မဟာအင်ပါယာငါးယောက်
Vol. 148 Ch. 2045
မဟာအင်ပါယာကျိုးသဲ ရုတ်တရက် ထွက်ပေါ်လာခြင်းက ကောင်းကင်ဘုံအင်ပါယာကို အံ့အားမသင့်မိစေပေ။ သူသည် ကောင်းကင်ဘုံဘိုးဘေး၏ ဦးခေါင်းထက်တွင် ရပ်ကာ ကျိုးသဲ လှမ်းလျှောက်လာသည်ကို ယုံကြည်မှု ရှိစွာ ကြည့်နေသည်။
“ကျိုးသဲ…သင်လည်း တကယ် ရောက်လာခဲ့တာပဲ…” ကောင်းကင်ဘုံအင်ပါယာက ပြုံး၍ ဆို၏။
မဟာအင်ပါယာကျိုးသဲက ကောင်းကင်ဘုံအင်ပါယာကို စိုက်ကြည့်ကာ သူ့အမူအရာမှာ အလေးအနက် ဖြစ်နေ၏။ သူသည် ကောင်းကင်ဘုံဘိုးဘေး၏ဦးခေါင်းကို အာရုံစိုက်နေကာ ရှုပ်ထွေးဟန် အမူအရာ လှစ်ဟပေါ်သည်။
“ကောင်းကင်ဘုံဘိုးဘေးရဲ့ ဦးခေါင်း။ အတိတ်တုန်းက ဒီအဘိုးအိုဟာ ကောင်းကင်ဘုံဘိုးဘေးနောက်ကို လိုက်ခဲ့ဖူးတယ်။ ခုတော့ နှစ်ပေါင်း မရေမတွက်နိုင်တော့ဘူးပေါ့။ လျန်တောက်ကျန်း။ ဒီအဘိုးအိုဟာ ကောင်းကင်ဘုံအင်ပါယာမျိုးဆက် တော်တော်များများကို ကြုံဖူးတယ်။ ဒါပေမဲ့ မင်းကတော့ အလိုရမ္မက် အကြီးဆုံးလို့ ယူဆနိုင်တယ်…”
“အင်ပါယာဆရာသခင်ရဲ့ လိုအင်ဆန္ဒကို အသုံးပြုပြီး မင်းက ကောင်းကင်ဘုံဘိုးဘေးရဲ့ ဦးခေါင်းကို ထိန်းချုပ်နိုင်ခဲ့တယ်။ မင်းအနေနဲ့ ကောင်းကင်ဘုံဘိုးဘေးဦးခေါင်းကို မင်းရဲ့ ခန္ဓာကိုယ်ထဲ အပြည့်အဝ စုပ်ယူဖို့ လုံလောက်တဲ့အချိန်သာ ရခဲ့ရင် မင်းဟာ ငါတို့ ကောင်းကင်ဘုံကလန်မှာ နံပါတ်တစ် ဖြစ်လာနိုင်တယ်…”
“ဒါပေမဲ့ ခုတော့ မင်းမှာ အခွင့်အရေး မရှိသေးဘူး…” ကျိုးသဲ၏အသံက ရှေးကျ၏။ သူက ရှေ့သို့ ခြေလှမ်းသည်။ ထိုခြေလှမ်းမှုနှင့်အတူ မဟာအင်ပါယာကန်းနီ၏ ပေါင်းစည်းမှုဖြင့် ဖြစ်ပေါ်လာသော အမျိုးသမီးကလည်း ရုတ်တရက် ခရမ်းရောင်အလင်း ခြုံလွှမ်းကာ လျန်တောက်ကျန်းထံ ခြေလှမ်းလာသည်။
မဟာအင်ပါယာသုံးယောက်သည် ဒီတားမြစ်နန်းတော်တွင်း၌ တိုက်ပွဲ စတင်လေပြီ။
ကောင်းကင်ဘုံအင်ပါယာလျန်တောက်ကျန်းသည် ကျိုးသဲနှင့်ကန်းနီတို့ကို ရင်ဆိုင်ရချိန်၌ ယုံကြည်မှု ရှိနေဆဲပင်။ သူက သူ့ညာလက်ကို ပင့်မြှောက်ကာ သူ့အောက်ဘက်ရှိ ဦးခေါင်းထံ ဖိချသည်။ “အဆုံးစွန်ရှစ်ပါးတာအို၊ အဆုံးစွန်မီးတာအို…”
ကောင်းကင်ဘုံအင်ပါယာ၏ ခန္ဓာကိုယ်သည် ရွှေရောင်လွှမ်းနေ၏။ ထိုရွှေရောင်အလင်းသည် ကောင်းကင်ထက်ရှိ ခရမ်းရောင်အလင်းကို လွင့်ပြယ်နေစဉ်အတွင်း ဦးခေါင်းက ၎င်း၏ပါးစပ်ကို ဟလာကာ ကောင်းကင်ဘုံအင်ပါယာ၏ အသံကို ထုတ်လွှတ်သည်။
“အဆုံးစွန်…ရှစ်ပါး…တာအို။ အဆုံးစွန်….မီး…တာအို…”
သည်စကားများက ပြက်တောင်းပြက်တောင်း နိုင်သော်လည်း ပြီးပြည့်စုံသည်။ ယင်းစကားတို့ ထွက်ပေါ်လာသည့်နောက် ဆယ်ပေခန့်ထူထဲသော အစိမ်းရောင်အခိုးငွေ့ အမျှင်တန်းကိုးခု ပေါ်လာသည်။ ယင်းတို့က ကောင်းကင်ဘုံအင်ပါယာနှင့် ဦးခေါင်းတို့ကို ကိုးကြိမ်တိုင် လှည့်ပတ်ပြီးနောက် ကျိုးသဲနှင့်ကန်းနီတို့ထံ ပျံသန်းဝင်လာသည်။
ဒီတားမြစ်နန်းတော်တွင် ကျယ်လောင်စွာ မြည်ဟိန်းသံများ ပဲ့တင်ထပ်၏။ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့အတွင်း၌ ကွယ်ပုန်းနေသော ဝမ်လင်းကမူ အပြင်ဘက်ရှိ အရာအားလုံးကို ကောင်းစွာ တွေ့မြင်နေသည်။
ဝမ်လင်းသည် ထိုရုတ်တရက် ပြောင်းလဲမှုကြောင့် အလျင်စလို မလှုပ်ရှားပေ။ သူသည် စောင့်နေဆဲပင်။ သူသည် အရာအားလုံးမှာ မရိုးရှင်းဟု ထင်၏။ ကျိုးသဲ ထွက်ပေါ်လာခြင်းက ပြောင်းလဲမှုအသစ်အချို့ ဖြစ်လာနိုင်လောက်သည်။
ဝမ်လင်းသည် ထိုအခြေအနေကို အပြည့်အဝ နားမလည်မှီ ထွက်လာမည် မဟုတ်ပေ။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်နေ၏။ မဟာအင်ပါယာကန်းနီ၏ မျက်နှာက ဖြူရောနေကာ သူမသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ရသည်။ ကျိုးသဲမှာလည်း အလေးအနက်အသွင်ဖြင့် နောက်ဆုတ်ရသည်။
သူတို့သည် ကောင်းကင်ဘုံအင်ပါယာနှင့်သာ ရင်ဆိုင်နေရတာ မဟုတ်ပေ။ ကောင်းကင်ဘုံဘိုးဘေးကို ရင်ဆိုင်နေသလို ဖြစ်နေခြင်းတည်း။ ကောင်းကင်ဘုံဘိုးဘေး၏ တိုက်ခိုက်မှုက သူတို့၏ ပူးပေါင်းတိုက်ခိုက်မှုကိုပင် နောက်သို့ ပြန်ကန်သွားစေသည်။
ကျိုးသဲ၏ မျက်လုံးက အရောင်တောက်လာ၏။ သူက ပြောလာသည်။ “ဒါက ကောင်းကင်ဘုံဘိုးဘေးရဲ့ ပြီးပြည့်စုံတဲ့ စွမ်းအား မဟုတ်ဘူး။ ဆယ်ရာခိုင်နှုန်းပဲ ရှိတယ်…”
သူ၏ခန္ဓာကိုယ်တွင်းမှ တစီစီအသံများ ထွက်ပေါ်လာကာ သူ၏အိုမင်းသောမျက်နှာသည် မြန်ဆန်စွာ ပြောင်းလဲဿည်။ သူက လူအိုအရွယ်ကနေ သက်လတ်ပိုင်းလူအဖြစ်သို့ ပြောင်းသွားသည်။
သူသည် အတော်လေး ချောမောကာ အင်ပါယာတစ်ယောက်၏ လွှမ်းမိုးနိုင်ခြင်းအော်ရာကို ပေးစွမ်းသည်။ ကျိုးသဲက သူ၏ပုံပန်းသွင်ပြင်ကို တနှစ်ပတ်လုံး အဘိုးအိုအသွင်ဖြင့်သာ နေထိုင်သူပင်။ သူ၏ ကျင့်ကြံမှု အပြည့်အဝ ပေါက်ကွဲထွက်လာချိန်တွင်သာ သူ့ရုပ်သွင်က ပြောင်းလဲမည် ဖြစ်သည်။
”ပြောရမယ်ဆိုရင်တော့ဖြင့် ငါ့အနေနဲ့ အသင်ကျိုးသဲကို ဒီလိုအသွင်နဲ့ မြင်ဖူးတာ ပထမဆုံးပဲ။ ဒါပေမဲ့ သင်ဟာ ငါ့ပြိုင်ဘက် မဟုတ်သေးဘူး…”
ကောင်းကင်ဘုံအင်ပါယာက ပြုံး၍ ဆိုကာ ဦးခေါင်းပေါ်၌ ထိုင်ချလိုက်သည်။ သူ့လက်နှစ်ဖက်ကိုလည်း ယင်းဦးခေါင်းအပေါ် ဖိချသည်။
“ငါ့သွေးနဲ့ ဘိုးဘေးစိတ်ဝိညာဉ်ကို ဆင့်ခေါ်ပါတယ်…” ကောင်းကင်ဘုံအင်ပါယာက သူ့လျှာထိပ်ကို ကိုက်ကာ သွေးများ ထွေးထုတ်သည်။
ထိုအခါ၌ ကောင်းကင်ဘုံဘိုးဘေးဦးခေါင်းမှာ တုန်ခါပြီး ကြောက်မက်ဖွယ်ရွှေရောင်အလင်း ပေါ်လာသည်။ ထိုရွှေရောင်အလင်းက ကြီးမားသော ရွှေရောင်အရိပ်တစ်ခုအဖြစ်သို့ ဖွဲ့စည်းသည်။ ထိုရွှေရောင်အရိပ်က တော်ဝင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ ၎င်းမှာ ကောင်းကင်ဘုံဘိုးဘေးတည်း။
ထိုဦးခေါင်းသည် အမှန်တကယ် ဖြစ်ပြီး ခန္ဓာကိုယ်ကမူ ပုံရိပ်ယောင်သာ ဖြစ်၏။ သည်အခိုက်တွင် သူ၏မျက်လုံးက တောက်ပလာကာ သူက ညာလက်ကို လေထဲသို့ ပင့်မြှောက်သည်။ ကြီးမားလှသော ရွှေရောင်ဓားတစ်လက် ပေါ်လာကာ ကောင်းကင်ဘုံဘိုးဘေး၏ အရိပ်တို့က ၎င်းကို ဖမ်းဆုပ်၏။
ကောင်းကင်ဘုံဘိုးဘေး၏ဓား။
ထိုဓားပေါ်လာသည့်အခါ ဝမ်လင်းက သူ့ကို တစုံတစ်ခုက ခေါ်နေသလို ကြားမိရ၏။
“အတိတ်တုန်းက ဒီဓားတစ်လက်နဲ့တင် ပြင်ပစိတ်ဝိညာဉ်အမြောက်အများဟာ သုတ်သင်ခံခဲ့ရတယ်။ ဒီအရည်အသွေးရှိတဲ့ စိတ်ဝိညာဉ်တွေဟာ ကုန်းမြေတွေထဲမှာ ချိပ်ပိတ်ခံခဲ့ရတယ်။ ခု မင်းတို့နှစ်ယောက်ဟာ ကောင်းကင်ဘုံဘိုးဘေးရဲ့ ခွန်အားကို လာရန်စနေတာပဲ။ မင်းတို့က ဒီဓားကို တန်ပြန်နိုင်မယ် ထင်လို့လား…”
ကောင်းကင်ဘုံဘိုးဘေး၏ အသံ ပဲ့တင်ထပ်၏။ ရွှေရောင်ဓားက ပင့်တက်လာကာ မဟာအင်ပါယာကျိုးသဲနှင့်ကန်းနီတို့ထံ ဝေ့ယမ်းလာသည်။
ထိုဓားက ငြိမ်သက်၏။ သို့သော် လောကမှာ အရောင်များ ပြောင်းလဲကုန်သည်။ ဒီနေရာရှိ ဟင်းလင်းပြင်သည်ပင် ဖြတ်ပိုင်းခံရတော့မလို ထင်ရသည်။ မဟာအင်ပါယာကျိုးသဲ၏ အမူအရာက ပြောင်းလဲသွား၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို ဖြစ်စေရာ အဖြူရောင်နေမင်း ပေါ်လာ၏။ သည်အဖြူရောင်နေမင်းက ကောင်းကင်ထက်တွင် ခရမ်းရောင်နေမင်းနှင့်အတူ တွဲလဲခိုလေ၏။ ယင်းနေမင်းထံ ဝံပုလွေဖြူတစ်ကောင် ထိုးထွက်လာကာ ရွှေရောင်ဓားအား ဟိန်းဟောက်လေသည်။
တချိန်တည်းမှာ မဟာအင်ပါယာကန်းနီးက လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို ဖြစ်စေသည်။ ခရမ်းရောင်အလင်းက လောကကို ဖုံးလွှမ်း၏။ ခရမ်းရောင်ဝါးက သူမ၏နောက်တွင် ပေါ်လာကာ ချက်ခြင်းပင် ဝါးတောအုပ်အဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုဝါးများသည် လေထဲသို့ ပျံတက်ကာ ရွှေရောင်ဓားထံ တိုးဝင်သွားသည်။
“တောက်ရီ၊ဝူဖန်…မင်းတို့ နှစ်ယောက် မလှုပ်ရှားသေးဘူးလား။ ဘယ်အချိန်မှ လှုပ်ရှားမှာလဲ…” အဖြူရောင်ဝံပုလွေက ရှေ့သို့ တရကြမ်း ထိုးထွက်သွားစဉ် ကျိုးသဲက မာန်သွင်းအော်ဟစ်လိုက်သည်။ တုန်လှုပ်ဖွယ်ပြောင်းလဲမှုတစ်ခုမှာ ကောင်းကင်ဘုံအင်ပါယာ၏ ဘယ်ညာနှစ်ဖက်တွင် ဖြစ်ပွားလာသည်။
ကောင်းကင်ဘုံအင်ပါယာ၏ ဘယ်ဘက်ခြမ်းလောကမှာ မည်သည့်အရာမျှ လှုပ်ရှားမသွားပေ။ အရာအားလုံးက ရပ်တန့်သွား၏။ မဟာအင်ပါယာတောက်ရီသည် လှမ်းထွက်လာသည်။ သူက ညာလက်မြှောက်ကာ ကောင်းကင်ဘုံအင်ပါယာထံ လက်ညွှန်လိုက်သည်။ အရာအားလုံးသည် တည်ငြိမ်နေသည်။ သို့သော် ဤသည်မှာ တောက်ရီ၏ တာအိုကို ကိုယ်စားပြုပေသည်။
သူ၏တာအိုမှာ အရာအားလုံးကို တစ်ခုတည်း ဖြစ်စေခြင်းတည်း။ လက်ညွှန်ချက်နှင့်အတူ သူက သူ့စွမ်းအားအထွတ်အထိပ်ကို ထုတ်လွှတ်သည်။
ကောင်းကင်ဘုံအင်ပါယာ၏ ညာဘက်ခြမ်းတွင်တော့ လေများ ဝုန်းဒိုင်းကြဲ တိုက်ခတ်လာ၏။ တိမ်စိုင်များ လွတ်ထွက်လာသည်။ ကျယ်လောင်စွာ တုန်ဟည်းသံနှင့်အတူ မဟာအင်ပါယာဝူဖန် လှမ်းထွက်လာ၏။ သူက ချက်ခြင်းပင် ကောင်းကင်ဘုံအင်ပါယာထံ လက်သီးချက် ပစ်သွင်းလိုက်၏။
မဟာအင်ပါယာဝူဖန်က အင်ပါယာစမ်းသပ်ကွင်းတွင် ဆယ့်ခြောက်ခုမြောက်နန်းတော်ကို ဖြတ်သန်းပြီးခဲ့သူ ဖြစ်၏။ သူသည် သိုင်းပညာရပ်များကနေ တဆင့် သူ၏တာအိုကို ပြီးမြောက်စေခဲ့သူတည်း။ ထိုလက်သီးချက်တွင် သူ့ခွန်အားပေါ် ယုံကြည်မှု၏ အထွတ်အထိပ် ပါဝင်သည်။
မဟာအင်ပါယာလေးယောက်သည် တပြိုင်တည်း တိုက်ခိုက်လာကြပြီ။
ဝမ်လင်းသည် ထိုအခြင်းအရာများကို ကောင်းကင်ဘုံဘိုးဘေး၏ ညာမျက်လုံးအတွင်းကနေ ကောင်းစွာ မြင်နေရသည်။ သူ့စိတ်မှာ တုန်ယင်မိ၏။ သူသည် အင်ပါယာနန်းတော်သို့ လာခဲ့သော ဒီခရီးစဉ်တွင် ခုလိုမျိုးဖြစ်လာခဲ့လိမ့်မည်ဟု မထင်ထားမိခဲ့ပေ။ တောက်ရီနှင့်ဝူဖန်တို့ပင် ပေါ်လာခဲ့ကြပြီ။
သူတို့နှစ်ယောက် ပေါ်လာသည့်နောက် ဝမ်လင်းသည် ဒီနေရာရှိ အရာအားလုံးမှာ စစ်တုရင်ကစားပွဲတစ်ခုမှန်း နားလည်လာ၏။ သူသည် ဒီကစားပွဲ၏ အစိတ်အပိုင်းတစ်ခုမျှသာ။ မဟာအင်ပါယာများသည်ပင် အစိတ်အပိုင်းများ ဖြစ်နေနိုင်၏။ ဤသည်က ကောင်းကင်ဘုံအင်ပါယာက တဖက်ခြမ်းတွင် နေရာယူထားသော ကစားပွဲ ဖြစ်နိုင်သည်။ သို့သော် တခြားတဖက်ကရော မည်သူ ဖြစ်သနည်း။
ရွှေရောင်ဓားက ကန်းနီ၊ တောက်ရီ၊ ဝူဖန်နှင့် ကျိုးသဲတို့ဖြင့် ထိပ်တိုက်တွေ့၏။ ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်ကာ တောက်ရီသည် လွင့်ထွက်သွားသည်။ ဝူဖန်မှာလည်း ဖြူရောသောမျက်နှာဖြင့် နောက်ဆုတ်လိုက်ရသည်။
ကန်းနီနှင့်ကျိုးသဲတို့မှာ တောက်ရီနှင့်ဝူဖန်တို့ထက် ကျင့်ကြံမှု ပိုမြင့်မားကြ၏။ သို့သော် သူတို့သည်ပင် ထိုရွှေရောင်ဓားကြောင့် နောက်ဆုတ်ရသည်။
သူတို့လေးယောက်သည် နောက်ဆုတ်လိုက်ရသော်ငြားလည်း သူတို့၏ တိုက်ခိုက်မှု စုပေါင်းအားမှာ မရိုးရှင်းပေ။ ရှေးကလန်ရှိ လူတစ်ယောက်ကလွဲ၍ မည်သူကမျှ မဟာအင်ပါယာလေးယောက်၏ တပြိုင်နက်တည်း စွမ်းအားကို ခုခံနိုင်မည် မဟုတ်ပါ။
ထို့အပြင် ကောင်းကင်ဘုံအင်ပါယာ၌ ကောင်းကင်ဘုံဘိုးဘေး၏ စစ်မှန်သောစွမ်းအား၏ ဆယ်ရာခိုင်နှုန်းကိုသာ အသုံးပြုနိုင်သေးပေ၏။ ဓားမှာ ပျက်စီးသွား အစိတ်စိတ်ဖြစ်၍ မြေပြင်ထက်သို့ အပိုင်းပိုင်း ပျက်စီးကာ ကျရောက်သည်။
တချိန်တည်းမှာ ကောင်းကင်ဘုံဘိုးဘေး၏ အရိပ်မှာလည်း လွင့်ပျောက်ကာ အစစ်အမှန်ဖြစ်သော ဦးခေါင်းသာ ကျန်ခဲ့လေ၏။ ကောင်းကင်ဘုံအင်ပါယာ၏ ခန္ဓာကိုယ်သည် တုန်ယင်နေကာ သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။ ရုတ်တရက် သူက မော့ကြည့်ကာ တောက်ရီနှင့်ဝူဖန်တို့ကို စိုက်ကြည့်သည်။
ကျိုးသဲက ကောင်းကင်ဘုံအင်ပါယာကို ကြည့်၍ အေးစက်စက် ပြောလာ၏။ “ဒီအဘိုးအိုက မလုံလောက်သေးရင်လည်း တောက်ရီနဲ့ ဝူဖန်တို့ပါ ပါဝင်လာရင်ကော ကောင်းကင်ဘုံအင်ပါယာအနေနဲ့ လုံလောက်ပြီလို့ ထင်ပါရဲ့လား…”
ကောင်းကင်ဘုံအင်ပါယာ၏ အမူအရာက သုန်မှုန်နေ၏။ သူက တဖြည်းဖြည်းချင်း ဆိုလာသည်။ “သင်တို့လေးယောက်က ငါ့ရှိကနေ ဘာများ လိုချင်ကြတာလဲ…”
မဟာအင်ပါယာကန်းနီ၏ ရည်ရွယ်ချက်က ရှင်းပေသည်။ သူမက ကောင်းကင်ဘုံအင်ပါယာကို ကြည့်ကာ တည်ငြိမ်စွာ ဆို၏။ “ဝမ်လင်းကို လွှတ်ပေး။ ငါ ထွက်သွားမယ်…”
ကျိုးသဲက ကောင်းကင်ဘုံဘိုးဘေး၏ ဦးခေါင်းကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလာ၏။ “ဒီအဘိုးအိုက ကောင်းကင်ဘုံအင်ပါယာဟာ ကောင်းကင်ဘုံကလန်ရဲ့ စိတ်ဝိညာဉ်ခုနစ်ဆယ့်နှစ်ခုကို ဖိနှိပ်ထားတဲ့ ဒီဦးခေါင်းကို လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။ ဒီဦးခေါင်းဟာ ကောင်းကင်ဘုံကလန်အတွက် အလွန်အရေးကြီးတယ်။ ပြီးတော့ ဒါက ကောင်းကင်ဘုံအင်ပါယာ ပိုင်ဆိုင်သင့်တဲ့ တစုံတစ်ရာလည်း မဟုတ်ဘူး…”
“ငါ့အတွေးကလည်း ကျိုးသဲနဲ့တူတူပဲ။ ကောင်းကင်ဘုံအင်ပါယာ ငါတို့ငါးယောက်ကြားမှာ ရှိတဲ့ စွမ်းအားမျှခြေဟာ အရင်လိုပဲဆိုရင် ကောင်းမွန်လိမ့်မယ်။ ပြောင်းလဲဖို့ မလိုအပ်ဘူး…” တောက်ရီ၏ အမူအရာက သုန်မှုန်နေ၏။ သူက ကောင်းကင်ဘုံဘိုးဘေး၏ ဦးခေါင်းကို လှမ်းကြည့်သည်။
ဝူဖန်က အနည်းငယ် စဉ်းစားပြီးနောက် ပြောလာ၏။ “ငါ လိုချင်တာလည်း အဲ့တာပဲ…”
ကောင်းကင်ဘုံအင်ပါယာက စတင် ရယ်မော၏။ သူ၏ရယ်သံမှာ အေးစက်လွွန်းသည်။ သူသည် ညာလက်ကို ပင့်မြှောက်၏။ တောက်ရီနှင့် ဝူဖန်တို့၏ အမူအရာမှာ ပြောင်းလဲသွားကြသည်။ သူက သူ့ညာလက်ကို သူ့ရင်ဘက်ပေါ်သို့ ဖိနှိပ်ရာ ရွှေရောင်သွေးများကို သူ့ပါးစပ်မှ ထွေးထုတ်သည်။ ကောင်းကင်ဘုံဘိုးဘေး၏ မျက်လုံးထံမှ ကြောက်မက်ဖွယ်ရွှေရောင်အလင်းကို ထုတ်လွှတ်လာ၏။ ၎င်း၏ ပါးစပ်မှာလည်း ပွင့်ဟလကာ ပိုမိုများပြားသော ရွှေရောင်အလင်းတို့ကို ထုတ်လွှတ်လာသည်။ ၎င်း၏နားနှင့်နှာခေါင်းတို့ထံမှပင် ရွှေရောင်အလင်းများ ထုတ်လွှတ်လာသည်။
ထိုရွှေရောင်အလင်းသည် ရုတ်တရက် ပေါ်လာကာ ရွှေရောင်လှိုင်းတစ်ခုကို ဖွဲ့စည်းသည်။ ဤသည်က ကျိုးသဲနှင့် တခြားသူများ၏ အမူအရာများကို ပြောင်းလဲသွားစေသည်။ သူတို့အားလုံးက နောက်ဆုတ်ကြ၏။
သူတို့သည် နောက်ဆုတ်နေကြစဉ် ကောင်းကင်ဘုံအင်ပါယာ၏ အမူအရာက ကြမ်းကြုတ်လာသည်။ သည်အခိုက်တွင် သူသည် အလွယ်တကူ နောက်ဆုတ်တော့မည် မဟုတ်ပါ။ သူသည် ကောင်းကင်ဘုံဘိုးဘေး၏ စွမ်းအားအပြည့်အဝကို ပေါက်ကွဲစေပေမည်။ ထိုမှသာ တခြားသူများက အနီးသို့ ကပ်မလာနိုင်မှာ ဖြစ်၏။ ထို့နောက်တွင် သူသည် ကောင်းကင်ဘုံဘိုးဘေး၏စွမ်းအားကို အတင်းအကြပ် စုပ်ယူဖို့ အချိန်ရမည် ဖြစ်သည်။ သူသာ အောင်မြင်သွားသည်နှင့် သူသည် ဒီမဟာအင်ပါယာလေးယောက်ကို ရင်ဆိုင်ရမှာကို တစိုးတစိမျှ ကြောက်နေမည် မဟုတ်တော့ပေ။
ထိုရွှေရောင်အလင်း တောက်ပလာသည့်အခါ ကောင်းကင်ဘုံအင်ပါယာက သူ့လက်နှစ်ဖက်ကို ဦးခေါင်းပေါ် ဖိနှိပ်ပြီး စုပ်ယူမှု ပြုလေ၏။ သို့သော် သူသည် ရွှေရောင်အလင်းကို ဆက်၍ မစုပ်ယူနိုင်တော့ပေ။ ထိုဦးခေါင်းပတ်လည်၌ စုပ်ယူခြင်းကို ဟန့်တားထားသော အတားအဆီးအလွှာများ ရှိနေသည့်အလား။
“ဒါဟာ တောက်ဝမ်ကလန်ရဲ့ ချိပ်ပိတ်မှုပဲ။ ဒီသောက် အင်ပါယာဆရာသခင်။ သူက ကောင်းကင်ဘုံဘိုးဘေးကို စကားပြောအောင် လုပ်တဲ့အချိန်တုန်းက သူ့စိတ်ဝိညာဉ်ကို အသုံးပြုခဲ့ပြီး တောက်ဝမ်ကလန်ရဲ့ ချိပ်ပိတ်မှုကို ဒီထဲမှာ ချန်ရစ်ခဲ့တာပဲ…”
“ဒါပေမဲ့ ဒီချိပ်ပိတ်မှုက ငါ့ကို မတားနိုင်ပါဘူး။ ငါဟာ ကောင်းကင်ဘုံအင်ပါယာပဲ။ ပုံမှန်အားဖြင့် ငါဟာ ဒါကို မဖြေလျှော့နိုင်ဘူး။ ဒါပေမဲ့ ကောင်းကင်ဘုံဘိုးဘေးရဲ့ ဦးခေါင်းကို ထိန်းချုပ်ထားတဲ့အတွက် ငါ ဒီချိပ်ပိတ်မှုကို ဖြေလျှော့နိုင်တယ်…”
“ငါသာ တောက်ဝမ်ကလန်ရဲ့ ချိပ်ပိတ်မှုကို ဖြေလျှော့ခဲ့ရင်တောင် ဒါဟာ ပြဿနာ မရှိနိုင်ဘူး။ အင်ပါယာဆရာသခင်ဟာ သေသွားခဲ့ပြီ။ ဒါ့ကြောင့် ဘာရိုက်ခတ်မှုမှ မရှိလာနိုင်လောက်တော့ဘူး…” ကောင်းကင်ဘုံအင်ပါယာသည် စိတ်လောနေ၏။ သည်လို အလျင်လိုသော အခြေအနေ၌ သူသည် များများစားစား တွေးနေဖို့ အချိန်မရှိပေ။