တာအိုခိုင်မာခြင်း
Vol. 70 Ch. 976
တောင်ကိုးလုံးနှင့် ပင်လယ်ကိုးစင်းတွင် အကြီးပိုင်းမျိုးဆက်များသည် အငယ်မျိုးဆက်ရွေးချယ်ခံများအား စကားတစ်ခွန်းအား အမြဲလက်ဆင့်ကမ်းပေးတတ်၏။ ထိုစကားကား အစစ်အမှန်အင်မော်တယ်အပေါင်း၏ခေတ်အခါသို့ ရောက်ရှိလျှင် .... ပြင်ဆင်မှုက အောင်မြင်၏ သော့ချက်ဖြစ်သည်ကို မှတ်မိစေဖို့ပင်။
ကောင်းမွန်စွာ ပြင်ဆင်၍ နက်ရှိုင်းသောအရင်းအမြစ်များကို စုဆောင်းခြင်းဖြင့် လူတစ်ယောက်သည် ထူးကဲသာလွန်သောစွမ်းအားများကို ထုတ်ဖော်၍ အင်မော်တယ်အကြောများအား များနိုင်သမျှ များများ ဖွင့်နိုင်သည်။
ထို့ကြောင့် အစစ်အမှန်အင်မော်တယ်ခေတ်အတွက် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ပြင်ဆင်မှုများ လုပ်ကြသည်။ သူတို့သည် စိတ်ဝိညာဥ်နယ်ပယ်၏အထွတ်အထိပ်တွင် မိမိကိုယ်ကို ချုပ်တည်းရင်း အစစ်အမှန်အင်မော်တယ်အဖြစ် ဆက်လှမ်းရန် အရသ်အမြစ်အားလုံးအား အသုံးပြုနိုင်သည့်တိုင်အောင် စောင့်ကြ၏။
နှစ်ပေါင်းများစွာတစ်လျှောက်လုံး ထိုကဲ့သို့ လုပ်ဆောင်ခဲ့ကြလေသည်။ သို့သော် ဤအခိုက်အတန့်တွင် နဝမတောင်ပင်လယ်၏ ခေါင်းဆောင်ကြီးများမှာ ဖြစ်ပျက်နေသောအရာကို စောင့်ကြည့်ကာ ကြောင်အနေကြတော့သည်။
သူတို့ မန်ဟို့ကို ကြည့်နေစဉ် ရုတ်တရက် တစ်ခုကို နားလည်လာ၏။
မန်ဟိုသည်လည်း အောင်မြင်ဖို့အတွက် ပြင်ဆင်ခြင်းဆိုသည်မှာ ဘာလဲ သိထား၏ ... ၎င်းက ကျင့်ကြံခြင်းအခြေခံသာမဟုတ်၊ အင်မော်တယ်အကြောများ ကြိုတင်ဖော်ဆောင်ထားခြင်းသာမဟုတ်။ ကံတရားနှင့်လည်း သက်ဆိုင်သည်။
လူတစ်ယောက်သည် အစစ်အမှန်အင်မော်တယ်အဆင့်သို့ တက်လှမ်းဖို့ မကြိုးစားခင် သူတို့၏ ကြိုပြင်ဆင်မှုများထဲ၌ ဘဝတစ်လျှောက် ကြုံတွေ့ခဲ့ရသော ကံတရားအမျိုးမျိုးအပြင် မျိုးစေ့ကြဲခဲ့သော ကံကြွေးများလည်း ပါရှိသည်။ ထိုအရာအားလုံးက ပြင်ဆင်ခြင်း၏အခရာများ ဖြစ်သော်လည်း ထိုကဲ့သို့ကံတရားတစ်ခုတွင် အကြောင်းရင်းတစ်ခုရှိ၏။
"သူက အင်မော်တယ်အဆင့်တက်လှမ်းဖို့ သူ့ကိုယ်ပိုင်တာအိုကို ခိုင်မာအောင် လုပ်နေတာပဲ..." ဖန်မျိုးနွယ်စု၏ မြေခေါင်းဆောင်ကြီးက အက်ကွဲဩရှနေသောအသံဖြင့် ပေါ့ပေါ့ပါးပါး ပြောသည်။ သူကား ဉာဏ်အလင်းရသွားဟန်တူ၏။
ဖန်းတုံးအာဘေးရှိ အဘွားအိုက သက်ပြင်းချလိုက်သည်။
"ကိုယ်ပိုင်အင်မော်တယ်အဆင့်ကို တက်လှမ်းနိုင်တဲ့သူတွေပဲ မိုးနဲ့မြေက ကံကြမ္မာကောင်းတွေကို သိမ်းပိုက်ကြီးစိုးနိုင်တယ်" သူမက ပြောသည်။ "အစစ်အမှန်အင်မော်တယ်အဆင့်တက်ပြီး အင်မော်တယ်အကြောတွေကို ကိုယ်တိုင်ဖော်ဆောင်နိုင်တဲ့ ကံတရားကို ရရှိသွားတာမျိုးပဲ"
ထိုအခိုက်အတန့်တွင် ခေါင်းဆောင်ကြီးအားလုံး နားလည်လိုက်ကြသော်လည်း ယင်းက မည်သည့်အရာကိုမှ မပြောင်းလဲလိုက်ပေ။ သူတို့သည် လူတစ်ယောက် သူ၏ကိုယ်ပိုင်အစစ်အမှန်အင်မော််တယ်အဖြစ်သို့ တက်လှမ်းနေသည်ကို တစ်ခါမှ မကြည့်ခဲ့ဖူးသော်လည်း ကျရှုံးခဲ့သော လူပေါင်းများစွာကိုတော့ မြင်ခဲ့ဖူး၏။
အောင်မြင်သွားသောလူကို လိုက်ရှာသည်ထက် ဖီးနစ်ငှက်မွှေးနှင့် ချီလင်ချိုတို့ကို လိုက်ရှာသည်ကဖြင့် လွယ်ကူပေဦးမည်။ ယင်းက သူတို့မည်မျှရှားပါးသလဲ သက်သေထူသည်။ ရှေးခေတ်မှ ယနေ့ထိတိုင်အောင် ... ခိတိဂဗ္ဗသာလျှင် အောင်မြင်သွားခဲ့သည့် တစ်ယောက်တည်းသောပုဂ္ဂိုလ်ဖြစ်သည်။ သို့သော် ယခုမူ နောက်ထပ်တစ်ယောက် ပေါ်ထွက်လာခဲ့လေပြီ။
သူတို့က ဤအခြင်းအရာကို နားလည်လိုက်ကြသော်လည်း နားမလည်သူများစွာ ရှိသေး၏။ (၁၁၀) ကောင်မြောက် အင်မော်တယ်နဂါးပေါ်လာသောအခါ နဝမတောင်ပင်လယ်တစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဆူညံသွားတော့သည်။ ၎င်းက ဘယ်တုန်းကမှ မဖြစ်ပျက်ခဲ့ဖူးသော ပွက်လောရိုက်မှုကြီးဖြစ်၏။
မန်ဟို ဖန်မုအဖြစ်နှင့် နတ်မီးလျှံစမ်းသပ်ပွဲတွင် ပထမနေရာကို သိမ်းပိုက်ခဲ့တုန်းက အချိန်ပင် မနှိုင်းယှဉ်နိုင်တော့ပေ။ မည်သူ ပထမဆုံးအော်လိုက်သလဲ မပြောနိုင်သော်လည်း မကြာမီ နဝမတောင်ပင်လယ်၏ ကျင့်ကြံသူအားလုံးသည် အော်ဟစ်ထိတ်လန့်နေကြလေပြီ။
"အဲ...အဲ့ဒါ ... (၁၁၀) ကြောာမြောက် အကြောပဲ"
"ရူးချင်စရာကြီး ။ ရူးချင်စရာကြီးဟေး။ အကြော (၁၁၀) ပိုင်ဆိုင်ထားတဲ့ အင်မော်တယ်နကယ်ကျင့်ကြံသူတစ်ယောက်က ကမ္ဘာပေါ်မှာ ဘယ်လိုလုပ်ရှိနိုင်မှာလဲ"
"ခဏနေပါဦး တစ်ခုခုထူးဆန်းနေသလိုပဲ။ အခုလေးတင် ပေါ်လာတဲ့ အဲဒီအင်မော်တယ်နဂါးနှစ်ကောင်က ကျန်တဲ့အကောင်တွေနဲ့ မတူဘူး။ တစ်ကောင်က သွေးရောင်၊ နောက်တစ်ကောင်က ပိုလို့တောင် လျှို့ဝှက်ဆန်းကြယ်သေးတယ်"
(၁၁၀) ကောင်မြောက် အင်မော်တယ်နဂါးသည် တမူထူးခြားပြီး စူးရှသောအင်မော်တယ်အရောင်အဝါကို ထုတ်လွှတ်နေသော်လည်း အကြောင်းတစ်စုံတရာကြောင့် အပင်အသီးအရွက်ဖြင့် ပတ်သက်နေသကဲ့သို့ ခံစားရစေသည်။ အမှန်တွင်ဘသေသေချာချာ ကြည့်ပါက နဂါး၏ကိုယ်ထဲတွင် မတူညီသောအရောင်ခုနစ်ရောင် လှည့်လည်သွားနေသည်ကိုပင် မြင်ရနိုင်သည်။
နဝမတောင်ပင်လယ်ရှိ လူအုပ်ကြီးများ၏ အထိတ်တလန့် အာမေဍိတ်သံများ၏ အလယ်တွင် မန်ဟိုသည် ကြယ်တာရာကောင်းကင်၌ ဤအင်မော်တယ်အကြောနှစ်ကြောအား စစ်ဆေးရင်း တည်ငြိမ်အေးဆေးစွာ ရပ်နေ၏။ သူ ၎င်းတို့ကို စစ်ဆေးကြည့်လျှင် သွေးမိစ္ဆာဂိုဏ်းချုပ်နှင့် ရှင်သန်ခြင်းနှင်းပန်းအား ပြတ်ပြတ်သားသား အာရုံရလိုက်သည်။
ဤအခိုက်အတန့်တွင် သူ စုဆောင်းထားခဲ့သော ကံတရားများနှင့် ကံကြမ္မာကောင်းအားလုံး ပေါက်ကွဲထွက်လာနေလေပြီ။
"အခု ကံတရားက ပြင်ဆင်မှုတစ်မျိုးပဲဆိုတာ ငါ နားလည်လိုက်ပြီ" သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "အင်မော်တယ်အကြောတွေကရော ဘာတွေပါလိမ့်" သူသည် ဉာဏ်အလင်းတစ်မျိုး ရရှိလိုက်သည့်အချိန်မှာပင် သူ့ကိုယ်တွင်းရှိ အင်မော်တယ်အကြော (၁၁၀) အား သုံးသပ်ဆင်ခြင်နေ၏။
"အကြောတစ်ရာက တကယ် အကန့်အသတ်ပဲ ... ကျင့်ကြံသူတွေရဲ့ ခန္ဓာကိုယ်နဲ့ အသွေးအသားက အကြောတစ်ရာပဲ ဖန်တီးနိုင်တယ်
"ငါ ထပ်ဆောင်းအကြောရှစ်ကြောက တကယ်တော့ ငါ့အသွေးအသားရဲ့တစ်စိတ်တစ်ပိုင်းမဟုတ်ဘူး။ ကြေးမီးအိမ်ရဲ့ အခိုးအငွေ့ကနေ ခင်းပေးခဲ့တဲ့ အုတ်မြစ်တစ်ခုအပေါ်မှာ တည်ဆောက်ထားတဲ့ အကြောမျိုးပဲ
"အသွေးအသားကနေ ဖြစ်တည်လာတဲ့ အင်မော်တယ်အကြောနဲ့ အင်မတန် တူတယ် ထင်ရပေမယ့် တည်ဆောက်ပုံက တခြားစီဖြစ်တယ်
"ကျန်တဲ့အင်မော်တယ်အကြောနှစ်ကြောလည်း ကွဲပြားတယ်။ သူတို့က စွမ်းအားပေါင်းစည်းမှုကြောင့် ဖြစ်တည်လာတာ။ တစ်ခုက သွေးမိစ္ဆာဂိုဏ်းချုပ်ဆီက၊ တစ်ခုက ရှင်သန်ခြင်းနှင်းပန်းဆီက
"ကဲ အဲဒီလိုဆိုရင် အင်မော်တယ်အကြောတွေက ဘာတွေလဲ..." သူသည် ခေါင်းကို ဖြေးညင်းစွာ မော့လိုက်ပြီး မျက်လုံးများက စူးရှတောက်ပနေ၏။
"အင်မော်တယ်အကြောတွေက အတည်ပြုချက်မျိုး။ လူတစ်ယောက်က အစစ်အမှန်အင်မော်တယ်ဖြစ်လာဖို့ အရည်အချင်းရှိတယ်လို့ မိုးနဲ့မြေကို ကြေညာနေတာမျိုး။ ငြင်းဆန်မရတဲ့ သက်သေမျိုးပဲ။ မိုးနဲ့မြေဟာ အသိအမှတ်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ၊ အဆုံးသတ်မှ အသိအမှတ်ပြုရလိမ့်မယ်။ အဲ့ဒါက တာအိုခိုင်မာခြင်းဆိုလည်း ဟုတ်တယ်
"အဲဒီဝိညာဉ်မီးအိမ်ရဲ့စွမ်းအားက ငါ့ရဲ့အစစ်အမှန်အင်မော်တယ်လမ်းကို ဖွင့်ပေးခဲ့တယ်။ ငါ့အသွေးအသားအင်မော်တယ်အကြောတွေက ငါ့ကို အထွပ်အထိပ်ကို တွန်းပို့ပေးခဲ့တယ်။ ကြေးနဂါးကြီးရဲ့စွမ်းအားက အဲဒီမူလအင်မော်တယ်အကြောတွေကို တိုးပွားစေခဲ့တယ်။ အဲ့ဒါအပြင် သွေးမိစ္ဆာဂိုဏ်းချုပ်နဲ့ ရှင်သန်ခြင်းနှင်းပန်းက ငါ့ကို အင်မော််တယ်အကြောတွေ ထပ်ဖွင့်နိုင်စေပြီး နားလည်သွားစေဖို့ ကူညီပေးခဲ့တယ်
"အစစ်အမှန်အင်မော်တယ်အဆင့် မရောက်ခင် အင်မော်တယ်အကြောတွေကို ပိုင်ဆိုင်ရတာက ကံကြမ္မာကောင်းတစ်မျိုးပဲ။ ဒါမဲ့ ကျန်တဲ့ ပြင်ဆင်မှုအားလုံးနဲ့ မှော်ပညာရပ်အားလုံးမှာလည်း ... အင်မော်တယ်အကြော ဖြစ်လာနိုင်တဲ့အခွင့်အရေးရှိတယ်
"အဲ့ဒါက စွမ်းအားရဲ့ သရုပ်သကန်တစ်မျိုး ၊ တာအိုကို ကိုယ်စားပြုတဲ့သဘောပဲ
"ဘယ်အရာမဆို ... အင်မော်တယ်အကြော ဖြစ်လာနိုင်တယ်" မန်ဟို ဉာဏ်အလင်းပွင့်သွားသောအခါ သူ့ကိုယ်ထဲရှိ အချုပ်အနှောင်များ ကျိုးပျက်သွားသည်။
မန်ဟို ခေါင်းမော့လိုက်စဉ် သူ၏ဆံပင်များ အကြမ်းပတမ်း ပျံ့လွင့်သွားပြီး သူ၏အဝတ်အစားများက လေတွင် တဖတ်ဖတ် လှုပ်နေသည်။ ထွန်းလင်းတောက်ပနေသော အရောင်အဝါတို့က သူ၏မျက်လုံးများမှ ဖြာထွက်စပြုလာသည်။
"ငါ နားလည်ပြီ..."
ထိုစဉ် အင်မော်ျတယ်အပျက်အစီးများနယ်တွင် ကျင့်ကြံခြင်းဂူတစ်ဂူရှိသည်။ အဆိုပါကျင့်ကြံခြင်းဂူထဲတွင် တင်ပျဉ်ခွေထိုင်နေသူမှာတော့ အဖြူရောင်ဝတ်ရုံနှင့် ပါရာဂွန်အမျိုးသမီးဖြစ်၏။ ခပ်ရေးရေးအပြုံးတစ်စက သူမ၏အေးစက်သော မျက်နှာထက်တွက် ရုတ်တရက် ဖြစ်ထွန်းလာသည်။ ထိုအပြုံးမှာ မသိသာသော်လည်း သူမမျက်နှာထက်တွင် မြင်ရခဲသောအရာဖြစ်၏။
"တော်တော် ထက်သန်တဲ့ ဗီဇသိစိတ်ပဲ" သူမက ခပ်တိုးတိုး ဆိုလိုက်သည်။
တစ်ချိန်တည်းမှာပင် စတုတ္ထတောင်ပင်လယ်တွင် အန္တရာယ်များမည့်ပုံရသော် မြူခိုးများပြည့်နေသည့် နေရာတစ်နေရာရှိသည်။ ထိုမြူများက မရဏပြည်၊ ဘဝပြန်ဝင်စားခြင်းနှင့် မြေအောက်လောကကို ဖုံးကွယ်ထားသည်။ ဤနေရာသည် သေဆုံးသွားသော ဝိညာဉ်များ ပြန်လာရာ နေရာဖြစ်လေ၏။
ထိုမြူများအထဲတွင် အလျှံအပယ်တန်ဆာဆင်ထားသော အဆောင်အယောင်များမှ တည်ဆောက်ထားသော နန်းတော်တစ်ခုရှိသည်။ ၎င်းသည် ရှေးကျအိုမင်းသောအငွေ့အသက်နှင့် သိပ်သည်းသောယင်ချီများကို ထုတ်လွှတ်နေ၏။ တဖြေးဖြေး၊ ထိုမြူများ၏ အနက်ပိုင်းထဲ၌ တင်ပျဉ်ခွေထိုင်နေသော ဧရာမပုံရိပ်ကြီးတစ်ခု မြင်သာလာသည်။
ပုံရိပ်သည် စတုတ္ထတောင်ပင်လယ်တစ်ခုလုံးကို ဖိနှိပ်အုပ်ချုပ်နေသည့်အလား ပြင်းထန်သောဖိအားကြီးအား မြေအောက်လောကတစ်ခွင်သို့ ဖြန့်ကျက်ကာ ရုပ်တုကြီးသဖွယ်၊ အင်မော်တယ်နတ်မင်းကြီးသဖွယ် ရှိနေ၏။ ထိုပုံရိပ်၏မျက်လုံးများကား ထာဝရပိတ်နေမည့်သယောင် ထင်ရသော်ငြား ထိုအခိုက်အတန့်တွင် ရုတ်တရက် မဆိုစလောက်ကလေး ပွင့်လာသည်။
"ဒီတော့ ငါ့တာအိုတစ်ခုတည်း မဟုတ်ဘူးပေါ့..." သူက ဖြေးညင်းစွာ ပြောလိုက်သော်လည်း သူ၏အသံကြီးက စတုတ္ထတောင်ပင်လယ်တစ်လျှောက် ဟိန်းထွက်သွား၏။
အရှေ့အောင်ပွဲဂြိုဟ်၏အပြင်တွင် မန်ဟို၏မျက်လုံးများသည် ဝင်းလက်နေပြီး သူ့ကိုယ်ထဲမှ ထစ်ချုန်းသံများ ထွက်လာသည်နှင့်အမျှ ဉာဏ်အလင်းမှာ ကျယ်ပြန့်လာတော့သည်။
"ဘယ်အရာမဆို အင်မော်တယ်အကြော ဖြစ်နိုင်တယ်" သူက တွေးလိုက်သည်။ "အဲဒီလိုအရာမျိုးက တခြားအစစ်အမှန်အင်မော်တယ်တွေအတွက် မဖြစ်နိုင်ပေမယ့် အစစ်အမှန်အင်မော်တယ်အဖြစ်ကို ကိုယ့်ဘာသာ တက်လှမ်းခဲ့တဲ့သူတစ်ယောက်အတွက်တော့ ဖြစ်နိုင်တယ်
"မိုးနဲ့မြေဟာ ငါ့ကို မကန့်သတ်နိုင်သလို၊ မချုပ်ချယ်နိုင်ဘူး။ ငါဟာ ကြယ်တာရာကောင်းကင်ရဲ့ အကျဉ်းချတာ ခံရမှာမဟုတ်သလို ကောင်းကင်အမိုးခုံးရဲ့ အောက်မှာလည်း မြှုပ်နှံခံရမှာမဟုတ်ဘူး
" မိုးနဲ့မြေဆီက အသိအမှတ်ပြုမှုကို ငါ မလိုအပ်ဘူး။ စစ်မှန်တဲ့ အင်မော်တယ်တွေကပဲ မိုးနဲ့မြေကို အသိအမှတ်ပြုပေးရမှာ"
ဂျိန်းခနဲ မန်ဟို၏စိတ်ထဲတွင် ထစ်ချုန်းသွားသည်။ ကျိုးပဲ့အက်ကွဲသံများမှာ ပိုမိုကျယ်လောင်လာပြီး သူ၏ခန္ဓာကိုယ်သည် ပို၍ပင်ပြင်းပြင်းထန်ထန် တုန်ရီလာ၏။ စူးရှတောက်ပသောအရောင်အဝါတို့ သူ့မျက်လုံးများမှ ဖြာထွက်လာနေစဉ် သူက ရုတ်တရက် ညာလက်ကို မြှောက်ပြီးနောက် အင်မော်တယ်တံခါးအား လက်ညှိုးထိုးလိုက်သည်။
"ငါ မြင့်မြတ်သောဝိညာဉ်ကျမ်းစာကို လွတ်လွတ်လပ်လပ် ကျင့်ကြံခဲ့တယ်" မန်ဟိုက ရေရွတ်လိုက်သည်။ "စဦးချီဖွဲ့စည်းမှုအဆင့်ရဲ့ မဟာစက်ဝန်းကို ရောက်ရှိခဲ့ပြီး ပြီးပြည့်စုံတဲ့အခြေ၊ ပြီးပြည့်စုံတဲ့အမြုတေ၊ ပြီးပြည့်စုံတဲ့ အနုသုခုမနတ်ခန္ဓာကို ရယူခဲ့တယ်။ ငါဟာ ပြီးပြည့်စုံတဲ့ တာအိုသစ်သီးကို ဖော်ဆောင်ပြီး ထာဝရအလွှာအဆင့်ကိုတောင် တက်ခဲ့တယ်
"ငါ့စိတ်ဆန္ဒကို ထာဝရ သုတ်သင်ဖယ်ရှားလို့ မရတဲ့အတွက် ငါ့ထာဝရအလွှာက ... ငါ့ (၁၁၁) ကြောမြောက် အင်မော်တယ်အကြောရဲ့ အခြေခံဖြစ်လာလိမ့်မယ်"
"ပွင့်စမ်း"ထိုအခိုက်အတန့်တွင် သူ၏ထာတရအလွှာသည် လှုပ်ရှားလာကာ သူ့ကိုယ်ထဲ၌ မရေမတွက်နိုင်သောအလင်းစက်များ ပေါ်လာစေသည်။ ထိုအလင်းစက်များက ... သူ၏ (၁၁၀) မြောက်အကြော၏ ဘေး၌ (၁၁၁) ကြောမြောက် အင်မော်တယ်အကြောအသွင်ပြောင်းရင်း လျင်မြန်စွာ ပေါင်းစည်းလာကြသည်။
အင်မော်တယ်တံခါးမှ တုန်ခါလာပြီး အင်မော်တယ်အလင်းရောင်တို့ ဖြာထွက်လာသည်။ အင်မော်တယ်ချီများက မန်ဟို့ကိုယ်ထဲ စီးဝင်လာရင်း သူ၏ထာဝရအလွှာနှင့် အင်မော်တယ်အကြောအား ခိုင်မာလာစေသည်။ အကြောမှာ ခိုင်မာသထက် ခိုင်မာလာပြီး နောက်ဆုံးတွင် အပြည့်အဝ ဖြစ်တည်သွား၏။
တစ်ချိန်တည်းမှာပင် (၁၁၁) ကောင်မြောက် အင်မော်တယ်နဂါးသည် အင်မော်တယ်တံခါး၏အပြင်၌ ပေါ်လာ၏။ ၎င်းကား ၎င်း၏ဟိန်းဟောက်သံကြီးဖြင့် ကြယ်တာရာကောင်းကင်အား လှုပ်ခါသွားစေသော ထာဝရနဂါးတစ်ကောင်ဖြစ်လေသည်။
နဝမတောင်ပင်လယ်ရှိ လူတိုင်းမှာ ကြက်သေသေနေကြသည်။ အင်မော်တယ်တံခါး၏အပြင်တွင် ထာဝရအင်မော်တယ်နဂါး ပေါ်လာသည်ကို မြင်သောအခါ သူတို့နှလုံးသားထဲ၌ အံ့ဩတုန်လှုပ်ခြင်းဆူနာမီလှိုင်းလုံးကြီးများ ထကြွလာတော့သည်။
"နောက်ထပ် ... အကြောတစ်ကြော"
"သူက လူတောင် ဟုတ်သေးရဲ့လား"
"လက်ရှိခေတ်မှာ ပြန်ဝင်စားတဲ့ ရှေးခေတ်က ရှေးအင်မော်တယ်ကြီးများလားဟ"
အထိတ်တလန့် ရေရွတ်သံများက အတောမသပ်နိုင်အောင် ထွက်လာသည်။
ဂိုဏ်းအမျိုးမျိုးနှင့် မျိုးနွယ်စုအသီးသီးရှိ တာအိုနယ်ပယ် ခေါင်းဆောင်ကြီးများပင်လျှင် အခြားကျင့်ကြံသူများထက် တုန်လှုပ်နေကြသည်။ သူတို့လိုလူများသည် အတိုင်းထက်အလွန် ရှားပါးပြီး ဂိုဏ်းအများစုတွင် တစ်ယောက်တည်းသာ ရှိကြသည်။ သို့သော် ဤအခိုက်အတန့်တွင် အကုန်လုံး တံခါးပိတ်ကျင့်ကြံနေရာမှ ထွက်၍ အရှေ့အောင်ပွဲဂြိုဟ်အား လှမ်းကြည့်ရန် ကြယ်တာရာကောင်းကင်ထဲသို့ ရောက်လာကြသည်။
"ဖန်မျိုးနွယ်စု ... စဉ်းစားလို့မရလောက်အောင် ပြိုင်ဘက်ကင်းတဲ့ ပုဂ္ဂိုလ်တစ်ဦးကို မွေးထုတ်လိုက်ပြီပဲ" အံ့ဩခြင်းလှိုင်းလုံးများက ခေါင်းဆောင်ကြီးများကို စိုးမိုးသွားပြီး ရှုပ်ထွေးနေသောအမူအရာများအား သူတို့၏မျက်နှာထက်တွင် မြင်ရနိုင်သည်။
"သူ့သာ သူ့အလားအလာကောင်းတွေအတိုင်း မြေတောင်မြှောက်ပေးလိုက်ရင် ... ဖန်မျိုးနွယ်စုက ကြောက်စရာကောင်းလောက်အောင် တိုးတက်ဖွံ့ဖြိုးလာလိမ့်မယ်"
"အနာဂတ်အခြေအနေတွေ ပြောင်းလဲသွားမှာပဲ စိတ်ပူတယ်။ ဒီကိစ္စက ဖန်မျိုးနွယ်စုအတွက် သိပ်ကောင်းလှတဲ့အရာတော့မဟုတ်ဘူး။ ငါတို့အတွက် ပိုဆိုးသေးတယ်။ အဆိုးဆုံးကတော့ ကျီမျိုးနွယ်စုပဲ"
"ကိုယ်ပိုင်တာအိုကို ခိုင်မာစေနိုင်ခဲ့တဲ့ နောက်ဆုံးလူက စတုတ္ထတောင်ပင်လယ်ရဲ့သခင် ခိတိဂဗ္ဗပဲ။ အခုတော့ ကိုယ်ပိုင်တာအိုကို ခိုင်မာစေခဲ့တဲ့ နောက်ထပ်လူတစ်ယောက် ပေါ်လာခဲ့ပြီ..." ခေါင်းဆောင်ကြီးများ၏ မျက်လုံးများက လင်းခနဲ လက်သွားပြီး အတော်များများမှာ တွန့်ဆုတ်နေကြလေသည်။
ဤအခိုက်အတန့်တွင် မန်ဟို့ထံမှ နောက်ထပ်ထစ်ချုန်းသံများ ဟိန်းထွက်လာသည်။ ပို၍များပြားသော အင်မော်တယ်ချီများ စီးဝင်လာနေစဉ် သူ၏ (၁၁၂) ကြောမြောက် အကြောသည် သူ့ကိုယ်ထဲ၌ စတင်ဖြစ်ပေါ်လာ၏။
ဤသည်မှာ သူ၏အစစ်အမှန်အပြင်အားကိုယ်မှ ဖန်တီးလိုက်သော ချီသွေးအင်မော်တယ်အကြောတစ်ကြော ဖြစ်သည်။
မန်ဟို အင်မော်တယ်အကြောများ၏ အခြေခံသဘောတရားအား သိမြင်နားလည်သွားသော အခိုက်အတန့်တွင် အရာအားလုံး ပြောင်းလဲသွားခဲ့၏။ ယခုတွင် (၁၁၂) ကောင်မြောက် အင်မော်တယ်နဂါးသည် ဟိန်းဟောင်ကြိမ်းဝါးရင်း အင်မော်တယ်တံခါး၏အပြင်၌ ဖြစ်ပေါ်လာလေပြီ။
အင်မော်တယ်နဂါး၏ အကြေးခွံတစ်ချပ်စီတိုင်းသည် အံ့မခန်းလိလိ ချီသွေးစွမ်းအားတို့ဖြင့် ပြည့်သျှံနေ၏။
ဤအခိုက်အတန့်တွင် ရုတ်တရက် အလင်းတန်းတစ်တန်းက နဝမတောင်ထိပ်မှ ထိုးဆင်းလာသည်။ အလင်းတန်းသည် မီးခိုးရောင်ဖြစ်ပြီး အရှေ့အောင်ပွဲဂြိုဟ်ထံသို့ တန်းတန်းမတ်မတ် ဦးတည်ရင်း ကြယ်တာရာကောင်းကင်အား ခွင်းလာနေ၏။
မီးခိုးရောင်အလင်းတန်းက မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် လာနေပြီး ကံကြွေးအရှိန်အဝါဖြင့် ပြည့်နှက်နေသယောင်ပင်။ ကြည့်ရသရွေ့ ၎င်းကို ထိလိုက်သည့် မည်သည့်သက်ရှိအရာမဆို ကံကြွေးစက်ကွင်းမိကာ ဖျက်စီးခံရနိုင်ပုံရသည်။
အလင်းတန်းက ကံကြွေးဖျက်စီးခြင်းဓားသွားပုံစံပြောင်း၍ မျက်စိတစ်မှိတ်အတွင်း အရှေ့အောင်ပွဲဂြိုဟ်၏အပြင်တွင် ပေါ်လာပြီးနောက် အင်မော်တယ်အကြောများ ဖော်ဆောင်နေဆဲခုလတ်တွင် ဖြစ်သော မန်ဟို့အား ပိုင်းချလိုက်သည်။
ချက်ချင်းပင် အရှေ့အောင်ပွဲဂြိုဟ်၊ ဖန်မျိုးနွယ်စု ဘိုးဘေးစံအိမ်၏အောက်မှ အေးစက်စက်အသံတစ်သံ ထွက်လာသည်။
"ကျီမျိုးနွယ်စု မင်း ရုပ်ယဲရင် ရုပ်ကြည့်စမ်း"
၎င်းသည် မျိုးနွယ်စု၏ တာအိုနယ်ပယ် မြေခေါင်းဆောင်ကြီး၏အသံဖြစ်သည်။ သူက သူ့နေရာမှ ဖျတ်ခနဲ ပျောက်ကွယ်သွားပြီးနောက် ကြယ်တာရာကောင်းကင်၊ မီးခိုးရောင်အလင်းတန်း၏ အရှေ့တည့်တည့်၌ ပြန်ပေါ်လာသည်။ သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ အဆီအနှစ်စွမ်းအားကို အသံတစ်ချက်မကြားရဘဲ ဖြာထွက်သွားစေ၏။ ၎င်းက မီးခိုးရောင်အလင်းကို ဝင်ဆောင့်တိုက်လိုက်သည်။ ကံကြွေးစွမ်းအားတို့ ထွက်လာသော်လည်း စိစိညက်ညက်ကြေကာ ပျောက်ကွယ်သွား၏။
တာအိုနယ်ပယ်ခေါင်းဆောင်ကြီးမှာ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရသော်လည်း ခေါင်းပြန်မော့လာသောအခါ မျက်လုံးများက အေးစက်တင်းမာလျက်ရှိ၏။ သူက လက်ကို မြှောက်၍ ကောင်းကင်အား လက်ညှိုးထိုးလိုက်ကာ သူ့လက်ချောင်းထံမှ ဧရာမလှိုင်းကြီးတစ်လှိုင်းအား ဖြာထွက်လာစေသည်။ ၎င်းက အရှေ့အောင်ပွဲဂြိုဟ်ကို ဝန်းရံလိုက်သော အကာအကွယ်တစ်ခုအသွင်ပြောင်းသွား၏။
"ဖန်မျိုးနွယ်စုရဲ့ ချီလင်သားတော်ကို လာရှုပ်ရဲတဲ့ ဘယ်သူမဆို ငါနဲ့ သေတဲ့အထိ တိုက်ခိုက်ရမယ်။ မင်းတို့ရောပဲ ကျီမျိုးနွယ်စု ... ငါ့ကို ပထမမျိုးဆက်ခေါင်ဆောင်ကြီးရဲ့အလောင်းကို ဆင့်ခေါ်ဖို့ ဖိအားမပေးစမ်းနဲ့။ ငါ သူ့ကို နဝမတောင်ထဲကနေ ဆင့်ခေါ်လိုက်ရင် ငါတို့ထဲက တစ်ယောက်ပဲ အသက်ရှင်လိမ့်မယ်"
***