← Chapters

အင်မော်တယ်နိုင်ငံကို ဖြတ်၍ လျှောက်လှမ်းခြင်း

Vol. 69 Ch. 958

အင်မော်တယ်နိုင်ငံကို ဖြတ်၍ လျှောက်လှမ်းခြင်း

Vol. 69 Ch. 958

အေးစက်စက် မျက်လုံးကြီးတစ်သိန်း၏ စိုက်ကြည့်ခံရခြင်းက မည်သူ့ကို ခေါင်းမွှေးများ ထောင်လောက်အောင် ကြောက်သွားစေမည်ဖြစ်သည်။ ဤအနက်ဝတ်လူများတွင် နက်နဲသောကျင့်ကြံခြင်းအခြေခံများ ရှိသည့်အတွက် မန်ဟို့မျက်လုံးများသာ တစ်ချိန်တည်းမှာပင် ပွင့်မလာခဲ့လျှင် ထူးဆန်းသောဖြစ်စဉ်ကို လျစ်လျူရှုကောင်း ရှုနိုင်ခဲ့ဦးပေမည်။

ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်ကလည်း မန်ဟို့ကို ဝန်းရံထားပုံရသည့်အပြင် ရှေးဟောင်းနယ်ပယ်ပညာရှင်နှစ်ယောက်ကို မကြာသေးမီကမှ သတ်ဖြတ်ခဲ့သောအချက်ပါ ထည့်ပေါင်းလိုက်သောအခါ အနီးဆုံးရှိ အနက်ဝတ်လူနှစ်ယောက်၏မျက်နှာများ ရိပ်ခနဲ ဖြစ်သွားတော့သည်။

သို့သော် သူတို့သည် ပြတ်သားသောလူများဖြစ်၏။ အသတ်အဖြတ်စိတ်ဆန္ဒက သူတို့၏မျက်လုံးများတွင် လင်းလက်သွားသည်။ ဤနေရာအထိ ရောက်လာခဲ့ပြီး ပြန်လမ်းလည်း မရှိတော့၍ သူတို့က တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ကြ၏။

"သူက အရှိန်ကုန်လာတဲ့ မြားတစ်စင်းလို အားနည်းနေပြီ။ သူ့ကို သတ်ရတာ လွယ်ကူမှာပဲ"

"သူ့ရဲ့အဖိုးထိုက်ရတနာက အသက်သွင်းဖို့ ခက်ခဲကောင်းခက်ခဲနေလောက်ပြီ။ သူ့လက်ရှိအခြေအနေအရဆိုရင် သေချာပေါက် အသုံးပြုနိုင်မှာမဟုတ်ဘူး။ သူ့ကို သတ်ကြစို့"

သူတို့၏မျက်လုံးများက အေးစက်စွာ တောက်ပသွားပြီး အသတ်အဖြတ်စိတ်ဆန္ဒတို့ တဝင်းဝင်း တောက်လာကြသည်။ သူတို့၏ ရှစ်လုံးလင်း၍ တစ်လုံးငြိမ်းနေသော မီးအိမ်ကိုးလုံးက ရှေးဟောင်းနယ်ပယ်၏အရှိန်အဝါကို ပျံ့လွင့်သွားစေသည်။ ပတ်ဝန်းကျင်ရှိ သဘာဝနိယာမလည်း သက်ရောက်ခံလိုက်ရပုံပေါ်ပြီး လှိုင်းဂယက်များ ဖြာထွက်လာ၏။

သူတို့သည် မှော်ပစ္စည်းများကိုလည်း ထုတ်လိုက်ကြ၏။ တစ်ယောက်တွင် ကျောက်စိမ်းဒယ်အိုးရှိသည်။ ကျန်တစ်ယောက်တွင်တော့ အစိမ်းရောင်ဝါးစတစ်စဖြစ်သည်။ ကျောက်စိမ်းဒယ်အိုး၏အတွင်းတွင် နဂါးပုံသဏ္ဌာန်များ ရေးဆွဲထားသော ဓားပျံများစွာ ရှိပြီး ဝါးကိုတော့ လျှပ်စီးစက်ကွင်းများက ခြံရံထားသည်။ ပစ္စည်းနှစ်ခုလုံးကား သိသိသာသာပင် သာမန်မဟုတ်ပေ။

သူတို့က အင်္ကျီလက်စများကို ဝှေ့ယမ်းလိုက်ကာ မှော်ပစ္စည်းများအား မန်ဟို့ထံ ပျံထွက်သွားစေပြီး သူတို့လည်း ထပ်ကြပ်မကွာ လိုက်လာကြသည်။ ဝိညာဉ်မီးအိမ်များ၏စွမ်းအား‌မှ အားဖြည့်ပေးထားသော သူတို့၏အသတ်အဖြတ်စိတ်ဆန္ဒက တဟုန်းဟုန်းတောက်လာပြီး သူတို့၏လောဘတို့အား ဖုံးကွယ်မရတော့ပေ။

သူတို့ တိုက်ခိုက်လိုက်သည့်အခိုက်အတန့်မှာပင် မြူများဖြင့် ဖုံလွှမ်းခံထားရဆဲဖြစ်သော ကျောက်စစ်သည်တော်ကြီးက ရုတ်တရက် ရှေ့တက်လိုက်သည်။

မြေကြီးမှာ သိမ့်ခနဲ တုန်ရီသွားပြီး ကျောက်စစ်သည်ကြီး၏ ပတ်ပတ်လည်မှ မြူတချို့ လွင့်ပျယ်သွားကာ ၎င်းအား မြင်သာလာစေသည်။

ကွင်းသဏ္ဌာန်လှိုင်းတစ်လှိုင်းက ကျောက်စစ်သည်တော်ကြီးနှင့် မန်ဟို့ကို ဗဟိုပြု၍ ဖြာထွက်လာသည်။ ၎င်း ကျောက်စိမ်းဒယ်အိုးကို ဖြတ်သွားသောအခါ ၎င်းအထဲရှိ ဓားပျံများမှာ သစ်ကိုင်းခြောက်များအလား ကြေမွကုန်သည်။ ဒယ်အိုးကြီးလည်း အက်ကွဲပြီးနောက် ပျက်စီးသွား၏။

အစိမ်းရောင်ဝါးလည်း ထိုနည်းတူပင်။ ၎င်းမှာ အစိတ်စိတ်အမြွှာမြွှာ ‌ဖြစ်ရင်း ပြာကျသွားတော့သည်။ ဝါးပတ်ပတ်လည်ရှိ လျှပ်စီးစက်ကွင်းများလည်း ငြိမ်းသွားပြီး အစအနမကျန် ပျောက်ကွယ်သွားသည်။

လှိုင်းဖြာထွက်လာစဉ် ၎င်း ထုတ်လွှတ်လိုက်သော ဖိအားက အနက်ဝတ်လူနှစ်ယောက်အား ရင်ဒိန်းခနဲ ခုန်သွားစေသည်။ သူတို့မှာ သွေးများအန်လျက် ယိမ်းယိုင်သွားကြရာ အနောက်ရှိ အက်ကွဲကြောင်းတစ်ကြောင်းထဲ ကျလုလု ဖြစ်သွားကြသည်။

သူတို့က ရပ်လိုက်နိုင်သောအခါ ကျောက်စစ်သည်တော်ကြီးကို ကြည့်ပြီး မျက်စိမျက်နှာပျက်လျက် ဆွံ့အသွားကြသည်။

၎င်းလက်ထဲရှိ ဓားကြီးနှင့် ၎င်း၏အရှိန်အဝါ ဗြုန်းစားကြီးဖြာထွက်လာမှုအပြင် ရင်းနှီးနေသော ၎င်း၏ပုံသဏ္ဌာန်က ဧရာမလက်ကြီးတစ်ဖက် သူတို့၏ဦးနှောက်များကို အစိမ်းလိုက်စုတ်ဖြဲနေသကဲ့သို့ အနက်ဝတ်လူများအား ခံစားလိုက်ရစေသည်။

"အဲ့ဒါ တစ်ဝက်တစ်ပျက်တာအိုပါရာဂွန်တစ်ဦးရဲ့ အရှိန်အဝါပဲ"

"ဒီနေရာမှာ ရုပ်တုကြီးတစ်ရုပ် ရှိတယ်မဟုတ်လား"

"ရုပ်တုကြီးက ရင်းနှီးနေသလိုပဲ..."

"အဲ့.... အဲ့ဒါ ... တာအိုစောင့်ရှောက်သူကြီးပဲ" ကျင့်ကြံသူနှစ်ယောက်၏မျက်လုံးများမှာ မယုံကြည်နိုင်မှုတို့ဖြင့် ပြူးထွက်နေသည်။ သူတို့မှာ တောင်ကြီးတစ်လုံး သူတို့အပေါ် ပိကျလာသလို ခံစားလိုက်ရ၏။ ထို့အပြင် တစ်နည်းနည်းဖြင့် အသက်ထွက်ရ‌တော့မည်ကို သဘောပေါက်လိုက်သဖြင့် ချာချာလည်သွားကြလေသည်။

"မဖြစ်နိုင်ဘူး" သူတို့မှာ လုံးလုံးလျားလျား အံ့အားသင့်နေပြီး ယခုတွင် ကျောက်စစ်သည်တော်ကြီး၏အရှိန်အဝါကို ခံစားလိုက်ရပြီဖြစ်၍ ကျန်‌ရှေးဟောင်းနယ်ပယ်အကြီးအကဲနှစ်ဦး မည်ကဲ့သို့နိဂုံးချုပ်ခဲ့ရသလဲ စဉ်းစားမိသွားကြ၏။

"သူက တကယ်ကြီး တာအိုစောင့်ရှောက်သူကို ထိန်းချုပ်နေတာလား" သူတို့မှာ တိုက်ခိုက်လိုစိတ်အလျဉ်း မရှိကြတော့ပေ။ သူတို့၏ဦးရေပြားတို့ ထုံကျင်လာပြီး သူတို့မှာ လိပ်ပြာလွင့်မတတ် ကြောက်နေကြတော့သည်။ သူတို့သည် ဤနေရာသို့ မည်ကဲ့သို့ ရဲရဲတင်းတင်း ဝင်လာခဲ့မိသည်ကို ပြန်တွေးပြီး ထိုလုပ်ရပ်က သူတို့၏တစ်ဘဝလုံးတွင် အဖျင်းဆုံး၊ အရူးမိုက်ဆုံးအရာဖြစ်ကြောင်း သဘောပေါက်လိုက်တော့သည်။ သူက အားနည်းသောကျင့်ကြံခြင်းအခြေခံများကို ကျိန်ဆဲရင်း၊ ပြေးလမ်းပိတ်ထားသော ပတ်ဝန်းကျင်ရှိ အက်ကွဲကြောင်းများကို ကျိန်ဆဲရင်း အမြန်ဆုံးနောက်ဆုတ်လိုက်ကြ၏။

ကျန်အနက်ဝတ်လူမှာလည်း ဟောဟဲဟောလဲလှိုက်လျက် မျက်လုံးပြူးကြီးများဖြင့် ကြည့်နေသည်။

ဖန်တောက်ဟုန်တစ်ယောက်သာလျှင် တည်ငြိမ်နေ၏။ သူ့မှာ စိတ်သက်သာရာရသွားပြီး မျက်လုံးများ လင်းလက်သွားသည်။ သူ့ကျင့်ကြံခြင်းအခြေခံမှာ အချိန်အတော်ကြာကတည်းက အားပြန်ပြည့်သွားခဲ့ပြီဖြစ်၍ ယခုတွင် မန်ဟို့အကျိုးကို မည်ကဲ့သို့ ထမ်းဆောင်ပေးရမလဲ ဆုံးဖြတ်ဖို့ ကြိုးစားနေ၏။

အရှေ့ဆုံးရှိ အနက်ဝတ်လူနှစ်ယောက် နောက်ဆုတ်လိုက်သည့်အခိုက်အတန့်မှာပင် မန်ဟို၏မျက်လုံးများက အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် မီးဝင်းဝင်းတောက်လာသည်။ ကျောက်စစ်သည်တော်ကြီးက ဓားကို ဝင့်ပြီးနောက် လူနှစ်ယောက်အနက် တစ်ယောက်အား ခုတ်ချလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားလေပြီ။ မျက်စိကျိန်းမတတ် တောက်ပနေသော ဓားအလင်းရောင်က အနက်ဝတ်လူ၏လည်မြိုကို ရွယ်ရင်း ပေါ်လာသည်။

"သူ့ကို ခေါ်လာခဲ့ မသတ်နဲ့" မန်ဟိုက အားနည်းစွာ ပြောလိုက်သည်။

ကမ္ဘာကြီးသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ ကျောက်စစ်သည်တော်၏ဓားသွားက ခုတ်ပိုင်းချက်အဖြစ်မှ ရိုက်ချက်အသွင်ပြောင်းသွားသည်။ အနက်ဝတ်လူမှာ တစ်ကိုယ်လုံးကြေမွေသွားသဖြင့် သူ့ပါးစပ်မှ သွေးများပန်းထွက်လာသည်။ ကျောက်စစ်သည်တော်ကြီးက သူ့ကို လှမ်းဖမ်းပြီး မန်ဟို့အရှေ့ရှိ ‌မြေကြီးပေါ်တွင် ဖမ်းချုပ်လိုက်၏။

မန်ဟိုက မျက်နှာဖြူဖပ်ဖြူလျော်နှင့် အနက်ဝတ်လူ၏နဖူးပေါ် လက်လှမ်းတင်လိုက်သည်။ သူသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သွေးမိစ္ဆာမဟာမှော်သိုင်းကို အသုံးပြုလိုက်သဖြင့် မျက်လုံးများက သွေးရောင်တောက်သွားတော့သည်။

အနက်ဝတ်လူ၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး သူက သွေးပျက်မတတ် အော်ဟစ်လိုက်သည်။ အခြားလူများမှာ အော်သံကို ကြားလျှင် ၎င်းအတွင်းရှိ ဖော်ပြမတတ်နိုင်အောင် ဝေဒနာကြီးစွာခံစားနေရသော ခံစားချက်ကြောင့် တုန်လှုပ်သွားကြသည်။

အနက်ဝတ်လူ၏တစ်ကိုယ်လုံး ခြောက်ကပ်သွားသည်။ သူ၏ကျင့်ကြံခြင်းအခြေခံသည် လျင်မြန်စွာ ပျောက်ကွယ်သွား၏။ သူ၏ဝိညာဉ်ပင်လျှင် မန်ဟို၏စားသုံးခြင်း ခံလိုက်ရသည်။ သူ့အသက်စွမ်းအားသာမက အရာအားလုံးမှာ မန်ဟို အားပြန်ဖြည့်ရာတွင် အသုံးပြုခံနေရ၏။

အော်သံများ တိမ်ဝင်သွားရန် တခဏသာ ကြာလိုက်သည်။ ကျန်ရစ်ခဲ့သည့် တစ်ခုတည်းသောအရာမှာ မန်ဟို့လက်အောက်ရှိ တောင့်တင်းခြောက်ကပ်နေသော ချောက်ချားဖွယ် အလောင်းကြီးသာဖြစ်သည်။

မန်ဟို့မျက်နှာမှာ လူသေကောင်ပမာ ဖြူဖျော့မနေတော့ပေ။ သူ့အရေပြားမှာ အရောင်အနည်းငယ် ပြန်သမ်းလာပြီး အသက်ရှူသံများ ပုံမှန်ဖြစ်လာသည်။ သူ့မျက်လုံးများက ပြန်လည်တောက်ပလာ၏။

မန်ဟိုသည် ပဉ္စမမန္တန်အမွေကို မည်ကဲ့သို့ လက်ခံခဲ့မိသည်လဲ ပြန်တွေးကြည့်သောအခါ သေမင်းလက်မှ ကပ်သီလေးလွတ်လာခဲ့ကြောင်း သဘောပေါက်လိုက်၏။ သူ့မှာ အမှန်ဆို သေသွားခဲ့သင့်ပြီး ကြက်ကန်းဆန်အိုးတိုး၍သာ လွတ်မြောက်လာခြင်းဖြစ်သည်။

သူ့ကျင့်ကြံခြင်းအခြေခံအရ သူသည် ပဉ္စမမန္တန်ကို လက်မခံနိုင်ခဲ့ပေ။ ပေးဆပ်ခဲ့ရသော တန်ကြေးမှာ သူ၏အသက်ဖြစ်သည်။  သူ့အသက်မီးတောက်သည် အမှန်တကယ် ငြိမ်းသွားခဲ့၍ သူ့အား သေမင်းနှုတ်ခမ်းဝသို့ ရောက်ရှိသွားစေခဲ့သည်။ ကံကောင်းထောက်မစွာနှင့် သူ‌ သေတော့မည့်အချိန်တွင် .... ဤအနက်ဝတ်လူများက သူ့ကို ရှင်သန်ထမြောက်လာနိုင်ခွင့် လာပေးလေသည်။

သူ့မှာ မဆိုစလောက်လေးသာ ပြန်သက်သာလာခဲ့သော်လည်း ဤအခြင်းအရာက ကျန်အနက်ဝတ်လူများကို ပို၍ပင်ကြောက်လန့်သွားစေသည်။

"အဲ့ဒါ ဘာအတတ်လဲ"

"သောက်ကျိုးနည်း ၊ ဖန်ရှုံ့ရှန်း မင်း ငါတို့ကို ဒီကလေးကို သတ်ဖို့ လွှတ်လိုက်တဲ့အတွက် ... မင်း သေချင်းဆိုးနဲ့ သေစေရမယ်"

လူနှစ်ယောက်မှာ မန်ဟို့ကို ကြောက်လန့်တကြား လှည့်ကြည့်ရင်း နောက်ဆုတ်သွားကြသည်။

သို့သော် သူတို့အား အက်ကွဲကြောင်းများက ပတ်ပတ်လည်မှ ဝိုင်းနေရာ မည်ကဲ့သို့ လွတ်နိုင်တော့မည်နည်း။

လေလယ်တွင် သတ္တမခေါင်း‌ဆောင်ကြီးသည် အလေးအနက် စောင့်ကြည့်နေ၏။ သူက လက်ကို ဖြေးညင်းစွာ ပြန်ရုတ်ပြီး မန်ဟို့ကို လှမ်းကြည့်လေသည်။

"အဲ့ဒါ သူ အခုလေးတင် ရလိုက်တဲ့ အမွေအနှစ်လား"

မြေကြီးအပေါ်တွင် မန်ဟိုက ဖြေးညင်းစွာ ထလိုက်သည်။ သူ့မျက်နှာမှာ ပုံမှန်နီးပါး ပြန်ဖြစ်နေပြီး နက်နဲသိမ်မွေ့သောအလင်းရောင်က သူ့မျက်လုံးများတွင် တောက်ပနေသည်။ သူသည် သူ့ကို ကြည့်လိုက်သူတိုင်းအား သူတို့၏ဝိညာဉ်များ စုပ်ယူ‌ခံရတော့မည့်အလား ခံစားသွားရစေသော တန်ခိုးတစ်ရပ်အား ပိုင်ဆိုင်သွားပုံရသည်။

"နောက်တစ်ယောက် ဖမ်းလိုက်" သူက အေးအေးဆေးဆေး ပြောသည်။

သူ၏စကားလုံးများကို တုံ့ပြန်သည့်အနေဖြင့် ကျောက်စစ်သည်တော်ကြီးက ချက်ချင်း အနီးဆုံးရှိ အနက်ဝတ်လူထံ လျှောက်သွား၏။ ထိုလူက ဟိန်းဟောက်လိုက်ပြီး ရွေးချယ်စရာမရှိတော့၍ အနီးဆုံးရှိ အက်ကွဲကြောင်းထဲ ခုန်ဝင်လိုက်သည်။

တတိယမြောက်အနက်ဝတ်လူမှာမူ မန်ဟို့ထံမှ အတန်ငယ် ကွာဝေး၏။ သူက အံတင်းတင်းကြိတ်၍ အနားရှိ အက်ကွဲကြောင်းထဲ ခုန်ဝင်တော့မည့်အချိန် ဖန်တောက်ဟုန်က သူ့လမ်းကို ပိတ်လိုက်လေသည်။ ထိုလူက ဒေါသတကြီး ကြိမ်းဝါးပြီး နှစ်ယောက်သား စတင်‌တိုက်ခိုက်ကြတော့သည်။

တဘုန်းဘုန်း ပေါက်ကွဲသံများက အရပ်လေးမျက်နှာတွင် ပဲ့တင်ထပ်နေသည်။ ကျောက်စစ်သည်တော်ကြီးက အက်ကွဲကြောင်းထဲ လိုက်ပါခုန်ဝင်သွားပြီး အသက်ရှိုက်စာအနည်းငယ်အတွင်း ထွက်ပြေးဖို့ ကြိုးစားခဲ့သော အနက်ဝတ်ကျင့်ကြံသူကို ဆုပ်ကိုင်ရင်း ပြန်ထွက်လာ၏။

ထိုလူမှာ တုန်ရီနေပြီး မျက်နှာဖြူဆုပ်နေသည်။ သူ မန်ဟို့ကို လှမ်းကြည့်လိုက်သည့်အချိန်မှာပင် မန်ဟိုက လက်ကို မြှောက်လိုက်ကာ ပုံရိပ်ယောင်အက်ကွဲကြောင်းတစ်ကြောင်းအား ပေါ်လာစေသည်။ သို့သော် ထိုလှုပ်ရှားမှုလေးတစ်ခုက လက်ဝါးမှတစ်ဆင့် ခက်ခက်ခဲခဲ စုပ်ယူခဲ့ရသော သူ၏အသက်စွမ်းအားအနည်းငယ်ကို လျော့နည်းသွားစေ၏။ ထို့ကြောင့် မန်ဟိုက လုပ်နေသည်ကို ချက်ချင်း ရပ်လိုက်သည်။ တခဏကြာသော် မန်ဟိုသည် အကြောင်းရင်းကို သဘောပေါက်သွား၏။

"ငါ အမွေအနှစ်ကို လက်ခံခဲ့ပေမယ့် တကယ့်တကယ် ပဉ္စမမန္တန်ကို အသုံးမပြုနိုင်သေးဘူး။ ငါ့ကျင့်ကြံခြင်းအခြေခံကို ထည့်တွက်ရင် ကျင့်ကြံခြင်းအခြေခံစွမ်းအားအကုန်လုံးကို အတင်းအဓမ္မသုံးရင်တောင်မှ ပဉ္စမမန္တန်ရဲ့ အတွင်းအပြင်အက်ကြောင်းတွေကို ဖန်တီးနိုင်မှာမဟုတ်သေးဘူး

"အင်မော်တယ်အဆင့်ရောက်ပြီးမှ လုပ်နိုင်တယ်ထင်တယ်။ ဒီပဉ္စမမန္တန်က ပါရာဂွန်တံတားနှင့် ဆင်တူတယ်။ အင်မော်တယ်နယ်ပယ်ရောက်ရင် ဝှက်ဖဲအဖြစ် သုံးရင် သုံးနိုင်လောက်တယ်" ထို့နောက် သူက သူ့လက်အား အနက်ဝတ်လူထံသို့ ဆန့်တန်းလိုက်ရာ ထိုလူမှာ သွေးအလင်းရောင်၏ ဝန်းရံခြင်းခံလိုက်ရ၏။

နားမချမ်းသာဖွယ် အော်သံကြီးများ ဆူညံလာကာ ထိုလူမှာ အလောင်း‌ခြောက်ဘဝသို့ ရောက်သွားတော့သည်။ နောက်ဆုံးတော့ မန်ဟို့မျက်နှာမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး သူကား အကောင်းအတိုင်း သက်သာသွားလေပြီ။ ထို့နောက် သူက မျက်လုံးများကို ပိတ်၍ ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်၏။

ဤအခြင်းအရာကြောင့် ဖန်တောက်ဟုန်ကို တိုက်ခိုက်နေသော အနက်ဝတ်လူမှာ ကြောက်လန့်သွားလေသည်။ သူ မြင်နေရသောအရာမှာ သူ ကြုံတွေ့ခဲ့ဖူးသမျှထက် သာလွန်သော အန္တရာယ်အာရုံကြီးဖြစ်သည်။

"ဒီလူက အင်မော်တယ်နယ်ပယ် မရောက်သေးတဲ့ ကျင့်ကြံသူမဖြစ်နိုင်ဘူး" သူက တွေးသည်။ "ဘယ်လိုလုပ်ပြီး အဲဒီလိုအဆင့်တစ်ယောက်မှာ ဒီလိုကြောက်စရာကောင်းတဲ့ နတ်ဘုရားစွမ်းရည်မျိုး ရှိနိုင်မှာလဲ။ ဖန်ရှုံ့ရှန်း ၊ ငါ ဒီနေရာမှာ မသေရင် မျိုးနွယ်စုကို ပြန်ရောက်တာနဲ့ မင်းနဲ့ငါ တွေ့ကြသေးတာပေါ့"

ဖန်တောက်ဟုန်၏မျက်နှာထားက ပြောင်းလဲသွားခြင်းမရှိသော်လည်း စိတ်ထဲတွင်တော့ တုန်လှုပ်ချောက်ချားနေ၏။ မန်ဟို့ကို ကာရံထားသော ပဟေဠိများမှာ နက်ရှိုင်းသထက်သာ နက်ရှိုင်းလာပုံရသည်။ တခဏ တွန့်ဆုတ်နေပြီးနောက် သူက သူနှင့်အတူ တိုက်ခိုက်နေသော လူကို လှမ်းကြည့်လိုက်၏။

"ဖန်လင်းဟဲ့၊ မင်း ဒီကနေ အသက်ရှင်ရက် ထွက်သွားချင်ရင် ငါ ပြောတာနားထောင် ၊ ပြန်မတိုက်ခိုက်နဲ့" ဤစကားလုံးများက ဖန်လင်းဟဲ့ကို အံ့အားသင့်သွားစေသည်။ ထို့နောက် သူသည် မန်ဟို့အနား၌ အကြာကြီး ရှိမနေသေးသည့်တိုင် ဖန်တောက်ဟုန် မသေသေးသည်ကို သတိထားမိလိုက်၏။ ရုတ်တရက် အသက်ရှင်နိုင်မည့် မျှော်လင့်ချက်တို့က သူ့ရင်ထဲတွင် ပေါက်ဖွားလာသည်။ သူက အံတင်းတင်းကြိတ်ရင်း ဖန်တောက်ဟုန်အား သူ၏ရင်ဘတ်ကို ထိုးခွင့်ပြုလိုက်သည်။

ဖန်တောက်ဟုန်က သူ့ကို ထပ်တလဲလဲ ထိုးနှက်နေသဖြင့် ဖန်လင်းဟဲ့မှာ ပါးစပ်မှ သွေးများ ပန်းထွက်လျက် ဒဏ်ရာအပြင်းအထန်ရကာ ကျင့်ကြံအဆင့်ကျဆင်းသွားတော့သည်။ မကြာမီ စိတ်ဝိညာဉ်နယ်ပယ်ကျင့်ကြံသူတစ်ဦးနှင့် ညီမျှသောအခါ ဖန်တောက်ဟုန်က တိုက်ခိုက်နေသည်ကို ရပ်လိုက်၏။ သူက ဖန်လင်းဟဲ့ကို အဓိပ္ပာယ်ပါပါတစ်ချက်ကြည့်ရင်း ချက်ချင်း လှည့်၍ မန်ဟို့ကို အရိုအသေပေးလိုက်သည်။

"မင်းသား ဒီလူကို သေခိုင်းလိုက်ရင် အလကားဖြစ်ပါလိမ့်မယ်။ မင်းသားရဲ့ တားမြစ်မန္တန်နဲ့ သူ့ကို ပြုစားလိုက်လို့ရမလား။ ဒါဆို မျိုးနွယ်စုဆီ ပြန်ရောက်တာနဲ့ သူနဲ့ကျုပ် ဖန်ရှုံ့ရှန်းကို ကလဲ့စားပြန်ချေနိုင်ပြီ"

မန်ဟိုက မျက်လုံးများ ဖွင့်၍ ဖန်တောက်ဟုန်ကို အေးတိအေးစက် ကြည့်ပြီးနောက် လွန်စွာအပိုးကျိုးနေသော ဖန်လင်းဟဲ့ကို ကြည့်သည်။ အဖြူအမည်းချီစီးကြောင်းနှစ်ကြောင်းက သူ့လက်ထဲတွင် ပေါ်လာသည်။ ၎င်းတို့အား တစ်ကြောင်းကို တစ်ကြောင်း တခဏ လှည့်ပတ်စေပြီးနောက် သူက ဖန်လင်းဟဲ့၏နဖူးထံ ပြေးဝင်သွားစေသည်။ ဖန်လင်းဟဲ့မှာ ငယ်သံပါအောင် အော်ပြီးနောက် တဆတ်ဆတ် တုန်လာ၏။ သူ့တစ်ကိုယ်လုံး ချွေးများ စိုရွှဲသွားစဥ် မှော်သင်္ကေတများ သူ့ခန္ဓာကိုယ်အနှံ့အပြားတွင် ပေါ်လာသည်။ နောက်ဆုံးတော့ ၎င်းတို့သည် တစ်ခုတည်းသော မှော်သင်္ကေတအဖြစ် သူနဖူးထက်၌ စုဝေးပြီးနောက် သူ့နဖူးမှ ပျံထွက်ကာ မန်ဟိုနှင့် တစ်သားတည်းဖြစ်သွားသည်။ ထို့နောက်မှ ဖန်လင်းဟဲ့ခမျာ သက်ပြင်းယဲ့ယဲ့ချလိုက်နိုင်သည်။

မန်ဟိုက ပတ်ဝန်းကျင်ရှိ အက်ကွဲကြောင်းများကို မော့ကြည့်ပြီး ယခုတွင် ၎င်းတို့ကား သူနှင့်ရင်းနှီးနေလေပြီ။

သူကား ၎င်းတို့၏ ပွင့်ခြင်း ၊ ပိတ်ခြင်းကို ထိန်းချုပ်နိုင်သည့်အလားပင်။

"သွားစို့" သူက ပြောသည်။ "ဒီရှေးဟောင်းသုဿန်မြေရဲ့အလွန်မှာ ဘာတွေရှိသေးလဲ ကြည့်ကြမယ်" ထို့နောက် သူက ရှေ့လှမ်းလိုက်သည်။ ချက်ချင်းပင် အက်ကွဲကြောင်းအားလုံးက ပိတ်သွားရင်း သူ့ကို အဝေးသို့ တန်းတန်းမတ်မတ် လျှောက်သွားနိုင်စေ၏။

မန်ဟိုသည် ပဉ္စမမန္တန်ပါဝင်သော ဤအက်ကွဲကြောင်းများအတွက် ဘုရင်ကြီးအလား လျှောက်သွားသည်။ သူကား သူ၏ကိုယ်ပိုင်အင်မော်တယ်နိုင်ငံကို ဖြတ်၍ လျှောက်နေသည့်အလားပင်။

***

All Chapters