အကြော (၁၀၀) ကျော်
Vol. 70 Ch. 974
အင်မော်တယ်အကြော (၉၀) သည် အင်မော်တယ်တံခါး၏ပတ်ပတ်လည်၌ လူးလွန့်ပျံဝဲလျက်ရှိသည်။ တစ်ခုစီသည် မကြာသေးမီက အင်မော်တယ်အဆင့်တက်သွားခဲ့သော အခြားရွေးချယ်ခံများ၏ အင်မော်တယ်အကြောများထက် အဆများစွာ ကြီးမား၏။ ၎င်းတို့က အကြွေးခွံများ တဖျပ်ဖျပ် လက်လျက်၊ လက်သည်းများ ဘလိတ်ဓားသဖွယ် ချွန်ထက်နေသော အင်မော်တယ်နဂါးများသဖွယ် ရက်စက်ကြမ်းကြုတ်နေသည်။ ၎င်းတို့၏ခန္ဓာကိုယ်များသည် တောင့်တင်းသန်မာပြီး ကြောက်မက်ဖွယ်စွမ်းအင်တို့ဖြင့် ပြည့်နှက်နေ၏။
အင်မော်တယ်တံခါးမှ ဖြာထွက်လာသော အလင်းရောင်မှာ ပြိုင်ဘက်ကင်းလောက်အောင် ခမ်းနားထည်ဝါသည်။ အင်မော်တယ်ချီက အင်မော်တယ်အလင်းရောင်ထဲတွင် ပေါ်လာကာ မန်ဟို၏မွှေးညင်းပေါက်များမှတစ်ဆင့် သူ့တစ်ကိုယ်လုံးအပြည့်နေရာယူသွားရင်း ဘယ်တော့မှ အဆုံးမရှိတော့မည့်အလားပင်။
၎င်းသည် အင်မော်တယ်တံခါးကို ဖွင့်သော မည်သူမဆို ကြုံတွေ့ရမည့် ကောင်းချီးမင်္ဂလာမျိုးဖြစ်၏။
စေ့စေ့စပ်စပ် ပြင်ဆင်ထားလေလေ၊ များမြောင်သော အရင်းအမြစ်များအား စုဆောင်းလေလေ၊ ကောင်းချီးမင်္ဂလာသည် ပိုမိုခမ်းနားတင့်တယ်လေလေပင်။
အင်မော်တယ်ချီက သူ၏ (၉၁) ခုမြောက် အင်မော်တယ်အကြောထံ ပြေးဝင်သွားသဖြင့် မန်ဟို့ကိုယ်ထဲတွင် ကျယ်လောင်သော ထစ်ချုန်းသံကြီးတစ်သံ ပဲ့တင်ထပ်သွားသည်။ (၉၁) ခုမြောက်အင်မော်တယ်အကြောအတွက် အပြည့်အဝဖြစ်ပေါ်လာရန် သိပ်မကြာလိုက်ပေ။
ထပ်မံ၍ အင်မော်တယ်တံခါး၏အပြင်တွင် နောက်ထပ်အင်မော်တယ်နဂါးတစ်ကောင် ပေါ်လာပြန်သည်။
၉၂ ကြော၊ ၉၃ ကြော၊ ၉၄ ကြော ... အမွှေးတိုင်တစ်တိုင်ထွန်းစာကြာသော် မန်ဟို့ကိုယ်ထဲ စီးဝင်နေသော အင်မော်တယ်ချီများက အင်မော်တယ် (၉၅) ကြောအား ဖော်ဆောင်လိုက်လေပြီ။
အရှေ့အောင်ပွဲဂြိုဟ်ပေါ်မှသာမက နဝမတောင်ပင်လယ်မှ ရှိ ဂိုဏ်းများနှင့် မျိုးနွယ်စုအားလုံး လုံးလုံးလျားလျား တုန်လှုပ်သွားကြသည်။
"အင်မော်တယ်အကြော (၉၅) ကြော။ သူက ရွေးချယ်ခံအများစုထက် သာနေပြိ"
"အင်မော်တယ်အကြော (၉၈) ကြော ဖော်ဆောင်နိုင်ခဲ့တဲ့ ဖန်ဝေကို ကျော်နိုင်လောက်မလား။ ဖန်မျိုးနွယ်စုရဲ့ ဖန်ဝေက လက်ရှိအချိန်မှာ နံပါတ်တစ် အစစ်အမှန်အင်မော်တယ်ပဲ"
စကားများ နေရာတိုင်းလိုလို၌ ဆူညံနေစဉ် ဖန်ဝေက မန်ဟို့ကို မော့ကြည့်လိုက်သည်။ စိတ်ထဲတွင် သူ့မှာ စိုးရိမ်စပြုနေလေပြီ။ သူသည် သူ၏အောင်မြင်ကျော်ကြားမှုအား တစ်စုံတစ်ယောက် လုယူသွားမည်ကို သည်းမခံနိုင်သူဖြစ်၍ မန်ဟို့ကို စိမ်းစိမ်းဝါးဝါး ကြည့်နေသော သူ၏မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်သော အလင်းရောင်တစ်စပေါ်လာ၏။
ဖန်ရှုံ့ရှန်းက အံ့တင်းတင်းကြိတ်လိုက်သည်။ သူ၏မန်ဟို့အပေါ် မုန်းတီးမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့လေပြီ။
မှန်ပါသည်၊ ဆန့်ကျင်ဘက်တွင်မူ တိုက်ရိုက်သွေးဆက်များမှာ အတိုင်းထက်အလွန် စိတ်လှုပ်ရှားနေကြသည်။ သူတို့သည် မန်ဟို့ကို စိတ်လှုပ်တရှား ကြည့်နေကြ၏။ သူတို့အတွက် တိုက်ရိုက်သွေးဆက် ခေါင်းပြန်ထောင်လာနိုင်စေမည့် မျှော်လင့်ချက်ကို ကြည့်နေရသည့်အလားပင်။
ဂျိန်း
(၉၆) ကြောမြောက် အင်မော်တယ်အကြေ ပေါ်လာသဖြင့် မန်ဟို့ထံမှ ထစ်ချုန်းသံများ ဟိန်းထွက်လာသည်။ ထို့နောက် (၉၇) ကြောမြောက်။ အမွှေးတိုင်တစ်ဝက်ထွန်းစာကြာသော် ... (၉၈) ကောင်မြောက် အင်မော်တယ်နဂါးကား အင်မော်တယ်တံခါး၏အပြင်တွင် ပေါ်လာလေပြီ။
၎င်းက စစချင်း ဝေဝါးနေသော်လည်း လျင်မြန်စွာ ထင်ရှားပြတ်သားလာသည်။ အသက်ရှိုက်စာအနည်းငယ်ကြာသော် အင်မော်တယ်နဂါးသည် အပြည့်အဝ ပေါ်ပေါက်လာ၏။ ၎င်းက အံ့မခန်းလိလိ ဟိန်းဟောက်သံများကို ထုတ်လွှတ်ရင်း ပျံဝဲနေသည်။
နဝမတောင်ပင်လယ်မှ မည်သူမှ မတုံ့ပြန်နိုင်ခင် မန်ဟို၏ ခန္ဓာကိုယ်မှ ပို၍ကျယ်လောင်သော ထစ်ချုန်းသံများ ထွက်လာ၏။ (၉၈) ကောင်မြောက်နဂါး၏ ဘေးတည့်တည့်တွင် အင်မော်တယ်နဂါးတစ်ကောင်၏ ဝိုးတိုးဝါးတားပုံရိပ်တစ်ခု ပေါ်လာလေပြီ။
၎င်းက (၉၉) ကောင်မြောက် နဂါးအသွင် လျင်မြန်စွာ ပြောင်းသွား၏။
ချက်ချင်းပင် နဝမတောင်ပင်လယ်မှ အုတ်အော်သောင်းနင်းဖြစ်သွားပြီး အထိတ်တလန့်အော်သံများမှာ အရပ်လေးမျက်နှာမှ ကြားလိုက်ရသည်။
ဖန်မျိုးနွယ်စုသည် တခဏ တိတ်ဆိတ်နေပြီးနောက် ဝုန်းခနဲ ဆူညံပွက်လောရိုက်သွားကာ အစစ်အမှန်ရွေးချယ်ခံတစ်ဦး ပေါ်ထွန်းလာသည်ကို မျက်မြင်သက်သေတည်ရင်း အံ့ဩတုန်လှုပ်နေတော့၏။
"အင်မော်တယ်အကြော (၉၉) ကြော။ သူက ဖန်ဝေကို ကျော်တက်ပြီး ဖန်မျိုးနွယ်စုရဲ့ နံပါတ်တစ် လျှမ်းလျှမ်းတောက်နေတစ်စင်း ဖြစ်လာခဲ့ပြီ"
"နှစ်ပေါင်းများစွာကြာတဲ့အထိ ဘယ်သူမှ ဒီအမြင့်အထိ မဆက်လှမ်းနိုင်ခဲ့ဘူး။ ဖန်ဟိုက ... တစ်ယောက်တည်းသောလူပဲ"
"အင်မော်တယ်အကြော (၉၉) ကြော။ ဒဏ္ဍာရီလာ မဟာစက်ဝန်းကနေ အကြောတစ်ကြောပဲ ကွာဝေးတော့တယ်" ဖန်မျိုးနွယ်စုမှာ အံ့ဩမှင်သက်နေသည်။ ဖန်ဝေမှာမူ တည်ငြိမ်အေးဆေးစွာ ရပ်နေပြီးနောက် မျက်လုံးများကို ဖြေးညင်းစွာ မှိတ်လိုက်၏။
သို့သော် သူ့တစ်ကိုယ်လုံးကို ကိုင်လှုပ်နေသော တုန်ခါမှုမှ သူ့စိတ်ထဲ၌ မည်သို့ခံစားနေရသလဲ မြင်ရနိုင်လေသည်။ မန်ဟို အင်မော်တယ်အကြော (၉၉) ကြောကို ဖွင့်ပြီးနောက် သူသည် တိတ်ဆိတ်သွားပြီး သူ၏တိုက်ခိုက်လိုစိတ်တို့ ပျောက်ဆုံးသွားမည်စိုး၍ ဆက်မကြည့်ရဲတော့ပေ။
သူတစ်ယောက်တည်းသာမဟုတ်။ ဤအခိုက်အတန့်တွင် နဝမတောင်ပင်လယ်၏ အစစ်အမှန်အင်မော်တယ်ရွေးချယ်ခံအကုန်လုံးသည် မျက်လုံးများပိတ်လိုက်ကြ၏။ သူတို့က ... မန်ဟို့ကို ထပ်မံအာရုံမစိုက်တော့ပေ။
သူတို့တွင် သူတို့၏ကိုယ်ပိုင်တာအိုနှင့် ကိုယ်ပိုင်လမ်းစဉ် ရှိသည်။ သူတို့သာ ရှေ့ဆက်သွားဖို့ ယုံကြည်ချက်ပျောက်ဆုံးသွားလျှင်၊ တာအိုနှလုံးသားများကို ဆုံးရှုံးလိုက်ရလျှင်တော့ သူတို့၏ကျင့်ကြံခြင်းအခြေခံမှာ ထာဝရအဆင့်တက်နိုင်တော့မည် မဟုတ်ပေ။
မန်ဟိုကား သူနှင့်မျိုးဆက်တူ ကျင့်ကြံသူအားလုံး၏လမ်းကို ပိတ်ထားသော တောင်ကြီးတစ်လုံး ဖြစ်နေခဲ့သည်မှာ ကြာခဲ့လေပြီ။
တစ်ယောက်ယောက် ထိုတောင်ကြီးကို မဖြိုခွင်းနိုင်သရွေ့ မန်ဟိုက မျိုးဆက်တူရွေးချယ်ခံအားလုံးကို နင်းချေ၍ အတားအဆီးမရှိသော အထွတ်အထိပ်သို့ ဆက်လက်တက်လှမ်းသွားမည်ဖြစ်ကြောင်း ခန့်မှန်းကြည့်နိုင်သည်။
ဖန်ရှုံ့ရှန်း၏မျက်နှာမှာ သွေးမရှိတော့ပေ။ မန်ဟို (၉၉) ကြောမြောက်ကို ဖွင့်ခဲ့သော အခိုက်အတန့်တွင် မမြင်ရသောလက်သီးကြီးတစ်လုံးက သူ့နှလုံးသားကို ထိုးချလိုက်သည့်အလားပင်။ မန်ဟိုသည် ... မိုးကောင်းကင်၏အမြင့်ထက်သို့ ရောက်နှင့်နေပြီးသား ဖြစ်ကြောင်း ဤအခိုက်တွင် သူ သိလိုက်ရ၏။
"ဒါမဲ့ သူက အင်မော်တယ်နယ်ပယ်မှာပဲ ရှိသေးတာ" ဖန်ရှုံ့ရှန်းက တွေးသည်။ သူ၏မျက်လုံးများအထဲတွင် ရူးမိုက်မှုသည် ရုတ်တရက် သက်ဝင်လှုပ်ရှားလာ၏။
ဤအချိန်တွင် လူတိုင်းသည် အင်မော်တယ်အကြော (၉၉) ကြောက မန်ဟို တတ်နိုင်သမျှ အကုန် ဟုတ်မဟုတ် စဉ်းစားနေကြသည်။ မန်ဟို၏မျက်နှာက အစွဲဥပါဒန်ဖြင့် ဝင်းလက်နေပြီး သူက အင်မော်တယ်အကြောများကို လှည့်ပတ်ရင်း အင်မော်တယ်အားအင်အား သူ့ကိုယ်ကို ဖြတ်စီးသွားစေသည်။ ၎င်းက တစ်ပတ်ပြည့်သော် ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
ထိုအခိုက်အတန့်တွင် ရက်ရက်စက်စက် စုတ်ဖြဲပစ်လိုက်သကဲ့သို့ နာကျင်မှုက သူ့ကို နှိပ်စက်လိုက်ပြီး ထစ်ချုန်းသံတစ်သံက ထပ်မံပေါ်ထွက်လာသည်။
အင်မော်တယ်အကြောနောက်တစ်ကြောက သူ့ကိုယ်ထဲတွင် သူ့နည်းသူဟန်ဖြင့် ဖောက်ထွက်လာသည့်အလားပင်။
"အကြောတစ်ရာ" သူက မာန်သွင်းဟိန်းဟောက်လိုက်သည်။
အံ့ဩဖွယ်ကောင်းစွာနှင့် အင်မော်တယ်တံခါး၏အပြင်ရှိ အင်မော်တယ်နဂါးအားလုံးသည် ရုတ်တရက် တုံ့ခနဲ ရပ်ကာ ယခုလေးတင် ပေါ်လာခဲ့သည့် တွန့်လိမ်ကောက်ကွေးနေသော ပုံရိပ်ကို မော့ကြည့်လိုက်ကြ၏။
အဆိုပါပုံရိပ်မှာ လျှပ်စီးတန်းကြီးအလားဖြစ်ပြီး နဝမတောင်ပင်လယ်၏ကျင့်ကြံသူများ၏ စိတ်ထဲ၌ မိုးခြိမ်းသံကြီးပမာ ပဲ့တင်ထပ်သွားသည်။
အကောင်တစ်ရာမြောက်နဂါးကား အင်မော်တယ်တံခါး၏အပြင်တွင် ပေါ်လာလေပြီ။ အသက်ရှိုက်စာအနည်းငယ်ကြာသော် ၎င်းသည် စောင့်ကြည့်နေသူအားလုံး၏အရှေ့တွင် ထင်ရှားလာ၏။
ဤသည်မှာ အကောင်တစ်ရာမြောက် အင်မော်တယ်နဂါးဖြစ်ကြောင်း သိသာချေသည်။
၎င်း ပေါ်လာသည်နှင့်တစ်ပြိုင်နက် စောင့်ကြည့်နေသူများမှာ နှလုံးသားများအား မိုးကြိုးပစ်ချခံလိုက်သကဲ့သို့ ခံစားလိုက်ကြရ၏။ ပင့်သက်ရှိုက်သံများနှင့်အတူ တအံ့တဩအော်သံများက နဝမတောင်ပင်လယ်တစ်ခွင် ပဲ့တင်ထပ်သွားလေသည်။
အကြောတစ်ရာပွင့်သွားခဲ့ပြီး အင်မော်တယ်နဂါးအကောင်တစ်ရာက အံ့ဩတုန်လှုပ်ဖွယ် ဟိန်းဟောက်စံများအား ပျံ့လွင့်နေစေလျက် အင်မော်တယ်တံခါးထက်တွင် ပျံဝဲလှည့်ပတ်နေကြသည်။
အင်မော်တယ်နဂါးအကောင်တစ်ရာ၏ ဟိန်းဟောက်သံများက ကြောက်မခမန်းလိလိအသံကြီးအဖြစ် ပေါင်းစည်းသွားကာ ကမ္ဘာမြေပြင်နှင့် နက္ခတ်တာရာများအား တုန်ခါသွားစေသည်။
ဖန်မျိုးနွယ်ဝင်များသည် အင်မော်တယ်တံခါးအပြင်၌ ပျံဝဲနေသော အင်မော်တယ်နဂါးအကောင်တစ်ရာကို တအံ့တဩ စိုက်ကြည့်နေကြ၏။ အတန်ကြာသော် အထိတ်တလန့်ရေရွတ်သံများ ထွက်လာကြသည်။
"အကြောတစ်ရာ ... သူက အကြောတစ်ရာကို တကယ်ကြီး ဖွင့်လိုက်ပြီ"
"ငါတို့မျိုးနွယ်စုက ... အကြောတစ်ရာဖွင့်နိုင်တဲ့ လျှမ်းလျှမ်းတောက် နေတစ်စင်းကို မွေးထုတ်နိုင်ခဲ့ပြီ"
"ဖန်ဟို၊ မန်ဟို၊ ဖန်မု ... ဒီနေ့ကစပြီး သူ့နာမည်က နဝမတောင်ပင်လယ်တစ်ခုလုံးကို တုန်လှုပ်စေလိမ့်မယ်"
တိုက်ရိုက်သွေးဆက်များမှာ ရူးမတတ် ဖြစ်နေကြပြီး ကျန်ဖန်မျိုးနွယ်ဝင်များနှင့် အရှေ့အောင်ပွဲဂြိုဟ်ပေါ်ရှိ တခြားကျင့်ကြံသူအားလုံးပင်လျှင် ထိုနည်းတူပင်။
သူတို့သည် မန်ဟို့ကို မော့ကြည့်လိုက်ပြီး သူတို့ မြင်ရသမျှမှာ အကန့်အသတ်မရှိသော အင်မော်တယ်အလင်းရောင်ထဲရှိ သူ၏အရိပ်ကိုသာ ဖြစ်၏။ သို့သော် သူတို့၏မျက်လုံးများတွင် စိတ်အားထက်သန်မှုတို့ ပြည့်နှက်နေသည်။
အင်မော်တယ်အကြောတစ်ရာဆိုသည်မှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာသည့်တိုင် မည်သူမှ မဝင်ရောက်ခဲ့ဖူးသော ဒဏ္ဍာရီလာနယ်ပယ်တစ်ခုဖြစ်သည်။ မန်ဟိုက .... ပထမဆုံးပင်။
ဖန်ဝေက နောက်ဆုံးတွင် မျက်လုံးများကို ဖွင့်လိုက်ရာ အင်မော်တယ်နဂါးအကောင်တစ်ရာကို မြင်ပြီး သွေးအန်လိုက်ရသည်။ သူက လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။
ဖန်ရှုံ့ရှန်းသည် မူမမှန်တော့ပေ။ သူ၏မျက်လုံးများထဲရှိ အန္တရာယ်များသော အရိပ်အယောင်က အားကောင်းသထက် အားကောင်းလာသည်။
ဘေးတွင် မဟာအကြီးအကဲမှာတော့ တုန်လှုပ်နေသည်။ သူသည် မန်ဟို မျိုးနွယ်စုထံသို့ ပြန်ရောက်လာခဲ့စဉ်တုန်းက အရှေ့ကောင်းကင်ဂိတ်ထဲတွင် မီတာသုံးသောင်းအမြင့်ထက် ထိုးတက်နေသော သွေးဆက်ဂိတ်အလင်းတန်းဖြင့် ရပ်နေသော မြင်ကွင်းကို ပြန်တွေးရင်း မျက်လုံးများမှုန်ဝါးသွား၏။
မြေအောက်ရှိ ခေါင်းဆောင်ကြီးခုနစ်ဦးလုံး ထရပ်ခဲ့ကြပြီး မလေးနက်စဖူး လေးနက်သောအမူအရာဖြင့် မန်ဟို့ကို ကြည့်နေကြသည်။
"ဒီကလေးက ဖန်မျိုးနွယ်စုရဲ့ ပါရာဂွန်အလောင်းအလျာပဲ" သတ္တမခေါင်းဆောင်ကြီးက ခပ်ဖွဖွ ပြောရင်း အံ့အားသင့်နေပုံပေါ်သော ဆဋ္ဌမခေါင်းဆောင်ကြီးအား လှမ်းကြည့်လိုက်၏။ ဆဋ္ဌမခေါင်းဆောင်ကြီး၏မျက်လုံးများထဲတွင် ထူးဆန်းသောအေးစက်မှုတစ်ခုသည်လည်း တောက်ပနေ၏။
အရှေ့အောင်ပွဲဂြိုဟ်မှာ စိတ်လှုပ်ရှားမှုများဖြင့် ပွက်လောရိုက်နေကြပြီး နဝမတောင်ပင်လယ်၏ ဂိုဏ်းများနှင့် မျိုးနွယ်စုများလည်း အလားတူပင်။ ရွေးချယ်များမှာမူ မျက်လုံးများ ပိတ်ထားခဲ့သူများသည် မျက်လုံးဖွင့်၍ မန်ဟို့ကို လှည့်ပတ်ပျံဝဲနေသော အင်မော်တယ်နဂါးအကောင်တစ်ရာကို ကြည့်လိုက်ကြသည်။ သူတို့နှလုံးသားများမှာ အတိုင်းထက်အလွန် လေးလံလာကြတော့၏။
"အကြောတစ်ရာ၊ ဘာဖြစ်လဲ တစ်ရာဖြစ်တော့။ ဒဏ္ဍာရီလာနယ်ပယ် ဖြစ်တော့ရော ဘာအရေးလဲ။ သူက အင်မော်တယ်နယ်ပယ်မှာ ပြိုင်စံရှားဖြစ်တော့ရော ဘာလုပ်ရမှာလဲ"
"ဒါက ငါ သူ့ကို တိုက်ခိုက်မှာကို မတားနိုင်ဘူး"
"သူက သူ့တာအိုနဲ့သူ၊ ငါတို့ကလည်း ငါတို့လမ်းစဉ်နဲ့ ငါတို့။ အခု ဘယ်အရာမှ အတည်မဟုတ်သေးဘူး" ရွေးချယ်ခံများသည် တိုက်ခိုက်လိုစိတ်များဖြင့် မျက်လုံးများ တဝင်းဝင်းတောက်လျက် ရပ်နေ၏။
"နောက်ဆုံးတော့ ... ပြီးပြီ" လူတိုင်းသည် အင်မော်တယ်အလင်းရောင်တို့ မန်ဟို့ကို လွှမ်းခြုံနေသောမြင်ကွင်းနှင့် သူ၏အင်မော်တယ်နဂါးများအား ကြည့်နေစဉ် အင်မော်တယ်တံခါးဖွင့်ခြင်းပြီးဆုံးပြီဟူ၍ ထင်လိုက်ကြ၏။
သို့သော် ထိုအခိုက်အတန့်တွင် ... အင်မော်တယ်အလင်းရောင်နှင့်ချီတို့က အင်မော်တယ်တံခါးထဲ၌ ရပ်နေသော မန်ဟို့ကို အသည်းအသန် လှည့်ပတ်လာသည်။ မန်ဟို အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး မျက်လုံးများက စူးရှတောက်ပလာလေသည်။
"ငါက ဖန်မုဆိုတာ ပေါ်သွားပြီဆိုမှတော့" မန်ဟိုက ရေရွတ်လိုက်သည်။ "အင်မော်တယ်အကြောတစ်ရာက မလုံလောက်သေးဘူး...." သူက ခေါင်းနောက်လှန်၍ ဟိန်းဟောက်ကြိမ်းဝါးလိုက်သည်။
ဂျလိန်းးးးးးးး.....
နှလုံးကို တုန်ခါစေသော အသံများသည် အရပ်လေးမျက်နှာသို့ ပျံ့နှံ့ရင်း ကျယ်လောင်သထက် ကျယ်လောင်လာ၏။ အင်မော်တယ်တံခါးမှ တောက်ပနေသော အလင်းရောင်တို့လည်း ပို၍ခမ်းနားတင့်တယ်လာပြီး ပို၍ပင် များပြားသော အင်မော်တယ်ချီများ ထွက်လာသည်။
ဖြစ်ပျက်နေသည့်အရာကို မြင်ရသူတိုင်း လုံးလုံးလျားလျား တုန်လှုပ်မှင်သက်ကုန်ကြသည်။
"ဟေး ... ဘာတွေဖြစ်နေတာလဲ"
"သူက အကြော (၁၀၁) ကြော ဖွင့်တော့မှာလား"
"မဖြစ်နိုင်ဘူး။ အကြောတစ်ရာဆိုတာ ဒဏ္ဍာရီလေ။ အကြော (၁၀၁) ကြော ဘယ်လိုလုပ် ဖြစ်နိုင်မှာတုန်း"
လူတိုင်း အံ့ဩထိတ်လန့်မယုံကြည်နိုင်စွာ ကြည့်နေကြစဉ် သူ ပိုင်ဆိုင်ခဲ့ဖူးသော အင်မော်ဆယ်အကြောရှစ်ကြောသည် အပြင်တွင် ရုတ်တရက် စတင်ဖြစ်ပေါ်လာ၏။
(၁၀၁) ၊ (၁၀၂) ၊ (၁၀၃) ၊ (၁၀၄) ။
မျက်စိတစ်မှိတ်အတွင်း သူ့တွင် အကြောလေးကြော ထပ်ပေါ်လာလေပြီ။
ဤအခိုက်အတန့်တွင် စောင့်ကြည့်နေသော နဝမတောင်ပင်လယ်ရှိ လူတိုင်း၊ သာမန်ကျင့်ကြံသူများဖြစ်စေ၊ ဂိုဏ်းများ၊ မျိုးနွယ်စုများ၏ ခေါင်းဆောင်ကြီးများဖြစ်စေ မျက်လုံးများပြူးကုန်ကြပြီး မယုံနိုင်ဖြစ်ကုန်ကြသည်။ လူတိုင်း ဆွံ့နေကြ၏။
သူတို့ မန်ဟိုနှင့် သူ၏ အကြော (၁၀၄) ကြောကို ကြည့်နေစဉ်မှာပင် (၁၀၅)ကြောမြောက် အကြော ပေါ်လာလေပြီ။
"လာစမ်း" အင်မော်တယ်အလင်းရောင်နှင့် အင်မော်တယ်ချီတို့ သူ့ကိုယ်ထဲ စီးဝင်နေစဉ် မန်ဟိုက မာန်သွင်းဟိန်းဟောက်လိုက်၏။ သူ၏ဟိန်းဟောက်သံကြီး ကြယ်တာရာကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားသည့်အချိန် (၁၀၆) ကြောမြောက် အကြောပေါ်လာသည်။
သွေးကြောပြာပြာကြီးများ မန်ဟို့မျက်နှာထက်တွင် ဖောင်းကြွလာကာ (၁၀၇) ကြော အင်မော်တယ်အကြောပေါ်လာ၏။
"လာစမ်း" သူက ဟိန်းဟောက်လိုက်သည်။ ထို့နောက် (၁၀၈) ကြောမြောက် အကြောပေါ်လာသဖြင့် ကြောက်မက်ဖွယ် ထစ်ချုန်းသံကြီးက အရှေ့အောင်ပွဲဂြိုဟ်တစ်ခွင် ပဲ့တင်ထပ်ရင်း ကြယ်တာရာကောင်းကင်အား ထိုးခွင်းသွားဝောာ့သည်။
ဖြစ်ပေါ်လာခဲ့သော (၁၀၈) ကြောမြောက် အကြောက .... အမှန်တွင် သူ့ကိုယ်ထဲ၌ ပေါ်လာခဲ့ဖူးသော ပထမဆုံးအကြော ဖြစ်၏။
ဤအခိုက်အတန့်တွင် နဝမတောင်ပင်လယ်မှ စောင့်ကြည့်နေသူများမှာ ရင်တဒိန်းဒိန်း ခုန်လာကြတော့သည်။
သူတို့ မြင်နေရသောအရာမှာ အင်မော်တယ်တံခါး၏ပတ်ပတ်လည်တွင် ရက်စက်ကြမ်းကြုတ်စွာ ပျံဝဲနေသော အင်မော်တယ်နဂါး (၁၀၈) ကောင်ပင်။ အင်မော်တယ်အလင်းရောင်ထဲတွင် အောင်သရဖူဆောင်းနေသော မန်ဟို့ကိုလည်း မြင်ကြရသည်။ ကြည့်ရသရွေ့ ... သူကား စိတ်ကျေနပ်သေးပုံမရပေ။
(အားကန်းထံမှ အမှာ - တာအိုရောင်ရင်းတို့တွေ အပိုင်းတွေ မရှည့်ရှည်အောင် ဆွဲဆန့်နေတယ်လို့ ပြောနေကြတာ ကျွန်တော် တွေ့ပါတယ်။ ဒါကြောင့် ကျွန်တော်ပြောချင်တာက တတ်နိုင်သမျှ ကျွန်တော် ချုံ့ထားပြီးသားပါ။ ဒီထက်ပိုချုံ့ရင်တော့ ဖတ်ရတာ ကောင်းမှာမဟုတ်တော့ဘူး။
ကျွန်တော်ဟာ နှောင်ဖွဲ့ကင်းတန်ခိုးရှင်၊ အမှန်တရားရှာပုံတော်ပြီးတော့ ကောင်းကင်တံခါးကို ငါပိတ်မယ်တို့ကို ရေးခဲ့တဲ့ ခုနစ်နှစ်တာအတွင်း ဒီအတိုင်း ရေးလာခဲ့တာပါ။ ပြစ်ဒဏ်ကို ကျော်လွှားတဲ့အခါ အနည်းဆုံးတော့ အပိုင်းခြောက်ပိုင်း၊ ခုနစ်ပိုင်းလောက် ရေးရပါတယ်။
ကျွန်တော် ရေးထားတာတွေထဲမှာ အကျိုးမရှိတာပါတယ်လို့ မထင်ပါဘူး။ တကယ်တော့ ပြစ်ဒဏ်ကျော်လွှားတဲ့အပိုင်းက ခြောက်ပိုင်းပဲရှိတာပါ။ ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်တွေအတွက် သုံးပိုင်း၊ အင်မော်တယ်နန်းတော်တွေအတွက် သုံးပိုင်း။ အကြောဖွင့်တာ နှစ်ပိုင်း။
တကယ်တော့ အင်မော်တယ်အကြောအပိုင်းတွေမှာ အကြောဖွင့်တာသက်သက် ရေးထားတာမဟုတ်ပါဘူး။ မြှုပ်ကွက်တွေ၊ လှည့်ကွက်တွေ အများကြီးလည်း ပါပါတယ်။)
***