← Chapters

အင်မော်တယ်တံခါးပေါ်က အတားအဆီး

Vol. 70 Ch. 972

အင်မော်တယ်တံခါးပေါ်က အတားအဆီး

Vol. 70 Ch. 972

"အင်မော်တယ်နယ်ပယ်ပါရာဂွန်တစ်ဦးရဲ့ စိတ်ဆန္ဒ..."

"ဒီဖန်ဟိုက စံနမူနာပဲ။ အခု သူက အင်မော်တယ်နယ်ပယ်မှာ အခြားသူတွေအားလုံးထက် သာသွားပြီ။ သူဟာ ခြေလှမ်းတိုင် သာနေတော့မှာ"

"အခုကစပြီး သူဟာ နဝမတောင်ပင်လယ်မှာ ထင်ရှားကျော်ကြားလာတော့မယ်"

လူတိုင်းသည် ကောင်းကင်ထက်ရှိ မန်ဟို့ကို မော့ကြည့်ပြီး ရင်ထဲ၌ တူညီသောအတွေးတစ်ခုဖြင့် ပြည့်နှက်သွားကြ၏။ "ဒီခေတ်က သူ့ခေတ်ပဲ"

နဝမတောင်နှင့်ပင်လယ်ရှိ လူတိုင်းသည် မန်ဟို အင်မော်တယ်နန်းတော်ခြောက်သောင်းအား ဖျက်စီးပစ်လိုက်သော ခြေလှမ်းခြောက်လှမ်းအား လှမ်းလိုက်သည်ကို ကြည့်နေကြ၏။ ထိုမြင်ကွင်းကား မယုံနိုင်လောက်အောင် စိတ်နှလုံးတုန်လှုပ်ဖွယ်ကောင်းလေသည်။

ဤအခိုက်အတန့်တွင် စိစိညက်ညက်ကြေနေသော အင်မော်တယ်နန်းတော်များသည် မန်ဟို့အား ထူးခြားသွားစေ၏။ ပါရာဂွန်တံတားက ထိုပုံရိပ်၏နောက်ခံဖြစ်ရာ ထိုမြင်ကွင်းသည် စောင့်ကြည့်နေသူအားလုံး၏ စိတ်ထဲ၌ မြဲမြဲမြံမြံ စွဲထင်သွားလေပြီ။

နဝမတောင်ပင်လယ်၏ရွေးချယ်ခံများမှာ တိတ်ဆိတ်စွာ ကြည့်နေကြ၏။ ဝမ်တန်ဖေးပင်လျှင် ဆွံ့အနေသည်။ သူတို့မှာ မန်ဟို အင်မော်တယ်နန်းတော်များအား ဖျက်စီးရင်း ရှေ့လျှောက်သွားသည်ကိုသာ ကြည့်နေနိုင်၏။

ဖန်ဝေ၏မျက်နှာမှာတော့ သွေးဆုပ်ဖြူလျော်နေသည်။ မန်ဟို၏ အင်မော်တယ်ပြစ်ဒဏ်သည် အလွန်တရာ အံ့ဩတုန်လှုပ်ဖွယ်ကောင်းပြီး သူ ပြစ်ဒဏ်အား ကျော်လွှားနေသောပုံစံမှာ ရင်သပ်ရှုမောဖွယ်အတိပင်။ သို့သော် ဖန်ဝေကား အလျှော့မပေးနိုင်သေး။

"သူ အင်မော်တယ်တံခါးကို ဖွင့်ပြီးရင် အင်မော်တယ်အကြော ဘယ်နှကြောဖွင့်နိုင်မလဲ ကြည့်ကြသေးတာပေါ့" ဖန်ဝေ၏မျက်လုံးမှာ သွေးချင်းနီနေတော့သည်။

လူတိုင်း စောင့်ကြည့်နေစဉ် မန်ဟိုက သတ္တမခြေလှမ်းအား လှမ်းလိုက်သည်။ တဂျွတ်ဂျွတ် မြည်သံများ သူ၏ခန္ဓာကိုယ်မှ ထွက်လာပြီး သွေးများက သူ၏အဝတ်အစားများတွင် စွန်းထင်းသွား၏။ သူ့မျက်နှာမှာ ‌ဖြူဆုပ်နေကာ သူ၏ထာဝရအလွှာသည် သူ့ကို ကုစားပေးရန် အသည်းအသန် အလုပ်လုပ်နေသော်လည်း သူ ခံစားနေရသော တန်ပြန်ရိုက်ခတ်မှုကို လိုက်မမှီနိုင်သေးပေ။ သူ့‌ခြေထောက်နှစ်ချောင်းလုံး တုန်ရီနေသော်လည်း သူ့ခြေထောက်အောက်ရှိ အင်မော်တယ်နန်းတော်တစ်သောင်းလည်း တုန်ခါလာပြီးနောက် စိစိညက်ညက် ကြေကုန်ကြသည်။

မန်ဟို၏မျက်လုံးများက နီရဲနေသည်။ ယခုတွင် သူသည် အင်မော်တယ်နန်းတော်များအား ဂရုပင်မစိုက်ပေ။ ယခု သူကား ပါရာဂွန်တံတား၏အပေါ်တွင် ရပ်နေနိုင်ပြီဖြစ်၍ အတိတ်မြင်ကွင်းတစ်ခုကို ရုတ်တရက် မြင်လိုက်ရ၏။ လွန်ခဲ့လေပြီးသောနှစ်များအတောအတွင်း ဤတံတားအပေါ်မှ လျှောက်သွားခဲ့သည့်လူအားလုံးကို သူ မြင်လိုက်ရလေပြီ။

ဤတံတားသည် လူများအား အမြင့်ဆုံးသို့ ရောက်ရှိစေနိုင်သော တံတားတစ်စင်းဖြစ်၏။ တံတားမှာ ဖျက်စီးခံခဲ့ရသော်လည်း ပါရာဂွန်၏အရှိန်အဝါ၊ ယခင်ဂုဏ်ကျက်သရေ၏ ပြယုဂ်ကား ရှိနေသေးသည်။ ၎င်း၏အဆုံးအထိ ရောက်ရှိသွားသော မည်သူမဆို ကောင်းကင်နှင့်မြေကြီး၏ ပါရာဂွန်ကဲ့သို့ ပြိုင်ဘက်ကင်းသော စွမ်းအားကို ခံစားရပေမည်။

ဆံပင်များ လေတွင် အကြမ်းပတမ်း လူးလွန့်နေစဉ် မန်ဟိုက ပါးစပ်မှ သွေးများကို သုတ်လိုက်သည်။ သူသည် အရှေ့ခေတ်များမှ လူများ၏ ဝိုးတိုးဝါးတား ပုံရိပ်များ ပေါ်လာပြီး သူ့အား ဖြတ်လျှောက်သွားကြသည်ကို ကြည့်နေ၏။

"ငါလည်း လုပ်နိုင်တယ်" သူက ရှစ်လှမ်း‌မြောက်ကို လှမ်းရင်း ရေရွတ်လိုက်သည်။

သူ ရှစ်လှမ်းမြောက်အား လှမ်းလိုက်သည့်အခိုက်အတန့်တွင် ပါရာဂွန်တံတားသည် ထစ်ချုန်းသွားပြီး နောက်ထပ်အင်မော်တယ်နန်းတော်တစ်သောင်း ကြေမွသွားပြန်သည်။ ယခုတွင် နှစ်သောင်းသာ ကျန်တော့၏။

ကိုးလှမ်းမြောက်

မိုးနှင့်မြေမှာ တဂျုန်းဂျုန်း မြည်ဟည်းသွားပြီး စောင့်ကြည့်နေသော နဝမတောင်ပင်လယ်၏ ကျင့်ကြံသူအားလုံး ရင်ခုန်လာကြသည်။ သူတို့သည် တာအိုဆရာအစည်းအရုံးသုံးခု၏ နတ်မီးလျှံစမ်းသပ်ပွဲတွင် ဖြစ်ပွားခဲ့သမျှအရာအားလုံး ပြန်တွေးမိလိုက်ကြ၏။ ဖန်မုကို ကြည့်ရှုခဲ့စဉ်က မည်သို့ခံစားခဲ့ရသည်လဲ ပြန်တွေးမိလိုက်ကြ၏။

ယခုတွင် ထိုလူ့ကို ကြည့်နေရင်း တူညီသောခံစားချက်က သူတို့နှလုံးသားထဲ၌ ပြန်လည်ပေါက်ဖွားလာလေပြီ။

သူတို့သည် မန်ဟို့ကို ကြည့်၍ သူ ပါရာဂွန်တံတား၏ အဆုံးသို့ ရောက်ရှိကာ အင်မော်တယ်နန်းတော်အလုံးစုံကို ဖျက်စီး၍ အင်မော်တယ်တံခါး၏အရှေ့တွင် ရပ်နိုင်မည်ကို စောင့်စားနေကြစဉ် မွန်းကြပ်လာကြ၏။

တဝုန်းဝုန်းတဂျုန်းဂျုန်း ထစ်ချုန်းသံများ၏ အလယ်တွင် မန်ဟို၏မျက်လုံးများသည် တိုက်ခိုက်လိုစိတ်တို့ဖြင့် တောက်ပနေ၏။ အင်မော်တယ်နန်းတော်တစ်သောင်း ထပ်မံ ဖျက်စီးခံနေရစဉ် သူက  နောက်ဆုံးခြေလှမ်း ...

ဆယ်လှမ်းမြောက်ခြေလှမ်းကို လှမ်းလိုက်သည်။

သူ နောက်ဆုံးခြေလှမ်းကို လှမ်းလိုက်သဖြင့်  ပါရာဂွန်တံတားအောက်ရှိ အင်မော်တယ်နန်းတော်တစ်သောင်းမှာ စိစိညက်ညက် ကြေမွသွားတော့သည်။ ၎င်းတို့ အစိတ်စိတ်အမြွှာမြွှာဖြစ်၍ အပိုင်းအစများအဖြစ် ပြန့်ကြဲသွားစဉ် ဒေါသတကြီးဟိန်းဟောက်လိုက်သံကဲ့သို့ အသံကြီးတစ်သံက ဒွန်တွဲလိုက်ပါသွား၏။

ကြည့်ရသရွေ့ ၎င်းတို့မှာ ဖျက်စီးခံလိုက်ရသောအဖြစ်ကို လက်မခံနိုင်သည့်အလား၊ မန်ဟို ဤနည်းလမ်းဖြင့် အစစ်အမှန်အင်မော်တယ်ဖြစ်လာမည်ကို အသိအမှတ်မပြုလိုသည့်အလားပင်။

သို့သော် အသိအမှတ်ပြုပြုမပြုပြု ... သူတို့အနေဖြင့် လက်ခံရုံမှတစ်ပါးအခြားမရှိ‌ပေ။

အင်မော်တယ်နန်းတော်တစ်ခုမကျန် ဖျက်စီးရှင်းလင်းခံလိုက်ရလေပြီ။ ထို့နောက် ပါရာဂွန်တံတားသည် မန်ဟို၏ခြေထောက်အောက်မှ တစတစ မှေးမှိန်ပျောက်ကွယ်သွား၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းကား မရှိတော့ပေ။ တန်ပြန်ရိုက်ခတ်မှုက သူ့ပါးစပ်မှ သွေးများမှ ပန်းထွက်သွားစေသဖြင့် သူ့မှာ ယိမ်းယိုင်သွားသည်။ သူသည် ကောင်းကင်ထက်မှ ပြုတ်ကျတော့မည့်အလား ဒယိမ်းဒယိုင် ဖြစ်သွား၏။ သို့သော် သူသည် သူ့ကိုယ်သူ ထိန်းလိုက်ပြီး သူ့ခန္ဓာကိုယ်မှာ ပြိုကွဲသွားတော့မည့်အလား ပြင်းပြင်းထန်ထန် တုန်ခါလာလေသည်။

ပါရာဂွန်တံတားသည် မန်ဟို့အတွက် ဝှက်ဖဲတစ်ချပ်ဖြစ်သော်လည်း သူ့ကျင့်ကြံအဆင့်ကို ထည့်တွက်လျှင် သူ့လုပ်နိုင်သမျှမှာ ဆယ်လှမ်းလှမ်းရုံသာ ဖြစ်သည်။ အင်မော်တယ်နန်းတော်များကို ဖြတ်သန်းပြီးနောက် တန်ပြန်ရိုက်ခတ်မှုက သူ့အား ဒဏ်ရာဆိုးဆိုးဝါးဝါး ရစေခဲ့သည်။ သူ၏ စိတ်စွမ်းအားသာ အနည်းငယ်အားနည်းခဲ့လျှင် အဆုံးအထိပင် ရောက်နိုင်ခဲ့မည်မဟုတ်ပေ။

သို့သော် တန်၏။

မန်ဟိုသည် မျက်လုံးများ စူးရှတောက်ပနေလျက် ကြီးကျယ်ခမ်းနားသော အင်မော်တယ်တံခါးကြီး၏အရှေ့တွင် ရပ်နေလေပြီ။

အလွန်ကျယ်လောင်သော ထစ်ချုန်းသံကြီးများက ဖန်မျိုးနွယ်စု၊ အရှေ့အောင်ပွဲဂြိုဟ်နှင့် နဝမတောင်ပင်လယ်လောကတစ်ခုလုံးတွင် ပဲ့တင်ထပ်သွား၏။

ဖန်မျိုးနွယ်ဝင်များမှာ ဆူညံပွက်လောရိုက်နေပြီး အရှေ့အောင်ပွဲဂြိုဟ်ပေါ်ရှိ ကျန်ကျင့်ကြံသူများမှာလည်း ထိုနည်းတူ တုန်လှုပ်နေကြသည်။

"သူ ခြေလှမ်းဆယ်လှမ်းနဲ့ အင်မော်တယ်နန်းတော်တွေကို ဖျက်စီးလိုက်ပြီ။ ဖန်ဟို လုပ်လိုက်နိုင်ပြီ"

"သူက အင်မော်တယ်ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်တွေကို ‌ဖြိုခွင်းပြီး အင်မော်တယ်နန်းတော်တွေကို ဖျက်စီးခဲ့တယ်။ ပြစ်ဒဏ်ကို ဒီလိုမျိုး ကျော်လွှားတာ ... ကြားတောင်မကြားဖူးဘူး။ သူက တကယ်ပဲ ဖန်မုဆိုတဲ့အတိုင်းပါလား"

"သူက ပြစ်ဒဏ်ကို တွန်းလှန်ရင်း ကျော်လွှားနေတာ။ ဘယ်လောက်လွှမ်းမိုးကြီးစိုးလိုက်သလဲ။ အဲ့ဒါက သူ့တာအိုရဲ့ သဘောသဘာဝများလား"

၎င်းသည် မည်သူမှ သူ့လမ်းကို မပိတ်နိုင်သည့်အလား လွှမ်းမိုးကြီးစိုးနေသော အရှိန်အဝါတစ်ခုဖြစ်၏။ သို့မဟုတ် သူက နောက်ဆုံးတွင် လူတိုင်းကို ကျော်တက်နိုင်မည်ဖြစ်ကြောင်း အခိုင်အမာယုံကြည်၍ သူ့ကိုယ်သူသာ ကျော်တက်ချင်နေသည်ဟု ဆိုလျှင် ပိုမှန်မည်။

သူသည် အခြားသူအကုန်လုံးကို လျစ်လျူရှု၍ သူ့ကိုယ်သူသာ ပြိုင်ဆိုင်နေ၏။

သူ၏ပင်ကိုယ်စရိုက်သော်လည်းကောင်း၊ သူ၏ပြောစကားများသော်လည်းကောင်း အရေးမကြီးပေ။ ဤအရာများသည် အတုအယောင်များသာ ဖြစ်၏။ သူ၏စိတ်မှန်သော စိတ်ဆန္ဒက ... လွှမ်းမိုးကြီးစိုးလိုသည့် ဆန္ဒတစ်ခုဖြစ်သည်။

လွတ်လပ်မှု၊ အနှောင်အဖွဲ့ကင်းမှု၊ ထိုအရာနှစ်ခုသည်လည်း လွှမ်းမိုးကြီးစိုးနေ၏။

တိုက်ရိုက်သွေးဆက်များမှာ အတိုင်းထက်အလွန် စိတ်လှုပ်ရှားနေကြသည်။ ကျန်ဖန်မျိုးနွယ်ဝင်များမှာ ဆူညံပွက်လောရိုက်နေ၏။ အရှေ့အောင်ပွဲဂြိုဟ်မှတော့ အုတ်အော်သောင်းနင်းဖြစ်နေချေပြီ။

ဂိုဏ်းများနှင့် မျိုးနွယ်စုအားလုံးသည် မန်ဟို ပြစ်ဒဏ်အား ကျော်လွှာနေပုံနှင့်ပတ်သက်၍ နက်နက်ရှိုင်းရှိုင်း အံ့အားသင့်ကုန်ကြ၏။

"သူက အခု အင်မော်တယ်တံခါးရဲ့အရှေ့ ရောက်သွားပြီ။ တံခါးကို ဖွင့်ဖို့ပဲ ကျန်တော့တယ်"

"အင်မော်တယ်တံခါးကို တွန်းဖွင့်၊ အင်မော်တယ်အလင်းထဲမှာ သန့်စင်ဆေးကြောပြီး အင်မော်တယ်အကြောတွေကို ဖွင့်ရမယ်"

"သူ အင်မော်တယ်အကြော ဘယ်နှကြော ဖွင့်နိုင်မလဲမသိဘူး"

ရွေးချယ်များနှင့် ခေါင်းဆောင်ကြီးများအပါအဝင် နဝမတောင်ပင်လယ်၏ကျင့်ကြံသူအားလုံးမှာ ထိုနည်းတူ သိချင်နေကြ၏...  မန်ဟို အင်မော်တယ်အကြော ဘယ်နှကြောဖွင့်နိုင်မည်နည်း။

"သူက သူ့ကိုယ်သူ အဆင့် (၁၀) အင်မော်တယ်တစ်ဦးနဲ့ ညီမျှတဲ့အထိ စွမ်းအားစုစည်းခဲ့ပြီးပြီ။ ဒါကြောင့် အကြော (၉၉) ကြော ဖွင့်နိုင်လောက်တယ်"

"သူ ... အင်မော်တယ်အကြော (၁၀၀) များ ဖွင့်နိုင်လောက်မလားပဲ"

လူတိုင်း မန်ဟို အင်မော်တယ်အကြောဘယ်နှကြော ဖွင့်နိုင်မလဲ ဆိုသည့်ကိစ္စအား ဆွေးနွေး‌ငြင်းခုံနေကြသဖြင့် နဝမတောင်ပင်လယ်၏ နေရာအနှံ့အပြားတွင် ပွက်လောရိုက်မှုများ ဆက်လက်ဖြစ်ပွားနေသည်။ ဤအခိုက်အတန့်တွင် လူတိုင်း ၎င်းအား သိချင်နေကြလေပြီ။

"သူ ဘယ်လောက် ဖွင့်နိုင်မလဲ..." ဖန်းတုံးအာက သလင်းမှန်သားပြင်ကို ကြည့်၍ တွေးသည်။

လီလင်းအာသည် တိတ်ဆိတ်စွာ ရပ်နေသော်လည်း သူမရင်ထဲတွင် မေးခွန်ကို ဖြေထားပြီးလေပြီ။ မန်ဟိုကား သေချာပေါက် .... အကြော (၁၀၀) ဖွင့်နိုင်လိမ့်မည်။

ကျောက်ရီဖန်း၊ ထိုက်ယန်ကျစ်၊ စုန့်လောတန်၊ စွန်းဟိုက်နှင့် ကျန်ရွေးချယ်ခံအားလုံး အသက်ရှူမှားနေကြသည်။

ယခုတွင် ဖက်တီး၊ ချန်ဖန်းအပြင် မန်ဟိုနှင့် ရင်းနှီးသော တခြားလူများပင်လျှင် သက်ဆိုင်ရာဂိုဏ်းများမှ‌‌ ဖြစ်ပျက်နေသောမြင်ကွင်းအား ကြည့်နေကြလေပြီ။

တောင်ကောင်းကင်ဂြိုဟ်ပေါ်တွင် ရွှေတုန်းလျှိုက ‌မော့ကြည့်လိုက်ပြီး အပြုံးတစ်စက သူ၏မျက်နှာထက်တွင် ဖြစ်ထွန်းသွား၏။

"သူ့ခေတ် ... အစစ်အမှန်အင်မော်တယ်ခေတ် ရောက်ရှိလာခဲ့ပြီ"

ဖန်ရှုံ့ဖုန်းနှင့် မန်လီသည် ဧရာမကြေးမုံတစ်ချပ်ကို ကြည့်ရင်း တန်မျှော်စင်ထဲ၌ ရပ်နေကြ၏။ ထိုကြေးမုံထဲတွင် အရှေ့အောင်ပွဲဂြိုဟ်နှင့် မန်ဟို့ကို သူတို့ မြင်‌ရလေသည်။

ထိုနည်းတူ တောင်ကောင်းကင်ဂြိုဟ်၏ သွေးမိစ္ဆာတောင်ပေါ်တွင်လည်း ယခင်က သေဆုံးနေခဲ့သည့်အလား ဖြစ်ခဲ့သော သွေးမိစ္ဆာဂိုဏ်းချုပ်၏ အရှိန်အဝါသည် နောက်ဆုံးအသက်စွမ်းအားအစအ‌နလေးဖြင့် ရုတ်တရက် လှုပ်ရှားလာ၏။

"နောက်ဆုံးတော့ ...." ရှေးဆန်သောအသံကြီး ပဲ့တင်ထပ်လာသည်။ "ငါ မသေခင်မှာပဲ ငါ ‌စောင့်စားနေခဲ့တဲ့ အခိုက်အတန့် ရောက်လာခဲ့ပြီ။ မင်းကို ငါ့ရဲ့နောက်ဆုံးလက်ဆောင် ကံကြမ္မာကောင်းပေးဖို့ အချိန်ကျပြီ ကောင်လေး"

တစ်ခါက အင်မော်တယ်ရှေးဟောင်းတာအိုဆရာဝတ်ပြုကျောင်းတည်ရှိခဲ့ဖူးသော နေရာတွင် ယခုတော့ ချောက်နက်ကြီးသာ ရှိတော့၏။ ဤအခိုက်အတန့်၌ အဘိုးကြီးတစ်ယောက်က ကြယ်တာရာကောင်းပင်အား မော့ကြည့်ရင်း ရုတ်တရက် ပေါ်လာသည်။ သူ့ဘေးတွင် အသက်စွမ်းအားအနည်းငယ် လှုပ်ရှားသက်ဝင်နေသော ညှိုးခြောက်ခြောက် ရှင်သန်ခြင်းနှင်းပန်းတစ်ပွင့်ရှိ၏။

"အင်မော်တယ်အကြောတွေ ..." အဘိုးကြီးက ရေရွတ်လိုက်သည်။ "မင်း သူ့အပေါ် ကံကြွေးတချို့ အကြွေးတင်နေတယ် သိလား။ အာ ထားလိုက်ပါတော့။ မင်းအစားပဲ ပြန်ဆပ်ပေးလိုက်တော့မယ်" သူက သူ့ဘေး မြေကြီးထက်ရှိ ခြောက်ကပ်နေသော ရှင်သန်ခြင်းနှင်းပန်းကို ငုံ့ကြည့်လိုက်သည်။

အင်မော်တယ်ဧကရာဇ်ဘုရားကျောင်းထဲတွင် စွန်းဟိုက် ရပ်နေသည်။ မိန်းကလေးတစ်ဦးက ဟင်းလင်းပြင်ကို ငေးကြည့်ရင်း သူ့ဘေးတွင် ရှိနေသည်။ အင်မော်တယ်ဧကရာဇ်ဘုရားကျောင်း၏ ဂိုဏ်းသားအားလုံး မှန်သားပြင်ကြီးတစ်ခုအား ကြည့်နေကြပြီး ၎င်းအပေါ်၌ မန်ဟို့ကို မြင်ရနိုင်လေသည်။

"လုပ်လိုက်စမ်း မောင်လေး။ နင် အကြော (၁၀၀) ဖွင့်ရမယ်" မိန်းကလေးက တစ်ယောက်တည်း ရေရွတ်လိုက်သည်။ သူမကား ဖန်ယုမှတစ်ပါး အခြားမဟုတ်ပေ။ ရုတ်တရက် သူမသည် ကြက်သီးထဖွယ် အကြည့်ကို ခံစားလိုက်ရသဖြင့် ဒေါသတကြီးလှည့်၍ စွန်းဟိုက်အား ရက်ရက်စက်စက် ဆောင့်ကန်လိုက်တော့သည်။ စွန်းဟိုက်မှာ နာသွားသော်လည်း အရူးအမူးချစ်နေသောအရိပ်အယောင်က သူ့မျက်နှာထက်တွင် ပေါ်လာပြီး သူမကို ပြန်လှည့်ကြည့်၏။

"ကလေးလေး ၊ ကိုယ့်ကို ကြိုက်သလိုသာ ကန်နော်။ နာနာကန်လေ ၊ ကြိုက်လေပဲ..."

သူ့မျက်နှာထားနှင့် သူ့စကားလုံးများက ဖန်ယုအား ကြက်သီးတဖြန်းဖြန်း ထသွားစေတော့သည်။

လူတိုင်း ယခုတွင် မန်ဟို့ကို မမှိတ်မသုန် အာရုံစိုက်နေကြသည်....

သူက  ဧရာမအင်မော်တယ်တံခါးကြီးကို မော့ကြည့်လိုက်၏။ ၎င်းနှင့်ယှဉ်လျှင် သူ့မှာ သဲမြူမှုန်လေးအလားပင်။

"အင်မော်တယ်တံတား ... " သူက ရေရွတ်သည်။ သူ၏မျက်လုံးများသည် တိုက်ခိုက်လိုစိတ်တို့ဖြင့် တဖျပ်ဖျပ် လက်နေပြီး ဒဏ်ရာများ ကုစားနေသည့်အချိန်မှာပင် သူသည် ရှေ့တက်၍ လက်သီးဆုပ်ကာ အင်မော်တယ်တံခါးအား ထိုးချလိုက်၏။

"ပွင့်စမ်း" သူက မိုးခြိမ်းသံကြီးသဖွယ် ဟိန်းထွက်သွားသော အသံကြီးဖြင့် ဟိန်းဟောက်လိုက်သည်။ သူ့လက်သီးက အင်မော်တယ်တံခါးနှင့် မိတ်ဆက်သွားသည့်အခါ အုန်းခနဲ အသံကျယ်ကြီး မြည်ဟည်းသွားသည်။။ အသံက မြေပြင်များကို တုန်ခါသွားစေရင်း ပဲ့တင်ထပ်လာ၏။ ရုတ်တရက် တံခါးကား ဟသွားလေပြီ။

အဟကြောင်း ပေါ်လာလျှင်ချင်း အကန့်အသတ်မရှိသော အင်မော်တယ်အလင်းတို့က မိုးကောင်းကင်ကို လင်းထိန်သွားစေရင်း ကြယ်တာရာကောင်းကင်ထဲသို့ ဖြာထွက်လာသည်။

တောက်ပသော အင်မော်တယ်လင်းရောင်ခြည်တို့သည် အင်မော်တယ်တံခါးမှ စီးမျောထွက်လာကာ အမှောင်ထုကိုခွင်း၍ အရာခပ်သိမ်းကို လင်းရောင်ဆောင်ကြဉ်းပေးလိုက်သော အလင်းတန်းတစ်တန်း ဖြစ်လာ၏။

၎င်းက သေး‌ငယ်သော အဟကြောင်းလေးသာ ဖြစ်သော်ငြား အင်မော်တယ်အလင်းရောင်သည် မန်ဟို့ကိုယ်ထဲ ထိုးဖောက်စီးဝင်လာသော အစွမ်းထက်အင်မော်တယ်ချီတို့ဖြင့် ပြည့်နှက်နေ၏။

သူ၏မျက်လုံးများက စူးရှတောက်ပလာသည်။ ကျင့်ကြံသူအားလုံးက အနီးကပ်ကြည့်နေကြပြီး သူတို့၏စိတ်ထဲတွင် သူ အောင်မြင်မည်လား၊ ကျရှုံးမည်လား တွေးမနေကြပေ။ သူ အောင်အောင်မြင်မြင် ဖွင့်နိုင်မည်ကို သူတို့ သိသည်။

သူတို့ သိချင်သည်မှာ တံခါး ပွင့်သွားပြီးနောက် သူ အင်မော်တယ်အကြောမည်မျှ ဖွင့်နိုင်မလဲဆိုသည်ကိုပင်။

အင်မော်တယ်ချီများ သူ၏ခန္ဓာကိုယ်ထဲ စီးဝင်နေစဉ် မန်ဟို၏အမူအရာမှာ ခိုင်မာပြတ်သားနေ၏။ သူ၏လက်ရှိ အင်မော်တယ်အကြောရှစ်ကြောသည် အင်မော်တယ်ချီများကို စုပ်ယူ၍ သူ့အား သန်မာလာစေရင်း ပတ်ဝန်းကျင်တွင် သောင်းကျန်းလှည့်ပတ်နေသော နဂါးရှစ်ကောင်အသွင်ပြောင်းသွား၏။

သို့သော် အတန်ငယ်ဟရုံလေးက မန်ဟို့အတွက် မလုံလောက်ပေ။

သူ၏မီတာ (၃၀၀၀၀) ဓမ္မဆင်းတုကြီးက သူ့အနောက်တွင် ပေါ်လာသည်။ ၎င်းက ရွှေရောင်အလင်းကို ထုတ်လွှတ်လျက် ရှေ့တက်လိုက်၏။ တစ်ချိန်တည်းမှာပင် မန်ဟိုသည် ရွှေရောင်သိမ်းငှက်ကြီးအသွင်ပြောင်းကာ ဓမ္မဆင်းတုကြီးနှင့်အတူ အင်မော်တယ်တံခါးကို ဆောင့်တိုက်လိုက်သည်။

"ပွင့်စမ်း" သူက မာန်သွင်းဟိန်းဟောက်လိုက်ပြန်ရင်း တံခါးကို ပြေးဝင်တိုက်လိုက်ရာ ၎င်းသည် အတန်ငယ်ထပ်ဟသွား၏။

ပို၍များပြားသော အင်မော်တယ်အလင်းရောင်တို့က အားကောင်းသော အင်မော်တယ်ချီများနှင့်အတူ စီးမျောထွက်လာသည်။

ဤအခိုက်အတန့်တွင် မရေမတွက်နိုင်သော ကျင့်ကြံသူများသည် မန်ဟို အင်မော်တယ်တံခါးအား တိုက်ခိုက်နေသည်ကို ကြည့်ကာ ပင့်သက်ရှိုက်မိလိုက်ကြ၏။

အံ့ဖွယ်စွမ်းအားတစ်ရပ်က အင်မော်တယ်တံခါးမှ ဖြာထွက်လာပြီး အင်မော်တယ်ချီတို့ မန်ဟို့ကိုယ်ထဲ စီးဝင်လာစဉ် မန်ဟို့ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ သို့သော် သူ့မျက်လုံးများမှာ ယခင်ထက်ပင်ပို၍ စူးရှတောက်‌ပနေသည်။

သူက ညာလက်ကို မြှောက်ကာ မရေမတွက်နိုင်သော တောင်များ ပေါ်လာစေသည်။ ၎င်းတို့က အတူတကွ ပေါင်းစည်းရင်း အင်မော်တယ်တံခါးအား ပြေးဝင်တိုက်လိုက်၏။

တစ်ချိန်တည်းမှာပင် အင်မော်တယ်တံခါးကို ပြေးဝင်တိုက်လိုက်သော သွေးမိစ္ဆာခေါင်းကြီးတစ်ခေါင်းလည်း ပေါ် လာခဲ့သည်။

ထို့အပြင် သူ၏မီတာ (၃၀၀၀၀) အမြင့် ဓမ္မဆင်းတုကြီးက တံခါးအား ၎င်း၏လက်ကြီးနှစ်ဖက်ဖြင့် ထုရိုက်လိုက်သည်။ ‌မိုးနှင့်မြေမှာ တသိမ့်သိမ့် တုန်ခါသွားပြီး ပေါက်ကွဲသံများ အရပ်လေးမျက်နှာတွင် မြည်ဟည်းသွား၏။ အင်မော်တယ်တံခါးက တဖြေးဖြေး ကျယ်ကျယ်လာကာ အင်မော်တယ်အလင်းရောင်နှင့် အင်မော်တယ်ချီတို့ ပိုမိုထွက်လာစေသည်။

ဤအခိုက်အတန့်တွင် တံခါးသည် လူတစ်ကိုယ် တိုးဝင်စာအထိ .... ပွင့်သွားခဲ့လေပြီ။

***

All Chapters