." ဖက်တီးက အတန်ငယ် စိတ်ဓာတ်ကျနေသောလေသံဖြင့် ရေရွတ်လိုက်သည်။
ခွန်လွန်အစည်းအရုံးတွင် ချူယွီယန်သည် တင်ပျဉ်ခွေထိုင်နေ၏။ မည်သည့်အင်မော်တယ်ချီမှ သူမကို ရစ်သိုင်းမနေသော်လည်း သူမသည် စိုးရိမ်ကြောင့်ကြမနေပေ။ အစစ်အမှန်အင်မော်တယ်ကံတရား ပေါ်ပေါက်လာပြီးနောက်တွင် အစစ်အမှန်အင်မော်တယ်အဆင့်တက်လှမ်းရန် သူမမတွက် နှစ်တစ်သောင်းလုံး ကျန်သေးလေသည်။
ပထမအသုတ်အား အမှီမလိုက်နိုင်သော်လည်း ထိုနှစ်တစ်သောင်းအတွင်း အစစ်အမှန်အင်မော်တယ်အဖြစ်သို့ တက်လှမ်းနိုင်မည်ဟု သူမ ယုံကြည်ချက်ရှိ၏။
"အစစ်အမှန်အင်မော်တယ်ခေတ် ရောက်ရှိလာခဲ့ပြီ ..." အနီးနားရှိ တောင်တစ်လုံးအပေါ်တွင် ရပ်နေသော ဆေးလုံးမိစ္ဆာက ရေရွတ်ကာ ကြယ်တာရာများအား မော့ကြည့်လိုက်သည်။
တူညီသောအခိုက်အတန့်မှာပင် နောက်ပုဂ္ဂိုလ်တစ်ဦးက ထိုစကားများအတိုင်း ပြောလိုက်သည်။
၎င်းသည် တောင်ကောင်းကင်ဂြိုဟ်၊ အရှေ့ဘက်နယ်မြေရှိ တောင်တစ်လုံးအပေါ်တွင် ရပ်နေသော အဘိုးအိုတစ်ဦးဖြစ်၏။ သူက ကောင်းကင်ကို မော့ကြည့်ရင်း ထိုစကားလုံးများအတိုင်း ရေရွတ်ခဲ့သည်။
ထိုလူကတော့ ... ရွှေတုန်းလျှို။
မန်ဟိုမှာ ဖန်းတုံးအာ၏ အင်မော်တယ်တံခါးကြောင့် နဝမတောင်ပင်လယ်တွင် ပွက်လောရိုက်နေသည်ကို မသိပေ။ သူက ပဉ္စမမန္တန်၏ အမွေအနှစ်ကို လက်ခံရင်း ရှေးဟောင်းသုဿာန်မြေထဲတွင် တင်ပျဉ်ခွေဆက်ထိုင်နေသည်။
သူ၏အရှိန်အဝါမှာ မယုံနိုင်လောက်အောင် အားနည်းနေပြီး သူ၏အသက်စွမ်းအားမီးတောက်မှာ ငြိမ်းခါနီးလေပြီ။ သူ့ပတ်ပတ်လည်ရှိ အက်ကွဲကြောင်းတစ်သိန်းမှာ ပို၍လျင်မြန်စွာ ပွင့်ချည်ပိတ်ချည် ဖြစ်လာရင် မဆိုစလောက် တုန်ခါလာသည်။ ရှေးဟောင်းသုဿန်မြေမှာ ပုံမှန်ထက်ပို၍ ဆန်းကြယ်လာနေလေပြီ ။
တဖြေးဖြေး မြေကြီးပေါ်၌ မြူခိုးများ ဝေလာသည်။ ၎င်းသည် နေရာအားလုံးသို့ ဦးတည်သွားရင်း ဘိုးဘေးမြေတစ်လျှောက် ပျံ့နှံ့ကာ ပိတ်ပိန်းလာသည်။
မြူများက ရှေးဟောင်းသုဿန်မြေတွင်လည်း စုဝေးလာပြီး အထူးသဖြင့် မန်ဟို့ပတ်ပတ်လည်တွင် သိပ်သည်းထူထပ်နေ၏။ ၎င်းတို့သည် ကျောက်စစ်သည်တော်ကြီးကိုလည်း လွှမ်းခြုံသွား၍ နတ်ဘုရားအာရုံဖြင့်ပင်လျှင် ၎င်း၏တည်ရှိမှုကို မသိနိုင်တော့ပေ။
မန်ဟို၏ပုံရိပ်သည် ဝေဝါးစပြုလာ၏။
ဖန်တောက်ဟုန်မှာတော့ အလွန်အမင်း ကြောက်လန့်နေတော့သည်။ မန်ဟို သေသွားလျှင် ထူးဆန်းသော ပြုစားခြင်းမှော်အတတ်ကြောင်း သူလည်း သေသွားမှာ ကြောက်နေ၏။
သူ ကြောက်သထက် ကြောက်လာနေစဉ် အဝေးတွင် ရောင်စုံအလင်းတန်းတစ်တန်း ပေါ်လာသည်။ ၎င်းက သူ ရှိရာသို့ ဦးတည်လာနေသော အနက်ဝတ်လူနောက်တစ်ယောက် ဖြစ်၏။ မူလက သူ့အရှိန်မှာ သိပ်မမြန်သော်လည်း မီတာသုံးထောင်ခန့်အကွာတွင် တစ်စုံတစ်ခုကို တွေ့၍ အရှိန်တင်လိုက်သည်။
ဖန်တောက်ဟုန်သည် လာနေသော အနက်ဝတ်လူကို လှည့်ကြည့်ကာ မျက်လုံးများ လင်းလက်သွား၏။ ထိုလူက တဟုန်ထိုး လာကာ မီတာသုံးရာခန့်အကွာတွင် ရပ်လိုက်သည်။ ထို့နောက် တင်းမာခက်ထန်သော မျက်နှာထားဖြင့် လှမ်းကြည့်သည်။
"အကြီးအကဲတောက်ဟုန်၊ အကုန်လုံး ဒီမှာအတူတူ ရောက်နေကြတာဆိုတော့ တစ်ယောက်ယောက်က တစ်ယောက်တည်း စားမာန်ခုတ်လိုက်ရင် အခြားသူတွေကို ရှင်းပြရခက်လိမ့်မယ်" ထိုလူသည် ရှေးဟောင်းသုဿန်မြေ၏အတွင်းထဲသို့ လှမ်းကြည့်ရင်း မျက်လုံးများ တောက်ပသွား၏။ မြူအများစုဖုံးလွှမ်းနေသော မန်ဟို့ကို သူ လှမ်းမြင်လိုက်လေသည်။ ယခုတွင် တစ်ကိုယ်လုံး မြူများဖြင့် လွှမ်းခြုံထားရပြီဖြစ်သော ကျောက်စစ်သည်တော်ကြီးကိုတော့ သူ သတိမထားမိပေ။
သူ့မျက်လုံးများက လိုချင်တပ်မက်မှုများဖြင့် လင်းလက်သွားပြီး သူက ဖန်တောက်ဟုန်ကို ပြန်ကြည့်ကာ ရိုးသားစွာ ပြုံးပြလိုက်သည်။
"မင်း သွားချင်ရင် ငါ တားမှာမဟုတ်ဘူး" ဖန်တောက်ဟုန်က တင်တင်စီးစီး ပြောသည်။ "ဒါပေမဲ့ ဆင်ဝှေ့ရန်ရှောင်ပြောမနေနဲ့" သူက ပုံမှန်ပြုမူနေကျအတိုင်း အေးစက်စက် နှာမှုတ်လိုက်သည်။
ကျန်အနက်ဝတ်လူ၏မျက်လုံးများ တောက်ပသွားပြီး သူသည် ဖန်တောက်ဟုန်ထံမှ အကြည့်လွှဲကာ မန်ဟို့ကို လှမ်းကြည့်လိုက်၏။ စိတ်ထဲတွင် သူ့မှာ အတန်ငယ် တွန့်ဆုတ်နေသော်လည်း မန်ဟို၏လက်ရှိအခြေအနေက သူ့အား အသက်ငင်နေသည့်ပုံပေါ်စေသည်။ ထိုလူမှာ မန်ဟို အမွေအနှစ်အား လက်ခံနေသည်ကို မမြင်ရပေ။
"ကဲပါလေ ထားပါတော့။ အကြီးအကဲတောက်ဟုန်လည်း စောင့်နေတာဆိုတော့ ကျုပ်လည်း ခင်ဗျားနဲ့ပဲ စောင့်လိုက်ပါ့မယ်" ထိုသို့ပြောပြီးနောက် သူက ပြုံး၍ တင်ပျဉ်ခွေထိုင်ချလိုက်သည်။
ဖန်တောက်ဟုန်က ဤအခြင်းအရာကို မည်သို့မျှ မတုံ့ပြန်သော်လည်း စိတ်ထဲတွင်မူ သက်ပြင်းခိုးချလိုက်သည်။ သူ့အသက်မှာ မန်ဟို့လက်ထဲတွင် ဖြစ်၍ မန်ဟိုမည်မျှပင် သေအံ့ဆဲဆဲဖြစ်ပါစေ ဖန်တောက်ဟုန်သည် စွန့်စားမည်မဟုတ်ပေ။ အမှန်တွင် သူ့မှာ မန်ဟို့ထက်ပင် စိုးရိမ်နေသေး၏။ မန်ဟို၏သေဆုံးမှုက သူ့ဝိညာဉ်အား ပြိုကွဲသွားစေမှာ စိုးနေလေသည်။
အမွှေးတိုင်တစ်တိုင်ထွန်းစုကြာသော် မန်ဟို တုန်ရီသွားသည်။ သွေးများ သူ့နှုတ်ခမ်းထောင့်မှ စီးကျလာပြီး အသက်မီးတောက်မှာလည်း ခပ်မျှင်မျှင်သာ ကျန်ရှိတော့၏။ သူ့ခန္ဓာကိုယ်မှာ ယခုတွင် လူသေကောင်ကြီးပမာ တောင့်တင်းနေပြီး ဖြူဖျော့နေချေပြီ။
သူ့ပတ်ပတ်လည်ရှိ အက်ကွဲကြောင်းများသည် တဖျတ်ဖျတ် ပွင့်လိုက်ပိတ်လိုက်ဖြစ်နေ၏။ ၎င်းတို့က မျက်လုံးတစ်သိန်း မျက်တောင်ခတ်နေသည့်အလားဖြစ်ရာ ဖန်တောက်ဟုန်နှင့် ကျန်အနက်ဝတ်လူအား အလွန်အမင်း အံ့အားသင့်နေစေတော့သည်။
တစ်ယောက်က စိုးရိမ်နေသည်။ တစ်ယောက်က မျှော်လင့်တကြီး စောင့်စားနေ၏။
ဤအချိန်တစ်ဝိုက်တွင် မန်ဟို၏ပုံမှန်မဟုတ်သော အခြေအနေကို သတိထားမိလိုက်ဟန်တူသော နောက်ထပ်အလင်းတန်းနှစ်တန်းပေါ်လာသည်။ ၎င်းတို့က ရှေးဟောင်းသုဿန်မြေ၏အစပ်သို့ မရောက်ချင်း တဟုန်ထိုး လာနေသည်။ ထို့နောက် အနက်ဝတ်လူနှစ်ယောက်အသွင် ပြောင်းသွား၏။
သူတို့ ပေါ်လာလျှင်ချင်း ဖန်တောက်ဟုန်၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ထိုထဲမှ တစ်ယောက်က မရပ်ဘဲ ရှေးဟောင်းသုဿန်မြေထဲ တိုက်ရိုက်ဝင်သွားသည်။ အက်ကွဲကြောင်းများ ပိတ်သွားသည့်အခိုက်အတန့်ကို အခွင့်အကောင်းယူရင်း သူသည် မီတာသုံးရာအထိ သွားလိုက်နိုင်၏။
ဖန်တောက်ဟုန်မှာ ရင်တဒိန်းဒိန်း ခုန်လာပြီး စောစောက ရောက်လာခဲ့သော အနက်ဝတ်လူက မျက်မှောင်ကြုတ်သွားသည်။ တခဏကြာသော် သူလည်း အက်ကွဲကြောင်းများ မပိတ်မချင်း စောင့်ပြီးနောက် ရှေးဟောင်းသုဿန်မြေထဲ ဝင်ရောက်လိုက်၏။
တတိယအနက်ဝတ်လူလည်း ရှေ့သို့ ရိပ်ခနဲ တက်သွားသည်။
"ဖန်ဟိုမှာ အဖိုးထိုက်ရတနာတစ်ခု ရှိတယ်။ သူ့ကို သတ်ပြီး ရတနာကို ယူကြစို့။ ပြီးမှ ဘယ်လိုခွဲမလဲ ဆုံးဖြတ်ကြမယ်"
"သိပ်ကောင်းတဲ့အကြံပဲ" သဘောတူပြီးနောက် သုံးယောက်သားသည် အက်ကွဲကြောင်းတစ်သိန်း ပြန်ပိတ်သွားသည့် အခိုက်အတန့်ကို စောင့်ပြီးနောက် အမြန်ဆုံး ချီတက်သွားကြသည်။
ဖန်တောက်ဟုန်က ရှေးဟောင်းသုဿန်မြေထဲ ဝင်သွားနေကြသော လူသုံးယောက်ကို အေးစက်စက် စိုက်ကြည့်ရင်း တိတ်ဆိတ်စွာ စောင့်နေသည်။ နောက်ဆုံးတွင် သူက သူတို့နောက်လိုက်ရန် ဆုံးဖြတ်လိုက်သော် နောက်ဆုံးတွင်သာ နေရင်း ဖြေးဖြေးချင်း ရွေ့လျားနေ၏။
လူလေးယောက်သည် ရှေးဟောင်းသုဿန်မြေ၏ အလယ်ရှိ မန်ဟို့ထံသို့ တန်းစီလျှောက်နေကြလေသည်။
အက်ကွဲကြောင်းများ ဖွင့်ချည်၊ ပိတ်ချည်ဖြစ်နေစဉ်အတွင်း အမွှေးတိုင်တစ်တိုင်ထွန်းစာ ကြာသွားသည်။ နောက်ဆုံးတော့ အမြန်ဆုံးနှစ်ယောက်ကား မန်ဟို့ထံမှ မီတာခြောက်ရာသာ ကွာဝေးတော့လေသည်။
မန်ဟိုမှာ တစ်ကိုယ်လုံး တုန်ရီသွားပြန်ပြီး ထိုအခိုက်အတန့်တွင် သွေးအနည်းသာ စီးကျရမည့်အစား သွေးအလုပ်ကြီးတစ်လုပ် အန်လိုက်ရ၍ မျက်နှာတစ်ခုလုံး သွေးဆုပ်ဖြူလျော်သွားသည်။ ထိုအခိုက်တွင် သူ၏အသက်စွမ်းအားမီးတောက်ကား အမှန်တကယ် ငြိမ်းသွားပြီဖြစ်၏။
ထိုအခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိ အက်ကွဲကြောင်းအကုန်လုံး တုန်ခါပြီး ပိတ်သွားကြကာ မန်ဟို့ထံသို့ သွားရာလမ်းအား ရှင်းသွားစေသည်။
သေတော့မည်ကို စိုးရိမ်ကြောက်ရွံ့နေသေးသော ဖန်တောက်ဟုန်မှအပ အနက်ဝတ်လူများ၏မျက်လုံးများမှာ လောဘမီးတောက်လာသည်။ သူတို့သည် စောစောက လွန်စွာ သတိရှိရှိလှုပ်ရှားနေခဲ့သော်လည်း ချက်ချင်းဆိုသလို အရှိန်တင်လိုက်ကြ၏။ သူတို့ကား မန်ဟို့အနား ရောက်သွားကြလေပြီ။
သို့သော် ရှေ့ဆုံးရှိ အနက်ဝတ်လူနှစ်ယောက် မီတာသုံးဆယ်ခန့်သာ လိုတော့သည့်အချိန် မန်ဟို၏မျက်လုံးများက ဖျတ်ခနဲ ပွင့်လာသည်။ ၎င်းတို့က သွေးချင်းနီနေပြီး သူ့အကြည့်သည် ဖုံးကွယ်ထားခြင်းမရှိသော ရက်စက်ကြမ်းကြုတ်မှုတို့ဖြင့် ပြည့်လျက် ဘလိတ်ဓားတမျှ စူးရှနေ၏။
ဖော်ပြ၍မတတ်နိုင်လောက်အောင် ပြောက်စရာကောင်းသော အရှိန်အဝါတစ်ခုက မန်ဟို့ထံမှ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ ထိုအခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိ ပိတ်နေသော အက်ကွဲကြောင်းအကုန်လုံး ရုတ်တရက် တစ်ပြိုင်တည်း ပွင့်လာကြသည်။
မျက်လုံးတစ်သိန်းက ဖျတ်ခနဲ ဖွင့်၍ လူလေးယောက်ကို ကြည့်နေသည့်အလားပင်။
***