ရှေးဘိုးဘေးကျိန်စာ
Vol. 148 Ch. 2047
ကျိုးသဲက ကောင်းကင်ဘုံအင်ပါယာကို ကြည့်ကာ ဒီအခြင်းအရာများ၏ ဇစ်မြစ်ကို ရှင်းပြလာသည်။ “ဒီအစီအစဉ်ဟာ တောက်ဝမ်ကလန်ရဲ့ ပါရမီရှင်တစ်ယောက်က ပြုလုပ်ခဲ့တာ။ သူက ငါ့ကို မဟာအင်ပါယာတစ်ပါး ဖြစ်လာအောင် ကူညီပေးခဲ့ပြီး အဲ့အတွက် ငါ့အကူအညီကိုလည်း တောင်းခံခဲ့တာပဲ…”
“ပြီးခဲ့တဲ့ ကောင်းကင်ဘုံအင်ပါယာ သေဆုံးခဲ့ချိန်၊ မင်း ထီးနန်းကို ဆက်ခံခဲ့ချိန်က အရင်အင်ပါယာဆရာသခင်က ငါ့ကို ရှာလာခဲ့တယ်။ အဲ့အစီအစဉ်အရ ငါတို့ဟာ လက်ထပ်ခဲ့ရပြီး ကလေးမငယ်လေး မွေးဖွားခဲ့တယ်…”
“ဒီကလေးဟာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပေမဲ့ စိတ်ဝိညာဉ်ကတော့ တောက်ဝမ်ကလန်ရဲ့ စိတ်ဝိညာဉ် ဖြစ်တယ်။ အစတုန်းကတော့ ဒီလိုမျိုးဟာ ကောင်းကင်ဘုံဘိုးဘေးရဲ့ ချိပ်ပိတ်မှုအောက်မှာ ဖြစ်မလာနိုင်ဘူး။ ဘာလို့လဲဆိုတော့ ဒီချိပ်ပိတ်မှုက အားကောင်းလွန်းခဲ့လို့ပဲ…”
“ဒါပေမဲ့လည်း ကောင်းကင်ဘုံဘိုးဘေးဟာ သေဆုံးခဲ့တာ ကြာမြင့်လွန်းခဲ့ပြီ ဖြစ်တဲ့အတွက် နောက်ပိုင်းမှာ ချိပ်ပိတ်မှုဟာ အားနည်းလာခဲ့တယ်။ တောက်ဝမ်ကလန်ရဲ့ ပါရမီရှင်ဟာ ဒီအစီအစဉ်ကို ချမှတ်ခဲ့တယ်။ ဒါကို ပြီးမြောက်အောင်မြင်ဖို့အတွက် တောက်ဝမ်ကလန်က ချိပ်ပိတ်မှုစွမ်းအားကို တိုက်ခိုက်ဖို့ သူတို့ရဲ့ စိတ်ဝိညာဉ်တွေကို စတေးခဲ့ကြတယ်…”
“အဲ့အချိန်ကစလို့ တောက်ဝမ်ကလန်ဝင် အရေအတွက်ဟာ လျော့ကျလာခဲ့တာပဲ။ ဒီမျိုးဆက်ထိဆို နှစ်ယောက်ပဲ ကျန်ခဲ့တော့တယ်။ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာခဲ့တဲ့နောက် သေဆုံးသွားတဲ့ တောက်ဝမ်ကလန်ဝင်တွေဟာ သူတို့ရဲ့ အထူးနည်းလမ်းတွေကို အသုံးပြုပြီး ဟိုင်းဇီရဲ့စိတ်ဝိညာဉ်ကို ကာကွယ်ဖို့အတွက် သူမရဲ့ ကိုယ်ထဲမှာ သူတို့ရဲ့ စိတ်ဝိညာဉ်တွေကို ထည့်သွားခဲ့တယ်။
“သူမ ရှေးဘိုးဘေးမြို့ကနေ မသေဘဲ ထွက်ခွာနိုင်တဲ့အကြောင်းရင်းက သူမရဲ့ ခန္ဓာကိုယ်ကြောင့်အပြင် တောက်ဝမ်ကလန်ဝင်အားလုံးရဲ့ စိတ်ဝိညာဉ်တွေ ကာကွယ်မှုကြောင့်လည်း ပါဝင်တယ်…”
“တောက်ဝမ်ကလန်တခုလုံးဟာ ဟိုင်းဇီရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဒီအစီအစဉ်ကို ပြီးမြောက်အောင်မြင်အောင်လို့ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကုန်ဆုံးခဲ့တယ်။ သူမဟာ ဒီအစီအစဉ်ကို ပြီးမြောက်စေနိုင်မယ့် တစ်ဦးတည်းသောသူပဲ…”
ကျိုးသဲက ကောင်းကင်ဘုံအင်ပါယာကို ကြည့်ကာ သည်အဖြစ်အပျက်တို့၏ ဇစ်မြစ်ကို ရှင်းပြပေးသည်။
“သူမဟာ မင်းသမီးဖြစ်တဲ့အတွက်ကြောင့် သံသယမဝင်ခံရဘဲ ကူညီနိုင်စွမ်း ရှိခဲ့တာပေါ့။ ဒါ့အပြင် မင်းဟာ တောက်ဝမ်ကလန်ရဲ့ ကျေးဇူးရှင် ဖြစ်လာခဲ့ပြီး အပူဇော်ခံမီးတောက်တွေကိုပါ ရရှိနိုင်ခဲ့တယ်မလား။ တောက်ဝမ်ကလန်က ဒီချိပ်ပိတ်မှုကို ပယ်ဖျက်နိုင်အောင်လို့ ဘာတန်ဖိုးမဆို ပေးခဲ့တာပဲ…”
ကောင်းကင်ဘုံအင်ပါယာက သက်ပြင်းချလိုက်၏။ သူသည် စိတ်ရှုပ်ထွေးဟန် အမူအရာ ဖြစ်ပေါ်နေသည်။
“ဟိုင်းဇီအပြင် နောက်ဆုံးကျန်ခဲတောက်ဝမ်ကလန်ဝင်ဟာ ခုလေးတင် သေသွားခဲ့တဲ့ အင်ပါယာဆရာသခင်ပဲ။ တကယ်တော့ မင်းဟာ တောက်ဝမ်ကလန်ရဲ့ ချိပ်ပိတ်မှုကို ဖြေလျှော့ပေးခဲ့မှာ မဟုတ်ဘူး။ ဒါပေမဲ့ တောက်ဝမ်ကလန်ရဲ့ ဘိုးဘေးက မင်းရဲ့ လုပ်ဆောင်မှုတွေကို ရှေ့ဖြစ်ကြည့်ခဲ့တယ်။ သူက မင်းဟာ ကောင်းကင်ဘုံဘိုးဘေးရဲ့ အမွေအနှစ်ကို လိုချင်တာကို သိခဲ့တယ်။ ပြီးတော့ မင်း မဟာအင်ပါယာလေးယောက်ရဲ့ ဖိအားကို ရင်ဆိုင်ရတဲ့အခါ လက်လျှော့မှာ မဟုတ်ဘဲ တိုက်ခိုက်ဖို့ ရွေးချယ်လိမ့်မှာကိုလည်း သူ သိခဲ့တယ်…”
“ဒီအစီအစဉ်ရဲ့ သော့ချက်ဟာ ကောင်းကင်ဘုံဘိုးဘေးဦးခေါင်းထဲက ချိပ်ပိတ်မှုစွမ်းအားကို ပယ်ဖျက်တာသာ ဖြစ်တယ်။ ဒီလိုလုပ်ဖို့အတွက်လည်း ခန္ဓာကိုယ်ပိုင်စိုးခံရတဲ့ သူတစ်ယောက်ဟာ ကောင်းကင်ဘုံဘိုးဘေးဦးခေါင်းထဲ စုပ်ယူခံရဖို့ လိုတယ်…”
“ဒါ့ကြောင့် ဝမ်လင်းဟာ အတော် အရေးပါခဲ့တာ…”
ကောင်းကင်ဘုံအင်ပါယာသည် ငြိမ်သက်စွာ စဉ်းစားနေ၏။ သူသည် ကျိုးသဲနှင့် ဟိုင်းဇီတို့ကို ခါးသီးဟန်ဖြင့် ကြည့်သည်။ ထို့နောက် သူ စကားဆိုလာသည်။
“အကယ်၍ ငါသာ ချိပ်ပိတ်မှုကို မဖြေလွှတ်ခဲ့ရင် အဲ့အစား ကောင်းကင်ဘုံဘိုးဘေးရဲ့ ကျင့်ကြံမှု အမွေအနှစ်ကို လက်လျှော့ခဲ့ရင်တော့ မင်းရဲ့ အစီအစဉ်ဟာ အချည်းနှီး ဖြစ်သွားခဲ့မှာ မဟုတ်လား…”
“ငါ အနိုင်ရမှာပဲ…” ထိုသို့ ပြောလာသူမှာ ကျိုးသဲ မဟုတ်ပေ။ ဟိုင်းဇီ ဖြစ်နေ၏။ ခုလက်ရှိ ဟိုင်းဇီသည် အရင်နှင့် လုံးတ ကွဲပြားသွားသည်။ သူမထံမှ ဆန်းကြယ်သောအော်ရာတစ်ခုကို ပေးစွမ်းနေကာ သူမက ကောင်းကင်ဘုံအင်ပါယာကို တည်ငြိမ်စွာ ကြည့်နေသည်။
“နင် ကောင်းကင်ဘုံဘိုးဘေးရဲ့ ကျင့်ကြံမှု အမွေအနှစ်ကို လက်လွှတ်ခဲ့ရင်တော့ ငါ့တောက်ဝမ်ကလန်ရဲ့ ပြင်ဆင်ထားခဲ့တဲ့ တိုက်ခိုက်မှု စတင်လိမ့်မယ်။ ကုန်းမြေခုနစ်ဆယ့်နှစ်ခု အနှံ့က စိတ်ဝိညာဉ်အားလုံးဟာ ငါ့ကလန်ရဲ့ အမိန့်ကို နာခံကြလိမ့်မယ်…”
“ဒီချိပ်ပိတ်ခံထားရတဲ့ စိတ်ဝိညာဉ်အားလုံး နိုးထလာတာဟာ ကောင်းကင်ဘုံဘိုးဘေးရဲ့ ဦးခေါင်းကို လှုပ်ခတ်စေလိမ့်မှာ ဖြစ်တယ်။ အဲ့အချိန်ကျရင် ကောင်းကင်ဘုံဘိုးဘေးကိုယ်တိုင်သာ ဒါကို ဖိနှိပ်နိုင်စွမ်း ရှိမှာ ဖြစ်တယ်…”
“နင်ဟာ ကောင်းကင်ဘုံဘိုးဘေးရဲ့ စွမ်းအားကို အမွေမဆက်ခံတာ ဖြစ်ချင်ဖြစ်မယ်။ ဒါဆိုရင် ကောင်းကင်ဘုံကလန်ဟာ ဗရမ်းဗတာ ဖြစ်ကုန်လိမ့်မယ်။ အဲ့အခါကျလို့ နင်ဟာ ကောင်းကင်ဘုံဘိုးဘေးစွမ်းအားကို အမွေဆက်ခံဖို့ ကြိုးစားလာတာနဲ့ နင်ဟာ ငါ့ကလန်ပေါ်က ချိပ်ပိတ်မှုကို ပယ်ဖျက်ပေးရမှာသာ ဖြစ်တယ်…”
ဟိုင်းဇီက ထိုသို့ ဆိုလာ၏။
“အစိမ်းရောင်ကင်းမြှီးကောက်ဘုံကျောင်းလိုလား…” ကောင်းကင်ဘုံအင်ပါယာ၏မျက်လုံးသူငယ်အိမ်မှာ ကြုံ့သွားလေ၏။
ဟိုင်းဇီက ခေါင်းညိတ်လိုက်သည်။
“တောက်ရီ၊ ဝူဖန်…မင်းတို့နှစ်ယောက်လည်း ဒီကိစ္စနဲ့ ပတ်သတ်ပြီး သိထားကြလိမ့်မယ်လို့ ငါ ယူဆတယ်…” ကောင်းကင်ဘုံအင်ပါယာ၏ အကြည့်က တောက်ရီနှင့် ဝူဖန်တို့ပေါ်သို့ ကျရောက်သွားသည်။
တောက်ရီသည် မျက်မှောင်ကြုတ်ကာ ဖြည်းဖြည်းချင်း ပြောလာသည်။ “မဟာအင်ပါယာကျိုးသဲဟာ ငါ့ရှိရောက်လာခဲ့ပြီး တောက်ဝမ်ကလန်ရဲ့ အစီအစဉ်ကို ပြောခဲ့တယ်။ ဒါပေမဲ့ ငါက ဝမ်လင်းနဲ့ ပတ်သတ်လို့တော့ ဘာမှ မသိခဲ့ဘူး။ ငါက ဝမ်လင်းဟာ သူ့အစီအစဉ်ရဲ့ သော့ချက်ဖြစ်တာကို ခုလေးမှ သိခဲ့တာ…”
ဝူဖန်ကလည်း ငြိမ်သက်စွာ စဉ်းစားနေပြီးနောက် ခေါင်းညိတ်ပြ၏။
ကောင်းကင်ဘုံအင်ပါယာက ချက်ခြင်းပင် စတင် ရယ်မောလေ၏။ သို့သော် သူ၏ ရယ်သံတွင် ခါးသီးမှုတို့ ပြည့်နေသည်။ သူက မဟာအင်ပါယာကန်းနီထံ လှမ်းကြည့်၏။
“ကန်းနီ…သင်ကရော၊ သင်ကော ဒီအစီအစဉ်ကို သိထားတာလား…”
မဟာအင်ပါယာကန်းနီး၏ မူလခန္ဓာကိုယ်မှာ တည်ငြိမ်စွာသာ ရှိနေ၏။ သူမသည် ဒီကိစ္စရပ်များကို စိတ်မဝင်စားသည့်ပုံပင်။ သူမက ကောင်းကင်ဘုံအင်ပါယာကို လှမ်းကြည့်သည်။
“ငါ ဘာမှမသိဘူး။ သိလည်း မသိချင်ဘူး။ ငါ ဝမ်လင်းကိုသာ လာခေါ်တာ ဖြစ်တယ်…။ နင်ဖြစ်ဖြစ်၊ ကျိုးသဲဖြစ်ဖြစ် ငါ့ကို တားဆီးတဲ့သူဟာ ငါ့ရန်သူပဲ…”
ကောင်းကင်ဘုံအင်ပါယာ၏ မျက်လုံးက အရောင်တောက်လာ၏။ “ဝမ်လင်း…ဝမ်လင်း…အင်ပါယာဆရာသခင်က သူ့ကို အောင်အောင်မြင်မြင် ခန္ဓာကိုယ် ပိုင်စိုးလိုက်တဲ့အတွက် သူ သေသွားခဲ့ပြီ။ သူ လှိုဏ်ဂူလောကမှာ ရှိခဲ့ချိန်တည်းက သင်တို့အားလုံးဟာ သူ့ကို စောင့်ကြည့်ခဲ့တယ်လို့ ငါ ထင်တယ်…”
“တောက်ဝမ်ကလန်ရဲ့ဘိုးဘေးက လှိုဏ်ဂူလောကထဲကနေ တစုံတစ်ယောက် ထွက်လာမယ့် အကြမ်းဖျဉ်းအချိန်ကိုပဲ ရှေ့ဖြစ်ကြည့်နိုင်ခဲ့တာ။ သူဟာ အဲ့လူဟာ ဘယ်သူလဲ၊ ဘယ်လှိုဏ်ဂူလောကကနေ ထွက်လာမလဲကိုတော့ ရှေ့ဖြစ်မကြည့်နိုင်ခဲ့ဘူး။ ဒါ့ကြောင့် ငါတို့ဟာ စောင့်နေရုံပဲ တတ်နိုင်တယ်…”
ကျိုးသဲက ခေါင်းယမ်းကာ ဆိုသည်။
“တောက်ဝမ်ကလန်ရဲ့ ပါရမီရှင်ဟာ ကောင်းကင်ဘုံနွားထီးကုန်းမြေမှာ မဟာစိတ်ဝိညာဉ်ကလန်ကို တည်ထောင်ခဲ့တာဟာ ဝမ်လင်းက အဲ့နေရာမှာ ပေါ်လာလိမ့်မယ်လို့ ရှေ့ဖြစ်ကြည့်မြင်ခဲ့လို့ပဲ။ ဒါ့ကြောင့် သူ့အစီအစဉ်ရဲ့ ပထမဆုံးအပိုင်းဟာ ဝမ်လင်းနဲ့ ဆက်စပ်မိအောင် လုပ်ဖို့ ဖြစ်တယ်…”
ကောင်းကင်ဘုံအင်ပါယာသည်လည်း ဉာဏ်ကောင်းလှသူ တစ်ဦး ဖြစ်ပေ၏။ သူက ချက်ခြင်းပင် သော့ချက်ကို မြင်ပေသည်။
ကောင်းကင်ဘုံအင်ပါယာက အပေါ်သို့ မော့ကြည့်လိုက်၏။ သူ၏အသံက ဟိန်းထွက်လာသည်။ “ဒါပေမဲ့ ငါ သိချင်တာက မဟာစိတ်ဝိညာဉ်ကလန်ဟာ ဝမ်လင်းက တောက်ဝမ်ကလန်ရဲ့ ချိပ်ပိတ်မှုကို ပယ်ဖျက်ဖို့အတွက် တန်ဖိုးတစ်ခုအနေနဲ့ ဒီတားမြစ်နန်းတော်မှာ သေဆုံးမှာကိုရော သူ သိခဲ့လား…”
“ကျိုးသဲ။ သင်က မဟာအင်ပါယာကန်းနီကို ဒီကို မျှားခေါ်နိုင်ဖို့ ဝမ်လင်းကို အသုံးပြုခဲ့တယ်။ ဒါမှမဟုတ်ရင် သင်တို့သုံးယောက်ဟာ ငါ့ကို ကောင်းကင်ဘုံဘိုးဘေးရဲ့ စွမ်းအားကို အတင်းအကြပ် စုပ်ယူဖို့ ကြိုးစားအောင် ဖိအားပေးနိုင်လိမ့်မှာ မဟုတ်ဘူး…”
“သင်က ဩဇာအင်ပါယာမန်တောက်၊ တောက်ဖေ၊ ငါနဲ့ ချိပ်ပိတ်ခံစိတ်ဝိညာဉ်ခုနစ်ဆယ့်နှစ်ခုကိုပါ အသုံးပြုခဲ့တယ်။ သင်ဟာ ဒါတွေအားလုံးကို လုပ်ဆောင်ခဲ့တာဟာ တောက်ဝမ်ကလန်တစ်ခုတည်းအတွက် ဖြစ်လိမ့်မယ်လို့ ငါ မယုံဘူး။ သူမက သင့်ရဲ့ သမီး ဖြစ်နေရင်တောင်မှပေါ့…”
“ပြီးတော့…မင်းတို့နှစ်ယောက်၊ တောက်ရီနဲ့ဝူဖန်။ မင်းတို့ ဒီကို ရောက်လာခဲ့တာဟာ ကျိုးသဲက မင်းတို့ကို အကျိုးအမြတ်ကြီးကြီး ပေးဖို့ ကတိပေးခဲ့လို့ပဲ ဖြစ်ရမယ်…”
“မင်းတို့ ငါ့ကို အမှန်တိုင်း ပြောပြနေတဲ့အကြောင်းရင်းဟာလည်း မင်းတို့ ငါ့ရဲ့ ပူးပေါင်းဆောင်ရွက် လိုအပ်တဲ့ တစုံတစ်ခု ရှိနေလို့ပဲ ဖြစ်မယ်…”
“ကန်းနီတစ်ယောက်သာ ဘာမျှ မရခဲ့ဘဲ ကျိုးသဲနဲ့ တောက်ဝမ်ကလန်ရဲ့ အသုံးချတာ ခံခဲ့ရတာ…” ကောင်းကင်ဘုံအင်ပါယာသည် စကားလုံးတို့ကို အသုံးပြုကာ ကန်းနီ၏အကူအညီရရန် ကြိုးပမ်းလာသည်။
ကန်းနီသည် ငြိမ်သက်စွာ စဉ်းစားနေ၏။ သူမသည် မူလခန္ဓာကိုယ်အဖြစ်သို့ ပေါင်းစည်းပြီးနောက် ဤအခြင်းအရာများကို မည်သို့ မတွေ့မြင်ဘဲ နေပါ့မည်နည်း။
“ကောင်းကင်ဘုံအင်ပါယာ။ ငါတို့က မင်းကို မသတ်ချင်ဘူး။ မင်းအနေနဲ့ မင်းရဲ့ သွေးမျိုးဆက်ကို အသုံးပြုပြီး ကောင်းကင်ဘုံဘိုးဘေးဦးခေါင်းကို ဖြတ်ပိုင်းဖို့ပဲ လိုအပ်တယ်။ မင်းဟာ ကောင်းကင်ဘုံအင်ပါယာအဖြစ်၊ မဟာအင်ပါယာတစ်ယောက်အဖြစ် ဆက်ရှိနေအုံးမှာသာ ဖြစ်တယ်…”
“မင်း ဆန္ဒမရှိရင်တော့ ငါတို့ မင်းကို သတ်ပြီး နောက်ဆုံးအဆင့်ကို ပြီးမြောက်ဖို့ မင်းရဲ့ သွေးမျိုးဆက်ကို အတင်းအကြပ် ထုတ်ယူမှ ငါတို့ကို အပြစ်လာမတင်နဲ့…”
ကျိုးသဲသည် သတ်ဖြတ်လိုစိတ် အလျင်းမရှိဘဲ တည်ငြိမ်စွာ ဆိုလာသည်။ သို့သော် သူ၏အသံကမူ အေးစက်နေသည်။
“ကန်းနီ။ ကောင်းကင်ဘုံဘိုးဘေးရဲ့ မျက်လုံးတစုံဟာ သီးခြားရှိနေတဲ့အရာတစ်ခုပဲ။ ဒါကိုသာ နင့်ရဲ့ခန္ဓာကိုယ်ထဲ စုပ်ယူနိုင်ခဲ့ရင် နင် ပြန်လည်မွေးဖွားစဉ်အတွင်း မတော်တဆ ဖြစ်ခဲ့တဲ့အရာကို ပြန်ကောင်းမွန်စေမယ့်အပြင် နင့်ရဲ့ ကျင့်ကြံမှုဟာလည်း တိုးတက်လာလိမ့်မယ်…”
“ဝူဖန်…ဒီအဘိုးအိုက ကောင်းကင်ဘုံဘိုးဘေးရဲ့ နားတစုံဟာ တာအိုအသံနဲ့ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ ဥပဒေသလမ်းကြောင်းတွေကို ကြားသိနိုင်တယ်ဆိုတာ သေချာသိတယ်။ ဒီအဘိုးအိုက ဒီနားတစုံကို မေးကို ပေးမယ်လို့ ကတိပေးထားခဲ့တယ်။ ဒါကို မင်းရဲ့ တာအိုနဲ့သာ ပေါင်းစပ်လိုက်ရင် မင်းဟာ သိုင်းပညာတာအိုရဲ့ အထွတ်အထိပ်ကို ဆင်ခြင်နားလည်နိုင်စွမ်း ရှိလိမ့်မယ်…”
“တောက်ရီ…ကောင်းကင်ဘုံဘိုးဘေးရဲ့ ဦးခေါင်းခွံဟာ လေဟာနယ်ထဲကနေ မွေးဖွားလာခဲ့တာ။ သူ့စွမ်းအားရဲ့ အနှစ်သာရဟာ အဲ့မှာ စုဝေးနေတယ်။ ဒီအဘိုးအိုက ဒီဦးခေါင်းခွံကို မင်းကို ပေးမယ်လို့ ကတိပေးထားခဲ့တယ်။ ဒါနဲ့ဆိုရင် မင်းရဲ့ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ဟာ တသားတည်း ဖြစ်လာလိမ့်မယ်…”
“ဒီအဘိုးအိုကတော့ ကောင်းကင်ဘုံဘိုးဘေးရဲ့ ဦးနှောက်ကိုပဲ လိုချင်တာ။ ဒါက ငါ့အတွက် အင်မတန်အသုံးဝင်တယ်။ ကောင်းကင်ဘုံဦးခေါင်းရဲ့ ဦးခေါင်းကို ငါတို့အားလုံး မျှမျှတတ ခွဲယူကြမယ်…”
ကျိုးသဲက ထိုသို့ ဆိုလာသည်။
“ဒီတော့ သင်က ကောင်းကင်ဘုံဘိုးဘေး မသေခင်က ချန်ရစ်ထားခဲ့တဲ့ ရှေးဘိုးဘေးကျိန်စာအကြောင်းကိုပါ သိထားတာပဲ…” ကောင်းကင်ဘုံအင်ပါယာ၏ အမူအရာက သုန်မှုန်နေပေသည်။
“ငါ နှစ်ပေါင်းများစွာ ရှာဖွေနေခဲ့တာ။ သဲလွန်စတစ်ခုကို ရှာတွေ့ခဲ့တာ သိပ်တောင် မကြာသေးဘူး။ အဲ့သဲလွန်စကြောင့် ဒီဒဏ္ဍာရီဟာ အမှန်ဖြစ်တယ်လို့ ငါ ဆုံးဖြတ်နိုင်စွမ်း ရှိခဲ့တယ်။ ကောင်းကင်ဘုံဘိုးဘေးသာ သေသွားခဲ့ရင် သူ့ခန္ဓာကိုယ်ကို ဖျက်စီးတဲ့ သူတိုင်းဟာ သေရလိမ့်မယ်…”
“ဒီအချက်က တူညီတဲ့သွေးမျိုးဆက်ကို ဆက်ခံထားတဲ့သူအတွက်တော့ မမှန်ဘူး။ ဆက်ခံသူဟာ သူတို့ရဲ့ သွေးကို အသုံးပြုပြီး ကျိန်စာစွမ်းအားကို တောင့်ခံနိုင်ပြီး အဲ့လိုနည်းနဲ့ သွေးမျိုးဆက်ဟာ ပြတ်တောက်သွားလိမ့်မယ်။ အဲ့နောက်ပိုင်းကျရင်တော့ ကောင်းကင်ဘုံသွေးမျိုးဆက်ကို အမွေဆက်ခံနိုင်မှုဟာ ရှိတော့မှာ မဟုတ်တော့ဘူး။ ဒီနည်းနဲ့ အဲ့ကျိန်စာကို ပယ်ဖျက်နိုင်တယ်။ ကောင်းကင်ဘုံအင်ပါယာ…အခု မင်းမှာ ရွေးချယ်စရာ မရှိဘူး။ ကျိန်စာကိုသာ တောင့်ခံရမယ်…”
“မင်းအနေနဲ့ သေမှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ အဆုံးစွန်ရှစ်ပါးစိတ်ဆန္ဒကတော့ မင်းရဲ့ မျိုးဆက်မှာတင် အဆုံးသပ်သွားမှာ ဖြစ်တယ်။ ဒါပေမဲ့ ကောင်းကင်ဘုံဘိုးဘေး သေဆုံးခဲ့တာ နှစ်ပေါင်း မရေနိုင်တော့ဘူး။ သူ့ရဲ့ ခွန်အားဟာ ကောင်းကင်ဘုံကလန်ကို ခြုံလွှမ်းထားတုန်းပဲ။ ဒါကို ပြောင်းလဲရမယ့် အချိန်ရောက်ပြီ…”
“မင်း မလုပ်ချင်ရင်လည်း သံသယမရှိ သေရမှာ ဖြစ်တယ်။ ငါဟာ မင်း သေသွားတဲ့နောက် ရှေးကလန်ရဲ့ ပြောင်းလဲလာမယ့် အခြေအနေကို ပူပန်နေတာကြောင့်သာ မဟုတ်ရင် ဒီအဘိုးအိုက မင်းနဲ့ ခုလောက်ထိ အချိန်တွေဖြုံးပြီး ဆွေးနွေးပြောဆိုနေလိမ့်မှာ မဟုတ်ဘူး…”
ကျိုးသဲက ကောင်းကင်ဘုံအင်ပါယာကို ကြည့်၏။ သူ၏အသံက အေးစက်နေသည်။ “မင်း ရွေးချယ်ပါ…”
ကောင်းကင်ဘုံအင်ပါယာသည် ငြိမ်သက်စွာ စဉ်းစားနေသည်။
မြေပြင်ထက်ရှိ ကောင်းကင်ဘုံဘိုးဘေးဦးခေါင်း၏ မှိန်ဖျော့နေသော ညာမျက်လုံးထဲတွင် ဝမ်လင်း၏ မျက်လုံးက အရောင်တောက်နေ၏။ သူက သူ့အော်ရာကို ကွယ်ဝှက်ထားပေသည်။ သူသည် အပြင်ဘက်ရှိ အရာအားလုံးကို ကြားနေရ၏။ သည်နန်းတော်သို့ လာခဲ့သော ခရီးစဉ်မှာ အလှည့်အပြောင်းများနှင့် ပြည့်နေပေသည်။ ဝမ်လင်းသည် တချို့တဝက်ကို တင်ကြို၍ ခန့်မှန်းမိခဲ့သော်လည်း အားလုံးတော့ မဟုတ်ပေ။
“မဟာစိတ်ဝိညာဉ်ကလန်ရဲ့ အရှင်အစိမ်းရောင်နွားထီးက နှစ်ပေါင်းသုံးရာကြာပြီးရင် ငါက ထိပ်ဆုံးထပ်ကို သွားရောက်ရလိမ့်မယ်လို့ ပြောခဲ့ဖူးတယ်။ မဟာစိတ်ဝိညာဉ်ကလန်ရဲ့ တည်ထောင်သူဘိုးဘေးဟာ ငါ့အတွက် တစုံတစ်ခု ချန်ထားခဲ့တယ်တဲ့…”
“မဟာစိတ်ဝိညာဉ်ကလန်ရဲ့ ဘိုးဘေး၊ တောက်ဝမ်ကလန်ရဲ့ ပါရမီရှင်။ သူ့က ငါ့ကို အသုံးပြုပြီး တောက်ဝမ်ကလန်ပေါ်က ချိပ်ပိတ်မှုကို ပယ်ဖျက်စေပြီးနောက် သူက ငါ့အတွက် ဘယ်အရာကို ချန်ထားခဲ့မှာ ဖြစ်မလဲ…” ဝမ်လင်းသည် စိတ်ရှုပ်ထွေးဟန် အမူအရာ ဖြစ်ပေါ်နေသည်။
“သူက ကောင်းကင်ဘုံနွားထီးကုန်းမြေမှာ ပေါ်လာခဲ့ပြီး ငါ့ကို စောင့်ဖို့အတွက်နဲ့ မဟာစိတ်ဝိညာဉ်ကလန်ကို တည်ထောင်ခဲ့တယ်။ ဖြစ်နိုင်တာက သူ့အစီအစဉ်မှာ ငါဟာ သေဆုံးရလိမ့်မယ့်ပုံပဲ။ ဒါပေမဲ့ သူသာ ဒီနန်းတော်မှာ ငါ သေမယ်လို့ ရှေ့ဖြစ်ကြည့်မြင်နိုင်ခဲ့ရင် မဟာစိတ်ဝိညာဉ်ကလန်ရဲ့ ခန်းမဆောင်မှာ ငါ့အတွက် ဘာကြောင့် တစုံတစ်ခုကို ချန်ထားခဲ့ရမှာလဲ။ ဘာကြောင့် နှစ်ပေါင်းသုံးရာ ဖြစ်ရမှာလဲ…”
“သင်က ငါ့ကို အသုံးပြုခဲ့တယ်။ ငါ့ခြေလှမ်းတိုင်းပေါ်လည်း အကြံအစည် ချထားခဲ့တယ်။ သင်က ငါ ရောက်လာလိမ့်မယ်လို့လည်း တွက်ချက်ခဲ့တယ်။ ဒါ့ကြောင့် သင်က ငါ့ရဲ့ စိတ်နေစရိုက်ကိုလည်း တွက်ချက်မိမှာပဲလို့ ငါ ယူဆတယ်…။ ငါက ဒီကိစ္စကို ဘယ်လိုလုပ် လက်လွှတ်ပေးနိုင်ပါ့မလဲ…”
ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေရင်း သက်ပြင်းချ၏။ ကောင်းကင်ဘုံဘိုးဘေးဦးခေါင်းသည် ကောင်းကင်ထက်သို့ ပျံတက်သွားစဉ် အပြင်ဘက်မှ ပြင်းထန်သောတုန်ခါမှုတစ်ခု ထွက်ပေါ်လာချေ၏။
အချိန်အတန်ကြာ စဉ်းစားပြီးနောက် ကောင်းကင်ဘုံအင်ပါယာသည် ရွေးချယ်မှုတစ်ခု ပြုလုပ်ခဲ့ပုံ ပေါ်သည်။ သူက သူ့ညာလက်ကို မြေပြင်ထက်သို့ ဆန့်ထုတ်လိုက်ပြီး ကောင်းကင်ဘုံဘိုးဘေးဦးခေါင်းကို ပင့်မြှောက်လိုက်လေသည်။