မဟာအင်ပါယာနေမင်း
Vol. 148 Ch. 2050
ဟိုင်းဇီသည် ငြိမ်သက်စွာ စဉ်းစားကာ သက်ပြင်းချ၏။ သူမသည် မတိုက်ခိုက်ဘဲ မျက်လုံးမှိတ်လိုက်၏။
ကျိုးသဲသည် ဟိုင်းဇီ၏အပြုအမူကြောင့် အံတင်းတင်းကြိတ်၏။ သူ၏အမူအရာက အတော့်ကို သုန်မှုန်လာသည်။ သို့သော် သူသည် သူမကို ပါဝင်လာအောင် ထပ်မံ မကြိုးစားတော့ပေ။ သူက ကန်းနီနှင့်သာ တိုက်ခိုက်တော့၏။
သူတို့၏ တိုက်ပွဲမှာ ကျယ်လောင်စွာ တုန်ဟည်းသံများက အဘက်ဘက်သို့ ပျံ့နေ၏။ ပိုမို ကျယ်လောင်စွာ မြည်ဟိန်းလာစဉ် တောက်ရီသည် ဝမ်လင်းနား ရောက်လာ၏။ သူ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် ပြည့်နေသည်။ သူသည် ဝမ်လင်းကို သတ်ရမည် ဖြစ်၏။ သူသည် ဝမ်လင်း၏ အသွေးအသားကို အသုံးပြုကာ သူ့အရှက်ရမှုကို ဆေးကြောပစ်ရလိမ့်မည်။
ဝမ်လင်း၏အမူအရာက အမြဲတမ်းအေးစက်နေ၏။ တောက်ရီ ရောက်ရှိလာသည့်အခါ သူ့မျက်လုံးထဲတွင် တိုက်ပွဲဝင်လိုစိတ် ပေါ်လာ၏။ သည်တိုက်ပွဲဝင်လိုစိတ်သည် သူ့ထံ၌ မပေါ်လာသည်မှာ အချိန်ကြာခဲ့လေပြီ။ ဤသည်က သူ လှိုဏ်ဂူလောကတွင် နားလည်ခဲ့သော တိုက်ပွဲအနှစ်သာရအပေါ် နားလည်သဘောပေါက်မှုလည်း ဟုတ်ပေ၏။
ဤသည်မှာ “ငါတို့လို ကျင့်ကြံသူတွေက တိုက်ခိုက်ရမှာကို ဘယ်တော့မှ နောက်တွံ့နေမှာမဟုတ်” ဟူသေ စကားရပ်အတိုင်းတည်း။
“တောက်ရီ…” ဝမ်လင်းက ကောင်းကင်ဘုံဘိုးဘေးဦးခေါင်းပေါ်တွင် ရပ်ကာ မာန်သွင်း၏။ သူ၏ဆံနက်တို့မှာ လွင့်ဝဲနေ၏။ သူက ညာလက်ကို ပင့်မြှောက်သည်။ သူ့လက်တွင် ရွှေရောင်ဓားအစိတ်အပိုင်းတစ်ခု ပေါ်လာသည်။ ဤသည်မှာ ကျိုးသဲ သူ့ကို လမ်းမရှည်ပေါ်တွင် ပေးခဲ့သော ကောင်းကင်ဘုံဘိုးဘေး၏ ဓားအစိတ်အပိုင်းပင်။
ထိုစဉ်က ကျိုးသဲသည် ဝမ်လင်းအနေဖြင့် တောက်ရီကလန်၏အစီအစဉ်တွင် ရှင်သန်နိုင်လိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။ သူသာ ထိုသို့ဖြစ်လာမည်မှန်း သိခဲ့ပါက ဒီအစိတ်အပိုင်းကို ဝမ်လင်းထံ လုံးဝ ပေးခဲ့လိမ့်မည် မဟုတ်ချေ။
ထိုအစိတ်အပိုင်းကို သူ့ခန္ဓာကိုယ်တွင်းသို့ ပေါင်းစပ်ပြီးနောက် ဆံနက်ဝမ်လင်း၏မျက်လုံးထံမှ ထူးခြားသောအလင်းတစ်ခု ဖြစ်ပေါ်၏။ သူသည် ရှေ့သို့ ခြေလှမ်းကာ သူ့ညာလက်ကို ရင်ဘက်သို့ ထိရိုက်သည်။
“ဒြပ်စင်ငါးခုအစစ်အမှန်ခန္ဓာကိုယ်…ထွက်လာခဲ့…”
“ဆန်းကြယ်အနှစ်သာရသုံးခု…ထွက်လာခဲ့…”
“အတားအဆီး၊ အကြွင်းမဲ့စတင်ခြင်းအနှစ်သာရတွေ…ထွက်လာခဲ့…”
သူ့လက်ရိုက်ချက်ကြောင့် သတ်ဖြတ်သူ၊ မိုးကြိုးနှင့် အကြွင်းမဲ့အဆုံးတို့ကလွဲ၍ သူ၏အနှစ်သာရအားလုံးမှာ ခန္ဓာကိုယ်ထဲကနေ ထွက်သွားသည်။ ခုခါ၌ ဆံနက်ဝမ်လင်းသည် သတ်ဖြတ်ခြင်းနှင့်ဖျက်စီးခြင်းတို့၏ ပြယုဒ်ကဲ့သို့ ဖြစ်လာကာ တောက်ရီထံ တိုးဝင်လာတော့သည်။
သူတို့နှစ်ယောက်ကား ကောင်းကင်ထွက်တွင် အပြန်အလှန်တိုက်ခိုက် သတ်ဖြတ်ကြတော့၏။
တောက်ရီက မာန်သွင်း၏။ သူက သူ့နေမင်း၏စွမ်းအားကို ငှားယမ်းသည်။ လောကရှိ အရာအားလုံးသည် တခုတည်းအဖြစ်သို့ သမူဟ ဖြစ်သည်။ သူ့တိုက်ခိုက်မှုတိုင်း လှုပ်ရှားမှုတိုင်းတွင် သူ၏ယုံကြည်မှုမန္တာန် ပါဝင်သည်။ သူက ဝမ်လင်းနှင့် ထိပ်တိုက်တွေ့သည်။ ဆံနက်ဝမ်လင်းသည် ထပ်ခါထပ်ခါ ပြိုလဲပျက်စီး၏။ သို့သော် ဤသည်က ထိုဆံနက်ဝမ်လင်းသည် မသေမျိုးကဲ့သို့ ဖြစ်နေသည့်အလား ထင်ရစေသည်။
“သေစမ်း…ဒီဝမ်လင်းက ဆံနက်အသွင် ဖြစ်ပေါ်တဲ့နောက် သူ့ကို ရင်ဆိုင်ဖို့ ခက်လှတယ်…” တောက်ရီက ကျိန်စာ၏နာကျင်မှုကို တောင့်ခံကာ အဆက်မပြတ် တိုက်ခိုက်၏။ သို့သော် သူသည် ဆံနက်ဝမ်လင်းကြောင့် ထပ်ခါထပ်ခါ ဆုတ်သွားရသည်။ ထိုသည်က သူ၏ခန္ဓာကိုယ်ထဲရှိ ဘိုးဘေးကျိန်စာကို ပိုဆိုးဝါးသွားစေသည်။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်နေသည်။ ဆံနက်ဝမ်လင်း၏ခန္ဓာကိုယ်ကလည်း အနက်ရောင်အခိုးငွေ့အမျှင်တန်းများအဖြစ်သို့ ထပ်ခါထပ်ခါ ပျက်စီးသည်။ ယင်းတို့၌ အသက်ဓာတ် ပါဝင်ဟန်ရကာ တောက်ရီထံ အရှိန်အဟုန်နှင့် တိုးဝင်လာသည်။ ထိုအနက်ရောင်အခိုးငွေ့တို့က တောက်ရီရှေ့တွင် စုဝေးသည်။ ယင်းတို့ထဲမှ လက်ချောင်းတချောင်း ဆန့်ထွက်လာကာ တောက်ရီထံ ဦးတည်သည်။
တောက်ရီသည် ရုတ်တရက် လှည့်လိုက်၏။ သူ၏မျက်နှာမှာ ခုခါ၌ ဦးခေါင်းခွံ ဖြစ်နေလေပြီ။ သူ့အသွေးအသားတို့သည် ပဲ့ကြွေကျကာ သူ၏ခန္ဓာကိုယ်မှ သွေးများသည် ရေအလား စိမ့်ထွက်နေသည်။ သူသည် လက်သီးချက် ပစ်သွင်းကာ အနက်ရောင်အခိုးငွေ့များ အပါအဝင် လောကသည် ရပ်တန့်သွားသည်ဟု ထင်ရ၏။ သူ၏လက်သီးချက် ကျရောက်လာသည့်အခါ ဝမ်လင်း၏လက်ချောင်းမှာ ပျက်စီးသွားကာ အနက်ရောင်အခိုးငွေ့များသည် နောက်သို့ လွင့်ထွက်သွားသည်။ ထိုအခိုးငွေ့တို့က ဝမ်လင်းအသွင် ပြန်ဖွဲ့စည်းကာ ပေတစ်ရာအကွာတွင် ပေါ်လာ၏။
တောက်ရီသည်လည်း ခြေသုံးလှမ်း ဆုတ်လိုက်ရသည်။ ပယ်ဖျက်ရန် ခက်လှသော သတ်ဖြတ်ခြင်းအော်ရာက ရှေးဘိုးဘေးကျိန်စာနှင့် ပေါင်းစည်းသွားသလို ထင်ရ၏။ ဤသည်က တောက်ရီကို စူးစူးဝါးဝါး အော်ဟစ်မိစေသည်။
ဆံနက်ဝမ်လင်း၏မျက်လုံးတို့မှာ အေးစက်နေ၏။ သူသည် ထပ်မံ၍ တရကြမ်း တိုးဝင်လာပြန်၏။
တချိန်တည်းမှာ အတင်းအကြပ် ထွက်လာသော ဒြပ်စင်ငါးခုအစစ်အမှန်ခန္ဓာကိုယ်သည် နောက်ဆုံး အနှစ်သာရ ဖြစ်သော သတ္တုအနှစ်သာရသည် ဓားအစိတ်အပိုင်းနှင့် ပေါင်းစပ်ပြီးနောက် ပြီးပြည့်စုံသွားသည်။
ထိုပြီးပြည့်စုံသော သတ္တုအနှစ်သာရက အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ် မဖွဲ့စည်းရသေးသော်လည်း ၎င်းသည် ဒြပ်စင်ငါးခုခန္ဓာကိုယ်ကိုမူ ပြီးပြည့်စုံသွားစေသည်။ ယင်းစွမ်းအားက လှည့်ပတ်နေလျက် ဒြပ်စင်ငါးခုသည် အပြည်အဝ တစ်ခုတည်းအဖြစ်သို့ ပေါင်းစည်းသည်။ ဝမ်လင်း၏ ထိုခန္ဓာကိုယ်သည် တုန်လှုပ်ဖွယ်စွမ်းအားကို ပေါက်ကွဲစေကာ တောက်ရီကို မော့ကြည့်၏။ သူသည် ရှေ့သို့ လှမ်းလာစဉ် ဒြပ်စင်ငါးခုက သူ့အား ဝန်းရံသည်။ သူ့ခန္ဓာကိုယ်ပတ်လည်တွင် ငါးရောင်စုံ ပေါ်လာ၏။
အနက်က မြေကြီးကို ကိုယ်စားပြု၏။ အဝါက သတ္တုကို ကိုယ်စားပြု၏။ အစိမ်းက သစ်သားကို ကိုယ်စားပြု၏။ အပြာက ရေကို ကိုယ်စားပြု၏။ အနီက မီးကို ကိုယ်စားပြုပေသည်။
ဒြပ်စင်ငါးခုခန္ဓာကိုယ်က နီးကပ်လာပြီး ညာလက်ကို ပင့်မြှောက်ကာ ဒြပ်စင်ငါးခုကို ရွှေ့လျားစေ၏။ အနက်ရောင်မြေကြီးက ကျယ်ပြောသောကုန်းမြေထုအဖြစ်သို့ ပြောင်း၏။ ထိုကုန်းမြေမှာ ပုံရိပ်ယောင်ပင်။ သို့သော် ၎င်းထံ၌ တုန်လှုပ်ဖွယ်မြေအနှစ်သာရနှင့် ပြည့်နေသည်။ ကျယ်လောင်စွာ တုန်ဟည်းသံများ ဖြစ်ပေါ်ပြီး မြေပြင်ထု နိုးထလာသည်ဟု ထင်ရကာ ဧရာမမြေဘီလူးတစ်ကောင် ပေါ်လာ၏။ ၎င်းသည် တောက်ရီထံ လက်သီးချက် ပစ်သွင်းလာသည်။
သတ္တုအနှစ်သာရလည်း ရှိသေး၏။ ၎င်းပေါ်လာသည့်နောက် တောက်ပထွန်းလင်းကာ မရေမတွက်နိုင်သော ဓားများအဖြစ်သို့ ပြောင်းသည်။ ဓားတစ်လက်ချင်းစီသည် ပုံရိပ်ယောင်တစ်ခုပင်။ သို့သော် ယင်းတို့၌ အဆုံးမဲ့သတ္တုအနှစ်သာရနှင့် ပြည့်၏။ ယင်းတို့က ဓားမိုးအသွင် ပြောင်းကာ တောက်ရီထံ ကျဆင်းလာသည်။
သစ်သားအနှစ်သာရကလည်း ပေတစ်ထောင်ခန့် သစ်ပင်အဖြစ် ကောင်းကင်ထက်တွင် ပေါ်လာပြီး တောက်ရီထံ ရိုက်ချလာ၏။
ရေနှင့်မီးတို့သည်လည်း ရေလှိုင်း၊မီးလှိုင်းတို့အဖြစ် ပြောင်းကာ တောက်ရီထံ ရိုက်ခတ်လာသည်။
တချိန်တည်းမှာ ဆံနက်ဝမ်လင်း၏မျက်လုံးက အရောင်တောက်လာ၏။ သူက ရှေ့သို့ ခြေလှမ်းကာ သူ၏ခန္ဓာကိုယ်သည် မရေမတွက်နိုင်သော အနက်ရောင်မိုးကြိုးတန်းများအဖြစ် ပေါက်ကွဲ၍ တောက်ရီထံ တရှိန်ထိုး ဝင်ရောက်လာသည်။
ဤသည်မှာ ဝမ်လင်း၏ သတ်ဖြတ်သူမူလခန္ဓာကိုယ်နှင့် ဒြပ်စင်ငါးခုအစစ်အမှန်ခန္ဓာကိုယ်တို့ ပူးပေါင်းချိန်၌ အစွမ်းထက်ဆုံး တိုက်ခိုက်မှုပင်။
ကျယ်လောင်စွာ တုန်းဟည်းသံများ လောကတခွင် ပဲ့တင်ထပ်၏။ တောက်ရီသည် ထိတ်လန့်တကြား အော်ဟစ်လိုက်ရသည်။ သူ၏ ဝတ်ရုံက ကျိုးပျက်ကာ သွေးများက သူ့မျက်နှာ ပက်ကြားအက်များထဲမှ စီးကျသွားသည်။ သူ့နောက်မှ ဝိုးတဝါးနေမင်းမှာလည်း ရုတ်တရက် ပျက်စီးသွားသည်။
ထိုနေမင်း ပျက်စီးခြင်းက ပြင်းထန်သောဖိသိပ်အားတစ်ခုကို ဖန်တီးကာ တိုးဝင်လာသည့် သစ်ပင်ကို လွင့်ပျောက်သွား၏။ မြေဘီလူးကိုလည်း တစစီဖြစ်သွားစေသည်။ ရေနှင့်မီးလှိုင်းတို့မှာ နောက်သို့ လွင့်ထွက်သွားပြီး မရေမတွက်နိုင်သော သတ္တုဓားများလည်း ပျက်စီးသည်။ ဒြပ်စင်ငါးခုသည် ပြန့်ကြဲသွားပြီး ဝမ်လင်း၏ဒြပ်စင်ငါးခုခန္ဓာအဖြစ် ပြန်ဖွဲ့စည်းသည်။
ထို့အပြင် မိုးကြိုးတန်းများအဖြစ် ပေါက်ကွဲထွက်စေခဲ့သော ဆံနက်ဝမ်လင်းလည်း ရှိသေး၏။ အနက်ရောင်အခိုးငွေ့များ ပေါ်လာကာ နောက်သို့ ဆုတ်၍ ဆံနက်ဝမ်လင်း၏ခန္ဓာကိုယ် ပြန်ဖွဲ့စည်းသည်။
တောက်ရီသည် နာကျင်စူးဝါးစွာ အော်ဟစ်လိုက်ရသည်။ သူ၏မျက်နှာထက်၌ တစ်ခုတည်းသော ကျန်နေသည့်အရာဟူ၍ မျက်လုံးတစုံသာ ရှိတော့သည်။ သို့ပေမည့် သူ့မျက်လုံးတို့မှာ တစ္ဆေမီးကဲ့သို့တည်း။ ခုခါ၌ ကြောက်ရွှံ့မှုနှင့် ပြည့်နေသည်။
သူသည် ဝမ်လင်းကိုသာမက အပြည့်အဝ ပေါက်ကွဲထွက်လာသော ရှေးဘိုးဘေးကျိန်စာကိုပါ ကြောက်နေ၏။ သူသည် ရှေးဘိုးဘေးကျိန်စာက သူ၏စိတ်ဝိညာဉ်ကို စတင်လောင်ကျွမ်းနေသည်ဟု ရှင်းလင်းစွာ ခံစားမိသည်။ သူသာ ချက်ခြင်းထွက်ခွာကာ သူ့ကိုယ်သူ ထိန်းသိမ်းမည့်အစား ဆက်၍ တိုက်ခိုက်ပါက သူသည် ကျရှုံးသွားနိုင်လောက်သည်။
“ဒီအုပ်စိုးသူက ဒီလိုအဖြစ်မခံနိုင်ဘူး…” တောက်ရီက မာန်သွင်းကာ ထွက်ခွာဖို့ငှာ ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။ သူသည် ဆက်၍ မတိုက်ခိုက်ဝံ့တော့ပေ။ သူက သူ့အား သေခြင်းတရားအရိပ်က ခြုံလွှမ်းလာသလို ခံစားမိသည်။
“အတားအဆီးအနှစ်သာရ ကောင်းကင်ကို ချိပ်ပိတ်မယ်…”
“အကြွင်းမဲ့စတင်ခြင်းအနှစ်သာရ၊ နေသာသောည…”
“သေခြင်းရှင်ခြင်း၊ကံမ္မ၊ အမှန်နဲ့အမှား။ လောကကို ဖုံးလွှမ်းစေ…” ဆံနက်ဝမ်လင်းနှင့် ဒြပ်စင်ငါးခုဝမ်လင်းတို့သည် တချိန်တည်းမှာ ထိုသို့ ပြောလာသည်။
တောက်ရီသည် ထွက်ခွာသွားရုံ ရှိသေး သူ့အထက်ရှိ ဖျက်စီးခံရသော ကောင်းကင်သည် လက်ခနဲ ဖြစ်ကာ စာလုံးတစ်လုံး ပေါ်လာသည်။ ဤသည်မှာ ဝမ်လင်း၏ အတားအဆီးအနှစ်သာရ၏ ချိပ်ပိတ်ခြင်းစွမ်းအားပင်။
ထိုအတားအဆီးအနှစ်သာရ နောက်တွင် တောက်ပသောနေမင်း ပေါ်လာသည်။ ၎င်းက တလျှံလျှံတောက်ပသောအလင်းကို ထုတ်လွှတ်ကာ အတားအဆီးအနှစ်သာရနှင့် ပေါင်းစည်း၍ လောကကို ချိပ်ပိတ်သော အလင်းမြင်ကွင်းကို ဖန်တီးသည်။
မကြာမီတွင် ဆန်းကြယ်အနှစ်သာရသုံးခုသည် ရုတ်တရက် ပေါ်လာကာ သည်ချိပ်ပိတ်ထားသော ဝန်းကျင်၌ မြူလွှာတစ်ခုကို ဖွဲ့စည်းသည်။ ထိုမြူထဲ၌ ဝမ်လင်း၏ တာအို ပါဝင်သည်။ ၎င်းသည် ကောင်းကင်တခွင်သို့ ပျံ့နှံ့ပြီး ၎င်းထံ၌ အားကောင်းသော ချိပ်ပိတ်စွမ်းအား ပါဝင်သည်။
သင်က ထွက်သွားချင်တာလား…” ဆံနက်ဝမ်လင်းနှင့် ဒြပ်စင်ငါးခုခန္ဓာကိုယ်တို့က တောက်ရီထံ တိုးဝင်လာကြသည်။
အကွာအဝေးတစ်ခု၌ ကျိုးသဲသည် တုန်လှုပ်ဟန် ဖြစ်ပေါ်၏။ သူသည် ကန်းနီနှင့် တိုက်ခိုက်နေစဉ် နောက်သို့ ဆုတ်ကာ ဝမ်လင်းထံ ဦးတည်ရန် ဟန်ပြင်သည်။
ကန်းနီ၏မျက်နှာ ဖြူရောနေ၏။ သို့သော် သူမက အံတင်းတင်းကြိတ်ကာ သူ့ကို ထပ်မံ တားဆီးသည်။
ကျိုးသဲက ဒေါသတကြီး အော်ဟစ်လိုက်၏။ “ကန်းနီ…ဒီလောက်ဆို လုံလောက်ပြီ။ ကောင်းကင်ဘုံအင်ပါယာလည်း သေသွားခဲ့ပြီ။ နင်က တောက်ရီကို ရှေးဘိုးဘေးကျိန်စာကြောင့် ပျက်စီးသွားမှာကို ခွင့်ပြုမလို့လား…”
ကန်းနီက ရပ်လိုက်၏။ တကယ်တော့ သူမသည်လည်း ကောင်းကင်ဘုံကလန်က မဟုတ်လား။
တောက်ရီ၏ခန္ဓာကိုယ်သည် စတင်ပျက်စီးနေ၏။ ခုခါ၌ သူသည် အတော်လေး ကြောက်မက်ဖွယ်ကောင်းနေသည်။ သူ၏မျက်လုံးထဲတွင် နာကျင်မှုနှင့် ရူးသွပ်မှု ပြည့်နေ၏။ သူ့ခန္ဓာကိုယ်ကို မမြင်ရသောမီးတောက်တစ်ခု ဝန်းရံနေ၏။ သူက မာန်သွင်းကာ ကောင်းကင်ထက်သို့ လက်သီးချက် ပစ်သွင်းလိုက်သည်။
လောကသည် တုန်ဟည်းသွား၏။ အတားအဆီး၊ အကြွင်းအဲ့အစ၊ ဆန်းကြယ်အနှစ်သာရသုံးခုနှင့် ဖန်တီးထားသော ချိပ်ပိတ်မှုမှာ ပျက်စီးသွား၏။ သူ၏ ကိုယ်ပိုင်ခန္ဓာကိုယ် လောင်ကျွမ်းနေသော တောက်ရီသည် ထိုစွမ်းအားကို အသုံးချကာ ချက်ခြင်း ထိုးထွက်သည်။
တောက်ရီ လွတ်မြောက်တော့မည်ကို တွေ့မြင်သည့်အခါ ဆံနက်ဝမ်လင်းနှင့် သူ့ဒြပ်စင်ငါးခုခန္ဓာကိုယ်တို့၏ မျက်လုံးများသည် တချိန်တည်းမှာ အရောင်တောက်သွားသည်။
“သင် လွတ်မြောက်နိုင်တယ်။ ဒါပေမဲ့ တောက်ရီကလန်ကတော့ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး…” ထိုစကားတို့သည် ဆံနက်ဝမ်လင်းထံမှ ထွက်ပေါ်လာ၏။ ယင်းတို့၌ သတ်ဖြတ်ခြင်းနှင့် ဖျက်စီးခြင်း ပြည့်နှက်နေသည်။
“သင် တိုက်ခိုက်ချင်တဲ့အချိန်တိုက်ခိုက်၊ ထွက်သွားချင်တဲ့အချိန်ထွက်သွားလို့ ဘယ်ရမလဲ…” ထိုစကားလုံးတို့သည် ဒြပ်စင်ငါးခုခန္ဓာကိုယ်မှ ထွက်ပေါ်လာ၏။
တောက်ရီ၏ မျက်လုံးထဲတွင် ရူးသွပ်မှုတို့ ပြည့်နေ၏။ သူက ထွက်သွားကာ တံခါးပိတ်ကျင့်ကြံနိုင်ဖို့အတွက် သူ့ခန္ဓာကိုယ်ကို တုံ့နှေးမနေဘဲ လောင်ကျွမ်းစေသည်။ ကလန်က ဘာအရေးနည်း။ ခုခါ၌ မည်သို့ပင်ဖြစ်စေ သူသည် ရှေ့သို့ တရကြမ်း ဦးတည်ကာ သူ၏ခန္ဓာကိုယ်သည် ဝေဝါးလာသည်။
တချိန်တည်းမှာ ကျိုးသဲက ကန်းနီးကို ရပ်တန့်စေပြီး ရှေ့သို့ တိုးလာသည်။ သူသည် ဝမ်လင်း တောက်ရီ၏ လိုက်လံမှုကို ဟန့်တားမည့်ပုံ ပေါ်၏။ သို့သော် အမှန်တော့မူ သူ့ထံ၌ သတ်ဖြတ်လိုစိတ် ပြည့်နေပေသည်။
ဆံနက်ဝမ်လင်း၏မျက်လုံးက အရောင်တောက်သွား၏။ သူက တစက်လေးမျှ တုံ့နှေးမနေပေ။ တောက်ရီ ထွက်ပြေးကာ ကျိုးသဲ နီးကပ်လာစဉ်၌ သူ့ခန္ဓာကိုယ်သည် မရေမတွက်နိုင်သော အနက်ရောင်အခိုးငွေ့အမျှင်တန်းများအဖြစ်သို့ ပြောင်းကာ သူ့ဒြပ်စင်ငါးခုခန္ဓာကိုယ်ထံ ပျံသန်းဝင်သည်။ ယင်းတို့က ဝေဝေဝါးဝါးပုံရိပ်တစ်ခုအဖြစ်သို့ ပေါင်းစည်းသည်။
“အတားအဆီးအနှစ်သာရ၊ ပြန်ရောက်လာစေ…”
“အကြွင်းမဲ့စတင်ခြင်း၊ ပြန်ရောက်လာစေ…”
“သေခြင်းရှင်ခြင်း၊ ကံမ္မ၊ အမှန်အမှား…ပြန်ရောက်လာစေ…”
“ဒြပ်စင်ငါးခုခန္ဓာကိုယ် သိပ်သည်း၊ သတ်ဖြတ်သူမိုးကြိုးအနှစ်သာရခန္ဓာကိုယ် သိပ်သည်း၊ ဆန်းကြယ်အနှစ်သာရတွေ သိပ်သည်း…”
ဝေဝါးဝါးပုံရိပ်သည် ဝမ်လင်း၏ခန္ဓာကိုယ်အဖြစ် ဖွဲ့စည်းသွား၏။
သူ၏ဆံပင်သည် အဖြူတဝက်၊အနက်တဝက် ဖြစ်နေ၏။ သူသည် မော့ကြည့်လာသည့်အခါ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အော်ရာက ကျိုးသဲ၏ မျက်လုံးသူငယ်အိမ်ကို ကြုံ့သွားစေသည်။
ဤသည်မျာ လေဟာနယ်ထဲရှိ ကိုယ်ပွားအပြင် သူ၏အစွမ်းထက်ဆုံးအသွင်ပုံစံ ဖြစ်၏။ ဤသည်မှာ သူ ကောင်းကင်ဘုံဘိုးဘေး၏ အမွေအနှစ်အချို့ကို စုပ်ယူပြီး သူ့သတ်ဖြတ်သူနှင့် ဒြပ်စင်ငါးခုခန္ဓာကိုယ်တို့ကို အတူတကွ ပေါင်းစည်းပြီးနောက် သူ၏ အထွတ်အထိပ်ပင်။
သူ၏နောက်တွင် အဖြူနှင့်အနက်နေမင်းအသွင် ပုံစံကြမ်းတစ်ခု ပေါ်လာ၏။ ဤနေမင်းက တောက်လောင်ကာ ပုံစံကြမ်းမျှသာ ဖြစ်၏။ သို့သော် ၎င်းက ဟိုင်းဇီ၊ ကျိုးသဲ၊ ကန်းနီနှင့် ထွက်ပြေးသွားသော တောက်ရီတို့၏ စိတ်နှလုံးတို့ကို တုန်ယင်သွားစေသည်။
“ဒါ…ဒါက…”
“ဒါက မန္တာန်တစ်ခုက ဖြစ်ပေါ်လာတဲ့ဟာ မဟုတ်ဘူး။ ဒါက…မဟာအင်ပါယာတစ်ယောက်ရဲ့ နေမင်းပဲ…”
“ဒါ မဖြစ်နိုင်ဘူး။ သူဟာ ထာဝရနတ်ဘုရားနယ်မြေကိုလည်း လုံးဝ မသွားခဲ့ရသေးဘူး။ သူ့မှာ ဘယ်လိုလုပ် မဟာအင်ပါယာနေမင်း ပိုင်ဆိုင်နေရတာလဲ။ ဒါက ဝိုးတဝါးသာ ဖြစ်နေသေးပေမယ့်လည်း တကယ့်ကို မဟာအင်ပါယာနေမင်းရဲ့ အကြမ်းထည်ပုံစံပဲ…”
“သူ…သူက တကယ်ပဲ သူ့ကိုယ်ပိုင်စွမ်းအားကို အသုံးပြုပြီး အတင်းအကြပ် မဟာအင်ပါယာတစ်ပါးရဲ့ နေမင်းကို သိပ်သည်းပေါ်ထွက်လာစေနိုင်တယ်။ ဒီလူ…ဒီလူဟာ…”