အင်ပါယာဆရာသခင်
Vol. 148 Ch. 2038
အကွာအဝေးတစ်ခု၌ နန်းတော်တွင်းမှ ထွက်လာကြသော ကျင့်ကြံသူအားလုံးမှာ ထိုပြောင်းလဲမှုကြောင့် ရပ်တန့်ကုန်၏။သူတို့၏မျက်နှာများက ဖြူရောကုန်ပြီး အကြောက်တရား ပြည့်နှက်သွားသည်။ သူတို့အားလုံး၏အကြည့်က ဝမ်လင်းထံသာ ရောက်နေကြသည်။
“နှင်းနက်တွေဟာ အင်ပါယာနန်းတော်အပေါ် ဘယ်တုန်းကမှ ကျဆင်းခဲ့ဖူးပုံ မရဘူး…”
ဆံပင်နက်ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်းကာ ထိုသို့ ပြော၏။ ကောင်းကင်ထက်ရှိ နက်မှောင်မှုက နန်းတော်ကို ဖုံးလွှမ်းထားကာ နန်းတော်၏ အတွင်းအပြင်တွင် နှင်းနက်များ ကျဆင်းလာလေသည်။
ထိုအခါ ကြီးမားလှသော နန်းတော်က မြန်ဆန်စွာ ပျက်စီးယိုယွင်းလာ၏။
သို့သော် ထိုအခိုက်တွင် အကွာအဝေးတစ်ခုရှိ ကောင်းကင်ဘုံဘိုးဘေးရုပ်တုထံမှ ရွှေရောင်အလင်း ထွက်ပေါ်လာ၏။ ထိုရွှေရောင်အလင်းက ဂယက်ထကာ နန်းတော်ကို ခြုံလွှမ်းသည်။
ထိုရွှေရောင်အလင်းသည် နန်းတော်၏ အစွမ်းထက်ဆုံးအစီအရင်ပင်။ ၎င်းက နန်းတော် ဖျက်စီးခံရခြင်းကို ခွင့်ပြုမည် မဟုတ်ပါ။
ရွှေရောင်အလင်းထဲ၌ ကောင်းကင်ဘုံဘိုးဘေးရုပ်တု၏ ဦးခေါင်းပေါ်မှာ တစုံတစ်ယောက် ထိုင်နေသလို ထင်ရ၏။ သူက အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ကာ အဝေးရှိ ဝမ်လင်းကို လှမ်းကြည့်သည်။
“ဝမ်လင်း…” ထိုအဖြူရောင်ဝတ်ရုံဖြင့်သူမှာ အင်ပါယာဆရာသခင်ပင်။ သူက အပြုံးတစ်ခု လှစ်ဟဖော်ကာ ထရပ်လာပြီး ဝမ်လင်းထံ ခြေလှမ်းသည်။
ခြေတလှမ်းဖြင့်ပင် နန်းတော်တစ်ခုလုံးကို နောက်ထပ်ဟင်းလင်းပြင်တစ်ခုနှင့် ထပ်ပိုးသွားသလို ထင်ရလေ၏။ ဤသည်က အင်ပါယာဆရာသခင်ကို ဝမ်လင်းနှင့် ပေတစ်သောင်းအကွာရှိ ဘုံကျောင်းထိပ်ပေါ်သို့ ရောက်ရှိသွားစေသည်။ သူက ထိုနေရာတွင် ရပ်နေလျက် လေများက သူ့ဝတ်ရုံကို တဖြတ်ဖြတ် လွင့်အောင် တိုက်ခတ်နေလေသည်။
“ငါ မင်းကို စောင့်နေခဲ့တာ ကြာမြင့်ခဲ့ပြီ။ မင်း…နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ…”
ဝမ်လင်းက ဘုံကျောင်းပေါ်ရှိ အင်ပါယာဆရာသခင်ကို မော့ကြည့်၏။ ကောင်းကင်ထက်တွင် ကောင်းကင်ဘုံအင်ပါယာနှင့် မဟာအင်ပါယာကန်းနီတို့၏ တိုက်ပွဲက ပြင်းထန်နေပေသည်။ သည်တိုက်ပွဲ၌ အနိုင်ရသူကို ဆုံးဖြတ်ဖို့ ခက်ပေလိမ့်မည်။ သို့သော မဟာအင်ပါယာကန်းနီက ကောင်းကင်ဘုံအင်ပါယာကို ဆက်တိုက် အလုပ်များနေအောင် နှောက်ယှက်နေ၏။ ထို့ကြောင့် ကောင်းကင်ဘုံအင်ပါယာသည် ဝမ်လင်းကို နှောက်ယှက်နိုင်လိမ့်မည် မဟုတ်ပါ။
ကောင်းကင်ဘုံအင်ပါယာအပြင် နန်းတော်၌ ထူးခြားသော ကျင့်ကြံခြင်းကို ပိုင်ဆိုင်သူမှာ အင်ပါယာဆရာသခင်တစ်ယောက်သာ ရှိပေ၏။
ဝမ်လင်းက ငြိမ်သက်စွာ စဉ်းစားနေပြီးနောက် သူ့ညာခြေကို စောင့်ချလိုက်၏။ ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်ကာ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးက နောက်ဆုတ်ဖို့ ရွေးချယ်သွားသည်။ သူတို့က ရှေးကလန်ကဲ့သို့ မဟုတ်ပေ။ ရှေးကလန်ဝင်အားလုံးနီးပါးက တော်ဝင်မိသားစုအပေါ် ရူးသွပ်ဖွယ်သစ္စာရှိကြပေ၏။ ကောင်းကင်ဘုံကလန်၌မူ တော်ဝင်မိသားစုသည် သင်္ကေတတစ်ခုထက် ပိုသာရုံသာ။
စစ်မှန်သောစွမ်းအားကို မဟာအင်ပါယာများနှင့် ကလန်များစွာကသာ ထိန်းချုပ်ကြ၏။
အခုအခါ သူတို့က ဝမ်လင်းကို ရင်ဆိုင်ရချိန်၌ ကြောက်လန့်သွားပြီး တွေဝေခြင်းမရှိ နောက်ဆုတ်ကုန်သည်။
ဝမ်လင်းက ခြေဆောင့်လိုက်သည့်အခါ၌ မြေပြင်ထု ပျက်စီး၏။ အက်ကြောင်းများက သူ့ကို ဗဟိုပြုကာ အရူးအမူး ပျံ့လွင့်သည်။ အက်ကြောင်းများသည် အင်ပါယာဆရာသခင် ရပ်နေသော ဘုံကျောင်းထံ အသည်းအသန် ဦးတည်လာသည်။
ထိုအက်ကြောင်းများက နီးကပ်လာချိန်၌ အင်ပါယာဆရာသခင်က ပြုံး၍ သူ့ညာလက်ကို ဝေ့ယမ်းသည်။
“တည်ရှိတဲ့ အရာအားလုံးဟာ ဗလာနတ္တိ ဖြစ်လာနိုင်တယ်…” သူက သူ့ညာလက်ကို ဝေ့ယမ်းလိုက်စဉ် မြေပြင်ထက်ရှိ အက်ကြောင်းများသည် သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။
ဝမ်လင်းက အင်ပါယာဆရာသခင်ကို မော့ကြည့်ကာ ဖြည်းဖြည်းချင်း ပြော၏။ “လမ်းမရှည်ပေါ်မှာ ငါ သတ်ခဲ့တဲ့သူက သင် မဟုတ်ဘူး…”
“မင်း သတ်ခဲ့တဲ့သူက ငါပဲ။ ဒါပေမဲ့ ငါ မဟုတ်ပြန်ဘူး…” အင်ပါယာဆရာသခင်က ပြုံး၍ သူ့ညာလက်ကို ပြန်ရုတ်သိမ်းပြီး ထို့နောက် ၎င်းလက်ကို ဖြည်းဖြည်းချင်း ပြန်ဖြန့်ကားသည်။ အဖြူရောင်အလင်းဖြင့် ပြုလုပ်ထားသော လူသေးတစ်ယောက် ပေါ်လာကာ အင်ပါယာဆရာသခင်ကို ဒူးထောက် ဦးညွှတ်၏။
“မင်းဟာ မဟာစိတ်ဝိညာဉ်ကလန်ကို သွားခဲ့ပြီး သူ့မန္တာန်ကို သင်ယူခဲ့တယ်။ စိတ်ဝိညာဉ်မျက်လုံးတာအိုနဲ့ တာအိုမျက်လုံးစိတ်ဝိညာဉ်တို့ဟာ အတူတူပဲ။ ဒါပေမဲ့ ဒီမန္တာန်နှစ်ခုဟာ အမှန်တကယ်တော့ ကွဲပြားတယ်…”
အင်ပါယာဆရာသခင်က သူ့ညာလက်ကို ဝေ့ယမ်း၏။ လူသေးလေးက ပျံသန်းထွက်လာသည်။ ၎င်းက ချက်ခြင်းပင် သာမန်လူတစ်ယောက် အရွယ်ထိ ကြီးထွားလာပြီး ဝမ်လင်းထံ တဟုန်ထိုး ဦးတည်လာသည်။
ထိုပုံရိပ်သည် အလွန်မြန်လှ၏။ လောကနှင့် တသားတည်း ပေါင်းစပ်သွားသည်။ သို့သော် ၎င်းက ဝမ်လင်းနှင့် နီးကပ်လာသည့်အခါ ဝမ်လင်းသည် ရုတ်တရက် သူ့ညာလက်ကို ပင့်မြှောက်လိုက်သည်။ လှိုင်းဂယက်များက ပဲ့တင်ထပ်ကာ သူက ဆံဖြူပုံရိပ်ကို ခုတ်ပိုင်း၍ ၎င်းအား ခြေမွလိုက်သည်။
“ဘာကြောင့်လဲ…” ဝမ်လင်းက မျက်လုံးမှိတ်လိုက်၏။ ထို့နောက် အသက်ရှိုက်စာ အတော်အတန် ကြာပြီးနောက် မျက်လုံးပြန်ဖွင့်လာသည်။
“မင်းက လှိုဏ်ဂူလောကကနေ ပထမဆုံး ထွက်လာတဲ့သူပဲ။ လှိုဏ်ဂူလောက…။ လှိုဏ်ဂူလောက…။ ကောင်းကင်ဘုံကလန် ဒါမှမဟုတ် ရှေးကလန်မှာပဲ ဖြစ်ဖြစ် မရေမတွက်နိုင်တဲ့ လှိုဏ်ဂူလောကတွေ အများကြီးပဲ…”
“အစဦးတည်းက ဘယ်သူကမျှ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာ သူတို့ရဲ့ ကိုယ်ပိုင်လှိုဏ်ဂူလောကကို ဖွင့်လှစ်နိုင်တဲ့ မန္တာန် မပိုင်ဆိုင်ခဲ့ကြဘူး။ ကောင်းကင်ဘုံဘိုးဘေးနဲ့ ရှေးဘိုးဘေးတို့ အပါအဝင်ပဲ။ မင်းရဲ့ ကိုယ်ပိုင်လှိုဏ်ဂူလောကကို ဖန်တီးနိုင်တဲ့ မန္တာန်ဟာ ငါ့ကလန်ရဲ့ အထူးသီးသန့် မန္တာန်တစ်ခုပဲ ဖြစ်တယ်…”
“ငါ့ကလန်ဟာ ကောင်းကင်ဘုံဘိုးဘေးရဲ့ နောက်ကို လိုက်ခဲ့တဲ့နောက် ငါတို့ဟာ ဒီမန္တာန်ကို သူတို့ရဲ့ ကိုယ်ပိုင်လှိုဏ်ဂူလောက ဖန်တီးနိုင်တဲ့ အရည်အသွေးရှိတဲ့ ကလန်တိုင်းဆီ ဒီမန္တာန်ကို ဖြန့်ပေးခဲ့တာပဲ…”
“နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာလာတဲ့အခါ မရေမတွက်နိုင်တဲ့ လှိုဏ်ဂူလောကတွေဟာ ငါ့ကလန်အတွက် များပြားလွန်းလှတဲ့ အပူဇော်ခံမီးတောက်ကို ထောက်ပံ့ပေးကြတယ်။ အပူဇော်ခံမီးတောက်ဟာ တခြားသူတွေအတွက်လည်း အသုံးဝင်ပါတယ်။ ဒါပေမဲ့ ငါ့ကလန်အတွက်တော့ အသုံးတည့်ဆုံး ဖြစ်တယ်။ လူတစ်ယောက်ဟာ ငါ့ကလန်ရဲ့ အပူဇော်ခံမီးတောက်တွေကို စုပ်ယူနိုင်သ၍ သူတို့ဟာ ပြင်ပကလန်ဝင်တစ်ယောက် ဖြစ်လာနိုင်တယ်။ အပူဇော်ခံမီးတောက် ဆက်ပြီး မရှိတော့ရင်တော့ သူတို့ဟာ သေဆုံးသွားကြလိမ့်မယ်…”
“အပူဇော်ခံမီးတောက်တွေဟာ အဆိပ်ပဲ။ ဒါပေမဲ့ ကောင်းကျိုးလည်း ရှိတယ်။ ဒါဟာ ကြီးမားတဲ့လျှို့ဝှက်ချက်တစ်ခုတော့ မဟုတ်ဘူး။ မင်းလည်း ဒီအချက်ကို သိချင်သိနေမှာ…”
“ဒါပေမဲ့ မင်းဟာ ပြန်လည်မွေးဖွားခြင်းကနေ မဟုတ်ဘဲ လေဟာနယ်ကို ဖြတ်သန်းလာနိုင်ခဲ့တယ်။ ဒါ့အပြင် မင်းရဲ့ ခန္ဓာကိုယ်သပ်သပ်နဲ့ လှိုဏ်ဂူလောကကနေ လျှောက်လှမ်းလာခဲ့တဲ့သူလည်း ဟုတ်တယ်…”
“ဒါဟာ မဖြစ်နိုင်ဘူး။ ဒီလိုမျိုး ငါ့ကလန်ရဲ့ သမိုင်းမှ လုံးဝ မဖြစ်ခဲ့ဖူးဘူး…” အင်ပါယာဆရာသခင်က ဝမ်လင်းကို စိုက်ကြည့်နေရင်း စိတ်လှုပ်တရှား ဖြစ်လာ၏။ သူ့မျက်လုံးထဲရှိ စိတ်လှုပ်ရှားမှုက ပိုပိုအားကောင်းလာသည်။
“မင်းဟာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေကလူ မဟုတ်ဘူးလို့ ပြောနိုင်တယ်။ မင်းဟာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေက ငါ့ကလန်က ဖန်တီးထားတဲ့လို့လည်း ဆိုနိုင်တယ်…” အင်ပါယာဆရာသခင်က ထိုသို့ ပြောရင်း သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေကာ ဝေ့ယမ်းလိုက်သည်။ နန်းတော်သည် တွန့်ခေါက်ပုံပျက်သွား၏။ ဟင်းလင်းပြင် ကိုယ်တိုင်ကပါ ပြောင်းလဲသွားသည့်လား။ ကောင်းကင်သည် ပျောက်ကွယ်သွားကာ မြေပြင်လည်း ပြောင်းလဲသွား၏။ နန်းတော်သည်ပင် ချက်ခြင်း ကွယ်ပျောက်သွားသည်။
ဝမ်လင်းက သူ၏နေရာအနေအထား ပြောင်းလဲသွားတာ မရှိသည်ကို ကောင်းစွာ သတိပြုမိ၏။ သို့သော် ဟင်းလင်းပြင်ကမူ ပြောင်းလဲသွားခဲ့သည်။ တစုံတစ်ယောက်က အလားတူ ဟင်းလင်းပြင်တစ်ခုကို အစွမ်းထက်မန္တာန်သုံး၍ ဖွင့်လှစ်ခဲ့တာ သိသာသည်။ သူတို့သည် နန်းတော်ထဲ၌သာ ရှိနေတာ ထင်ရှား၏။ သို့သော် ဤသည်မှာ အမှန်တကယ်ပင် နောက်ထပ် လောကတစ်ခု ဖြစ်နေသည်။
ဤသည်မှာ ဘုံကျောင်းကြီးတစ်ခု ဖြစ်ကာ ၎င်းကို ကြီးမားသောတိုင်လုံးများက ထောက်ပိုးထားသည်။ တိုင်လုံးတစ်ခုစီတွင် မီးလုံးကိုးလုံး ပတ်ပတ်လည်၌ ရှိကြကာ သည်ဘုံကျောင်းကို အလင်းပေးထားသည်။
မီးလုံတစ်လုံးစီတွင် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသော မျက်လုံးမှိတ်ထားသည့် မျက်နှာတစ်ခု ပါဝင်နေ၏။
အကွာအဝေးတစ်ခု၌ တောင်အသွင်ပလ္လင်တစ်ခုလည်း ရှိသည်။ ထိုနေရာမှာ အင်ပါယာဆရာသခင် ရှိနေသော နေရာပင်။ သူ၏ခန္ဓာကိုယ်မှာ မလှုပ်မရှား ရှိ၏။ သူသည် မတူညီသော ဟင်းလင်းပြင်တစ်ခု၌ ရှိနေသည့်အလား။ ဤသည်မှာ အင်ပါယာနန်းတော်ပင်။
ထိုပလ္လင်ရှေ့တွင် ကြီးမားသော သွေးနီရောင်ရေကန်တစ်ခု ရှိနေ၏။ ထိုတွင် လူတစ်ယောက်ထိုင်နေသည်။ သူကား ဩဇာအင်ပါယာမန်တောက်ပင်။ သူက မျက်လုံးမှိတ်ထားလျက် ရှိ၏။ သူ့အမူအရာက ကြမ်းကြုတ်နေသည်။ သူသည် ပြင်းထန်သောနာကျင်မှုကို ခံစားနေရသည့်အလား။ သူ့သွေးကြောတို့က ဖောင်းကြွနေ၏။
ထိုရေကန်ပတ်လည်တွင် တိုင်လုံးကိုးခု ရှိနေ၏။ ယင်းတို့ကို အညိုရောင်ချိန်းကြိုးတစ်ခုနှင့်အတူ တစ်ခုနှင့်တစ်ခုအား ဆက်ထားပြီး ပလ္လင်ထက်တွင် လွင့်မြောတည်ရှိသည်။
ထိုချိန်းကြိုးကိုးခု၏ ဗဟိုချက်တွင် ပန်းပွင့်အင်္ကျီဖြင့် လူတစ်ယောက်လည်း ရှိနေသည်။ ထိုသူက မော့မြောနေပြီး ချိန်းကြိုးကိုးခုက သူ့အား ဖြတ်သန်း၍ နေ၏။
ထိုသူမှာ အရူး ဖြစ်၏။
“ကောင်းကင်ဘုံကလန်က ဒီနေရာကို စီစဉ်ဖို့ ငါ့မိသားစုကို ဖိတ်ခေါ်ခဲ့ချိန်တုန်းက သူတို့ဟာ ဒီနေရာကို ဖွွင့်လှစ်ခဲ့ကြတယ်။ ဒီမှာ ရှိတဲ့ အရာရာတိုင်းဟာ နန်းတော်နဲ့ ချိတ်ဆက်ထားတာ…” အင်ပါယာဆရာသခင်က ဝမ်လင်းကို ပြုံး၍ ကြည့်သည်။
ဝမ်လင်း၏အကြည့်က မေ့မြောနေသော အရူးထံ ကျရောက်သွား၏။ အနည်းငယ် စဉ်းစားပြီးနောက် သူက ပြောလာ၏။
“သင်နဲ့ ကောင်းကင်ဘုံအင်ပါယာက ငါ့ကို ဒီနေရာထိ အတင်းအကြပ် လာရအောင် နည်းမျိုးစုံ သုံးခဲ့တယ်။ ဒါက ဘာအတွက်ကြောင့်လဲ…”
“မင်း ကောင်းကင်ဘုံဘိုးဘေးရဲ့ စွမ်းအားကို လိုချင်လား…” အင်ပါယာဆရာသခင်က ဝမ်လင်းကို ကြည့်၏။ သူ၏မျက်လုံးထံမှ ထူးခြားသောအလင်းတစ်ခု လှစ်ဟပေါ်လာသည်။
“ကောင်းကင်ဘုံဘိုးဘေးမှာ အတိုင်းမသိစွမ်းအား ပိုင်ဆိုင်ထားတယ်။ မင်းသာ ငါ့ကို တစ်ခု ကတိပေးခဲ့ရင် မင်း ကောင်းကင်ဘုံဘိုးဘေးရဲ့ စွမ်းအားကို အမွေဆက်ခံနိုင်အောင်လို့ ငါ ကူညီပေးမယ်။ မင်းဟာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာ အသန်မာဆုံးသူ ဖြစ်လာလိမ့်မယ်…”
ဝမ်လင်း၏အမူအရာက အေးစက်နေဆဲပင်။ သူက တစက်လေးမျှ မရွှေ့လျားပေ။ သူသည် အင်ပါယာဆရာသခင်ကိုသာ အေးတိအေးစက် စိုက်ကြည့်နေလျက် ရှိ၏။
“ကောင်းကင်ဘုံအင်ပါယာဟာရှေးဘိုးဘေးရဲ့မူလမန္တာန်၊ လည်ပြန်ခြင်းကို ပြီးပြည့်စုံဖို့ နှစ်ပေါင်းများစွာ ပြင်ဆင်ထားခဲ့တာ။ သူသာ အောင်မြင်သွားတာနဲ့ တစုံတစ်ယောက်ကို ကောင်းကင်ဘုံဘိုးဘေးရဲ့ ကျင့်ကြံမှုအဆင့်ကို ရသွားစေပြီး ဒုတိယမြောက် ကောင်းကင်ဘုံဘိုးဘေး ဖြစ်လာစေလိမ့်မယ်…”
“ကောင်းကင်ဘုံအင်ပါယာ မသိစေဘဲ ဒီကျင့်ကြံမှုအဆင့်ကို မင်း ရရှိအောင်လို့ ငါ ကူညီပေးနိုင်တယ်…” အင်ပါယာဆရာသခင်က နှုတ်ခမ်းသပ်ကာ ဝမ်လင်းကို ကြည့်လိုက်၏။
“မင်းမှာ အရည်အချင်းတွေ ရှိပါတယ်။ မင်းဟာ ငါ့ကလန်အတွက် အပူဇော်ခံမီးတောက်တွေ ထောက်ပိုးပေးတဲ့ လှိုဏ်ဂူလောကတစ်ခုကနေ လာခဲ့တာပဲ။ မင်းဟာ…”
“သင်ဟာ ရှေးဘိုးဘေးမြို့ကနေ မထွက်သွားနိုင်ဘူး။ ပိုပြီး တိတိပပဆိုရရင် သင်ဟာ နန်းတော်ထဲကနေကို မထွက်ခွာနိုင်ဘူး…”
ဝမ်လင်းက အင်ပါယာဆရာသခင်၏ ပြောစကားကို ကြားဖြတ်ကာ ပြောလိုက်သည်။ သူ ထိုသို့ ပြောလိုက်သည့်နောက် အင်ပါယာဆရာသခင်၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားကာ သူက စကားပြောနေခြင်းကို ရပ်တန့်လိုက်သည်။ ဝမ်လင်းထံ စိုက်ကြည့်နေသော သူ့အကြည့်က အေးစက်လာသည်။
ဝမ်လင်းက ထိုအကြည့်နှင့် ဆုံသော်လည်း ပုံမှန်အတိုင်းပင်။ အချိန်အတန်ကြာပြီးနောက် အင်ပါယာဆရာသခင်က စတင် ရယ်မောလာ၏။
“ဒါအမှန်ပဲ။ ကောင်းကင်ဘုံဘိုးဘေးဟာ သန်မာလွန်းတယ်။ သူဟာ သန်မာလွန်းတယ်။ ငါ့ကလန်ဟာ သူ့ကို အတင်းအကြပ် အမှုတော်ထမ်းခဲ့ရတယ်။ ငါ့ကလန်ဝင်တွေရဲ့ ခန္ဓာကိုယ်နဲ့ သန့်စင်ထားတဲ့ အပူဇော်ခံမီးတောက် အများစုကိုလည်း ကောင်းကင်ဘုံဘိုးဘေးကို ပေးခဲ့ရတယ်…”
“သူဟာ ငါ့ကလန်ရဲ့ မျိုးဆက်တိုင်းအတွက် ချိပ်ပိတ်မှုတစ်ခု ချန်ထားခဲ့တယ်။ ငါ့ကလန်ဟာ ဒီရှေးဘိုးဘေးမြို့ကနေ မထွက်ခွာနိုင်ရုံသာမက ငါတို့ဟာ အမြဲတမ်း သတိထားခဲ့ရတယ်။ ကောင်းကင်ဘုံအင်ပါယာမျိုးဆက်တိုင်းဟာ ငါ့ကလန်ရဲ့ သေခြင်းရှင်ခြင်းကို ထိန်းချုပ်နိုင်ကြတယ်။ တစုံတစ်ယောက်က စွန့်စားထွက်ခွာလိုက်တာနဲ့ သူတို့က သေရလိမ့်မယ်။ မဟာစိတ်ဝိညာဉ်ကလန်ရဲ့ ဘိုးဘေးဟာ ငါ့ကလန်ရဲ့ ပါရမီရှင်ပဲ။ ဒါပေမဲ့ သူ ထွက်သွားတဲ့နောက် သေခြင်းတရားကို ရှောင်ဖို့ ခက်ခဲခဲ့တာကို သိရှိခဲ့ရတာပဲ…”
“ဒါ့ကြောင့် ငါ့ကလန်ဟာ ကောင်းကင်ဘုံအင်ပါယာတိုင်းကို သစ္စာရှိရတယ်။ ငါ ဒါကို ပြောင်းလဲချင်တယ်။ အခု ငါ့မှာ ဒီလိုလုပ်နိုင်မယ့် အခွင့်အရေးတစ်ခု ရှိလာခဲ့ပြီ…”
“မင်းဟာ လှိုဏ်ဂူလောကကနေ လာခဲ့မှန်း ပထမဆုံး ငါ သိခဲ့တဲ့အချိန်တုန်းက ကောင်းကင်ဘုံအင်ပါယာဟာ မင်းကို သတ်ချင်ခဲ့တယ်။ ဒါပေမဲ့ လျန်တောက်ကျန်းအကြောင်း ငါ ကောင်းကောင်း နားလည်တယ်။ သူဟာ အမြဲတမ်း တခြားသူတွေအပေါ် သတိထားပြီး အေးစက်လွန်းတဲ့သူပဲ။ ဒါ့ကြောင့် ငါဟာ မင်းဟာ ပြဿနာကြီးတစ်ခု ဖြစ်ပြီး သတ်ပစ်ရမယ်လို့ သူ့ကို ပြောခဲ့တယ်…”
“ငါ အဲ့လို ပြောခဲ့တဲ့အချိန်တုန်းက သူ့မှာ သံသယတွေ ရှိခဲ့တယ်။ ဒါ့ကြောင့်လည်း မင်း ကောင်းကင်ဘုံကလန်ကို ရောက်လာခဲ့တဲ့အချိန်တုန်းက သူ မလှုပ်ရှားခဲ့တာပဲ။ ဒါပေမဲ့ မင်းဟာ မြန်ဆန်စွာ တိုးတက်လာခဲ့ပြီး သူ မျှော်လင့်ထားတာထက် ပိုပြီးတော့ကို အမြင့်ကို ရောက်လာခဲ့တာပဲ။ ဒါပေမဲ့ သူ့မှာ တခြားအစီအစဉ်တွေ ရှိတယ်။ သူဟာ မင်းရဲ့ စွမ်းအားကို အသုံးပြုပြီး မန်တောက်ကို ပြီးပြည့်စုံစေချင်တာ…”
“သူ ရှေးဘိုးဘေးမူလသို့ပြန်ခြင်း အတွက် ရွေးချယ်ခဲ့တဲ့သူဟာ မန်တောက်ပဲ။ ငါ ရွေးချယ်တဲ့သူကတော့ မင်းဆိုတဲ့ ဝမ်လင်းပဲ။ ကျိုးသဲဟာ ကောင်းကင်ဘုံအင်ပါယာအတွက် ကြီးမားတဲ့ ချိန်းခြောက်မှုတစ်ခုပဲ။ ဒါ့ကြောင့်လည်း ဂုဏ်ထူးအခမ်းအနားအစီအစဉ်အတွင်းမှာ မင်းကို ဖိတ်ကြားခဲ့ပြီး လမ်းမပေါ်မှာ ထောင်ချောက်တစ်ခုကို စီစဉ်ချမှတ်ခဲ့တာပဲ။ ဒါပေမဲ့ မင်းရဲ့ သတ်ဖြတ်သူ ဆင်းသက်လာတဲ့အခါမှာ အဲ့တာက သူ့ကို တုန်လှုပ်စေခဲ့တယ်။ အဲ့ဒီနောက် သူဟာ တောက်ဖေရဲ့ မှတ်ဉာဏ်အပေါ်ကိုပဲ မှီခိုပြီးတော့ နောက်ဆုံးမှာ မင်းကို ဒီနေရာထိ ရောက်လာအောင် ဖြားယောင်းနိုင်ခဲ့တယ်…”
“ငါ မင်းကို ဒီနေရာဆီ လာစေချင်တဲ့အကြောင်းရင်းကတော့ တခြားမဟာအင်ပါယာတစ်ယောက်က ကောင်းကင်ဘုံအင်ပါယာနဲ့ တိုက်ခိုက်တဲ့အချိန် ဖြစ်တဲ့အတွက် သူ မသိဘဲ ငါက မင်းကို ဒီအကြောင်းတွေကို ပြောပြနိုင်လို့ပဲ…”
အင်ပါယာဆရာသခင်သည် ဝမ်လင်းကို ထိုသို့ စကားဆိုနေရင်း သူ၏မျက်လုံးက အရောင်တောက်နေလေ၏။