← Chapters

ကောင်းကင်ဘုံအင်ပါယာ၏ ယုံကြည်မှု

Vol. 148 Ch. 2044

ကောင်းကင်ဘုံအင်ပါယာ၏ ယုံကြည်မှု

Vol. 148 Ch. 2044

“ဒီတော့ ဒါက သူ့အစီအစဉ်ပေါ့။ သူ အစောပိုင်းတုန်းက ငါ့ကို ကောင်းကင်ဘုံဘိုးဘေးရဲ့ ကျင့်ကြံမှုအမွေအနှစ်ကို ဆက်ခံစေပြီး ဒုတိယမြောက် ကောင်းကင်ဘုံဘိုးဘေး ဖြစ်လာစေချင်တာဟာ သူ့ကလန်တစ်ခုလုံးရဲ့ ချိပ်ပိတ်မှုကို ပြေလျှော့ဖို့အတွက်ပဲကို…”

“အစတည်းက ငါ ဒါကို မယုံကြည်ခဲ့ဘူး။ ဒါ့ကြောင့်လည်း ငါ ညာမျက်လုံးရဲ့ စုပ်ယူခြင်း ခံရတဲ့အချိန်မှာ မခုခံခဲ့တာပဲ။ ငါဟာ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ထဲမှာ ငါ့စိတ်ဝိညာဉ်ကို ကွယ်ဝှက်ထားခဲ့ပြီး သူ့အစီအစဉ်ကို သိရဖို့အတွက် စိတ်ဝိညာဉ်အတု တစ်ခု လုပ်ခဲ့ပြီး သူ့ကို အရူးလုပ်ခဲ့တာပဲ…”

“ဒီတော့ အဲ့အစီအစဉ်က ခုလိုပေါ့…”  ဝမ်လင်းသည် ဒီအခြင်းအရာများအားလုံးကို စောင့်ကြည့်နေပြီး သူ၏ခန္ဓာကိုယ်ကို သိမ်းပိုက်ထားသော အင်ပါယာဆရာသခင်အား လေးစားမိလေ၏။

“သူက ငါ့ခန္ဓာကိုယ်ကို ကောင်းကင်ဘုံဘိုးဘေးရဲ့ အမွေအနှစ်အချို့ကို ရရှိစေခွင့် ပြုခဲ့ပြီး အဲ့ဒီနောက် အရူးနဲ့ငါဟာ ကောင်းကင်ဘုံဘိုးဘေးရဲ့ မျက်လုံးတွေ ဖြစ်လာကြတယ်။ အဲ့ဒီအခါ ကောင်းကင်ဘုံဘိုးဘေးရဲ့ ဦးခေါင်းဟာ အသက်ဓာတ် ရလာလိမ့်မယ်။ ဆက်ပြီး သေဆုံးတော့မှာ မဟုတ်ဘူး။ ဒီစွမ်းအားဟာ ကောင်းကင်ဘုံဘိုးဘေး ပိုင်ဆိုင်တာပဲ။ အဲ့ဒီနောက် ညာမျက်လုံးအတွင်းမှာ သူဟာ အမည်မသိမန္တာန်အချို့ကို အသုံးပြုပြီး ကောင်းကင်ဘုံဘိုးဘေးကို စကားပြောလာအောင် လုပ်ဆောင်ခဲ့တယ်…”

“ဒီနည်းလမ်းနဲ့ သူဟာ သူ့ကလန်တစ်ခုလုံးပေါ်က ချိပ်ပိတ်မှုကို ပြည့်ပြည့်ဝဝ ဖြေလျှော့နိုင်လိမ့်မယ်။ အဲ့ဒီတော့ ဒီချိပ်ပိတ်မှုဟာ အတားအဆီးအမျိုးအစားတစ်ခုပဲ။ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ ဥပဒေသက သတ်မှတ်ထားတဲ့အရာလည်း ဟုတ်တယ်။ အမှန်တော့ ဒီချိပ်ပိတ်မှုကို ဖြေလျှော့တာဟာ ဥပဒေသကို လှည့်ဖြားတယ်လို့ ဆိုလိုတာပဲ…”

“တကယ်တော့ ဥပဒေသဟာ အသက်မဝင်တော့ဘူး။ ချမှတ်ထားတဲ့ စည်းမျဉ်းအတိုင်း လိုက်နာနေတာသာ ဖြစ်တယ်။ အင်ပါယာဆရာသခင်ရဲ့ နည်းလမ်းတွေနဲ့ဆို သူဟာ အမှန်တကယ် အောင်မြင်ကောင်း အောင်မြင်သွားနိုင်လောက်တယ်…”

ဝမ်လင်းသည် ချိပ်ပိတ်မှုကို ပြေလျှော့အောင် လုပ်ဖို့ ထိုသို့ ထူးခြားသည့်နည်းလမ်းကို လုံးဝပင် မတွေးခဲ့မိဖူးပေ။ ထိုသည်ကို မျက်မြင်တွေ့ရပြီးနောက် သူက အင်ပါယာဆရာသခင်၏ ဖြတ်ထိုးဉာဏ်ကို မလေးစားမိဘဲ မနေနိုင် ဖြစ်ရလေသည်။

“ဒါပေမဲ့လည်း ဒီလူဟာ အင်ပါယာဆရာသခင် အစစ်အမှန်ကော ဟုတ်ရဲ့လား…”

ဝမ်လင်းသည် စဉ်းစားနေလျက် ကောင်းကင်ဘုံဘိုးဘေး၏ ဦးခေါင်းသည် အပြီးသပ်စကားကို ဆိုတော့ပေမည်။

“ကလန်…။ အားလုံး…ကလန်…ချိပ်ပိတ်မှု…”  ကောင်းကင်ဘုံဘိုးဘေး၏ မျက်လုံးသည် တောက်ပလာကာ ၎င်း၏ပါးစပ်မှာလည်း အသက်ဝင်လာသလိုမျိုး လှုပ်ရှားလာသည်။ ထိုအသံက အင်ပါယာဆရာသခင်၏ အသံပင်။ သူက နောက်ဆုံးစကားကို ပြောတော့မည့် အခိုက်လေးတွင် တုန်လှုပ်ဖွယ်ပြောင်းလဲမှုတစ်ခု ဖြစ်ပွားလာချေသည်။

ကောင်းကင်ထက်ရှိ တွင်းနက်ထဲမှ ရယ်မောသံတစ်သံ ထွက်ပေါ်လာသည်။ ယင်းတွင်းပေါက်မှ ရွှေရောင်သွေးစက်တစ်စက် ကျဆင်းလာ၏။ ကောင်းကင်ဘုံဘိုးဘေး၏ ဦးခေါင်းသည် နောက်ဆုံးစကားကို ပြောတော့မည့် အခိုက်တွင် ယင်းသွေးစက်က ထိုဦးခေါင်းပေါ်သို့ ကျရောက်သွားလေသည်။

ထိုသွေးစက် ကျရောက်သွားချိန်၌ ကောင်းကင်ဘုံဘိုးဘေး၏ ဦးခေါင်းသည် တုန်ယင်သွားကာ ရွှေရောင်သွေးသည် ပျံ့လွင့်လာသည့်အခါတွင် ထိုဦးခေါင်းတခုလုံးကို ဖုံးလွှမ်းလေသည်။ ယင်းရွှေရောင်သွေးက ဦးခေါင်း၏ ပါးစပ်ကို ဖုံးလွှမ်းချိန်၌ ထိုဦးခေါင်းမှ ထွက်ပေါ်လာသော နောက်ဆုံးစကားသည် ထွက်မလာတော့ပေ။

ဝမ်လင်း၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသော အင်ပါယာဆရာသခင်သည် ဒေါသတကြီး အော်ဟစ်လိုက်လေ၏။ သူက အလျင်စလို ထိုးထွက်လာ၏။ သို့ပေမည့် ယင်းရွှေရောင်သွေး၏ တားဆီးခြင်းကို ခံလိုက်ရသည်။

သည်အခိုက်တွင် ကောင်းကင်ဘုံဘိုးဘေး၏ ဦးခေါင်းမှာ အကြီးအကျယ် ပြောင်းလဲသွားကာ ရွှေရောင်လွှမ်းသွားသည်။

အင်ပါယာဆရာသခင်က အော်ဟစ်လိုက်သည်။ “လျန်တောက်ကျန်း…”

ကောင်းကင်ဘုံအင်ပါယာလျန်တောက်ကျန်း၏ ရယ်သံသည် ကောင်းကင်၌ ပဲ့တင်ထပ်ကာ သူသည် ကောင်းကင်ရှိ တွင်းပေါက်ထဲမှ လှမ်းထွက်လာတော့သည်။ ခြေတလှမ်းဖြင့် သူက ကောင်းကင်ဘုံဘိုးဘေး၏ ဦးခေါင်းပေါ်သို့ ခြေချလာသည်။

တချိန်တည်းမှာ မဟာအင်ပါယာကန်းနီက တွင်းပေါက်ကို ဖြတ်ကာ သူ့နောက်သို့ လိုက်လံလာ၏။ ထိုမိန်းကလေးငယ်နှစ်ယောက်၏ မျက်နှာများမှာ ဖြူရောပြီး အတော့်ကို အလေးအနက် ဖြစ်နေ၏။ သူတို့ ဝင်ရောက်လာသည့်အခါ ကောင်းကင်ဘုံဘိုးဘေး၏ ဦးခေါင်းကို တွေ့မြင်သည့်အခါ၌ သူတို့၏ မျက်လုံးသူငယ်အိမ်များ ကြုံ့သွားသည်။

“အင်ပါယာဆရာသခင်…မင်းရဲ့ အကြံအစည်က နက်နဲပါတယ်။ ငါဟာ တောက်ဖေကို ရှေးဘိုးဘေးမူလသို့ပြန်ခြင်းအတွက် အချိန်အကြာကြီး ပြင်ဆင်ခဲ့တာကိုလည်း မင်း သိထားခဲ့တယ်။ မန်တောက်ဟာ တောက်ဖေရဲ့ အောင်မြင်မှုကို နှစ်ဆတိုးအောင် ကူညီပေးဖို့အတွက် ငါ ပြင်ဆင်ခဲ့တဲ့သူဆိုတာကိုလည်း မင်း သိတယ်…”

မင်းအနေနဲ့ မန်တောက်ဟာ အမွေအနှစ်ရဲ့ နာကျင်မှုကို ခုခံဖို့ တည်ရှိတာဟာ သူ့ရဲ့ တာအိုက အဆုံးစွန်မာန ဖြစ်တဲ့အတွက်ကြောင့်လို့  ထင်မြင်တာမလား။ ငါ ဝမ်လင်းကို အသုံးချပြီး မန်တောက်ကို ရူးသွပ်သွားအောင် လုပ်ခဲ့တာ၊ ဒါမှ မန်တောက်က နာကျင်မှုကို ပိုခံနိုင်မှာလို့ မင်း ထင်ထားခဲ့တာပဲ။

“မင်းက ငါ ဒီနေရာကို ဝမ်လင်း ရောက်လာအောင် ဖြားယောင်းခဲ့တာကိုလည်း သိရှိခဲ့တယ်။ ငါ ဒီလို လုပ်ခဲ့တာဟာ မင်းကို ကျေနပ်စေခဲ့တယ်မလား။ မင်းရဲ့ အကြံအစည်ကို ငါ မသိအောင် လုပ်နိုင်မယ်လို့ မင်း တကယ် ထင်နေတာလား…”

ကောင်းကင်ဘုံအင်ပါယာက ပြုံးလိုက်၏။ သူ၏မျက်နှာထက်တွင် ဂုဏ်ယူမှုအငွေ့အသက် ရှိနေသည်။ သူ့မျက်လုံးတို့မှာ သူ၏အကြည့်အောက်၌ လောကရှိ မည်သည့်အရာမှ လွတ်မြောက်နိုင်မည် မဟုတ်သကဲ့သို့ ထင်ရစေသည်။

“အတိတ်တုန်းက မင်းဟာ ငါ့အနေနဲ့ ဝမ်လင်းကို သတ်စေချင်ခဲ့တယ်။ မင်းက တကယ်ပဲ ငါ့ကို နားလည်တယ်လို့ ထင်နေခဲ့တာလား။ မင်း သူ့ကို ပို သတ်စေချင်လေလေ ငါ ပိုပြီး သံသယ ရှိလေပဲ။ ဝမ်လင်းဟာ ဒီသိမ်းပိုက်ပိုင်စိုးခြင်းအတွက် မင်းရဲ့ စိတ်ကူးပစ်မှတ် ဖြစ်နေတာကို ငါ တကယ်ပဲ မသိဘူးလို့ မင်း ထင်လား…”

“ဒါပေမဲ့ ငါ ဝမ်လင်းကို မသတ်ခဲ့ဘူး။ အဲ့အစား မင်းအတွက် သူ့ကို ပြင်ဆင်ပေးခဲ့တယ်…” ကောင်းကင်ဘုံအင်ပါယာက ပြုံး၍ ကောင်းကင်ဘုံဘိုးဘေး၏ ဦးခေါင်းကို ငုံ့ကြည့်လိုက်၏။ သူ၏စကားလုံးတို့တွင် ယုံကြည်မှု ပြည့်နေပေသည်။

“ငါက အရာအားလုံးကို ထိန်းချုပ်နိုင်တဲ့အတွက်ကြောင့် ငါ့အနေနဲ့ မင်းဆန္ဒရှိသလို ဝမ်လင်းကို ရှေးဘိုးဘေးမြို့နဲ့ နန်းတော်ရှိ ရောက်လာအောင် လုပ်ပေးခဲ့တာ ဖြစ်တယ်…”

“မင်းက မန်တောက်ရဲ့ အမွေအနှစ်ကို ဝမ်လင်းရှိ လွှဲပြောင်းပေးချင်ခဲ့တယ်။ သူ့ရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်ချင်ခဲ့တယ်။ ဒါ့ကြောင့် မင်းက သူ့ကို ကောင်းကင်ဘုံဘိုးဘေးရဲ့ ညာမျက်လုံး ဖြစ်လာအောင် ဖြားယောင်းခဲ့တာပဲ…”

“မင်းက ဝမ်လင်းဟာ တောက်ဖေကို ကူညီဖို့ မဟာအင်ပါယာကန်းနီရဲ့ အကူအညီကို တောင်းပြီး ငါ့ကို ဟန့်တား နှောက်ယှက်စေလိမ့်မယ်ဆိုတာကိုပါ ရှေ့ဖြစ်ကြည့်ထားခဲ့သေးတယ်။ ပြီးတော့ မင်းက ရှေးမူလသို့ပြန်ခြင်းအတွက် တောက်ဖေကို အသုံးပြုမယ့် ငါ့အခွင့်အရေးကိုပါ ယူပြီး သူ့ကို ဘယ်မျက်လုံးအဖြစ် ပြောင်းလဲစေခဲ့သေးတာပဲ…”

“အဲ့ဒီနောက် မင်းက မင်းတို့ တောက်ဝမ်ကလန်ရဲ့ အထူးမန္တာန်ကို အသုံးပြုပြီး မင်းတို့ကလန်ရဲ့ ချိပ်ပိတ်မှုကို ဖြေလျှော့ဖို့ ကောင်းကင်ဘုံဘိုးဘေးကို စကားဆိုလာအောင် လုပ်ခဲ့တယ်။ မင်းအနေနဲ့ ဒါတွေအားလုံးကို ငါ မသိဘူးလို့များ ထင်နေခဲ့တာလား…”

ကောင်းကင်ဘုံအင်ပါယာက ရယ်မောကာ ဆို၏။

မဟာအင်ပါယာကန်းနီးသည် အလေးအနက်အသွင်ဖြင့် ရှိနေပြီး အလျင်စလို မလုပ်ဆောင်ပေ။ သူတို့က ကောင်းကင်ဘုံဘိုးဘေး၏ ဦးခေါင်းကိုသာ စိုက်ကြည့်နေသည်။ ထိုမိန်းကလေးငယ်နှစ်ယောက်(ဝါ) မဟာအင်ပါယာကန်းနီ၏ စိတ်နှလုံးထဲတွင် ဖြစ်တောင့်ဖြစ်ခဲ ထိတ်လန့်မှု ပေါ်လာသည်။

ကောင်းကင်ဘုံဘိုးဘေး၏ ညာမျက်လုံးအတွင်း၌ ဝမ်လင်း၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ထားသော အင်ပါယာဆရာသခင်သည် သေလောက်အောင် ဖြူရောနေသည်။ သူသည် ကောင်းကင်ဘုံအင်ပါယာ၏ လက်ထဲ၌ အရာအားလုံး ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။

သို့သော် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့အတွင်း၌ ပုန်းကွယ်နေသော ဝမ်လင်းကမူ တည်ငြိမ်စွာ ရှိနေသည်။ သူသာ အလိုရှိပါက သူ့ခန္ဓာကိုယ်ကို အချိန်မရွေး ပြန်သိမ်းပိုက်နိုင်ပေသည်။ သို့သော် သူက ထိုသို့ မလုပ်သေးပေ။

“ဒီကိစ္စဟာ မရိုးရှင်းနိုင်ဘူး။ ဒိလူဟာ အင်ပါယာဆရာသခင် ဖြစ်လောက်တယ်။ ဒါပေမဲ့ သူသာ အင်ပါယာဆရာသခင် အမှန်တကယ် မဟုတ်ခဲ့ရင်ကော…။ သူသာ မဟုတ်ခဲ့ရင် ဒီကိစ္စဟာ ဘယ်လို အလှည့်အပြောင်း ဖြစ်သွားလိမ့်မလဲ။ ဒါက အတော့်ကို စိတ်ဝင်စားစရာပဲ…”

ဝမ်လင်း၏ စိတ်ဝိညာဉ်မှာ ပုန်းကွယ်နေကာ သူက အလျင်စလို မလှုပ်ရှားပေ။ သူသည် ဆက်၍ စောင့်ကြည့်နေသည်။

ကောင်းကင်ဘုံအင်ပါယာသည် ကောင်းကင်ဘုံဘိုးဘေး၏ဦးခေါင်းအထက်တွင် ဂုဏ်ဝင့်စွာ ပြောင်းနေသည်။

“အင်ပါယာဆရာသခင်…ကျုပ်အနေနဲ့ သင့်ရဲ့ အစီအစဉ်အားလုံးကို ဖြတ်မြင်ပြီးပြီ။ ဒါပေမဲ့ ကျုပ်အစီအစဉ်တွေကိုကော သင် ဘယ်လောက်များ မြင်နိုင်ခဲ့လဲ…”

“မင်းအနေနဲ့ တောက်ဖေကို ကောင်းကင်ဘုံဘိုးဘေးရဲ့ အမွေအနှစ်ကို ရရှိသွားဖို့ ခွင့်ပြုပေးမယ်လို့ တကယ်ပဲ ထင်နေတာလား…”

“မင်းအနေနဲ့ ဝမ်လင်းကို ဒီမြေအောက်နန်းတော်ရှိ ငါ ရောက်လာစေချင်ခဲ့တာဟာ မန်တောက်ကို နောက်ထပ် နည်းနည်း တောင့်ခံနိုင်ဖို့အတွက်လို့ တကယ် ထင်နေတာလား…”

“ငါ ဒီကနေ့ မင်း မှားတယ်လို့ ပြောမယ်။ မင်းရဲ့ ထင်မြင်ယူဆချက်အားလုံးဟာ လုံးဝ မှားတယ်။ ဒီလောကထဲမှာ ဘယ်သူကမျှ ငါ့အစီအစဉ်ကို မဖြတ်နိုင်ကြဘူး။ မင်းလည်း မမြင်နိုင်ဘူး။ ဝမ်လင်းလည်း မမြင်နိုင်ဘူး။ မဟာအင်ပါယာတွေလည်း မမြင်နိုင်ကြဘူး…”

“ငါ့အစီအစဉ်ဟာ ကောင်းကင်ဘုံဘိုးဘေးရဲ့ ဦးခေါင်းပဲ။ ဒီဦးခေါင်းဟာ နှစ်ပေါင်းများစွာ အသက်မဲ့နေခဲ့ပြီ။ ပြန် မရှင်သန်နိုင်တော့ဘူး။ ဒါက ကောင်းကင်ဘုံကလန်ရဲ့ စိတ်ဝိညာဉ်ခုနစ်ဆယ့်နှစ်ခုကို ဖိနှိပ်ဖို့အတွက် တောင်တန်းတစ်ခု ဖြစ်လာနိုင်ရုံပဲ…”

“ဒါပေမဲ့….ဒါဟာ ကောင်းကင်ဘုံဘိုးဘေးရဲ့ ရတနာပဲ။ ဒါက ကောင်းကင်ဘုံဘိုးဘေးရဲ့ ပြီးပြည့်စုံတဲ့ ကျင့်ကြံမှုကို အန္တရာယ်ကင်းကင်း ရရှိဖို့လည်း ခွင့်ပြုပေးနိုင်တယ်…”

“ငါက ဒါကို အမွေဆက်ခံမှာ မဟုတ်ဘဲ ရရှိပိုင်ဆိုင်နိုင်လိမ့်မယ်…”

“ဒါပေမဲ့လည်း ကောင်းကင်ဘုံဘိုးဘေးဟာ သေဆုံးသွားခဲ့ပြီ။ သူ့ခန္ဓာကိုယ်ဟာ တစုံတစ်ယောက်ကြောင့် အစိတ်စိတ်အပိုင်းပိုင်း ဖြစ်ခဲ့ပြီ။ သူ့ကို ဘယ်သူသတ်ခဲ့လဲဆိုတာကိုတော့ မသိရဘူး။ ခုချိန်ထိ သူ့ဦးခေါင်းကိုသာ ရှာတွေ့ခဲ့တယ်။ အသက်ကင်းမဲ့နေတဲ့ ဦးခေါင်းတစ်ခု…”

“ငါ အချိန်အကြာကြီး စဉ်းစားခဲ့ဖူးတယ်။ ဒီဦးခေါင်းကို နိုးထသက်ဝင်အောင် မလုပ်နိုင်ဘူး။ ဒါပေမဲ့ မင်းရှိမှာ ငါဟာ မျှော်လင့်ချက်အရိပ်အယောင်တစ်ခုကို ရှာတွေ့ခဲ့တယ်။ ဒီလိုနဲ့ မင်းဟာ ကောင်းကင်ဘုံဘိုးဘေးရဲ့ ဦးခေါင်း စကားပြောလာအောင် လုပ်နိုင်တဲ့ နည်းလမ်းကို ရှာတွေ့ခဲ့တာပဲ…”

“သိပ်ကောင်းတယ်။ မင်း ကောင်းကောင်း လုပ်ခဲ့တာပဲ…”  ကောင်းကင်ဘုံဘိုးဘေးက ရယ်မောကာ သူက သူ့ညာခြေထောက်ကို ပင့်မြှောက်သည်။ ထို့နောက်တွင် သူသည် ကောင်းကင်ဘုံဘိုးဘေး၏ ဦးခေါင်းပေါ်သို့ စောင့်နင်းချလိုက်သည်။ ရွှေရောင်အလင်းက ကောင်းကင်ဘုံအင်ပါယာကို ခြုံလွှမ်းလာသည်။

“ဒီလိုဆိုရင်လည်း ငါဟာ အသန်မာဆုံး မဟာအင်ပါယာကန်းနီပဲ။ သင့်အနေနဲ့ ဒီအင်ပါယာနဲ့ ထပ်ပြီး တိုက်ခိုက်ရဲလား…”  ကောင်းကင်ဘုံအင်ပါယာက ယုံကြည်မှုအပြည့်ဖြင့် မော့ကြည့်လာ၏။ သူသည် ကန်းနီထံ တိုးဝင်လာ၏။

မိန်းကလေးငယ်နှစ်ယောက်(ဝါ) မဟာအင်ပါယာကန်းနီက အံတင်းတင်းကြိတ်၏။ သူတို့နောက်တွင် ခရမ်းရောင်နေတစင်း ပေါ်လာသည်။ ထိုနေမင်းသည် ခရမ်းရောင်အလင်းကို ထုတ်လွှတ်ကာ ယင်းက ခရမ်းရောင်ဓားနှစ်လက်အဖြစ် ဖွဲ့စည်းပြီး ကောင်းကင်ဘုံအင်ပါယာထံ ပျံသန်းဝင်လာသည်။

ထိုဓားနှစ်လက်သည် အတူတကွ ပေါင်းစပ်ကာ ချက်ခြင်း နီးကပ်လာသည်။ ကောင်းကင်ဘုံအင်ပါယာက သူ့ညာလက်ကို ဝေ့ယမ်း၏။ သူ၏မျက်လုံးက တောက်ပလာသည်။ ကြောက်မက်ဖွယ်ရွှေရောင်အလင်း ထွန်းလင်းလာ၏။

ထိုခရမ်းရောင်ဓားက ယင်းရွှေရောင်အလင်းနှင့် ထိပ်တိုက်တွေ့ချိန်တွင် ရုတ်တရက် ပျက်စီးသွားသည်။ ထိုအစိတ်အပိုင်းများက လှိုင်းဂယက်များကို ထစေကာ မဟာအင်ပါယာကန်းနီကို နောက်ဆုတ်သွားစေသည်။

ကောင်းကင်ဘုံအင်ပါယာက ပြုံး၏။ ကောင်းကင်ဘုံဘိုးဘေး၏ ဦးခေါင်းက တောက်ပလာရင်း သူ့ညာလက်ကို လေဟာနယ်ထဲ ဆန့်ထုတ်သည်။ သူ့လက်တွင် ရွှေရောင်ငှက် ပေါ်လာ၏။

သူက သူ့လက်ကို ပစ်လွှတ်၏။ ထိုငှက်က တောင်ပံခတ်ကာ မဟာအင်ပါယာကန်းနီထံ ပျံသန်းဝင်လာတော့သည်။

မဟာအင်ပါယာကန်းနီက နောက်ဆုတ်၏။ ထိုမိန်းကလေးငယ်နှစ်ယောက်သည် အလေးအနက် ဖြစ်လာသည်။ တုံ့နှေးမနေဘဲ သူတို့က ပျံသန်းတက်ကာ ခရမ်းရောင်နေမင်းနှင့် ပေါင်းစည်းသည်။ သူတို့၏ခန္ဓာကိုယ်တို့မှာ အခိုးအငွေ့ကဲ့သို့ ဖြစ်လာကာ အသက်နှစ်ဆယ်ဝန်းကျင်ခန့် မိန်းမလှတစ်ဦးအဖြစ်သို့ ပြောင်းလဲသည်။

ထိုအမျိုးသမီးက ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူမက ကျောက်စိမ်းကဲ့သို့ သူမလက်ကို ပင့်မြှောက်ရာ လောကသည် ခရမ်းရောင် ဖြစ်လာသည်။

“ဝမ်လင်းကို ငါ့ရှိ ပြန်ပေး။ ငါ ချက်ခြင်း ထွက်သွားမယ်။ ငါ ဒီကိစ္စမှာ ပါဝင်တော့မှာ မဟုတ်ဘူး။ မဟုတ်ရင်တော့ ငါ့ခရမ်းရောင်ကလန်ဟာ ရှေးဘိုးဘေးမြို့အပေါ် သက်ဆင်းလာရလိမ့်မယ်…”

ခရမ်းရောင်သည် ဒီတားမြစ်နန်းတော်၌ ပြည့်နှက်လာသည်။ အထက်ရှိ နန်းတော်တွင်ပင် ခရမ်းရောင် ဖြစ်လာ၏။ ကောင်းကင်သည်ပင် ချက်ခြင်း ထိုခရမ်းရောင်အလင်းနှင့် ပြည့်ဖုံးသွားသည်။ ထိုခရမ်းရောင်အလင်းက မြေပြင်တလက်မချင်းစီထိ ထွေးခြုံလာကာ ရှေးဘိုးဘေးမြို့တခုလုံးကိုပါ လွှမ်းခြုံသွားတော့သည်။

တချိန်တည်းမှာ ရှေးဘိုးဘေးမြို့၏ အထက်ကောင်းကင်တွင် သည်မြို့၏ တဝက်လောက်ရှိသော ခရမ်းရောင်ဥက္ကာပျံတစ်စင်း ပေါ်လာချေ၏။ ၎င်းထံမှ တုန်လှုပ်ဖွယ်ဖိအားကို ပေးစွမ်းကာ ရှေးဘိုးဘေးမြို့အပေါ်သို့ သက်ဆင်းလာသည်။ မြေပြင်ထက်တွင် မရေမတွက်နိုင်သော အက်ကြောင်းများ ပေါ်လာ၏။ ကျင့်ကြံသူအားလုံးက နည်းအမျိုးမျိုးဖြင့် မြို့ထဲမှ ထွက်ပြေးကြရတော့သည်။

ကောင်းကင်ဘုံအင်ပါယာ၏ မျက်လုံးက ကျဉ်းမြောင်းသွားသည်။ သူသည် မိန်းကလေးငယ်နှစ်ယောက် ပေါင်းစည်းထားသော မဟာအင်ပါယာကန်းနီကို စိုက်ကြည့်သည်။ သူ့အောက်ရှိ ဦးခေါင်းထက်မှ ရွှေရောင်အလင်းကလည်း ပိုအားကောင်းလာပြီး ခရမ်းရောင်အလင်းနှင့် ဆန့်ကျင်တိုက်ခိုက်သည်။ ထိုရွှေရောင်အလင်း၌ ကောင်းကင်ဘုံဘိုးဘေး၏ စွမ်းအား ပါဝင်သည်။ ခရမ်းရောင်အလင်းသည် ရုန်းကန်ကာ တဖြည်းဖြည်း နောက်ဆုတ်ရလေ၏။

“ကောင်းကင်ဘုံဘိုးဘေးရဲ့ မျက်လုံး မဖွင့်လာသေးဘူး။ ငါသာ ဒါကို မထိန်းချုပ်နိုင်သေးဘူးဆို သင့်ရဲ့ အစွမ်းထက်ဆုံးဖြစ်တဲ့ ခရမ်းလင်းယုံကြည်မှုမန္တာန်ကို ရင်ဆိုင်တဲ့အချိန် နောက်တွန့်မိမှာပဲ။ ဒါပေမဲ့ အခုတော့ ဒါက မလုံလောက်တော့ဘူး…”

ကောင်းကင်ဘုံအင်ပါယာသည် ယုံကြည်မှု ပြည့်နေသည်။

သို့သော် ထိုအခိုက်တွင် ရှေးကျသောအသံတစ်သံသည် ဒီတားမြစ်နန်းတော်ထဲ၌  ပဲ့တင်ထပ်သည်။

“ဒီအဘိုးအိုပါ ဝင်ပါခဲ့ရင်ရော လုံလောက်ပြီလား…”  ထိုအသံ ပဲ့တင်ထပ်လာသည့်အခါ မဟာအင်ပါယာကျိုးသဲသည် ကောင်းကင်ထက်ရှိ တွင်းနက်ထဲမှ ခြေလှမ်းထွက်လာသည်။ သူ့နောက်တွင် ဖြူရောနေသောမျက်နှာဖြင့် အင်ပါယာအတုဟိုင်းဇီပါ လိုက်ပါလာသည်။

All Chapters