ဒီအရာ၊ ဒီလူ့ကို ငါ ဝမ်လင်း ယူဆောင်သွားမယ်
Vol. 148 Ch. 2048
ဝမ်လင်း၏အမူအရာက အလေးအနက်ဖြစ်နေ၏။ သူသည် ဦးခေါင်းတွင်း၌ ပုန်းကွယ်နေသဖြင့် မည်သူကမျှ သူ့ကို သတိမပြုမိကြပေ။ သို့ပေမည့် ထိုဦးခေါင်းကို ကောင်းကင်ဘုံအင်ပါယာကသာ ဖြတ်ပိုင်းလိုက်ပါက သူ့ကို တခြားသူများက သတိပြုမိသွားပေလိမ့်မည်။
ဝမ်လင်း၏မျက်လုံးက အရောင်တောက်နေ၏။ သူက အလေးအနက် အာရုံစိုက်နေသည်။
ကောင်းကင်ဘုံအင်ပါယာက ထိုဦးခေါင်းကို ပေတစ်ရာထိ မြောက်တက်အောင် ဆွဲငင်ယူသည်။ ၎င်းက သူ့ရှေ့တွင် လွင့်မြောလာသည့်အခါ သူက ရုတ်တရက် မော့ကြည့်ပြီး ပြတ်သားသောအကြည့်ကို ထုတ်ဖော်သည်။
သူ့ဘယ်လက်ကို ပင့်မြှောက်ကာ သူ၏လက်ဝါးသည် ဓားသွားတစ်ခုအဖြစ်သို့ ပြောင်းသည်။ ရွှေရောင်အလင်းတောက်ပလာကာ သူ့မျက်နှာထက်ရှိ သွေးကြောများ ဖောင်းကြွလာသည်။ သူ့ခန္ဓာကိုယ်ထဲရှိ သွေးများ ဆူပွက်လာဟန် ထင်ရပြီး သူ၏ဘယ်လက်တွင် စုဝေးသည်။ သူသည် ဦးခေါင်းထံ ဖြတ်ပိုင်းချလိုက်၏။ ကျယ်လောင်စွာ တုန်ဟည်းသံနှင့်အတူ ကောင်းကင်ဘုံဘိုးဘေးဦးခေါင်းပေါ်တွင် အက်ကြောင်းတစ်ခု ပေါ်လာသည်။
အဆုံးမဲ့ရွေရောင်အလင်းတို့ ယင်းအက်ကြောင်းထံမှ ထွက်ပေါ်လာ၏။ ကောင်းကင်ဘုံအင်ပါယာ၏ မျက်နှာတွင် နာကျင်မှုနှင့် ပြည့်နေကာ သူသည် မြန်ဆန်စွာ အိုမင်းလာသည်။
သည်အခိုက်တွင် ကျိုးသဲ၊ ဝူဖန်နှင့် တောက်ရီတို့က လှမ်းကြည့်လာ၏။ ဟိုင်းဇီတစ်ယောက်သာ ထိုဦးခေါင်းကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်နေသည်။ သူမ မည်သို့တွေးနေသည်ကိုမူ မသိရနိုင်ပေ။
သို့ပေမည့် ကောင်းကင်ဘုံအင်ပါယာက နာကျင်သောအမူအရာ လှစ်ဟပေါ်လာစဉ်တွင် ကျိုးသဲက ရုတ်တရက် မာန်သွင်းသည်။ သူသည် အလွန်မြန်သောနှုန်းဖြင့် တိုးဝင်လာ၏။ တအောင့်အကြာတွင် တောက်ရီနှင့်ဝူဖန်တို့၏ အမူအရာများသည် ပြောင်းလဲသွားသည်။ သူတို့က နောက်မှ လိုက်ပါလာကြသည်။
ကောင်းကင်ဘုံအင်ပါယာ၏ ညာလက်က ဦးခေါင်းပေါ်သို့ ကျရောက်သွားချိန်တွင် ၎င်းပေါ်၌ အက်ကြောင်းများစွာ ပေါ်လာလေ၏။ သို့သော် ထိုအခိုက်တွင် ဓားသွားအသွင်ကနေ သူ့လက်ဖဝါးအဖြစ်သို့ ပြန်ပြောင်းလဲသွားသည်။ သူသည် အပေးအယူ လုပ်ထားသည်ကို မရွေးချယ်ဘဲ ထိုအစား သည်ဦးခေါင်းကို လုံးဝ ဖြတ်တောက်ပစ်ကာ သူ့ကောင်းကင်ဘုံဘိုးဘေးသွေးမျိုးဆက်ကို ယင်းဦးခေါင်းအတွင်းသို့ သွတ်သွင်းလေသည်။
“မင်းတို့အားလုံးက ငါ့သတ္တိကို အထင်သေးနေတာပဲ။ ငါက သေရမှာ ဘာလို့ ကြောက်နေရမှာလဲ။ ငါက ခွေးတစ်ကောင်လို အသက်ရှင်ရရင် မဟာအင်ပါယာတစ်ယောက် ဖြစ်နေတော့ကော ဘာဖြစ်သေးသတုန်း။ အခွင့်အရေးတစ်ခုအတွက် တိုက်ခိုက်တာကမှ ပိုကောင်းအုံးမယ်…”
မဟာအင်ပါယာသုံးယောက် နီးကပ်လာကြစဉ် ကောင်းကင်ဘုံအင်ပါယာက ရယ်မောလေ၏။ ထိုဦးခေါင်းက သွေးမျိုးဆက်ခွန်အားကို စုပ်ယူကာ ထို့နောက်တွင် ၎င်းက ရုတ်တရက် မျက်လုံးဖွင့်လာသည်။ ၎င်း၏ပါးစပ်သည်လည်း ပွင့်ဟလာပြီး ဒွရပေါက်များထံမှ ရွှေရောင်အခိုးငွေ့များ ထွက်ပေါ်လာသည်။
ထိုရွှေရောင်အခိုးငွေ့များ ပျံ့နှံ့လာသည့်အခါ ကောင်းကင်ဘုံအင်ပါယာသည် သူ့ပါးစပ်ကို ဟကာ အရူးအမူး စတင်ရှိုက်သွင်းသည်။
ကောင်းကင်ဘုံအင်ပါယာသည် သည်ရွှေရောင်အခိုးအငွေ့အားလုံးကို စုပ်ယူနိုင်ခဲ့ပါက သူသည် ကောင်းကင်ဘုံဘိုးဘေး၏ ကျင့်ကြံခြင်းကို အမွေဆက်ခံနိုင်မည် ဖြစ်၏။ သူသည် ဒီဦးခေါင်းကို ပိုင်းဖြတ်ခဲ့ခြင်းကြောင့် ဖြစ်မည့် ဘိုးဘေးကျိန်စာကြောင့် ထိခိုက်ပျက်စီးမှုကိုပင် အလှည့်အပြောင်း လုပ်နိုင်ပေလိမ့်မည်။
သူ၏ပိုင်းဖြတ်မှုက ဦးခေါင်းပေါ်တွင် အက်ကြောင်းတစ်ခု ပေါ်လာစေရုံသာမက ဟိုင်းဇီ၏ ချိပ်ပိတ်မှုကိုပါ ချိုးဖျက်သွား၏။ ဦးခေါင်းပေါ်တွင် အက်ကြောင်းတစ်ခုသာ ပေါ်လာသော်လည်း ခုခါ၌ ကောင်းကင်ဘုံအင်ပါယာက အမွေအနှစ်ကို အတင်းအကြပ် ထပ်မံ စုပ်ယူပြန်တော့သည်။
အကွာအဝေးတစ်ခု၌ အင်ပါယာဆရာသခင်ဟိုင်းဇီ၏ မျက်နှာက ချက်ခြင်း ဖြူရောသွားသည်။ သူမ၏ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။
တောက်ရီ၏မျက်လုံးထဲတွင် ကြမ်းကြုတ်ရက်စက်မှုတို့ ပြည့်၏။ သူက သူ့ညာလက်ကို ပင့်မြှောက်ရာ လက်ဝါးချက်တစ်ချက် ကောင်းကင်ဘုံအင်ပါယာ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။ တချိန်တည်းမှာ ဝူဖန်ကလည်း တိုက်ခိုက်လာ၏။ သူက လက်သီးချက် ပစ်သွင်းလိုက်သည်။
ကျိုးသဲသည် နီးကပ်လာရင်း သူ့ပတ်လည်တွင် အဖြူရောင်ဝံပုလွေတစ်ကောင် ပေါ်လာကာ ကောင်းကင်ဘုံအင်ပါယာကို ဝါးမြိုရန် တာဆူသည်။
သူတို့၏မန္တာန်များ ပေါ်လာသည့်အခါ ကောင်းကင်ဘုံအင်ပါယာက ခေါင်းမော့လာ၏။ ရွှေရောင်သွေးတို့က သူ့မျက်လုံးနှင့် ဒွာရပေါက်များထံမှ စီးကျလာသည်။ ထိုသွေးတို့သည် အနီရောင်တောက်တောက်အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲ၏။ ဤသည်မှာ သူ၏သွေးမျိုးဆက် လွင့်ပြယ်လာသည့် အရိပ်လက္ခဏာပင်။
သူ၏သွေးလွှမ်းနေသော မျက်လုံးထဲတွင် ရူးသွပ်မှု လှစ်ဟပေါ်သည်။
“မကောင်းတော့ဘူး…” ကျိုးသဲ၏အမူအရာက ပြောင်းလဲသွား၏။ သူသည် တိုက်ခိုက်မှုကို ရပ်တန့်ရန် ဟန်ပြင်သော်လည်း နောက်ကျသွားခဲ့လေပြီ။ ကောင်းကင်ဘုံအင်ပါယာက တကယ်တော့ ရွှေရောင်အခိုးငွေ့များကို စုပ်ယူခြင်း မဟုတ်ပေ။ သူ အစောပိုင်းတုန်းက ပြုလုပ်ခဲ့သမျှသည် အစစ်အမှန် ထင်ရ၏။ သို့ပေမည့် အမှန်တွင်တော့ အတုအယောင်သာ ဖြစ်၏။ သူ စုပ်ယူခဲ့သော ရွှေရောင်အခိုးငွေ့တို့က ပျံ့နှံ့လာခဲ့သည်။
ကောင်းကင်ဘုံအင်ပါယာက အူလိုက်အသည်းလိုက် ရယ်မော၏။ သူ၏ခန္ဓာကိုယ်သည် သိသိသာသာ ချဲ့ကားလာသည်။ သူသည် သူ့ကိုယ်သူ ဖောက်ခွဲပစ်ရန် ရွေးချယ်လိုက်ခြင်းပင်။ ဤသည်က လူတိုင်း၏ ထင်မြင်ချက်ထက် ပိုလွန်နေ၏။ ကျိုးသဲသည် သူတို့က ကောင်းကင်ဘုံအင်ပါယာကို ထိုအဆင့်ထိ ဖိအားပေးမိမည်ဟု မထင်ထားမိပေ။
မဟာအင်ပါယာတစ်ယောက်၏ ကိုယ့်ကိုကိုယ် ဖောက်ခွဲဖျက်စီးခြင်း။ ဤသည်က သူ၏ရုပ်ပိုင်းခန္ဓာသာ ဖြစ်သော်ငြားလည်း လောကကို လှုပ်ခတ်သွားစေနိုင်သည်ပင်။ သူသည် တခြားခန္ဓာကိုယ်တစ်ခုကို ပိုင်စိုးလျှင်ပင် မဟာအင်ပါယာတစ်ပါး ဆက်၍ ဖြစ်နိုင်တော့မည် မဟုတ်ပါ။
ကိုယ့်ကိုကိုယ်ဖောက်ခွဲခြင်းက သည်တားမြစ်နန်းတော်ထံ ပဲ့တင်ထပ်ကာ ဖြတ်ခနဲအတွင်း ၎င်းကို ဖျက်စီးသည်။ ဒီအားက ပျက်စီးနေသော ကောင်းကင်ထက်ထိ ပျံ့နှံ့ကာ နန်းတော်အထက်ရှိ တိုင်လုံးများကို ချက်ခြင်း ပျောက်ကွယ်သွားစေသည်။
မြေအောက်နန်းတော်သည် ကွယ်ပျောက်ပျက်စီးလာချိန်၌ အင်ပါယာနန်းတော်နှင့် ထပ်နေကာ တည်ရှိသော သည်နေရာမှာ ချိတ်ဆက်မှုတစ်ခု ပေါ်လာ၏။ ဤအပျက်အစီးအားက အင်ပါယာနန်းတော်၏ ရင်ပြင်ထိ ပေါက်ကွဲထွက်သည်။
နန်းတော်မြေပြင်သည် အဘက်ဘက်သို့ တစစီ ဖြစ်၏။ ရှေးဘိုးဘေးမြို့၌ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာမြင့်ခဲ့သော နန်းတော်တစ်ခုလုံးသည် လုံးဝ ဖျက်စီးခံရသည်။
လှပသောနန်းတော်နန်းဆောင်များ၊ ၎င်းတို့အတွင်းရှိ ကျင့်ကြံသူအားလုံးမှာ သဲလွန်စမရှိ ပျောက်ကွယ်သွား၏။ ထိုတုန်လှုပ်ဖွယ် ပေါက်ကွဲအားက ရှေးဘိုးဘေးမြို့တခုလုံးကို တုန်ခါစေကာ အကြောက်တရား စိုးမိုးလာသည်။
ထိုအဖျက်အစီးအားက အင်ပါယာနန်းတော်ရှိ ကောင်းကင်ဘုံဘိုးဘေးရုပ်တုထံ နီးကပ်လာစဉ် ထိုရုပ်တုက ရုတ်တရက် တောက်ပသော ရွှေရောင်အလင်းကို ထုတ်လွှတ်၏။ ထိုအလင်းနှင့် ဖိသိပ်အားတို့မှာ ထိပ်တိုက်တွေ့ကာ ကျယ်လောင်စွာ တုန်ဟည်းသံကို ဖန်တီးသည်။
သည်ပေါက်ကွဲအား၏ ဇာစ်မြစ်မှာ ကောင်းကင်ဘုံအင်ပါယာ သူ့ခန္ဓာကိုယ်ကို ပေါက်ကွဲစေသော နေရာတွင် အသွေးအသားတို့က တောက်ရီ၊ ဝူဖန်နှင့် ကျိုးသဲတို့ထံ ပျံသန်းဝင်လာသည်။
ကောင်းကင်ဘုံအင်ပါယာ၏ ကိုယ့်ကိုကိုယ်ပေါက်ကွဲအားက သည်နန်းတော်ကို ပျက်စီးစေနိုင်သည်။ သို့သော် သူတို့သုံးယောက်ကို ဖျက်စီးပစ်ဖို့တော့ မလုံလောက်သေးပေ။ အထူးသဖြင့် သူတို့သုံးယောက် ပူးပေါင်းတိုက်ခိုက်နေစဉ် သူတို့၏ စွမ်းအားများ ဆထက်တပိုင်း တိုးတက်နေချိန်တွင် ဖြစ်၏။
သို့ပေမည့် သူတို့က တိုက်ခိုက်လာခြင်းကြောင့် သူတို့၏မျက်နှာများသည် ချက်ခြင်း ဖြူရောကာ ကြောက်ရွှံ့မှု ပြည့်ကုန်သည်။
အကြောင်းကား သူတို့၏မန္တာန်များသည် ကောင်းကင်ဘုံအင်ပါယာ၏ အသွေးအသားနှင့် ပေါင်းစည်းကာ သို့အတွက်ကြောင့် သူတို့၏ အော်ရာများသည် ပေါက်ကွဲနေသော အသွေးအသားနှင့် ပေါင်းစပ်သွားလေသည်။ သူတို့၏တိုက်ခိုက်မှုကြောင့် သူတို့သည် များများစားစား သက်ရောက်ခြင်း မခံရပေ။ သို့သော် သူတို့အားလုံး၏ တိုက်ခိုက်မှုကို သက်ရောက်မှု ခံလိုက်ရဆုံးကတော့ ကောင်းကင်ဘုံဘိုးဘေးဦးခေါင်းတည်း။
ကောင်းကင်ဘုံဘိုးဘေးဦးခေါင်းက ထိုမျှ ကျိုးပဲ့မလွယ်ပါ။ သို့သော် ကောင်းကင်ဘုံအင်ပါယာ၏ လက်ဝါး ဆင်းသက်လာချိန်၌ ၎င်းပေါ်မှ ရွှေရောင်အခိုးငွေ့များကို ထွက်ပေါ်လာစေပြီး အက်ကြောင်းများ ပေါ်စေခဲ့သည် မဟုတ်လား။
ထို့အတွက်ကြောင့် ကောင်းကင်ဘုံအင်ပါယာ၏ ကိုယ့်ကိုကိုယ်ဖျက်စီးအားနှင့် ကျိုးသဲနှင့် တခြားနှစ်ယောက်၏ တိုက်ခိုက်မှုတို့က ပေါင်းစည်းကာ ကောင်းကင်ဘုံဘိုးဘေးဦးခေါင်းကို တိုက်ခိုက်သလို ဖြစ်သွားခဲ့ပေသည်။ ယင်းက ဦးခေါင်းကို တုန်ဟည်းစေကာ အက်ကြောင်းများအား ပွင့်ထွက်သွားစေသည်။
ထိုအက်ကြောင်းများ ပျံ့နှံ့လာစဉ် သူတို့လေးယောက်လုံးသည် တချိန်တည်းလိုလို ရှေးဘိုးဘေးကျိန်စာ၏ သက်ရောက်မှုကို ခံရလေတော့၏။ တောက်ရီက ကျင့်ကြံမှုအားအနည်းဆုံးသူ ဖြစ်၏။ သူသည် နာကျင်စူးဝါးစွာ အော်ဟစ်လိုက်ရပြီး သူ့ပတ်လည်တွင် အနက်ရောင်အခိုးငွေ့များ ဝန်းရံကာ သူ၏မျက်နှာသည် မြန်ဆန်စွာ ပျက်စီးယိုယွင်းလာချေ၏။
ဝူဖန်မှာလည်း အွတ်ခနဲ ငြီးတွားလိုက်ရပြီး အနက်ရောင်အခိုးငွေ့များက သူ့ခန္ဓာကိုယ်ကို ဝန်းရံကာ စတင်ပျက်စီးလာသည်။
ကျိုးသဲကတော့ ကျင့်ကြံမှုအမြင့်ဆုံး ဖြစ်၏။ ရှေးဘိုးဘေးကျိန်စာက သူတို့လေးယောက်ပေါ်သို့ ပိုင်းခြား ကျရောက်လာခဲ့တာပင်။ ထို့ကြောင့် သူသည် သူ၏အစွမ်းထက်ကျင့်ကြံမှုဖြင့် ထိုကျိန်စာကို ခုခံနိုင်စွမ်း ရှိသည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် ထူးခြားသော စာလုံးများ ပေါ်လာကာ ဤသည်မှာ တုန်လှုပ်ဖွယ်မြင်ကွင်းတစ်ခုပင်။
ကောင်းကင်ဘုံအင်ပါယာသည် အသွေးအသားတို့ကိုသာ ပေါက်ကွဲစေခြင်း ဖြစ်၍ သူ၏စိတ်ဝိညာဉ်ကမူ ရှိနေဆဲပင်။ ဦးခေါင်းကို ပွင့်ဟလာစဉ် သူ၏စိတ်ဝိညာဉ်သည် မြန်ဆန်စွာ လွင့်ပျောက်လာ၏။ သူက ဦးခေါင်းထံ တရကြမ်း ဦးတည်လာသည်။ သူသည် လျန်တောက်ဖေ ရှိနေသော ဘယ်မျက်လုံးထံ ဦးတည်နေသည်။
“ငါဟာ ကောင်းကင်ဘုံအင်ပါယာပဲ။ တခြားသူတွေထက် ဉာဏ်ကြီးတယ်။ ငါ့မှာ ဘယ်လိုလုပ် အရံအစီအစဉ် မရှိဘဲ နေပါ့မလဲ။ တောက်ဖေဟာ ငါ့ရဲ့ အရံအစီအစဉ်ပဲ…။ ငါ သူ့ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီး ရှေးဘိုးဘေးရဲ့ ကျိန်စာဝန်အားကို မျှထမ်းဖို့ ငါ့ကို ကူညီခိုင်းမယ်။ သူလည်း ကောင်းကင်ဘုံဘိုးဘေးရဲ့ သွေးမျိုးဆက်အချို့ကို အမွေဆက်ခံထားတာပဲ။ ဒါ့ကြောင့် ငါ ဒီအခြေအနေကို အလှည့်အပြောင်းဖြစ်အောင် လုပ်နိုင်တယ်…”
ကောင်းကင်ဘုံအင်ပါယာ၏ စိတ်ဝိညာဉ်သည် လောင်ကျွမ်းနေ၏။ တခြားသုံးယောက်က ရှေးဘိုးဘေး ကျိန်စာနှင့် ရင်ဆိုင်နေစဉ်အတွင်း သူက ဘယ်မျက်လုံးထံ အရူးအမူး တိုးဝင်လာသည်။
သို့သော် သူ၏စိတ်ဝိညာဉ် ဘယ်မျက်လုံးနား ရောက်လာကာ လျန်တောက်ဖေ၏ ခန္ဓာကိုယ်တွင်း တရကြမ်း ဝင်ရောက်ခါနီး၌ တုန်လှုပ်ဖွယ်ပြောင်းလဲမှုတစ်ခု ဖြစ်ပွားလာသည်။
ကောင်းကင်ဘုံဘိုးဘေး၏ ညာမျက်လုံးသည် ရွှေရောင်လင်းလက်သွားကာ ဝမ်လင်း လှမ်းထွက်လာ၏။ ဝမ်လင်းသည် ဒီလိုအခိုက်အတန့်ကို စောင့်နေခဲ့တာ မဟုတ်လား။
ဝမ်လင်းသည် ရှေးဘိုးဘေးကျိန်စာလည်း သက်ရောက်မှု မခံထားရပေ။ ဒီအခိုက်၌ တောက်ရီကာ နာကျင်စူးဝါးစွာ အော်ဟစ်၊ ဝူဖန်က နောက်ဆုတ်၊ ကျိုးသဲက ကျိန်စာကို ခုခံနေစဉ် ဝမ်လင်းသည် ဘယ်မျက်လုံးထံ တိုက်ရိုက် ဝင်ရောက်လာသည်။
မဟာအင်ပါယာကန်းနီက ဝမ်လင်းကို တွေ့မြင်သည့်အခါ သူမသည် ချက်ခြင်း ပျော်ရွှင်ဟန် အမူအရာ ဖြစ်ပေါ်သည်။
အင်ပါယာအတုဟိုင်းဇီလည်း ရှိသေး၏။ သူမ၏မျက်လုံးထဲတွင် လှိုင်းဂယက်များထကာ စိတ်လှုပ်ရှားမှု အရိပ်အမြွက် ဖြတ်ပြေးသွားသည်။
ဝမ်လင်းသည် မြန်လွန်းသဖြင့် ဖြတ်ခနဲအတွင်း ဘယ်မျက်လုံးထဲ ဝင်ရောက်သွားသည်။ ရှေးဘိုးဘေး ကျိန်စာ ဝန်းရံခံထားရသော ကောင်းကင်ဘုံအင်ပါယာ၏ လောင်ကျွမ်းနေသော စိတ်ဝိညာဉ်သည် ထိုအခိုက်တွင် လျန်တောက်ဖေထံ ဝင်ရောက်တော့မည့်အချိန်ပင်။
ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်သွား၏။ သူသည် တုံ့နှေးမနေဘဲ ကောင်းကင်ဘုံအင်ပါယာထံ လက်ဝေ့ယမ်းသည်။ ကောင်းကင်ဘုံအင်ပါယာသည် မဟာအင်ပါယာတစ်ယောက် ဖြစ်သော်လည်း သူ၏ခန္ဓာကိုယ်သည် ပေါက်ကွဲကာ သူ့စိတ်ဝိညာဉ်မှာ ရှေးဘိုးဘေးကျိန်စာကြောင့် ထိခိုက်ထားသဖြင့် သူသည် အလွန်အားနည်းနေပေ၏။ ဝမ်လင်းကို တွေ့မြင်သည့်နောက် သူသည် အလန့်တကြား အော်ဟစ်လိုက်မိသည်။
“မင်း…မင်း…” ကောင်းကင်ဘုံအင်ပါယာက ကြောက်ရွှံ့မှုအပြည့် စူးဝါးစွာ အော်ဟစ်သည်။ သူသည် အရာအားလုံးကို တွက်ချက်ထားခဲ့၏။ နောက်ဆုံးအခိုက်အတန့်ထိပင် သူသည် စစ်မှန်သောအုပ်ချုပ်သူတစ်ယောက်ကဲ့သို့ လုပ်ဆောင်ခဲ့ပေသည်။ သို့သော် သူသည် ဝမ်လင်း အသက်ရှင်နေလိမ့်အုံးမည်ဟု လုံးဝ မထင်ထားမိခဲ့ချေ။
သူသည်သာမက ကျိုးသဲ၊ တောက်ရီနှင့် ဝူဖန်တို့မှာလည်း ဝမ်လင်း အသက်ရှင်နေလိမ့်မည်ဟု မထင်ထားကြပေ။
ထိုလက်ဝေ့ယမ်းမှုဖြင့် ကောင်းကင်ဘုံအင်ပါယာ၏ စိတ်ဝိညာဉ်က စူးစူးဝါးဝါး အော်ဟစ်လိုက်ရသည်။ သို့သော် သူသည် နောက်ဆုတ်ရမည့်အစား လျန်တောက်ဖေထံ ကမူးရှုးထိုး တိုးဝင်လာသည်။ သို့ပေမည့် သူသည် ဝမ်လင်း၏ သိုလှောင်နေရာလွတ်အတွင်းသို့ ဆွဲသွင်းခြင်း၌ မားမားရပ်နိုင်မည့် အခွင့်အရေး မရှိတော့ပါ။
အလွန်တရာ အားနည်းနေသော၊ ရှေးဘိုးဘေးကျိန်စာ သင့်နေသော ကောင်းကင်ဘုံအင်ပါယာသည် ဝမ်လင်းအဖို့ ချိန်းခြောက်မှုတစ်ခု မဟုတ်တော့ပေ။
ဝမ်လင်းသည် ကောင်းကင်ဘုံအင်ပါယာ၏ စိတ်ဝိညာဉ်ကို သိမ်းဆည်းပြီးနောက် ကောင်းကင်ဘုံဘိုးဘေး၏ ဦးခေါင်းမှာ တုန်ခါ၏။ အစောပိုင်းက အက်ကြောင်းသည် ကြီးမားနေပြီ ဖြစ်၏။ အခုအခါ ၎င်းအက်ကြောင်းသည် ပို၍ပင် ပွင့်ဟကွဲထွက်လာသည်။
ဝမ်လင်းသည် သတိမေ့နေသော တောက်ဖေကို လှမ်းဆွဲယူကာ ဘယ်မျက်လုံးထဲမှ လှမ်းထွက်လာ၏။ သူသည် ဒီပျက်စီးနေသော လောကတွင် ရပ်၏။ ထို့နောက် သူသည် ကောင်းကင်ဘုံဘိုးဘေးဦးခေါင်းပေါ်သို့ ခြေချလိုက်သည်။
သူ့တခေါင်းလုံး ဆံပင်ဖြူတို့က ဒီအခိုက်တွင် မြန်ဆန်စွာပင် အနက်ရောင်သို့ ပြောင်း၏။ ဆံပင်နက်၊ ဝတ်ရုံနက်၊ မျက်လုံးနက်။
“ဒီအရာနဲ့ ဒီလူ့ကို ငါ ဝမ်လင်းက ယူဆောင်သွားမယ်…”