ငါတို့ စောင့်နေတာ
Vol. 69 Ch. 964
ဆေးလုံးမိစ္ဆာက ကြာမြင့်စွာ စောင့်မျှော်နေခဲ့ရသော နှစ်တစ်သောင်းခေတ်ကို နိဒါန်းပျိုးပေးရင်း ခေတ်သစ်တစ်ခေတ်ကို ဖွင့်ပေးခဲ့သည်။
၎င်းသည် အဆုံးမရှိသော အလားအလာများ ပါရှိပြီး ဤဂိုဏ်းများနှင့် မျိုးနွယ်စုများ၏ လျှမ်းလျှမ်းတောက် ပါရမီရှင်များ ထိုအချိန်အတောအတွင်း မည်မျှတိုးတက်လာမည်လဲ ဘယ်သူမှ မခန့်မှန်းနိုင်ပေ။
နောက်ထပ် လူသူမသိသေးသော လျှမ်းလျှမ်းတောက်ပါရမီရှင်များလည်း ပေါ်ပေါက်လာနိုင်ပြီး ထွန်းတောက်လာကြလိမ့်မည်။
ဥပမာ ဝမ်တန်ဖေး။
ဆေးလုံးမိစ္ဆာမှ ခေတ်သစ်ကို နိဒါန်းပျိုးပေးလိုက်ပြီးနောက်တွင် ဖန်းတုံးအာက ကန့်လန့်ကာကို ဖွင့်ကာ ကျရောက်လာသည့် ခေတ်သစ်အား လူတိုင်းကို မြင်တွေ့စေခဲ့သည်။
ဖန်ဝေကမူ အားလုံး၏ အာရုံကို ဆွဲဆောင်ရင်း ပထမဆုံး ထွန်းတောက်လာခဲ့သော နေမင်းကြီးနှင့် တူသည်။ သူ၏ပေါ်ပေါက်လာမှုက လူတိုင်းအား .... အစစ်အမှန်အင်မော်တယ်များခေတ် ရောက်လာခဲ့ပြီဖြစ်ကြောင်း နားလည်သွားစေ၏။
ဖန်းတုံးအာ၏ အစစ်အမှန်အင်မော်တယ်အဆင့်တက်ခြင်းက နဝမပင်လယ်တစ်ဝက်ကို တုန်လှုပ်စေခဲ့ရင်း သူမအား ချက်ချင်း နာမည်ကျော်ကြာသွားစေခဲ့သည်။ ဖန်ဝေ၏ အင်မော်တယ်အဆင့်တက်ခြင်းက လှိုင်းဂယက်များအား အရှေ့အောင်ပွဲဂြိုဟ်တစ်လျှောက် ရိုက်ခတ်သွားကာ အင်မော်တယ်စစ်သည်တော်တစ်သောင်း သူ့ကို ဦးခိုက်သော မြင်ကွင်းက အုတ်အော်သောင်းနင်းဖြစ်စေခဲ့၏။
သို့သော် ဖန်းတုံးအာနှင့် ဖန်ဝေပြီးလျှင် အင်မော်တယ်ပြစ်ဒဏ်ကို လှုံ့ဆော်မည့် တတိယမြောက်လူက ဂိုဏ်းများ၊ မျိုးနွယ်စုများမှ လူသိများသော ရွေးချယ်ခံများမဟုတ်သည့်လူ ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ၎င်းက ဝမ်မျိုးနွယ်စု၏ သာမန်အဖွဲ့ဝင် ... ကြယ်တာရာကောင်းကင်ထဲရှိ ဂြိုဟ်သိမ်တစ်ခုပေါ် ထိုင်နေသော လူငယ်ပင်။
အင်မော်တယ်တံခါးက ဆင်းသက်လာပြီး အင်မော်တယ်ပြစ်ဒဏ်ကျရောက်လာစဉ် အင်မော်တယ်ချီများက ကြယ်တာရာကောင်းကင်၌ စီးမျောလှည့်ပတ်နေသည်။ ဂိုဏ်းများ၊ မျိုးနွယ်စုများမှာ ထိုအရပ်မျက်နှာဘက်သို့ လှမ်းကြည့်ရင်း ဇဝေဇဝါဖြစ်နေကြသည်။
ဝမ်တန်ဖေး
ဘဝတွင် လောကဓံအပြောင်းအလဲများကို ကြုံတွေ့ခဲ့ပြီးနောက် သူသည် ရင့်ကျက်လာခဲ့၏။ သူ့မှာ တုန်လှုပ်ချောက်ချားဖွယ် ဆင်းရဲဒုက္ခများစွာကို ကျော်ဖြတ်ခဲ့ရပြီး သေမင်းက သူ့တံခါးဝကိုပင် ရောက်လာခဲ့ဖူးလေသည်။ ဝမ်တန်ဖေးကား တောင်ကောင်းကင်ဂြိုဟ်မှာတုန်းကကဲ့သို့ ပြီးပြည့်စုံသော ကောင်ကလေးမဟုတ်တော့ပေ။
သူသည် ယခုတွင် အေးဆေးတည်ငြိမ်နေပြီး မောက်မာထောင်လွှားမှုအရိပ်အယောင် စိုးစဉ်းမျှမရှိပေ။ ရင်ဆိုင်ကျော်လွှားခဲ့ရသော အရာများစွာကြောင့် ဝမ်တန်ဖေးသည် ဘဝသင်ခန်းများစွာ ရရှိခဲ့၏။
သူက အင်မော်တယ်ပြစ်ဒဏ်နှင့် အင်မော်တယ်တံခါးကို ကြည့်ပြီး ရယ်လိုက်သည်။ သူ ရယ်နေစဉ် သူ၏မျက်လုံးများသည် အစွဲဥပါဒါန်ဖြင့် တောက်ပလျက်ရှိသည်။ တစ်ချိန်တည်းမှာပင် သူ့မှာ တောင်ကောင်းကင်ဂြိုဟ်ပေါ်တွင် သူ၏မျိုးနွယ်စု ပျက်စီးသွားသောပုံရိပ်များကို ပြန်မြန်ယောင်လိုက်သည်။ အကြီးအကျယ် ရှုံးနိမ့်နေသော သူ့ကိုယ်သူ မြင်လိုက်ရ၏။ သူသည် ရွေးချယ်ခံအဖြစ်မှ သူတောင်းစားသာသာဘဝသို့ ရောက်သွားပြီး အဆုံးသတ်တွင် ခေါင်းဆောင်ကြီး၏ ရည်မှန်းချက်ပြည့်ဝအောင် ကူညီပေးခဲ့သည်။
ထိုကာလများတစ်လျှောက် မန်ဟို့အရိပ်မှာ သူ့ကို အမြဲစိုးမိုးနေခဲ့သယောင်ပင်။ ၎င်းက ဘယ်တော့မှ ပျောက်ကွယ်မသွားလို၊ ဖယ်ရှားလို့လည်း မရပေ။ မှီခိုရာဂိုဏ်းမှာကတည်းက ၎င်းသည် ထိုနေရာတွင် အမြဲရှိနေခဲ့၏ .....
"မန်ဟို...." ဝမ်တန်ဖေးက ခေါင်းနောက်လှန်၍ တဟားဟား ရယ်ပြီးနောက် အင်မော်တယ်ပြစ်ဒဏ်ထံသို့ ပျံတက်သွားသည်။ ထစ်ချုန်းသံကြီး ကြားလိုက်ရပြီး ကြယ်တာရာများ တုန်ရီသွား၏။ ဂိုဏ်းများ၊ မျိုးနွယ်စုများအားလုံးမှာ ယခုတွင် ဝမ်တန်ဖေးကို အာရုံစိုက်နေကြလေပြီ။
အထူးသဖြင့် ... ဝမ်မျိုးနွယ်စုပင်။
ယခုအချိန်အထိ သူတို့သည် ဝမ်တန်ဖေးအား အဖက်တစ်စက်မှ မလုပ်ခဲ့ပေ။ သူက တောင်ကောင်းကင်ဂြိုဟ်၏ အရန်မျိုးနွယ်စုအခွဲလေးမှ မျိုးနွယ်ဝင်တစ်ယောက်သာ ဖြစ်သည်။ ယခုတွင် ဝမ်အကြီးအကဲများမှာ သူ့ကို ကြည့်ပြီး ရင်တဒိန်းဒိန်း ခုန်လာကြ၏။
ဝမ်တန်ဖေးက အင်မော်တယ်ပြစ်ဒဏ်၏အလယ်တွင် လျှမ်းလျှမ်းတောက် နေတစ်စင်းပမာ ထွန်းတောက်လာသည်။ အင်မော်တယ်တံခါးသည် ပွင့်သွားပြီး အင်မော်တယ်အလင်းရောင်တို့ ဖြာထွက်လာ၏။ အဆုံးသတ်တွင် သူကား အင်မော်တယ်အကြော (၉၅) ကြော ဖွင့်လိုက်နိုင်သည်။
အင်မော်တယ်အကြော (၉၅) ကြောမှာ ဖန်ဝေကို မယှဉ်ပေ။ ဖန်တုံးအာထက်မူ တစ်ကြော လျော့နည်းသည်။ သို့ထိတိုင် ယင်းက ဂိုဏ်းများနှင့် မျိုးနွယ်စုအားလုံးကို တုန်လှုပ်သွားစေရန် လုံလောက်၏။
အထူးသဖြင့် သူ အင်မော်တယ်အကြော (၉၅) ကြော ဖွင့်ပြီးနောက် ပေါ်လာသည့် ထူးဆန်းသောလက္ခဏာများပင်။ စောင့်ကြည့်နေသူများအနေဖြင့် ထူးထူးခြားခြားသတိမထားမိကောင်း သတိမထားမိနိုင်သော်လည်း ဝမ်အကြီးအကဲများ ၎င်းကို မြင်သောအခါ ဧရာမအံ့ဩခြင်းလှိုင်းတံပိုးကြီးများ သူတို့၏နှလုံးသားထဲတွင် ထကြွလာဝောာ့၏။
ဝမ်တန်ဖေး၏ ပတ်ပတ်လည်တွင် ပေါ်လာသော ပုံရိပ်မှာ နက္ခတ်တာရာတစ်ခုအလားပင်။ ၎င်းသည် ဧရာမကြီးမဟုတ်ဘဲ လွန်စွာသေးငယ်သည့်အပြင် ... သူ့နဖူးထက်၌ ပေါ်လာခြင်းဖြစ်သည်။
၎င်းက ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေရာ ဝမ်တန်ဖေး၏ခန္ဓာကိုယ်အား ယခင်နှင့်ကွဲပြားခြားနားသွားစေသည်။
"အဲ့ဒါက ... ရှေးနတ်ဘုရားသွေးဆက်ရဲ့ အမှတ်အသားမဟုတ်လား"
"အဲဒီကလေးက ငါတို့ ဝမ်မျိုးနွယ်စုတစ်စုလုံးရဲ့ အင်အားအကြီးဆုံး သွေးဆက် ရှေးနတ်ဘုရားသွေးဆက်ကို နိုးထစေခဲ့ဝာာပဲ"
ဝမ်မျိုးနွယ်စုတစ်စုလုံး ဆူညံပွက်လောရိုက်သွားကြပြီး အတော်များများက ဓမ္မအစောင့်အရှောက်များအဖြစ် ပြုရန် ပျံထွက်လာကြသည်။
ဝမ်မျိုးနွယ်စုအတွင်း ၊ တားမြစ်နေရာတစ်နေရာဖြစ်သော ဝါးတောအုပ်တစ်အုပ်ထဲတွင် ဝမ်မု၏ အဆုံးမခံခဲ့ရသော အဘိုးကြီးတစ်ယောက်ရှိသည်။ သူသည် လောလောဆယ်တွင် ဝါးပင်အရှည်ကြီးတစ်ပင်အပေါ်၌ တစ်ကိုယ်လုံးပိန်ချုံးနေလျက် ဆောင့်ကြောင့်ထိုင်နေ၏။ သူသည် ပုံမှန်ဆိုလျှင် ကပျက်ကချော်ပုံစံပေါ်သော်လည်း ယခုတွင် ရုတ်တရက် တည်ကြည်လေးနက်နေပြီး ကြောက်စရာကောင်းသော အလင်းရောင်ကိုပင် သူ၏မျက်လုံးများ၌ မြင်ရနိုင်သည်။
သူက ကြယ်တာရာများအား လေးလေးနက်နက် လှမ်းကြည့်လိုက်သည်။
“နောက်ဆုံးတော့ .... အဲဒီဂြိုဟ်မွှေကောင်ရဲ့ သွေးဆက်ဖြစ်ဖို့ ထိုက်တန်တဲ့ မျိုးဆက်တစ်ယောက် ပေါ်လာခဲ့ပြီ... သူက ပေါ်လာခဲ့ဖူးတဲ့ ဘယ်ခွေးကောင်မဆိုထက် အများကြီးပိုတော်ပြီး ပိုအစွမ်းထက်တယ်"
လဝက်အတွင်း အင်မော်တယ်တံခါးသည် နဝမတောင်ပင်လယ်အနှံ့အပြား၌ မကြာခဏ ကျကျလာသည်။ ကျောက်ရီဖန်းသည် ၎င်းကို ဖွင့်ပြီး ဖန်ဝေကြောင့်သာမဟုတ်လျှင် အင်မော်တယ်အကြော (၉၇) ကြောဖြင့် အားလုံး၏ အာရုံစိုက်ရာ ဖြစ်ခဲ့ပေမည်။
သူ့ကြောင့် တာအိုဆရာအစည်းအရုံးသုံးခုသည် မျိုးနွယ်စုများနှင့် ဂိုဏ်းအားလုံး၏ အာရုံစိုက်ရာနောက်တစ်ဖန် ဖြစ်လာ၏။ (အင်မော်တယ်ရှေးတာအိုဆရာများအဖွဲ့၊ မြင့်မြတ်သော ရေစီးဓားဂူ၊ နဝမပင်လယ်နတ်လောက)
သူပြီးလျှင် စုန့်လော့တန်လည်း အစစ်အမှန်အင်မော်တယ်အဆင့်တက်သည်။ ထိုက်ယန်ကျစ်လည်း ထိုနည်းတူပင်။
စွန်းဟိုက်သည် အင်မော်တယ်အကြော (၉၀) ပေါ်စေခဲ့သော နောက်ဆုံးခြေလှမ်းကို လှမ်းခဲ့၏။ ၎င်းက ထူးခြားပြောက်မြောက်သော အရေအတွက်မဟုတ်သော်လည်း အခြားသူများ၏နောက်၌ ပြတ်ကျမကျန်ခဲ့သဖြင့် ဤခေတ်အဆင့်အတန်းကို မှီသည်ဟု ဆိုလိုနိုင်သည်။
လီလင်းအာလည်း အင်မော်တယ်ပြစ်ဒဏ်၏အလယ်တွင် အင်မော်တယ်တံခါးကို ဖွင့်ခဲ့သည်။ သူမသည် အင်မော်တယ်အလင်းဖြင့် ဆေးကြောသန့်စင်ခံရပြီး အကြော (၉၆) ကြော ဖွင့်နိုင်ခဲ့၏။ ဤအခြင်းအရာက နဝမတောင်ပင်လယ်၏ မျိုးနွယ်စုလေးစုတွင် နက်နဲသောအရင်းအမြစ်များနှင့် ကြီးမားသောစွမ်းအားများကို ပိုင်ဆိုင်ထားကြောင်း သက်သေထူနေသည်။
အင်မော်တယ်အဆင့်သို့ တက်လှမ်းပြီးနောက် ရွေးချယ်ခံများအားလုံး တူညီသောအရာကို လုပ်ကြသည်။ သူတို့သည် တစ်ယောက်သောသူကို စောင့်နေကြသည့်အလား အရှေ့အောင်ပွဲဂြိုဟ်သို့ လှမ်းကြည့်ကြ၏။
ဖန်းတုံးအာ၊ ဖန်ဝေနှင့် အစစ်အမှန်အင်မော်တယ်အဖြစ်သို့ ရောက်ရှိသွားခဲ့သော ရွေးချယ်အားလုံးသည် အားလုံး၏အာရုံစိုက်ရာ ဖြစ်၍ တဖြေးဖြေး ဂိုဏ်းများနှင့်မျိုးနွယ်စုများသာမက သင်းကွဲကျင့်ကြံသူများပင် ရိပ်မိလာကြသည်။
မကြာမီ ကောလဟာလတစ်ခုက နဝမတောင်ပင်လယ်တွင် ပျံ့နှံ့လာသည်။
"ရွေးချယ်ခံအကုန်လုံးက မန်ဟိုဆိုတဲ့ ကျင့်ကြံသူကို စောင့်နေကြတာ။ သူ့ကို ဖန်ဟိုလို့လည်း ခေါ်တယ် ဖန်မျိုးနွယ်ဝင်မလို့"
"တောင်ကောင်းကင်ဂြိုဟ်မှာတုန်းက သူက ကျန်တဲ့ရွေးချယ်ခံအကုန်လုံးကို ဖမ်းခဲ့တာလေ။ ပြီးတော့ အရှေ့အောင်ပွဲဂြိုဟ်ရရဲ့ အရှေ့တက်လှမ်းနေနေ့မှာ နံပါတ်တစ်ပုဂ္ဂိုလ်ဖြစ်လာတယ်။ သူက နေကိုတောင် အသက်ရှိုက်ကြာတဲ့အထိ စိုက်ကြည့်ခဲ့တာ"
"သူက ဖန်ဝေ အင်မော်တယ်အဆင့်တက်ပြီးတဲ့နောက် ပထမဆုံးတိုက်ခိုက်ချင်ခဲ့တဲ့သူပဲ"
"ဖန်တုံးအာရဲ့ အနောက်မှာ အလောင်းကြီးကပ်နေတာလည်း သူ့ကို တိုက်ခိုက်ခဲ့လို့ သူက သူမအပေါ်မှာ ကံကြွေးချည်နှောင်ခဲ့တာ"
"ပြီးတော့ သူက လီလင်းအာရဲ့ ခင်ပွန်းလောင်းထင်တယ်"
"ထိုက်ယန်ကျစ်၊ စုန့်လော့တန်နဲ့ ဝမ်မုတို့အားလုံး သူအနိုင်ယူတာ ခံခဲ့ရတယ်လို့ ကြားတယ်"
"ကောလဟာလတွေအရ ကျောက်ရီဖန်းတောင် သူက မန်ဟိုလောက် မတော်ဘူးလို့ ပြောခဲ့ဖူးတယ်တဲ့"
"ကြားရသလောက် သူက ကျီမျိုးနွယ်စုရဲ့ ကျီယင်ကို ဖမ်းခဲ့တယ်တဲ့လေ"
"သူ့မှာ အကြွေးစာချုပ်တွေ အထပ်လိုက်ကြီးရှိပြီး ရွေးချယ်ခံတွေအကုန်လုံး သူ့အပေါ် အကြွေးတင်နေတာတဲ့"
"သူတို့အားလုံးက ... မန်ဟို အင်မော်တယ်အဆင့်တက်လှမ်းမှာကို စောင့်နေကြတာ"
မန်ဟို၏ နာမည်သည် န၀မတောင်နှင့်ပင်လယ်အနှံ့အပြားသို့ ပျံ့နှံ့လာခဲ့သည့်အပြင် တောင်ကောင်းကင်ဂြိုလ်က လူများပင်လျှင် သူ့အကြောင်း ကြားလိုက်ရ၏။ ဖန်ရှုံ့ဖုန်းနှင့် မန်လီက တန်မျှော်စင်ထဲတွင်ရပ်၍ ကြယ်စင်များကို မော့ကြည့်ရင်း သူတို့သားအတွက် ဆုမွန်ကောင်းတောင်းပေးနေကြလေသည်။
ထိုစဉ် မန်ဟိုသည် ဘိုးဘေးမြေထဲရှိ ရှေးဂူသင်္ချိုင်းထဲတွင် ထိုင်နေ၏။ သူကား အင်မော်တယ်အကြောသုံးလေးကြောတင်မကပဲ ငါးကြောအထိ ဖော်ဆောင်ခဲ့လေပြီးလေပြီ။ သူသည် ယခုတွင် သူသည် ခြောက်ကြောမြောက်အား ဖော်ဆောင်နေ၏။
မြူနဂါးကြီးမှာ ယခုတွင် တစ်၀က်ကျော် မရှိတော့ပေ။ ရှေးဂူသင်္ချိုင်းမှာလည်း မြူများပင် ဖုံးလွှမ်းမနေတော့ပေ။ မန်ဟိုက ထိုနေရာတွင် ကျင့်ကြံနေပြီး မပြီးဆုံးသေးကြောင်းသိသာ၏။
သူသည် တစ်ခါမှ မဖြစ်ခဲ့ဖူးသော အရာမျိုးကို ဖြစ်စေချင်၏။ သူသည် ပြင်ဆင်မှုများကိုသာ မလုပ်ချင်ပေ။ သူ လုပ်ချင်သည့်အရာက သူအင်မော်တယ်အဆင့်သို့ တက်သည်နှင့်တစ်ပြိုင်နက် လုံးလုံးလျားလျား တဟုန်ထိုး မြင့်တက်သွားရန်ဖြစ်သည်။
သူသည် ဘာမှမလုပ်ဘဲနေလျှင်နေ သို့မဟုတ် လူများအား တစ်ခါမှ မကြုံစဖူး အံ့ဩသွားစေမည်ဖြစ်သည်။
သူ၏ ခြောက်ကြောမြောက်အင်မော်တယ်ကား ငါးဆယ်ရာခိုင်နှုန်း ပြီးပြည့်စုံခြင်းသို့ ရောက်ရှိသွားသဖြင့် ထစ်ချုန်းသံများ သူ့ခန္ဓာကိုယ်ထဲတွင် ပြည့်နှက်သွား၏။ ၎င်းသည် ဆက်သွားနေပြီးနောက် မကြာမီ ခြောက်ဆယ်ရာခိုင်နှုန်း၊ ခုနစ်ဆယ်ရာခိုင်နှုန်းနှင့် ရှစ်ဆယ်ရာခိုင်နှုန်းသို့ ရောက်ရှိသွား၏။
မန်ဟိုမှာ ရှေးဂူသင်္ချိုင်းထဲတွင် မည်မျှကြာကြာ ရှိနေပြီလဲ မသိသော်လည်း အချိန်ကို မဖြုန်းလို၍ ဆက်လက်တွန်းအားပေးနေလေသည်။
နောက်ဆုံးတွင် သူသည် ကိုးဆယ်ရာခိုင်နှုန်းသို့ ရောက်ရှိသွားပြီး တစ်ရာရာခိုင်နှုန်း ပြည့်သွား၏။ ထို့နောက် အကန့်အသတ်မရှိသော စွမ်းအင်တို့က သူ့ထံမှ ဖြာထွက်လာသည်။ ကြီးကျယ်ခမ်းနားသော အရောင်အဝါတို့က သူ၏ ခန္ဓာကိုယ်ကို သလင်းကျောက်သဖွယ် ကြည်လဲ့ရှင်းလင်းနေစေ၏။ မျက်စိတစ်မှိတ်အတွင်း သူ့မှာ ဝိညာဉ်ကျောက်တုံးတစ်တုံးပမာ ဖြစ်လာသည်။
မန်ဟိုက သူ့ကိုယ်သူ ယခုမြင်ရပါက သူ့ကိုယ်သူ ကြွေသွားပေလိမ့်မည်။
သို့သော် အကြောခြောက်ကြောက အဆုံးသတ်မဟုတ်ပေ။ မန်ဟိုက တခဏလေးပင် တုံ့ဆိုင်းနေခြင်းမရှိဘဲ သူ၏ ကျင့်ကြံခြင်းအခြေခံစွမ်းအားကို စုစည်း၍ မြူနဂါးကြီးထံမှ စွမ်းအားများအား စုပ်ယူပြီးနောက် ခုနစ်ကြောမြောက်အင်မော်တယ်အကြောအား ဖော်ဆောင်တော့သည်။
မန်ဟိုသည် ယခုတွင် ဟိုးရှေးရှေးတုန်းက ကြေးနဂါးကြီးမှာ အလွန့်အလွန် ကြောက်မက်ဖွယ်ရာ ကောင်းခဲ့မည်ဖြစ်ကြောင်း သဘောပေါက်လိုက်လေပြီ။ ထို့အတွက်ကြောင့်သာမဟုတ်လျှင် နှစ်ပေါင်းများစွာ ကြာသည့်တိုင် ၎င်း၌ ဤမျှများပြားသော အင်မော်တယ်ချီများ ရှိနေဦးမည် မဟုတ်ပေ။
မကြာမီ ခုနစ်ကြောမြောက်အင်မော်တယ်အကြောအား ဖော်ဆောင်ပြီးသွား၏။
မြူလွှမ်းကောင်းကင်အမိုးခုံး၏ အပြင်တွင် ဖန်တောက်ဟုန်နှင့် ဖန်လင်းဟဲ့တို့သည် အတွင်း၌ ဘာတွေ ဖြစ်ပျက်နေလဲမသိသဖြင့် စောင့်စားနေ၏။ သူတို့သိသမျှမှာ မန်ဟို မြူလွှမ်းကောင်းကင်အမိုးခုံးထဲသို့ ၀င်ပြီး ရှေးမနှောင်းမှာပင် ဘိုးဘေးမြေတစ်ခုလုံး မြူပင်လယ်ကြီးပမာ ဖြစ်လာသည့်အလားပင်။
လေလယ်တွင် သတ္တမခေါင်းဆောင်ကြီးသည် မြူလွှမ်းကောင်းကင်အမိုးခုံးထဲရှိ အပြောင်းအလဲများကို ကြည့်ပြီး မန်ဟိုက ကြီးကျယ်ခမ်းနားသော အသွင်ပြောင်းမှုကို လုပ်ဆောင်နေပြီး မယုံကြည်နိုင်ဖွယ်အမြင့်တစ်ခုသို့ တက်လှမ်းနေကြောင်း ခံစားလိုက်ရ၏။
အချိန်များ ကုန်လွန်သွားပြီး ဘိုးဘေးမြေပြန်ဖွင့်ရန် သုံးရက်သာ လိုတော့သည်။ မန်ဟိုသည် ရှေးသင်္ချိုငိးဂူကြီးထဲတွင် သူ၏ ခုနစ်ကြောမြောက်အင်မော်တယ်အကြောအား အောင်အောင်မြင်မြင် ဖော်ဆောင်ပြီးသွား၏။ စူးရှတောက်ပသော အရောင်အဝါတို့က သူ၏ ကြည်လဲ့သော ခန္ဓာကိုယ်မှ ဖြာထွက်ရင်း ရှေးဂူသင်္ချိုင်းအား အလင်းရောင်ပေးနေ၏။
မန်ဟိုက မျက်လုံးများဖွင့်လိုက်ပြီး တောက်ပလာသော အလင်းမှာ လုံးလုံးလျားလျား ခြားနားနေလေပြီ။ ၎င်းသည် စီးဆင်းနေသော ရေပြင်ထက်သို့ ဖြာကျနေသော လရောင်ပမာ နက်နဲသိမ်မွေ့၏။ ယခုတွင် မြူနဂါးကြီးတွင် အမြီးကြီးသာ ကျန်ရှိတော့လေပြီ။ ၎င်းတွင် ပါရှိသော အင်မော်တယ်ချီများမှာ သိပ်သည်းနေသော်လည်း သိပ်များများစားစား မကျန်တော့ပေ။
"ငါ နောက်တစ်ကြော ဖွင့်နိုင်သေးတယ်" သူ၏ မျက်လုံးများက ရူးမိုက်မှုတို့ဖြင့် တောက်ပနေပြီး သူက အသက်ပြင်းပြင်း ရှုသွင်းရင်း ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်ကာ အင်မော်တယ်အကြောခုနစ်ကြော၏ စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ ဂျိန်းခနဲ ထစ်ချုန်းသံကြီးနှင့်အတူ သူက မြူနဂါးကြီး၏ အမြီးကို စတင်စုပ်ယူတော့၏။
အင်မော်တယ်အကြော စတင်ဖြစ်ပေါ်လာစဉ် သူ၏ ခန္ဓာကိုယ်မှာ ပေါက်ကွဲတော့မည့်အလား ဖြစ်လာသည်။ အရှိန်အဝါသည် သူ့ခန္ဓာကိုယ်ထဲတွင် ပြင်းထန်လာပြီး သူ့မှာ မည်သည့်နယ်ပယ်တွင် ရောက်ရှိသွားပြီလဲ မသိတော့ပေ။ သို့သော်လည်း ၎င်းက အရေးမကြီး။
မန်ဟို့စိတ်ထဲတွင် အတွေးတစ်ခုသာရှိပြီး ထိုအတွေးက သူ၏စွမ်းအားကို အဆုံးစွန်အထိ တွန်းပို့၍ ရှစ်ကြောမြောက်အင်မော်တယ်အကြောအား ဖော်ဆောင်ရန်ဖြစ်သည်။
"ငါ ဒီအင်မော်တယ်အကြောကို အောင်မြင်သွားရင်တော့ အဆုံးသတ်မှာ အင်မောတယ်အကြော ၁၀၁ ကြော မဟုတ်ဘဲ ၁၀၈ ကြောကို ဖွင့်နိုင်လိမ့်မယ်
“ဒါပေမယ့် အဲ့ဒါက အတွေးသက်သက်ပဲ ရှိသေးတာ။ တကယ်တမ်း အဲဒီ့အရေအတွက်ထက်တောင် ပိုများနိုင်သေးတယ်
“ဒါပေမယ့် ဘယ်လိုဖြစ်ဖြစ် ငါ အင်မော်တယ်နယ်ပယ်အတွက် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ပြီးပြီ။ တခြားလူတွေထက် ရုန်းကန်ပြီး ပြင်ဆင်ခဲ့ရတာ။ ငါ့အင်မော်တယ်အကြောတွေက သေချာပေါက် တခြားလူတွေထက် သာလိမ့်မယ်
“ဒါပေမယ့် ငါ့ပန်းတိုင်က လူတစ်ယောက်ထက် သာဖို့မဟုတ်ဘူး။ ငါ့ရဲ့ပန်းတိုင်က ထာ၀ရတစ်လျှောက်လုံး ငါ့ကိုယ်ငါထက် သာနေဖို့ပဲ
“ငါ့ကိုယ်ငါ ကျော်လွှားဖို့ ၊ အတားအဆီးတွေကို ဆက်တိုက်ချိုးဖျက်ဖို့ ငါဟာ ငါ့လမ်းအတိုင်း အဆုံးသတ်ကို လျှောက်မယ်
“ဒါကြောင့် မန်ဟို့ရဲ့တာအိုက ဦးတည်ရာပဲ။ လွတ်လပ်မှု၊ အမှီအခိုကင်းမှု၊ စိုးရိမ်ကြောင့်ကြမှုကင်းမဲ့မှု။ ငါ လိုချင်တဲ့အရာကို မိုးကောင်းကင်က ပေးတာ ပိုကောင်းလိမ့်မယ်။ ငါ မလိုချင်တာရှိရင်လည်း အဲ့ဒါက မိုးကောင်းကင်မှာ မရှိတာ ကောင်းလိမ့်မယ်
“ဩဇာကြီးမားမှုနဲ့ လွတ်လပ်မှု အဲ့ဒါက မန်ဟို့တာအိုပဲ" အင်မော်တယ်ချီများ တဝေါဝေါ ၀င်လာပြီး ရှစ်ကြောမြောက်အင်မော်တယ်အကြောကို ဖန်တီးဖော်ဆောင်နေသဖြင့် မန်ဟို့ကိုယ်ထဲတွင် ထစ်ချုန်းသံများ ပြည့်နှက်သွားသည်။
ဆယ်ရာခိုင်နှုန်း၊ သုံးဆယ်ရာခိုင်နှုန်း၊ ငါးဆယ်ရာခိုင်နှုန်း။
နှစ်ရက်ကြာသွားပြီး ယခုတွင် ဘိုးဘေးမြေပြန်ဖွင့်ရန် တစ်ရက်သာလိုတော့လေသည်။ မန်ဟို၏ ရှစ်ကြောမြောက်အင်မော်တယ်အကြောကား တစ်ရာရာခိုင်နှုန်း ပြည့်စုံသွားပြီဖြစ်၏။
အင်မော်တယ်အကြောရှစ်ခု။
***