ပြစ်ဒဏ်ကို ကျော်လွှားခြင်း
Vol. 70 Ch. 968
အင်အားကြီးစစ်တပ်ကြီးတစ်တပ် ချီတက်လာနေသည့်အလား အနီရောင်ပြစ်ဒဏ်တိမ်တိုက်များ ဖွေးဖွေးလှုပ်နေသဖြင့် မိုးကောင်းကင်တစ်ခုလုံး တုန်ခါဟည်းနေသည်။ တဂျုန်းဂျုန်း ထစ်ချုန်းသံများက အရှေ့အောင်ပွဲဂြိုလ်တစ်ဂြိုလ်လုံးတွင် အပြည့်အ၀ နေရာယူပြီး ကမ္ဘာမြေတစ်ခုလုံးအား တုန်ခါနေစေ၏။
ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များမှ လွှမ်းမိုးခြုံငုံထားသော ဧရိယာမှာ အရှေ့အောင်ပွဲဂြိုလ်ကို ကျော်၍ အပြင်ဘက် ကြယ်တာရာကောင်းကင်ထက်သို့ နယ်ချဲ့သွားသည်။ ၎င်းတို့မှာ ပြိုင်ဘက်ကင်းလောက်အောင် ကြီးမားလွန်း၍ ဂိုဏ်းများနှင့် မျိုးနွယ်စုများမှာ ကျင့်ကြံသူအားလုံး၏ စိတ်ထဲတွင် လျှပ်စီးများ တဂျိန်းဂျန်း ထစ်ချုန်းသွားသကဲ့သို့ အသံများ ပြည့်နှက်သွားသည်။
တိမ်တိုက်များထဲရှိ အင်မော်တယ်တယ်နန်းတော်များမှာမူ လှပပြီး ခံ့ညားတင့်တယ်စွာ တန်ဆာဆင်ခံထားရကာ အင်မော်တယ်တန်ခိုးတို့အား ကြယ်စင်တာရာများအတွင်းသို့ တလိမ့်လိမ့် ဖြာထွက်နေစေ၏။ ထိုမျှသာမက မရေမတွက်နိုင်သော အင်မော်တယ်များက အင်မော်တယ်နန်းတော်ထဲတွင် ပျံဝဲနေကြသယောင်ပင်။
၎င်းတို့သည် ပုံရိပ်ယောင်များဖြစ်သော်လည်း ရှေးခေတ်မှ ယနေ့ခေတ်ထိတိုင်အောင် ယခုလို အင်မော်တယ်နန်းတော်များမှာ န၀မတောင်ပင်လယ်တွင် ပထမဦးဆုံး ပေါ်လာခဲ့ဖူးခြင်း ဖြစ်၏။ တောင်ကိုးလုံးနှင့် ပင်လယ်ကိုးစင်းတွင်ပင်လျှင် ဤကဲ့သို့ အင်မော်တယ်နန်းတော်များနှင့် အင်မော်တယ်ပြစ်ဒဏ်မှာ ဒဏ္ဍာရီများအဖြစ်သာ ရှိခဲ့၏။
ထို့အပြင် အင်မော်တယ်တံခါးသည် မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်း၏။ ၎င်းက ကြီးမားပြီး ရှေးဆန်စွာဖြင့် တောင်ကိုးလုံးနှင့် ပင်လယ်ကိုးစင်းကို ကိုယ်စားပြုပုံရသော ကမ္ဘာဦးအရှိန်အဝါတစ်ခုအား ထုတ်လွှတ်ကာ အရှေ့အောင်ပွဲဂြိုလ်၏အပြင်တွင် ပျံဝဲနေသည်။
ဤအင်မော်တယ်တယ်ပြစ်ဒဏ်၊ ဤအင်မော်တယ်တံခါးနှင့် ဤအင်မော်တယ်နန်းတော်များကား အခြားမည်သည့်အရာနှင့်မှ မတူချေ။
ထိုအကြောင်းကြောင့် မန်ဟိုကား အစစ်အမှန်အင်မော်တယ်များကြားက အစစ်အမှန်အင်မော်တယ်တစ်ဦး ဖြစ်လာပေတော့မည်။
အရှေ့အောင်ပွဲဂြိုလ်ပေါ်ရှိ လူတိုင်းစောင့်ကြည့်နေစဉ် မန်ဟိုက ကြယ်တံခွန်ကြီးသဖွယ် ကောင်းကင်ထက်သို့ ပျံတက်လိုက်သည်။ သူပျံတက်လိုက်သည်နှင့် တစ်ပြိုင်တည်းဆိုသလို အပေါ်ဘက်ရှိ ပြစ်ဒဏ်မိုးကြိုးများမှာ မရေမတွက်နိုင်သော အနီရောင်မိုးကြိုးများဖြင့် တ၀င်း၀င်းလက်သွား၏။ ဧရာမပင့်ကူအိမ်ကြီးတစ်ခုက တိမ်တိုက်များအတွင်းမှ ကျဆင်းလာကာ မိုးနှင့်မြေကို နှစ်ခြမ်းခြမ်းပစ်နိုင်ပုံရသော ဧရာမအနီရောင်မိုးကြိုးတန်းကြီးအသွင် အတူတကွ ပေါင်းစည်းသွားသည်။ ထို့နောက် မိုးကြိုးတန်းကြီးက မန်ဟို့ကို တည့်တည့်ပစ်ချလိုက်၏။
ဤသည်ကား အင်မော်တယ်ပြစ်ဒဏ်ပင်။
ယခုလို ပြစ်ဒဏ်တစ်ခုကို ကြည့်ရသော မည်သူမဆို မျက်နှာပျက်သွားမည်ဖြစ်သည်။ ဖန်ဝေနှင့် ဂိုဏ်းအသီးသီး၊ မျိုးနွယ်အသီးသီးများမဏ္ဍာ အစစ်အမှန်အင်မော်တယ်ရွေးချယ်ခံများပင် ပါ၀င်သည်။ အကုန်လုံး ပင့်သက်ရှိုက်မိသွားကြ၏။ အစစ်အမှန်အင်မော်တယ်များ စောစောက ရင်ဆိုင်ခဲ့သော ပြစ်ဒဏ်များနှင့် ယှဉ်သောအခါ ဤပြစ်ဒဏ်က မည်မျှအားပြင်းကြောင်း ဖော်ပြရန်ပင်မဖြစ်နိုင်ပေ။
ဖန်မျိုးနွယ်စု၏ ဘိုးဘေးစံအိမ်အောက်ရှိ ကျောက်လိုဏ်ဂူထဲတွင် မြေခေါင်းဆောင်ကြီးသည် အခြားခေါင်းဆောင်ကြီးခြောက်ဦးနှင့်အတူ ထိုင်လျက် အနီရောင်မိုးကြိုးတန်းကြီးကို ကြည့်နေ၏။
"ဒီလို အစစ်အမှန်အင်မော်တယ်ကံတရားကို ကြုံတွေ့ရတာက မိုးနဲ့မြေရဲ့ ရွေးချယ်ခံရသလိုပဲ" သူက ပြောသည်။ "အဲဒီ့လို ပုံစံမျိုးနဲ့ အစစ်အမှန်အင်မော်တယ်တစ်ဦးဖြစ်လာဖို့ဆိုတာ ခက်ခဲတဲ့ပုံပေါ်ပေမယ့် တကယ်တော့ တောင်ကိုးလုံးနဲ့ ပင်လယ်ကိုးစင်းရဲ့ စိတ်ဆန္ဒက အောင်မြင်နှုန်းသေးသေးလေးကို အမြဲချန်ထားပေးတတ်တယ်။ ဒီလိုမျိုး အစစ်အမှန်အင်မော်တယ်အဆင့် တက်လှမ်းတဲ့လူတွေဟာ သူတို့ကိုယ်ထဲမှာ တောင်ကိုးလုံးနဲ့ပင်လယ်ကိုးစင်းရဲ့ ကံတရားတစ်ချို့ကို ပိုင်ဆိုင်ထားကြတယ်
"အင်မော်တယ်လမ်းပြနွယ်ကို သုံးတာက တကယ့်တကယ် ဖြတ်လမ်းနည်း သုံးတာလိုမျိုးပဲ။ အဲ့ဒါကြောင့် အစစ်အမှန်အင်မော်တယ်ကံတရား မပါရှိဘူး။ ဒါ့ကြောင့်ပဲ အင်မော်တယ်ပြစ်ဒဏ်က ပိုပြီးအင်အားကြီးမားတာ။ ဒါပေမယ့် အင်မော်တယ်တံခါးကို အောင်အောင်မြင်မြင် ဖွင့်နိုင်ရင် တောင်ကိုးလုံးနဲ့ပင်လယ်ကိုးစင်းရဲ့ စိတ်ဆန္ဒရဲ့ အသိအမှတ်ပြုမှုကို ရရှိတယ်
"ဒါပေမယ့် ကိုယ့်နည်းကိုယ့်ဟန်နဲ့ အစစ်အမှန်အင်မော်တယ်အဆင့်ကို ရောက်ရှိတာက အဲ့ဒီ့လမ်းသုံးသွယ်ထဲမှာ ဩဇာအာဏာအကြီးအမားဆုံးပဲ။ အဲ့ဒါက မိုးကောင်းကင်ကို အထင်အမြင်သေးပြီး တောင်ကိုးလုံးနဲ့ပင်လယ်ကိုစင်းရဲ့ စိတ်ဆန္ဒကို ပြက်ရယ်ပြုတာမျိုး။ အဲ့ဒါကမှ အင်မော်တယ်။ အင်မော်တယ်တွေထဲက အစစ်အမှန်အင်မော်တယ်ပဲ
"ဒါ့ကြောင့် မိုးကောင်းကင်က သူ့ကို အသိအမှတ်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ၊ သဘောတူလက်ခံပေးရတယ်။ မိုးကောင်းကင်က လိုက်လျောဖို့ ဖိအားပေးခံရတဲ့အတွက် ဒီတတိယအမျိုးအစား အစစ်အမှန်အင်မော်တယ်ပြစ်ဒဏ်မှာ ပြန်လမ်းမရှိဘူး"
ဂိုဏ်းအသီးသီးနှင့်မျိုးနွယ်စုများသည် ဖြစ်ပျက်နေသည်ကို အာရုံစိုက်နေကြ၏။ သူတို့အတွက် စိတ်ဝိညာဉ်နယ်ပယ်ကျင့်ကြံသူတစ်ဦး အင်မော်တယ်အဆင့်တက်လှမ်းခြင်းမှာ သူတို့အဖွဲ့အစည်းမှ ရွေးချယ်ခံမဟုတ်သရွေ့ စောင့်ကြည့်ရန် ထိုက်တန်သည့် အရာမဟုတ်ပေ။ အခြားဂိုဏ်းများနှင့် မျိုးနွယ်စုများ၏ အင်မော်တယ်ပြစ်ဒဏ်မှာ ခေါင်းဆောင်ကြီးများ အဖက်ပင်မလုပ်သည့်အရာပင်။
သို့သော် မန်ဟိုကတော့ ထူးခြား၏။
သူက လမ်းသုံးလမ်းအနက် တတိယမြောက်လမ်း၊ ခေါင်းဆောင်ကြီးများကိုပင် တုန်လှုပ်သွားစေသောလမ်းကို လျှောက်လှမ်းနေခြင်းဖြစ်သည်။ သူတို့သည် သူ အမှန်တကယ် အောင်မြင်သွားမည်လား ကြည့်လိုကြ၏။
ယခုဖြစ်ပျက်နေသောအရာမှာ သူတို့၏ တစ်သက်မှတစ်ခါသာ မြင်ရနိုင်မည့် တစ်ခုတည်းသော အခွင့်အရေးဖြစ်သည်။
မိုးနှင့်မြေသည် တဂျိန်းဂျိန်း ထစ်ချုန်းနေပြီး အနီရောင်မိုးကြိုးကြီးက မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် မန်ဟို့ဆီသို့ ထိုးဆင်းလာသည်။ မန်ဟိုက မျက်လုံးများထဲတွင် တိုက်ခိုက်လိုစိတ်တို့ ပြည့်နှက်နေလျက် မပြောင်းလဲသော အမူအရာဖြင့် လေလယ်တွင် ပျံဝဲနေ၏။
"ငါ အကြာကြီးစောင့်နေခဲ့ရတဲ့ အခိုက်အတန့်က နောက်ဆုံးတော့ ရောက်လာခဲ့ပြီ" မန်ဟိုက ညာလက်ကို မြှောက်လိုက်ရာ လှိုင်းများအား သူ၏ အစစ်အမှန်အင်မော်တယ်အားကိုယ်ထံမှ ဖြာထွက်လာစေသည်။ သူ၏အင်မော်တယ်အကြောများ လည်ပတ်သွားပြီး သူက လက်သီးဆုပ်လိုက်၏။
ထို့နောက် အနီရောင်မိုးကြိုးအား ထိုးချလိုက်သဖြင့် ဝုန်းခနဲ အသံကြီး လေတွင် ပြည့်နှက်သွားသည်။ မိုးကြိုးကြီးမှာ ချက်ချင်း ပြိုကွဲသွားသော်လည်း ၁၀ ရာခိုင်နှုန်းမျှသာ ပြိုကွဲသွားပြီး ကျန် ၃၀ ရာခိုင်နှုန်းက မန်ဟို့ကို ပစ်ချလိုက်သေးသည်။
သို့သော် မန်ဟိုက မိုးကြိုးအား သူ့ကို ပစ်ချခွင့်ပေး၍ လေလယ်တွင် ပျံဝဲနေ၏။ လျှပ်စီးမီးပွားအမြောက်အများ ဖွားခနဲ လွင့်စင်ထွက်လာပြီး သူ၏ ဆံပင်များ ပျံလွင့်နေစဉ် သူက ခေါင်းနောက်လန်၍ တဟားဟားရယ်လိုက်သည်။
"အစစ်အမှန်အင်မော်တယ်ပြစ်ဒဏ်က ဒီလောက်တောင် အားနည်းတာလား" မန်ဟိုမှာ အမှန်တကယ် အတန်ငယ်စိတ်ပျက်နေ၏။ တောင်ကောင်းကင်ဂြိုလ်ပေါ်တွင် သူ့ဆရာ ဆေးလုံးမိစ္ဆာ၏ အင်မော်တယ်ပြစ်ဒဏ်ကို မျက်မြင်တွေ့ခဲ့ရကတည်းက သူသည် သူ၏ပြစ်ဒဏ်ကို ကျော်လွှားရန် မျှော်လင့်နေခဲ့ခြင်းဖြစ်သည်။
သူ ရယ်နေစဉ် မိုးကောင်းကင်က ထစ်ချုန်းသွားပြီး တိမ်တိုက်များ ဆူပွက်လာသည်။ မရေမတွက်နိုင်သော လျှပ်စီးမိုးကြိုးတန်းများက နောက်တစ်ဖန် ပြန်စုစည်း၍ သူ့ထံ ထိုးဆင်းလာသော လျှပ်စီးမိုးကြိုးတန်းကြီးအသွင် ထပ်ပြောင်းသွားပြန်သည်။
၎င်း နီးကပ်လာစဉ် မန်ဟိုက ထပ်မံ၍ တဟားဟား အော်ရယ်လိုက်သည်။ ရယ်သံကြီးက သတ္တုကို ထိုးဖောက်၍ ကျောက်တုံးများကို ချေဖျက်နိုင်သည်အထိ လွန်စွာ ပြင်းထန်လှ၏။ ၎င်းကို ကြားလိုက်သူတိုင်းမှာ စိတ်ထဲတွင် တုန်လှုပ်သွားကြလေသည်။ ရုတ်တရက် မန်ဟိုသည် တောင်ပံတဖျတ်ဖျတ်ခတ်လျက် မိုးကြိုးထံသို့ ပြေးဝင်သွားသော ရွှေရောင်သိမ်းငှက်ကြီးတစ်ကောင်အသွင် ပြောင်းသွား၏။ ဤသည်ကား ပြစ်ဒဏ်ကို ကျော်လွှားနေခြင်းနှင့်မတူ၊ ပြစ်ဒဏ်အတွင်း၌ ကောင်းချီးပေးခံနေရခြင်းနှင့်တူသည်။
ဂျိန်း
မိုးကြိုးက ရွှေရောင်သိမ်းငှက်ကြီးအသွင် မန်ဟို့ဘေးတွင် ထစ်ချုန်းသွားသည်။ ၎င်းမှာ ပြိုးပြိုးပြက်ပြက်လက်နေသော အလင်းရောင်များအား မိုးမြေတစ်ခွင် ဖြန့်ကျက်နေသော ဧရာမမိုးကြိုးလုံးကြီးနှင့်တူသည်။
"လာစမ်းပါ" မန်ဟို၏ အသံက ပဲ့တပ်ထပ်လာပြီး သိမ်းငှက်ကြီးက ဂီးခနဲအော်ကာ ကောင်းကင်ရှိ တိမ်တိုက်များထံသို့ ထိုးတက်သွား၏။ မိုးကြိုးက ပစ်ချသည်။
သုံးကြိမ် ၊ လေးကြိမ် ၊ ငါးကြိမ် ။
ကြောက်မက်ဖွယ်မိုးကြိုးများက စိတ်နှလုံးတုန်လှုပ်ဖွယ် ထစ်ချုန်းသံများနှင့်အတူ မိုးပေါက်များသဖွယ် တဖွဲဖွဲ ကျလာသည်။ ရွှေရောင်သိမ်းငှက်ကြီးအသွင်ဖြင့် မန်ဟိုက ဝါးကို ပိုင်းဖြတ်နေသော ချွန်မြမြ ဓားတစ်လက်သဖွယ် မိုးကြိုးများကို ထိုးဖောက်ရင်း အပေါ်သို့တက်နေမြဲသာဖြစ်သည်။ သူ အင်မော်တယ်ပြစ်ဒဏ်ထံသို့ တိုက်ရိုက်ချီတက်နေစဉ် မိုးကြိုးများမှာ သူ၏ တိုးဝှေ့ချေမှုန်းခြင်းခံနေရ၏။
အရှေ့အောင်ပွဲဂြိုလ်တွင် ဘီလူးကြီးတစ်ကောင်၏ နှလုံးခုန်သံကဲ့သို့ အသံကြီးတစ်သံ ပျံ့နှံ့သွားသည်။ မြေပြင်မှာ ငလျင်လှုပ်လာပြီး ဂြိုလ်တစ်ဂြိုလ်လုံး တုန်ခါကာ ဂြိုလ်ပေါ်ရှိ ကျင့်ကြံသူအားလုံးမှာ အံ့အားသင့်နေကြတော့သည်။
ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များမှာ ပြိုကွဲလာရင်း မန်ဟို ယခုထက်ထိ မထိုးဖောက်ရသေးသော အပေါက်လေးတစ်ပေါက်အား ပြသလာသည်။ သို့သော် ထိုအပေါက်၏ နောက်ကွယ်တွင် အင်မော်တယ်တံခါးအား ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။
ကံဆိုးစွာနှင့် သူနှင့် အင်မော်တယ်တံခါး၏ အကြားတွင် အင်မော်တယ်နန်းတော်များ ရှိနေသေးသည်။
ဤသည်မှာ မန်ဟို၏ အစစ်အမှန်အင်မော်တယ်ပြစ်ဒဏ်ဖြစ်သည်။ ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များသည် အခြားသူများထက် များစွာ ကြီးမားသည်သာမက ထိုပြစ်ဒဏ်မိုးကြိုးများ၏ နောက်တွင် အင်မော်တယ်နန်းတော်များစွာ ရှိနေသေး၏။ သူ အင်မော်တယ်တံခါးထံသို့ သွားလိုလျှင် ထိုအင်မော်တယ်နန်းတော်အားလုံးကို ကျော်ဖြတ်ရပေမည်။
မန်ဟိုက သွေးတစ်ပွက်အန်ရင်း သိမ်းငှက်ကြီးအသွင်မှ လူအသွင်ပြန်ပြောင်းကာ နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။ ထို့နောက် သူ၏ မျက်လုံးများသည် တိုက်ခိုက်လိုစိတ်တို့ဖြင့် ပြန်လည်တောက်ပလာ၏။
သူ့အ၀တ်အစားအများစုမှာ စုတ်ပြဲသွားရာ သူ့အား အပေါ်ပိုင်းဗလာဖြစ်သွားစေသည်။ သူ၏ဆံပင်များကား တလွင့်လွင့် ပျံလွင့်နေပြီး သူ့ကိုယ်ပေါ်တွင် မည်သည့်ဒဏ်ရာဒဏ်ချက်ကိုမှ မမြင်ရချေ။ သူ သွေးတစ်ပွက်အန်လိုက်သည့် အခိုက်အတန့်တွင် သူ၏ ထာ၀ရအလွှာက သူ့ကို ချက်ချင်း ကုစားပေးရင်း အလုပ်လုပ်သွား၏။
ဖန်ဝေမှာ ဤအခြင်းအရာအားလုံးကို မြင်လိုက်သောအခါ မျက်နှာမဲ့သွားပြီး မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်တို့ ဖြစ်တည်သွားသည်။ တခဏကြာသော် သူက အသက်ပြင်းပြင်း ရှုသွင်းလိုက်ပြီး သတ်ဖြတ်လိုစိတ်တို့မှာ ပို၍ပင် အားကောင်းလာ၏။
ဘေးတွင် ဖန်ရှုံ့ရှန်းမှာတော့ မှင်သက်နေသည်။ သူ့လက်နှစ်ဖက်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး စိတ်ထဲတွင် သူက မန်ဟို့ကို ကျိန်ဆဲနေ၏။ သူ အမျှော်လင့်ဆုံးမှာ အင်မော်တယ်ပြစ်ဒဏ်ကြောင့် မန်ဟို သေဆုံးသွားသည်ကို ဖြစ်သည်။ ထို့နောက် ပြဿနာအားလုံး ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မည်။
"သေလိုက်စမ်း ခွေးမသားလေး" သူက စိတ်ထဲတွင် ကြုံးဝါးလိုက်၏။ "အင်မော်တယ်ပြစ်ဒဏ်ထဲမှာ သေလိုက်စမ်းပါ။ အဲ့ဒါ မင်းရဲ့ကံပဲ"
မဟာအကြီးအကဲသည် ကောင်းကင်ထက်ရှိ မန်ဟို့ကို မော့ကြည့်နေစဉ် မျက်လုံးများထဲ၌ ထူးဆန်းသော အလင်းရောင်တစ်ခုက တောက်ပနေ၏။ ထို့နောက် သူက အသက်ရှူမြန်လာသည်။ အဆုံးသတ်တွင် သူ ဘာတွေးနေသလဲ ခန့်မှန်းရန် မဖြစ်နိုင်ပေ။
တိုက်ရိုက်သွေးဆက်များမှာတော့ မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားနေကြသည်။ သာမန်မျိုးနွယ်၀င်များပင်လျှင် ရင်ခုန်လာကြသည်။
မန်ဟို နောက်သို့ ဆုတ်လိုက်စဉ် ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များထဲရှိ အပေါက်မှာ ဘယ်တုန်းကမှ မတည်ရှိဖူးခဲ့သည့်အလား ပြန်ပိတ်သွား၏။ တစ်ပြိုင်တည်းမှာပင် တစ်ခါမှ မကြုံတွေ့ဖူးသော ဖိအားတစ်ခုက ဖြာထွက်လာပြီး ပို၍များပြားသော မိုးကြိုးများက စုစည်းလာသည်။
အခွင့်အရေးမရှိပေ။ ကြက်ကန်းဆန်အိုးတိုးသည်ဟူ၍ မရှိပေ။
ဤသည်မှာ အစစ်အမှန်အင်မော်တယ်အဖြစ်သို့ မိမိဘာသာ တက်လှမ်းခြင်းက မည်သည့်အတွက်ကြောင့် စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်လဲဆိုသော အကြောင်းရင်းတစ်ရပ်ပင်။
ဂိုဏ်းနှင့် မျိုးနွယ်စုအသီးသီးမှ ခေါင်းဆောင်ကြီးအားလုံးက သိချင်နေသော မျက်လုံးများဖြင့် ကြည့်နေကြ၏။
န၀မပင်လယ်နတ်လောကတွင် ဖန်းတုံးအာမှာ သူမအရှေ့ရှိ သလင်းဖန်သားပြင်ကို ကြည့်ရင်း အသက်မနည်းရှူနေရ၏။ သူမသည် မန်ဟို ပြစ်ဒဏ်မိုးကြိုးအား ၀င်တိုက်လိုက်သည့်ပုံရိပ်ကို မြင်လိုက်ရပြီး အလွန်များပြားသော ပြစ်ဒဏ်မိုးကြိုးများက သူမ၏စိတ်ကို ဗလာကျင်းသွားစေသည်။
"ဆရာမ သူ ပြစ်ဒဏ်ကို ကျော်လွှားနိုင်မှာလား" သူမက တိုးတိုးလေး မေးလိုက်သည်။
"ဆရာမအနေနဲ့ကတော့ ဒီလို အင်မော်တယ်ပြစ်ဒဏ်မျိုးကို တစ်ခါမှ မမြင်ခဲ့ဖူးဘူး" အဘွားအိုက ဖြေးညင်းစွာ ပြန်ဖြေသည်။ "ပုံပြင်တွေထဲမှာပဲ ကြားဖူးခဲ့တာ။ ဒီလိုပြစ်ဒဏ်မိုးကြိုးထဲမှာ အသက်ရှင်နိုင်ဖို့ အခွင့်အရေးဆိုတာ မရှိသလောက်ပဲ။ ဟုတ်တာပေါ့ ဒါက အင်မော်တယ်ပြစ်ဒဏ်ဆိုတော့လည်း ပြစ်ဒဏ်မိုးကြိုးတွေက အင်မော်တယ်နယ်ပယ်ထက် လွန်နေမှာတော့ မဟုတ်ဘူး။ ဒါပေမယ့် မိုးကြိုးတွေက ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်ဘူးလို့ ကြားဖူးတယ်။ ဒါ့အပြင် အဲ့ဒီ့အင်မော်တယ်နန်းတော်တွေက လမ်းကို ပိတ်နေတာဆိုတော့ ဖြတ်သွားဖို့ အရမ်းခက်ခဲလိမ့်မယ်"
ဤကဲ့သို့ စကားများအား ဂိုဏ်းနှင့်မျိုးနွယ်စုအသီးသီးတွင် ပြောနေကြလေသည်။
"ဒီလောက် ခက်ခဲတာလား" မန်ဟိုက တိုက်ခိုက်လိုစိတ်တို့ အမြင့်တစ်ခုသို့ ရောက်ရှိသွားရင်း တွေးလိုက်သည်။ သူက ဟိန်းဟောက်ကြုံးဝါးလိုက်ရာ သူ၏ ဓမ္မဆင်းတုက သူ့အနောက်တွင် ပေါ်လာ၏။ ၎င်းသည် ဓမ္မဆင်းတုတစ်ခုမျှသာ ဖြစ်သော်လည်း မီတာ ၂၁၀၀၀ တိတိ မြင့်မားလေသည်။
ဓမ္မဆင်းတုပေါ်လာသည့်အခိုက်အတန့်တွင် မန်ဟိုက ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များထံသို့ ရိပ်ခနဲ တက်သွား၏။ မရေမတွက်နိုင်သော မိုးကြိုးတန်းများက ကောင်းကင်နှင့်မြေကြီးအား တဂျုန်းဂျုန်း ပစ်ချလိုက်သည်။ မျက်စိတစ်မှတ်အတွင်း မိုးကြိုးတန်းဆယ်တန်းသည် သူ့ကို တစ်စစီ ဖျက်ဆီးပေတော့မည်။
မိုးကြိုးတန်းများက သူ့အား တဝုန်းဝုန်း ရိုက်ခတ်သွား၏။ တစ်ချိန်တည်းမှာပင် မန်ဟိုက ညာလက်ကို မြှောက်လိုက်ရာ သူ့လက်တွင် လှံရှည်တစ်လက်ပေါ်လာသည်။ ၎င်း၏ လှံရိုးက လောကသစ်ပင်သားမှ ပြုလုပ်ထားပြီး လှံသွားကတော့ အရိုးဖြူမှ ထွင်းထားခြင်းဖြစ်သည်။ လှံကို မြှောက်ရင်း သူက ကောင်းကင်ကို ပစ်လွှတ်လိုက်သည်။
လျှပ်စီးများမှာ ရစရာမရှိအောင် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားပြီး အရာအားလုံး တုန်ခါသွားသည်။ မန်ဟိုက တိမ်တိုက်များ အနားရောက်လာစဉ် ဟိန်းဟောက်ကြုံးဝါးလိုက်ပြီး သူ၏ ဓမ္မဆင်းတုကြီးက ၎င်းတို့ကို ဆုပ်ကိုင်ရန် လက်နှစ်ဖက်အား ဆန့်တန်းလိုက်သည်။ သွေးကြောကြီးများ မန်ဟို၏နဖူးတွင် ဖောင်းထွက်လာ၏။
ဂျိန်း
မန်ဟို၏ ဓမ္မဆင်းတုကြီးသည် ကောင်းကင်ကို ဆုတ်ဖြဲနေသယောင်ပင်။ ၎င်းကား ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များကို ဆွဲပြီး ဘေးနှစ်ဖက်သို့ ဖြဲပစ်လိုက်သည်။ မြေပြင်များ တုန်ခါလာပြီး ထစ်ချုန်းသံကြီးများ ကောင်းကင်တွင် ပြည့်နှက်သွားသည်။ ဧရာမ အက်ကွဲကြောင်းကြီးမှာ ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များ၏ အလယ်တည့်တည့်တွင် စုတ်ဖြဲခံလိုက်ရသဖြင့် ကြယ်တာရာများပင် တုန်ခါသွားလေသည်။
ဓားကြီးတစ်လက်က ၎င်းတို့ကို နှစ်ခြမ်းခြမ်းလိုက်သည့်အလားပင်။ ယခုတွင် ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များအနောက်ရှိ အင်မော်တယ်နန်းတော်များကို ရှင်းရှင်းလင်းလင်း မြင်လာရလေပြီ။ ချက်ချင်းပင် အင်မော်တယ်အလင်းရောင်တို့ ဖြာထွက်လာပြီး အင်မော်တယ်နန်းတော်များက လာနေရာမှ ရပ်ကာ မန်ဟို့ကို လှည့်ကြည့်ကြသည်။
ဤအခိုက်အတန့်တွင် မန်ဟိုက လှံကို မြှောက်၍ အရှေ့သို့ အားကုန်ပစ်လွှတ်လိုက်၏။
"ဖောက်ထွက်စမ်း" သူက ဟိန်းဟောက်လိုက်သည်။ လှံသည် မိုးကြိုးတန်းကြီးအသွင် ပြောင်းကာ ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များအထဲရှိ အက်ကြောင်းကို ခွင်း၍ အင်မော်တယ်နန်းတော်များဆီသို့ ပျံထွက်သွားသည်။
၎င်းကား ထောပတ်ကို လှီးလိုက်သော ဓားပူပူသဖွယ် လေဟာနယ်ကို ဖြတ်သန်းသွား၏။ အင်မော်တယ်နန်းတော်များအထဲရှိ အက်ကွဲကြောင်းမှာ ကြီးမားသထက် ကြီးမားလာပြီး မရေမတွက်နိုင်သော အင်မော်တယ်များက လှံကို ရင်ဆိုင်ရန် ပျံထွက်လာသည်။ အင်မော်တယ်များစွာ ဖျက်ဆီးခံလိုက်ရသဖြင့် တဘုန်းဘုန်း ပေါက်ကွဲသံများ ကြားလိုက်ရ၏။ လှံက အင်မော်တယ်နန်းတော်တစ်ခုကို ထိုးစိုက်ကာ ၎င်းအား ပေါက်ကွဲသွားစေသည်။
ထိုအခိုက်အတန့်တွင် မန်ဟို၏ အမြန်နှုန်းသည် အမြင့်တစ်ခုသို့ ရောက်ရှိသွား၏။
သူက ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များအထဲရှိ အက်ကွဲကြောင်းကို ထိုးခွင်းဖြတ်သွားသော အလင်းတန်းအသွင်ပြောင်းသွား၏။
သို့သော်လည်း ထိုအချိန်တွင် ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များမှာ တဖွေးဖွေး လှုပ်လာပြီး ကျုံ့လာသည်။ ရုတ်တရက် မရေမတွက်နိုင်သော တိမ်တိုက်များက ဧရာမလက်ကြီးတစ်ဖက်အသွင် ပေါင်းစည်းသွားပြီး အလွန်ကြီးမားသော ဖိအားကြီးတစ်ခုကို ဖြန့်ကျက်ကာ မန်ဟို့ကို ရိုက်ချလိုက်သည်။ လက်ကြီးက သူ့မြင်ကွင်းကို ပိတ်ဆို့ရင်း အရာအားလုံးကို ဖုံးကွယ်၍ သူ့အား မြေပြင်ထံသို့ ပြန်တွန်းချလိုက်လေသည်။
ရက်စက်ကြမ်းကြုတ်သော အလင်းတစ်စက သွေးဆာနေသော ဓားသဖွယ် သူ၏မျက်ဝန်းများတွင် ပေါ်ပေါက်လာ၏။
"ငါ့လမ်းကို ပိတ်ဖို့ ကြိုးစားတယ်လား"
***