အင်မော်တယ်အကြောများကို ဖွင့်ခြင်း
Vol. 70 Ch. 973
ထိုအခိုက်အတန့်တွင် အင်မော်တယ်တံခါးမှ ထူးဆန်းသောအလင်းရောင်တစ်ရောင် ဖြာထွက်လာပြီး ရှေးကျသောခေါင်းကြီးတစ်ခေါင်း၏ပုံရိပ်အသွင် ပြောင်းသွား၏။ ခေါင်းဆောင်ကြီးက မန်ဟို့ကို ကြည့်ပြီးနောက် ဟိန်းဟောက်ကြုံးဝါးလိုက်ရာ အသံလှိုင်းတို့က အင်အားကြီးသောတိုက်ကွက်တစ်ကွက်ပမာ ရိုက်ခတ်လာသည်။ သွေးများ မန်ဟို၏ပါးစပ်မှ ပန်းထွက်သွားပြီး သူ့မှာ နောက်သို့ ယိမ်းယိုင်သွား၏။ အင်မော်တယ်တံခါးမှာမူ ဖြေးညင်းစွာ ပြန်ပိတ်သွားသည်။
ဖန်မျိုးနွယ်စုရှိ လူတိုင်းမှာ ဤအခြင်းအရာကြောင့် လုံးလုံးလျားလျား ကြက်သေသေသွားကြသည်။ ဖန်ဝေ အင်မော်တယ်တံခါးကို တိုက်ခိုက်ခဲ့တုန်းက ၎င်းမှာ ကြီးသထက်သာ ကြီးလာခဲ့သည်။ တစ်ခါမှ ပြန်ပိတ်သွားမည့် လက္ခဏာမျိုး မပြသခဲ့ပေ။ လူတိုင်း ပင့်သက်ရှိုက်မိကြလေသည်။
"ဘာတွေဖြစ်နေတာလဲ ... ဒီအင်မော်တယ်တံခါးက ဖွင့်ရခက်လိုက်တာ"
"ဖန်ဟိုရဲ့ ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်တွေက ကျန်တဲ့သူတွေအားလုံးနဲ့ မတူတဲ့အပြင် အင်မော်တယ်နန်းတော်တွေပါ ပါခဲ့တာ။ သူ့အင်မော်တယ်တံခါးကလည်း ထူးထူးဆန်းဆန်း ဖွင့်ရခက်နေတယ်"
ဖန်ဝေသည် မန်ဟို့ကို ကြည့်နေစဉ် မျက်လုံးများ လင်းလက်သွားပြီး တိုက်ခိုက်ချင်နေကြောင်း သိသာလေသည်။ ဖန်ရှုံ့ရှန်းမှာမူ သူ့မျက်လုံးထဲရှိ အသတ်အဖြတ်စိတ်ဆန္ဒသည် ပို၍ပင်အားကောင်းလာကာ သူ့အမူအရာမှာ နှစ်ထောင်းအားရနေသော ပုံစံဖြစ်သွား၏။
"သူ အင်မော်တယ်တံခါးကို မဖွင့်နိုင်ပါလား'
နဝမတောင်ပင်လယ်၏ ဂိုဏ်းများနှင့် မျိုးနွယ်စုများမှ ကျင့်ကြံသူများသည် မြင်နေရသောအရာကြောင့် မှင်သက်နေကြ၏။
"ဒီလိုအင်မော်တယ်ပြစ်ဒဏ်မျိုး၊ ဒီလိုအင်မော်တယ်တံခါးမျိုးက ဘယ်ရွေးချယ်ခံမဆိုအတွက် ရင်ဆိုင်ရခက်မှာပဲ"
"ဖန်ဟို တကယ်ပဲ အင်မော်တယ်တံခါးကို အောင်အောင်မြင်မြင် ဖွင့်နိုင်မလား ... ပြောဖို့ ခက်သွားပြီ"
ကြယ်တာရာကောင်းကင်အတွင်းရှိ အရှေ့အောင်ပွဲဂြိုဟ်၏အပြင်တွင် မန်ဟိုသည် မီတာ (၃၀၀၀) အကွာမှ ရပ်လိုက်နိုင်၏။ သူက ရက်စက်ကြမ်းကြုတ်သော မျက်ဝန်းများဖြင့် အင်မော်တယ်တံခါးကို ကြည့်ရင်း ပါးစပ်မှ သွေးများကို သုတ်လိုက်သည်။
သူ၏ကျင့်ကြံခြင်းအခြေခံမှာ ရုတ်တရက် စွမ်းအားများဖြင့် ပေါက်ကွဲလာပြီး သူ၏မီတာ (၃၀၀၀၀) အမြင့် ဓမ္မဆင်းတုကြီး ပြန်ပေါ်လာ၏။ သူက ဓမ္မဆင်းတုကြီးနှင့် တစ်သားတည်းပေါင်းစည်းရင်း မီတာ (၃၀၀၀၀) အမြင့်ဘီလူးကြီးအသွင်ပြောင်းကာ ခြေတစ်လှမ်းတည်းနှင့် မီတာ (၃၀၀၀) တက်၍ အင်မော်တယ်တံခါး၏အရှေ့တည့်တည့်တွင် ပေါ်လာသည်။
သူသည် လက်နှစ်ဖက်လုံးမြှောက်၍ အင်မော်တယ်တံခါးအပေါ်သို့ တင်ကာ မာန်သွင်းဟိန်းဟောက်လိုက်၏။ ထို့နောက် အားမာန်အပြည့်ဖြင့် တွန်းလိုက်ရာ တဂျိန်းဂျိန်းမြည်သံကြီးများအား အရပ်လေးမျက်နှာတွင် ပဲ့တင်ထပ်သွားစေသည်။
အင်မော်တယ်တံခါးက မန်ဟို့အား တန်ပြန်ရိုက်ခတ်ရင်း သိမ့်ခနဲ တုန်သွားသည်။ ထာဝရအလွှာက သူ့ကို ကုစားပေးနေသည့်အချိန်မှာပင် မန်ဟိုက ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်ကာ ပြင်းပြင်းထန်ထန် အားထည့်တွန်းလိုက်ပြန်၏။
ဂျိန်း
အင်မော်တယ်တံခါးက ထပ်မံဟသွားရာ အင်မော်တယ်အလင်းရောင်တို့အား ကြယ်တာရာကောင်းကင်တစ်ခွင် ဖြာထွက်သွားစေပြန်သည်။ အင်မော်တယ်ချီတို့ ပျံ့နှံ့လာပြီး မန်ဟို၏မျက်လုံးများ နီစွေးလာ၏။ သူက တန်ပြန်ရိုက်ခတ်မှုအား အံကြိတ်ခုခံကာ တတ်နိုင်သမျှ အားကုန်ထုတ်ရင်း တွန်းလိုက်သည်။
ဂျိန်းးးးး
အင်မော်တယ်တံခါးသည် ဖြေးညင်းစွာ ကျယ်လာရာ ပို၍များပြားသော အင်မော်တယ်အလင်းရောင်တို့အား စီးမျောထွက်လာစေသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းသည် စောစောကအတိုင်း ပွင့်သွားပြန်လေပြီ။ အဘိုးကြီးခေါင်းကြီးက အင်မော်တယ်တံခါးထံမှ နောက်တစ်ဖန် ပေါ်ပေါက်လာပြန်၏။ သူက မန်ဟို့ကို ဒေါသတကြီး ငေါက်ငမ်းလိုက်ပြီး အင်အားကြီးမားသောအလင်းရောင်က မန်ဟို့ကို တိုက်ခိုက်ရန် ထွက်လာပြန်သည်။
ဤတစ်ကြိမ်တွင် မန်ဟိုကား အသင့်ဖြစ်နေလေပြီ။ ဖိအား သူ့အပေါ် သက်ရောက်လာသည့်အချိန်မှာပင် သူက နောက်ဆုတ်၍ လက်နှစ်ဖက်မုဒြာလက်ကွက် ဖော်ပြီးနောက် လက်နှစ်ဖက်လုံးအား အရှေ့တည့်တည့်သို့ ဆန့်တန်းလိုက်သည်။ ချက်ချင်းပင် သူ၏အင်မော်တယ်အကြောရှစ်ကြောသည် တလက်လက်တောက်ပသွားကာ အားလှိုင်းရှစ်လှိုင်းအား သူ၏ညာလက်အတွင်းသို့ စီးဆင်းသွားစေ၏။ ထို့နောက် သူက အဘိုးကြီး၏ခေါင်းကို လက်သီးဖြင့် ထိုးချလိုက်သည်။
မျက်စိတစ်မှိတ်အတွင်း လက်သီးနှင့်ခေါင်းကြီးသည် တစ်ခုကိုတစ်ခု ထိတိုက်ကာ အလွန်ကြီးမားသော ပေါက်ကွဲမှုကြီးအား ဖြစ်ပေါ်သွားစေသည်။ ခေါင်းကြီးမှာ မှေးမှိန်ပျောက်ကွယ်သွားပြီး အင်မော်တယ်ချီအားလှိုင်းရှစ်လှိုင်းသည် တစ်လှိုင်းကိုတစ်လှိုင်း လှည့်ပတ်ကာ မန်ဟို့ထံ ပြန်ရောက်လာ၏။ သွေးများ သူ့ပါးစပ်မှ ပန်းထွက်သွားသည့်တိုင် သူ၏တိုက်ခိုက်လိုစိတ်မှာ ပို၍ပင် ပြင်းထန်လာသည်။ သူက ရှေ့တိုး၍ အင်မော်တယ်တံခါးအပေါ် လက်ဝါးနှစ်ဖက်ကို တင်ကာ စတွန်းတော့သည်။
အင်မော်တယ်အလင်းရောင်သည် တောက်ပသထက် တောက်ပလာပြီး အင်မော်တယ်ချီတို့လည်း သိပ်သည်းသထက် သိပ်သည်းလာ၏။ အင်မော်တယ်တံခါးကား ပွင့်သထက် ပွင့်လာလေပြီ။
ယခုလေးတင် ဖြစ်ပျက်သွားခဲ့သောအရာအားလုံးက လူတိုင်းကို လုံးလုံးလျားလျား အံ့အားသင့်သွားစေသည်။
"စောစောက ဘာဖြစ်သွားတာလဲ။ အင်မော်တယ်ချီလှိုင်းရှစ်လှိုင်းလား"
"အဲ့ဒါ ဘာနတ်ဘုရားစွမ်းရည်ပါလိမ့်..."
နဝမတောင်ပင်လယ်၏ နေရာအားလုံးတွင် အကြီးအကျယ် ပွက်လောရိုက်နေကြတော့သည်။ သွေးကြောပြာကြီးများ မန်ဟို၏နူဖးထက်တွင် ဖောင်းကြွလာစဉ် အင်မော်တယ်တံခါးသည် လူတစ်ကိုယ်ဝင်စာအထိ ကျယ်လာ၏။ သို့သော် မန်ဟို၏ဓမ္မဆင်းတုကြီးအတွက်တော့ မဆန့်သေးပေ။
"ငါ ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်တွေကို အလျှင်းဖျက်စီးပြီး အင်မော်တယ်နန်းတော်တွေကို နင်းချေခဲ့ပြီးပြီ။ အင်မော်တယ်တံခါးကတော့ ပိတ်နေသေးတယ်။ ဒါမဲ့ ကိစ္စမရှိဘူး။ ငါ စပြီဆိုတာနဲ့ တံခါးတစ်ချပ်လုံးဖွင့်ပြီး အထဲကို ဝင်မယ်" မန်ဟိုသည် မျက်လုံးများ ရဲရဲတောက်လျက် ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်ပြီး တံခါးကို ရိုက်နှက်လိုက်ပြန်သည်။ ၎င်းက အတန်ငယ် ထပ်ဟသွားသော်လည်း ထိုအခိုက်အတန့်တွင် သူက နောက်ဆုတ်လိုက်သည်။
ထိုသို့ဆုတ်လိုက်စဉ် တလက်လက် တောက်ပနေသော ကြယ်အလင်းရောင်က သူ၏ဘယ်မျက်လုံးအတွင်း၌ ပေါ်လာ၏။ မျက်စိတစ်မှိတ်အတွင်း အလင်းရောင်သည် သူ့မျက်လုံးထဲမှ စီးမျောထွက်ကာ မီတာ (၃၀၀၀) အရှည်အလင်းတန်းတစ်တန်း အသွင်ပြောင်းသွားသည်။ ထို့နောက် ၎င်းက မီတာ (၃၀၀၀၀) ရှည်လာကာ မန်ဟို့တစ်ကိုယ်လုံးအား လွှမ်းခြုံသွား၏။ ဤအခိုက်အတန့်တွင် စာလုံးငါးလုံး မန်ဟို့ခေါင်းထဲ၌ ပေါ်လာသည်။
အတွေးတစ်ချက်ကြယ်တာရာအသွင်ပြောင်းခြင်း ... 一念星辰变။
၎င်းသည် ဖန်မျိုးနွယ်စု ပထမမျိုးဆက်ခေါင်းဆောင်ကြီး၏ အစွမ်းထက်ဆုံးတာအိုမှော်ကျင့်စဉ်တစ်ခုဖြစ်သည်။
မန်ဟို့ကို ဝန်းရံထားသော အလင်းရောင်က စတင် ဖြာထွက်လာသဖြင့် ထစ်ချုန်းသံများ မြည်ဟည်းလာသည်။ ကြယ်အလင်းရောင်သည် ကြယ်ကျောက်ခဲအသွင်ပြောင်းရင်း သူ၏ဘယ်မျက်လုံးအတွင်းမှ ပျံထွက်လာ၏။ ကြယ်ကျောက်ခဲက လျင်မြန်စွာ အရည်ပျော်ကျလာပြီး ထိုအရည်က မန်ဟို့ထံ ပြေးဝင်ကာ မျက်စိတစ်မှိတ်အတွင်း သူ့ကို လွှမ်းခြုံသွားလေပြီ။
အသက်ရှိုက်စာအနည်းငယ်အတွင်း အင်မော်တယ်တံခါး ပြန်ပိတ်စပြုနေသည့်အချိန်မှာပင် မန်ဟို့ကို ဝန်းရံနေသော အလင်းရောင်မှာ ပျောက်ကွယ်သွား၏။ မန်ဟို့နေရာတွင် သူ၏ပုံမှန်ပုံသဏ္ဌာန်မရှိတော့ဘဲ ဧရာမဥက္ကာခဲကြီးတစ်လုံး ဖြစ်ပေါ်လာခဲ့လေပြီ။
ဥက္ကာခဲကြီးသည် မီတာ (၃၀၀၀) တိတိ ကြီးမားပြီး အဆုံးစွန်အထိ ကြောက်စရာကောင်း၏။ ဥက္ကာခဲကြီး၏ တည်ရှိမှုလေးကပင် ကြယ်တာရာကောင်းကင်ကို လှုပ်ခါပစ်ရန် လုံလောက်သည့်အလား ၎င်းပတ်ပတ်လည်ရှိ ဟင်းလင်းပြင်မှာ အက်ကွဲကြေမွလာသည်။
ထို့နောက် ၎င်းထံမှ ပြင်းထန်သော အရှိန်အဝါတစ်ခု ဖြာထွက်လာ၏။ မရေမတွက်နိုင်သော ကြယ်အလင်းမှုန်များ ပေါ်လာပြီး ဥက္ကာခဲကြီး၏မျက်နှာပြင်ထက်သို့ ကျလာသည်။
ရုတ်တရက် ၎င်းသည် ဥက္ကာခဲမဟုတ်တော့ဘဲ ဂြိုဟ်တစ်ဂြိုဟ်ဖြစ်လာလေပြီ။
ဂြိုဟ်ကြီးက အင်မော်တယ်တံခါးအား ဝှီးခနဲ ပြေးတိုက်လိုက်သည်။ စောင့်ကြည့်နေသူအားလုံးမှာ ချာချာလည် တုန်လှုပ်ကုန်ကြ၏။
"အတွေးတစ်ချက် ကြယ်တာရာအသွင်ပြောင်းခြင်း" မဟာအကြီးအကဲမှာ ဖန်မျိုးနွယ်များအကြား၌ ရပ်နေစဉ် မျက်နှာရိပ်ခနဲ ဖြစ်ကာ ပင့်သက်ရှိုက်မိလိုက်သည်။
သူ့အသံထွက်လာသည်နှင့် ကျန်မျိုးနွယ်ဝင်များမှာ ဧရာမကျောက်ခဲကြီးကို ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။
"ဘာ အဲ့ဒါက ... အတွေးတစ်ချက်ကြယ်တာရာအသွင်ပြောင်းခြင်းလား"
"အဲ့ဒါက ပထမမျိုးဆက်ခေါင်းဆောင်ကြီးရဲ အစွမ်းထက်ဆုံးတာအိုမှော်ကျင့်စဉ် အတွေးချက်ကြယ်တာရာအသွင်ပြောင်းခြင်းပဲ။ ကြည့်ရတာ ဂြိုဟ်တစ်လုံးအသွင်ပြောင်းဖို့ အဲ့ဒါကို သုံးလို့ရတယ်ထင်တယ်။ အဲ့ဒီဟာက ဘယ်အရာကိုမဆို ဖျက်စီးပစ်နိုင်တယ်"
"ဖန်ဟိုက ဘိုးဘေးမြေထဲ သွားတုန်းက အတွေးတစ်ချက်ကြယ်တာရာအသွင်ပြောင်းခြင်းကို တကယ် ရခဲ့တာပဲ။ ဂိုဏ်းရဲ့ ရှေးဟောင်းမှတ်တမ်းတွေအရ အဲဒီမှော်အတတ်ရဲ့ အစွမ်းထက်ဆုံးပုံစံက ဂြိုဟ်ပုံစံတဲ့လေ"
အရှေ့အောင်ပွဲဂြိုဟ်ပေါ်နှင့် နဝမတောင်ပင်လယ်၏ ကျန်နေရာများရှိ ကျင့်ကြံသူအားလုံးမှာ မန်ဟို၏ ဂြိုဟ်အသွင်ကို ကြည့်ကာ တုန်လှုပ်နေကြသည်။ တစ်ချိန်တည်းမှာပင် ဂြိုဟ်က အင်မော်တယ်တံခါးကို ဝင်ဆောင့်လိုက်ရာ ဘုန်းခနဲ မြည်ဟည်းသွား၏။
လှိုင်းဂယက်များ အရပ်လေးမျက်နှာသို့ ဖြာထွက်သွားသည်။ ကြည့်ရသရွေ့ တိုက်ကွက်တွင် တုန်ခါမှုများအား ပျံနှံ့သွားစေသော စွမ်းအားလုံလုံလောက်လောက် ပါရှိသယောင်ပင်။ အင်မော်တယ်တံခါးမှာ တုန်ခါသွားပြီး လေကြမ်းကြမ်းတစ်ချက် တိုက်ခတ်သွားသည်။ မျက်စိတစ်မှိတ်အတွင်း အင်မော်တယ်တံခါးတစ်ချပ်လုံး ပွင့်သွားလေပြီ။
လျင်မြန်သော တိုက်ကွက်တစ်ကွက်ကြောင့် အင်မော်တယ်တံခါးသည် ပွင့်သွားခဲ့၏။
၎င်းမှာ ရေထိန်းတံခါးအား ဖွင့်ပေးလိုက်သည့်အလားပင်။ အကန့်အသတ်မရှိသော အင်မော်တယ်အလင်းရောင်သည် သောင်းကျန်းနေသော အင်မော်တယ်ချီများနှင့်အတူ ပျံ့နှံ့လာသည်။
ထိုအခိုက်အတန့်တွင် ဂြိုဟ်ပျောက်ကွယ်သွားပြီး မန်ဟို ပြန်ပေါ်လာသည်။ သူ့မျက်နှာမှာ ဖြူဆုပ်နေပြီး အင်မော်တယ်အလင်းနှင့် အင်မော်တယ်ချီတို့ဖြင့် ဝန်းရံခံလိုက်ရစဉ် သွေးလေးငါးပွက် အန်လိုက်ရ၏။
အကန့်အသတ်မရှိသော အင်မော်တယ်ချီတို့က သူ၏ခန္ဓာကိုယ်ထဲသို့ တဝေါဝေါ စီးဝင်ရင်း အပြည့်အနှက် နေရာယူလာသည်။ သူ၏အင်မော်တယ်အကြောများမှာ တုန်ခါလာပြီး အသွင်ပြောင်းလာ၏။ ချက်ချင်းပင် ကိုးခုမြောက်အင်မော်တယ်အကြော စတင်ဖြစ်ပေါ်လာလေပြီ။
သို့သော် သူ့ခန္ဓာကိုယ်၏ အပြင်၊ အင်မော်တယ်တံခါး၏အပြင်တွင် လူများ မြင်ရသည်မှာ ကိုးခုမြောက်အင်မော်တယ်အကြောကို မဟုတ်ဘဲ ပထမဆုံးအကြောကို ဖြစ်သည်။
လူတစ်ယောက် အင်မော်တယ်အဆင့်တက်သည့်အခါတိုင်း အင်မော်တယ်တံခါးကို ဖွင့်လိုက်သောအခိုက်တွင် ထိုပုဂ္ဂိုလ်၏အင်မော်တယ်အကြောများသည် အင်မော်တယ်တံခါးထက်၌ အင်မော်တယ်နဂါးပုံရိပ်များကို ပေါ်ပေါက်လာစေမည်ဖြစ်သည်။
ယခုတွင် ပထမဆုံးနဂါးသည် မန်ဟို၏အပေါ်တွင် လျင်မြန်စွာ အကောင်အထည် ဖြစ်ပေါ်လာကာ လေတွင် ပတ်ပျံနေ၏။
အင်မော်တယ်ချီများက တဖွေးဖွေး လှုပ်လျပ် တလက်လက် တောက်ပနေရင်း ကြယ်တာရာကောင်းကင်ကို နေ့တာပမာ လင်းထိန်လာစေသည်။ အရှေ့အောင်ပွဲဂြိုဟ်ပေါ်ရှိ လူတိုင်းက အထိတ်တလန့် အော်လိုက်ကြ၏။
"အင်မော်တယ်တံခါး ... ပွင့်သွားပြီ"
"သူ အင်မော်တယ်အကြောတွေ ဖွင့်နေပြီ။ ဖန်ဟို အကြောဘယ်နှကြော ဖွင့်နိုင်မလဲမသိဘူး"
မရေမတွက်နိုင်သော ကျင့်ကြံသူများသည် အင်မော်တယ်တံခါးထက်၌ ပထမဆုံးအင်မော်တယ်နဂါး ပေါ်လာသည်ကို ကြည့်နေကြ၏။ ၎င်းက ဟိန်းဟောက်လိုက်ရာ ဒုတိယအင်မော်တယ်အကြော ပေါ်လာသည်။ ထို့နောက် သုံးခု၊ လေးခု၊ ငါးခုမြောက်။
မျက်စိတစ်မှိတ်အတွင်း ဘိုးဘေးမြေ၏ ရှေးဂူသင်္ချိုင်းထဲတွင် ကြေးမီးအိမ်မှ ထွက်လာခဲ့သည်ထက် များစွာကျော်လွန်သည့် အကန့်အသတ်မရှိသော အင်မော်တယ်ချီတို့က မန်ဟို့ကို လွှမ်းမိုးသွားသည်။ အင်မော်တယ်အကြော ၁၀ ၊ ၂၀ ၊ ၃၀ ပေါ်လာလေပြီ။
အင်မော်တယ်နဂါးအကောင်သုံးဆယ်က ဟိန်းဟောက်ရင်း လေထဲ၌ ပျံဝဲနေသည်။ ဤအင်မော်တယ်နဂါးတစ်ကောင်စီအား နဝမတောင်ပင်လယ်ရှိ ပရိသတ်များ သတိထားမိသွားကြပြီး ၎င်းတို့က သူတို့ကို ရင်ဒိန်းခနဲ ခုန်သွားစေသည်။ သူတို့မှာ ၎င်းတို့ကို ငေးကြောင်ကြည့်နေမိကြ၏။ အထူးသဖြင့် ကျန်အစစ်အမှန်အင်မော်တယ်ရွေးချယ်ခံများမှာ ရင်ခုန်သံများ ဗြောင်းဆန်နေကြလေပြီ။
"အဲ့ဒါတွေက ... အဲ့ဒါတွေက အင်မော်တယ်အကြောတွေလား"
"ဘယ်လိုလုပ်ပြီး အင်မော်တယ်အကြောတစ်ကြောစီက လူတိုင်း အစစ်အမှန်အင်မော်တယ်အဆင့်တက်တုန်းက ပေါ်လာခဲ့ဖူးတဲ့ အကြောတွေထက် အဆများစွာ ကြီးမားနေတာတုန်း"
"သူ့ အင်မော်တယ်ပြစ်ဒဏ်ရဲ့ ခက်ခဲမှုအဆင့်က ကြားတောင်မကြားဖူးဘူး။ သူ့မော်တယ်တံခါးကလည်း ဖွင့်ရခက်တယ်။ အခု သူ အောင်မြင်သွားပြီဆိုတော့ သူ့အင်မော်တယ်အကြောတွေက တခြားသူများထက် သာမှာ အံ့ဩစရာမရှိဘူး။ အရမ်းသန်စွမ်းလွန်းတယ်"
အရှေ့အောင်ပွဲဂြိုဟ်ပေါ်ရှိ ဖန်မျိုးနွယ်ဝင်တိုင်း ကြက်သေသေနေကြသည်။ ဖန်ဝေသည် မန်ဟို့ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်ရင်း မျက်နှာဖြူဖပ်ဖြူလျော်နှင့် ရပ်နေသည်။ အင်မော်တယ်ပြစ်ဒဏ်ကို ပြန်တိုက်ခိုက်၍ အင်မော်တယ်တံခါးအား မန်ဟို ဖွင့်နိုင်ခဲ့သည့်တိုင် ဖန်ဝေမှာ သူနှင့် တိုက်ခိုက်ချင်နေသေး၏။
အရှေ့အောင်ပွဲဂြိုဟ်အနှံအပြား၌ အာမေဍိတ်သံများအား ကြားလိုက်ရသည့်အချိန်မှာပင် နဝမတောင်ပင်လယ်၏ ဂိုဏ်းအမျိုးမျိုးနှင့် မျိုးနွယ်စုအသီးသီးမှ ကျင့်ကြံသူများသည် မန်ဟို အင်မော်တယ်အကြောများအား ဖွင့်နေသည်ကို တအံ့တဩ ကြည့်နေကြ၏။
"သူ့အင်မော်တယ်အကြောတွေရဲ့ ခွန်အားက အင်မော်တယ်နယ်ပယ်မှာ သူ့ရဲ့အတိုက်အခိုက်စွမ်းရည်ကို ကိုယ်စားပြုတယ်" ဖန်တုံးအာဘေးရှိ အဘွားအိုက သလင်းဖန်သားပြင်ကို ကြည့်ရင်း နူးညံ့ပျော့ပျောင်းစွာ ပြောသည်။ "သူက ပြိုင်ဘက်ကင်းလိမ့်မယ်... သူဟာ ပါရာဂွန်အင်မော်တယ်ပြစ်ဒဏ်ကို ရင်ဆိုင်ခဲ့ပြီး တစ်ဦးတည်းသော ပါရာဂွန်အင်မော်တယ်ဖြစ်လာခဲ့ပြီ"
ဂိုဏ်းအမျိုးမျိုးနှင့် မျိုးနွယ်စုအသီးသီး၏ ခေါင်းဆောင်ကြီးများလည်း တောက်ပနေသော မျက်လုံးများနှင့် လေးနက်သော နှလုံးသားများဖြင့် မန်ဟို့ကို ကြည့်ကာ ထိုနည်းတူ ကောက်ချက်ချလိုက်ကြ၏။
မန်ဟိုသည် အင်မော်တယ်ချီတို့ဖြင့် ဝန်းရံလျက်၊ အင်မော်တယ်အလင်းရောင်ထဲတွင် ခိုလှုံလျက် အင်မော်တယ်တံခါးထဲ၌ ရပ်နေသည်။ အကန့်အသတ်မရှိသော အင်မော်တယ်ချီများ သူ့ကိုယ်ထဲသို့ စီးဝင်နေသဖြင့် တဝေါဝေါမြည်သံကြီးများ ပဲ့တင်ထပ်နေသည်။ အင်မော်တယ်အကြော (၄၀) ဖွင့်လာသဖြင့် သူ့ထံမှ တဂျွတ်ဂျွတ် မြည်သံများ ကြားလိုက်ရသည်။
၄၁ ၊ ၄၅ ၊ ၆၀ ....
တဝေါဝေါမြည်သံကြီးများ၏အလယ်တွင် အင်မော်တယ်တံခါး၏အပြင်၌ အင်မော်တယ်နဂါးများမှာ ယခုတွင် အကောင်ငါးဆယ်ရှိနေလေပြီ။ ၎င်းတို့က ဟိန်းဟောက်တွန်ကျူးရင်း ပျံဝဲနေရာ အသံကြားလိုက်ရသူတိုင်းအား အံ့ဩတုန်လှုပ်သွားစေတော့သည်။
သို့သော် ဤတင်မပြီးသေး။
၅၅ ၊ ၆၀ ၊ ၇၀ ၊ ၈၀ ...
အင်မော်တယ်နဂါးအကောင်ရှစ်ဆယ်သည် အချိန်တိုလေးအတွင်း အင်မော်တယ်တံခါး၏အပြင်၌ ပေါ်လာခဲ့၏။ ထိုအင်မော်တယ်နဂါးအကောာင်ရှစ်ဆယ်က အံ့မခန်းလိလိ စွမ်းအားများကို ထုတ်လွှတ်လျက် ကြယ်တာရာကောင်းကင်ထဲတွင် လှည့်ပတ်ပျံဝဲနေကြသည်။
မန်ဟို၏ခန္ဓာကိုယ်မှာ စုတ်ဖြဲခံနေရသကဲ့သို့ ခံစားရပြီး အကန့်အသတ်မရှိသော အင်မော်တယ်ချီများ သူ့ကိုယ်ထဲ စီးဝင်လာသည်မှင့်အမျှ (၈၁) ခုမြောက် အင်မော်တယ်အကြောသည် စတင်ဖြစ်ပေါ်လာတော့သည်။
မကြာမီ အကြော (၈၁) ကြော ပြည့်သွားပြီးနောက် (၈၂) ကြော။ ထို့နောက် (၈၃) ကြော။
နဝမတောင်ပင်လယ်ရှိ လူအားလုံး၏ ရှေ့မှောက်တွင် မန်ဟိုကား အင်မော်တယ်အကြော (၉၀) အား ဖော်ဆောင်ပြီးသွားလေပြီ။
***