ကောင်းကင်ဘုံတောင်…
Vol. 148 Ch. 2041
ဝမ်လင်းသည် ကောင်းကင်ထက်ရှိ အက်ကြောင်းထံမှ ပြုတ်ကျလာနေရင်း သူ့အမူအရာက အလေးအနက် ဖြစ်လာသည်။ သူသည် ချက်ခြင်းပင် တောင်တန်းကိုးခုထဲမှ တစ်ခု၏ ထိပ်ပေါ်သို့ ချက်ခြင်း ပျံသန်းလာကာ အပေါ်သို့ မော့ကြည့်လိုက်သည်။
အင်ပါယာဆရာသခင်က ဝမ်လင်းကဲ့သို့ပင် ပြုမူသည်။ ဖြတ်ခနဲအတွင်း သူက တခြားတောင်ထိပ်တစ်ခုပေါ်တွင် ပေါ်လာသည်။
ဧရာမရွှေရောင်လက်ဝါးသည် ရောက်ရှိလာကာ ချက်ခြင်းပင် ကောင်းကင်ရှိ အရာအားလုံးကို ချက်ခြင်းလိုလို အစားထိုး ဝင်သွားသည်။ ကောင်းကင်သည် ရွှေရောင် ဖြစ်လာချေ၏။
သို့ရာတွင် ထိုရွှေရောင်လက်ဝါး ရောက်ရှိလာရုံ ရှိသေး သည်ဟင်းလင်းပြင်၏ မြေပြင်ထုသည် တုန်ခါသည်။ ကောင်းကင်ဘုံဘိုးဘေး၏ ဦးခေါင်းနှင့် ဆင်တူသည့် တောင်တန်း၏မျက်လုံးသည် လင်းလက်လာသည်။ ကောင်းကင်ထက်ရှိ လက်ဝါးသည် ထိုအကြည့်၏ စွဲညှို့မှုကို ခံလိုက်ရပုံ ပေါ်သည်။ ၎င်းက အမျှင်တန်းနှစ်ခုအဖြစ်သို့ ပြောင်းသွားပြီး တောင်ပေါ်ရှိ မျက်လုံးနှစ်လုံးက ၎င်းကို မြန်ဆန်စွာ စုပ်ယူသည်။ ရွှေရောင်လက်ဝါးချက်သည် တဒင်္ဂအတွင်း ကွယ်ပျောက်သွားသည်။
ကောင်းကင်ထက်မှ ဒေါသတကြီးအသံတစ်သံ ထွက်ပေါ်လာသည်။ ၎င်းသည် ကောင်းကင်ဘုံအင်ပါယာထံမှ ထွက်ပေါ်လာဟန် တူ၏။ ယင်းဟိန်းအော်သံသည် ဟင်းလင်းပြင် အလွှာလိုက်များစွာကို ဖြတ်သန်းလာပုံ ရသည်။ သို့သော် ၎င်းက တဖြည်းဖြည်း ပို၍ ကြည်လင်ထင်ရှားလာ၏။ ကောင်းကင်ဘုံအင်ပါယာသည် ဒီနေရာသို့ အရှိန်အဟုန်နှင့် ရောက်လာသည့်အလား။
သို့ပေမည့် သိပ်မကြာခင်တွင် ယင်းဒေါသတကြီးအသံက ရပ်တန့်သွားကာ မိန်းကလေးငယ်နှစ်ယောက်၏ အသံက အစားထိုး ဝင်ရောက်လာသည်။ ကောင်းကင်ဘုံအင်ပါယာသည် မဟာအင်ပါယာကန်းနီ၏ တားဆီးခြင်း ခံလိုက်ရတာ သိသာပေသည်။
အင်ပါယာဆရာသခင်၏ မျက်နှာက ဖြူရောနေ၏။ သူက သူ့ဘဝ၏ အဆုံးသပ်သို့ ရောက်ခါနီးနေသည့်အလား။ သူသည် အော်ဟစ်ကာ ပြောလိုက်သည်။ “ဝမ်လင်း…ကောင်းကင်ဘုံအင်ပါယာဟာ အခု တားဆီးခံထားရတယ်။ ဒါပေမဲ့ သူ ဒီကို ပူပန်တကြီး ရောက်လာနေတာပဲ။ ငါတို့မှာ အချိန်သိပ်မကျန်တော့ဘူး။ ငါတို့ မန်တောက်ကို ဖိနှိပ်ဖို့ အတူတူ လုပ်မှ ဖြစ်မယ်…”
“ငါတို့ သူ့ကို ဖိနှိပ်ပြီးရင်တော့ ငါ သူ့ရဲ့ အမွေအနှစ်ကို မင်းရှိ ပြောင်းလဲပေးဖို့ မန္တာန်တစ်ခု အသုံးပြုလိုက်မယ်…”
ကောင်းကင်ထက်၌ ရွှေရောင်လက်ဝါး မရှိတော့သော်လည်း မန်တောက်၏ခန္ဓာကိုယ် ပေါ်လာ၏။ သူ့ခန္ဓာကိုယ်သည် မြန်ဆန်စွာ ဆွေးမြေ့နေလျက် အသားအရေမြောက်များစွာ အလွှာလိုက် ကွာကျနေကာ သူ့အရိုးနက်များပင် လှစ်ဟပေါ်လာသည်။ သူ၏ခန္ဓာကိုယ်သည် ရွှေရောင်အလင်းကို ထုတ်လွှတ်နေဆဲပင်။ ဤသည်က သူ့ကို နာကျင်မှုကြောင့် အဆက်မပြတ် အော်ဟစ်နေစေသည်။
အင်ပါယာဆရာသခင်က ဒီရေကန်ကို ဖွင့်လှစ်ခဲ့သည့်အတွက်ကြောင့် ကောင်းကင်ထက်ရှိ အက်ကြောင်းများကနေ အနီရောင်သွေးမြောက်များစွာသည် မိုးကဲ့သို့ ရွာဆင်းကျလာသည်။
ထိုအနီရောင်သွေးတို့က မြေပြင်ထက်ရှိ တောင်တန်းကိုးခုပေါ်သို့ ကျဆင်းလာသည်။
ထိုသွေးမိုးအောက်တွင် မန်တောက်က မာန်သွင်းကာ ရုတ်တရက် မော့ကြည့်လာ၏။ သူ၏မျက်လုံးထဲ၌ ရူးသွပ်မှု၊ သတ်ဖြတ်လိုခြင်းတို့သာ ရှိနေ၏။ သူက ဝမ်လင်းကို စိုက်ကြည့်ကာ မာန်သွင်း၍ တိုးဝင်လာတော့သည်။ သူသည် အရိပ်တစ်ခုအဖြစ်သို့ ပြောင်းကာ တောင်ပေါ်တွင် ရှိနေသော ဝမ်လင်းထံ နီးကပ်လာ၏။
ဝမ်လင်း၏မျက်လုံး သူငယ်အိမ်မှာ ကြုံ့မိသွား၏။ မန်တောက် ချက်ခြင်း နီးကပ်လာစဉ် သူက နောက်သို့ ခြေတစ်လှမ်း ဆုတ်သည်။ ထိုခြေလှမ်းဖြင့် ပုံရိပ်ကိုးဆယ့်ကိုးခု ပေါ်လာချေသည်။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်နေစဉ် မြေပြင်ထုမှာ တုန်ခါတုန်ဟည်းလေသည်။ မန်တောက်က မည်သည့်မန္တာန်ကိုမျှ အသုံးမပြုပါ။ သူက ထိုတောင်ထံ လက်သီးဖြင့်သာ တိုက်ရိုက် ထိုးနှက်လာချေသည်။
မြေပြင်ထု တုန်ဟိန်းသွား၏။ သို့ပေမည့် သည်တောင်ကမူ အပြင်းအထန် တုန်ခါကာ ကျောက်စကျောက်နများ ကျဆင်းလာသော်လည်း ပျက်စီးမည့် အရိပ်အယောင် မပြသပေ။ ယင်းတောင်ပေါ်၌ မည်သည့်အက်ကြောင်းမျှပင် မပေါ်ထွက်လာခဲ့ပေ။
ဝမ်လင်း၏ ကိုးဆယ့်ကိုးခုသော ပုံရိပ်များထဲမှ ခုနစ်ဆယ်ကျော်သည် မန်တောက်၏ အရူးအမူး ထိပ်တိုက်တွေ့ခြင်းကြောင့် ပျက်စီးသွား၏။ ကျန်သည့်ပုံရိပ်များက အကွာအဝေးတစ်ခုတွင် ပေါင်းစည်းကာ သူ၏မူလခန္ဓာကိုယ်အဖြစ်သို့ ပြန်ပြောင်းလဲသွားသည်။
ဝမ်လင်းသည် နောက်ဆုတ်ကာ ထိုတောင်ထံသို့ ကြည့်၏။ သူ၏မျက်လုံးထဲ၌ ထူးဆန်းသောအလင်းတစ်ခု လှစ်ဟပေါ်သွားသည်။ ဝမ်လင်းက တည်ငြိမ်သောအမူအရာဖြင့်သာ ရှိနေ၏။
“ဒါက ဘယ်လိုတောင်မျိုးလဲ…။ဒါက ဘယ်လို နေရာလဲ…” ဝမ်လင်းက အင်ပါယာဆရာသခင်ကို မေးလိုက်သည်။
“ဒါဟာ ကောင်းကင်ဘုံကလန်ရဲ့ အခြေခံဖြစ်တဲ့ ကောင်းကင်ဘုံတောင်ကိုးလုံးပဲ။ ဒါက ကောင်းကင်ဘုံကလန်ကို ကာကွယ်ပေးထားပြီး ချိပ်ပိတ်ခံထားရတဲ့ စိတ်ဝိညာဉ်ခုနစ်ဆယ့်နှစ်ခုကိုလည်း ဖိနှိပ်ထားတယ်။ ဒါက ကောင်းကင်ဘုံမျိုးဆက်တိုင်းကို အဆုံးစွန်ရှစ်ပါးဆိုတဲ့ ဂုဏ်ထူးဝိသေသကို အမွေဆက်ခံခွင့်လည်း ပြုသေးတယ်…”
“ဒီနေရာဟာ အင်ပါယာနန်းတော်အောက်က တားမြစ်နန်းတော်တစ်ခုပဲ။ ကောင်းကင်ဘုံဘိုးဘေး တံခါးပိတ်ကျင့်ကြံခဲ့တဲ့ နေရာဆိုလည်း ဟုတ်တယ်…”
အင်ပါယာဆရာသခင်က ချက်ခြင်း ပြန်ဖြေသည်။
“ဝမ်လင်း…တိုက်ကြမယ်…” အင်ပါယာဆရာသခင်၏မျက်လုံးက တလက်လက် တောက်ပလာ၏။ သူက မန်တောက်ထံ ပျံသန်းလာသည်။ သူ့ညာလက်ကို ဆန့်ထုတ်လိုက်ရာ အဖြူရောင်အလင်းဖြင့် ပြုလုပ်ထားသော လူသေးလေး ပေါ်လာကာ ၎င်းက သာမန်လူအရွယ်အစားသို့ ချက်ခြင်း ပြောင်းလဲသည်။ ၎င်းသည် သူနှင့်အတူ ရှေ့သို့ တိုးဝင်လာသည်။
မန်တောက်က တောင်ကို ရိုက်ချရာ ၎င်းအား တုန်ခါသွားစေပြီးနော်က မာန်သွင်းအော်ဟစ်၏။ သူသည် အင်ပါယာဆရာသခင်ကို အရေးမစိုက်ပေ။ သူက ဝမ်လင်းထံသို့သာ ထပ်မံ တိုးဝင်လာသည်။
“ဗလနတ္တိကင်းမဲ့မှုဟာ တည်ရှိမှုကြောင့် ဆက်တိုက်ဖြစ်နိုင်တယ်…” အဖြူရောင်အလင်းဖြင့် ပြုလုပ်ထားသော ထိုလူက အင်ပါယာဆရာသခင်၏ရှေ့ကနေ ရှေ့သို့ လှမ်းကာ ပျောက်ကွယ်သွားသည်။ ၎င်းက မန်တောက်၏ရှေ့တွင် ပြန်ပေါ်လာကာ မန်တောက်ထံ လက်ညွှန်လိုက်၏။
ထိုလက်ညွှန်ချက် ကျရောက်လာသည့်အခါ မန်တောက်ပတ်လည်ရှိ လေဟာနယ်ရှေ့တွင် လှိုင်းဂယက်များစွာ ပေါ်လာသည်။ ထိုလှိုင်းဂယက်များသည် ချိန်းကြိုးများကဲ့သို့ ရစ်ပတ်ကာ ချက်ခြင်းပင် မန်တောက်ကို ရပ်တန့်သွားစေသည်။
ဝမ်လင်း၏မျက်လုံးက အရောင်လက်သွား၏။ မန်တောက်၏ခန္ဓာကိုယ်ထဲရှိ ရွှေရောင်အလင်းက အားကောင်းလှ၏။ ဝမ်လင်းသည် ထိုစွမ်းအားကို ရှိန်ပေသည်။ အင်ပါယာဆရာသခင် လှုပ်ရှားလာသည်ကို မြင်သည့်အခါ ဝမ်လင်းက ခဏတာ တုံ့ဆိုင်းပြီးနောက်မှ မန်တောက်ထံ တိုးဝင်လာတော့သည်။
သူ နီးကပ်လာသည့်အခါ သူ့ညာလက်ကို ပင့်မြှောက်၏။ နေသာသောညမန္တာန် ပေါ်လာသည်။ မြေပြင်သည် ပင်လယ်ဖြစ်လာကာ ကောင်းကင်သည် နက်မှောင်လာစဉ် သူကား နေမင်း ဖြစ်လာချေ၏။ တောက်ပသောအလင်း ပေါ်ထွန်းလာကာ ၎င်း၌ ဝမ်လင်း၏ ယုံကြည်မှုမန္တာန်စွမ်းအား ပါဝင်သည်။ သူက အမှောင်ထုကို ဆုတ်ဖြဲနိုင်သည့် ထိုအလင်းနှင့် ပေါင်းစပ်ကာ မန်တောက်ထံ တိုးဝင်လာသည်။
တချိန်တည်းမှာ အင်ပါယာဆရာသခင်သည် သူ့လျှာထိပ်ကို ကိုက်၏။ သူက သူ့နောက်ဆုံးသက်တမ်းလက်ကျန်ကို အသုံးပြုကာ သွေးများစွာ ထွေးထုတ်၍ ၎င်းကို သွေးလူအဖြစ်သို့ ပြောင်းလဲစေသည်။ ထိုသွေးလူက မာန်သွင်းကာ မန်တောက်ထံ ကြမ်းကြုတ်သောအမူအရာဖြင့် ဦးတည်လာတော့သည်။
ဝမ်လင်းနှင့် အင်ပါယာဆရာသခင်တို့က မန်တောက်ကို အစွမ်းထက်မန္တာန်များဖြင့် တိုက်ခိုက်လာခဲ့သည်။
မန်တောက်သည် မူလတုန်းက သည်မျှ မသန်မာပေ။ သို့သော် သူ၏ခန္ဓာကိုယ်ထဲရှိ ရွှေရောင်အလင်းက မဖျက်စီးနိုင်ဘဲ မန္တာန်အားလုံးကို အစားထိုးနိုင်သည်။ ဤသည်က လူတိုင်းကို နောက်တွန့်စေကာ အနားသို့ မကပ်လာဝံ့ ဖြစ်စေနိုင်သည်။
သွေးလူနှင့် ဝမ်လင်း၏နေသာသောညမန္တာန်က မန်တောက်ထံ နီးကပ်လာကြစဉ် သူက ကောင်းကင်ထက်သို့ အော်ဟစ်မာန်သွင်းသည်။ မန်တောက်ခံစားရသည့် နာကျင်မှုက အထွတ်အထိပ်သို့ ရောက်လာသည့်အလား။ သူ၏ တကိုယ်လုံးနီးပါး ပျက်စီးဆွေးမြေ့နေသော ခန္ဓာကိုယ်မှာ တုန်ယင်လျက် ရုတ်တရက် ပျက်စီးသွားချေသည်။
ထိုပျက်စီးမှုက အသွေးအသားတို့ကို ပိုင်းခြားထုတ်ခြင်းတည်း။ သူ၏အသွေးအသားတို့သည် အဘက်ဘက်သို့ ပေါက်ကွဲသွားသည့်နှယ်။
သွေးလူက မန်တောက်၏ ခန္ဓာကိုယ်ပေါက်ကွဲမှုထံ တိုးဝင်လာသည်။
တစီစီအသံများ ပဲ့တင်ထပ်၏။ သွေးလူသည် နာကျင်စူးဝါးစွာ အော်ဟစ်လိုက်ရသည်။ မန်တောက်၏ အသွေးအသားတို့က သွေးလူကို ထွင်းဖောက်၏။ သည့်နောက် ၎င်းသည် ပျောက်ကွယ်ကာ ဝမ်လင်းနှင့် ပိုနီးကပ်သွားသည်။
မန်တောက်၏ အသွေးအသားအတွင်း၌ ကောင်းကင်ဘုံဘိုးဘေး၏စွမ်းအားကို ကိုယ်စားပြုထား၏။ ဤသည်က မည်သည့်မန္တာန်ဖြင့်မဆို ယှဉ်၍ ရသည်။ ဝမ်လင်း၏အမူအရာက ပြောင်းလဲသွားပြီး သူက မြန်မြန်ဆန်ဆန် နောက်ဆုတ်သည်။ အသွေးအသားတို့က နေသာသောညမန္တာန်အောက်တွင် မြန်ဆန်စွာ ကွယ်ပျောက်လာ၏။
မန်တောက်၏ခန္ဓာကိုယ်မှာ ပြင်းထန်သောနာကျင်မျု ထွက်ပေါ်လာ၏။ သူ၏ ရင်ဘက်၊ညာခြေထောက်၊ဘယ်လက်တို့မှ ရွှေရောင်အလင်းသည် တောက်ပလာသည်။ ၎င်းအလင်းက သူ့ခန္ဓာကိုယ်ကို လောင်ကျွမ်းပစ်ရန် ကြိုးစားနေသည့်အလား။
“သူ စောစီးစွာ နိုးထလာပြီး ကောင်းကင်ဘုံဘိုးဘေးရဲ့ သွေးမျိုးဆက်ကို လုံလောက်စွာ မစုပ်ယူသေးတဲ့အတွက်ကြောင့် ဒီလို ဖြစ်ရတာပဲ။ သူ့အသွေးအသားပြီးရင် သူ့အရိုးတွေပါ ပျက်စီးလိမ့်မယ်။ သူသာ တောင့်ခံထားနိုင်ရင် ရှေးဘိုးဘေးမူလသို့ပြန်ခြင်းမန္တာန်ကို ပြီးမြောက်ပြီး သူ့ခန္ဓာကိုယ်ဟာ ရွှေရောင်အလင်းကြောင့် ပြန်ဖွဲ့စည်းသွားလိမ့်မယ်…”
“ဝမ်လင်း…ငါတို့ ထိန်ချုပ်ထားဖို့ မလိုတော့ဘူး။ ငါတို့ အင်အားပြည့်ကို အသုံးပြုရမယ်။ သူ မန္တာန်ကို မပြီးမြောက်ခင် သူ့ကို ဖိနှိပ်ရမယ်။ ဒါမှမဟုတ် သတ်ပစ်ရမယ်။ ဒါမှသာ ငါ မင်းကို ဒီစွမ်းအားကို လွှဲပြောင်းပေးနိုင်မှာ…” အင်ပါယာဆရာသခင်၏ စကားတို့က အားဖျော့ကာ စိုးရိမ်ပူပန်ဟန် ပေါ်နေသည်။ သူက သူ့လက်ကို ပင့်မြှောက်လိုက်သည်။ သူ့လက်ဖဝါးပေါ်တွင် အလင်းလူသေးလေးက စတင်ပေါ်လာ၏။
သူက သူ့လျှာထိပ်ကို ထပ်မံ ကိုက်လိုက်ပြန်သည်။ မာန်သွင်းကာ သူ၏ခန္ဓာကိုယ်သည် သေဆုံးတော့မည့်အလား ယိုယွင်းလာချေ၏။ သူက သွေးများကို ထွေးထုတ်ကာ သွေးလူအဖြစ်သို့ ပြောင်းလဲစေပြန်သည်။ အလင်းဖြင့် ပြုလုပ်ထားသော လူသေးလေးက သွေးလူထံ အရှိန်အဟုန်နှင့် ဝင်လာသည်။ သွေးလူက အားကောင်းသောအော်ရာတစ်ခုကို ပေးစွမ်းနေပြီး ၎င်း၏မျက်လုံးကို ဖွင့်လာသည်။ ၎င်းထံ၌ ကြမ်းကြုတ်သောအကြည့် ရှိမနေ၊ တည်ငြိမ်မှုသာ ရှိနေပြီး ၎င်းက မန်တောက်ထံ တိုးဝင်သည်။
အင်ပါယာဆရာသခင်၏ ခန္ဓာကိုယ်မှာ တုန်ယင်နေ၏။ သူ၏အသက်ရှုသံပင် မမှန်တော့ပေ။ သူ့မျက်နှာမှာလည်း သေလောက်အောင် ဖြူရောနေလျက် သေခြင်းအငွေ့အသက်က သူ့ခန္ဓာကိုယ်ကို ခြုံလွှမ်းထားသည်။
အင်ပါယာသခင် ထိုသို့ ဖြစ်နေသည်ကို မြင်သည့်အခါ ဝမ်လင်းက အံတင်းတင်းကြိတ်ကာ ကောင်းကင်ဘုံနွားထီးစိတ်ဝိညာဉ်ချပ်ဝတ်၏ စွမ်းအားကို ၎င်း၏အထွတ်အထိပ်ရောက်အောင် အသက်သွင်းသည်။ သူ့ဆံပင်တို့က လေမတိုက်ပါဘဲ လှုပ်ခတ်နေ၏။ သူ၏ရှေးတောက်နှင့် ကောင်းကင်ဘုံကျင့်ကြံခြင်းတို့က အတူတကွ ပေါင်းစည်းသည်။ သူက မန်တောက်ထံ လက်သီးတလုံး ပစ်သွင်းလိုက်လေသည်။
ထိုလက်သီးချက်သည် ဝမ်လင်းစွမ်းအား၏ အထွတ်အထိပ်ပင်။ သူက ပုံရိပ်ယောင်ကိုးဆယ့်ကိုးခုကို သူ၏မူလခန္ဓာကိုယ်နှင့်အတူ သိပ်သည်းကာ ထိုလက်သီးချက်ကို မန်တောက်ထံ ထိုးနှက်လိုက်ခြင်းတည်း။
မန်တောက်၏ခန္ဓာကိုယ်သည် တုန်ယင်သွား၏။ သူ၏ခန္ဓာကိုယ်သည် အရိုးစုကဲ့သို့ ဖြစ်နေသည်။ သည်အခိုက်၌ အနည်းငယ်ကျန်သော အသွေးအသားတို့က ထပ်မံ ပေါက်ကွဲထွက်သွားသည်။ ခုခါတွင် မန်တောက်၏ခန္ဓာကိုယ်မှာ အရိုးသာ ကျန်တော့သည်။
ထိုအရိုးတို့မှာ လုံးဝ နက်နေ၏။ သို့သော် သူ့ခန္ဓာကိုယ်တွင်း၌ အဆုံးမဲ့ ရွှေရောင်အလင်းကို ပေးစွမ်းနေသော လက်သီးစုပ်ခန့် ရွှေရောင်အလင်းလုံးတစ်လုံး ရှိနေ၏။ ဤသည်မှာ သူ ကောင်းကင်ဘုံဘိုးဘေးထံမှ အမွေဆက်ခံထားသော အရာပင်။
အသွေးအသားတို့ ပေါက်ကွဲခြင်းစွမ်းအားက အင်ပါယာဆရာသခင်၏ အသက်ဓာတ်အားဖြင့် ဖြစ်ပေါ်ထားသော သွေးလူ၊ သို့မဟုတ် ဝမ်လင်း၏ ကောင်းကင်ဘုံနွားထီးစိတ်ဝိညာဉ်ကြောင့် ဖြစ်ပေါ်လာသော မန္တာန်တို့ကို မဟန့်တားနိုင်ပေ။ ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်၏။ မန်တောက်က ၎င်းကို ထပ်မံ၍ တောင့်မခံနိုင်တော့ပုံ ပေါ်သည်။
သို့ပေမည့် ထိုအခိုက်တွင် သူ့စိတ်ဝိညာဉ်တွင်းမှ ဟိန်းအော်သံတစ်ခုသည် မန်တောက်၏ အရိုးစုခန္ဓကိုယ်ကနေ လောကတခွင်သို့ ပဲ့တင်ထပ်လေသည်။
“ငါ ဒီလို အရှုံးမပေးနိုင်ဘူး…”
သူ၏ နတ်ဘုရားအာရုံ ပဲ့တင်ထပ်စဉ် ရွှေရောင်မီးတောက်နှစ်ခုက သူ၏ ဗလာဟောက်ပက် မျက်လုံးအိမ်အတွင်း၌ စတင်လောင်ကျွမ်း၏။ သို့သော တအောင့်အကြာတွင် ထိုမီးက ငြှိမ်းသေမည့် အရိပ်အယောင် ပြသလာသည်။ အက်သံများက သူ့အရိုးပေါ်တွင် ပေါ်လာကာ ယင်းတို့သည် ဖြတ်ခနဲအတွင်း ပျက်စီးသွားချေသည်။
သူ၏အရိုးအားလုံး ပျက်စီးသွားခိုက်တွင် သူ့ကို ဗဟိုပြုကာ အံ့မခန်းတုန်ခါလှိုင်းတစ်ခု ပျံ့နှံ့သည်။ ထိုအားက ဝမ်လင်းကို အသက်ဘေးအန္တရာယ်ချိန်းခြောက်မှုအား ခံစားမိစေသည်။
မနီးမဝေးရှိ အင်ပါယာဆရာသခင်၏ မှိန်ဖျော့နေသော မျက်လုံးမှာ စိတ်လှုပ်ရှားမှုကို ကွယ်ဝှက်ထားသော တောက်ပမှုမျိုးဖြင့် လင်းလက်သွား၏။ သူက သူ့နောက်ဆုံးလက်ကျန် ခွန်အားကို အသုံးပြုခဲ့ပေ၏။ ထို့ကြောင့် သူ၏ခန္ဓာကိုယ်မှာလည်း ပျက်စီးသည်။ တချိန်တည်းမှာ မန်တောက်ထံသို့ တစ္ဆေအလင်းတန်းတစ်ခု ပျံသန်းဝင်လာသည်။