← Chapters

မိုးသက်မုန်တိုင်းများ စုဝေးလာခြင်း

Vol. 69 Ch. 966

မိုးသက်မုန်တိုင်းများ စုဝေးလာခြင်း

Vol. 69 Ch. 966

အရှေ့အောင်ပွဲဂြိုဟ်၊ ဖန်မျိုးနွယ်စု၏ ဘိုးဘေးစံအိမ် ၊ ပင်မခန်းမထဲတွင် ဖန်မျိုးနွယ်ဝင်များ ကြိတ်ကြိတ်တိုးလျက်ရှိသည်။ ဘိုးဘေးစံအိမ်၏ နေရာအားလုံးနီးပါးမှာ လူများပြွတ်သိပ်ကြပ်လျက်ရှိပြီး မတိုးနိုင်၍ အပြင်၌ ကျန်ခဲ့သူများပင် ရှိချေသည်။

ဆေးဝါးတာအိုအဖွဲ့ရှိ ဆေးဝါးပညာရှင်အားလုံး၊ ဆေးဝါးအတတ်သင်အားလုံးသည် စူးစူးစိုက်စိုက် ကြည့်နေကြ၏။

ဖန်မျိုးနွယ်စုအပြင် အရှေ့အောင်ပွဲဂြိုဟ်ပေါ်ရှိ ကျန်အင်အားစုများ၊ ကျင့်ကြံသူများလည်း မန်ဟို့အကြောင်း ကြားသိလိုက်ရ၍ ယခုတွင် စောင့်စားနေကြလေသည်။

အမှန်တွင် နဝမတောင်ပင်လယ်ရှိ ဂိုဏ်းအသီးသီးနှင့် မျိုးနွယ်စုအကုန်လုံးနီးပါးသည် မည်ကဲ့သို့လူမျိုးက မကြာသေးမီက အဆင့်တက်သွားခဲ့သော နာမည်ကြီးအစစ်အမှန်အင်မော်တယ်အားလုံး၏ စိတ်ဝင်စားမှုနှင့် စိန်ခေါ်မှုကို ဤမျှရရှိထားသည်လဲ သိရဖို့ စောင့်စားနေကြခြင်းဖြစ်သည်။

မန်ဟိုက ထွက်ပင်မလာသေးသော်လည်း သူ၏ဂုဏ်သတင်းက ‌နဝမတောင်ပင်လယ်တစ်ခွင် ဟိုးလေးကျော်နေချေပြီ။

လူများ စောင့်ကြည့်နေကြစဉ် ဖန်ဝေသည် ပင်မခန်းမ၏အပြင်၌ တင်ပျဉ်ခွေထိုင်နေ၏။ နောက်ဆုံးတော့ သူက ခေါင်းကို ဖြေးညင်းစွာ မော့လိုက်ပြီး ပင်မခန်းမကို ကြည့်လိုက်သော သူ၏မျက်လုံးများတွင် မယုံကြည်နိုင်ဖွယ် သွေးအေးမှုတို့ ပြည့်နှက်သွားသည်။

ဤအခိုက်အတန့်တွင် မဟာအကြီးအကဲသည် အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ညာလက်ကို ခါရမ်းလိုက်၏။ ဂျလိန်းဂျလိန်း ထစ်ချုန်းသံများနှင့်အတူ ဧရာမဝဲကြီးတစ်ဝဲ ပေါ်လာသည်။

ဝဲကြီးက တဝေါဝေါ လည်ရင်း မြင့်သထက် မြင့်တက်လာကာ ဘုရားကျောင်း၏အပြင်သို့ ထွက်ကာ လူတိုင်းမြင်ရနိုင်သော အမြင့်သို့ ရောက်ရှိလာ၏။

"ဘိုးဘေးမြေ ပွင့်လာပြီ။ ဖန်ဟို ထွက်လာတော့မယ်"

"ထွက်လာလဲ ဘာလုပ်နိုင်တော့မှာလဲ။ မင်းသားဝေက သူ့ကို သေစေချင်နေမှတော့ သေချာပေါက် သေရလိမ့်မယ်။

"ဆိုးလွန်းတာပဲ။ သူ့သွေးဆက်က ဖန်ဝေထက် သန်မာပြီး ပင်ကိုယ်စွမ်းရည်က အတူတူလောက်ဆိုပေမယ့် အစစ်အမှန်အင်မော်တယ်အဆင့်ကို ရောက်တာနဲ့ ပတ်သက်ရင် သူက နည်းနည်းနောက်ကျနေတယ် ... နည်းနည်းလေး နောက်ကျကျန်ခဲ့တာနဲ့ ခြေလှမ်းတိုင်း နောက်ကျနေရတော့မှာ။ အစစ်အမှန်အင်မော်တယ်အဆင့်ကနေ ရှေးဟောင်းနယ်ပယ်ကို တက်ရင် ပြောမနေနဲ့တော့"

လူအုပ်ကြီးမှာ ဆူညံပွက်လောရိုက်နေပြီး ဖန်ရွှီသည် ရှူးရှူးရှားရှား အသက်ရှူရင်း လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လျက် စိုးရိမ်နေသော မျက်နှာထားဖြင့် သူတို့အကြားတွင် ရပ်နေ၏။ သို့သော် သူသည် မန်ဟို လက်ဖျားခါလောက်အောင် အံ့ဩတုန်လှုပ်ဖွယ်ရာအရာတစ်ခုကို လုပ်နိုင်မည်ဟု ယုံကြည်နေဆဲပင်။

"ဖန်ဟို၊ အစ်ကိုကြီး နိုင်ရမယ်နော်"

ဖန်ဝေ၏ အမူအရာသည် တည်ငြိမ်နေသော်လည်း သူ၏မျက်လုံးများက အသတ်အဖြတ်စိတ်ဆန္ဒဖြင့် တောက်ပနေပြီး သူ၏သတ်ဖြတ်လိုစိတ်မှာ ပိုမိုအားကောင်းလာသည်။ သူ့မျက်လုံးများသည် ဓားမြှောင်တစ်လက်ပမာ ဝဲထံသို့ ရွေ့လျားသွားသည်ကို လူတိုင်း မြင်လိုက်ကြရ၏။

ယနေ့ကို သူ စောင့်နေခဲ့ရသည်မှာ လွန်စွာကြာပြီဖြစ်ပြီး နောက်ဆုံးတွင်တော့ ရောက်လာခဲ့လေပြီ။ ဖန်ဝေက ဤမျိုးဆက်၏ ရွေးချယ်ခံ၊ ဖန်ဝေက ‌ဖန်မျိုး‌နွယ်စု၏ မျှော်လင့်ချက်ဆိုသည်ကို ဖန်မျိုးနွယ်စုတစ်စုလုံး ၊ နဝမတောင်ပင်လယ်၏ ဂိုဏ်းများ၊ မျိုးနွယ်စုများအားလုံး သိသွားအောင် သူ သက်သေပြတော့မည်။

အရှေ့‌တက်လှမ်းခြင်း‌နေနေ့အတွင်း သူ သည်းခံခဲ့ရသော အရှက်ကွဲမှုအား ယခု လက်စားပြန်ချေတော့မည်။

"ဖန်ဟို၊ မင်းက ငါ့ဖဝါးအောက်က ခြေနင်းကျောက်တုံး‌လေးတစ်တုံးသာသာပဲ။ မင်း ဖြစ်တည်လာရတဲ့ တစ်ခုတည်းသော အကြောင်းရင်းက ငါ အမြင့်ကို တက်လှမ်းနိုင်အောင် အနင်းခံရဖို့သက်သက်ပဲ" သူ၏အမူအရာမှာ မောက်မာ‌ဝင့်ကြွားနေပြီး သူ့နှလုံးအိမ်ထဲတွင် အေးစက်မှုတို့ ပြည့်နှက်နေသည်။ သူ၏အသတ်အဖြတ်စိတ်ဆန္ဒသည် အားကောင်း၍သာ လာပြီး သူကား တဖျက်ဖျက်လက်လျက် မြနေသော ဓားတစ်လက်နှင့်တူလာသည်။

ဤအခိုက်အတန့်တွင် အချိန်သည် ရပ်တန့်သွားပုံရပြီး တစ်ကမ္ဘာလုံး တိတ်ဆိတ်လာသည်။ မရေမတွက်နိုင်သော အကြည့်များက ဘိုးဘေးမြေ၏ထွက်ပေါက်အပေါ်တွင် အာရုံစိုက်လျက်ရှိ၏။

လေလယ်ရှိ ဝဲကြီးသည် ဖြေးညင်းစွာ လည်‌နေစဉ် ရုတ်တရက် လင်းရောင်ပြိုးပြက်နေသော ရေပြင်ပမာ တလက်လက်  တောက်ပလာပြီး လူရိပ်တစ်ခု ပေါ်လာသည်။

လူရိပ်ပေါ်လာလျှင်ချင်း မရေမတွက်နိုင်သော မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး လူများမှာ အသက်အောင့်မိလိုက်ကြသည်။ ဖန်ဝေ၏ အသက်အဖြတ်စိတ်ဆန္ဒသည် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး ထစ်ချုန်းသံကြီးအား ကောင်းကင်တွင် ပြည့်နှက်သွားစေ၏။ အပူချိန်မှာ ရုတ်တရက် ထိုးကျသွားသယောင်ပင်။

မကြာမီ လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်လာသည်။ သူတို့ကြည့်နေသော လူရိပ်၊ ဝဲထဲမှ ထွက်လာသော ပုဂ္ဂိုလ်မှာ ... မီးခိုရောင်ဆံပင်များနှင့် အဘိုးကြီးတစ်ဦးဖြစ်နေသည်။ ထိုအဘိုးကြီးက သေဘေးမှ လွတ်လာသကဲ့သို့ စိတ်လှုပ်တရှား ထွက်လာသည်။ သူ့မှာ ဘိုးဘေးမြေထဲတွင် စကားလုံးများဖြင့် မဖော်ပြနိုင်သော အကြောက်တရားတို့ကို ရင်ဆိုင်ခဲ့ရသည့်အလား တုန်ရီလျက်ရှိ၏။ သူ့ရင်ထဲတွင် စိုးရိမ်သောကများ ပြည့်နှက်‌မွန်းကြပ်နေခဲ့သော်လည်း ယခုမှ စိတ်အေးသွားပုံပါ်နေသည်။ တစ်ချိန်တည်းမှာပင် သူသည် သူ၏ စိတ်ပျက်ဖွယ်အနာဂတ်အား တွေးလိုက်မိသကဲ့သို့ မျက်နှာကြီးမည်းသွားပြန်၏။

"ဖန်ဟို မဟုတ်ပါလား ...."

"အကြီးအကဲ ဖန်‌ရွှေယွမ်ဟ"

"သူက ဘာလို့ ဘိုးဘေးမြေကနေ ထွက်လာတာလဲ"

ဖန်မျိုးနွယ်ဝင်များမှာ တအံ့တဩ ရေရွတ်ကုန်ကြသည်။

ဖန်ရှုံ့ရှန်းသည် အဘိုးကြီးကို မြင်လျှင် လန့်သွား၏။ ထို့နောက် သူ့မျက်နှာက မသိမသာ ရိပ်ခနဲ ဖြစ်သွားသည်။ မဟာအကြီးအကဲ၏မျက်ခုံးများက ရုတ်တရက် ကျုံ့သွားသည်။

အဘိုးကြီးက ပေါ်လာပြီးနောက် ပြုံတိုးနေသော မျိုးနွယ်ဝင်များကို ကြည့်ပြီး တုန်လှုပ်သွား၏။ ထို့နောက် တင်ပျဉ်ခွေထိုင်နေသော ဖန်ဝေကို မြင်သောအခါ အစစ်အမှန်အင်မော်တယ်အငွေ့အသက်ကို ချက်ချင်း ခံစားလိုက်ရ၏။

"သူက .... အစစ်အမှန်အင်မော်တယ်အဆင့်တက်သွားပြီပဲ။ ဪ ဖန်ရှုံ့ရှန်း .... အခု ငါ သဘောပေါက်ပြီ" အဘိုးကြီးသည် ရဲရဲတောက်နေသော မျက်လုံးများဖြင့် ဖန်ရှုံ့ရှန်းကို မမှိန်မသုန်ကြည့်လိုက်သည်။

"ဖန်ရှုံ့ရှန်း" သူက ဆိုသည်။ "ငါတို့ကြားမှာ စာရင်းမရှင်းရသေးဘူးနော်။ အေး ငါတို့နှစ်ယောက်ထဲက တစ်ယောက် မသေမချင်း ငါ အနားမယူဘူး" သူ၏စကားလုံးများက လူအုပ်ကြီးထံမှ အာမေဍိတ်သံများ ထွက်လာစေသည်။ မဟာအကြီးအကဲဖန်ရွှေယွမ် ဘာအကြောင်းပြောနေသလဲ ဘယ်သူမှ ရေရေရာရာ မသိကြပေ။

သို့သော် သူတို့တစ်ယောက်မှ မဆွေးနွေးနိုင်ခင် အဘိုးကြီး၏အနောက်ရှိ ဝဲမှာ လှိုင်းထလာပြီးနောက် နောက်ထပ်လူရိပ်များ ထွက်လာသည်။ လူသုံးယောက်သည် တလက်လက်‌ တောက်ပနေသော အလင်းရောင်ထဲမှ လမ်းလျှောက်ထွက်လာ၏။

တစ်ယောက်မှ မန်ဟို မဟုတ်ပေ။

ဤလူသုံးယောက်၏ ပေါ်ပေါက်လာမှုက မျိုးနွယ်ဝင်များအား ပို၍ပင် အံ့အားသင့်‌သွားစေသည်။ သူတို့လည်း အကြီးအကဲများ ဖြစ်ကြလေသည်။ လူတိုင်းမှာ စိတ်ရှုပ်ထွေးကုန်ကြပြီး ဤအကြီးအကဲအားလုံး ဘိုးဘေးမြေထဲမှ ဘာကြောင့် ထွက်လာကြသလဲ ခန့်မှန်းလာကြသဖြင့် သူတို့၏မျက်လုံးထဲ၌ အတွေးနက်သွားသော အရိပ်အယောင်များ ပေါ်လာကြ၏။ မန်ဟိုထွက်လာလိမ့်မည်ဟု လူတိုင်း ထင်ထားကြသည်မဟုတ်ပါလော။

လူသုံးယောက်က ထွက်လာလျှင်ချင်း အင်မော်တယ်နယ်ပယ်သို့ ရောက်နေပြီဖြစ်သော ဖန်ဝေကို ကြည့်ကာ ဖန်ရှုံ့ရှန်းကို ဒေါသတကြီး ကြည့်ကြသည်။ သူတို့လည်း မကျေနပ်မှုများက သူတို့၏နှလုံးသားထဲသာမက အရိုးထဲထိပါ နစ်ဝင်နေသည့်အလား ပထမအဘိုးကြီးအတိုင်း အေးတိအေးစက်အသံများဖြင့် ကြိမ်းဝါးလိုက်ကြ၏။

"ဖန်ရှံ့ရှန်း မင်း အသေဆိုးနဲ့ သေသင့်တယ်"

"မင်း ငါ့ကို ဖြေရှင်းချက်ကောင်းကောင်းပေးတာ ကောင်းမယ် ဖန်ရှုံ့ရှန်း။ မဟုတ်ရင် မင်း သေပြီသာမှတ်"

"ဖန်ရှုံ့ရှန်း၊ မင်း ဘယ်လိုလုပ် ငါတို့ကို ဒီလိုမကောင်းကြံနိုင်တာလဲ။ ဒီရန်ကြွေးကို ငါ တစ်သက်မမေ့ဘူး"

သူတို့မှာ ဆိတ်ဆိတ်သာ မနေနိုင်ခြင်း မဟုတ်ပေ။ သို့သော် မန်ဟိုနှင့်ပတ်သက်၍ ဖြစ်ပျက်သွားခဲ့သမျှအကုန်လုံးက သူတို့အား လုံးလုံးလျားလျား တုန်လှုပ်သွားစေသည်။ သူတို့၏ကျင့်ကြံခြင်းအခြေခံများနှင့် ဉာဏ်ရည်အတိမ်အနက်အရ ဤကိစ္စကို ပုံကြီးချဲ့လွန်းလျှင် ရလဒ်က သူတို့အတွက် မသင့်တော်ရာကျမည်ဖြစ်ကြောင်း သိ၏။

သို့ထိတိုင် ... ဘိုးဘေးမြေ ပွင့်လာပြီးနောက် သူတို့သည် တိတ်တဆိတ် ထွက်သွားနိုင်အောင် ဖန်ရှုံ့ရှန်း ပြင်ဆင်ထားခဲ့သော အထူးနည်းလမ်းကို သုံးဖို့ ကြံခဲ့ကြသည်။ ထိုနည်းလမ်းက ပင်မထွက်ပေါက်ကို သုံးရမည့်တစ်ခုမဟုတ်ပေ။ ဖန်ရှုံ့ရှန်း၏ အထူးနည်းလမ်း အလုပ်မဖြစ်ကြောင်းကို တွေ့သောအခါ သူတို့မည်မျှ ဒေါကန်သွားမည်လဲ စဉ်းစားသာကြည့်နိုင်သည်။

ဖန်ရှုံ့ရှန်းသည် သူတို့ပါ တစ်ခါတည်း သေသွားအောင် ကြံစည်ခဲ့ကြောင်း သူတို့ ချက်ချင်း သဘောပေါက်လိုက်၏။ မန်ဟိုကို သတ်ရာတွင် အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ၊ ဝဲထဲမှ ထွက်လာလျှင် သူတို့အနေဖြင့် ခွင့်ပြုချက်မရှိဘဲ ဘိုးဘေးမြေထဲ ဝင်သည့်အတွက် သေဒဏ်ပေးခံရမှာဖြစ်သည်။

ဖန်ရှုံ့ရှန်းကား ကိုယ်လွတ်ရုန်းရန် ကြံစည်ထားခဲ့လေသည်။ စစချင်း သူ မည်ကဲ့သို့ ထိုသို့ရုန်းနိုင်မည်လဲ သူတို့မသေချာခဲ့ကြပေ။ သို့သော် အားတင်း၍ ထွက်ပေါက်မှ ထွက်လာပြီးနောက် ဖန်ဝေ အင်မော်တယ်နယ်ပယ်သို့ တက်သွားသည်ကို အာရုံရလိုက်သောအခါ အကုန်လုံး ရှင်းလင်းသွား၏။

ဖန်ဝေက အစစ်အမှန်အင်မော်တယ်တစ်ဦး ဖြစ်လာသောကြောင့် သူ့အဖေဖြစ်သော ဖန်ရှုံ့ရှန်းကား မည်သည့်ပြစ်ဒဏ်မှမဆို သေချာပေါက် ကင်းလွှတ်ခံရလိမ့်မည်။

ထို့ကြောင့် သူတို့အားလုံးက ဖန်ရှုံ့ရှန်းကို လူသိထင်ရှား ရှုံ့ချရန် ဆုံးဖြတ်ခဲ့ကြခြင်းပင်။

ထို့ကြောင့်ပင် သူတို့အားလုံး ဝဲထဲမှ ထွက်လာ၍ ဖန်ဝေကို ကြည့်ကာ ဖန်ရှုံ့ရှန်းကို ကြိမ်းဝါးကြခြင်းဖြစ်၏။

ဖန်ရှုံ့ရှန်း၏ မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြန်သည်။ သူသည် မန်ဟို သတ်ပေးဖို့ရန် ဤလူများအား ကိုယ်တိုင်ကိုယ်ကျ သွားရောက်တောင်းဆိုခဲ့၏။ သူ၏ မူလအစီအစဉ်အရ ဘိုးဘေးမြေ ပြန်ပွင့်လာလျှင် ဤလူများအနေဖြင့် သူ၏အထူးနည်းလမ်းအတိုင်း ထွက်ပေါက်ကို မဖြတ်ဘဲ အောင်အောင်မြင်မြင် ထွက်သွားနိုင်သင့်လေသည်။

သို့သော် ယခုတော့ အခြေအနေအား သူ ထိန်းချုပ်မရတော့ပေ။ ထို့နောက် ဤအကြီးအကဲများက သူတို့လုပ်ခဲ့သော အရာကို ချက်ချင်း ထုတ်ပြောကြသည်။ ဖန်ရှုံ့ရှန်း၏မျက်နှာကြီး ‌မည်းမှောင်သွားပြီး သူ၏မျက်လုံးများက အေးစက်စွာ ကျဉ်းမြောင်းသွား၏။

ဤအခိုက်အတန့်တွင် မဟာအကြီးအကဲက အင်္ကျီလက်စခါလိုက်သည်။

"တော်သင့်ပြီ။ ဒီကိစ္စကို ပြီးရင် ရှင်းပေးမယ်။ အခု အကုန်လုံး ငြိမ်ငြိမ်နေကြစမ်း" ဝဲထဲမှ ‌ယခုလေးတင် ထွက်လာခဲ့သော အကြီးအကဲများက ဖန်ရှုံ့ရှန်းကို မုန်းတီးစက်ဆုပ်စွာ လှမ်းကြည့်ကြသည်။ သို့သော်လည်း မဟာအကြီးအကဲကို ကြောက်၍ နောက်ဆုတ်သွားကြ၏။

သူတို့လေးယောက် နောက်ဆုတ်လိုက်သည့်အခိုက်အတန့်မှာပင် ဝဲကြီးသည် ထပ်မံလင်းလက်သွားပြီး မျက်လုံးအားလုံး ၎င်းထံသို့ တစ်ဖန် ရောက်ရှိသွားပြန်သည်။ ဖန်ဝေလည်း မျက်မှောက်ကြုတ်၍ လှမ်းကြည့်လိုက်သည်။

သို့သော် .... ဝဲကြီး လည်နေစဉ် လူရိပ်နှစ်ခု ထွက်လာသည်။ ထပ်မံ၍ မန်ဟိုမဟုတ်ပြန်ပေ။ ထိုအစား သူတို့သည် ဖန်တောက်ဟုန်နှင့် ဖန်လင်းဟဲ့ ဖြစ်၏။ အစက နှစ်ယောက်သား မန်ဟို့ကို ဘိုးဘေးမြေထဲတွင် စောင့်ရန် စီစဉ်ထားခဲ့ကြသော်လည်း ထွက်ပေါက်ပေါ်လာလျှင်ချင်း သူတို့ပင် မတုံ့ပြန်နိုင်ခင် အားကောင်းသော လေတစ်ချက်က သူတို့ကို မြူလွှမ်းကောင်းကင်အမိုးခုံးထံမှ တွန်းထုတ်ခဲ့၏။ သူတို့ ပေါ်လာသောအခါ ထွက်ပေါက်၏အရှေ့တည့်တည့်သို့ ရောက်နေကြောင်း တွေ့လိုက်ရလေသည်။

သူတို့ ပေါ်လာသည်နှင့်တစ်ပြိုင်နက် မျက်လုံးအားလုံးက သူတို့အပေါ် ရောက်လာကြသည်။

"ဖန်ဟိုမဟုတ်တာ ယုံတောင် မယုံနိုင်ဘူး"

"စိတ်ဝင်စားစရာပဲ။ ဘိုးဘေးမြေထဲမှာ အကြီးအကဲခြောက်ယောက်တောင် ရှိနေတာပေါ့။ သူတို့ ဘယ်လိုဝင်သွားကြတာပါလိမ့်။ ပြီးတော့ ... ဘာရည်ရွယ်ချက်နဲ့ အထဲရောက်နေကြတာလဲ"

"ဖန်ဟိုလည်း ဘိုးဘေးမြေထဲမှာ ... ဆိုတော့ ဒီအကြီးအကဲတွေက သူ့ကို တစ်နည်းနည်းနဲ့ အန္တရာယ်ပြုမလို့များလား"

မှန်ပါသည် ၊ မျိုးနွယ်ဝင်များစွာသည် ဉာဏ်ကောင်းသူများဖြစ်၍ အခြေအနေ သုံးသပ်ပြီး မှန်ကန်စွာ အကြမ်းဖျင်းကောက်ချက်ချနိုင်ရန် သိပ်မကြာလိုက်ပေ။

အထူးသဖြင့် ဒေါသူပုန်ထသွားကြသော တိုက်ရိုက်သွေးဆက်များပင်။ မန်ဟို၏ ဦးလေးဆယ့်ကိုးအပါအဝင် အကြီးအကဲများစွာက ရှေ့ထွက်လာသည်။ သူတို့သည် အလွန်တရာ စိတ်ဆိုးနေကြပြီး ကိုယ့်မျိုးနွယ်ဝင်များကို ပြန်သတ်ချင်နေသည့် မြင်ရခဲသော အသတ်အဖြတ်စိတ်ဆန္ဒအား သူတို့၏မျက်လုံးများတွင် မြင်ရနိုင်၏။

ဖန်ရှုံ့ရှန်းသည် ဖြစ်ပျက်နေသောအရာနှင့်ပတ်သက်ပြီး နည်းနည်းလေးမှ ဂရုမစိုက်သည့်အလား ကောက်ကျစ်စွာ ပြုံးလိုက်သည်။ ဖန်ဝေသာ အစစ်အမှန်အင်မော်တယ်ဖြစ်မလာလျှင် ထိုအရာများက သူ့အတွက် ကြီးလေးသောပြစ်ဒဏ်သင့်စေမည်။ သို့သော် အခြေအနေက ယခုလို ဖြစ်နေပြီဖြစ်ရာ မတူသောကိစ္စတစ်ရပ် ဖြစ်သွားလေပြီ။

"ငါ့ကို ဆဋ္ဌမခေါင်းဆောင်ကြီးက ကာကွယ်ပေးထားတာဆိုတော့ မဖြစ်စလောက် ဖန်ဟိုက ဘာလုပ်နိုင်မှာလဲ" ဖန်ရှုံရှန်းက စိတ်ကို တည်ငြိမ်စေရင်း တွေးလိုက်သည်။ သူ့ဘေးတွင် ရပ်နေသော ဖန်ဝေ၏အဘိုးက မျက်မှောင်အနည်းငယ်ကြုတ်သွားသော်လည်း ဘာမှမပြောပေ။

ဖန်တောက်ဟုန်နှင့် ဖန်လင်းဟဲ့က လူအုပ်ကြီးကို တိတ်ဆိတ်စွာ ကြည့်‌သည်။ သူတို့က ဖန်ရှုံ့ရှန်းကို မကြိမ်းမောင်းဘဲ လူတိုင်းကို လျစ်လျူရှုရင်း ဝဲ၏အပြင်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။

ဤမြင်ကွင်းက အတော်များများကို တုန်လှုပ်သွားစေသည်။ မဟာအကြီးအကဲ၏မျက်လုံးများ ဝိုင်းစက်သွား၏။ သူပင်လျှင် ထူးဆန်းသည့်အရာ တစ်ခုခုဖြစ်နေကြောင်း ခံစားလိုက်ရသည်။

အမွှေးတိုင်တစ်တိုင်ထွန်းစာမျှ အချိန်ကုန်ဆုံးသွားသည်။

ရုတ်တရက် ဝဲသည် တစ်ဖန် ပြန်လည်လာသည်။ ဤတစ်ခေါက်က အရင်အခေါက်များနှင့် ကွဲပြားလေသည်။ တဂျိန်းဂျိန်း ထစ်ချုန်းသံများ ပဲ့တင်‌ထပ်နေစဉ် ပိန်ပိန်သွယ်သွယ်လူရိပ်တစ်ခုက ဖြေးဖြေးချင်း လမ်းလျှောက်ထွက်လာနေ၏။

သူ အပြင်သို့ပင် မရောက်မီ အရှေ့အောင်ပွဲဂြိုဟ်အပေါ်ရှိ ကောင်းကင်တွင် သဲကြီးမဲကြိး အုံကြွလာသော မိုးကြိုးများဖြင့် ပြည့်သွားသည်။ တိမ်တိုက်များ တဂျုန်းဂျုန်း မြည်ရင်း တစ်ခုအပေါ်တစ်ခု ထပ်သွားသည်။ အလွန်တရာကြီးမားသော ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်ကြီးများ မျက်စိတစ်မှိတ်အတွင်း ပေါ်ပေါက်လာလေပြီ။

ဤပြစ်ဒဏ်တိမ်တိုက်များမှာ အဆုံးစွန်အထိ ချောက်ချားဖွယ် ကောင်း၏။ ၎င်းတို့ကို ကြည့်လိုက်သည့် မည်သူမဆို မယုံနိုင်စွာဖြင့် ငေးကြည့်ရုံသာ တတ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ဤပြစ်ဒဏ်တိမ်တိုက်များက အလွန့်အလွန်ကြီးမားလွန်း၍ပင်။

၎င်းတို့က အရှေ့အောင်ပွဲဂြိုဟ်တစ်ဂြိုဟ်လုံးကို ဖုံးလွှမ်းထားချေပြီ။

ကြယ်တာရာကောင်းကင်မှ ကြည့်လျှင် အရှေ့အောင်ပွဲဂြိုဟ်တစ်ဂြိုဟ်လုံးမှာ ဧရာမတိမ်တိုက်ကြီးတစ်ခု ဖြစ်သွားသည့်အလားပင်။ ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များ ဖုံးလွှမ်းထားသော ဧရိယာမှာ .... ဆက်လက်၍ ကြီးမားလာသဖြင့် နဝမတောင်ပင်လယ်တစ်ခုလုံး တုန်လှုပ်သွားကြတော့သည်။

ဖန်းတုံးအာ ၊ ဖန်ဝေ၊ လောလောလတ်လတ်ကမှ အင်မော်တယ်နယ်ပယ်သို့ တက်လှမ်းသွားခဲ့သော ရွေးချယ်ခံတစ်ယောက်မှ ယခုလို မိုးကောင်းကင်နှစ်ခြမ်းကွဲ၍ ကမ္ဘာမြေကြီးအား တုန်ခါဟည်းစေသော ပြစ်ဒဏ်တိမ်တိုက်မျိုးအား မဆွဲဆောင်ခဲ့ဖူးပေ။

ဤပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များနှင့်ယှဥ်လျှင် သူတို့ ရင်ဆိုင်ခဲ့ရသော ပြစ်ဒဏ်တိမ်တိုက်များမှာ ကလေးကစားစရာများအလားပင်။

"အဲ့ဒါ... ဘယ်... ဘယ် ... ဘယ်လို ပြစ်ဒဏ်မျိုးကြီးလဲ"

ယင်းက စောင့်ကြည့်နေသော ကျင့်ကြံသူအားလုံး၏ စိတ်နှလုံးများကို တုန်လှုပ်ချောက်ချားသွားစေသော မေးခွန်းဖြစ်သည်။

***

All Chapters