တောက်ဖေကို ထားခဲ့
Vol. 148 Ch. 2051
မဟာအင်ပါယာနေမင်းသည် အဖြူနှင့်အနက် ရောနေ၏။ ၎င်းထံမှ လောကကို လင်းထင်းစေသော ထူးခြားသည့်အလင်းတစ်ခုကို ပေးစွမ်းကာ ဝမ်လင်းနောက်ရှိ လေဟာနယ်ကို ခြုံလွှမ်းသည်။
ဤသည်မှာ ဝမ်လင်း၏အစွမ်းထက်ဆုံး စွမ်းအားတည်း။ မဟာအင်ပါယာနေမင်း ပေါ်လာသည့်အခါ ဝမ်လင်းသည် ရှေ့သို့ တိုးကာ တုန်လှုပ်နေသော တောက်ရီထံ တရကြမ်း ဦးတည်သည်။
ကျိးသဲ၏ မျက်လုံးက အလေးအနက် ဖြစ်လာ၏။ သူသည် ဝမ်လင်းကို ဟန့်တားဖို့ ရှေ့သို့ တိုးလာသည်။ သူသည် ရှေးဘိုးဘေးကျိန်စာကြောင့် တောက်ရီ ကျရှုံးသွားမည်ကို သည်အတိုင်း ကြည့်မနေနိုင်ပေ။ သူက ကောင်းကင်ဘုံကလန်သည် ရှေးကလန်နှင့် မျှခြေဖြစ်နေခြင်းကနေ ဆိုးဝါးသောအခြေအနေသို့ ရောက်သွားမည်ကို မလိုချင်ပေ။
ခုခါ၌ ကောင်းကင်ဘုံအင်ပါယာလည်း သေဆုံးသွားခဲ့ပြီ ဖြစ်၍ တောက်ရီ မည်သို့မျှ ဖြစ်၍ မရပေ။
ကျိုးသဲက ရှေ့သို့ တိုးလာရင်း သူ့တကိုယ်လုံးကို အလင်းက ဖုံးလွှမ်းထား၏။ သူ၏နောက်တွင် အဖြူရောင်နေမင်း ပေါ်လာကာ ဧရာမဝံပုလွေဖြူတစ်ကောင် ဖြစ်ပေါ်သည်။ ၎င်းက ဟိန်းသံပေးကာ ဝမ်လင်းကို တားဆီးရန် ရှေ့သို့ တရကြမ်း တိုးဝင်လာသည်။
သူတို့နှစ်ယောက်သည် နီးကပ်လာကြသည်။
“ဝမ်လင်း…တောက်ရီကို မသတ်နဲ့…” ကျိုးသဲက မာန်သွင်းကာ အော်ဟစ်၏။ သူ့ပတ်လည်ရှိ ဝံပုလွေဖြူသည် ၎င်း၏ပါးစပ်ကိုဟကာ ဝမ်လင်းကို ဝါးမြိုရန် တာဆူလာသည်။
ဝမ်လင်း၏အမူအရာက တည်ငြိမ်နေ၏။ ဝံပုလွေဖြူ နီးကပ်လာသည့်အခါ အဖြူနှင့်အနက်နေမင်းသည် တလျှံလျှံတောက်ပမှုကို ထုတ်လွှတ်သည်။ ၎င်းသည် လျင်မြန်စွာ ကြုံ့ပြီး ဝမ်လင်း၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
ဤသည်က ဝမ်လင်း၏ခန္ဓာကိုယ်ကို မဟာအင်ပါယာနေမင်းအကြမ်းထည်၏ စွမ်းအားအပြည့် ပါဝင်စေသည်။ သူက သူ့ခန္ဓာကိုယ်ကို လှည့်ကာ ထိုဝံပုလွေကို ကန်ထုတ်လိုက်သည်။
သည်အခိုက်၌ လောက၏ စွမ်းအား ပါဝင်သော လက်သီးချက်၊ ခြေကန်ချက်တစ်ခုက မည်သည့်မန္တာန်ထက်မဆို သာလွန်၏။ ယင်းကန်ချက်ဖြင့် လေဟာနယ်မှာ တုန်ခါထွက်သွားသည်။
အကွာအဝေးတစ်ခု၌ ဝံပုလွေဖြူနှင့် ဝမ်လင်း၏ ကန်ချက်တို့သည် ဆက်၍ တိုက်ခိုက်ထိပ်တိုက်တွေ့ခြင်း မရှိတော့ပေ။ သို့သော် အဖြူရောင်နေမင်းနှင့် အဖြူအနက်နေမင်းတို့သည် ထိပ်တိုက်တွေ့လေသည်။
ကျယ်လောင်စွာ တုန်ဟည်းသံများ အဘက်ဘက်သို့ ပဲ့တင်ထပ်သည်။ မဟာအင်ပါယာကျိုးသဲ၏ အဖြူရောင်နေမင်းသည် တုန်ခါ၏။ ဝံပုလွေဖြူသည် အော်မြည်သံပြုကာ ၎င်း၏ကြီးမားသော ခန္ဓာကိုယ်သည် ဖိသိပ်အားကြောင့် ပျက်စီးသွားသည်။ ၎င်း၏ဦးခေါင်းသာ ကျန်ရစ်ခဲ့ပြီး လွင့်ထွက်သွားသည်။
ကျိုးသဲ၏အမူအရာက ဖြူရောသွား၏။ သူ၏မျက်လုံးထဲတွင် တုန်လှုပ်မှုတို့ ပြည့်နေ၏။ သူသည် ရှေးဘိုးဘေးကျိန်စာ၏ သက်ရောက်မှု ခံထားရသဖြင့် သူ့စွမ်းအားကို ၎င်းအား ဖိနှိပ်ဖို့ ခွဲထုတ်ထားရ၏။ သူက ကန်းနီနှင့်လည်း ခုမှ တိုက်ခိုက်ပြီးစ ဖြစ်၍ သူ၏ အားအနည်းဆုံးအနေထား ဖြစ်နေသည်။ သို့သော် မည်သို့ပင် ဖြစ်စေ သူသည် မဟာအင်ပါယာတစ်ယောက် ဖြစ်နေဆဲပင်။ သူသည် မဟာအင်ပါယာများကြား၌ပင် အစွမ်းထက်လှသူ တစ်ယောက် ဖြစ်သည် မဟုတ်လား။
တဖက်လူသည် မဟာအင်ပါယာနေမင်း၏ အကြမ်းထည်ကို ဖွဲ့စည်းသိပ်သည်းနိုင်သော်လည်း ယင်းက အကြမ်းထည်မျှသာ ရှိသေးသည်။
သို့သော် ဝမ်လင်း၏ ယင်းနေမင်းသည် သူ ခုချိန်၌ အသုံးပြုနိုင်သော စွမ်းအားအပြည့်အဝ ထုတ်ဖော်ထားလျက်ဖြင့်ပင် သူ့အား လွင့်ထွက်သွားစေနိုင်စွမ်း ရှိနေသည်။
သို့အတွက် ရှင်းပြုနိုင်သည့် တခုတည်းသောအရာမှာ ဝမ်လင်း ဖွဲ့စည်းခဲ့သော မဟာအင်ပါယာနေမင်းကာ သာမန်မဟုတ်ဟူ၍ပင်။
“ဒါက ကျိန်းသေပေါက် သာမန်မဟာအင်ပါယာနေမင်း မဟုတ်ဘူး…” ကျိုးသဲက ထပ်မံ တိုးဝင်လာပြန်သည်။ မဟာအင်ပါယာနေမင်းနှစ်စင်း ထိပ်တိုက်တွေ့ချိန်၌ ဝမ်လင်းသည်လည်း နောက်ဆုတ်ရလေ၏။ သူ့ပါးစပ်ထောင့်မှလည်း သွေးများ စီးကျလာနေသည်။ သူ၏ခန္ဓာကိုယ်သည် တုန်ယင်ကာ သူသည် ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။
ကျိုးသဲ၏ တိုက်ခိုက်လှုပ်ရှားမှုမှာလည်း ဝမ်လင်းကို ပိတ်ဆို့ဟန့်တားနိုင်ခြင်း မရှိလေပေ။ ဖြတ်ခနဲ သူသည် အနက်ရောင်အခိုးငွေ့များ ဝန်းရံကာ ခန္ဓာကိုယ် ဆွေးမြေ့နေသော တောက်ရီထံ တရကြမ်း ဦးတည်ဝင်လာ၏။
ခြေတလှမ်းဖြင့်ပင် သူသည် နီးကပ်လာသည်။ တောက်ရီသည် မလွတ်မြောက်နိုင်တော့သည်ကို တွေ့မြင်သည့်အခါ သူ့မျက်လုံးထဲတွင် ရူးသွပ်မှု ပေါ်လာ၏။ သူသည် မာန်သွင်းကာ သူ့ညာလက်ကို ပင့်မြှောက်၏။ သူက လေဟာနယ်ထဲသို့ လက်ဆန့်ထုတ်လိုက်ရာ သူ့လက်ထဲတွင် လခြမ်းကွေးအနက်ရောင်ဓားတစ်လက် ပေါ်လာ၏။ ထိုဓားမှာ သတ်ဖြတ်ခြင်း အတိပြီး၏။ သူသည် တဖက်သို့ လှည့်ကာ ဝမ်လင်းထံ ဓားဖြင့် လှမ်းခုတ်ပိုင်းသည်။
“ဝမ်လင်း…မင်း ငါ့ကို သတ်ချင်ရင် ငါနဲ့အတူ သေလိုက်တော့…” တောက်ရီ၏ ရူးသွပ်ခြင်းအားဖြင့် ၎င်းဓားက ဝမ်လင်းထံ သက်ဆင်းလာသည်။ သို့သော် ထိုဓား နီးကပ်လာချိန်တွင် ဝမ်လင်း၏ခန္ဓာကိုယ်သည် တုန်ယင်ကာ ပုံရိပ်ယောင်ကိုးဆယ့်ကိုးခုအဖြစ်သို့ ပြောင်းသည်။
ထိုပုံရိပ်ကိုးဆယ့်ကိုးခုသည် ဒီဧရိယာကို ဝန်းရံသွားကာ ဓားသွား ဖြတ်သန်းလာစဉ် ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်သည်။ ပုံရိပ်ကိုးဆယ်ကျော်သည် ဖျက်စီးခံလိုက်ရ၏။ သို့သော် ကျန်ပုံရိပ်များသည် ချိုးဖျက်ကာ တောက်ရီ၏ရှေ့တွင် ဝမ်လင်းအဖြစ် ပြန်ဖွဲ့စည်းသိပ်သည်းသည်။
ဝမ်လင်း၏မျက်နှာက ဖြူရောနေ၏။ သူ ပေါ်လာသည့်နောက် သူ့ညာလက်ကို ပင့်မြှောက်ကာ တောက်ရီ၏မျက်ခုံးနှစ်ခုကြားသို့ လက်ညွှန်လိုက်သည်။
ဘန်းခနဲ ပေါက်ကွဲကာ တောက်ရီ၏ခန္ဓာကိုယ်သည် ကောင်းကင်ထက်မှ ပြုတ်ကျလာပြီး ကျယ်လောင်စွာ တုန်ဟည်းမြည်သံ ပဲ့တင်ထပ်တော့သည်။ ရှေးဘိုးဘေးကျိန်စာက လုံးဝ ပေါက်ကွဲထွက်လာကာ သူ အောက်သို့ ပြန်ကျစဉ် သူ့အသွေးအသားမြောက်များစွာမှာလည်း ပဲ့ကြွေကျသည်။ ခုခါ၌ သူ့ဝတ်ရုံအောက်ရှိ သူ့ခန္ဓာကိုယ်တဝက်ကျော်မှာ အရိုးစုမျှသာ ရှိတော့လေ၏။ ဘန်းခနဲ ပေါက်ကွဲမှုနှင့်အတူ သူသည် ပျက်စီးနေသော မြေပြင်ထက်သို့ ပြုတ်ကျသွားလေသည်။
“ငါ ဒီလို အဖြစ်မခံနိုင်ဘူး…” တောက်ရီသည် မကျေမနပ်မှုတို့ ပြည့်နေ၏။ ရှေးဘိုးဘေးကျိန်စာကြောင့်သာ မဟုတ်ပါက သူသည် ဝမ်လင်းရှေ့တွင် ခုလိုမျိုး အဆုံးသပ်ရလိမ့်မည် မဟုတ်ပေ။ သို့သော် ခုခါတွင်မူ သူသည် သနားစရာ၊စုတ်ပျက်နေသော အခြေအနေစိုက်နေရလေပြီ။
ကျိုးသဲက အံတင်းတင်းကြိတ်ကာ လှမ်းအော်၏။ “ဝမ်လင်း…တော်လောက်ပြီ။ မင်း ကောင်းကင်ဘုံဘိုးဘေးရဲ့ ဦးခေါင်းကို ယူသွားနိုင်တယ်။ ဟိုင်းဇီ…နင် ဝမ်လင်းကို မတိုက်ခိုက်ရင်တောင် တောက်ရီကို ကယ်တင်ပေးရမယ်…”
ဟိုင်းဇီက ငြိမ်သက်စွာ စဉ်းစားနေ၏။ သူမက ညာလက်ကို ပင့်မြှောက်ကာ မြေပြင်ထက်သို့ ပြုတ်ကျလာသော တောက်ရီထံ လက်ညွှန်လိုက်၏။
“တောက်ဝမ်ကလန်ရဲ့ စွမ်းအားနဲ့ ရှင်သန်ခြင်းအတွေးအားလုံးနဲ့ သေခြင်းတရား တည်ရှိမှုဟာ စုဝေးစေ။ တည်ရှိမှုကို တည်ရှိမှုအတိုင်း ဆက်ရှိစေ၊ ဒီတော့ ပျောက်ကွယ်တော့မယ့် အရာဟာ ရပ်တန့်စေ…”
ဟိုင်းဇီက သူမ၏လက်ကို ဝေ့ယမ်းလိုက်၏။ တောက်ရီ၏ ပတ်လည်တွင် အပြာရောင်လှိုင်းဂယက်များ ပေါ်လာလေသည်။ ဝမ်လင်း နီးကပ်လာသည့်အခါ၌ သူသည် သဲထုအတွင်း နစ်မြုပ်သွားသလိုမျိုး ခံစားမိလိုက်ရသည်။
ဝမ်လင်း၏မျက်လုံးက အရောင်တောက်လာ၏။ သူ၏ခန္ဓာကိုယ်မှ အနက်ရောင်အခိုးငွေ့အမျှင်တန်းများစွာသည် တောက်ရီထံ ပျံ့နှံ့လာချေသည်။ ထိုအမျှင်တန်းများက လှိုင်းဂယက်များကို ထွင်းဖောက်ကာ တောက်ရီ၏ရှေ့တွင် ဝမ်လင်း၏ပုံပန်းအသွင် ပြန်ဖွဲ့စည်းလေ၏။
တောက်ရီ၏ ရူးသွပ်မှုအတွင်း သူက အသည်းအသန် ခုခံလို၏။ သို့သော် သူ၏ရှေးဘိုးဘေးကျိန်စာက လုံးဝ ပေါက်ကွဲနေလေပြီ။ သူသည် မန္တာန်တစ်ခုကို အသုံးပြုရန် ဟန်ပြင်ရုံရှိသေး ၎င်းက ပျက်စီး၏။ သူ၏ခန္ဓာကိုယ်က ပိုပျက်စီးလာသည်။ ဝမ်လင်း၏ ခြေထောက်က သူ့ရင်ဘက်ပေါ်သို့ ကျရောက်လာကာ သူ့အား ရုန်းကန်ဖို့ မဖြစ်စေနိုင်တော့ပေ။
“သင်က တိုက်ခိုက်ချင်တုန်းက တိုက်ခိုက်ပြီး ရပ်ချင်တဲ့အချိန် ရပ်လို့ရပါ့မလား။ သင် ဆန္ဒရှိသလို ဘယ်လိုကြောင့်များ လုပ်ခွင့်ရှိရမှာလဲ။ တောက်ရီက ငါ့ကို အရင်ဆုံး တိုက်ခိုက်ခဲ့တာ။ ဒီတော့ သင် ငါ့ကို ရပ်တန့်စေချင်ရင် တန်ကြေးတစ်ခု ပေးရမယ်…”
ဝမ်လင်းသည် တောက်ရီပေါ်သို့ ခြေတစ်ဖက်တင်ကာ မြန်ဆန်စွာ တိုးဝင်လာသော ကျိုးသဲကို လှမ်းကြည့်သည်။
ကျိုးသဲ၏ အမူအရာက သုန်မှုန်နေ၏။ သူသည် ဝမ်လင်းနှင့် ပေတစ်ထောင်အကွာတွင် ရပ်လိုက်သည်။ သူက ဝမ်လင်းကို စိုက်ကြည့်နေ၏။ အချိန်ကြာလာသည်နှင့်အမျှ သူ၏ခန္ဓာကိုယ်ထဲရှိ ရှေးဘိုးဘေးကျိန်စာမှာ ရုန်းကြွလာသည်။
ကျိုးသဲက အသက်ဝဝရှိုက်သွင်းကာ သူ့ကိုယ်သူ တည်ငြိမ်စေသည်။ “မင်း ဘာလိုချင်လို့လဲ…”
ဝမ်လင်းက တောက်ရီ၏ခန္ဓာကိုယ်ပေါ် သူ့ညာခြေကို အနည်းငယ် အားစိုက်ထည့်လိုက်သည်။ ထိုအခါ အနက်ရောင်အခိုးငွေ့များ ပို၍ ပျံ့နှံ့လာ၏။ ဤသည်က တောက်ရီ၏ ရူးသွပ်မှုကို ပြန့်ကြဲသွားစေပြီး သူသည် ဝမ်လင်းခြေဖြင့် ဖိထားခံရသည့် အရှက်ရမှုနှင့်အတူ စူးရှပြင်းထန်သော နာကျင်မှုကို တွေ့ကြုံခံစားလိုက်ရသည်။
ဝမ်လင်းက ပြောလာ၏။ “ကျုပ် ကလေးငယ်ဦးခေါင်းခွံကို လိုချင်တယ်…”
ကျိုးသဲက မျက်မှောင်ကြုတ်သွား၏။
“တောက်ရီ…သူ့ကို အဲ့ဦးခေါင်းခွံ ပေးလိုက်။ ပြီးရင် မင်း ထွက်သွားနိုင်ပြီ…” ဝမ်လင်းသည် တည်ငြိမ်စွာ ရှိနေ၏။ သူသည် တောက်ရီကို သတ်ဖို့ လုံးဝ မတွေးထားပေ။ တကယ်တော့ သူသည် ဒီအခြေအနေကို ထိန်းချုပ်နိုင်နေခြင်းမှာ မဟာအင်ပါယာများက ရှေးဘိုးဘေးကျိန်စာ သင့်နေခြင်းကြောင့်သာ ဖြစ်၏။ သူ၏ ကိုယ်ပိုင်စွမ်းအားကမူ သူ့ကို အရာအားလုံးကို လစ်လျူရှုနိင်သည့် စွမ်းအားမျိုး ခွင့်မပြုထားပေ။
တောက်ရီသည် ဝမ်လင်းကို စူးရဲစွာ စိုက်ကြည့်နေ၏။
“တောက်ရီ…သူ့ကို အဲ့တာ ပေးလိုက်…” ကျိုးသဲက အေးစက်စက်နှာခေါင်းရှုံ့လိုက်သည်။
တောက်ရီသည် သူ့ထံ၌ အချိန်များများစားစား မရှိတာကို သိ၏။ သူ၏ ခုလက်ရှိ ဒဏ်ရာများဖြင့် သူ့အနေဖြင့် ရှေးဘိုးဘေးကျိန်စာကို ဖယ်ရှားရန် ခက်ခဲနေပြီး ဖြစ်သည်။ အချိန်သာဆက်၍ ဖင့်သွားပါက ထိုကျိန်စာကို ဖယ်ရှားနိုင်ခဲ့လျှင်ပင် သူ့ကျင့်ကြံမှုအဆင့်ကို များများစားစား ထိခိုက်သွားလိမ့်မည် ဖြစ်၏။ ဝမ်လင်းက ညာခြေကို ပြန်ကြွပေးလိုက်စဉ် တောက်ရီက သူ့ညာလက်ဖြင့် လေဟာနယ်ထံ ဆန့်ထုတ်ပြီး လက်သီးအရွယ်အစားခန့် ဦးခေါင်းခွံတစ်ခုကို ထုတ်ယူလိုက်သည်။
တောက်ရီသည် သူ့လက်ထဲရှိ ထိုဦးခေါင်းကို လက်လွှတ်လိုက်၏။ ထို့နောက် သူသည် ကောင်းကင်ထက်သို့ ထိုးတက်သွားတော့သည်။ သူက လေဟာနယ်ကို ချိုးဖျက်ကာ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။
ထိုဦးခေါင်းခွံသည် ကလေးငယ်တစ်ယောက်၏ ဦးခေါင်းနှင့် တူ၏။ ၎င်းထံ၌ သေခြင်းအော်ရာ ပြည့်နှက်နေသည်။ ၎င်းသည် လေဟာနယ်နှင့် ပေါင်းစပ်နေဟန် ခံစားမှုကို ပေးစွမ်းသည်။
ရင်းနှီသော ခံစားမှုက ဝမ်လင်း၏စိတ်ထဲတွင် ရှင်းလင်းစွာ ပေါ်လာသည်။ ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ ၎င်းဦးခေါင်းသည် သူ့ထံ ပျံသန်းလာ၏။ သူက ၎င်းကို သိုလှောင်နေရာလွတ်ထဲသို့ သိမ်းဆည်းလိုက်သည်။
ထိုဦးခေါင်းကို ရရှိပြီးနောက် ဝမ်လင်းက ကောင်းကင်ဘုံဘိုးဘေးဦးခေါင်းနားသို့ ပြန်ဆုတ်သွား၏။ အရူးသည် ထိုဦးခေါင်းထဲ၌ မေ့မြောကာ ရှိနေတုန်းပင်။
“ဝမ်လင်း…တောက်ဝမ်ကလန်နဲ့ ငါက ဒီအစီအစဉ်ကို လုပ်ဆောင်ကြံစည်ခဲ့တာ။ ဒါပေမဲ့ အကြီးမားဆုံး အကျိုးအမြတ် ရသွားတဲ့သူကတော့ မင်းပဲ။ ဒီအဘိုးအိုက ဒါကို ကောင်းကောင်း မှတ်ထားတယ်။ မင်း ဒီနေရာက ထွက်သွားပြီး တတ်နိုင်သမျှ မြန်မြန် မဟာအင်ပါယာ ဖြစ်လာအောင် လုပ်ပါ။ မဟုတ်ရင် ဒီအဘိုးအိုက ကျိန်စာကို ဖယ်ရှားပြီးတာနဲ့ ဒီကိစ္စကို ရှင်းဖို့ မင်းရှိ လာခဲ့မယ်…”
“ပြီးတော့…နင်…ကန်းနီ။ တကယ်လို့ တောက်ရီက လုံးဝ ပြန်မကောင်းမွန်သေးဘဲ ငါတို့က ရှေးကလန်နဲ့ စစ်ပွဲဆင်နွှဲခဲ့ရရင် ငါတို့ ကောင်းကင်ဘုံကလန်ရဲ့ သွေးတွေ စီးဆင်းတာကိုလည်း နင် စောင့်ကြည့်နေရလိမ့်မယ်။ နင့်ရဲ့ ခရမ်းရောင်ယင်ကလန်လည်း လွတ်လိမ့်မှာ မဟုတ်ဘူး…”
“ဒီအဘိုးအိုက အစတုန်းကတော့ အစီအစဉ်ကောင်းတစ်ခု ရှိထားခဲ့တယ်။ ငါက မဟာအင်ပါယာတွေအားလုံးကို ကောင်းကင်ဘုံဘိုးဘေးဦးခေါင်းရုပ်ကြွင်းကို ခွဲခြမ်းပိုင်းခြား ပေးပြီး ငါတို့ ပိုသန်မာစေမယ်လို့ စီစဉ်ထားခဲ့တာ။ ဒီအစီအစဉ်အရဆို နောက်ထပ် ကောင်းကင်ဘုံအင်ပါယာဆိုတာလည်း ဆက်ရှိလာတော့မှာ မဟုတ်လိမ့်ဘူး…”
“ဒါပေမဲ့ နင့်ကြောင့် ဒါတွေအားလုံးက ပြောင်းလဲသွားခဲ့ပြီ။ ဒီကိစ္စရဲ့ အကျိုးဆက်ကို နင် ခံရလိမ့်မယ်…” ကျိုးသဲက နှာခေါင်းရှုံ့ကာ ဆို၏။
ကန်းနီသည် ငြိမ်သက်စွာ စဉ်းစားနေ၏။ သူမက စကားပြန်မဆိုပေ။ သို့သော် သူမ၏မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှု ဖြတ်ပြေးသွား၏။
ဝမ်လင်းသည် စိတ်ထဲကနေ သူမကို တောင်းပန်မိနေ၏။ သူက မဟာအင်ပါယာကန်းနီကို ကြည့်ကာ ပြတ်သားစွာ ဆိုလိုက်သည်။
“ကျုပ်က မဟာအင်ပါယာကန်းနီအပေါ် ကျေးဇူးကြွေးအများကြီး တင်သွားခဲ့ပါပြီ။ရှေးကလန်နဲ့ကောင်းကင်ဘုံကလန်ကြား စစ်ပွဲမဖြစ်အောင် ကျုပ် အကောင်းဆုံး လုပ်ဆောင်ပါ့မယ်…”
မဟာအင်ပါယာကန်းနီက အနည်းငယ် စဉ်းစားကာ အေးစက်စက် ပြောလိုက်သည်။ “ငါ ဆုံးဖြတ်ပြီးတဲ့ အရာတစ်ခုအတွက် ဘာမှ ထပ်ပြောနေဖို့ မလိုတော့ဘူး…”
“ကောင်းတယ်…ကောင်းတယ်…” ကျိုးသဲက စတင်ရယ်မော၏။ သူက ဝမ်လင်းထံ လှည့်ကြည့်လာသည်။
“ဒီအဘိုးအိုက မင်းကို ကောင်းကင်ဘုံဘိုးဘေးဦးခေါင်းကို ယူသွားခွင့် ပြုတယ်။ ဒါပေမဲ့ မင်း လျန်တောက်ဖေကိုတော့ ခေါ်သွားလို့ မရဘူး…။ ဒီကိစ္စဟာ ဆွေးနွေးနေဖို့ကို မလိုတာ။ မင်း ဦးခေါင်းကို ယူပြီး ထွက်သွားတော့…”
“ဒီအဘိုးအိုက အလျှော့ပေးပြီးပြီ။ ဒါတောင်မှ မင်းက လျန်တောက်ဖေ(အရူး)ကို ခေါ်သွားဖို့ ဆက်ပြီး ခေါင်းမာနေအုံးမယ်ဆိုရင်တော့ ဒီအဘိုးအိုက ရှေးဘိုးဘေးကျိန်စာကို ဖိနှိပ်ထားတာကို ရပ်တန့်လိုက်တော့မယ်။ ငါက မင်း ထွက်သွားလို့ မရအောင် အနာဂတ်မှာ ပြန်ကောင်းမွန်ဖို့ ခက်ခဲခဲ့ရင်တောင် စွန့်စား တိုက်ခိုက်ရလိမ့်မယ်…”
“ကန်းနီ…နင်က သူ့ကို ကောင်းကင်ဘုံဘိုးဘေးဦးခေါင်း ရအောင်လို့ ကူညီပေးခဲ့တယ်။ ဒါပေမဲ့ အခု ကောင်းကင်ဘုံအင်ပါယာလည်း သေပြီ။ ကောင်းကင်ဘုံဘိုးဘေးဦးခေါင်းလည်း ပျက်စီးသွားခဲ့ပြီ။ နင်က ဒီနန်းတော်မှာ လျန်တောက်ဖေရဲ့ အဆင့်အတန်းကိုတော့ သိသင့်တယ်…”
ကျိုးသဲက ဖြည်းဖြည်းချင်း ပြောလာ၏။
ဝမ်လင်း၏အမူအရာက တည်ငြိမ်နေပေသည်။ သို့သော် သူ့မျက်လုံးသူငယ်အိမ်က ကြုံ့မိသွား၏။
ကန်းနီသည် ခဏတာ စဉ်းစားပြီးနောက် ဝမ်လင်းကို လှမ်းကြည့်ကာ ပြောလာ၏။ “ဝမ်လင်း…နင် လျန်တောက်ဖေကို ထားခဲ့ရမယ်…”