သူ၊ လျန်ယွမ်ကြွယ်
Vol. 148 Ch. 2042
မန်တောက်၏အရိုးများ ပေါက်ကွဲမှုအားက အင်ပါယာဆရာသခင်ထံ တရှိန်ထိုး တိုးဝင်လာ၏။ သို့သော် အများစုကမူ ဝမ်လင်းထံ ဦးတည်သည်။ အကွာအဝေးတစ်ခုမှ ကြည့်ပါက သည်ပေါက်ကွဲမှုမုန်တိုင်းသည် ဧရာမပါးစပ်ကြီးတစ်ခုနှယ် ဝမ်လင်းကို ဝါးမြိုလာသည့်အလား။
ထိုဖိသိပ်အားတွင် ဝမ်လင်းကို အသက်ဘေးအန္တရာယ် ခံစားရစေသည့် စွမ်းအား ပါဝင်သည်။ သူက မရှောင်နိုင်ပေ။ သူ့အတွက် ခုခံဖို့လည်း ခက်လှ၏။ သို့သော် ဝမ်လင်း၏မျက်လုံးထံမှ ပြတ်သားသောအကြည့်တစ်ခု လှစ်ဟပေါ်သည်။ သည်လိုသေရေးရှင်ရေး၌ သူက မာန်သွင်းလိုက်၏။
“ကောင်းကင်ဘုံနွားထီး….စိတ်ဝိညာဉ် ပျက်စီးစေ…”
ကောင်းကင်ဘုံနွားထီး စိတ်ဝိညာဉ်သည် ဝမ်လင်းနှင့် အတူရှိခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိခဲ့လေပြီ။ ၎င်းက ခုခါတွင် ရုတ်တရက် ပျက်စီးသွားသည်။ အစိတ်အပိုင်းများသည် ဝမ်လင်းပတ်လည်တွင် ဝဲကတော့တစ်ခုအဖြစ်သို့ ပြောင်းကာ သူ့ပတ်လည်တွင် ကြီးမားသော ကောင်းကင်ဘုံနွားထီးပုံရိပ်တစ်ခုအဖြစ် ဖွဲ့စည်းသည်။
မန်တောက်၏ အရိုးပေါက်ကွဲအားက သည်နွားထီးနှင့် ထိပ်တိုက်တွေ့လေပြီ။ တုန်လှုပ်ဖွယ်အသံများက ဆက်တိုက် ပဲ့တင်ထပ်မြည်ဟိန်းသည်။
ဝမ်လင်းသည် သွေးအန်ကာ နောက်ဆုတ်လိုက်ရ၏။ သူ့ပတ်လည်ရှိ ဧရာမကောင်းကင်ဘုံနွားထီးသည် လွင့်ပြယ်မည့် အရိပ်အယောင် ပြလာသည်။ သို့သော် ၎င်းက ရှိလို့နေဆဲပင်။ ဝမ်လင်းသည် ရှေ့တည့်တည့်သို့ စူးစိုက်ကြည့်၏။ သူက မန်တောက်ရှိနေသော နေရာမှာ ပျောက်ကွယ်သွားပြီး ရွှေရောင်အလင်းလုံးသာ ကျန်ရစ်တော့သည်ကို မြင်သည်။ ထိုအလင်းလုံးက တောက်ပသောအလင်းကို ထုတ်လွှတ်ကာ ပုံရိပ်တစ်ခု ဖြည်းဖြည်းချင်း ဖွဲ့စည်းလာသည်။
ထိုပုံရိပ်က ဝေဝါး၏။ သို့သော် ၎င်းထံမှ တုန်လှုပ်ဖွယ်ဖိအားတစ်ခုကို ပေးစွမ်းနေသည်။ ၎င်း၏ပုံပန်းသွင်ပြင်က ခန္ဓာကိုယ်ဖွဲ့စည်းနေသော မန်တောက်နှင့် တူသလို ထင်ရသည်။
“သူ့အသွေးအသားပြီးရင် သူ့အရိုးတွေပါ ပျက်စီးလိမ့်မယ်။ သူသာ တောင့်ခံနိုင်ခဲ့ရင် သူဟာ ရှေးဘိုးဘေးမူလသို့ပြန်ခြင်း မန္တာန်ကို ပြီးမြောက်သွားပြီး ဒီရွှေရောင်အလင်းကြောင့် သူ့ခန္ဓာကိုယ်ဟာ ပြန်ဖွဲ့စည်းလိမ့်မယ်…” အင်ပါယာဆရာသခင်၏ အစောပိုင်းတုန်းက စကားလုံးများက ဝမ်လင်း၏စိတ်ထဲတွင် ပဲ့တင်ထပ်သည်။ သူ၏မျက်လုံး သူငယ်အိမ် ကြုံ့သွား၏။ သူက တိုက်ခိုက်ရန် ဟန်ပြင်လိုက်စဉ် အင်ပါယာဆရာသခင်၏ ရှေးကျသောအသံက သူ့စိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။
“ဝမ်လင်း…ဒီအဘိုးအိုက သူ့အသက်ကို အသုံးပြုပြီး မင်းကို အမွေအနှစ်ပေးခဲ့တယ်။ ငါ ငါ့ကိုယ်ငါ စတေးခဲ့ပြီး မင်းအနေနဲ့ ငါ့ကလန်ရဲ့ ချိပ်ပိတ်မှုကို ဖြေလျှော့ပေးဖို့ပဲ တောင်းဆိုခဲ့တယ်…”
“မန်တောက်က ဒီအဆင့်ထိ တောင့်ခံပြီး မင်းအတွက် နာကျင်အများစုကို ခါးစည်းခံပေးခဲ့ပြီ။ ဒါက မင်းကို အမွေအနှစ်ကို ရနိုင်မယ့် အခွင့်အရေးတွေကို အများကြီး ပိုတိုးတက်လာစေတာပဲ…” အင်ပါယာဆရာသခင်၏ ခန္ဓာကိုယ် ပျက်စီးပြီးနောက် သူ၏ တစ္ဆေအလင်းသည် ထိုးထွက်လာသည်။ သေခါနီးအငွေ့အသက်ပါဝင်သော သူ့တည်ငြိမ်သောအသံက ဝမ်လင်း၏စိတ်ထဲတွင် ပြည့်နှက်လာသည်။
တစ္ဆေအလင်းသည် မြန်ဆန်စွာ နီးကပ်လာကာ မန်တောက်၏ အရိုးပေါက်ကွဲမှု ဖန်တီးသော တုန်ခါလှိုင်းနှင့် ထိပ်တိုက်တွေ့သည်။ ထိုတစ္ဆေအလင်းက တုန်ခါလှိုင်းကို ချက်ခြင်း ထွင်းဖောက်ကာ ဖြစ်ပေါ်နေသော ရွှေရောင်ပုံရိပ်ထံ ရောက်ရှိသွားသည်။ ယင်းအလင်းက ထိုပုံရိပ်ကို ချက်ခြင်း အကြိမ်ကြိမ် လှည့်ပတ်ပြီးနောက် ဆက်လက် ရှိနေတုန်းပင်။
ဝမ်လင်း၏မျက်လုံးတို့က အရောင်လက်သွား၏။ သူသည် အင်ပါယာဆရာသခင်၏ စကားများကို နားမထောင်ပေ။ သူက ညာလက်သီးဆုပ်ကာ ပျက်စီးသွားသော ကောင်းကင်ဘုံနွားထီးစိတ်ဝိညာဉ်က သူ့လက်တွင် သိပ်သည်းသည်။ ချက်ခြင်းပင် သူ့ပတ်လည်ရှိ မုန်တိုင်းက လွင့်ပြယ်ကာ ပျက်စီးတော့မည့် ကောင်းကင်ဘုံနွားထီးအရိပ်က ဝမ်လင်း၏ ညာလက်တွင် စုဝေးသည်။ ထို့နောက် သူက လက်သီးတချက် ပစ်သွင်းလိုက်သည်။
ထိုလက်သီးချက်နှင့်အတူ ဝမ်လင်း၏ခန္ဓာကိုယ်ပေါ်ရှိ ကောင်းကင်ဘုံနွားထီးစိတ်ဝိညာဉ်ချပ်ဝတ်သည် တစစီဖြစ်သွားသည်။ သို့သော် ယင်းလက်သီးချက်က အဆုံးစွန် မြန်လှသည်။ ၎င်းသည် အဖျက်အစီးအားကို သယ်ဆောင်ကာ အင်ပါယာဆရာသခင် ပြောင်းလဲသွားသော တစ္ဆေအရိပ်နှင့် ရွှေရောင်အရိပ်တို့ထံ ချက်ခြင်း နီးကပ်လာသည်။
“မဟုတ်ဘူး…” တစ္ဆေအလင်းထံမှ နာကျင်စူးရှသော နတ်ဘုရားအာရုံအသံ ထွက်ပေါ်လာ၏။ ဝမ်လင်း၏ လက်သီးချက်တွင် စိတ်ဝိညာဉ်ချပ်ဝတ်၏ နောက်ဆုံးလက်ကျန်စွမ်းအား ပါဝင်ပေသည်။ ၎င်းသည် ဖိသိပ်အားကို ဖန်တီးကာ တစ္ဆေအလင်းအလွှာရှစ်ခုကို ထွင်းဖောက်ပြီး ရွှေရောင်အရိပ်နှင့် ထိပ်တိုက်တွေ့သည်။
“ကောင်းကင်ဘုံကလန်မှာ သင်ဟာ ငါ ယုံကြည်ရတဲ့သူ တစ်ယောက် မဟုတ်ဘူး…”
အင်ပါယာဆရာသခင် ပြောခဲ့သည့်အကြောင်းအရာများက မှန်သည် ဖြစ်စေ၊ အလိမ်အညာဖြစ်စေ ဝမ်လင်းသည် အရေးမစိုက်ပေ။ သူသည် အင်ပါယာဆရာသခင်သည် လမ်းမရှည်တုန်းက သူ့အား သတ်ဖြတ်မှုတွင် ပါဝင်ခဲ့တာကို သိ၏။ သူ၏ သတ်ဖြတ်သူ ကိုယ်ပွားသာ မဆင်းသက်လာပါက သူသည် သဲလွန်စမရှိ သေနေခဲ့ပြီ ဖြစ်သည်။
သူ့စိတ်ထဲတွင် သူသည် ထင်မြင်ချက်တစ်ခု ရှိနေသည်။ သူသည် ၎င်းမှာ မှန်သည်၊မှားသည် အတည်မပြုနိုင်သော်လည်း ဤသည်ကိုသာ အတည်ပြုနိုင်ပါက သူ့ရှေ့ရှိ အရာအားလုံးမှာ အလိမ်အညာတစ်ခုသာ ဖြစ်သွားပေလိမ့်မည်။
ကောင်းကင်ဘုံနွားထီး၏ နောက်ဆုံးလက်ကျန်စွမ်းအားသည် ရွှေရောင်အရိပ်နှင့် ထိပ်တိုက်တွေ့သည်။ ကျယ်လောင်စွာ တုန်ဟည်းသံသည် လောကတခွင် ပဲ့တင်ထပ်ကာ ရွှေရောင်အရိပ်သည် တိုက်ရိုက် ပျက်စီးသွားသည်။
သည်လို သိပ်သည်းဖွဲ့စည်းနေချိန်၌ ၎င်း၏ အားအနည်းဆုံးအချိန် ဖြစ်ကာ အရေးတကြီး အခိုက်အတန့်ဖြစ်၍ အားအများအပြားကို မတောင့်ခံနိုင်ပေ။ သည်အခိုက်တွင် ရွှေရောင်အရိပ်က ပျက်စီးသွား၏။ သို့သော် ရွှေရောင်အလင်းကိုယ်တိုင်ကမူ တစ်စက်လေးမျှ မထိခိုက် မပျက်စီးသွားပေ။ ၎င်းသည် ကောင်းကင်ထက်သို့ တိုက်ရိုက် ပျံသန်းသွားလေ၏။
အင်ပါယာဆရာသခင် သေဆုံးပြီးနောက် ဖြစ်ပေါ်လာသော တစ္ဆေအလင်းမှာလည်း မလွင့်ကွယ်ပျောက်သွားပေ။ ၎င်းက အင်ပါယာဆရာသခင်အဖြစ်သို့ ပြန်ဖွဲ့စည်းဖြစ်ပေါ်လာသည်။ သူ ပေါ်လာသည့်နောက် သူ့မျက်နှာထက်တွင် ဒေါသနှင့်နာကျင်မှုတို့ ပြည့်နေ၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေကာ မြေပြင်ထက်သို့ ညွှန်လိုက်သည်။
“ကောင်းကင်ဘုံဘိုးဘေး။ ငါ့ကလန်က သင့်ရဲ့ ဦးခေါင်းကို ရှာတွေ့ခဲ့တာပဲ…”
အင်ပါယာဆရာသခင် မြေပြင်ထက်သို့ လက်ညွှန်လိုက်စဉ် ကောင်းကင်ဘုံဘိုးဘေး၏ ဦးခေါင်းနှင့် ဆင်တူသည့်တောင်က တုန်ခါလာ၏။ ကျောက်စကျောက်နများစွာ ပဲ့ကျကာ တောင်တစ်ခုလုံးသည် မင်သက်နေသော ဝမ်လင်းရှေ့တွင် ပေါက်ကွဲလေသည်။
ထိုတောင် ပေါက်ကွဲနေသည့်အခါ ကြောက်မက်ဖွယ်ရွှေရောင်အလင်းတစ်ခုက ယင်းတောင်ထံမှ ထွက်ပေါ်လာ၏။ ၎င်းတောင် လုံးဝ ပျက်စီးသွားသည့်နောက် ဝမ်လင်းသည် အတွင်းရှိ အရာကို တွေ့မြင်လိုက်ရသည်။ ဝမ်လင်းသည် အသက်ရှုပင် ရပ်သွားမိ၏။ သူ၏ခန္ဓာကိုယ်မှာလည်း တုန်ယင်သည်။ သူသည် မယုံကြည်နိုင်မှု၊ ကြောက်လန့်မှုတို့ ပြည့်နှက်သွားသည်။
တောင်အတွင်း၌ ရှိနေသောအရာကား ဦးခေါင်းတစ်ခုပင်။ ၎င်းဦးခေါင်းက ပေတစ်ရာလောက် ကြီးမားပြီး မျက်လုံးမှိတ်လျက် တခေါင်းလုံးမှာ ဆံပင်နက်ဖြင့်ပင်။ ထိုဦးခေါင်း ပေါ်လာသည်နှင့် တုန်လှုပ်ဖွယ်ဖိအားတစ်ခု ပျံ့လွင့်လာသည်။
ထိုဖိအားအောက်တွင် ဝမ်လင်းသည် သူ့ခန္ဓာကိုယ်မှာ ဖိနှိပ်ခံရသလို ခံစားမိ၏။ သူ၏စိတ်ဝိညာဉ်မှလည်း လွင့်ပျောက်လာသလို ခံစားမိသည်။
ထိုဦးခေါင်း၏ ဒွာရပေါက်များထံမှ သွေးများ စီးကျနေသည်။ သို့သော် ၎င်း၏ပုံပန်းသွင်ပြင်ကမူ ရှင်းလင်းနေသည်။ ဝမ်လင်းက ကောင်းကင်ဘုံနွားထီးကုန်းမြေရှိ မြေကမ္ဘာမီးသွေးကြောကို စုပ်ယူခဲ့ချိန်တုန်းကလည်း ကောင်းကင်ဘုံနွားထီးအား ချိပ်ပိတ်ထားသော ထိုသူ့ကို တွေ့မြင်ခဲ့ဖူးသည်။
အင်ပါယာစမ်းသပ်ကွင်းအတွင်း၌လည်း သူသည် ထိုသူ၏ အရိပ်ကို တွေ့မြင်ခဲ့ဖူးသည်။ နန်းတော်ထဲ၌လည်း ထိုသူ၏ ရုပ်တုကို မြင်ခဲ့သည်။ သူသည် ထိုသူ၏ အမည်အမှန်ကိုပင် တန်လင်းကလန်၌ ကြားခဲ့ဖူးသေး၏။
ထိုသူသည် ကောင်းကင်ဘုံဘိုးဘေးတည်း။ ကောင်းကင်ဘုံကလန်တခုလုံး၏ ဘိုးဘေးတည်း။ ကောင်းကင်ဘုံကလန်၏ အသန်မာဆုံးသော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးတည်း။
သူသည် ပြင်ပစိတ်ဝိညာဉ်ခုနစ်ဆယ့်နှစ်ခုကို ဖိနှိပ်ကာ ခုလက်ရှိ ကုန်းမြေခုနစ်ဆယ့်နှစ်ခုကို ဖြစ်ပေါ်စေခဲ့သူလည်း ဟုတ်၏။
ထိုသူသည် အင်ပါယာစမ်းသပ်ကွင်းကို ဖန်တီးခဲ့ကာ အနာဂတ်မျိုးဆက်အတွက် စမ်းသပ်ကွင်းအဖြစ် ချန်ရစ်ခဲ့သူပင်။
သူသည် ကောင်းကင်ဘုံဘိုးဘေး၊ လျန်ယွမ်ကြွယ်ပင် ဖြစ်ချေ၏။
ကောင်းကင်ဘုံဘိုဘေးဖြစ်သူ လျန်ယွမ်ကြွယ်၏ ဦးခေါင်း။ ထိုဦးခေါင်းသည် ဒီပျက်စီးသွားသော တောင်ထံမှ ထွက်ပေါ်လာကာ လေထဲသို့ တဖြည်းဖြည်း မြောက်တက်လာသည်။ ၎င်း၏လည်ပင်းရှိ ဒဏ်ရာမှာ ပုံပန်းအသွင် မညီမညာပေ။ တစုံတစ်ယောက်က သူ၏ခန္ဓာကိုယ်ကနေ သူ့ခေါင်းကို အကြမ်းပတမ်း ဆုတ်ဖြဲခဲ့လေသည့်အလား။
သူ၏ဒွာရပေါက်များထံမှ တစိမ့်စိမ့်ကျနေသော သွေးစက်တို့ကား ရွှေရောင်ဖြစ်၏။ သို့သော် အချိန်ကာလ ကြာမြင့်ခဲ့လွန်းပြီ ဖြစ်သည့်အတွက်ကြောင့် ၎င်းသွေးတွင် ခရမ်းရောင်အရွက်အမြွက် ပါဝင်နေသည်။ သူ့မျက်နှာထက်တွင် နာကျင်မှု မရှိနေ၊ သူသည် အိပ်ပျော်နေသည့်အလား။
ဝမ်လင်းသည် ထိုဦးခေါင်းကို တွေ့မြင်သည့်အခါ သူ့ခေါင်းထဲတွင် မိုးကြိုးပစ်ချခံလိုက်ရသည့်နှယ် ပေါက်ကွဲသွားကာ သူ့အား လုံးဝ မင်သက်ကြောင်ရီမိသွားစေသည်။
ဝမ်လင်းသည် ကောင်းကင်ဘုံဘိုးဘေးနျင့် ပတ်သတ်၍ ခန့်မှန်းထားချက်များ ရှိ၏။ ကောင်းကင်ဘုံကလန်၌လည်း ကောင်းကင်ဘုံဘိုးဘေး ပျောက်ကွယ်သွားခြင်းအပေါ် မတူညီသော အမြင်အမျိုးမျိုး ရှိချေသည်။
ဝမ်လင်းသည် ကောင်းကင်ဘုံဘိုးဘေးက အင်မောတယ်ကောင်းကင်ဘုံကုန်းမြေကနေ ထွက်ခွာသွားခဲ့သည်ဟုပင် တွေးမိခဲ့သေးသည်။ သူသည် ထိုဘိုးဘေးဖြစ်သူမှာ တနေရာရာတွင် တံခါးပိတ်ကျင့်ကြံနေလောက်သည်ဟုလည်း တွေးခဲ့ဖူးသည်။ သူသည် ကောင်းကင်ဘုံဘိုးဘေးဖြစ်သူမှာ သေဆုံးသွားခဲ့လောက်ပြီဟုပင် တွေးထားခဲ့ဖူးသည်။
သို့သော် အခု သူ ကိုယ်တိုင်ကိုယ်ကျ ကောင်းကင်ဘုံဘိုးဘေး၏ ဦးခေါင်းကို တွေ့မြင်သည့်အခါတွင်မူ သူ ခံစားမိသော တုန်လှုပ်မှုနှင့် ထိတ်လန့်မှုတို့က မလျှော့ပါးသွားခဲ့ပေ။
ကောင်းကင်ဘုံဘိုးဘေးကို မည်သူ သတ်ခဲ့လေသနည်း။
ဝမ်လင်း၏စိတ်နှလုံး တုန်ယင်ရ၏။ သူသည် ကောင်းကင်ဘုံကလန်၏ ရှေးအတိတ်တချိန်က တံခါးချပ်တစ်ခုကို ဖွင့်လှစ်သည်အား တွေ့မြင်လိုက်သလိုပင် ထင်မှားရသည်။ အတိတ်တုန်းက မည်သို့ ဖြစ်ပျက်ခဲ့သနည်း။
ကောင်းကင်ဘုံဘိုးဘေး သေဆုံးခဲ့သည်ဆိုလျှင် ရှေးဘိုးဘေးကရော မည်သို့ ဖြစ်ပျက်ခဲ့သနည်း။
သည်အတွေးများက ဝမ်လင်း၏စိတ်ထဲတွင် ပဲ့တင်ထပ်နေသည်။ ကောင်းကင်ဘုံဘိုးဘေး၏ ဦးခေါင်းကို ဆင့်ခေါ်ပြီးနောက် အင်ပါယာဆရာသခင်က တစီစီအသံပြု၏။ သူက မျက်လုံးမှိတ်လိုက်သည်။ ထို့နောက် သူ့ဘယ်လက်ကို သူ့ဘယ်မျက်လုံးပေါ်သို့ တင်သည်။ သူ့ညာမျက်လုံးက ရုတ်တရက် ပွင့်ဟလာသည်။
ကောင်းကင်ဘုံဘိုးဘေး၏ဦးခေါင်းမှာ သူ၏ သက်ရောက်ခြင်း ခံလိုက်ရသလိုပင်။ သူ ညာမျက်လုံးဖွင့်လာသည့်အခိုက်တွင် ကောင်းကင်ဘုံဘိုးဘေး၏ဦးခေါင်းမှာလည်း ၎င်း၏ညာမျက်လုံးကို ဖွင့်လာသည်။
၎င်း၏ညာမျက်လုံးက တွင်းတစ်ခုနှယ်။ မည်သည့်ကာလမျှ ရှိမနေပေ။
သူ ညာမျက်လုံးဖွင့်လာသည့်အခါ အထက်သို့ ဆက်တက်သွားသော ရွှေရောင်အလင်းက ရပ်တန့်ကာ ကောင်းကင်ဘုံဘိုးဘေး၏ ဦးခေါင်းထံ တိုက်ရိုက် ဦးတည်ဝင်လာ၏။ ၎င်းသည် ချက်ခြင်းပင် ၎င်း၏ညာမျက်လုံးထဲတွင် ပျောက်ကွယ်သွားတော့သည်။
မကြာမီတွင် တစ္ဆေအလင်းကနေ ပြန်ဖြစ်ပေါ်လာသော အင်ပါယာဆရာသခင်က ဝမ်လင်းကို ဒေါသတကြီး ကြည့်ကာ သူ့ထံ လက်ညွှန်သည်။ သူက ဝမ်လင်း ကောင်းကောင်း မကြားရသော ရှုပ်ထွေးသည့် မန္တာန်တစ်ခုကို ရွတ်ဆိုသည်။
ဝမ်လင်း၏မျက်နှာသည် ချက်ခြင်း ဖြူရောသွားကာ သူသည် နောက်သို့ ချက်ခြင်း ဆုတ်သည်။ သို့သော် အင်ပါယာဆရာသခင် လက်ညွှန်လိုက်ချိန်တွင် ကြောက်မက်ဖွယ်ရွှေရောင်အလင်းတစ်ခုက ကောင်းကင်ဘုံဘိုးဘေး၏ ညာမျက်လုံးထံမှ ထွက်ပေါ်လာသည်။ ဝမ်လင်းသည် သူ့ထံ အင်အားကြီးတစ်ခု ကျဆင်းလာသလို ခံစားမိ၏။ သူသည် ကောင်းကင်ဘုံဘိုးဘေး၏ ညာမျက်လုံးထဲ ဆွဲငင်ခြင်း ခံရတော့သည်။
သူသည် ညာမျက်လုံးထဲ၌ နစ်မြုပ်သွားချိန်တွင် တစ္ဆေအလင်းကိုးခု ဝန်းရံထားသော အင်ပါယာဆရာသခင်သည် ဝမ်လင်းနောက်ကနေ ကောင်းကင်ဘုံဘိုးဘေး၏ ညာမျက်လုံးထဲသို့ တရကြမ်း ဝင်ရောက်လာသည်။
“မင်းက ဒီအဘိုးအိုရဲ့ အကြံကိုမှနားမထောင်ခဲ့ပဲ ငါ့အစီအစဉ်ကို နှောက်ယှက်ခဲ့တယ်။ အခု ကိုးဆယ်ရာခိုင်နှုန်းလောက် အောင်မြင်နိုင်တဲ့ ငါ့အစီအစဉ်က သုံးဆယ်ရာခိုင်နှုန်းလောက် လျှော့ကျသွားခဲ့ပြီ…”
“မင်း သေဖို့ ထိုက်တန်တယ်။ ဒီအဘိုးအိုက မင်းကို ကောင်းကင်ဘုံဘိုးဘေးရဲ့ အမွေကို ဆက်ခံစေချင်ခဲ့တာ။ ငါက အဲ့စွမ်းအားကို အသုံးပြုပြီး မင်းရဲ့စိတ်ကိုဖိနှိပ်ပြီး အမွေအနှစ်ကို ရတဲ့နောက် ငါ မင်းစိတ်ကို သိမ်းပိုက်နိုင်မှာ။ ဒါပေမဲ့လည်း မင်းက ငါ့အစီအစဉ်ကို လုံးဝ ဖျက်စီးပစ်ခဲ့တယ်။ မင်းအနေနဲ့ ရှင်သန်ဖို့ အခွင့်အရေးတစ်ခု ပေးမယ်လို့ ငါ စဉ်းစားထားခဲ့တာ။ မင်းအနေနဲ့ မင်း စိတ်ဝိညာဉ်နဲ့အတူ သစ္စာခံပြီး ငါ့ကလန်ရဲ့ အပူဇော်ခံမီးတောက် အစောင့်အကြပ်ပဲ ဖြစ်လာခွင့် ပြုမယ်လို့ ငါ တွေးထားတာ…”
“ဒါပေမယ့် ဒီအဘိုးအိုက ခုတော့ စိတ်ပြောင်းသွားပြီ။ ဒါတွေအားလုံးက မင်းလုပ်ရပ်ကြောင့်ပဲ။ ဒီအဘိုးအိုကို ကတိမတည်တဲ့အတွက် အပြစ်လာမတင်နဲ့…”
“ဒီအဘိုးအိုက နှစ်ပေါင်းများစွာ စောင့်နေခဲ့ရပြီး ဒီနေရာကနေ မထွက်ခွာနိုင်ခဲ့ဘူး။ ငါဟာ ခန္ဓာကိုယ်ပိုင်စိုးရမယ့် မှန်ကန်တဲ့သူကို မရှာတွေ့ခဲ့ဘူး။ ဒါပေမဲ့ မင်း ထွက်ပေါ်လာမျုက ငါ့ကို အဲ့အခွင့်အရေး ပေးခဲ့တယ်။ မင်းရဲ့ခန္ဓာကိုယ်ဟာ ဒီအဘိုးအိုအတွက် သင့်တော်လွန်းတယ်…”
“ဒီအဘိုးအိုက မင်းကို အမွေအနှစ်ကို ပြည့်ပြည့်ဝဝရရဖို့ ခွင့်ပြုလိုက်မယ်။ မင်းသာ ကောင်းကင်ဘုံဘိုးဘေးရဲ့ ကျင့်ကြံမှုကို ရသွားတာနဲ့ ငါလည်း ကောင်းကင်ဘုံဘိုးဘေးရဲ့ ကျင့်ကြံမှုကို ရသွားတာနဲ့အတူတူပဲ ဖြစ်လိမ့်မယ်…”