← Chapters

တောက်…ဝမ်ကို လွှတ်ပေးခြင်း

Vol. 148 Ch. 2043

တောက်…ဝမ်ကို လွှတ်ပေးခြင်း

Vol. 148 Ch. 2043

ရှေးဘိုးဘေးမြို့၏ တားမြစ်နန်းတော်။

ကောင်းကင်ထက်၌ အလင်းခပ်ဖျော့ဖျော့ ထုတ်လွှတ်နေသော ဧရာမတွင်းနက်တစ်ခု ရှိနေသည်။ အောက်ဘက်ရှိ တောင်ရှစ်လုံးကြားတွင် လွင့်မြောနေသော ပေတစ်ရာလောက်ရှိသည့် ဦးခေါင်းတစ်ခုလည်း ရှိ၏။ ထိုဦးခေါင်းသည် လေထဲတွင် မလှုပ်မယှက် ရှိနေသည်။

သို့ပေမည့် ၎င်း၏ညာမျက်လုံးက ပွင့်ဟနေကာ အလင်းအရိပ်အယောင် ပါဝင်နေသည်။ ၎င်းသည် ဝေဝါးနေဆဲ ရှိ၏။ ထိုအလင်းက ကောင်းကင်ဘုံဘိုးဘေး၏ ညာမျက်လုံးအတွင်း၌ ဝဲကတော့တစ်ခုကဲ့သို့ မြန်ဆန်စွာ လှည့်ပတ်နေသည်။

ထိုအလင်း လှည့်ပတ်နေစဉ် အတွင်း၌ ဝိုးတဝါးအရိပ်တစ်ခု ရှိနေသည်။ ထိုအရိပ်ကတော့ ဝမ်လင်းပင်။

ကောင်းကင်ဘုံဘိုးဘေး၏ ညာမျက်လုံးသည် တခြားလောကတစ်ခုကဲ့သို့ပင်။ ဝမ်လင်းသည် သည်နက်မှောင်သောလောကအတွင်း၌ ရှိနေလျက် သူက မျက်လုံးမှိတ်ထား၏။ သည်နေရာတွင် ဗလာကင်းမဲ့ကာ သေခြင်းအော်ရာသာ ပြည့်နေသည်။

ဝမ်လင်း၏ဆံပင်တို့က အဖြူနှင့်အနက်ကြား လျင်မြန်စွာ ပြောင်းလဲနေ၏။ သူသည် ထိုပြောင်းလဲမှုကို သတိပြုမိပုံ မရပေ။

သူ၏ခန္ဓာကိုယ်တွင်း၌ ရွှေရောင်အလင်းသည် သူ့အရေပြားကို ထွင်းဖောက်လာသကဲ့သို့ တဖြည်းဖြည်း ပျောက်ကွယ်လာ၏။ ထိုအလင်းက မှိန်ဖျော့ကာ အချိန်မရွေး ပျောက်ကွယ်သွားမည့်အလား။ ဝမ်လင်းသည် ဒီရွှေရောင်အလင်းထဲ၌ တည်ငြိမ်စွာ ရှိနေ၏။ သူသည် မည်သည့်အရာကိုမျှ မခံစားရဘဲ အိပ်ပျော်နေသည့်အလား။

ဝမ်လင်း၏ခန္ဓာကိုယ်တွင်း၌ ရှိနေသော ရွှေရောင်အလင်းက အချိန်ကုန်ဆုံးလာသည်နှင့်အမျှ ပို၍ တောက်ပကာ ပျံ့နှံ့လာ၏။ သူ၏ခန္ဓာကိုယ်တွင်း၌ အမွေအနှစ်နှင့် ပိုင်စိုးခြင်း၊ ဖိနှိပ်ခြင်းနှင့် ပုန်ကန်ခြင်းတို့ ရှိနေသည်။

ဝမ်လင်းသည် အပြင်ဘက်မှ ကြည့်ပါက ပုံမှန်အတိုင်းသာ ရှိ၏။ သူ၏ခန္ဓာကိုယ်ထဲတွင်မူ ရွှေရောင်အလင်းလုံးတစ်ခု ရှိနေ၏။ ယင်းအလုံးတွင် ကောင်းကင်ဘုံဘိုးဘေး၏ စွမ်းအား ပါဝင်ကာ ဝမ်လင်း၏ခန္ဓာကိုယ် တလျှောက် ရွှေရောင်အလင်းကို ထုတ်လွှတ်နေ၏။ ၎င်းက သူ၏အသွေးအသားနှင့် အရိုးတို့ကို သည်အလင်း၏ တည်ရှိမှုအတွက် သင့်တော်မည့်အရာအဖြစ် ပြောင်းလဲပေးနေသည်။

ထိုရွှေရောင်အလင်းသည် အင်မတန် လွှမ်းမိုးနိုင်ခြင်း ရှိကာ ၎င်းက သက်ရှိအားလုံးကို ထိန်းချုပ်နိုင်သည့် အော်ရာတစ်ခုကို ထုတ်လွှတ်နေ၏။ ထိုအော်ရာက အင်ပါယာဆရာသခင်၏ ပိုင်စိုးခြင်း မရှိပါဘဲဖြင့်ပင် ဝမ်လင်းကို အသိစိတ်လွတ်ကာ အရူးတစ်ယောက်ကဲ့သို့ ဖြစ်နေစေဖို့အထိ လုံလောက်အောင် အစွမ်းထက်ပေသည်။

ထိုလွှမ်းမိုးနိုင်လှသော ရွှေရောင်အလင်းက ဝမ်လင်း ခုခံရန် ဟန်ပြင်သည့် အရာအားလုံးကို ချက်ခြင်း ဖျက်စီးပစ်သည်။ ၎င်းက သူ့လက်နှစ်ဖက်ကို လုံးဝ သိမ်းပိုက်ကာ သူ့ခန္ဓာကိုယ်အား ထွေးခြုံ့ထားသည်။

သို့သော် ထိုအလင်းက မည်မျှ ကျူးကျော်ပါစေ ဝမ်လင်း၏ ခန္ဓာကိုယ်တွင်း၌ မပြောင်းလဲသွားသော နေရာတစ်ခု ရှိနေပေသည်။ ထိုနေရာမှာ ရှေးဘိုးဘေး၏ စိတ်ဝိညာဉ်သွေး တည်ရှိနေသော နေရာတည်း။

ရှေးဘိုးဘေး၏ စိတ်ဝိညာဉ်သွေးက ကောင်းကင်ဘုံဘိုးဘေး၏ အမွေအနှစ်နှင့် အဆင့်တူ ဖြစ်၏။ ထို့ကြောင့် သည်ရွှေရောင်အလင်းက သည်စိတ်ဝိညာဉ်သွေးအပေါ်တွင်တော့ မလွှမ်းမိုးနိုင်ပေ။ သို့ပေမည့်လည်း စိတ်ဝိညာဉ်သွေးက များများစားစား မရှိသည့်အတွက်ကြောင့် ၎င်းသည် ရွှေရောင်အလင်းကို ခုခံဖို့ငှာ မပျံ့နှံ့နိုင်ပေ။ သည့်အတွက်ကြောင့် ရလဒ်အနေဖြင့် ထိုဘက်နှစ်ဖက်သည် တစ်ဖက်နှင့်တစ်ဖက် မထိတွေ့ဘဲ တည်ရှိနေသည်။

“ရွှေရောင်အလင်းက သူ့ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီးရင် ငါ သူ့စိတ်ဝိညာဉ်ကို ဖိနှိပ်ဖို့ အစီအရင်တစ်ခု အသုံးပြုနိုင်မယ်။ ပြီးရင် ဒီအဘိုးအိုက သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်လိမ့်မယ်…”  အင်ပါယာဆရာသခင်၏ အတွေးများက ဝမ်လင်း၏ခန္ဓာကိုယ်တွင်း၌ ပဲ့တင်ထပ်၏။

သူ၏ခန္ဓာကိုယ်က သေသွားခဲ့ပြီ ဖြစ်ကာ သူ့ထံ၌ ဝမ်လင်း၏ခန္ဓာကိုယ်တွင်းတွင် နတ်ဘုရားအာရုံအဖြစ်သာ ရှိတော့သည်။ သူသည် ဝမ်လင်း၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ဖို့ က မရိုးရှင်းမှန်းသိ၏။ ထို့ကြောင့် သူ့အနေဖြင့် ကောင်းကင်ဘုံဘိုးဘေး၏ ကျင့်ကြံခြင်းကို စွဲဆောင်မှုတစ်ခုအဖြစ် အသုံးပြုခဲ့တာပင်။ သူ့ရည်ရွယ်ချက်မှာ ကောင်းကင်ဘုံဘိုးဘေး၏ စွမ်းအားကို ငှားယမ်းပြီး ဝမ်လင်း၏ ရုန်းကန်မှုကို ဖယ်ရှားပစ်ရန်ပင်။ ထိုအခါကျလျှင် ဝမ်လင်း၏ခန္ဓာကိုယ်သည် ကောင်းကင်ဘုံဘိုးဘေး၏ ကျင့်ကြံခြင်းကို ရရှိလာမည် ဖြစ်ပြီး သည့်နောက်တွင် သူက ၎င်းအား သိမ်းပိုက်လိုက်မည်ပင်။

ရွှေရောင်အလင်းက စိတ်ဝိညာဉ်သေွး တည်ရှိနေသော နေရာနှင့် သူ့ဦးခေါင်းကလွဲ၍ ဝမ်လင်း၏ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းကို သိမ်းပိုက်ထားခဲ့ပြီး ဖြစ်၏။ ဝမ်လင်း၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းသည် တောက်ပလှသဖြင့် အပြင်ဘက်နေပင် တွေ့မြင်နိုင်၏။ လူတစ်ယောက်သည် ကောင်းကင်ဘုံဘိုးဘေး၏ ညာမျက်လုံးထံမှ ခပ်ဖျော့ဖျော့ ရွှေရောင်အလင်းတစ်ခု ထွက်ပေါ်နေသည်ကို ကောင်းစွာ မြင်နိုင်သည်။

ထိုရွှေရောင်အလင်း ပျံ့နှံ့လာနေစဉ်  ၎င်းအဖြစ်က ကောင်းကင်ဘုံဘိုးဘေး၏ ဦးခေါင်းမှာ အသက်ဓာတ်အရိပ်အယောင် ရရှိလာသကဲ့သို့ ထင်ရသည်။

“ဒီဝမ်လင်းရဲ့ ခန္ဓာကိုယ်က အတော်လေး ထူးခြားတယ်။ သူ့ခန္ဓာကိုယ်ထဲမှာရှေးဘိုးဘေးရဲ့ အော်ရာ ပါဝင်နေတယ်။ ဒီအော်ရာဟာ ပယ်ဖျက်ပစ်လို့ မရနိုင်ဘူး။ ဒါပေမဲ့ ဒါဟာ ချိပ်ပိတ်ခံထားရတဲ့အတွက် ငါ့အစီအစဉ်ကိုတော့ အနှောက်အယှက် ဖြစ်စေမှာ မဟုတ်ဘူး…”  အင်ပါယာဆရာသခင်က သူ့ဟာသူ တွေးလိုက်၏။ ရွှေရောင်အလင်းသည် စိတ်ဝိညာဉ်သွေးကို မဖယ်ရှားနိုင်သော်လည်း ၎င်းက အင်ပါယာဆရာသခင်၏ ဝမ်လင်းခန္ဓာကိုယ်ကို ပိုင်စိုးခြင်းအပေါ် အတားအဆီး မဖြစ်စေနိုင်တော့ပေ။

“ငါ ဒီခန္ဓာကိုယ်ကို သိမ်းပိုက်ပြီးသွားပြီ။ ခု နောက်တဆင့်က ဦးခေါင်းပဲ။ ငါသာ ဦးခေါင်းကို သိမ်းပိုက်လိုက်နိုင်ရင် သူ့စိတ်ဝိညာဉ်ကို ဖိနှိပ်နိုင်ပြီ…”

အင်ပါယာဆရာသခင်သည် အတော်လေး စိတ်လှုပ်တရှား ဖြစ်နေသည်။ သူသည် စိတ်ဝိညာဉ်သွေးကို ချိပ်ပိတ်ပြီးနောက် ရွှေရောင်အလင်းသည် ဝမ်လင်း၏ လည်တိုင်ထံ ပျံ့နှံ့နေသည်ကို ခံစားမိသည်။

ဝမ်လင်း၏ခန္ဓာကိုယ်မှာ တုန်ယင်နေ၏။ ထို့နောက် ရွှေရောင်အလင်းက သူ့ဦးခေါင်းတွင် ပြည့်လာကာ သူ့ဒွာရပေါက်များမှ ပျံ့လွင့်လာသည်။

ထိုရွှေရောင်အလင်းက ဝမ်လင်း၏ဦးခေါင်းကို ပျံ့လွင့်သွားကာ ၎င်း၏ လွှမ်းမိုးနိုင်ခြင်းကို အသုံးပြု၍ ဝမ်လင်း ချမှတ်ထားသော ကာကွယ်မှုအားလုံးကို ရိုက်ထုတ်ပစ်သွားသည်။ ၎င်းသည် ဝမ်လင်း၏ဦးခေါင်းနှင့်ခန္ဓာကိုယ်တို့ကို လုံးဝ သိမ်းပိုက်သွားလေပြီ။

၎င်းသည် ဝမ်လင်း၏ ခန္ဓာကိုယ်ကို လုံးဝ သိမ်းပိုက်ပြီးနောက် ရွှေရောင်အလင်းသည် လွန်စာ တောက်ပလာ၏။ ဤသည်က ကောင်းကင်ဘုံဘိုးဘေးဦးခေါင်း၏ ညာမျက်လုံးကို တောက်ပသွားစေသည်။

“စိတ်ဝိညာဉ်ကို ဖိနှိပ်ခြင်း…” အင်ပါယာဆရာသခင်က ချက်ခြင်း ပေါ်လာပြီး ယင်းရွှေရောင်အလင်းက ဝမ်လင်း၏ ခန္ဓာကိုယ်ကို ဖိနှိပ်သွားချိန်တွင် သူသည် ဝမ်လင်း၏ စိတ်ဝိညာဉ်ကို ရှာဖွေတော့သည်။

တအောင့်အကြာတွင် သူက ဝမ်လင်း၏ခန္ဓာကိုယ်တွင်းရှိ စိတ်ဝိညာဉ်တုန်ခါလှိုင်းတစ်ခုကို ဝိုးတဝါး ခံစားမိ၏။ သူသည် စိတ်လှုပ်တရှားဖြင့် တိုးဝင်လာသည်။

“တည်ရှိနိုင်တဲ့အရာအားလုံးဟာ တည်ရှိတဲ့အတွက်ကြောင့် ဗလာနတ္တိ ဖြစ်လာနိုင်တယ်။ စိတ်ဝိညာဉ်လည်း ဗလာနတ္တိ ဖြစ်သွားစေ…”  အင်ပါယာဆရာသခင်၏ စကားသံတို့ ပဲ့တင်ထပ်လာသည့်အခါ ဝမ်လင်း၏စိတ်ဝိညာဉ်သည် ချက်ခြင်း ကွယ်ပျောက်သွားတော့သည်။

“အယ်…ဒီလောက် ကျိုးပဲ့လွယ်တာလား။ ဘာမှတ်ဉာဏ်မှတောင့် မကျန်တော့ဘူး။ ကောင်းကင်ဘုံဘိုးဘေးရဲ့ အမွေအနှစ်က ထွက်ပေါ်လာတဲ့ ရွှေရောင်အလင်းက အားကောင်းလွန်းတဲ့အတွက် ဝမ်လင်းရဲ့ စိတ်ဝိညာဉ်ဟာလည်း အားနည်းလွန်းသွားပြီး ဒါ့ကြောင့် ခုလိုမျိုး ထိလွယ်ရှလွယ်စွာ ပျောက်ကွယ်သွားတာ နေမယ်…”

စိတ်ဝိညာဉ်တစ်ခု မရှိပါသော ခန္ဓာကိုယ်မှာ လူသေကဲ့သို့ ဖြစ်နေလေပြီ။ သို့သော် ဒီအခိုက်တွင် အင်ပါယာဆရာသခင်၏ နတ်ဘုရားအာရုံသည် ဝမ်လင်း၏ခန္ဓာကိုယ်ကို ထိန်းချုပ်ဖို့ ရွှေရောင်အလင်းထဲ၌ ပျံ့နှံ့လာ၏။

သူ ဝမ်လင်း၏ခန္ဓာကိုယ်ကို သိမ်းပိုက်တော့မည့် အခိုက်တွင် အဆုံးမဲ့ရွှေရောင်အလင်းတို့ ပြည့်ဖုံးနေသော ဝမ်လင်းက မျက်လုံးဖွင့်လာ၏။ သူ့မျက်လုံးထံမှ ရွှေရောင်အလင်းတို့မှာ သာ၍ တောက်ပနေသည်။

သို့သော် ခုလက်ရှိ ဝမ်လင်းသည် သူ့ကိုယ်ပိုင်အသိစိတ် မရှိတော့ပေ။ ဤသည်မှာ အင်ပါယာဆရာသခင်၏ အပိုင်ပင်။

“ဒါ အလုပ်ဖြစ်သားပဲ။ ဒီဝမ်လင်းဟာ အဆုံးသပ်ချိန်ထိ ဉာဏ်များခဲ့ပြီး သူက ဒီအဘိုးအိုအပေါ် အမြဲ သံသယ ရှိနေခဲ့တာ။ သူဟာ ငါနဲ့ လုံးဝ မပူးပေါင်းမဆောင်ရွက်ခဲ့ဘူး။ ဒါပေမဲ့ ခုတော့ ကောင်းကင်ဘုံဘိုးဘေးရဲ့ အမွေအနှစ််စွမ်းအားအောက်မှာ သူလည်း ဒီအဘိုးအိုရဲ့ သိမ်းပိုက်ခြင်းကို ခံလိုက်ရပြီ ဖြစ်တယ်…”

“ဒီခန္ဓာကိုယ်က အစွမ်းထက်လှတယ်။ ငါ ဒါကို အပူဇော်ခံမီးတောက်စွမ်းအားတွေနဲ့ ထပ်ပြီး သန့်စင်ရမယ်…”

အင်ပါယာဆရာသခင်သည် ဝမ်လင်း၏ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီးနောက် စိတ်လှုပ်ရှားမှုနှင့် ပြည့်နေကာ သူက လက်သီးခပ်တင်းတင်း ဆုပ်၏။

“ကံမကောင်းစွာနဲ့ အမွေအနှစ်က ပြီးပြည့်စုံမှု မရှိခဲ့ဘူး။ ဒါပေမဲ့လည်း ဒါဟာ ပထမခြေလှမ်းပဲ။ အခု ဒုတိယခြေလှမ်း စမယ်။ ဒါသာ အောင်မြင်သွားတာနဲ့ ငါ့ကလန်ဟာ ကောင်းကင်ဘုံဘိုးဘေးရဲ့ ကျွန်ဇာတ်သွင်းခြင်းကနေ ဖယ်ရှားနိုင်စွမ်း ရှိပြီ။လွတ်လပ်မှု ပြန်ရနိုင်ပြီ…”

“ငါ ဒီနေ့ကို စောင့်နေခဲ့တာ နှစ်ပေါင်း မရေနိုင်တော့ဘူး။ လွတ်လပ်မှုထက် ပိုထိုက်တန်တဲ့အရာ လောကမှာ မရှိဘူး…”

“ငါ့ကလန်အတွက် ငါပါ ဖျက်စီးခံရမယ်ဆိုရင်တောင် ငါ ဘာမဆိုလုပ်မှာပဲ…”  အင်ပါယာဆရာသခင်၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားခြင်းတို့ ပြည့်နေ၏။ အတိတ်ကို အောက်မေ့မှုတို့လည်း ရှိနေသည်။ သူသည် အတိတ်က မှတ်ဉာဏ်များကို မြင်မိနေသည်။ သူ့ကလန်ဝင်များအားလုံးသည် သူတို့ မွေးဖွားလာခဲ့ချိန်မှစ၍ ကံကြမ္မာ သတ်မှတ်ထားခဲ့ပြီး မဟုတ်လား။

“ဝမ်လင်း…ငါ့ကို အပြစ်မတင်ပါနဲ့…” အင်ပါယာဆရာသခင်က သက်ပြင်းချ၏။ သို့သော် သူ့မျက်လုံးသည် တောက်ပလာ၏။ သူ၏မျက်လုံးထဲတွင် ပြတ်သားမှုတို့ ရှိနေသည်။ သူသည် ကောင်းကင်ဘုံဘိုးဘေး၏ ညာမျက်လုံးထဲမှ မထွက်ခွာပေ။ အတွင်း၌သာ ရှိနေသေး၏။ သူက သူ့လက်နှစ်ဖက်ကို ပင့်မြှောက်ကာ ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ သူ၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းက တိုက်ရိုက် ပြောင်းလဲခြင်းကို ပေးစွမ်းလာချေ၏။

သူ၏ခန္ဓာကိုယ်ပတ်လည်မှ ရွှေရောင်အလင်းသည် ဆထက်ထပိုး သိပ်သည်းလာချေသည်။ ၎င်းက တောမီးနှယ် ပျံ့လွင့်လာ၏။ ဝမ်လင်း၏ခန္ဓာကိုယ်ထဲမှ ကောင်းကင်ဘုံဘိုးဘေး၏ ကျင့်ကြံခြင်းအားလုံးသည် မြန်ဆန်စွာ ပေါက်ကွဲထွက်လာသည်။

သည်လို ဆထက်ထပိုး တောက်ပသိပ်သည်းလာသော ရွှေရောင်အလင်းအောက်တွင် ဝမ်လင်း၏ခန္ဓာကိုယ်သည် ညာမျက်လုံးအတွင်းရှိ နက်မှောင်သော လောကကို လင်းထင်းစေသော နေမင်းအလား ထင်ရသည်။ သည်မျက်လုံးသည် ခုခါ၌ ဆက်လက်ပြီး မနက်မှောင်တော့ပေ။

ကောင်းကင်ဘုံဘိုးဘေး၏ ညာမျက်လုံးထဲရှိ တောက်ပသောအလင်းမှာ ဒီတားမြစ်နန်းတော်တစ်ခုလုံးကို ခြုံလွှမ်းသွားသည်။

သည်အခိုက်တွင် ကောင်းကင်ဘုံဘိုးဘေးဦးခေါင်းခွံ၏ ညာမျက်လုံးက လွန်စွာ တောက်ပနေ၏။ ၎င်းသည် တုန်လှုပ်ဖွယ် မြင်ကွင်းတစ်ခုပင်။ ယင်းကား ထိုဦးခေါင်းမှာ ပြန်အသက်ဝင်လာသလား ထင်မှတ်ရစေသည်။

“ဘယ်မျက်လုံး…”  အင်ပါယာဆရာသခင်က ကောင်းကင်ဘုံဘိုးဘေး၏ ညာမျက်လုံးထဲရှိ ဝမ်လင်း၏ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီး ချိပ်ဟန်တစ်ခု ဖြစ်စေပြီးနောက် သူသည် ရှုပ်ထွေးသောမန္တာန်များကို စတင် ရွတ်ဆိုချေသည်။

ထိုသို့ ရွတ်ဆိုနေစဉ် ကောင်းကင်ဘုံဘိုးဘေး၏ ဘယ်မျက်လုံးမှာ ရုတ်တရက် ပွင့်ဟလာသည်။ ဘယ်မျက်လုံးသည် သေခြင်းအော်ရာနှင့် ပြည့်နေ၏။ ယင်းကား ခုခါ၌ ရွှေရောင်အလင်းဖြင့် အသက်ဓာတ်ဖြင့် ပြည့်နေသော ညာမျက်လုံးနှင့် လုံးဝ ကွဲပြားနေသည်။

ကောင်းကင်ဘုံဘိုးဘေး၏ ဘယ်မျက်လုံး ပွင့်ဟလာသည့်အခါ ပြင်းထန်သောစုပ်အားတစ်ခုသည် ကောင်းကင်ထက်ရှိ တွင်းပေါက် ဖြစ်ပေါ်နေသော နေရာသို့ ထိုးထွက်လာသည်။

တချိန်တည်းမှာ အက်သံများ ပဲ့တင်ထပ်၏။ ပျက်စီးသွားသော ရေကန်၏အပြင်ဘက်၌ ချိန်းကြိုးကိုးခုဖြင့် ချုပ်နှောင်ခံထားရသောအရူးသည် စုပ်အားကြောင့် ထိုရေကန်ထံ ဆွဲငင်ခြင်း ခံရသည်။

ထိုချိန်းကြိုးများသည် ဆွဲငင်ခံရချိန်တွင် အက်သံများ ထွက်ပေါ်လာသည်။ ယင်းတို့က အကန့်အသတ်သို့ ရောက်လာကာ ဆက်လက်၍ တောင့်ခံနိုင်ခြင်း မရှိတော့ပုံ ရသည်။

အမှန်တော့ ထိုစုပ်အားကား ချိန်းကြိုးများကို ဆွဲငင်ခြင်း မဟုတ်ပေ။ ချိန်းကြိုးများဖြင့် ချည်နှောင်ထားသော အရူးကို ဆွဲငင်ခြင်းသာ ဖြစ်၏။ အရူးက ပေဒါဇင်ချီလောက်ထိ ဆွဲငင်ခြင်း ခံရသည့်အခါ ဝမ်လင်းအဖို့ ဖျက်စီးရန် ခက်ခဲခဲ့သော အနှီချိန်းကြိုးများသည် တစစီ ပျက်စီးသွားတော့၏။

ချိန်းကြိုးအားလုံး ပျက်စီးသွားသည့်နောက် အရူးသည် စုပ်အားကြောင့် ပျက်စီးသွားသော သွေးရေကန်ထဲ စုပ်ယူခံရလေ၏။ သူက ရွှေရောင်အလင်းတန်းအဖြစ်သို့ ပြောင်းကာ ကောင်းကင်ဘုံဘိုးဘေး၏ ဘယ်မျက်လုံးထံ တိုက်ရိုက် ပျံသန်းဝင်လာသည်။

ဖြတ်ခနဲအတွင်း အရူး၏ခန္ဓာကိုယ်သည် ဝမ်လင်းကဲ့သို့ ကောင်းကင်ဘုံဘိုးဘေး၏ ဘယ်မျက်လုံးအတွင်း ဝါးမြိုခံလိုက်ရချေသည်။

ထိုအခိုက်တွင် အရူး၏ ဝေဝါးနေသော ခန္ဓာကိုယ်က ဘယ်မျက်လုံးတွင် ပေါ်လာ၏။ သူ၏ခန္ဓာကိုယ်သည် ဘယ်မျက်လုံးကို ထွင်းဖောက်ကာ အားကောင်းလှသည့် ရွှေရောင်အလင်းတစ်ခုအား ပေးစွမ်းနေ၏။ ထို့အတွက်ကြောင့် ကောင်းကင်ဘုံဘိုးဘေး၏ မျက်လုံးတစုံမှာ ပွင့်ဟလာပြီး အဆုံးမဲ့ ရွှေရောင်အလင်းကို ပေးစွမ်းနေတော့သည်။

“ကောင်းကင်ဘုံဘိုးဘေး၊  ငါ့ကလန်ရဲ့ ချိပ်ပိတ်မှုကို ဖြေလျှော့တယ်လို့ စကားဆိုပါ…” အင်ပါယာဆရာသခင်က စိတ်လှုပ်တရှား အော်ဟစ်လိုက်၏။ သို့သော် သူက ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့အတွင်း၌ ပုန်းကွယ်ကာ အရာအားလုံးကို အေးစက်စက် စောင့်ကြည့်နေသည့် ဝမ်လင်း၏စိတ်ဝိညာဉ်ကိုမူ သတိမပြုမိချေ။

အင်ပါယာဆရာသခင်၏ စကားသံတို့နှင့်အတူ ကောင်းကင်ဘုံဘိုးဘေး၏ မျက်လုံးတို့က တောက်ပလာ၏။၎င်း၏ ပိတ်ထားသော ပါးစပ်က ဖြည်းဖြည်းချင်း ပွင့်ဟလာ၏။

“တောက်…ဝမ်…ကို လွှတ်ပေးတယ်…”  ထိုအသံသည် ကျယ်လောင်စွာ ထွက်ပေါ်လာလေ၏။

All Chapters