← Chapters

အင်ပါယာဆရာသခင်အစစ်

Vol. 148 Ch. 2046

အင်ပါယာဆရာသခင်အစစ်

Vol. 148 Ch. 2046

မဟာအင်ပါယာလေးယောက်က ရွှေရောင်အလင်းကို ချိုးဖျက်ဖို့ ကြိုးစားနေစဉ် ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်လေသည်။ အချိန်သည် ပဓာန ဖြစ်နေ၏။ ကောင်းကင်ဘုံအင်ပါယာသည် သူ့ထံ၌ အချိန်အများကြီး ရှိမနေတာကို သိ၏။

သူသာ မဟာအင်ပါယာလေးယောက်တို့က ရွှေရောင်အလင်းကို မချိုးဖျက်နိုင်ခင်တွင် ကောင်းကင်ဘုံဘိုးဘေး၏ စွမ်းအားကို အတင်းအကြပ် စုပ်ယူနိုင်စွမ်း မရှိပါက သူ လုပ်ဆောင်ခဲ့သမျှ အရာအားလုံးသည် အဟောသိကံ ဖြစ်သွားပေလိမ့်မည်။

သူသည် ထိုကဲ့သို့ အရာမျိုး ဖြစ်လာခွင့် မပြုနိုင်ပေ။ အခု သူသည် နောက်ဆုံးအဆင့်သို့ ရောက်နေခဲ့ပြီ ဖြစ်၏။ သူသည် အောင်မြင်ခါနီးနေပေပြီ။ ထို့အတွက် အခုကျမှျ မကျရှုံးချင်ပေ။

“အင်ပါယာဆရာသခင်တောင် ငါ့အစီအစဉ်ကို ဖြတ်မမြင်နိုင်ခဲ့ဘူး။ ကျိုးသဲက ရှေးဘိုးဘေးမြို့ အနီးအနားမှာ ရှိတဲ့အတွက်ကြောင့် ရောက်လာခဲ့တာ ထားအုံး။ ဒါပေမဲ့ တောက်ရီနဲ့ ဝူဖန်တို့ ရောက်လာတာတော့ မြန်လွန်းနေတယ်…”

ကောင်းကင်ဘုံအင်ပါယာသည် အံတင်းတင်းကြိတ်ကာ သူ့ညာလက်ဖြင့် ဦးခေါင်းထံ လက်ညွှန်လိုက်သည်။ ထိုလက်ချောင်းက ဦးခေါင်းနှင့် ထိသွားချိန်တွင် ၎င်းသည် အသွေးအသားအဖြစ်သို့ ပုံကျသွားသည်။

“ငါ့အသွေးအသားနဲ့ ကောင်းကင်ဘုံဘိုးဘေးရဲ့ မျိုးဆက်တစ်ယောက်အဖြစ်နဲ့ ငါဟာ တောက်ဝမ်ကလန်ရဲ့ ထာဝရချိပ်ပိတ်မှုကို ဖြေလျှော့ဖို့ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ ဥပဒေသကို အသက်ဝင်စေတယ်…”

ကောင်းကင်ဘုံအင်ပါယာက မာန်သွင်းကာ အော်ဟစ်၏။ သူ၏ ကျန်လက်ချောင်းများမှာလည်း ပျက်စီးသွားသည်။ သူ၏ လက်ချောင်းများသာမက လက်ဖဝါးပါ ပျက်စီးသွားလေသည်။

ယင်းပျက်စီးမှုက ဆက်ဖြစ်နေ၏။ ကောင်းကင်ဘုံအင်ပါယာက သူ၏စကားအဆုံးသပ်သည့်အခါ သူ့ညာဘက်လက်တဝက်သည် ပျောက်ကွယ်သွားခဲ့လေပြီ။

ရွှေရောင်သွေးစက် မြောက်များစွာ ပျံ့နှံ့လာကာ ရွှေရောင်စာလုံးတစ်လုံးသည် သူ့ရှေ့တွင် ဖွဲ့စည်းသည်။ ထိုစာလုံးက သူ့ရှေ့မှာပင် အမှုန့်ဖြစ်သည့်အထိ လောင်ကျွမ်းသွား၏။

ယင်းစာလုံး လောင်ကျွမ်းသွားပြီးနောက် ဝမ်လင်း၏ခန္ဓာကိုယ်ကို ပိုင်စိုးထားသော အင်ပါယာဆရာသခင်သည် တုန်ယင်သွား၏။ သူ့တောက်ဝမ်ကလန်ကို မျိုးဆက်တလျှောက် ဖိနှိပ်ထားသော ချိပ်ပိတ်မှုက ကွယ်ပျောက်သွားတော့သည်။

ထိုချိပ်ပိတ်မှု ပြေလျှော့သွားသည့်အခါ အင်ပါယာဆရာသခင်၏ မျက်လုံးထဲမှ စိတ်လှုပ်ရှားမှုကြောင့် မျက်ရည်များပင် စီးကျလာသည်။ ဤသည်က သူ၏ တသက်တာ ရည်မှန်းချက် မဟုတ်လား။ သူသည် ထိုချိပ်ပိတ်မှု ပြေပျောက်ရန် အရာအားလုံးကို လုပ်ဆောင်ခဲ့တာ မဟုတ်လား။

ထိုချိပ်ပိတ်မှု ပြေလျှော့သွားခိုက်တွင် ကောင်းကင်ဘုံအင်ပါယာထံမှ စွမ်းအားက တရကြမ်း ထိုးထွက်လာ၏။၎င်းက ဝမ်လင်း၏ ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်ကာ အင်ပါယာဆရာသခင်၏ တည်ရှိမှုကို အလွယ်တကူ ဖျက်သိမ်းသွားသည်။

ဤသည်မှာ ကောင်းကင်ဘုံအင်ပါယာ၏ နောက်ဆုံးဝှက်ဖဲပင်။ သူသည် အင်ပါယာဆရာသခင်ကို ချိပ်ပိတ်မှု ပြေလျှော့ပြီးနောက် ဆက်၍ တည်ရှိခွင့် မပြုနိုင်ပေ။ ထိုချိပ်ပိတ်မှု ပြေလျှော့သည်နှင့် အင်ပါယာဆရာသခင်မှာလည်း သေဆုံးရလိမ့်မည်သာ။

အင်ပါယာဆရာသခင် သေဆုံးတော့မည့် အခါ၌ အချိန်မည်မျှကြာကြာ ချိပ်ပိတ်ခံထားရတာ မသိရသော မှတ်ဉာဏ်တစ်ခုသည် နိုးထလာခဲ့သည်။

သူသည် တောက်ဝမ်ကလန်မှာ  နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် ပျောက်ကွယ်လုနီးနီး ဖြစ်ခဲ့တာကို ဝိုးတဝါး မှတ်မိ၏။ သူက သူ မွေးဖွားပြီးနောက် သူအပါအဝင် ကလန်ဝင်သုံးယောက်သာ ကျန်ရစ်တော့သည်ကို မှတ်မိသွားသည်။

သူက သူ့မိဘများမှာ မည်သူမည်ဝါ ဖြစ်မှန်းမသိပေ။ မည်သူကမျှလည်း သူ့အား မပြောပြခဲ့ပေ။ သူသည် တောက်ဝမ်ကလန်ဝင်တစ်ယောက်သာ ဖြစ်သည်ကိုတာ သိခဲ့၏။ သူ့အပြင် သူက အမျိုးသမီးတစ်ယောက်နှင့် မွေးကင်းစမိန်းကလေးငယ်လေးတစ်ယောက်တို့ကို တွေ့မြင်ခဲ့ဖူးတာအား သိ၏။

ထိုအမေနှင့်သမီးတို့က သူနှင့် ဆွေမျိုး ဖြစ်လောက်သည်။

သူသည် ထိုအမျိုးသမီးမှာ အရင်မျိုးဆက်၏ အင်ပါယာဆရာသခင် ဖြစ်ခဲ့ပြီး ထိုစဉ်က သူသည် အင်ပါယာဆရာသခင် မဟုတ်ခဲ့တာကို မှတ်မိ၏။ အစစ်အမှန် အင်ပါယာဆရာသခင်ကမူ ထိုကလေးငယ်သာ ဖြစ်ချေ၏။

သူက ထိုကလေးငယ်၏ အဖေမှာ မည်သူဖြစ်သည်ကိုလည်း မသိခဲ့ပေ။ သူမက မွေးဖွားပြီးနောက် မကြာမီတွင် ပျောက်ကွယ်သွားခဲ့၏။ ထို့နောက် သူ့ကိုလည်း အင်ပါယာဆရာသခင်ဖြစ်ခဲ့သူ အမျိုးသမီးက မန္တာန်များ လွှဲပြောင်းပေးခဲ့သည်။

သူက တဖြည်းဖြည်း ကြီးပြင်းလာခဲ့၏။ သူ့မှတ်ဉာဏ်မှာ ချိပ်ပိတ်ခံထားရသည်။ သူသည် အင်ပါယာဆရာသခင် ဖြစ်သည်ဟုသာ တွေးထင်ထားခဲ့သည်။ သူသည် တဖြည်းဖြည်း အရွယ်ရောက်လာသည့်အခါ ထိုအမျိုးသမီး သေဆုံးခဲ့သည်။ ထို့နောက်တွင် သူ အရွယ်ရောက်လာခဲ့သည်။ သူ့မှတ်ဉာဏ်ထဲ၌ အိပ်မောကျနေသော သူ့ကလန်ဝင် အများအပြား ရှိခဲ့၏။ သူ၏တာဝန်မှာ ထိုအိပ်ပျော်နေသော ကလန်ဝင်အားလုံးကို သူတို့၏ ကံကြမ္မာကနေ လွတ်မြောက်အောင် လုပ်ပေးရန်ပင်။

သူက သူ့ကလန်၌ ကလန်ဝင်များစွာ ကျန်နေသေးသည်ဟု ယုံကြည်နေခဲ့၏။ သို့သော် ခုခါတွင်မူ သူ့မှတ်ဉာဏ်က နိုးထလာခဲ့ပေပြီ။ ထို့အတွက် သူသည် ထိုပျောက်နေသော ကလေးငယ်ကလွဲ၍ သူ၏ကလန်၌ သူတစ်ယောက်သာ ကျန်တော့သည်ကို သိလိုက်ပေပြီ။

“ကောင်းကင်ဘုံအင်ပါယာက ဒီချိပ်ပိတ်မှုကို ဖြေလျှော့ရဲတာဟာ အံ့အားသင့်စရာ မရှိတော့ဘူး။ ကောင်းကင်ဘုံအင်ပါယာက တောက်ဝမ်ကလန်မှာ ငါ တစ်ယောက်ပဲ ကျန်တော့တာကို သိခဲ့တဲ့အတွက်ကြောင့်ပဲ။ ငါ သေသွားတာနဲ့ ချိပ်ပိတ်မှု ပြေလျှော့သွားခဲ့ရင်တောင် အဆင်ပြေအုံးမှာပဲ…”

“ဒီတော့ ဒီမှတ်ဉာဏ်တွေအရဆို ငါက အင်ပါယာဆရာသခင် မဟုတ်ဘူးပေါ့။ ဒါဆို ငါဟာ တောက်ဝမ်ကလန်ဝင်လား။ ငါက ဘယ်သူ ဖြစ်မလဲ…။ အခု ချိပ်ပိတ်မှု ပြေလျှော့သွားခဲ့ပြီ။ ပျောက်နေတဲ့ ကလေးငယ်ကသာ အင်ပါယာဆရာသခင် အစစ်အမှန် ဖြစ်သင့်တယ်။ သူမ ဘယ်နေရာမှာလဲ။ သူမက ဘယ်သူလဲ…”

သူသည် ခုလိုမှတ်ဉာဏ် မနိုးလာခင်က တချိန်လုံး အင်ပါယာဆရာသခင် ဖြစ်သူဟု ထင်ထားခဲ့၏။ ထို့အတွက် သူသည် ကောင်းကင်ဘုံအင်ပါယာကို ဆန့်ကျင်ပြီး သူ့ကလန်အတွက် အရာအားလုံးကို လုပ်ပေးချင်စိတ် ရှိခဲ့ပေသည်။ အခု သူ ကျရှုံးခဲ့ပြီ။ သူ့မှတ်ဉာဏ်မှာလည်း ချိပ်ပိတ်မခံရတော့ပေ။ သူ၏အတွေးများက တဖြည်းဖြည်း ပျောက်ကွယ်လေသည်။

သူ သေဆုံးသွားသည့်အချိန်ထိပင် သူသည် အင်ပါယာဆရာသခင် အစစ်အမှန်ကို မသိခဲ့လေပေ။

သို့သော် သူ သေဆုံးခါနီးအခါ၌ သူသည် မည်သို့မျှ အထွန့်မတက်ခဲ့လေပေ။ သူက ဤသည်မှာ သူ့တာဝန်သာ ဖြစ်မှန်း နားလည်သဘောပေါက်ခဲ့သည်။ သူသည် အင်ပါယာဆရာသခင်အစစ်ကို ကာကွယ်ပြီး သူ့ကလန်အပေါ်က ချိပ်ပိတ်မှုကို ပြေလျှော့အောင် လုပ်ဆောင်ရမည်သာ။ သူ မွေးဖွားလာခဲ့ချိန်မှစ၍ ဤသည်က သူ၏ ကံကြမ္မာ ပြဌာန်းချက်ပင်။

ထိုသနားစရာ ကောင်းသောသူ သေဆုံးသွားစဉ် ကောင်းကင်ဘုံအင်ပါယာ၏ စွမ်းအားသည် ဝမ်လင်း၏ခန္ဓာကိုယ်ကို ဝေ့ခတ်ကျရောက်လာသည်။ သူက ဤနေရာတွင် မည်သည့် စိတ်ဝိညာဉ်တုန်ခါလှိုင်းမျှ မကျန်တော့သည်ကို ဆုံးဖြတ်ပြီးနောက် ၎င်းကို ထပ်မံ ဖြန့်ကျက်ကာ ထို့နောက်တွင် ထွက်ခွာလာသည်။

သို့ပေမည့် ကောင်းကင်ဘုံအင်ပါယာသည်ပင် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့အတွင်း ရှိနေသော ဝမ်လင်းကို သတိမပြုမိခဲ့ပေ။ သို့မဟုတ် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့အတွင်း၌ ရှိနေသော ဝမ်လင်း၏စိတ်ဝိညာဉ်ကို သတိမပြုမိပေ။

တောက်ဝမ်ကလန်၏ ချိပ်ပိတ်မှုကို ဖြေလွှတ်ပေးပြီးနောက် ကောင်းကင်ဘုံအင်ပါယာက စိတ်လှုပ်တရှား ဖြစ်လာ၏။ သူသည် အရာအားလုံးက သူ့ ထိန်းချုပ်မှုအောက်တွင်သာ ရှိသေးသည်ဟု ထင်နေတုန်းပင်။ သူက ကောင်းကင်ဘုံဘိုးဘေးဦးခေါင်း၏ စွမ်းအားကို အလျင်အမြန် စတင်စုပ်ယူတော့သည်။

ကောင်းကင်ဘုံဘိုးဘေးဦးခေါင်း၏ ဒွာရပေါက်များထံမှ ရွှေရောင်အခိုးငွေ့ အမျှင်တန်းများ ထွက်ပေါ်လာကာ ကောင်းကင်ဘုံအင်ပါယာ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သည်။ ဤသည်က ကောင်းကင်ဘုံအင်ပါယာ၏ ကျင့်ကြံခြင်းကို ရုတ်တရက် မြင့်တက်စေသည်။

သူ့ထံ၌ စိတ်လှုပ်ရှားခြင်းတို့ ပြည့်လာ၏။ သို့သော် သူက အကွာအဝေးတစ်ခု သူ တောက်ဝမ်ကလန်၏ ချိပ်ပိတ်မှုကို ဖြေလွှတ်လိုက်ချိန်၌ အင်ပါယာအတုဟိုင်းဇီ၏ ခန္ဓာကိုယ်မှာ အပြင်းအထန် တုန်ယင်သွားတာကိုမူ သူ မမြင်ပေ။

ဟိုင်းဇီ၏မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှုနှင့် ရုန်းကန်မှုတို့ ရှိနေ၏။ မှတ်ဉာဏ်တစ်ခုက သူမစိတ်ထဲတွင် နိုးထလာသည်။ တောက်ဝမ်ကလန်၏ ချိပ်ပိတ်မှု ပျောက်ကွယ်သွားချိန်တွင် သူမ၏ခန္ဓာကိုဘ်တွင်း၌ စွမ်းအားရင်းမြစ်တစ်ခု နိုးထလာချေသည်။

ထိုစွမ်းအားသည် တောက်ဝမ်ကလန်မှ လာခြင်း ဖြစ်၏။ ၎င်းကို ကောင်းကင်ဘုံကလန်၏ အင်ပါယာဆရာသခင်အစစ်အမှန်ကသာ ပိုင်ဆိုင်သည်။

သူမ၏မျက်လုံးက တဖြည်းဖြည်း အရောင်တောက်လာ၏။ သူမက ညာလက်ကို အလိုလို ပင့်မြှောက်မိသည်။ ထို့နောက်တွင် သူမသည် တောက်ပနေသော ကောင်းကင်ဘုံဘိုးဘေးဦးခေါင်းထံ လက်ညွှန်လိုက်၏။

“တည်ရှိတဲ့အရာအားလုံးဟာ ဆုံးရှုံးနိုင်တဲ့အတွက်ကြောင့်ပဲ။ ဒါဟာ သေခြင်းတရားပဲ…”

“ရှင်သန်တဲ့အတွေးတေွကြောင့် သေဆုံးသွားတဲ့ အရာအားလုံးဟာ ဗလာနတ္တိ ဖြစ်သွားနိုင်တယ်။ ဒါဟာ တာအိုပဲ…”

“တောက်ဝမ်ကလန်ဟာ ရှင်သန်းခြင်းအတွေးစိတ်ကူးတွေကို ဆောင်ယူနိုင်တယ်။ သေခြင်းတရားရဲ့ တည်ရှိမှုကို ဆောင်ယူနိုင်တယ်။ လူတစ်ယောက်ရဲ့ မျှော်လင့်ချက်နောက် လိုက်လံမှုကို ဆောင်ယူနိုင်တဲ့။ ငါတို့ဟာ တာအိုကို သေဆုံးခြင်းအဖြစ် ပြောင်းလဲပြီး ဆက်လက် တည်ရှိစေမယ်။ သေဆုံးတဲ့အတိုင်း ထားရှိပြီး ဗလာနတ္တိ ဖြစ်အောင် လုပ်နိုင်တယ်…”

ဟိုင်းဇီက ခပ်တိုးတိုး ရေရွတ်ကာ ကောင်းကင်ဘုံဘိုးဘေးဦးခေါင်းထံ လက်ညွှန်သည်။ ထိုအခါ ကောင်းကင်ဘုံဘိုးဘေးဦးခေါင်း၏ ရွှေရောင်အလင်းအားလုံးသည် လျင်မြန်စွာ ပြန်ကြုံ့သွားလေ၏။

ထိုရွှေရောင်အလင်း ပျောက်ကွယ်သွားချိန်၌ ယင်းအလင်းအတွင်းရှိ ကောင်းကင်ဘုံဘိုးဘေးဦးခေါင်းမှာ လှစ်ဟပေါ်လာသည်။

ထိုအခါ ကောင်းကင်ဘုံအင်ပါယာအောက်ရှိ ထိုဦးခေါင်းသည် ၎င်း၏ရွှေရောင်အလင်းအားလုံးကို ဆုံးရှုံးသွားကာ တဖြည်းဖြည်းချင်း မျက်လုံး ပြန်မှိတ်သွားသည်။ ၎င်းသည် သေခြင်းအော်ရာနှင့် တဖန် ပြန်ပြည့်နှက်သွားသည်။ ၎င်းသည် ပျံသန်းနိုင်သည့် စွမ်းအားပါ ဆုံးရှုံးသွားသည့်အတွက်ကြောင့် မြေပြင်ပေါ်သို့ ကျဆင်းသွားတော့သည်။

အခုအခါ၌ ကောင်းကင်ဘုံအင်ပါယာ စုပ်ယူနေသော အော်ရာ၏ အရင်းမြစ်သည် ကွယ်ပျောက်သွားလေပြီ။ ထိုရွှေရောင်အလင်းသည် ကောင်းကင်ဘုံအင်ပါယာ၏ခန္ဓာကိုယ်ထံမှ ပြန့်ကြဲကာ ဦးခေါင်းအတွင်းသို့ ပြန်ဝင်ရောက်သွားတော့သည်။

ထိုရုတ်တရက် ပြောင်းလဲမှုက ကောင်းကင်ဘုံအင်ပါယာကို မင်သက်သွားစေသည်။ သူ့မျက်လုံးမှာ မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်သွားကာ ရုတ်တရက် သူက မော့ကြည့်လိုက်၏။ သူသည် အင်ပါယာအတုဟိုင်းဇီကို ချက်ခြင်း လှမ်းမြင်သည်။

“ဒါ..ဒါ မဖြစ်နိုင်ဘူး။ အင်ပါယာဆရာသခင်က သေသွားခဲ့ပြီ။ လုံးဝ သေသွားခဲ့တာ။ နင်ဟာ တောက်ဝမ်ကလန်က မဟုတ်ဘူး။ နင် ဘယ်လိုလုပ် အင်ပါယာဆရာသခင်ရဲ့ စွမ်းအားကို ပိုင်ဆိုင်ထားရတာလဲ…”   ကောင်းကင်ဘုံအင်ပါယာသည် ရူးသွပ်လုနီးနီး ဖြစ်သွား၏။ သူသည် သူ တွေ့မြင်ရသည့်အရာအပေါ် မယုံကြည်ရဲ ဖြစ်နေသည်။ သူသည် မယုံကြည်ချင် ဖြစ်နေသည်။

“နင်ဟာ တောက်ဝမ်ကလန်ဝင် လုံးဝ မဟုတ်ဘူး။ ကောင်းကင်ဘုံဘိုးဘေးရဲ့ ချိပ်ပိတ်မှုအောက်မှာ တောက်ဝမ်ကလန်ဟာ နန်းတော်ကနေ မထွက်ခွာနိုင်ဘူး။ ရှေးဘိုးဘေးမြို့ကနေ မထွက်ခွာနိုင်ဘူး။ နင်က ဘယ်သူလဲ…”

ကောင်းကင်ဘုံအင်ပါယာ၏မျက်နှာက ဖြူရောနေ၏။ သူသည် အားလုံးကို သိရှိခဲ့ကာ မည်သူကမျှ သူ၏အစီအစဉ်များကို မသိနိုင်ဟု တွေးထင်ထားခဲ့၏။ သူသည် သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ရှိခဲ့၏။

အရာအားလုံးသည် သူ့အစီအစဉ်တိုင်းသာ ဖြစ်နေခဲ့ရသည်။ တောက်ရီနှင့် ဝူဖန်တို့ ရုတ်တရက် ထွက်ပေါ်လာမှုက သူ့အစီအစဉ်၌ တချို့ပြောင်းလဲမှုများ ဖြစ်ပွားခဲ့သော်လည်း အဆုံးသပ်ကမူ အတူတူသာ ဖြစ်ရမည်။

သို့သော် သူ ကောင်းကင်ဘုံဘိုးဘေးဦးခေါင်း၏ စွမ်းအားကို စုပ်ယူဖို့ အောင်မြင်ခါနီး၌ သူ ဒုတိယမြောက် ကောင်းကင်ဘုံဘိုးဘေး ဖြစ်လာခါနီး၌ သူသည် အရာအားလုံးမှာ သူ တွေးထင်ထားသလို မဟုတ်မှန်း သိရှိလိုက်ရသည်။ သူသည် အမှန်တကယ်ပင် တစုံတစ်ယောက်၏ အကြံအစည်ထဲ၌ ရှိနေခဲ့ရသည်။

“ငါ…ငါက အင်ပါယာဆရာသခင်ပဲ…” အင်ပါယာအတုဟိုင်းဇီက စိတ်ရှုပ်ထွေးဟန်ဖြင့် ထိုသို့ ဆိုလာ၏။ သူမ၏မှတ်ဉာဏ်များသည် သူမအမေ၏ မှတ်ဉာဏ်များနှင့်အတူ၊ ပြီးခဲ့သော အင်ပါယာဆရာသခင်မျိုးဆက်များ၏ မှတ်ဉာဏ်များနှင့် နိုးထလာခဲ့လေပြီ။

“သေသွားခဲ့တဲ့သူကတော့ ငါ့အပြင် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာ ရှိတဲ့ ငါ့ကလန်ရဲ့ နောက်ဆုံးကလန်ဝင်တစ်ယောက်ပဲ…”  ဟိုင်းဇီက သက်ပြင်းချ၏။

“ဘာတွေ ဖြစ်ကုန်တာလဲ။ ဒါ မဖြစ်နိုင်ဘူး။ နင်က အင်ပါယာဆရာသခင်သာ အမှန်ဖြစ်ခဲ့ရင် နင် ရှေးဘိုးဘေးမြို့ကနေ ဘယ်လိုလုပ် ထွက်ခွာနိုင်ခဲ့ရတာလဲ။ ကျိုးသဲ…ငါ့ကို ပြောပါ…”

ကောင်းကင်ဘုံအင်ပါယာက အသက်ဝဝရှိုက်သွင်းလိုက်၏။ သူသည် မဟာအင်ပါယာတစ်ပါး ဖြစ်၏။ သူသည် ရူးသွပ်တော့မတတ် ဖြစ်နေသော်လည်း သူ့ကိုယ်သူ အတင်းအကြပ် တည်ငြိမ်စေ၏။

“ဒီအစီအစဉ်ဟာ ငါ့ကလန်ရဲ့ ပါရမီရှင်တစ်ယောက်က ဖန်တီးခဲ့တာပဲ။ သူဟာ ကလန်ကနေ ခွဲထွက်သွားတဲ့ပုံပေါက်အောင် တစုံတစ်ခုကို လုပ်ဖို့ မတွေဝေခဲ့ဘူး။ သူဟာ နည်းလမ်းအများအပြား အသုံးပြုခဲ့ပြီး နောက်ဆုံးမှာတော့ သူဟာ ဒီနေရာကနေ ထွက်ခွာနိုင်ခဲ့ပြီး မဟာစိတ်ဝိညာဉ်ကလန်ကို ဖန်တီးနိုင်ခဲ့တယ်…”

“သူ သေသွားခဲ့ပေမယ့်လည်း သူဟာ ဒီအစီအစဉ်ကို ပြီးမြောက်အောင် လုပ်နိုင်ခဲ့ပြီး လက်ဆင့်ကမ်းပေးနိုင်ခဲ့တယ်။ သူဟာ ဒီအစီအစဉ်ရဲ့ သော့ချက်ကိုလည်း တွေ့ရှိခဲ့တယ်။အဲ့သော့ချက်ကတော့ ဝမ်လင်းလို့ ခေါ်တဲ့သူပဲ။ အဲ့လူဟာ လှိုဏ်ဂူလောကကနေ လာခဲ့တဲ့သူ။ သူ့ခန္ဓာကိုယ်ကို ငါ့ကလန်ဝင်က အပြည့်အဝ ပိုင်စိုးလိုက်နိုင်ရင် ဒီအစီအစဉ်ဟာ အောင်မြင်လိမ့်မှာ ဖြစ်တယ်…”

“ငါ ရှေးဘိုးဘေးမြို့ကနေ ဘာကြောင့် ထွက်နိုင်ခဲ့တာလည်း ဆိုတော့ ငါ့စိတ်ဝိညာဉ်ဟာ တောက်ဝမ်ကလန်က ပိုင်ဆိုင်ပေမယ့် ငါ့ခန္ဓာကိုယ်ကတော့ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေက ပိုင်ဆိုင်လို့ပဲ…”

ဟိုင်းဇီက ခပ်တိုးတိုး ဆိုသည်။

မဟာအင်ပါယာကျိုးသဲက အနည်းငယ် စဉ်းစားပြီးနောက် ဖြည်းဖြည်းချင်း ပြောလာ၏။ “ကောင်းကင်ဘုံအင်ပါယာ…သူမဟာ ငါ့သမီးပဲ…”

“တောက်ဝမ်ကလန်ဟာ ဒီ့အတွက် အချိန်အကြာကြီး ပြင်ဆင်ထားခဲ့တာပဲ။ သူတို့က ဝမ်လင်းရဲ့ ပုံပန်းသွင်ပြင်ကိုပါ ရှေ့ဖြစ်ကြည့်ခဲ့တယ်။ အဲ့ဒီနောက် သူတို့က ဒီအစီအစဉ်ကို လုပ်ဆောင်ခဲ့ကြတယ်…”

ကျိုးသဲက အမှန်တရားကြောင့် တုန်လှုပ်နေသော ကောင်းကင်ဘုံအင်ပါယာကို တည်ငြိမ်စွာ ကြည့်သည်။

ဝမ်လင်းသည်လည်း ကောင်းကင်ဘုံဘိုးဘေးဦးခေါင်းထဲကနေ သည်စကားများကို ကြားပေသည်။ လူတိုင်းသည် ကျိုးသဲနှင့် ဟိုင်းဇီတို့ကို အာရုံစိုက်နေကြစဉ် သူ့စိတ်ဝိညာဉ်သည် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ထဲကနေ သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ဖို့အတွက် ထွက်လာ၏။

“ဒီတော့ ဒါက အမှန်တရားပေါ့…”  သူ့မျက်လုံးက အရောင်တောက်လာပေသည်။

All Chapters