ငါက ဖန်မု
Vol. 70 Ch. 971
မူလက မန်ဟိုသည် သူက ဖန်မုဆိုသည်ကို လျှို့ဝှက်ချက်အဖြစ်၊ ဖန်မျိုးနွယ်စုမှ ထွက်လာလျှင် အရေးပေါ်ဝှက်ဖဲအဖြစ် ထားရန် ရည်ရွယ်ထားခဲ့သော်လည်း ဤအခိုက်အတန့်တွင် စိတ်ပြောင်းသွား၏။ ဖန်မုကို လျှို့ဝှက်ဖုံးကွယ်ထားမည့်အစား ကြီးကျယ်ခမ်းနားစွာ ဖော်ပြပေတော့သည်။
မန်ဟိုက ဖန်မျိုးနွယ်စု၏ နံပါတ်တစ်ရွေးချယ်ခံဖြစ်သည့်အပြင် တစ်ချိန်တည်းမှာပင် တာအိုဆရာအစည်းအရုံးသုံးခု၏ နတ်မီးလျှံစမ်းသပ်ပွဲတွင် နံပါတ်တစ်ပြိုင်ပွဲဝင် ၊ ဖန်မု ဖြစ်ကြောင်း နဝမတောင်ပင်လယ်ရှိ လူတိုင်း သိအောင် သူ လုပ်မည်။
သူသည် နဝမပင်လယ်နတ်လောက၏ သီးသန့်ဂိုဏ်းသားတစ်ဦးလည်း ဖြစ်၏။ ဤဖော်ထုတ်မှုက နောက်ပိုင်း သူ့ကို အန္တရာယ်ဖြစ်စေနိုင်သော်လည်း တကယ့်တမ်း နာမည်ကြီးလာခြင်းကလည်း အကာအကွယ်တစ်ခုနှင့်တူသည်။
သိုသိုသိပ်သိပ်နေခြင်းက ကောင်းသော်ငြား လှုပ်ရှားသည်နှင့် အကောင်းဆုံးက လူတိုင်းကို တုန်လှုပ်သွားအောင် လုပ်ဖို့ပင်။
လေ၏အလယ် ၊ အားလုံး၏ ရှေ့မှောက်တွင် ပျံဝဲနေစဉ် မန်ဟို၏မျက်လုံးများသည် ထူးဆန်းသောအလင်းရောင်ဖြင့် တောက်ပနေ၏။ နဝမတောင်ပင်လယ်အနှံ့အပြားမှ မရေမတွက်နိုင်သော ပရိသတ်များ နည်းလမ်းမျိုးစုံဖြင့် သူ့ကို ကြည့်နေကြစဉ် သူက ညာလက်ကို လေပေါ်မြှောက်၍ ချဉ်းကပ်လာနေသော အင်မော်တယ်နန်းတော်များထံသို့ ဝှေ့ယမ်းလိုက်သည်။
သူ၏လက်ဝှေ့ယမ်းမှုကို တုံ့ပြန်သည့်အနေဖြင့် အရောင်အဝါများ ပြိုးပြိုးပြက်ပြက် လက်သွားပြီး နက္ခတ်တာရာများ တုန်ရီလာကာ လေပြင်းကြီးတစ်ချက် တိုက်ခတ်သွားသည်။ အရှေ့အောင်ပွဲဂြိုဟ်မှာ သိမ့်ခနဲ တုန်သွားပြီး တဂျုန်းဂျုန်း ထစ်ချုန်းသံများ ပဲ့တင်ထပ်လာ၏။ ကျင့်ကြံသူအားလုံးမှာ မန်ဟို့ထံမှ ပေါက်ကွဲထွက်လာသော မယုံကြည်နိုင်ဖွယ် ဖိအားကြီးကို ခံစားလိုက်ရသဖြင့် တုန်ရီသွားကြသည်။
မရေမတွက်နိုင်သော လှိုင်းများ ဆက်တိုက်ဖြာထွက်လာသဖြင့် ကြယ်တာရာကောင်းကင်ပင်လျှင် တုန်ခါနေစဉ် မန်ဟိုထံမှ ထွက်ပေါ်လာသော ပါရာဂွန်အရှိန်အဝါမှာ အချိန်နှင့်အမျှ ပိုမိုအားကောင်းလာ၏။
သူ့အကြည့်က အစွဲဥပါဒန်အပြည့်နှင့် ဓားသွားသဖွယ် စူးရှထက်မြက်နေရာ သူ့အား အင်မော်တယ်နတ်မင်းကြီးတစ်ဦးနှင့် တူစေသည်။
ဤအခိုက်အတန့်တွင် ဖန်မျိုးနွယ်ဝင်အားလုံး၏မျက်နှာများ ရိပ်ခနဲ ဖြစ်သွားသည်။
မြေကြီးအောက်ရှိ ဖန်မျိုးနွယ်စု၏ ခေါင်းဆောင်ကြီးခုနစ်ယောက်လည်း တုန်လှုပ်သွားကြသည်။
"အဲဒီအရှိန်အဝါက ..."
"အဲဒီအရှိန်အဝါက အင်မော်တယ်နန်းတော်တွေရဲ့ အရှိန်အဝါနဲ့တူတယ်။ ပိုပြီး အားကောင်းတာက လွဲလို့"
"အဲ့ဒါ ..." ဖန်းတုံးအာမှာ မျက်လုံးများဝိုင်းစက်နေပြီး သူမအနောက်တွင် ရပ်နေသော အဘွားအိုက သလင်းဖန်သားပြင်ကို ကြည့်ရန် ရှေ့တိုးလာသည်။ တဖြေးဖြေး သူမ၏မျက်လုံးများတွင် အံ့ဩမှုတို့ ပြည့်နှက်လာသည်။
"သူပဲ" သူမက တွေးလိုက်သည်။ ဤအဘွားအိုမှာ တာအိုနယ်ပယ်ကျင့်ကြံခြင်းအခြေခံ ရှိလင့်ကစား ပင့်သက်မရှိုက်မိဘဲ မနေနိုင်ပေ။
တစ်ချိန်တည်းမှာပင် မြင့်မြတ်သောရေစီးဓားဂူထဲရှိ ခေါင်းဆောင်ကြီးများ၏ မျက်နှာအမူအရာများ ပြောင်းလဲသွားသည်။ အင်အားကြီးမားသော ဓားအလင်းတန်းများက ကောင်းကင်ထက်သို့ ထိုးတက်သွားပြီးနောက် အရပ်လေးမျက်နှာသို့ ဖြာထွက်သွား၏။
"အဲ့ဒါ ... ပါရာဂွန်တာအိုမှော်သိုင်းကွက်တစ်ခုရဲ့ အရှိန်အဝါပဲ"
"ဒီမန်ဟိုက မဟုတ်မှ ... မဟုတ်မှ ...."
ကျီမျိုးနွယ်စုမှလွဲ၍ ၊ နဝမတောင်ပင်လယ်တွင် တာအိုဆရာအစည်းအရုံးသုံးခုဝင်၊ အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့သည် အင်အားအကြီးမားဆုံးဖြစ်၏။ သူတို့မှာ မည်သူမဆိုထက် အံ့အားသင့်နေကြလေသည်။ တာအိုဆရာဝတ်ပြုကျောင်းထဲရှိ ခြံဝင်းတစ်ခုတွင် ခေါင်းဆောင်ကြီးများ၏ စွမ်းအားများ တဖွေးဖွေး လှုပ်လာပြီး သူတို့က အရှေ့အောင်ပွဲဂြိုဟ်နှင့် မန်ဟို၏အရှိန်အဝါအား လှမ်းကြည့်လိုက်ကြသည်။
"ပရမတ္တအင်မော်တယ်တံတား"
လီလင်းအာက ဖြစ်ပျက်နေသောအရာကို တိတ်ဆိတ်စွာ ကြည့်နေသည်။ လူတကာ အံ့အားသင့်နေကြသော်လည်း သူမကတော့ တည်ငြိမ်နေ၏။ ဖန်မုက မန်ဟိုဆိုသည်ကို သူမ သိထားခဲ့သည်မှာ ကြာခဲ့လေပြီ။
"ဒီခေတ်က သူ့ခေတ်များလား ..." သူမက သက်ပြင်းခိုးချရင်း တွေးလိုက်သည်။
နဝမတောင်ပင်လယ်တွင် ဤကိစ္စနှင့်ပတ်သက်၍ အမှန်တရားအား သိထားသူကို ရှာဖွေ့ရန်မှာ ဖီးနစ်ငှက်မွှေးနှင့် ချီလင်ချိုများ ရှာဖွေရသည်ထက် ခက်၏။ ယခု သူ ထုတ်လွှတ်နေသော အရှိန်အဝါကြောင့် အများစုမှာ တုန်လှုပ်နေကြသည့်တိုင် ဖန်မုနှင့် ဆက်စပ်မစဉ်းစားမိကြသေးပေ။
မန်ဟိုက လေတွင် အဝတ်စများ တဖတ်ဖတ် လွင့်လျက် ၊ အရှိန်အဝါက ကြောက်ခမန်းလိလိ မြင့်တက်လျက် အရှေ့အောင်ပွဲဂြိုဟ်ထက်၌ ပျံဝဲနေသည်။ သူ၏အရှိန်အဝါမှာ ပိုပို၍သာ ပြင်းထန်အားကောင်းလာ၏။
အသက်ရှိုက်စာအနည်းငယ်ကြာသော် ပါရာဂွန်တစ်ဦးကဲ့သို့ သူ ပေးစွမ်းနေသော ခံစားချက်မှာ ပို၍ပင်အားကောင်းလာတော့သည်။ အင်မော်တယ်နန်းတော်က သူ့ထံမှ မီတာဒါဇင်မျှသာ ဝေးကွာတော့သည့်တိုင်အောင် တဝေါဝေါ ပြေးဝင်လာကြသည်။
မန်ဟိုက ခေါင်းမော့လိုက်ပြီး သူ၏မျက်လုံးများက စူးရှနေသည်။ ဤအခိုက်အတန့်မှာပင် သူက လက်ကို ဝှေ့ယမ်းလိုက်ကာ သူ၏အင်မော်တယ်အကြောများအား လည်သွားစေပြီး သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားတို့ ပေါ်ထွက်လာစေလိုက်သည်။ သူ့စိတ်သန္တန်ဝယ် စွဲထင်ကျန်ရစ်နေသော ပါရာဂွန်တံတား၏ ပုံရိပ်သည် ရုတ်တရက် ကြယ်တာရာကောင်းကင်၌ ပေါ်ပေါက်လာ၏။
ကမ္ဘာကြီးသည် ငြိမ်သက်သွားပုံရပြီး ကောင်းကင်နှင့်မြေကြီးရှိ အရာအားလုံး ရွေ့လျားနေခြင်း ရပ်တန့်သွားသည်။ ကမ္ဘာဦးအစအရှိန်အဝါနှင့် ရှေးကျမှုကို ထုတ်လွှတ်နေသော ဧရာမတံတားကြီးတစ်စင်း ပေါ်လာသည်။
တံတားကြီးက လျင်မြန်စွာ ကြီးမားလာပြီး မျက်စိတစ်မှိတ်အတွင်း မန်ဟို့အရှေ့ရှိ အင်မော်တယ်နန်းတော်တစ်သိန်းကို ဖုံးလွှမ်းဖိနှိပ်လိုက်လေပြီ။
အကန့်အသတ်မရှိသော အလင်းရောင်တို့သည် မရေမတွက်နိုင်သော မှော်သင်္ကေတများနှင့်အတူ ဖြာထွက်လာ၏။ ပါရာဂွန်တစ်ဦး၏ အရှိန်အဝါက အရာအားလုံးကို တုန်ခါလာစေပြီး အင်မော်တယ်နန်းတော်များမှာ ဝပ်စင်းကုန်ကြသည်။ ဤတံတားသည် အစွမ်းထက်ပညာရှင်တစ်ယောက်ပြီးတစ်ယောက် နင်းလျှောက်သွားခဲ့သော လမ်းတစ်လမ်းဖြစ်သည့်အလား ဂြိုဟ်ပင်လျှင် မတတ်သာဘဲ လိုက်လျောအသိအမှတ်ပြုရလေသည်။
ဂျလိန်းဂျလိန်း ထစ်ချုန်းသံများ ပဲ့တင်ထပ်နေပြီး ဂြိုဟ်တစ်ဂြိုဟ် ငလျင်လှုပ်နေသည်။ ကြယ်တာရာကောင်းကင်၌ တံတားနှင့် မျက်နှာချင်းဆိုင်လျက် ထိုနည်းတူ ပြိုင်ဘက်ကင်းစွာ ပျံဝဲနေသော အင်မော်တယ်တံခါးမှအပ .... ကမ္ဘာလောကထဲရှိ အရာအားလုံး ရုတ်တရက် မှေးမှိန်သွားသယောင်ပင်။
တံတားပေါ်လာသော အခိုက်အတန့်တွင် ဖန်ဝေမှာ မမြင်ရသောလက်သီးကြီးဖြင့် ရက်ရက်စက်စက် အထိုးခံလိုက်ရသည့်အလား ခံစားလိုက်ရသည်။ သူ့မျက်နှာမှာ ဖြူဆုပ်သွားပြီး သူ့မှာ မယုံနိုင်သောအမူအရာဖြင့် နောက်ယိုင်သွားသည်။ သူသည် မန်ဟိုနှင့် အံ့ဩတုန်လှုပ်ဖွယ်ကောင်းသော ပါရာဂွန်အရှိန်အဝါဖြင့် ပါရာဂွန်တံတားကြီးကို မော့ကြည့်နေမိ၏။
"မဖြစ်နိုင်ဘူး။ ဒါ ... ဒါက ..." ဖန်ဝေ၏စိတ်မှာ ချာချာလည်နေသည်။ သူသည် တံတားကို မှတ်မိပြီး ၎င်းက တာအိုဆရာအစည်းအရုံးသုံးခု၏ နတ်မီးလျှံစမ်းသပ်ပွဲတွင် မန်ဟိုဖန်တီးခဲ့သော နတ်ဘုရားစွမ်းရည်ဖြစ်ကြောင်း ကောင်းကောင်းသိ၏။
မကြာသေးမီက လူအတော်များများသည် ဖန်ဝေက ဖန်မုဖြစ်ကြောင်း ထင်ကြေးပေးခဲ့ကြ၏။ ဖန်ဝေသည် ထိုကောလဟာလများအား ချောလဲရောထိုင်၍ မဖြေရှင်းခဲ့ပေ။ သူက ဖန်မုဖြစ်ကြောင်း မဝန်ခံသလို၊ ငြင်းလည်း မငြင်းခဲ့ရာ အတော်များများအား သူက ... အမှန်စင်စစ် ဖန်မုဖြစ်သည်ဟု ကောက်ချက်ချမိလိုက်စေသည်။
ဤအခိုက်အတန့်တွင်မှ ဖန်ဝေသည် သူ့ကိုယ်သူ လူရွှင်တော်ကြီးတစ်ဦးလို ဖြစ်စေခဲ့မိကြောင်း ခါးသီးစွာဖြင့် နားလည်လိုက်တော့၏။ ဖန်မုအစစ်ကား ... မန်ဟိုပင်။
သူ့မှာ ၎င်းကို မယုံနိုင်သည့်အပြင် သူတစ်ယောက်တည်းမဟုတ်။ ဖန်မျိုးနွယ်ဝင်များမှာ တံတားကို လှမ်းကြည့်ရင်း ချာချာလည်နေကြသည်။
"ဖန် ... ဖန်မုများလား"
"ငါ အဲဒီတံတားကို မြင်ခဲ့ဖူးတယ်။ တာအိုဆရာအစည်းအရုံးသုံးခုရဲ့ နတ်မီးလျှံစမ်းသပ်ပွဲမှာ ပထမနေရာအနိုင်ရသွားတဲ့ ဖန်မုက အဲဒါကို နတ်ဘုရားစွမ်းရည်အဖြစ် ဖန်တီးခဲ့တာ"
"ဒါက ... မဟုတ်မှ ... ဖန်ဟိုက ဖန်မုလား" မျိုးနွယ်စုတစ်စုလုံး တုန်လှုပ်သွားကြသည်။ ဖန်ယွင်ရီသည် လူကြားထဲတွင် ရပ်နေပြီး အမြင်အာရုံတို့ မှောင်မိုက်သွားတော့သည်။ ကမ္ဘာကြီးမှာ ချာချာလည်သွားသည့်အလားပင်။ သူ့မှာ ဖန်မုက ... မန်ဟိုဖြစ်ကြောင်း မယုံနိုင်သေးပေ။
ဖန်ရှုံ့ရှန်း၏စိတ်ထဲတွင် ထစ်ချုန်းသံကြီး ပြည့်နှက်သွားပြီး ကောင်းကင်ထက်ရှိ ပါရာဂွန်တံတားကို ကြည့်နေစဉ် သူ့မျက်နှာမှာ ဖြူဆုပ်လျက်ရှိသည်။ အတိတ်တုန်းက တာအိုဆရာအစည်းအရုံးသုံးခု၏ နတ်မီးလျှံစမ်းသပ်ပွဲမှ ဖန်မုသည် ဖန်မျိုးနွယ်ဝင်တစ်ယောက်ဖြစ်နိုင်ကြောင်း သူ သံသယဝင်ခဲ့ဖူး၏။ သို့သော် ဖန်မျိုးနွယ်စုတွင် သူ့မျိုးဆက်၏ နံပါတ်တစ်ရွေးချယ်ခံဖြစ်သော သူ့သားအား ကျော်တက်နိုင်မည့်သူမရှိသဖြင့် ထိုအတွေးအား ခေါင်းထဲမှ ထုတ်ခဲ့လေသည်။
ယခု မန်ဟိုက တစ်လျှောက်လုံး ဖန်မုဖြစ်နေခဲ့ကြောင်း သဘောပေါက်လိုက်သောအခါ သူ့တစ်ကမ္ဘာကြီးတစ်ခုလုံး ပြောင်းပြန်လည်သွားသည့်အလား ခံစားလိုက်ရ၏။
ဖန်ဝေ့အဘိုးကတော့ ခါးသက်စွာ ပြုံးသည်။
တိုက်ရိုက်သွေးဆက်များမှာမူ အတိုင်းထက်အလွန် စိတ်လှုပ်ရှားနေကြ၏။ ဖန်ရွှီဖြစ်စေ၊ မန်ဟို၏ ဦးလေးဆယ့်ကိုးဖြစ်စေ ဤကိစ္စကို ယုံကြည်ရန် ခက်နေကြသည်။ သူတို့သည် နတ်မီးလျှံစမ်းသပ်ပွဲအတောအတွင်းတုန်းက ဖန်မုကို ကြည့်ရှုခဲ့ဖူးကြ၍ ယခု မန်ဟိုက.... ဖန်မုဖြစ်နိုင်သည့် တစ်ယောက်တည်းသောလူဆိုသည်ကို သဘောပေါက်လိုက်သောအခါ ပင့်သက်ရှိုက်သွားကြလေသည်။
"သူက တကယ်ပဲ ... ဖန်မုလား"
မဟာအကြီးအကဲမှာ ရင်တဒိန်းဒိန်း ခုန်လာသည်။ သူသည် ဖန်မုဆိုသော နာမည်နှင့် အတိုင်းထက်အလွန် ရင်းနှီး၏။
အရှေ့အောင်ပွဲဂြိုဟ်တစ်ဂြိုဟ်လုံး ပါရာဂွန်တံတား၏ ပေါ်ပေါက်လာမှုကြောင့် တုန်လှုပ်ကုန်ကြသည်။ ဖန်မုကို တွေးလာမိသူများ တစတစ များပြားလာ၏။ သို့သော် ပါရာဂွန်တံတားသည် ဖန်မု ဖန်တီးထားသော နတ်ဘုရားစွမ်းရည်တစ်ခု ၊ အခြားမည်သူမှ ဒုတိယအကြိမ် ဖန်တီးနိုင်မည်မဟုတ်သော နတ်ဘုရားစွမ်းရည်တစ်ခုဖြစ်သည်။
"မန်ဟို၊ ဖန်ဟို၊ ဖန်မု ... သူက တကယ် ဖန်မုပဲ"
ဤအခိုက်အတန့်တွင် နဝမတောင်ပင်လယ်၏ ဂိုဏ်းများနှင့်မျိုးနွယ်စုများမှ ကျင့်ကြံသူအားလုံးမှာ ချာချာလည် မူးဝေလျက် တအံ့တဩ ကြည့်နေကြလေပြီ။
အမျိုးမျိုးသော ခေါင်းဆောင်ကြီးများလည်း စိတ်နှလုံးတုန်ရီသွားကြသည်။ အထူးသဖြင့် တာအိုဆရာအစည်းအရုံးသုံးခု၏ ခေါင်းဆောင်ကြီးများပင်။ ဖန်မုသည် တာအိုဆရာအစည်းအရုံးသုံးခု၏ နတ်မီးလျှံစမ်းသပ်ပွဲတွင် ပထမနေရာအနိုင်ရသွားသူဖြစ်၏။ ကျောက်ရီဖန်းကို အနိုင်ယူပြီးနောက်တွင် သူ့မှာ အင်မော်တယ်အပျက်အစီးများနယ်ထဲ၌ ပျောက်သွားခဲ့သည်။ သူတို့အားလုံး သူ သေသွားပြီဟု ယူဆထားခဲ့သော်ငြား ယခု ဤနေရာတွင် သူကား ဖန်မျိုးနွယ်စု၏ ရွေးချယ်ခံတစ်ဦးအနေဖြင့် ပြန်ပေါ်လာခဲ့ချေပြီ။
လောလောလတ်လတ်ကမှ အစစ်အမှန်အင်မော်တယ်အဆင့်သို့ တက်လှမ်းခဲ့သော ကျန်ရွေးချယ်ခံများမှာလည်း ကမ္ဘာကြီးတစ်ခုလုံး ဇောက်ထိုးမိုးမျှော် ဖြစ်သွားသည့်အလား ခံစားလိုက်ကြရသည်။
"သူက ဖန်မုဆိုတာ ငါ ခန့်မှန်းနိုင်ခဲ့သင့်တယ်" ထိုက်ယန်ကျစ်က ရေရွတ်လိုက်သည်။ စုန့်လော့တန်က တိတ်ဆိတ်စွာ ရပ်နေပြီး ဝမ်မုကတော့ အံကြိတ်နေသည်။
အကုန်လုံး ခြွင်းချက်မရှိ မှင်သက်နေကြသည်။
မန်ဟိုက အရှေ့အောင်ပွဲဂြိုဟ်အပေါ်တွင် ပျံဝဲနေသည်။ သူ၏ဆံပင်ရှည်ရှည်များက ပျံ့လွင့်လျက် ရှိပြီး သူသည် အသက်ပြင်းပြင်းရှူသွင်းလိုက်၏။ ဤအခိုက်အတန့်တွင် သူက ဖန်မုဖြစ်ကြောင်း ဖော်ထုတ်ပြလိုက်၍ နဝမတောင်ပင်လယ်တစ်ခုလုံး သေချာပေါက် အုတ်အော်သောင်းနင်းဖြစ်သွားမည်ကို သူ သိသည်။ သို့သော် ဂရုမစိုက်ပေ။
"ဟုတ်တယ် ငါက ဖန်မုပဲ" သူက အင်မော်တယ်နန်းတော်တစ်သိန်းကို လွှမ်းမိုးလျက် အင်မော်တယ်တံခါးဆီသို့ ဆန့်တန်းနေသော ပါရာဂွန်တံတားကို ကြည့်လိုက်သည်။
တံတား၏အောက်ရှိ အင်မော်တယ်နန်းတော်များမှာ တံတားမှ ထုတ်လွှတ်နေသော ပါရာဂွန်အရှိန်အဝါ၏ ဖိအားကို မခံနိုင်သည့်အလား တုန်ခါလာကြ၏။
မန်ဟို၏မျက်လုံးများက တဖျပ်ဖျပ် လက်သွားပြီး သူ၏တိုက်ခိုက်လိုစိတ်တို့ ဆူပွက်လာသည်။ သူသည် အင်မော်တယ်တံခါးကိုသာ မမှိတ်မသုန် ရှေးရှုလျက် ရှေ့သို့ တိုးကာ ပါရာဂွန်တံတားအပေါ် ခြေချလိုက်၏။
သူ၏ပထမဆုံးခြေလှမ်းက နားကွဲလုမတတ် ကျယ်လောင်သော မိုးထစ်ချုန်းသံကြီးများအား အရှေ့အောင်ပွဲဂြိုဟ်တစ်ခွင် ပျံ့နှံ့သွားစေသည်။ အသံများ ကြယ်တာရာကောင်းကင်တွင် ပဲ့တင်ထပ်သွားသည့်အခါတွင်မူ အင်မော်တယ်နန်းတော်တစ်သောင်းမှာ ချက်ချင်း စိစိညက်ညက် ကြေမွသွားတော့သည်။
၎င်းတို့မှာ ကြယ်များအကြား အမှုန်အမွှားများအဖြစ် ပြန့်ကြဲပြီး လွင့်စင်ပျောက်ကွယ်သွားတော့၏ ....
ပါရာဂွန်တံတားအပေါ် နင်းလိုက်သော ခြေတစ်လှမ်းက နန်းတော်တစ်သောင်းကို ဖျက်စီးပစ်လိုက်သည်။
၎င်းသည် ခြေလှမ်းလေးတစ်လှမ်းသာ ဖြစ်သော်လည်း စောင့်ကြည့်နေသော မည်သူမဆိုမှာ မန်ဟို ကြယ်စင်တာရာများဆီသို့ လျှောက်လှမ်းလိုက်သကဲ့သို့ ခံစားလိုက်ရ၏။ အင်မော်တယ်နန်းတော်တစ်သောင်း ဖျက်စီးခံလိုက်ရသဖြင့် လှိုင်းများက အရပ်လေးမျက်နှာသို့ ဖြာရိုက်ရင်း ကျင့်ကြံသူအားလုံးအား တုန်လှုပ်သွားစေသည်။
ပါရာဂွန်တစ်ဦး၏ စိတ်ဆန္ဒ၊ တံတားမှ ဖိအားက အင်မော်တယ်နန်းတော်များကို နင်းချေလိုက်သည့်အတွက် မိုးနှင့်မြေသည် သိမ့်သိမ့်လှုပ်ခါသွားတော့သည်။ သို့စေကာမူ မန်ဟိုလည်း တန်ပြန်ရိုက်ခတ်မှုကို ခံလိုက်ရသေး၏။ သူ့အနေဖြင့် ပါရာဂွန်တံတားကို အသုံးပြုနိုင်သော်လည်း ပေးဆပ်မှုကတော့ ကြီးမားပေသည်။ သူက သွေးတစ်လုပ်အန်လိုက်သော်လည်း ဒုတိယခြေလှမ်းကို လှမ်းလိုက်စဉ် သူ၏အမူအရာမှာ ခိုင်မာပြတ်သားလျက်ရှိလေသည်။
ဒုတိယခြေလှမ်းက နောက်ထပ် အင်မော်တယ်နန်းတော်တစ်သောင်းကို စိစိညက်ညက် ကြေသွားစေသည်။ လေပြင်းတစ်ချက်က အမှုန်အမွှားများအား ကြယ်တာရာကောင်းကင်အတွင်း ပြန့်ကြဲသွားစေ၏။
မည်သူမှ ယခုလို အင်မော်တယ်ပြစ်ဒဏ်မျိုးကို မမြင်ခဲ့ဖူးပေ။ ကျန်ရွေးချယ်ခံအကုန်လုံး ကြုံတွေ့ခဲ့ရသော အင်မော်တယ်ပြစ်ဒဏ်များမှာ မန်ဟို ကျော်ဖြတ်နေရသည့်အရာနှင့်ယှဉ်လျှင် မပြောပလောကိတော့ပေ။
တစ်ချိန်တည်းမှာပင် မည်သူမှ ပြစ်ဒဏ်အား ယခုကဲ့သို့ မကျော်လွှားခဲ့ဖူးပေ။ မန်ဟိုက ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များကို အပြီးတိုင် ဖျက်စီး၍ အင်မော်တယ်နန်းတော်များကို ခြေလှမ်းလျှင် တစ်ကြိမ်စီ ဖျက်စီးပစ်နေသည်။ ဤအခိုက်အတန့်တွင် လူတိုင်းသည် မန်ဟို၏ တဖွေးဖွေးလှုပ်နေသော စွမ်းအားကို မျက်မြင်တွေ့နေရလေပြီ။
သူ တတိယ ခြေလှမ်းအား လှမ်းလိုက်သောအခါ သူ့အရှိန်အဝါသည် တစ်ဖန် ဖြာထွက်လာပြန်၏။ သူကား ကောင်းကင်နှင့်မြေကြီးအလုံးစုံတွင် တစ်ခုတည်းသော ဖြစ်တည်မှုအလား ၊ အမည်းနှင့်အဖြူကြားက ရောင်စုံအလင်းစက်လေးအလားပင်။ တစ်ဆက်တည်းမှာပင် ပါရာဂွန်တံတားမှ တန်ပြန်ရိုက်ခတ်မှုက အားကောင်းလာသည်။ သွေးများ သူ့ပါးစပ်မှ ပန်းထွက်လာရာ သူ ဖြတ်သွားနေစဉ် တံတားအား အနီရောင်သွေးတို့ စွန်းထင်းနေစေတော့၏။
သို့ထိတိုင် သူက တခဏလေးပင် မရပ်ပေ။ သူသည် ကျင့်ကြံခြင်းအခြေခံ တုန်ခါနေခြင်းနှင့် တန်ပြန်ရိုက်ခတ်မှုကို သည်းခံ၍ အားတင်းလိုက်သည်။ ထို့နောက် လေးလှမ်းမြောက်၊ ငါးလှမ်းမြောက်၊ ခြောက်လှမ်းမြောက်။
ပါရာဂွန်တံတားတွင် အပိုင်းဆယ်ပိုင်းသာ ရှိသည်။
မန်ဟို ခြေတစ်လှမ်းလှမ်းလိုက်တိုင်း အင်မော်တယ်နန်းတော်တစ်သောင်းစီ ဖျက်စီးခံကြရသည်။
သူက ခြေလှမ်းခြောက်လှမ်း လှမ်းလိုက်ပြီး စွမ်းအင်များ တရိပ်ရိပ် ထိုးတက်နေသည်။ ပါရာဂွန်တံတားသည် အနန္တအလင်းရောင်တို့ဖြင့် တောက်ပနေသလို၊ မန်ဟိုလည်း ထိုနည်းတူပင်။
***