← Chapters

ရှေးဂူသင်္ချိုင်းကြီး

Vol. 69 Ch. 961

ရှေးဂူသင်္ချိုင်းကြီး

Vol. 69 Ch. 961

နဝမပင်လယ်၏အပေါ်တွင် အင်မော်တယ်တံခါး ပွင့်လာပြီး အကန့်အသတ်မရှိသော အလင်းရောင်တို့သည် ဖန်းတုံးအာတစ်ကိုယ်လုံးကို လွှမ်းခြုံရင်း ဖြာထွက်လာ၏။ တစ်ချိန်တည်းမှာပင် များစွာသော အင်မော်တယ်ချီတို့က တံခါးထဲမှ တဝေါဝေါ ထွက်၍ သူမခန္ဓာကိုယ်ထဲ ထိုးဖောက်ဝင်ရောက်လာကြသည်။

အင်မော်တယ်တံခါး ပွင့်လာသောအချိန်တွင် အင်မော်တယ်အကြောများလည်း ထိုနည်းတူ ပွင့်လာ၏။ လူတစ်ဦးတစ်ယောက်စီမှာ မတူကွဲပြားသည့်အတွက် ပွင့်လာနိုင်သော အင်မော်တယ်အကြောအရေအတွက်သည် ကဏ္ဍအသီးသီးအပေါ် အခြေခံလေသည်။

ဥပမာ ဆေးလုံးမိစ္ဆာ။ သူ၏အစစ်အမှန်အင်မော်တယ်အဆင့် တက်လှမ်းမှုသည် အင်မော်တယ်အကြောပွင့်ခြင်းအား မပြသခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူက မျက်မှောက်ခေတ်၏ ပထမဆုံးအစစ်အမှန်အင်မော်တယ်ဖြစ်၍ပင်။ ထို့ကြောင့် သူသည် ‌တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်းလုံး၏ အသိအမှတ်ပြုခြင်းကို ရရှိခဲ့ပြီး သူ့နာမည်အား အင်မော်တယ်စာလိပ်ပေါ်တွင် ရေးသားခံခဲ့ရ၏။

အင်မော်တယ်လမ်းပြနွယ်ပင်သုံး၍ အစစ်အမှန်အင်မော်တယ် ဖြစ်လာသူများကိုလည်း တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်းမှ အသိအမှတ်ပြုပြီး သူတို့၏နာမည်များလည်း ‌အင်မော်တယ်စာလိပ်ပေါ်တွင် မှတ်သားခံရသည်။ သို့သော် သူတို့တွင် ဆေးလုံးမိစ္ဆာပိုင်ဆိုင်ခဲ့သည့် ကောင်းကင်နှင့်မြေကြီး၏ ကံတရားတချို့ လှစ်ဟင်းနေ၏။

သို့သော် ကျင့်ကြံခြင်းဆိုသည်မှာ မိုးကောင်းကင်အား ဖီဆန်ခြင်းနှင့် ကံကြမ္မာကို ထိန်းချုပ်ဖို့အတွက် ယှဉ်ပြိုင်ခြင်းနှင့်ပတ်သက်သည်။ အင်မော်တယ်လမ်းစဉ်မှာလည်း မိုးကောင်းကင်ကို ဖီဆန်သော တက်လှမ်းခြင်းများထဲမှ တစ်ခုဖြစ်ပေသည်။

မန်ဟို စဉ်းစားရသရွေ့ သူသာ အင်မော်တယ်နွယ်ပင်မသုံးဘဲ ၊ အစစ်အမှန်အင်‌မော်တယ်အဖြစ် အသိအမှတ်ပြုခံရရန် အင်မော်တယ်ကံတရားအား မရှိဘဲ အစစ်အမှန်အင်မော်တယ်ဖြစ်လာခဲ့လျှင် သူ၏အစစ်အမှန်အင်မော်တယ်တန်ခိုးမှာ လုံးလုံးလျားလျား အရှိန်အဝါကြီးမားမည်ဖြစ်၏။

သူသည် မည်သူမဆို အသိအမှတ်ပြုချင်သည်ဖြစ်စေ၊ မပြုချင်သည်ဖြစ်စေ အသိအမှတ်ပြုကို ပြုရသော ဩဇာကြီးမားသည့် အစစ်အမှန်အင်မော်တယ်တစ်ဦး ဖြစ်လာလိမ့်မည်။

လောလောဆယ်တွင် အင်မော်တယ်ချီတို့သည် နဝမပင်လယ်ထက်၌ အုံ့ကြွသောင်းကျန်းနေ၏။ လူတိုင်း စောင့်ကြည့်နေစဉ် ဖန်းတုံးအာ၏ခန္ဓာကိုယ်မှ အရောင်အဝါတို့ တောက်ပကွန့်မြူးလာပြီး သူမအရှိန်အဝါက စွမ်းအားတို့ဖြင့် ပေါက်ကွဲထွက်လာတော့သည်။

(၁၀) ကြော၊ အကြော (၂၀) ၊ အကြော (၃၀) ... သူမထံမှ ဖြာထွက်နေသော အလင်းရောင်သည် ပိုမိုတောက်ပစူးရှလာပြီး နဂါးများ၊ ဖီးနစ်များသဖွယ် ပုံရိပ်များက သူ့ကို လှည့်ပတ်နေသည်။

အကြော (၄၀) ၊ အကြော (၆၀) ၊ အကြော (၈၀) .... ဂျိန်းခနဲ ‌ထစ်ချုန်းသွားပြီး သူမသည် အကြော (၉၀) သို့ ရောက်ရှိသွားသဖြင့် စောင့်ကြည့်နေသူအားလုံးအား စိတ်နှလုံးတုန်လှုပ်သွားစေတော့သည်။ သူမကား ယခုတွင် အားလုံး၏ အာရုံစိုက်ရာ ဖြစ်နေချေပြီ။ သို့သော် ထိုတင် မရပ်သေး။

(၉၁) ကြော ၊ (၉၃) ကြော ... အဆုံးသတ်တွင် သူမသည် အကြော (၉၆) ကြော ဖွင့်လိုက်နိုင်၏။

နဝမပင်လယ်တစ်ခုလုံး လုံးလုံးလျားလျား မှင်သက်သွားကြလေသည်။

အင်မော်တယ်တံခါး မှေးမှိန်ပျောက်ကွယ်သွားစဉ် ဖန်းတုံးအာသည် အကြော (၉၆) ကြောမှ အင်မော်တယ်စွမ်းအားများကို ထုတ်လွှတ်လျက် လေတွင် ပျံဝဲနေ၏။ သုမသည် အသစ်ပြန်လည်ဆောက်ခံခဲ့ရသည့်အလား ခံစားလိုက်ရပြီး ယခုတွင် ယခင်ထက်ပို၍ အဆများစွာ အစွမ်းထက်သွားလေပြီ။

သူမက အရှေ့အောင်ပွဲဂြိုဟ်ရှိရာ ကြယ်တာရာကောင်းကင်အရပ်သို့ လှမ်းကြည့်လိုက်သည်။

"မန်ဟို ... ငါ အခု အစစ်အမှန်အင်မော်တယ်ဖြစ်ပြီ။ ငါ နဝမပင်လယ်နတ်ဂါထာကို အသုံးပြုနိုင်ရင် ငါ့အစွမ်းကို နှစ်ဆတိုးနိုင်တယ်။ ငါတို့ကြား ရှင်းစရာရှိသေးတယ်ဆိုတော့ နင် လက်ရှိမျိုးဆက်ကို အမှီလိုက်နိုင်ဖို့ ငါ မျှော်လင့်တယ်"

ဖန်တုံးအာ အင်မော်တယ်အကြော (၉၆) ကြော ဖွင့်လိုက်သည့်အချိန်မှာပင် အရှေ့အောင်ပွဲဂြိုဟ်၏အပေါ်ရှိ ဖန်မျိုးနွယ်စု ဘိုးဘေးမြေထဲတွင် မန်ဟိုသည် ကြေးမီးအိမ်ကို မြှောက်ကိုင်ရင်း ရှေးဂူသင်္ချိုင်းကြီး၏ ပွင့်လာသောတံခါးထဲ ဝင်ရောက်သွား၏။

သူကား ယခုတွင် .... ပထမမျိုးဆက်ခေါင်းဆောင်ကြီး တရားထိုင်ရင်း ကွယ်လွန်သွားကတည်းက ဘယ်သူမှ မဝင်ခဲ့ဖူးသော နေရာ ...ရှေးဂူသင်္ချိုင်းကြီးသို့ ဝင်ရောက်နေလေပြီ။

သူ အထဲဝင်၍ ခေါင်းမော့ကြည့်လိုက်သောအခါ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသော ကြယ်အစုအဝေးကို မြင်လိုက်ရ၏။ ဂြိုဟ်လေးလုံး ဝိုင်းပတ်နေသော ဧရာမတောင်ကြီးတစ်လုံးလည်း ရှိသည်။ တောင်၏ဘေးတွင်တော့ ကြယ်ပင်လယ်ကြီးတစ်စင်း။

၎င်းသည် နဝမတောင်၊ နဝမပင်လယ်နှင့် ဂြိုဟ်လေးလုံးဖြစ်၏။

ယင်းက ရောင်ပြန်ဟပ်‌နေသော သူ့ကိုယ်သူလည်း မြင်လိုက်ရသည့် ဧရာမခန်းမကြီး၏ မျက်နှာကြက်ဖြစ်သည်။ ကြယ်အလင်းရောင်တို့က ဖျာတစ်ချပ်ပေါ်တွင် ထိုင်နေသော သက်လတ်ပိုင်းလူအပေါ် ဖြာကျနေသည်။ ထိုလူ၏မျက်နှာမှာ အသက်မဲ့နေသော အရိပ်အယောင်မြူမှုန်မျှ မရှိဘဲ တည်ငြိမ်နေ၏။ သို့ထိတိုင် သူ့တစ်ကိုယ်လုံးမှ ပျက်စီးခြင်းအရှိန်အဝါကို ထုတ်လွှတ်နေလေသည်။

သူကား နှစ်ပေါင်းမရေမတွက်နိုင်အောင် မလှုပ်မယှက် ထိုင်နေခဲ့သော ကျောက်ရုပ်တစ်ရုပ်အလားပင်။

သူသည် ရိုးရိုးသာမန်ဝတ်ရုံကို ဝတ်ထားပြီး စာပေသမားဦးထုပ်ကို ဆောင်းထား၏။ သူ တင်ပျဉ်ခွေထိုင်နေစဉ် သူ့နှုတ်ခမ်းက မဆိုစလောက်ပြုံးနေသည်။ သူ့လက်ထဲတွင် ဝါးပေလိပ်တစ်ခုကို ကိုင်ထားပြီး ကြယ်အလင်းရောင်စက်လုံးတစ်လုံးက တလက်လက် တောက်ပလျက် သူ့အနားတွင် ပျံဝဲနေ၏။

ဤအရာများအပြင် အဖုံးမဲ့နေသော ဆေးပေါင်းဖိုတစ်လုံးလည်း ရှိသည်။ ဆေးပေါင်းဖိုထဲတွင် ရောင်စဉ်ခုနစ်သွယ်သမ်းနေသော မြူများလည်နေသဖြင့် အထဲရှိအရာကို သဲသဲကွဲကွဲမမြင်ရပေ။ ဆေးပေါင်းဖို၏အပေါ်တွင်မူ ... ကြေးနဂါးတစ်ကောင် ရှိနေသည်။

၎င်း၏ ရှည်လျားသော ခန္ဓာကိုယ်ကြီးက အမိုးကို ထောက်ပေးထားသော တိုင်လုံးများ ရစ်ပတ်ထားသည်။ နဂါး၏လက်သည်းများ စိုက်ဝင်နေသော တိုင်လုံးဧရိယာမှ အက်ကွဲကြောင်းများ ပျံ့နှံ့နေပြီး နဂါး၏အမြီးက အမှောင်ထဲ ဝင်ရောက်ပျောက်ကွယ်သွား၏။ ၎င်းခေါင်းက ‌အထဲရှိအရာအား လောဘတကြီး ကြည့်ရင်း ဆေးပေါင်းဖိုအပေါ်တည့်တည့်တွင် တန့်နေသည်။ ၎င်း၏ပါးစပ်ကြီးက ‌ဆေးပေါင်းဖိုထဲရှိ အရာကို စားတော့မည့်အလား ဟောင်းလောင်း ပွ့င်နေ၏။

ကြေးနဂါးကြီးမှာ မယုံနိုင်လောက်အောင် အသက်ဝင်၏။ အကြေးခွံများပင်လျှင် သက်ဝင်လှုပ်ရှားနေသည့်အလားပင်။ မန်ဟိုသည် နဂါး၏ကိုယ်ပေါ်၌ တိုက်ပွဲပေါင်းများစွာမှ ရရှိခဲ့သော အမာရွတ်များအလား အကြေးခွံများ ဆိုးဆိုးဝါးဝါး ပျက်စီးနေသော နေရာများကိုပင် သတိထားမိလိုက်သည်။

မန်ဟိုမှာ ဘေးပတ်ပတ်လည်ကို ကြည့်ရင်း အသက်ပင် ကောင်းကောင်းမရှူနိုင်တော့ပေ။ ဤသည်မှာ ကြေးသားမှ ထုထားသည့် နဂါးကြီးဖြစ်ကြောင့် မယုံနိုင်ဖြစ်နေ၏။ သူ့အတွက် ၎င်းမှာ အသွေးအသားနှင့် နဂါးအစစ်တစ်ကောင်အလားပင်။

ထိုသို့ ခံစားနေရသည့် အကြောင်းရင်းများထဲမှ တစ်ခုမှာ သူ ၎င်းကို ကြည့်လျှင် သူ့ကိုယ်ထဲရှိ အင်မော်တယ်အကြောသည် ၎င်းကို ဝါးမြိုလိုသည့်အလား ပြင်းပြင်းထန်ထန် လှုပ်ရှားလာပြီး တောင့်‌တနေသောအငွေ့အသက်များကို ထုတ်လွှတ်နေ၍ဖြစ်သည်။

မန်ဟိုမှာ တခဏ တွန့်ဆုတ်နေသည်။ ယခုလိုအခြေအနေမျိုးတွင် သူသည် စိတ်လိုက်မာန်ပါ မပြုမူတတ်ပေ။ သူက ဧရာမဝတ်ပြုကျောင်းကြီးအား စစ်ဆေးပြီးနောက် ဆေးပေါင်းဖိုကို ရှောင်ကွင်း၍ ဖျာကြမ်းပေါ်၌ ထိုင်နေသော လူထံသို့ ဦးတည်သွားလိုက်သည်။ သူက ထိုနေရာတွင် တင်ပျဉ်ခွေထိုင်နေသော သတ်လတ်ပိုင်းလူကို ကြည့်ရင်း အပြင်ရှိ ရုပ်တုကြီးနှင့် တစ်ပုံစံတည်းတူကြောင်း သဘောပေါက်လိုက်၏။

"ပထမမျိုးဆက်ခေါင်းဆောင်ကြီး..." မန်ဟိုက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူက သက်လတ်ပိုင်းလူကို ပြန်ကြည့်လိုက်စဉ် သူတို့နှစ်ယောက်အကြား၌ ပဲ့တင်ရိုက်ခတ်မှုတစ်မျိုး ဖြစ်နေသည့်အလား သူ့သွေးများ ဆူပွက်လာသည်။

အကြာကြီးကြာသော် မန်ဟိုက ဒူးထောက်၍ သက်လတ်ပိုင်းလူကို ဂါဝရပြုလိုက်သည်။

"ဂျူနီယာမျိုးဆက် ဖန်ဟို ၊ ခေါင်းဆောင်ကြီးကို ဂါဝရပြုပါတယ်" သူက စိတ်ရင်းထဲမှ လာသောလေသံဖြင့် ပြောသည်။ သူသည် ဖန်မျိုးနွယ်စုအပေါ် ရန်ငြိုးအနည်းငယ် ရှိသော်လည်း ဖန်မျိုးနွယ်စုကို တည်ထောင်ခဲ့သော ပထမမျိုးဆက်ခေါင်းဆောင်ကြီးအပေါ်တော့ လေးစားစိတ်သာ ရှိ၏။

ဂါဝရပြုရှိခိုးပြီးနောက် မန်ဟိုက ထရပ်ပြီး ပထမ‌မျိုးဆက်ခေါင်းဆောင်ကြီး၏အနားတွင် ပျံဝဲနေသော ကြယ်အလင်းရောင်စက်လုံးကို ကြည့်လိုက်သည်။ အလင်းရောင်ထဲတွင် လက်သည်းခွံအရွယ် ဂြိုဟ်သိမ်တစ်ခုကို မြင်သည်ဆိုရုံကလေး မြင်လိုက်ရသည်။

ကြယ်အလင်းရောင်တို့ သူ့မျက်လုံးထဲ ဝင်ရောက်လာစဉ် မန်ဟို့အသက်ရှူသံမှာ အတန်ငယ်မြန်လာသည်။ သူ ပြောနိုင်သည်အရ ဤအရာဝတ္ထုသည် .... အတွေးတစ်ချက်ကြယ်တာရာအသွင်ပြောင်းခြင်း၏ သရုပ်သကန်ဖြစ်လောက်၏။

သူက ကြယ်အလင်းရောင်ကို လှမ်းဖမ်းကြည့်သော်လည်း မည်မျှကြိုးစားကြိုးစား အလင်းစက်လုံးက သူ့ကို အဖက်မလုပ်သည့်အလား အချည်းနှီးပင်။ ၎င်းက ပထမမျိုးဆက်ခေါင်းဆောင်ကြီးအား ဆက်လက်၍ လှည့်ပတ်နေသည်။

မန်ဟိုက တခဏ တွေးပြီးနောက် အတင်းအကြပ်မလုပ်ရန် ဆုံးဖြတ်လိုက်သည်။ ကြယ်အလင်းစက်လုံးမှာ ပထမမျိုးဆက်ခေါင်းဆောင်ကို ပတ်၍ ပျံဝဲနေသည့်အတွက် ၎င်းကို အတင်းအဓမ္မယူလိုက်ခြင်းက ခေါင်းဆောင်ကြီး၏အလောင်းအပေါ် မ‌ခန့်လေးစားရာ ကျပေမည်။

မန်ဟိုက ‌နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ရင်း ဘေးဘီဝဲယာကို ကြည့်ပြီးနောက် ကြေးနဂါးကြီး၏လက်သည်းများ စိုက်ဝင်နေသော နေရာများကို ကြည့်ရန် လေပေါ် ပျံတက်လိုက်သည်။ တခဏကြာသော် သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏အမူအရာမှာ မယုံနိုင်သောပုံစံဖြစ်သွား၏။

ထို့နောက် သူက ရင်တဒိန်းဒိန်းခုန်လျက် မြေကြီးပေါ် ပြန်ဆင်း၍ ဘေးဘီဝဲယာကို သတိရှိရှိ ကြည့်လိုက်သည်။

စောစောက သူသည် အက်ကြောင်းများအား ထွင်းထားခြင်းမဟုတ်ဘဲ .... အတိတ်တုန်းက နဂါးအစစ်ကြီးတစ်ကောင်သည် ၎င်း၏လက်သည်းများဖြင့် တိုင်လုံးကို ဖက်တွယ်ခဲ့သည့်အလား သဘာဝလျောက် ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း ဆုံးဖြတ်နိုင်ခဲ့၏။

သူ ကြေးနဂါးကြီးကို ကြည့်နေစဉ် သူ့စိတ်ထဲ၌ ပုံရိပ်များ ပေါ်လာသည်။ သူ့မြင်ကွင်းထဲတွင် လူသူကင်းရှင်း၏ တိတ်ဆိတ်‌နေသော ခန်းမကြီးကို မြင်လိုက်ရ၏။ ထို့နောက် နဂါးတစ်ကောင်‌ ရောက်လာပြီး တိုင်လုံးတစ်လုံးပြီးတစ်လုံးအား ရစ်ပတ်ရင်း ခန်းမထဲ၌ သွားလာနေသည်။ ၎င်း၏လက်သည်းများ တိုင်လုံးများထဲ စိုက်ဝင်နေစဉ် ၎င်းက  လောဘမျက်ဝန်းများဖြင့် ခေါင်းကို ငုံ့ရင်း ဆေးပေါင်းဖိုအား စားဖို့ ကြိုးစားသည်။ ထိုအခိုက်အတန့်တွင် ကြီးမားသောအားလှိုင်းတစ်လှိုင်း ဖြာထွက်လာပြီး နဂါးမှာ ကြေးရုပ်ဘဝသို့ ရောက်ရှိရင်း ချက်ချင်း သေဆုံးသွားရလေ၏။

မန်ဟိုမှာ ဤမြင်ကွင်းကို မြင်ယောင်နေစဉ် တုန်လှုပ်သွားတော့သည်။

"ဒီရှေးဂူသင်္ချိုင်းကြီးက ထူးဆန်းတဲ့အရာတွေနဲ့ ပြည့်နေတာပဲ" သူက မျက်တောင်တဖျပ်ဖျပ် ခတ်ရင်း တွေးလိုက်သည်။ သူသည် ပထမမျိုးဆက်ခေါင်းဆောင်ကြီးကို ပြန်ကြည့်ပြီးနောက် ရုတ်တရက် လှုံ့ဆော်ခံလိုက်ရသလို ခံစားလိုက်ရသည်။ မန်ဟိုသည် ခေါင်းဆောင်ကြီး၏ဘေးမှ ဖြတ်လျှောက်၍ ခေါင်းဆောင်ကြီးကို ကျောပေးရင်း ရှေ့တည့်တည့်တွင် ထိုင်ကာ ခန်းမကို ကြည့်၏။

သူ့မှာ ဤနေရာမှနေ၍ နဂါး၏မေးစေ့နှင့် ကိုယ်အောက်ပိုင်းကို တန်းတန်းမတ်မတ် မြင်ရကြောင်း တွေ့လိုက်ရသဖြင့် ခေါင်းနပန်းကြီးသွားလေသည်။ ထိုမျှသာမက ... သူသာ အင်အားရှိသင့်သလောက် ရှိလျှင် လက်ချောင်းလေးတစ်ချောင်းတည်းနှင့် ကြေးနဂါးတစ်ကောင်လုံးအား ပေါက်ကွဲသွားစေနိုင်သည့်အလားပင်။

သူက လက်မြှောက်၍ ထိုအတိုင်း လက်ညှိုးထိုးပြီးနောက် ထရပ်ရင်း ထိုးထားသော သူ့လက်ညှိုးဦးတည်ရာအတိုင်း လျှောက်သွားလိုက်သည်။ လျှောက်လာရင်း နဂါး၏မေးစေ့ထံ ရောက်လာ၍ ၎င်းကို သေသေချာချာ ကြည့်လိုက်သောအခါ သူ့စိတ်အား တုန်လှုပ်‌သွားစေသော တစ်စုံတစ်ခုအား ခံစားလိုက်ရလေသည်။

နဂါးမေးစေ့ပေါ်က တစ်နေရာမှာ မှော်အစွမ်းတစ်ရပ်ကြောင့်အလား လှိုင်းထနေကြောင်း တွေ့လိုက်ရသဖြင့် သူ့မှာ လိပ်ပြာလွင့်မတတ် ကြောက်သွားတော့သည်။ ကြည့်ရသရွေ့ မှော်သိုင်းကွက်တစ်မျိုးမျိုး၏ အကြွင်းအကျန်က ဤနေရာတွင် ကျန်ခဲ့သေးသယောင်ပင်။

ထိုသို့ဆိုလျှင် ဤသည်ကား .... နဂါးကို ကြေးရုပ်ဖြစ်စေခဲ့သော နေရာဖြစ်သည်။

မ

မန်ဟိုက ပထမမျိုးဆက်ခေါင်းဆောင်ကြီးအား မျက်နှာမူရန် ဖြေးညင်းစွာ လှည့်လိုက်သည်။ သူက အာစေးလျှာစေးဖြင့် အားတင်းပြုံးပြီးနောက် လက်ယှက်အရိုအသေပေးလိုက်သည်။

"ခေါင်းဆောင်ကြီး" သူက ဂရုတစိုက်‌ စကားစသည်။ "ကျွန်တော်က ဖန်မျိုးနွယ်ဝင်၊ တိုက်ရိုက်သွေးဆက်စစ်စစ်ပါ။ ကျွန်တော်က တစ်ဦးတည်းသော ဆက်ခံသူပါခင်ဗျာ။ အဲ့ဒါ ဘာအဓိပ္ပာယ်လဲ သိတယ်မလား ခေါင်းဆောင်ကြီး။ ပြောရရင်ဗျာ ကျွန်တော်သေရင် တိုက်ရိုက်သွေးဆက် မျိုးပြုတ်သွားမှာ

"ခေါင်းဆောင်ကြီးက စိတ်ထားမြင့်မြတ်ပြီး သဘောကြီးခွင့်လွှတ်ပေးတတ်တဲ့သူ ဆို‌တော့လေ ဟို... ကျွန်တော်က ခေါင်းဆောင်ကြီးကို အနှောင့်အယှက်ပေးဖို့ ဒီရောက်လာတာ မဟုတ်ပါဘူး။ ဂိုဏ်းအကျိုးသယ်ပိုးဖို့အတွက် အမွေလက်ခံဖို့ ရောက်လာတာပါ"

မန်ဟို့စကားများအား တိတ်ဆိတ်မှုကသာ တုံ့ပြန်သဖြင့် တခဏကြာသော် သူသည် ‌နောက်ပြန်၍ ခေတ္တ တွေးပြီးနောက် ဆေးပေါင်းဖိုအား မဝံ့မရဲ လှမ်းကြည့်လိုက်၏။

"ဒီလောက်အစွမ်းထက်တဲ့ နဂါးကြီးကို ဒီလို လောဘတက်စေတာဆိုတော့ ဒီပစ္စည်းစ္စည်းက ဘာပဲဖြစ်ဖြစ် သေချာပေါက် အဖိုးထိုက်ရတနာတစ်ခု ဖြစ်လိမ့်မယ်.... ဘယ်သူသိနိုင်မလဲ ဒီနဂါးကြီး ဒီကို ဘယ်လိုလုပ် ဝင်လာနိုင်လဲဆိုတာ ... ဒါမဲ့ အဲ့ဒါက သူ ဘယ်လောက်အစွမ်းထက်လဲ သက်သေပြနေတာပဲ။ ကြည့်ရတာ မြူလွှမ်းကောာင်းကင်အမိုးခုံး ပေါ်ပေါက်မလာခင်၊ ပထမမျိုးဆက်ခေါင်းဆောင်ကြီး မသေခင် ရောက်လာခဲ့တာ ဖြစ်လောက်တယ်။ ပထမမျိုးဆက်ခေါင်းဆောင်ကြီး နဂါးကို ဂူသင်္ချိုင်းထဲမှာ ဒီလိုဖြစ်အောင်လုပ်ထားတဲ့အချက်က အဲ့နဂါး ဘယ်လောက်တောင် အစွမ်းထက်လဲ ဖော်ပြနေတာပဲ

"ပြီးတော့ အဲ့နဂါး လိုချင်တဲ့ပစ္စည်း ... " မန်ဟိုမှာ မည်သို့လုပ်ရမည်လဲ ဝေခွဲမရတော့သဖြင့် ရင်ခုန်လာသည်။ နောက်ဆုံးတွင် သူသည် ခေါင်းမော့၍ ပထမမျိုးဆက်ခေါင်းဆောင်ကြီးအား လက်ယှက်အရိုအသေပေးလိုက်၏။

"ခေါင်းဆောင်ကြီး၊ ကျွန်တော်ရဲ့ သွေးဆက်ဂိတ်အလင်းတန်းက မီတာ (၃၀၀၀၀) အထိ ရောက်ခဲ့လို့ အခု ဖန်သွေးဆက်ရဲ့ နံပါတ်တစ်လို့ အခေါ်ခံရပါတယ်။ အဲ့ဒါက ကျွန်တော်တို့ ဘယ်လောက်သွေးနီးလဲ သက်သေပြနေတာပဲမဟုတ်လား ဘိုးဘိုးကြီးခင်ဗျ" သူက မျက်တောက် ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။

"ကျွန်တော်တို့ သွေးနီးတာကို စဉ်းစားကြည့်ရင် ဘိုးဘိုးကြီး အသက်ရှင်သေးလို့ကတော့ ကျွန်တော့်ကို သဘောကျလောက်တယ်ဗျ။ ကျွန်တော်က အကျင့်စာရိတ္တလည်း ကောင်းတယ်။ စိတ်ထားလည်း ကောင်းတယ်။ နာလည်း နာခံတယ်။ သင်ပြတဲ့အတိုင်း တသွေမတိမ်း လိုက်နာတတ်တယ်။ လူတိုင်းနီးပါး ကျွန်တော့်ကို သဘောကျကြတယ်ဗျ" မန်ဟိုက သူ့ကိုယ်သူ အမွှန်းတင်ရင်း ရင်ဘတ်ကို ဂုဏ်ယူစွာဖြင့် တဖုန်းဖုန်း ထုလိုက်သည်။

"ခေါင်းဆောင်ကြီးက အကြီးပိုင်းမျိုးဆက်ဆိုတော့ နှစ်ပေါင်းများစွာကြာတဲ့နောက် အငယ်မျိုးဆက်မှာ ကျွန်တော့်လို ထူးချွန်ပြောင်မြောက်တဲ့သူကို မြင်ရရင် သိပ်ကို ဝမ်းသာသွားမှာပဲ။ ကျွန်တော့်လို အငယ်တစ်ယောက်ကို ဆုလာဘ်တွေ ချီးမြှင့်ချင်လာမှာ မဟုတ်လား

"တကယ်တော့ဗျာ ကျွန်တော့်အနေနဲ့ကတော့ အဲဒီဆေးပေါင်းဖိုထဲက ပစ္စည်းတွေကလွဲပြီး တခြားဘာမှမလိုချင်ပါဘူး။ အဲဒီတော့ ကျွန်တော့ကို ပေးလိုက်ပါလား နော်။ ဟို အတွေးတစ်ချက်ကြယ်တာရာအသွင်ပြောင်းခြင်းရောပဲ။ ကျွန်တော် အဲ့ဒါကို ဆက်ပြီး တိုးတက်အောင် လုပ်ချင်လို့ပါ။ ဟုတ်သား အဲ့ဒီနဂါးကတော့ ကျွန်တော် ရှင်းလိုက်မယ်။ ဘယ်လိုလဲ" မန်ဟိုမှာ ရဲဆေးလည်းတင် ၊ အံလည်းကြိတ်ရင်း ဆေးပေါင်းဖိုအနားအား တရွေ့ရွေ့ ချဉ်းကပ်သွားပြီး အထဲရှိ ခုနစ်ရောင်ခြယ်မြူများကို ကြည့်လိုက်သည်။ ထို့နောက် သူသည် မြူများကို အသာအယာ မှုတ်ထုတ်လိုက်၏။

သူ၏ထွက်လေ မြူများကို ထိလိုက်လျှင်ချင်း မန်ဟိုသည် ဆေးပေါင်းဖိုထဲ၌ အပေါ်၌ ခုနစ်ရောင်ခြယ်အရည်တစ်စက်တင်နေသော ကျောက်စိမ်းပြားတစ်ပြားကို တွေ့လိုက်ရ၏။

ခုနစ်ရောင်ခြည်အရည်ကို မြင်လျှင် သူ့ခန္ဓာကိုယ်ပေါ်ရှိ အမွှေးအားလုံး ထောင်သွားတော့သည်။ ဆေးဝါးတာအို၏ မဟာအကြီးအကဲတစ်ဦးအနေဖြင့် သူသည် ယခုကဲ့သို့ အရည်မျိုးအား မမြင်ခဲ့ဖူးသော်လည်း သူ့အလိုလိုသိစိတ်က ၎င်းကို ကျင့်ကြံသူများ စား၍မရကြောင်း သတိပေးလိုက်သည်။

၎င်းတွင် စားလိုက်သော မည်သည့်ကျင့်ကြံသူကိုမဆို ချက်ချင်း အသက်ထွက်သွားမည်ဟု ညွှန်ပြနေသော ရက်စက်ပြင်းထန်သည့်အရှိန်အဝါတစ်ခု ပါဝင်နေသည်။

ဤအခိုက်အတန့်တွင် သူ၏သိုလှောင်အိတ်ထဲမှ တဝီဝီမြည်သံအား ကောက်ကာငင်ကာ ကြားလိုက်ရသည်။ ‌အတွင်းရှိ ကျောက်စိမ်းသေတ္တာမှ ကြေမွသွားပြီး မဟာအကြီးအကဲ သူ့ကို ပေးခဲ့သော ပထမမျိုးဆက်ခေါင်းဆောင်ကြီးအပိုင် နိဗ္ဗာနသစ်သီးနှစ်လုံးက အလိုအလျောက် ပျံထွက်လာကြ၏။ ၎င်းတို့က တစ်လုံးကို တစ်လုံး တွန်းထိုးယှဉ်ပြိုင်ရင်း ဆေးပေါင်းဖိုထဲရှိ ခုနစ်ရောင်ခြယ်အရည်ဆီသို့ ပြေးဝင်သွားလေသည်။

အရည်ကို ပထမဆုံး ထိလိုက်သော သစ်သီးအား အကောင်းအတိုင်း ပြန်ဖြစ်သွားမည့်အလားပင်။

***

All Chapters