မိစ္ဆာချုပ်နှောင်သူ အကြောများ
Vol. 70 Ch. 977
ဖန်မျိုးနွယ်စု၏ တာအိုနယ်ပယ်မြေခေါင်းဆောင်ကြီးသည် ဆံပင်ဖြူဖြူအဘိုးကြီးတစ်ဦးဖြစ်၏။ သူက ထောင်ထောင်မောင်းမောင်းနှင့် တောင့်တင်းခိုင်မာပြီး ကြယ်တာရာကောင်းကင်ထဲတွင် ပျံဝဲနေစဉ် မိုးမြေအား အညံ့ခံစေနိုင်ပုံရသော အစွမ်းထက်အဆီအနှစ်စွမ်းအားကို ထုတ်လွှတ်နေသည်။
ဟင်းလင်းပြင်အား အေးစက်စက် စိုက်ကြည့်နေစဉ် လျှပ်စီးကဲ့သို့သော အလင်းရောင်က သူ၏မျက်လုံးများထဲတွင် တဖျပ်ဖျပ် လက်နေ၏။။ သူ၏စူးရှသောအကြည့်သည် ကြယ်တာရာကောင်းကင်တစ်ခုလုံးကို ဖြတ်သန်း၍ နဝမတောင်ထိပ်အပေါ် ကျရောက်သွားသည်။
ဤအခိုက်အတန့်တွင် နဝမတောင်ပင်လယ်၏ ဂိုဏ်းနှင့်မျိုးနွယ်စုပေါင်းစုံမှ တာအိုနယ်ပယ်ခေါင်းဆောင်ကြီးအကုန်လုံးနီးပါး ထွက်လာခဲ့ကြပြီး အရှေ့အောင်ပွဲဂြိုဟ်ထံသို့ လှမ်းကြည့်နေကြသည်။ တစ်ယောက်စီသည် တိတ်ဆိတ်နေကြကာ စကားမပြောပေ။ သို့သော် သူတို့၏မျက်လုံးများက လင်းလက်နေပြီး ရင်ထဲ၌ တည်ငြိမ်အေးဆေးမှုတစ်ပါး အရာခပ်သိမ်းကင်းမဲ့နေသည်။
ကျီမျိုးနွယ်စုအား နဝမတောင်ပင်လယ်၏ ပါရာဂွန်အဖြစ် သတ်မှတ်နိုင်လေသည်။
အတိတ်တုန်းက တချို့သောဂိုဏ်းများသည် ကျီမျိုးနွယ်စုနှင့် ပြိုင်နေသည့်ပုံစံ ဖမ်းခဲ့ကြသော်လည်း အမှန်တွင် လူတိုင်း သူတို့ကို ကြောက်ကြ၏။ တကယ်တမ်း အမှန်တကယ်တိုက်ခိုက်ရတော့မည့်ဆိုလျှင် သူတို့အားလုံး နောက်ဆုတ်ကြမှာဖြစ်သည်။
နှစ်ပေါင်းများစွာတစ်လျှောက် ပဋိပက္ခအစစ်များ ဖြစ်ပွားခဲ့သော အခြေအနေတချို့ ရှိခဲ့ဖူးသော်လည်း .... ယခုတော့ ထိုအခြေအနေကား ဖန်မျိုးနွယ်စုဖြင့် ဖြစ်လာခဲ့လေပြီ။
ထိုအရာအားလုံးက လူတစ်ယောက်တည်းကြောင့် ဖြစ်သည် ...
မန်ဟို။
တာအိုနယ်ပယ်များ ဝင်ပါသော ကိစ္စများအား နဝမတောင်ပင်လယ်တစ်ခုလုံးတွင် မမြင်ရဖူးပေ။ ရှေးဟောင်းနယ်ပယ်၏အထွတ်အထိပ်အဆင့် ကျင့်ကြံသူများသာ အပေါ်မှ လာနေသော ဖိအားကို အာရုံရနိုင်သည်။ တခြားမည်သူမှ မသိကြပေ။
မန်ဟိုပင်လျှင် သူ ယခုကဲ့သို့ အင်မော်တယ်အကြောများ ဖွင့်နေခြင်းက ကျီမျိုးနွယ်စု၏ အသတ်အဖြတ်စိတ်ဆန္ဒကို လှုံ့ဆော်နိုင်ခဲ့လိမ့်မည်ဟု မထင်ထားခဲ့သလို၊ ဖန်မျိုးနွယ်စု၏ မြေခေါင်းဆောင်ကြီးက ယခုလို ဩဇာအာဏာအပြည့်ဖြင့် သူ့အား ကာကွယ်ပေးရန် အလောတကြီး ထွက်သွားခဲ့သည်ကိုလည်း သတိမထားမိပေ။
ကြယ်တာရာကောင်းကင်မှ အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ကျီမျိုးနွယ်စုက ဖန်မျိုးနွယ်စုမြေခေါင်းဆောင်ကြီးကို အေးစက်စက်နှာမှုတ်သံဖြင့် တုံ့ပြန်သည်။
နှာမှုတ်သံက နဝမတောင်ပင်လယ်မှ ဖြွာက်လာသော အားပြင်းပြင်းလှိုင်းများအသွင်ပြောင်းသွား၏။ ဖန်မျိုးနွယ်စု မြေခေါင်းဆောင်ကြီး၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။ ရုတ်တရက် အေးစက်စက်အသံတစ်သံက နဝမပင်လယ်နတ်လောကမှ ပဲ့တင်ထပ်လာ၏။
အသံမှာ အတိုင်းထက်အလွန် ရှေးဆန်ပြီး နဝမတောင်ပင်လယ်တစ်ခွင် နေရာယူသွားသည်။ မှန်ပါသည်၊ လောလောဆယ်တွင် သူတို့ကိုယ်သူတို့ ဖော်ပြထားကြသည့် နဝမတောင်ပင်လယ်၏ ဂိုဏ်းအမျိုးမျိုးနှင့် မျိုးနွယ်စုအသီးသီးမှ နှစ်ဆယ်မပြည့်သော ခေါင်းဆောင်ကြီးများမှအပ မည်သူမှ ၎င်းအား မကြားရပေ။ စကားလုံးများက ထိုခေါင်းဆောင်ကြီးများအား မူးချာလည်သွားစေလေသည်။
"ဖန်မုက နဝမပင်လယ်နတ်လောကရဲ့ သီးသန့်တပည့်တစ်ဦးဖြစ်တယ်"
အသံအား ကြားလိုက်ရသောအခိုက်အတန့်တွင် ကျီမျိုးနွယ်စု၏ စွမ်းအားမှာ ရုတ်တရက် တုန်ခါသွားသည်။
ထို့နောက် တာအိုဆရာအစည်းအရုံးသုံးခုဝင် ဖြစ်သည့် မြောက်ကျူပင်ဂြိုဟ်ရှိ မြင့်မြတ်သောရေစီးဓားဂူမှ နောက်ထပ်အေးစက်စက်အသံတစ်သံ ထွက်လာသည်။ အသံက ရှေးခေတ်မှ ပျံ့လွင့်လာသကဲ့သို့ နဝမတောင်ပင်လယ်တွင် ပဲ့တင်ထပ်သွားလေသည်။
"ဖန်မုက တာအိုဆရာအစည်းအရုံးသုံးခုရဲ့ ထိပ်ဆုံးအနိုင်ရသူဖြစ်တယ်"
အသံကို တုံ့ပြန်သည့်အနေဖြင့် ကျီမျိုးနွယ်စု၏စွမ်းအင်မှာ တုန်ခါသွားပြန်သည်။ ယခုတွင် ၎င်းကား တွန့်ဆုတ်နေလေပြီ။
ကျီမျိုးနွယ်စု ရပ်သွားသောအခိုက်အတန့်တွင် နဝမတောင်ပေါ်ရှိ အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့မှ နောက်ထပ်အသံတစ်သံ ထွက်လာသည်။ အသံမှာ တည်ငြိမ်နေသော်လည်း သံမဏိကိုပင် ဖြတ်တောက်နိုင်လောက်အောင် ပြတ်သား၏။ ၎င်းက မြင့်မြတ်သောရေစီးဓားဂူမှ အသံထက်ပင်ပို၍ လွှမ်းမိုးကြီးစိုးနေလေသည်။
"ဖန်မုက အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့နဲ့ ကံတရားအရ ပတ်သက်နေတယ်။ သူနဲ့ မျိုးဆက်တူတွေ ကြားက တိုက်ပွဲကို ခွင့်ပြုနိုင်ပေမယ့် အကြီးပိုင်းမျိုးဆက်အနေနဲ့ သူ့ကို သုတ်သင်ခွင့်မရှိဘူး"
နဝမတောင်ပင်လယ်၏ ဂိုဏ်းများနှင့်မျိုးနွယ်စုများမှ ခေါင်းဆောင်ကြီးများ သူတို့၏အသံများကို ကြားသောအခါ တုန်လှုပ်သွားကြပြီး မျက်လုံးများ ထူးဆန်းစွာ တောက်ပသွားကြ၏။
"ဖန်မျိုးနွယ်စုတစ်စုတည်းဆို ကျီမျိုးနွယ်စုကို မနိုင်လောက်ပေမယ့် အထင်သေးလို့မရသေးဘူး။ ကျီမျိုးနွယ်စု သေချာပေါက် ဆုံးရှုံးမှုများလိမ့်မယ်။ ဒါပေမဲ့ တာအိုဆရာအစည်းအရုံးသုံးခုကိုပါ ထည့်ပေါင်းလိုက်ရင်တော့ ... "
"ကျီမျိုးနွယ်စုက ဘယ်ဂိုဏ်းမဆို၊ ဘယ်မျိုးနွယ်စုမဆိုအတွက် ပြိုင်ဘက်ဆိုတာထက် ပိုတယ်။ ဒါပေမဲ့ တာအိုဆရာအစည်းအရုံးသုံးခုပါရင် ကျီမျိုးနွယ်စုကို အလွယ်တကူ ချေမှုန်းနိုင်ပြီ။ အခု ဖန်မျိုးနွယ်စုက အလျှော့မပေးဘူးဆိုတော့ ကျီမျိုးနွယ်စုအနေနဲ့ ဒီတိုင်းထားမှာမဟုတ်ဘူး။ နဝမတောင်ပင်လယ်မှာ စစ်ပွဲကြီးတစ်ပွဲ ဖြစ်လာနိုင်တယ်"
"အားလုံးအထဲ အရေးအကြီးဆုံးက တာအိုဆရာအစည်းအရုံးသုံးခုမှာ နက်နဲလွန်းတဲ့ အရင်းအမြစ်တွေ ရှိတယ်... တောင်ပင်လယ်သခင်တွေ ပြောင်းလဲသွားပေမယ့် တာအိုဆရာအစည်းအရုံးတွေက ထာဝရတည်ရှိတယ်လေ"
ခေါင်းဆောင်ကြီးများ၏ မျက်လုံးများ လင်းလက်သွားသည်။ သို့သော် တချို့တွင် ကျီမျိုးနွယ်စုနှင့် လျှို့ဝှက်ပတ်သက်မှုများရှိ၍ အရှေ့အောင်ပွဲဂြိုဟ်အား အရေးမစိုက်သလို ကြည့်နေကြလေသည်။
ကျီမျိုးနွယ်စုက တိတ်ဆိတ်နေသည်။ တဖြေးဖြေး အခြေအနေကို စဉ်းစားပြီးနောက် သူတို့၏စွမ်းအားမှာ လွင့်ပျယ်ပျောက်ကွယ်လာကာ ရှေးဆန်သောအသံကြီးတစ်သံ ထွက်လာသည်။
"တကယ်ပဲ တန်ရဲ့လား"
ထို့နောက် ကျီမျိုးနွယ်စု၏ စွမ်းအားသည် အလျှင်းပျောက်ကွယ်သွား၏။
တာအိုဆရာအစည်းအရုံးသုံးခု၏အရှိန်အဝါများလည်း ကြယ်တာရာကောင်းကင်မှ မှေးမှိန်ပျောက်ကွယ်သွားသည်။
နဝမတောင်ပင်လယ်သည် ပုံမှန်ပြန်ဖြစ်သွား၏။ ယခုလေးတင် ဖြစ်ပျက်သွားခဲ့သောအရာကို သိသူ မရှိသလောက်ရှားသော်လည်း ဖန်မျိုးနွယ်စု၏ တာအိုနယ်ပယ်မြေခေါင်းဆောင်ကြီးက မူလနေရာသို့ ပြန်မသွားဘဲ မန်ဟို့အတွက် ဓမ္မစောင့်ရှောက်သူလုပ်ပေးရန် ကြယ်တာရာကောင်းကင်၌ တင်ပျဉ်ခွေထိုင်လိုက်သည်။
သူက မလှမ်းမကမ်းရှိ အင်မော်တယ်တံခါးဘေးတွင် ရပ်နေသော မန်ဟို့ကို လှမ်းကြည့်ရင်း ပြုံးလိုက်ပြီး သူ၏မျက်လုံးများက မျှော်လင့်ချက်တို့ဖြင့် ဝင်းလက်လာသည်။
"ကဲ ကောင်လေး။ မင်းရဲ့အလားအလာအကုန်လုံးကို ထုတ်ဖို့ အချိန်ကျပြီ။ မင်းကို ဘာရှိလဲ ငါတို့ကိုပြ၊ မကြောက်နဲ့။ ငါတို့လိုကျင့်ကြံသူတွေက ဂုဏ်ကျက်သရေအတွက် ရှင်သန်တာကွ"
ဖန်မျိုးနွယ်စု၏ တာအိုနယ်ပယ်ခေါင်းဆောင်ကြီး မန်ဟို့ကို လှမ်းကြည့်လိုက်လျှင်ချင်း ထူးဆန်းစွာ တိုက်ဆိုင်သွားသည့်အလား ထစ်ချုန်းသံများစွာ ကြားလိုက်ရသည်။
မန်ဟို၏ဆံပင်များနှင့်အဝတ်စားများက တဖတ်ဖတ် လွင့်နေပြီး တောက်ပခံ့ညားသောအင်မော်တယ်အလင်းရောင်နှင့် အင်မော်တယ်ချီတို့က သူ့ကို ရစ်သိုင်းနေသည်။
(၁၁၂) ကြောမြောက် အကြော ပြီးမြောက်သွားသောအခါ မန်ဟို၏မျက်လုံးများ လင်းလက်တောက်ပသွား၏။ ယခုတွင် အင်မော်တယ်အကြောများ၏ သဘာဝကို သူ နားလည်ထားပြီး ၎င်းတို့ကို သူ မည်မျှနားလည်သလဲ ဆုံးဖြတ်ချင်လေသည်။
သူ ထွန်းတောက်ကျော်ကြားလာလျှင် လူတိုင်းအား သွက်သွက်ခါအောင် အံ့ဩတုန်လှုပ်သွားစေမည်။
"ငါ အင်မော်တယ်အကြောဘယ်နှကြော ဖွင့်နိုင်မလဲ... သိချင်တယ်"
"ငါ့ရဲ့ ၁၁၃ ကြောမြောက်က ပြုစားခြင်းမှော်မန္တန်အပေါ် အခြေခံမယ်။ အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန် ၊ ခန္ဓာကိုယ်ပြုစားခြင်း ... အဲ့ဒါဟာ ငါ့ရဲ့ (၁၁၃) ကြောမြောက်ပဲ" မန်ဟို၏လက်က မုဒြာလက်ကွက်တစ်ကွက် ဖော်ပြီးနောက် လေတွင်ဝှေ့ယမ်းလိုက်သည်။ ပြင်းထန်သော ထစ်ချုန်းသံများ ကြားလိုက်ရပြီး မည်သူမှ မမြင်ရသော်လည်း အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်သည် သူ့ကိုယ်ထဲ၌ မှော်သင်္ကေတတစ်ခုအသွင်ပြောင်းသွား၏။ အင်မော်တယ်ချီတို့ စီးဆင်းဝင်ရောက်လာသည်။
နောက်အကြောတစ်ကြောသည် လျင်မြန်စွာ ဖြစ်ပေါ်လာပြီး အပြည့်အဝမခိုင်မာမချင်း အင်မော်တယ်ချီများစွာအား စတင်စုပ်ယူတော့၏။
မန်ဟို့အရှိန်အဝါမှာ အားကောင်းသထက် အားကောင်းလာပြီး တစ်ချိန်တည်းမှာပင် (၁၁၃) ကောင်မြောက် အင်မော်တယ်နဂါးသည် အင်မော်တယ်တံခါး၏အပြင်၌ ပေါ်လာသည်။ ၎င်း၏ဟိန်းဟောက်သံကြီးက အရပ်လေးမျက်နှာသို့ ပဲ့တင်ထပ်ရင်း နဝမတောင်ပင်လယ်အား လှုပ်ခါသွားစေသည်။
ဤအင်မော်တယ်နဂါးက ဆန်းပြသောအလင်းရောင်ကို ထုတ်လွှတ်နေပြီး ၎င်းကို ကြာမြင့်စွာ ကြည့်လျှင် ကျင့်ကြံခြင်းအခြေခံလည်ခြင်း ရပ်တန့်၍ ခန္ဓာကိုယ်တောင့်တင်းလာသည်ကို ခံစားရပေမည်။
၎င်းကို မြင်လိုက်သော ကျင့်ကြံသူအားလုံးမှာ တုန်လှုပ်သွားကြတော့သည်။
သို့သော် မည်သူမှ မှတ်ချက်မပြုနိုင်ခင် မန်ဟိုက အကြောနောက်တစ်ကြော ထပ်ဖွင့်လိုက်သဖြင့် ပို၍ကျယ်လောင်သောထစ်ချုန်းသံများ ကြားလိုက်ရပြန်သည်။
သတ္တမမိစ္ဆာချုပ်နှောင်မန္တန်၊ ကံကြွေးညှို့ခြင်းက ကံကြွေးအရှိန်အဝါအား သူ့ကိုယ်ထဲမှ ဖြာထွက်လာစေသည်။ အင်မော်တယ်ချီတို့ စုပ်ယူခံရပြိး အမွှေးတိုင်တစ်တိုင်ထွန်းစာကြာသော် အကြောကား ရာနှုန်းပြည့်ဖြစ်ပေါ်လာခဲ့လေပြီ။
၁၁၄ ကြော။
နောက်ထပ်အင်မော်တယ်နဂါးတစ်ကောင်သည် မိုးနှင့်မြေကို တုန်ခါသွားစေသော ကံကြွေးစွမ်းအားတစ်ရပ်ကို ထုတ်လွှတ်ရင်း ရက်စက်ကြမ်းကြုတ်စွာ ဟိန်းလိုက်၏။ ကျီမျိုးနွယ်စု၏အရှိန်အဝါမှာ ထပ်မံထွက်လာတော့ပုံရသော်လည်း အဆုံးသတ်တွင် ထွက်မလာခဲ့ပေ။
"ထပ်ပွင့်စမ်း" မန်ဟိုသည် မျက်လုံးများ ခိုင်မာပြတ်သားမှုဖြင့် တောက်ပနေလျက် အင်မော်တယ်အကြောများ ဖော်ဆောင်ရန် မိစ္ဆာချုပ်နှောင်မန္တန်အား အသုံးပြုနေ၏။ ထို့နောက် သူက ဆဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်၊ ရှင်ခြင်းသေခြင်းမန္တန်ထံ ရွေ့လျားသွားသဖြင့် သူ၏အရှိန်အဝါမှာ ပို၍အားကောင်းလာတော့သည်။
မကြာမီ ဆဋ္ဌမမန္တန်သည် မန်ဟို့ကိုယ်ထဲ၌ အကြောတစ်ကြောအား ဖော်ဆောင်ပေးပြီးသွား၍ အင်မော်တယ်တံခါး၏အပြင်တွင် (၁၁၅) ကောင်မြောက်နဂါး ပေါ်လာသည်။
"၁၁၅ ကြော။ ဖန်ဟို ... အကြော ဘယ်နှကြောတောင် ဖွင့်မှာတုန်း"
"အဲဒီလို ရွေးချယ်ခံမျိုးကို ကြားတောင်မကြားဖူးဘူး"
"သူက ဘယ်လိုလုပ်အကြောတွေ အများကြီး ဖွင့်နိုင်တာလဲ။ တခြားသူတွေက အလွန်ဆုံး ၉၈ ကြောပဲ ဖွင့်နိုင်ခဲ့တာ။ အကြောင်းရင်းတစ်ခု ရှိရမယ်။ ကောင်းကောင်းပြင်ဆင်ထားပြီး ပါရမီထက်သန်လွန်းတဲ့လူတစ်ယောက်အတွက်တောင် ဒီလိုလူမဟုတ်တဲ့အဆင့်ရောက်ဖို့ မဖြစ်နိုင်ဘူး" နဝမတောင်ပင်လယ်မှာ လုံးလုံးလျားလျား တုန်လှုပ်နေပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများ ဆူညံပွက်လောရိုက်နေကြသည်။ သူတို့မှာ မန်ဟို အကြော (၁၀၀) ဖွင့်ခဲ့တုန်းက အံ့အားသင့်ခဲ့ကြသော်လည်း ယခု အကြော (၁၁၅) ကြောအထိ ရောက်လာသောအခါ သံသယဖြစ်လာကြသည်။
မန်ဟိုက အခြားသူတကာထက် များစွာ သာလွန်နိုင်သည်ကို သူတို့ အမှန်တကယ် နားမလည်ကြပေ။
အရှေ့အောင်ပွဲဂြိုဟ်ပေါ်ရှိ ဖန်မျိုးနွယ်များလည်း စိတ်လှုပ်ရှားစွာဖြင့် ရမ်းသန်းမှန်းဆနေကြပြီး အယူအဆမျိုးစုံပေါ်လာကြသည်။ တိုက်ရိုက်သွေးဆက်များသာလျှင် ယုံမှားသံသယကင်းသော စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေသယောင်ပင်။
ဖန်ဝေသည် ကောင်းကင်ကို မော့ကြည့်၍ လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
"အဲ့ဒါက သူ ကိုယ့်ဘာသာ အစစ်အမှန်အင်မော်တယ်အဆင့်ကို တက်လှမ်းခဲ့ပြီး သူ့ကိုယ်ပိုင်တာအိုကို ခိုင်မာစေခဲ့တာကြောင့်ပဲလား ... " သူက တစ်ယောက်တည်း ရေရွတ်ရင်း အသက်ပြင်းပြင်း ရှူသွင်းပြီးနောက် မျက်လုံးများကို ပိတ်ကာ ထပ်မကြည့်တော့ရန် ဆုံးဖြတ်လိုက်သည်။
"မင်း အကြော ဘယ်လောက်ဖွင့်ဖွင့် အရေးမကြီးဘူး။ ငါ့မှာ နိဗ္ဗာနသစ်သီးတွေ ရှိတဲ့အတွက် မင်းကို သတ်နိုင်သေးတယ်"
ဖန်ဝေသာ ဤသို့တွေးနေခြင်းမဟုတ်။ နဝမနဝမတောင်ပင်လယ်၏ ကျန်အစစ်အမှန်အင်မော်တယ်ရွေးချယ်ခံများလည်း သဲလွန်စများကို ဆက်စပ်တွေးတောကာ ထိုနည်းတူ ကောက်ချက်ချလိုက်ကြသည်။ သူတို့၏စိတ်ထဲတွင် ခါးသီးမှုမှတစ်ပါး တခြားခံစားချက်မရှိပေ။
"ဒီတော့ ကိုယ်ပိုင်တာအိုကို ခိုင်မာစေတာက ဒီလိုရလဒ်မျိုး ထွက်စေတာပေါ့..."
"ဒါပေမယ့် တာအိုကို ခိုင်မာစေဖို့ဆိုတာ အဆအဆပေါင်းများစွာ ခက်ခဲတယ်။ မန်ဟိုက ဒီလိုအောင်မြင်သွားရလောက်အောင် စကားလုံးနဲ့တောင် ဖော်ပြလို့မရတဲ့ အံ့ဖွယ်ကံကြမ္မာကောင်းကို ဆုံတွေ့ခဲ့တာပဲဖြစ်မယ်"
"ကျင့်ကြံခြင်းဆိုတာ မိုးကောင်းကင်ကို အာခံရတာပဲ။ အဲဒီတော့ အင်မော်တယ်အကြော (၁၁၅) ကြော ဖွင့်ထားလည်း ဘာအရေးလဲ။ ငါတို့အားလုံးမှာ သူ့ကို တိုက်ခိုက်လို့ရတဲ့ သိုင်းကွက်တွေရှိတာပဲ"
နဝမတောင်ပင်လယ်တွင် ဆွေးနွေးငြင်းခုံမှုများ အရှိန်အဟုန်မြင့်တက်နေစဉ် မန်ဟိုက ခေါင်းမော့လိုက်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံသည် အင်မော်တယ်အဆင့်တက်လှမ်းခြင်းစွမ်းအားနဲ့အတူ ပေါက်ကွဲထွက်လာသည်။
အင်မော်တယ်စွမ်းအားသည် အင်မော်တယ်တံခါးအား သူ မဖွင့်စဉ်တုန်းကနှင့် ယှဉ်၍ပင်မရတော့သော အတိုင်းအတာအထိ ကြီးမားအားကောင်းလာသည်။
"ငါ ဒီ့ထက်ပို အစွမ်းထက်နိုင်သေးတယ်" သူက တွေးသည်။ "အင်မော်တယ်အကြော ၁၁၅ ကြောက ... ငါ့မိုင်ကုန်မဟုတ်သေးဘူး" သူက အံတင်းတင်းကြိတ်လိုက်သည်။ သူ၏မျက်လုံးများသည် သွေးချင်းနီသွားပြီး ရူးမိုက်မှုတို့ဖြင့် ပြည့်နှက်နေသည့်အလားပင်။
"ပဉ္စမမိစ္ဆာချုပ်နှောင်မန္တန်၊ အတွင်းအပြင်ပြုစားခြင်း" သူက အတွင်းထဲ၌ လက်သည်းခွံ့အရွယ် အက်ကွဲကြောင်းလေးပေါ်လာသော ညာလက်အား မြှောက်လိုက်သည်။ သူသည် လက်ကို လျင်မြန်စွာ လက်သီးဆုပ်လိုက်ရာ ထစ်ချုန်းသံများနှင့်အတူ အက်ကွဲကြောင်းသေးသေးလေးများ သူ့ကိုယ်ထဲတွင် ပြည့်နှက်သွား၏။
မရေမတွက်နိုင်သော အင်မော်တယ်ချီများက သူ့ကိုယ်ထဲ စုပ်ယူခံလိုက်ရသဖြင့် သူ့အား တုန်ရီသွားစေပြီး မျက်နှာဖြူဖျော့သွားစေသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးအပေါ်၌ အက်ကွဲကြောင်းများ ပေါ်လာသည့်အလားပင်။ သူ့မှာ ပဉ္စမမန္တန်ကို အတင်းအကြပ် ဖိအားပေးမှသာ သုံးနိုင်သည်မဟုတ်ပါလော။ ဤမန္တန်သည် ... ရှေးဟောင်းနယ်ပယ်အထွတ်အထိပ်မှသာ အသုံးပြုနိုင်သော တာအိုမှော်အစွမ်းမျိုးဖြစ်၏။
"ပွင့်စမ်း" သူက ဟိန်းဟောက်လိုက်သည်။ များပြားသောအင်မော်တယ်ချီတို့ အဆက်မပြတ် စီးဆင်းနေသဖြင့် ထစ်ချုန်းသံများနှင့် အက်ကွဲသံများက သူ့ကိုယ်ထဲတွင် ပြည့်နှက်နေသည်။ နောက်ဆုံးတော့ အမွှေးတိုင်နှစ်တိုင်ထွန်းစာ ကြာသွား၏။ မန်ဟိုက တစ်ချိန်လုံး နာကျင်မှုကို တောငမ့ခံပြီးနောက် သွေးတစ်ပွက်အန်ကာ တဟားဟား ရယ်လေသည်။
သူ့ရယ်သံကြီး ဟိန်းထွက်လာစဉ် (၁၁၆) ကြောက်မြောက်အကြောသည် ခိုင်မာသွား၏။
သူက ၎င်းကို အတင်းအကြပ် ဖွင့်၍ ခိုင်မာစေလိုက်လေပြီ။
အင်မော်တယ်အကြောမှာ မငြိမ်သက်သော်လည်း ရှိနေသေး၏။ မန်ဟို့အရှိန်အဝါ တဟုန်ထိုးတက်သွားစဉ် နောက်ထပ်အင်မော်တယ်နဂါးတစ်ကောင်က အင်မော်တယ်တံခါး၏အပြင်တွင် ပေါ်လာသည်။
ဤနဂါးသည် ... ပုံရိပ်ယောင်ဖြစ်လိုက်၊ အစစ်အမှန်ဖြစ်လိုက် ဖြစ်နေသည်။ ၎င်းက တစ်ခါတရံ ဝေဝါးသွားတတ်ပြီး တစ်ခါတရံ ကြည်လင်ပြတ်သားသွားတတ်၏။ ၎င်း ပျံဝဲနေစဉ် ၎င်းပတ်ပတ်လည်ရှိ ဟင်းလင်းပြင်မှာ ချိုင့်လိုက်၊ ဖောင်းလိုက်ဖြစ်နေရာ စောင့်ကြည့်နေသူအားလုံးအား ပင့်သက်ရှိုက်မိလိုက်စေတော့သည်။
***