ပါရာဂွန်အင်မော်တယ်နန်းတော်များ
Vol. 70 Ch. 970
မီတာ ၃၀၀၀၀ ဓမ္မဆင်းတုကြီးသည် အနန္တရွှေအလင်းရောင်တို့ဖြင့် တောက်ပနေနေလျက် ခုနစ်ရောင်ခြယ်အင်မော်တယ်ပြစ်ဒဏ်ကို ထိုးချလိုက်သည်။ မန်ဟိုက မျက်လုံးများ ပိတ်လိုက်ပြီးနောက် သူ၏ ဓမ္မဆင်းတုဖြင့် တစ်သားတည်း ပေါင်းစည်းလိုက်၏။ သူ၏ မျက်လုံးများ ပြန်ဖွင့်လိုက်သောအခါ သူသည် ဓမ္မဆင်းတုဖြစ်သွားပြီး ဓမ္မဆင်းတုကြီးကလည်း သူဖြစ်သွားလေပြီ။
လက်သီးကြီးတစ်လုံး ကျဆင်းလာပြီး ကောင်းကင်မှာ တဂျိန်းဂျိန်း ထစ်ချုန်းသွား၏။ အလွန်ကြီးမားသော အပေါက်ကြီးတစ်ပေါက်က ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များကြားတွင် ပွင့်ထွက်လာပြီး တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော ခုနစ်ရောင်ခြယ်မိုးကြိုးတန်းများက မန်ဟို့အား ပစ်ချလိုက်သည်။
မန်ဟိုက အင်မော်တယ်ပြစ်ဒဏ်မိုးကြိုးအား မရှောင်ရှားဘဲ သူ့အား ပစ်ခွင့်ပေးလိုက်၏။ သူသည် လက်နှစ်ဖက်ကို ဖြန့်ကားလိုက်ပြီး သူ၏မျက်လုံးများတွင် အင်မော်တယ်ပြစ်ဒဏ်မိုးကြိုးများဖြင့် ပြည့်နှက်နေလေသည်။
ဂျိန်း
အချိန်များ ကျော်လွန်သွားသည်။ ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များမှာ ပုံမှန်အရွယ်အစား၏ ၆၀ ရာခိုင်နှုန်းအထိ ကျုံ့သွား၏။ ၅၀ ရာခိုင်နှုန်း။ ၄၀ ရာခိုင်နှုန်း။ ခုနစ်ရောင်ခြယ်အင်မော်တယ်ပြစ်ဒဏ်မိုးကြိုးများမှာ အဆုံးမရှိသည့်အလားပင်။ မန်ဟို့၏ ထာ၀ရအလွှာကား ဆက်တိုက်အလုပ်လုပ်နေပြီး သူ၏ မီတာ ၃၀၀၀၀ ဓမ္မဆင်းတုကြီးက မရပ်မနား တိုက်ခိုက်၍ နတ်ဘုရားစွမ်းအင်များအား ထုတ်လွှတ်နေရာ ကောင်းကင်နှင့်မြေကြီးအား တသိမ့်သိမ့် တုန်ခါနေစေတော့သည်။
မန်ဟိုက ခေါင်းနောက်လှန်၍ ဟိန်းဟောက်ကြုံးဝါးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ ဓမ္မဆင်းတုသည် အရပ်လေးမျက်နှာသို့ ရုတ်တရက် ပြန့်ကားသွား၏။ တစ်ဆက်တည်းမှာပင် မန်ဟိုက ညာလက်ကို ဆန့်တန်းလိုက်ရာ ၎င်း၏အတွင်း၌ အက်ကွဲကြောင်းတစ်ကြောင်းပေါ်လာသည်။
၎င်းအက်ကွဲကြောင်းက အသက်သုံးရှိုက်သာ ခံလိုက်၏။
၎င်းသည် ပဉ္စမမိစ္ဆာချုပ်နှောင်မန္တန်ဖြစ်၏။ ထိုအသက်သုံးရှိုက်တွင် အက်ကွဲကြောင်းက ဟင်းလင်းပြင်ထဲတွင် တွင်းနက်ကြီးတစ်တွင်းအလား ဖြစ်လာခဲ့သည်။ ၎င်းသည် ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များကို ချက်ချင်းစုပ်ယူလိုက်သော မယုံကြည်နိုင်ဖွယ် ဆွဲငင်အားတစ်ရပ်အား ထုတ်လွှတ်လိုက်၏။
၃၀ ရာခိုင်နှုန်း။ ၂၀ ရာခိုင်နှုန်း။ ၁၀ ရာခိုင်နှုန်း။
ဂျလိန်း ဂျလိန်း
အက်ကွဲကြောင်း ပျောက်ကွယ်သွားသောအခါ ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်အများစုမှာ ၎င်းနှင့်အတူ ပျောက်ကွယ်သွားခဲ့ကာ အရှေ့အောင်ပွဲဂြိုလ်အား ဖုံးလွှမ်းရန်ပင် မလုံလောက်တော့ပေ။ မန်ဟိုက မျက်နှာဖြူဖတ်ဖြူရော်ဖြင့် လေလယ်တွင် ပျံဝဲနေသော်လည်း သူ၏ တိုက်ခိုက်လိုစိတ်မှာ ယခင်ထက်ပင်ပို၍ ပြင်းထန်လာသည်။
သူသည် ကောင်းကင်ထက်ရှိ ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်အကြွင်းအကျန်များနှင့် ၎င်းတို့နောက်ရှိ အင်မော်တယ်နန်းတော်များကို မော့ကြည့်လိုက်သည်။ လောလောဆယ်တွင် အင်မော်တယ်နန်းတော်များမှာ စောစောကကဲ့သို့ ကြောက်မက်ဖွယ်အရှိန်အဝါကို ထုတ်လွှတ်မနေတော့ပေ။
"ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်တွေ အခု ထွက်သွားကြစမ်း" မန်ဟိုက ညာလက်ကို ဝှေ့ယမ်းရင်း အေးတိအေးစက် ပြောလိုက်သည်။ သူ၏ဓမ္မဆင်းတုကြီးက သူ့၏ခန္ဓာကိုယ်မှ ဖယ်ခွာသွားပြီး ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များထဲသို့ ထိုးခွင်းသွားသော ရွှေရောင်အလင်းတန်းတစ်တန်းအသွင် ပြောင်းသွားပြီးနောက် ရုတ်တရက် ပေါက်ကွဲသွား၏။
ပေါက်ကွဲမှုက ပြစ်ဒဏ်မိုးကြိုးအကြွင်းအကျန်များကို တလိမ့်လိမ့် ထသွားစေပြီးနောက် တိမ်တိုက်များမှာ ဒေါသတကြီး ဟိန်းဟောက်ရင်း အစိတ်စိတ်အမွှာမွှာ လွင့်စင်ပြိုကွဲကာ အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားတော့သည်။
လူတိုင်း ကြည့်နေစဉ်မှာပင် ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များကား ပျောက်ကွယ်သွားခဲ့လေပြီ။
ထိုအခိုက်အတန့်တွင် အရှေ့အောင်ပွဲဂြိုလ်တစ်ဂြိုလ်လုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ ဖန်မျိုးနွယ်၀င်များအပြင် တခြားကျင့်ကြံသူများလည်း ယခုတွင် ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များ ကင်းမဲ့နေပြီဖြစ်သော ကောင်းကင်ကြီးကို အံ့အားသင့်စွာ မော့ကြည့်နေကြ၏။
ပြစ်ဒဏ်ကို ဤနည်းဖြင့် ကျော်လွှားခြင်းမှာ တစ်ခါမှ မဖြစ်ပျက်ခဲ့ဖူးသောအရာဖြစ်သည်။
ပြစ်ဒဏ်ကို ယခုလို ရူးမိုက်မှုမျိုးဖြင့် ကျော်လွှားခြင်းမှာ အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးကြီးစိုးလွန်း၏။
သူ၏ အင်မော်တယ်လမ်းကို ပိတ်နေသည့် မည်သည့်အရာကိုမဆို ဖျက်ဆီးပစ်ရန် အဆင်သင့်ဖြစ်နေသည့်အလားပင်။
မည်သူကမှ ပြစ်ဒဏ်ကို ကျော်လွှားရာတွင် အဆင့် ၁၀ အင်မော်တယ်နှင့် နှိုင်းယှဉ်မရခဲ့ဖူး၍ စောစောကကဲ့သို့ အရာမျိုးကို လုပ်နိုင်ခဲ့မည်မဟုတ်ပေ။
ဤသည်မှာ အောက်ပါ ဆိုရိုးစကားအတိုင်းပင်။ "ငါ အင်မော်တယ် ဖြစ်လာချင်ရင် မိုးကောင်းကင်တောင်မှ ငါ့ကို တားနိုင်မှာမဟုတ်ဘူး"
ဤသည်မှာ ယခုလိုပြောနေသူ လွှမ်းမိုးကြီးစိုးနေသည့် စိတ်သဘောထားလည်း ဖြစ်၏။ "ငါ လိုချင်တဲ့အရာက မိုးကောင်းကင်မှာ ရှိတာကောင်းလိမ့်မယ်။ ငါ မလိုတဲ့အရာကလည်း မိုးကောင်းကင်မှာ မရှိတာကောင်းလိမ့်မယ်"
၎င်းက မယုံကြည်နိုင်ဖွယ် ဖြစ်သော်လည်း သေသေချာချာ တွေးကြည့်ပါက လူတစ်ယောက်တွင် အဆင့် (၁၀) အင်မော်တယ်တစ်ဦး၏ အကြော (၁၀၀) အတိုက်အခိုက်စွမ်းရည်ကို ပိုင်ဆိုင်ထားပါက ထိုပုဂ္ဂိုလ်အတွက် အင်မော်တယ်ပြစ်ဒဏ်ကို ကျော်လွှားရာတွင် မဖြစ်နိုင်သည့်အရာဟူ၍ မရှိပေ။
တခဏကြာ တိတ်ဆိတ်ပြီးနောက် အရှေ့အောင်ပွဲဂြိုလ်မှာ ဆူညံပွက်လောရိုက်သွားတော့သည်။ ဖန်မျိုးနွယ်စုရှိ လူတိုင်းမှာ စိတ်လှုပ်တရှား အော်ဟစ်နေကြ၏။
သူတို့သည် မန်ဟို့မျက်၀န်းများထဲ၌ ရူးမိုက်မှု၊ စိတ်အားထက်သန်မှုနှင့် အစွဲဥပါဒါန်တို့ကို မြင်လိုက်ရ၏။ သူသည် ဖန်မျိုးနွယ်၀င်တစ်ယောက်ဖြစ်၍ သူ ဆောင်ကြဉ်းလာသော ဂုဏ်ကျက်သရေက သူတို့အား ဂုဏ်ယူ၀မ်းမြောက်မိစေသည်။
"ဖန်ဟို"
"ဖန်ဟို"
"ဖန်ဟို"
မရေမတွက်နိုင်သော လူရိပ်များက မန်ဟို့အနားတွင် တင်ပျဉ်ခွေရန် ကောင်းကင်ထက်သို့ ပျံတက်သွားကြသည်။ သူတို့တစ်ယောက်မှ မလှုပ်ရှားကြပေ။ မန်ဟို၏ ဓမ္မစောင့်ရှောက်သူများအဖြစ်သာ ထိုင်နေကြခြင်းဖြစ်သည်။
တိုက်ရိုက်သွေးဆက်တစ်ဆက်လုံး လှုပ်ရှားကြသည်။ ဖန်ရွှီမှာ မန်ဟို့ကို စိတ်လှုပ်တရှား ကြည့်ပြီးနောက် ခေါင်းနောက်လှန်၍ ရယ်မောလိုက်သည်။ တိုက်ရိုက်သွေးဆက်များအပြင် မန်ဟို့ကို ကူညီရန် လှုပ်ရှားကြသည့် အများစုမှာ ကြားနေသွေးဆက်များ ဖြစ်ကြသည်။ မန်ဟို၏ လှုပ်ဆောင်မှုမှ ပြသသွားခဲ့သော အနာဂတ်အလားအလာများကို မြင်တွေ့ပြီးနောက်တွင် သူတို့လည်း စိတ်နှလုံး လှုပ်ရှားသွားကြလေသည်။
မန်ဟိုနှင့် ဖန်ဝေကို ရွေးချယ်ရာတွင် သူတို့သည် … မန်ဟို့ကို ရွေးချယ်သွားကြ၏။ ဖန်ဝေက မန်ဟို့ကို ကြည့်ရင်း တိတ်ဆိတ်စွာ ရပ်နေသည်။ ထပ်မံ၍ သူ၏ မျက်လုံးများတွင် တိုက်ခိုက်လိုစိတ်တို့ ဖြတ်ပြေးသွား၏။ ဆန့်ကျင်ဘက်တွင်တော့ သူ့ဘေးရှိ ဖန်ရှုံ့ရှန်းမှာ မျက်နှာဖြူဖတ်ဖြူလျော်နှင့် မန်ဟို့ကို စိန်းစိန်းဝါးဝါးကြည့်ရင်း ရပ်နေသည်။
"သေစမ်း ဖန်ဟို။ မင်းဘာကြောင့်ပေါ်လာတာတုန်း။ မင်းက ဖန်မျိုးနွယ်စုကနေ ထွက်သွားပြီးသားလေ ဘာကြောင့် ပြန်လာခဲ့တာတုန်း။ ဘာကြောင့် အင်မော်တယ်အဆင့် တက်လှမ်းသွားတာတုန်း။ ဘာကြောင့်လဲ
"ပြီးတော့ ဖန်ရှုံ့ဖုန်း။ မင်းက အမြဲတမ်း ငါ့ကို မွန်းကြပ်အောင်လုပ်ရင်း ငါ့အရှေ့မှာ ရောက်နေခဲ့တယ်။ အခု င့ါသားက နတ်နဂါးချီလင်တစ်ကောင်လို ထွန်းတောက်ကျော်ကြားနေတဲ့အချိန်မှာမှ မင်းရဲ့ မသန်မစွမ်းသားက သူ့ကို ဖိနှိပ်နေပြန်ပြီ" ဖန်ရှုံ့ရှန်းမှာ စိတ်ငြိမ်အောင် မထားနိုင်တော့ပေ။ သူ့တစ်ကိုယ်လုံးမှာ တုန်ရီနေပြီး သူ့မျက်လုံးများတွင် အဆိပ်ပြင်းသော အမုန်းတို့ဖြင့် ပြည့်နှက်နေ၏။
မဟာအကြီးအကဲက အေးဆေးတည်ငြိမ်စွာဖြင့် ရပ်နေသည်။
ဖန်ဝေ၏အဘိုးက သက်ပြင်းဖွဖွ ချလိုက်ပြီးနောက် ဖန်ရှုံ့ရှန်းကို စိတ်ပျက်နေသော အမူအရာဖြင့် လှမ်းကြည့်သည်။ ထို့နောက် သူက ဖန်ဝေ့ကို ပြန်လှည့်ကြည့်ပြီး သူ၏အမူအရာက မျှော်လင့်နေသော အမူအရာတစ်ခုသို့ ပြောင်းလဲသွား၏။
အရှေ့အောင်ပွဲဂြိုလ်တစ်ခုလုံးမှာ တုန်လှုပ်နေပြီး န၀မတောင်နှင့်ပင်လယ်၏ ရွေးချယ်ခံများမှာ အံ့အားသင့်နေကြသည်။ ဤအခိုက်အတန့်တွင် မန်ဟို၏နာမည်နှင့် မန်ဟို၏မျက်နှာသည် မရေမတွက်နိုင်သော လူများ၏ စိတ်သန္တန်ထဲ၌ မြဲမြံစွာ ခတ်နှိပ်ခံလိုက်ရပြီဖြစ်သည်။
မှန်ပါသည်။ ရွေးချယ်ခံအားလုံးကတော့ တိတ်ဆိတ်စွာ စောင့်ကြည့်နေကြ၏။
"ဒီကိစ္စက အခုထက်ထိ မပြီးသေးဘူး။ အင်မော်တယ်ပြစ်ဒဏ်တွေ မပျောက်ကွယ်သေးဘူး။ အင်မော်တယ်တံခါးလည်း မပွင့်သေးဘူး။ ငါတို့ သူ အင်မော်တယ်အကြော ဘယ်လောက်ဖွင့်နိုင်မလဲဆိုတာ စောင့်ကြည့်ရဦးမယ်"
ထိုကဲ့သို့ အတွေးများသည် လောလောလတ်လတ်ကမှ အစစ်အမှန်အင်မော်တယ်နယ်ပယ်သို့ တက်လှမ်းသွားခဲ့သော ရွေးချယ်ခံအားလုံး၏ စိတ်ထဲတွင် ဖြတ်ပြေးနေကြ၏။ သူတို့၏ မျက်လုံးများက အရှေ့အောင်ပွဲဂြိုလ်နှင့် မန်ဟိုရှိရာသို့ စူးစူးစိုက်စိုက် ကြည့်နေကြလေသည်။
န၀မတောင်နှင့်ပင်လယ်၏ ဂိုဏ်းနှင့်မျိုးနွယ်စုအသီးသီးမှ ခေါင်းဆောင်ကြီးများက သက်ပြင်းချပြီး သူတို့အနားရှိ ခေါင်းဆောင်ကြီးများနှင့် အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် ဆွေးနွေးလာကြသည်။
"ဒီမျိုးဆက်မှာ ဘယ်သူကများ မန်ဟိုနဲ့ ယှဉ်နိုင်ဦးမှာလဲ။ တာအိုဆရာအစည်းအရုံးသုံးခုရဲ့ နတ်မီးလျှံစမ်းသပ်ပွဲမှာ နာမည်ကျော်ကြားလာခဲ့တဲ့ ကြယ်ပွင့်ဖန်မုပဲ သူနဲ့ ယှဉ်နိုင်လောက်တယ်"
"ဖန်မုက သေချာပေါက် ဟန်ဆောင်ထားတဲ့နာမည်ပဲ။ ဘယ်သူမှ သူဘယ်သူလဲဆိုတာ မသိကြဘူး။ ဒါပေမယ့် န၀မပင်လယ်နတ်လောကက သူ့ကို ဂိုဏ်းသားအဖြစ် လက်ခံခဲ့ပြီး သူက တာအိုဆရာအစည်းအရုံးသုံးခုဆီက ပထမဆုကိုလည်း လက်မခံရသေးဘူး။ နောက်ဆုံးမှာ သူ သေချာပေါက် ပေါ်လာလိမ့်မယ်"
"သူတစ်ယောက်ပဲ မန်ဟိုနဲ့တကယ် ယှဉ်နိုင်မယ်ထင်တာပဲ။ ဒီမျိုးဆက်က ငါတို့နဲ့မဆိုင်တော့ဘူး။ သူတို့နဲ့ ဆိုင်သွားပြီ"
တကယ်တော့ သူတို့သာလျှင် ဖန်မုအကြောင်းတွေးနေကြခြင်းမဟုတ်ပေ။ န၀မတောင်နှင့်ပင်လယ်ရှိ ကျင့်ကြံသူတော်တော်များများလည်း ဖန်မု၏ စိတ်နှလုံးတုန်လှုပ်ဖွယ် တင်ဆက်မှုကို မှတ်မိနေကြသည်။
သူက တာအိုဆရာအစည်းအရုံးသုံးခု၏ နတ်မီးလျှံစမ်းသပ်ပွဲတွင် ပထမနေရာ ရခဲ့လေသည်။
ထိုနှစ်တုန်းက မန်ဟိုနှင့် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ခဲ့သော န၀မပင်လယ်နတ်လောကမှ အဘိုးကြီးက သက်ပြင်းချလိုက်သည်။ တာအိုဆရာအစည်းအရုံးသုံးခု၏ အထင်ရှားဆုံးခေါင်းဆောင်ကြီးက အရှေ့အောင်ပွဲဂြိုလ်ရှိရာသို့ ကြည့်ပြီး မသိမသာ ပြုံးလိုက်သည်။ သူ၏ မျက်လုံးများသည် တောက်ပလင်းလက်နေ၏။
"မင်းက အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့နဲ့ ကံချင်း ပတ်သက်နေတယ်။ နောက်ဆုံးမှာ မင်း ဒီကို လာလိမ့်မယ်"
မန်ဟိုက ဆံပင်များ တလွင့်လွင့် ပျံ့လွင့်နေလျက် အရှေ့အောင်ပွဲဂြိုလ်ထက်တွင် ပျံဝဲနေသည်။ သူက အသက်ပြင်းပြင်း ရှုသွင်းလိုက်ပြီး သူ ကောင်းကင်ကို မော့ကြည့်နေစဉ် သူ၏ထာ၀ရအလွှာသည် ဆက်လက်အလုပ်လုပ်နေ၏။
ကောင်းကင်ထက်တွင် ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များ မရှိတော့ပေ။ သူ့အရှေ့တွင် ကျန်ရှိတော့သည့် တစ်ခုတည်းသောအရာမှာ အင်မော်တယ်တံခါးဆီသို့ သွားရာလမ်းအား ပိတ်ထားသော အင်မော်တယ်နန်းတော်များ ဖြစ်ကြသည်။
အင်မော်တယ်တံခါးသည် အင်မော်တယ်နန်းတော်များ၏နောက်တွင် ကြီးမားသော ဖိအားကို ထုတ်လွှတ်လျက် ပျံဝဲနေ၏။
"အင်မော်တယ်ဆိုတဲ့ စကားလုံးကို လူတစ်ယောက်၊ တောင်တစ်လုံးနဲ့ ဖွဲ့စည်းထားတာ။ ငါ့မှာ … တာအိုခိုင်မာခြင်းတောင်တစ်လုံး ရှိသင့်တယ်" မန်ဟိုက အင်မော်တယ်နန်းတော်များအား တခဏ ကြည့်ပြီးနောက် ရှေ့တက်လိုက်သည်။
"ငါ့တာအိုခိုင်မာခြင်းတောင်က ငါ့မှတ်ဉာဏ်ထဲမှာ အမြဲတည်ရှိနေတဲ့တောင် … တာ့ချင်းတောင်ပဲ
"တာ့ချင်းတောင်က ခွေးမသားကြီးမှီခိုရာဂိုဏ်းချုပ် သယ်သွားတဲ့ ကျိုးပြည်မှာ ရှိနေတာ ဆိုးလွန်းတယ်။ အခု အဲ့ဒီ့ခွေးမသားကြီး ဘယ်ရောက်နေလဲ ငါ မသိဘူး
"အဲ့ဒီလိုဆိုမှတော့ ငါ့အနေနဲ့ တောင်ဖြစ်လာဖို့ပဲရှိတော့တယ်။ ငါ့အပြင်အားကိုယ်က ငါ့တောင်ဖြစ်ပြီး ငါ့ဝိညာဉ်က ငါ့အသက်ကို ကိုယ်စားပြုတယ်။ လူတစ်ယောက် 人 ၊ တောင်တစ်လုံး 山။ ငါက အင်မော်တယ် 仙 ပဲ" မန်ဟို၏ စွမ်းအင်များသည် တဖွေးဖွေး လှုပ်နေပြီး သူ၏ အမြန်နှုန်းသည် မြင့်တက်လာသည်။ မျက်စိတစ်မှိတ်အတွင်း သူက အင်မော်တယ်နန်းတော်များ၏အရှေ့သို့ ရောက်သွားလေပြီ။
ထိုအခိုက်အတန့်တွင် အင်မော်တယ်နန်းတော်ထဲရှိ နတ်စစ်သည်တော်များသဖွယ် အရိပ်များက လှုပ်ရှားလာသည်။ ၎င်းတို့က မန်ဟို့ကို လှမ်းကြည့်ပြီး တိုက်ခိုက်ရန် ချီတက်လာ၏။ တစ်ချိန်တည်းမှာပင် တဂျိန်းဂျိန်း ထစ်ချုန်းသံများက အင်မော်တယ်နန်းတော်များထံမှ ထွက်လာကာ ၎င်းတို့လည်း သူ့ကို တိုက်ခိုက်ရန် ပျံသန်းလာကြသည်။ ၎င်းတို့သည် သူ့ကို ချေမှုန်းချင်နေပုံရပြီး အနားရောက်လာစဉ် ကြီးမားသောအင်မော်တယ်တန်ခိုးများ ဖြာထွက်လာ၏။
ပထမဆုံးတစ်ချက်ကြည့်လျှင် အင်မော်တယ်နန်းတော်မည်မျှရှိသည်လဲ မရေမတွက်နိုင်သယောင် ထင်ရသည်။ သို့သော် အရေအတွက်က တစ်သိန်းဖြစ်ပြီး ၎င်းတို့က ပုံရိပ်ယောင်မဟုတ်ဘဲ အစစ်အမှန်ဖြစ်၏။ ၎င်းတို့သည် တစ်သိန်းသော ချူပ်နှောင်အင်းကွက်များသဖွယ် မန်ဟို့ထံ ထိုးဆင်းလာနေကြသည်။ ထိုမျှသာမက အင်မော်တယ်နန်းတော်များက အင်မော်တယ်နယ်ပယ်ပါရာဂွန်တစ်ဦး၏ အရှိန်အဝါကို ထုတ်လွှတ်နေ၏။
ဤသည်မှာ အင်မော်တယ်နယ်ပယ်ပါရာဂွန်တစ်ဦးသာ ကျော်လွှားရန် အရည်အချင်းပြည့်မှီသည့် ပြစ်ဒဏ်တစ်ရပ်ဖြစ်သည်။
အရောင်အဝါများက ပြိုးပြိုးပြက်ပြက် လက်နေပြီး အင်မော်တယ်နန်းတော်တစ်သိန်း မန်ဟို့ထံသို့ တဝေါဝေါ ထိုး၀င်သွားကြစဉ် ကြယ်တာရာကောင်းကင်မှာ တုန်ခါသွားလေသည်။
မယုံကြည်နိုင်ဖွယ်ဖိအားကြီးက မြေပြင်အပေါ်သို့ သက်ရောက်လာရာ အရှေ့အောင်ပွဲဂြိုလ်တစ်ဂြိုလ်လုံးအား တသိမ့်သိမ့် တုန်ခါသွားစေသည်။ မန်ဟိုက ဤအင်မော်တယ်ပြစ်ဒဏ်၏ တစ်ခုတည်းသော ပစ်မှတ်ဖြစ်သည့်အတွက် ထိုဖိအားကို ခံစားရလေသည်။ ထိုခံစားချက်မှာ မရေမတွက်နိုင်သော နတ်ဒေဝါတောင်ကြီးများ သူ့အပေါ်သို့ ဖိနှိပ်နေသည်နှင့်တူသည်။
သူ၏ ကျင့်ကြံခြင်းအခြေခံက လှုပ်ရှားလာပြီး သူ၏ မီတာ ၃၀၀၀၀ ဓမ္မဆင်းတုကြီးကား ရွှေရောင်အလင်းတို့ဖြင့် တ၀င်း၀င်း တောက်ပနေလျက် လာနေသော အင်မော်တယ်နန်းတော်များအား လက်သီးဖြင့် ထိုးချလိုက်သည်။
ဓမ္မဆင်းတုကြီးက လက်သီးဖြင့် ထိုးချလိုက်သဖြင့် နတ်စစ်သည်တော်များ ပျောက်ကွယ်သွားပြီး လာနေသည့် အင်မော်တယ်နန်းတော်များ ပြိုကွဲသွား၏။ ဆန့်ကျင်ဘက်တွင် သူ၏ဓမ္မဆင်းတုမှာ အတန်ငယ် တုန်ခါသွားလေသည်။
ဒုတိယအင်မော်တယ်နန်းတော် ပျက်စီးသွားပြီးနောက် တတိယမြောက်၊ စတုတ္ထမြောက် တစ်ခုပြီးတစ်ခု ကြေမွကုန်ကြသည်။ မန်ဟို ဆက်လက်တိုက်ခိုက်နေသည်နှင့်အမျှ သူ၏ပါးစပ်မှ သွေးများစီးကျလာသည်။
ကံဆိုးစွာနှင့် သူ့မှာ ဂြိုလ်၏မျက်နှာပြင်ထံသို့ ဖိချခံနေရလေသည်။ အင်မော်တယ်နန်းတော်များမှာ ဘယ်တော့မှ အဆုံးမရှိသည့်ပုံရပြီး မန်ဟို့အား ပြားဝပ်သွားအောင် ဖိနှိပ်ချင်နေပုံရသည်။
အင်မော်တယ်နန်းတော်များကို တိုက်ခိုက်လိုက်တိုင်း တန်ပြန်ရိုက်ခတ်မှု ဖြစ်ပေါ်လာပြီး မန်ဟို့အတွက် ရှေ့ဆက်သွားရန် အလွန်ခက်ခဲနေလေသည်။ သူ့အနေဖြင့် ဆယ်ခုကို ချေမွနိုင်ပြီး အခုတစ်ရာကို ဖျက်ဆီးနိုင်သည်။ အခုတစ်သောင်းကိုလည်း စိစိညက်ညက် ချေပစ်နိုင်သည်။ သို့သော် ၎င်းတို့က စုစုပေါင်းတစ်သိန်းရှိနေ၏။
၎င်းတို့၏တန်ခိုးက ဆက်လက်မြင့်တက်လာပြီး အင်မော်တယ်နယ်ပယ်ပါရာဂွန်တစ်ဦး၏ အရှိန်အဝါက ဖြာထွက်လာသည်။ အင်မော်တယ်အားလုံးမှာ ဤအရှိန်အဝါကို ဒူးထောက်၀ပ်တွားခစားရန် ဖိအားပေးခံနေရသည့်အလားပင်။
ဒူးထောက်၀ပ်တွားခစားခြင်းမပြုလျှင် ချေမှုန်းခံရပေမည်။
ဖန်မျိုးနွယ်၀င်များသည် ဖြစ်ပျက်နေသောအရာကို မြင်သောအခါ စိုးရိမ်လာကြ၏။ အရှေ့အောင်ပွဲဂြိုလ်ပေါ်ရှိ အခြားကျင့်ကြံသူများမှာ တုန်လှုပ်သွားကြသည်။ ဤအင်မော်တယ်ပြစ်ဒဏ်မှာ ယခင်က သူတို့ တစ်ခါမှ မမြင်ခဲ့ဖူးသော အရာတစ်ခုဖြစ်၏။
ဖန်ရှုံ့ရှန်းကတော့ စိတ်လှုပ်ရှားလာသည်။ သူသည် မန်ဟို့ကိုကြည့်ရင်း ထိုအင်မော်တယ်နန်းတော်များ မူလရှိသည်ထက် အဆတစ်ရာ ပို၍ အားကောင်းလာပြီး မန်ဟို့ကို တခဏလေးနှင့် သုတ်သင်ပစ်လိုက်စေရန် ဆုတောင်းနေ၏။
န၀မတောင်နှင့်ပင်လယ်၏ ဂိုဏ်းအသီးသီးနှင့် မျိုးနွယ်စုများမှ ခေါင်းဆောင်များမှာ စိတ်နှလုံးလှုပ်ရှားသွားကြပြီး ဆွေးနွေးလာကြ၏။
"အဲဒီ့ဟာတွေက ပါရာဂွန်အင်မော်တယ်နန်းတော်တွေရဲ့ ပုံရိပ်တွေပဲ"
"အင်မော်တယ်တွေကြားက ပြိုင်စံရှားအင်မော်တယ်တစ်ဦးပဲ အဲ့ဒီလို အင်မော်တယ်ပြစ်ဒဏ်မျိုးကို ပြန်တိုက်ခိုက်နိုင်တာ"
"ဖန်ဟို ဒီအဆင့်ကနေ ဆက်မတက်နိုင်မှာပဲ စိုးရိမ်မိတယ်"
သူတို့ ခပ်တိုးတိုးပြောနေကြစဉ် မန်ဟိုက နောက်ထပ် အင်မော်တယ်နန်းတော်တစ်ခုအား လက်သီးဖြင့် ထိုးချလိုက်၏။ သူ့ပါးစပ်မှ သွေးများပန်းထွက်သွားပြီး သူ့ထာ၀ရအလွှာက အဆက်မပြတ် အလုပ်လုပ်နေ၏။ သူ၏ မျက်လုံးများက ယခင်ထက်ပို၍ ရက်စက်ကြမ်းကြုတ်လာသည်။
"ဒါတွေက ပါရာဂွန်အရှိန်အဝါနဲ့ အင်မော်တယ်နန်းတော်တွေရဲ့ ပုံရိပ်တွေပဲ။ ငါ ဒီ အင်မော်တယ်ပြစ်ဒဏ်ကို တကယ့်ပါရာဂွန်ရဲ့ ပုံရိပ်ဆိုတာ ဘာနဲ့တူလဲ ပြဖို့ပဲ လိုတယ်
"အခု ဒီအထိ ရောက်လာပြီဆိုမှတော့ ငါ့ရဲ့သရုပ်မှန်ကို ဖော်ပြလိုက်လည်း ကိစ္စမရှိတော့ဘူး။ အခု န၀မတောင်နဲ့ပင်လယ်ကို ဖန်မုက ငါကလွဲပြီး တခြားလူမဟုတ်ဘူးဆိုတာ ပြဖို့ အချိန်ကျပြီ" မန်ဟိုက အသက်ပြင်းပြင်းရှုသွင်းလိုက်ပြီး ညာလက်ကို ဆန့်တန်းလိုက်ပြီး လေကိုခွင်း၍ သူ၏အစွမ်းထက်ဆုံး ပါရာဂွန်တာအိုမှော်သိုင်းကွက်ကို ထုတ်လွှတ်လိုက်သည်။
***