← Chapters

ပါရာဂွန်အင်မော်တယ်ပြစ်ဒဏ်

Vol. 70 Ch. 967

ပါရာဂွန်အင်မော်တယ်ပြစ်ဒဏ်

Vol. 70 Ch. 967

ဤအခိုက်အတန့်တွင် အရှေ့အောင်ပွဲဂြိုဟ်၏ ကျင့်ကြံသူများ အံ့ဩတုန်လှုပ်ကုန်ကြသည်။ ဖန်မျိုးနွယ်ဝင်များ တုန်လှုပ်ကုန်ကြသည်။ နဝမတောင်ပင်လယ်၏ ဂိုဏ်းများနှင့် မျိုးနွယ်စုများ .... လုံးလုံးလျားလျား တုန်လှုပ်ကုန်ကြလေသည်။

ပြစ်ဒဏ်တိမ်တိုက်များ အရှေ့အောင်ပွဲဂြိုဟ်ကို လွှမ်းခြုံ၍ ဆက်လက်ပျံ့နှံ့လာသည်ကို မြင်သောအခါ သူတို့၏မျက်လုံးများသည် ဝိုင်းစက်ပြူးကျယ်သွားပြီး ချာချာလည်သွားကြ၏။

"အဲ့ဒါ .... ဘာ ပြစ်ဒဏ်ကြီးလဲ"

"ဘယ်လိုလုပ်ပြီး ဒီလိုအင်မော်တယ်ပြစ်ဒဏ်မျိုး ရှိနိုင်မှာလဲ"

"သေချာပေါက် အင်မော်တယ်မိုးကြိုးတိမ်တိုက်တွေ မဖြစ်နိုင်ဘူး။ မထင်မှတ်ထားတဲ့ ကပ်ဘေးကြီး အစပျိုးနေတာများလား"

"ဒီလိုပြစ်ဒဏ်မိုးကြိုးက မဖြစ်နိုင်ဘူး"

အရှေ့အောင်ပွဲဂြိုဟ်မှာ အုတ်အော်သောင်းနင်းဖြစ်နေသလို နဝမတောင်ပင်လယ်လည်း ထိုနည်းတူပင်။ ဤအခိုက်အတန့်တွင် မျက်လုံးအားလုံးသည် အံ့ဩထိတ်လန့်မှု၊ မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်နေ၏။

အထူးသဖြင့် ဆွံ့အသွားကြပြီး စိတ်ထဲ၌ တစ်ခါမှ မဖြစ်ခဲ့ဖူးသော ထစ်ချုန်းသံကြီး ပြည့်နှက်သွားကြသော ဂိုဏ်းများ၊ မျိုးနွယ်စုများ၏ ရွေးချယ်ခံများပင်။

ဖန်ဝေလည်း က္ကန္ဒြေမဆည်‌နိုင်အောင် မှင်သက်နေသည်။ သူသည် ‌မိုးကောင်းကင်ထက်ရှိ ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များကို မော့ကြည့်ပြီး တစ်ကိုယ်လုံး တုန်ရီစပြုလာ၏။ သူ့မှာ မျက်စိမျက်နှာပျက်လျက် တစ်ခုတည်းသောအရာကိုသာ တွေးလိုက်နိုင်သည်။

"မဖြစ်နိုင်ဘူး"

ထိုအခိုက်အတန့်မှာပင် နဝမပင်လယ်နတ်လောကတွင် ဖန်းတုံးအာသည် အရှေ့အရှေ့အောင်ပွဲဂြိုဟ်ပေါ်၌ ဖြစ်ပျက်နေသော မြင်ကွင်းအား မြင်နေရသည့် ဧရာမသလင်းဖန်သားပြင်၏‌အရှေ့တွင် ရပ်နေ၏။ သူမမျက်နှာမှာ ဖြူဖျော့နေပြီး သလင်းဖန်သားပြင်ပေါ်ရှိ ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များကို စိုက်ကြည့်နေသော သူမမျက်ဝန်းများတွင် မယုံကြည်နိုင်မှုတို့ ပြည့်နှက်နေသည်။

အမှန်တွင် သူမအနေဖြင့် သလင်းဖန်သားပြင်ကို ကြည့်စရာပင် မလိုပေ။ အရှေ့အောင်ပွဲဂြိုဟ်ပေါ်၌ ဖြစ်ပျက်နေသော မယုံကြည််နိုင်ဖွယ် အဖြစ်အပျက်များကြောင့် နဝမပင်လယ်ထက်တွင် တဖွေးဖွေး လှုပ်နေသော အံ့ဖွယ်အခိုးအငွေ့များကို သူမ၏နတ်ဘုရားစွမ်းရည်ဖြင့် ခံစားရလေသည်။

"သူလား ..." သူမက တွေးသည်။ "ဒါပေမဲ့ အစစ်အမှန်အင်မော်တယ်အဆင့်ကို တက်လှမ်းနေတဲ့ ခုလတ်ဖြစ်ရင်တောင်မှ သူ့အနေနဲ့ ဒီလိုပြစ်ဒဏ်မိုးကြိုးတိမ်တိုက်တွေကို မလှုံ့ဆော်နိုင်လောက်ဘူး။ အဲဒါမျိုး တစ်ခါမှ ကြားကို မကြားဖူးခဲ့တာ။ သူ .... ဒီလိုပုံစံမျိုးနဲ့ ထွက်လာနိုင်အောင် ဘယ်လောက်တောင် စေ့စေ့စပ်စပ် ပြင်ဆင်ထားခဲ့တာလဲ"

ကျောက်ရီဖန်းသည် မြင့်မြတ်သောရေစီးဓားဂူတွင် စိတ်နှလုံး ချာချာလည်လျက် ကောင်းကင်ကြီးအား ငေးကြောင်ကြည့်နေ၏။ မကြာသေးမီက ခေါင်းပြန်ထောင်လာနိုင်မှုကြောင့် ယုံကြည်ချက်များဖြင့် ပြည့်နှက်နေခဲ့သည့် သူ၏ ကုစားထားသော တာအိုနှလုံးသားမှာ ယခုတော့ ... ပြန်လည်အက်ကွဲစပြုနေလေပြီ။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ .... " သူက တုန်ရီနေလျက် ရေရွတ်လိုက်သည်။ "သူ့အစစ်အမှန်အင်မော်တယ်ဖြစ်တည်မှုက .... ငါနဲ့ ကွာခြားနေတာလား"

တစ်ချိန်တည်းမှာပင် ဝမ်မျိုးနွယ်တွင် ဝမ်တန်ဖေးသည် လက်သီးကျစ်ကျစ်ဆုပ်ထားပြီး နဖူးထက်၌ သွေးကြောများထောင်လျက်ရှိသည်။ သူ့အတွက် စိတ်ငြိမ်ငြိမ်ထားရန် မဖြစ်နိုင်တော့ပေ။ "သူ့ အစစ်အမှန်အင်မော်တယ်လမ်းစဉ်က ဘာလဲ..."

စုန့်လော့တန်၊ ဝမ်မု၊ ထိုက်ယန်ကျစ်၊ စွန်းဟိုက်နှင့် လောလောလတ်လတ်ကမှ အဆင့်တက်လာခဲ့သော အစစ်အမှန်အင်မော်တယ်အသစ်များမှာ ဤအခိုက်အတန့်တွင် စိတ်နှလုံးချာချာလည်နေကြတော့သည်။

လီလင်းအာက မိုးကောင်းကင်ကို မော့ကြည့်နေသည်။ သူမတွင် မန်ဟိုနှင့် ရှုပ်ထွေးသော ပတ်သက်မှုရှိပြီး ဤအခိုက်အတန့်တွင် သူမစိတ်မှာ ပရမ်းပတာဖြစ်နေ၏။ မန်ဟို အစစ်အမှန်အင်မော်တယ်အဆင့်တက်လှမ်းမည်ကို သူမ ခန့်မှန်းထားခဲ့ပြီးဖြစ်သည်။ သို့သော် မန်ဟို၏ ပြစ်ဒဏ်တိမ်တိုက်များက  လက်ဖျားခါလောက်အောင် မယုံနိုင်စရာကောင်းနေသည်ကို သူမ လက်မခံနိုင်သေးပေ။

ချူယွီယန်နှင့် ဆေးလုံးမိစ္ဆာလည်း ကောင်းကင်နှင့်မြေကြီးရှိ စွမ်းအင်များတွင် ကြီးမားသောပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ကို အာရုံရလိုက်ကြသည်။ တောင်ကောင်းကင်ဂြိုဟ်ပေါ်တွင်လည်း မန်ဟို၏မိဘနှစ်ပါးသည် စောင့်ကြည့်နေ၏။

ဤအခိုက်အတန့်တွင် မျက်လုံးအားလုံးက အရှေ့အောင်ပွဲဂြိုဟ်ကို အာရုံစိုက်နေကြလေပြီ။

ဖန်မျိုးနွယ်ဝင်များမှာတော့ ဘိုးဘေးမြေ၏ဝဲထဲမှ ထွက်‌လာနေသော လူရိပ်ကို မယုံကြည်နိုင်စွာ ကြည့်နေကြသည်။

"သူ့ကြောင့်လား..." ဖန်မျိုးနွယ်တစ်ဦးတစ်ယောက်ချင်းစီ၏ ရင်ထဲတွင် ပြောပြမတတ်နိုင်သော အံ့ဩတုန်လှုပ်မှုတို့ ပြည့်နှက်နေကြ၏။

ဖန်ရှုံ့ရှန်းမှာ ပါးစပ်အဟောင်းသားဖြစ်နေပြီး ဖန်ဝေ၏အဘိုးမှာတော့ ပင့်သက်ရှိုက်လိုက်မိသည်။ မဟာအကြီးအကဲမှာမူ စိတ်နှလုံးချာချာလည်နေပြီး ကြောင်၍ကြည့်နေသည်။

ဤအခိုက်အတန့်တွင် မန်ဟိုက ဝဲ၏အပြင်သို့ ဖြေးညင်းစွာ ခြေချလိုက်သည်။ သူ၏ ညာခြေထောက် ပေါ်လာသော အခိုက်အတန့်တွင် မိုးကောင်းကင်နှင့် ပထဝီမြေကြီးသည် ‌လေထုပင်လျှင် စုတ်ပြတ်ပြိုကွဲသွားလောက်အောင် ပြင်းပြင်းထန်ထန် ထစ်ချုန်းတုန်ခါလာ၏။ ဝေနေယျသက်ရှိသတ္တဝါခပ်သိမ်းကို အလျှင်းဖျက်စီးပစ်နိုင်ပုံရသော စွမ်းအားက စီးမျောထွက်လာလေသည်။

တိမ်တိုက်များ၏ဖုံးကွယ်ခြင်းခံထားရသည့် အင်မော်တယ်နတ်မင်းကြီးတစ်ဦးသည် ကြယ်တာရာကောင်းကင်၏အလယ်မှနေ၍ မြေပြင်များကို ငုံ့ကြည့်နေကာ ဟိန်းဟောက်ကြုံးဝါးနေသည့်အလားပင်။ အသံကြီးပဲ့တင်ထပ်လာစဉ် တိမ်တိုက်များမှာ မီးကဲ့သို့ ရုတ်တရက် နီစွေးသွား၏။ ချက်ချင်းပင် ခေါင်းအထက်ရှိ အရာအားလုံး ကြက်သွေးရောင်လွှမ်းသွားချေပြီ။

အပြင်ဘက် ကြယ်တာရာကောင်းကင်တွင်လည်း ထိုနည်းတူပင်။

တိမ်တိုက်များကိုယ်တိုင်ကိုက နဝမတောင်ပင်လယ်တွင် တစ်ခါမှ မပေါ်လာခဲ့ဖူးသော အင်မော်တယ်၏ ပေါ်ထွန်းလာမှု၊ မန်ဟို၏ ထွက်လာမှုကို မျက်‌မြင်သက်သေတည်နေသယောင်ယောင်။

ယခုတွင် ဂိုဏ်းများနှင့် မျိုးနွယ်စုအသီးသီးမှ ခေါင်းဆောင်ကြီးများ တံခါးပိတ်ကျင့်ကြံနေရာမှ နိုးထလာကြသည်။ တာအိုဆရာအစည်းအရုံးသုံးခု၏ ခေါင်းဆောင်ကြီးများပင်လျှင် နဝမတောင်ပင်လယ်တွင် ဖြစ်ပျက်နေသော အံ့ဩဘနန်းဖြစ်ရပ်များအား တုံ့ပြန်ခြင်းပြု၏။

ဖန်မျိုးနွယ်စု၏ ဘိုးဘေးစံအိမ်ထဲတွင် မကြာသေးမီကမှ ပြန်ရောက်လာခဲ့သော သတ္တမခေါင်းဆောင်ကြီးအပါအဝင် ခေါင်းဆောင်ကြီးအားလုံး အံ့အားသင့်နေကြသည်။ အစ်ကိုအကြီးဆုံးဟု သတ္တမခေါင်းဆောင်ကြီး ညွှန်းဆိုခဲ့သော မြေခေါင်းဆောင်ကြီးလည်း ထိုနည်းတူပင်။

မြေခေါင်းဆောင်ကြီး၏ သွေးဆက်ကို ပြန်ကြည့်လျှင် သူသည် မန်ဟိုနှင့် သွေးဆက်တစ်ခုတည်းမှ ဆင်းသက်လာခဲ့ခြင်းဖြစ်၏။

"သူက အသေအချာ ပြင်ဆင်ထားခဲ့တာပဲ" မြေခေါင်းဆောင်ကြီးက တွေဝေစွာ ရေရွတ်လိုက်သည်။ "ဒီလိုအင်မော်တယ်ပြစ်ဒဏ်မျိုးကို ပေါ်ပေါက်လာစေခဲ့ပါလား။ ဒါပေမယ့် ဒီကလေးရဲ့ ပြစ်ဒဏ်အတိမ်အနက်ကို ငါ ဘာကြောင့် မမြင်ရ‌တာလဲ.... သူ ဘယ်လောက်ကြောက်စရာကောင်းလောက်အောင် ပြင်ဆင်ထားခဲ့ပါလိမ့်

"ဒါမျိုးက တစ်ခါမှကို မဖြစ်ခဲ့ဖူးတာ။ ဖတ်ခဲ့ဖူးသမျှ ရှေးဟောင်းမှတ်တမ်းတွေထဲမှာ လူတစ်ယောက် အင်မော်တယ်နယ်ပယ်ကို ဝင်ရောက်တဲ့အခါ ဒီလိုအင်မော်တယ်ပြစ်ဒဏ်မျိုး ပေါ်လာဖူးတယ်လို့ ဖော်ပြထားတာ တစ်ခါမှ မမြင်ခဲ့ဖူးဘူး"

အခြားဂိုဏ်းများနှင့်မျိုးနွယ်စုများမှ ခေါင်းဆောင်ကြီးများအားလုံး အရှေ့အောင်ပွဲဂြိုဟ်ရှိရာ ကြယ်တာရာကောင်းကင်အရပ်သို့ လှမ်းကြည့်လိုက်ကြပြီး အတွေးမျိုးစုံ သူတို့ခေါင်းထဲ၌ ဖြတ်ပြေးသွားကြ၏။

နဝမပင်လယ်နတ်‌လောက၊ ဖန်းတုံးအာ၏ဘေးတွင် ရပ်နေသူမှာ သူမ၏ဆရာမ တာအိုနယ်ပယ်အဘွားအိုဖြစ်သည်။ လောလောဆယ်တွင် သူမသည် မျက်မှောင်ကြုတ်နေ၏။

"စိတ်ဝိညာဉ်နယ်ပယ်မှာပဲ ရှိနေသေးတဲ့လူတစ်ယောက်အတွက် ဘယ်လောက်တောင် နက်နဲလိုက်တဲ့ ပြင်ဆင်မှုတွေလဲ" သူမက တွေးသည်။ "အင်‌မော်တယ်အကြော ၉၀ နဲ့အထက်ရှိတဲ့ ကျင့်ကြံခြင်းအခြေခံနဲ့ ကျင့်ကြံသူတစ်ယောက်ပဲ ဒီလိုပြစ်ဒဏ်မိုးကြိုးတိမ်တိုက်တွေမျိုး လှုံ့ဆော်နိုင်တာ။ ဘာကြောင့် ဒီပြစ်ဒဏ်မိုးကြိုးတိမ်တိုက်တွေက ကြီးမားလွန်းနေတာလဲ"

အမှန်တွင် ဂိုဏ်းနှင့်မျိုးနွယ်စုအသီးသီးမှ ခေါင်းဆောင်ကြီးအားလုံး မျက်မှောင်ကြုတ်နေကြပြီး အဘွားအိုနည်းတူ သုံးသပ်နေကြသည်။

"အဲဒီပြစ်ဒဏ်မိုးကြိုးတိမ်တိုက်တွေနဲ့ပတ်သက်ပြီး တစ်ခုခုထူးဆန်းနေတယ်"

"ဒီလူအနေနဲ့ ပိုလို့တောင် လျှမ်းလျှမ်းတောက်နေရင်တောင်မှ၊ နက်နက်နဲနဲ ပြင်ဆင်ထားရင်တောင်မှ ဒီလိုပြစ်ဒဏ်မိုးကြိုးတိမ်တိုက်တွေ ပေါ်လာဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။ တိမ်တိုက်တွေက ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်တွေနဲ့ မတူဘဲ ထူးဆန်းတဲ့ လက္ခဏာတစ်ခုလိုဖြစ်နေတယ်"

"မဟုတ်မှ သူ လျှို့ဝှက်ပညာရပ်တစ်ခုခု သုံးနေတာများလား"

တဖြေးဖြေး ခေါင်းဆောင်ကြီးများသည် သဲလွန်စများကို ဆက်စပ်စဉ်းစားရင်း ထင်မြင်ချက်မျိုးစုံဖြစ်ပေါ်လာကြ၏။ သူတို့ အရှေ့အောင်ပွဲဂြိုဟ်ရှိရာသို့ ကြည့်နေကြစဉ် မန်ဟိုကား ဝဲထဲမှ တစ်ကိုယ်လုံး ထွက်လာလေပြီ။

ထိုအခိုက်အတန့်တွင် မိုးကြိုးကြီးက ကြောက်စရာကောင်းလောက်အောင် ဂျိန်းခနဲ ထစ်ချုန်းသွားပြီး ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များ တဖွေးဖွေး လှုပ်လာသည်။ မရေမတွက်နိုင်သော အနီရောင်မိုးကြိုးတန်းများက ချောက်ချားဖွယ်အရှိန်အဝါကို ထုတ်လွှတ်ရင်း တိမ်တိုက်များအထဲ၌ ကခုန်နေကြသည်။

တစ်ချိန်တည်းမှာပင် ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များသည် အပြင်ဘက်ကြယ်တာရာထံသို့ ဆက်လက်ပြန့်ကားလာ၏။ ၎င်းတို့က စစ်တပ်ကြီး ချီတက်လာနေသည့်အလား တဂျုန်းဂျုန်း အော်မြည်ရင်း ကြီးမားသထက် ကြီးမားလာသည်။

အရာအားလုံး ပြင်းပြင်းထန်ထန် တုန်ခါလာ၏။

နဝမတောင်ပင်လယ်၏ ကျီမျိုးနွယ်စုပင်လျှင် တုန်လှုပ်သွားကြသည်။ ရှေးကျသော အကြည့်တစ်ချက်က နဝမတောင်မှ စူးရှထွက်လာကာ အရှေ့အောင်ပွဲဂြိုဟ်အပေါ် ကျရောက်လာသည်။

အကြည့်သည် မန်ဟို့အပေါ် အာရုံစိုက်လိုက်သည့်အခါ ပြင်းထန်သောဖိအားကြီးဖြင့် ပြည့်နှက်သွား၏။

မန်ဟို၏အမူအရာကတော့ တည်ငြိမ်အေးဆေးလျက်သာ။ သူသည် အဝတ်စများ တဖတ်ဖတ်လွင့်လျက်၊ ဆံပင်ရှည်ရှည်များ လေတွင် ကခုန်လျက် မားမားမတ်မတ် ရပ်နေ၏။ သူ၏မျက်လုံးများက အနန္တကြယ်တာရာကောင်းကင်တစ်ခု ပါရှိနေသည့်အလား နက်နဲ‌သိမ်မွေ့နေသည်။ သူ့ဘယ်မျက်လုံးက လူတစ်ယောက်၏ဝိညာဉ်ကို စုပ်ယူစားသုံးပစ်နိုင်ပုံရသော ကြယ်အလင်းရောင်ဖြင့် ဖျပ်ဖျပ်လက်နေသည်။

သူ ဝဲ၏အပြင်တွင် ရပ်နေစဉ် သူ၏အရှိန်အဝါမှာ ပုံမှန်အတိုင်းဖြစ်ပုံပေါ်သည်။ သို့သော် သူ့ခေါင်းထက်ရှိ ရဲရဲနီနေသော ကောင်းကင်၊ တဝေါဝေါ ပွက်လောရိုက်နေသော ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များက မန်ဟို့အား အင်မော်တယ်နတ်မင်းကြီးပမာ ဖြစ်စေသည်။

စေ့စေ့စပ်စပ် လေ့လာကြည့်ပါက ဖန်ဝေ၏အရှိန်အဝါမှာ ခြေဖျားပင်မမှီနိုင်ပေ။

မန်ဟို၏အရှိန်အဝါက ဤသို့ပြောနေသည် ... မိုးကောင်း‌ကင် သဘောတူတူ၊ မတူတူ သူ အင်မော်တယ်ဖြစ်လာမည်။ ၎င်းက ယခုလိုပြောနေသော ဩဇာကြီးမားသည့်အရှိန်အဝါတစ်ခုလည်း ဖြစ်၏။ "သဘောတူတယ်လား ဟုတ်ပြီ။ သဘောမတူဘူးလား ဆိုးလွန်းတာပေါ့"

ဖန်မျိုးနွယ်အားလုံး မန်ဟို့ကို စောင့်ကြည့်နေကြသည်။ သူတို့သည် ကောင်းကင်ထက်ရှိ ကြောက်မက်ဖွယ်တိမ်တိုက်များကို ကြည့်၍ အသက်ပြင်းပြင်း ရှူသွင်းမိလိုက်ကြ၏။

"ဖန်ဟို..."

"သူက ဘိုးဘေးမြေက ထွက်လာလာချင်းမှာပဲ ဒီလို ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်တွေနဲ့ စွမ်းအားတွေကို ဆင့်ခေါ်နိုင်ခဲ့တယ်။ ဖန်ဟိုက ... အစစ်အမှန်အင်မော်တယ်နယ်ပယ်ကို တက်လှမ်းတော့မှာပဲ"

"မင်းသားဝေရဲ့ အစစ်အမှန်အင်မော်တယ်ပြစ်ဒဏ်က ယှဉ်တောင် မယှဉ်နိုင်သလိုပဲ။ မင်းသားဟိုက ... သေချာပေါက် ငါတို့ကို မှင်သက်အောင် လုပ်ပြတော့မှာ"

တိုက်ရိုက်သွေးဆက်များမှာ အတိုင်းထက်အလွန် စိတ်လှုပ်ရှားနေကြသည်။ ဖန်ရွှီက လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လျက် မန်ဟို့ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်ရင်း မတ်တပ်ရပ်နေသည်။

"ဖန်ဟို အစ်ကိုကြီး သေချာပေါက် အောင်မြင်မှ ဖြစ်မယ်"

ဖန်ဝေမှာ မန်ဟို၏စွမ်းအားနှင့် ကောင်းကင်ထက်ရှိ တိမ်တိုက်များကြောင့် မဆိုစလောက် တုန်ရီစပြုလာသည်။ သူ့မှာ အသက်ပင် ကောင်းကောင်းမရှူနိုင်တော့ပေ။

သူ ထရပ်လိုက်စဉ် သွေးကြောပြာကြီးများက သူ့နဖူးထက်တွင် ဖောင်းကြွနေ၏။

"ဖန်ဟို" သူက ဟိန်းဟောက်လိုက်သည်။

"မင်း ငါနဲ့ တိုက်ခိုက်ရဲလား" သူ၏အသံက မိုးထစ်ချုန်းသံများသဖွယ် ပဲ့တင်ထပ်သွားပြီး သူ၏မျက်လုံးများက အသတ်အဖြတ်စိတ်ဆန္ဒကို ထုတ်လွှတ်နေသည်။ အင်မော်တယ်အကြော (၉၈) ကြော၏စွမ်းအားက ပေါက်ကွဲထွက်လာသဖြင့် သူ၏စွမ်းအင်တို့ တဖွေးဖွေး လှုပ်လာတော့သည်။ ကမ္ဘာမြေအလုံးစုံကို ထမ်းပေးထားနိုင်အောင် အင်အားကြီးမားပုံပေါ်သော သူ၏ဓမ္မဆင်းတုကြီးက သူ့အနောက်တွင် ‌ပေါ်လာသည်။

မန်ဟိုသည် ဖန်ဝေကို မထူးခြားနားစွာ လှည့်ကြည့်၏။

"ငါ့ကို အင်မော်တယ်တံခါးဖွင့်ခွင့်သာ ပေး" သူက အေးစက်စက်ပြောသည်။ "ပြီးရင်တော့ မင်းအတွက် ငါ့ကို တိုက်ခိုက်ဖို့တောင် လိုမှမဟုတ်တော့ဘူး။ ငါ့အပိုင်တွေကို ပြန်ယူပေးမယ်" ထို့နောက် သူသည် ကောင်းကင်ထက်ရှိ ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များအား ပြန်ကြည့်ပြီး မျက်လုံးများ၌ တိုက်ခိုက်လိုစိတ်တို့ ပြည့်နှက်သွား၏။

သူ ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ရသော အချိန်ကား နောက်ဆုံးတော့ ကျရောက်လာခဲ့လေပြီ။

လူတိုင်း ကြည့်‌နေကြစဉ် မန်ဟိုက ရုတ်တရက် ကောင်းကင်သို့ ထိုးတက်သွားသည်။

"အင်မော်တယ်ပြစ်ဒဏ်။ ဘာလို့မလှုပ်ရှားသေးတာလဲကွ" မန်ဟို၏အမူအရာမှာ တည်ငြိမ်မြဲ တည်ငြိမ်နေသော်လည်း သူ၏တိုက်ခိုက်လိုစိတ်မှာ ပို၍ပင် အားကောင်းလာသည်။ သူ့အသံသည် ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်အထပ်လိုက်ကို ထိုးခွင်းရင်း ပဲ့တင်ထပ်သွား၏။ သူ့အသံလှိုင်းကြီးက တိမ်တိုက်များကို ‌အပေါက်ကြီးပေါက်သွားစေလေပြီ။

ထို့နောက် ပေါ်လာသည့်အရာမှာ ... ကြယ်တာရာကောင်းကင်မှ ရင်သပ်ရှုမောဖွယ်ကောင်းစွာ ဆင်းသက်လာသော အင်မော်တယ်တံခါးတစ်ချပ်ဖြစ်၏။

ဤအင်မော်တယ်တံခါးမှာ အလွန်ကြီးမားလှသဖြင့် အရှေ့အောင်ပွဲဂြိုဟ်ပင်လျှင် ၎င်း၏ရှေ့မှောက်၌ ကလေးပေါက်စလေးသဖွယ် ဖြစ်နေသည်။ အကန့်အသတ်မဲ့သော အင်မော်တယ်အလင်းများ ဖြာထွက်လာပြီး မရေမတွက်နိုင်သော မှော်သင်္ကေတများက ၎င်း၏မျက်နှာပြင်ထက်တွင် တလက်လက် တောက်ပနေသည်။ ဧရာမတံခါးကြီးက အရှေ့အောင်ပွဲဂြိုဟ်အရှေ့တွင် ရပ်လိုက်သည့်အခါ တိမ်တိုက်များ ပြိုကွဲသွား၏။

ဤအင်မော်တယ်တံခါးသည် အစစ်အမှန်အင်မော်တယ်အဆင့်တက်လှမ်းခြင်းအတောအတွင်း ပေါ်ပေါက်လာခဲ့ဖူးသော မည်သည့်အင်မော်တယ်တံခါးမဆိုထက် ကြီးမား၏။

ဖန်ဝေသည် အင်မော်တယ်တံခါးကို မြင်လျှင် မျက်နှာဖြူဆုပ်သွားသည်။ သူ ရင်ဆိုင်ခဲ့ရသော အင်မော်တယ်တံခါးမှာ ဤတံခါး၏ ဆယ်ရာခိုင်နှုန်းပင် မရှိပေ။

ထိုမျှသာမက အင်မော်တယ်တံခါးပေါ်လာသည့်အချိန်တွင် မရေမတွက်နိုင်သော နန်းတော်များက တိမ်တိုက်များအတွင်းမှ ပျံထွက်လာသည်။ ၎င်းတို့သည် နတ်ဗိမာန်များအလား ခမ်းနားပြီး မျက်စိတစ်ဆုံး ဆန့်တန်းလျက်ရှိ၏။ အရှေ့အောင်ပွဲပေါ်ရှိ လူများသာ ၎င်းတို့ကို မြင်ရခြင်းမဟုတ်။ ကျန်ဂြိုဟ်သုံးလုံးအပေါ်ရှိ လူများလည်း နည်းလမ်းပေါင်းစုံသုံးကာ ကြည့်နေကြလေသည်။

မယုံနိုင်‌လောက်အောင် ကြီးမားသည့် အဆုံးမရှိသော နန်းတော်များသည် အင်မော်တယ်တန်ခိုးများအား နဝမတောင်ပင်လယ်တစ်ဝန်းသို့ ဖြန့်ကျက်နေ၏။ နဝမတောင်မှာ တုန်ခါနေပြီး နဝမပင်လယ်တစ်ခုလုံး တဝုန်းဝုန်း ထကြွနေသည်။ ဂိုဏ်းအသီးသီးနှင့် မျိုးနွယ်စုပေါင်းစုံမှ ကျင့်ကြံသူများသာမက ခေါင်းဆောင်ကြီးများပင်လျှင် လုံးလုံးလျားလျား အံ့အားသင့်နေတော့သည်။

နဝမပင်လယ်နတ်လောကတွင် ဖန်းတုံးအာ၏ဘေး၌ ရပ်နေသော အဘွားအိုမှာ နောက်ဆုံးတော့ နားလည်သွားသဖြင့် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။

"အဲဒီအင်မော်တယ်တံခါး ... အဲဒီအင်မော်တယ်နန်းတော်တွေ ... ငါ နားလည်ပြီ" သူက တွေးလိုက်သည်။ "သူက အင်မော်တယ်လမ်းပြနွယ်ကို မသုံးဘဲ သူ့ဘာသာသူ အင်မော်တယ်အဆင့် တက်နေတာ။ ဒီကလေးရဲ့ စိတ်စွမ်းအားက အံ့ဖွယ်ပဲ။ ဘယ်လောက် ပြတ်သားလိုက်သလဲ။ ဘယ်လောက်ကံကောင်းလိုက်သလဲ"

သူမတစ်ယောက်တည်းသာ ဖြစ်ပျက်နေသောအရာကို နားလည်သွားခြင်းမဟုတ်ပေ။ ဂိုဏ်းများနှင့်မျိုးနွယ်စုအသီးသီးမှ ခေါင်းဆောင်ကြီးများလည်း ထိုနည်းတူ သဘောပေါက်သွားပြီး လုံးလုံးလျားလျား တုန်လှုပ်ကုန်ကြသည်။

"မိုးကောင်းကင်က အသိအမှတ်ပြုပေးရင် အဆင်ပြေတယ်။ အသိအမှတ်မပြုပေးချင်ရင်တော့ ကိုယ်ပိုင်တာအိုကို အတည်ပြုပြီး ကိုယ့်ဘာသာ အင်မော်တယ်အဆင့်တက်လှမ်းကြတဲ့ အင်မော်တယ်တစ်ဦးကို မတတ်သာဘဲ လက်ခံရဦးမှာပဲ။ ပြစ်ဒဏ်တိမ်တိုက်တွေ ဒီလောက်ကြီးမား‌နေတာ အံ့ဩစရာမရှိဘူး

"ရှေးခေတ်ကနေ ဒီနေ့ထက်ထိ တောင်ကိုးလုံးနဲ့ ပင်လယ်ကိုးစင်းမှာ အဲဒီလိုနည်းလမ်းနဲ့ တာအိုကို အတည်ပြုနိုင်တဲ့လူတွေဟာ အင်မတန်မှ ရှားပါးခဲ့တယ်။ ‌စတုတ္ထတောင်ပင်လယ်ရဲ့သခင် ခိတိဂဗ္ဗ(တိဆန်းဖူဆ) ပဲ သူ့တာအိုကို သူ့ဘာသာသူ အတည်ပြုပြီး မြေအောက်လောကကို ထာဝရအုပ်စိုးနိုင်ခဲ့တယ်"

ထိုအခိုက်အတန့်တွင် နဝမတောင်ပင်လယ်၏အပြင် ၊ အလွန်ဝေးကွာလှသော ကြယ်တာရာကောင်းကင်ရှိ အင်မော်တယ်အပျက်အစီးများနယ်တစ်နေရာတွင် အမျိုးသမီးတစ်ဦးသည် ကျင့်ကြံခြင်းဂူတစ်ဂူထဲ၌ ထိုင်နေ၏။ ဤသည်မှာ မန်ဟို့အား အက်ရှလွန် (၁၃) ဟူ၍ အမည်တပ်ခဲ့သော အမျိုးသမီးပင်။ သူမ၏မျက်လုံးများက ရုတ်တရက် ပွင့်လာပြီး အဝေးကို လှမ်းကြည့်လိုက်သည်။

"ပါရာဂွန်အင်မော်တယ် ...." သူမက ခပ်တိုးတိုး ရေရွတ်သည်။ မြင်ရခဲသော အလင်းရောင်တစ်စက သူမ၏မျက်လုံးများတွင် လင်းခနဲ လက်သွား၏။

***

All Chapters