ဝေဟင်တွင် ပျံဝဲနေသော အင်မော်တယ်တစ်ဦး
Vol. 70 Ch. 978
"သူ အခုထက်ထိ သူ့ရဲ့ နောက်ဆုံးအတိုင်းအတာတစ်ခုကို မရောက်သေးဘူးလား"
"အကြော ၁၁၆ ကြော။ အဲ့လိုဆိုတော့ သူက ရွေးချယ်ခံ ဖြစ်သွားပြီလား။ ငါ အင်မော်တယ်နယ်ပယ်မှာ ပိတ်မိနေတာ နှစ်နဲ့ချီနေပြီ။ အတုအယောင်အင်မော်တယ်ဆိုပေမယ့် အကြော ၇၀ ဖွင့်ထားပြီးသား။ သူက ငါ့ထက် အကြော ၅၀ တောင် ပိုတယ်"
"သူသာ ဆက်လက်တိုးတက်လာဦးမယ်ဆိုရင် န၀မတောင်နဲ့ပင်လယ်က သူ့အတွက် အကန့်အသတ်ဖြစ်လာမှာမဟုတ်ဘူး။ သူက ဒီထက်ပိုတဲ့ ဝေးဝေးကို သွားနိုင်လောက်တယ်"
လူတိုင်း မန်ဟို့ကို ကြည့်နေကြစဉ် အတွေးပေါင်းစုံက သူတို့၏ ခေါင်းထဲတွင် ဖြတ်ပြေးနေသည်။ တစ်ချို့က မချင့်မရဲဖြစ်နေပြီး တစ်ချို့က ခံစားချက်များ ပြင်းထန်နေသည်။ တစ်ချို့က မနာလို၀န်တိုနေပြီး တစ်ချို့ကတော့ အားကျနေကြသည်။
ဖန်ဝေက မျက်လုံးများကို ပိတ်၍ မကြည့်ပေ။ ဂိုဏ်းများနှင့် မျိုးနွယ်စုအသီးသီးမှ ကျန်ရွေးချယ်ခံများလည်း ထိုနည်းတူ ပြုမူနေကြသည်။ လီလင်းအာသာလျှင် ဆက်ကြည့်နေသည်။
မန်ဟိုက သူ၏ အင်မော်တယ်အကြောများကို တိတ်ဆိတ်စွာ စစ်ဆေးရင်း ကြယ်တာရာကောင်းကင်တွင် ပျံဝဲနေ၏။
အင်မော်တယ်အကြော ၁၁၆ ကြော။
အကြော ၁၀၀ သည် သူ့ခန္ဓာကိုယ်၏ နောက်ဆုံးအတိုင်းအတာကို ကိုယ်စားပြု၏။ အင်မော်တယ်ချီအကြော ၈ ကြောကား ကြေးဝိညာဉ်မီးအိမ်မှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
၂ ကြောကို ပြင်ပမှ လူများက လက်ဆောင်ပေး၍ သူ့ကိုယ်ထဲ၌ မြုပ်နှံထားသော စွမ်းအားတို့ကို ဖော်ဆောင်ပေးခဲ့သည်။
ကျန် ၂ ကြောကမူ သူ၏ ကိုယ်ပိုင်နတ်ဘုရားစွမ်းအင်များနှင့် ကျင့်ကြံခြင်းအခြေခံမှ ဖြစ်ပေါ်လာခဲ့ပြီး အင်မော်တယ်မှော်အကြောများ ဖြစ်လာခဲ့၏။ နောက်ဆုံး ၄ ကြောကတော့ ကွဲပြားခြားနားသည်။ ၎င်းတို့သည် မိစ္ဆာချုပ်နှောင်သူများကြောင့် ဖြစ်ပေါ်လာသော အကြောများဖြစ်ကြပြီး အမှန်အားဖြင့် အစစ်အမှန်အင်မော်တယ်အကြောများမဟုတ်ဘဲ မိစ္ဆာချုပ်နှောင်အကြောများ ဖြစ်ကြလေသည်။
ဤသည်မှာ သူ၏ လက်ရှိအတိုင်းအတာဖြစ်သည်။ သူက ကြယ်တာရာကောင်းကင်ထက်တွင် ခမ်းနားတင့်တယ်စွာ ပျံဝဲလှည့်ပတ်နေသော အင်မော်တယ် ၁၁၆ ကောင်ကို ကြည့်ရင်း အင်မော်တယ်တံခါး၏အပြင်တွင် ပျံဝဲနေ၏။ သူသည် သူ၏ အင်မော်တယ်တံခါးဖွင့်ခြင်းက ထိုမျှ ကြီးကျယ်ခမ်းနားသော ဂုဏ်ကျက်သရေကို သယ်ဆောင်ပေးလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။
"ပြင်ဆင်မှုက အောင်မြင်မှုအတွက် သော့ချက်ပဲ" သူက ရေရွတ်လိုက်သည်။ သူသည် ဤစကားလုံးများကို ပြောလိုက်စဉ် အင်မော်တယ်တံခါးဖွင့်ဖွင့်ချင်း သူ့ဘ၀တွင် စုဆောင်းခဲ့သမျှသော ကံကြမ္မာကောင်းနှင့် ကံတရားအားလုံးကို ထုတ်လွှတ်ခဲ့ကြောင်း သဘောပေါက်လိုက်၏။
သူကား ပြီးပြည့်စုံသောအချိန်နှင့် ကိုက်၍ ပွင့်လာသော ပန်းတစ်ပွင့်အလားပင်။
"အဖေနဲ့ အမေ" သူက တောင်ကောင်းကင်ဂြိုလ်ရှိရာသို့ ကြည့်ရင်း ပြောသည်။ "အဖေနဲ့အမေက တောင်ကောင်းကင်ဂြိုလ်မှာဆိုပေမယ့် ကျွန်တော်လုပ်နေတာကို မြင်ရတယ်မလား
"အဖေတို့သားက အဖေတို့ မျက်နှာပျက်ရအောင် ဘယ်တော့မလုပ်ဘူး။ ကျွန်တော် ဒီမှာ အားလုံးရဲ့ အာရုံစိုက်ရာ လျှမ်းလျှမ်းတောက်နေတစ်စင်း ဖြစ်နေပြီ"
သူသည် သူ၏ လက်ရှိလုပ်ဆောင်ချက်များက န၀မတောင်နှင့်ပင်လယ်ရှိ ကျင့်ကြံသူအားလုံးကို မည်သို့ တုန်လှုပ်သွားစေမည်လဲ ကောင်းကောင်းခန့်မှန်းနိုင်၏။ အထူးသဖြင့် အစစ်အမှန်အင်မော်တယ်ရွေးချယ်ခံများမှာ သူ ဖွင့်ခဲ့သော အင်မော်တယ်အကြောအရေအတွက်ကြောင့် မခံချိမခံသာ ဖြစ်သွားကြပေမည်။
သို့သော် သူက ဂရုမစိုက်ပေ။ သူ၏ ပန်းတိုင်က အခြားသူများကို လိုက်မှီဖို့ရန် ဘယ်တော့မှ မဖြစ်ခဲ့ပေ။ သူ၏တစ်ခုတည်းသော ပန်းတိုင်က သူ့ကိုယ်သူ ကျော်တက်ရန်သာ အမြဲဖြစ်ခဲ့သည်။
"ငါ နောက်တစ်ကြော ဖွင့်နိုင်ဦးမယ်ထင်တယ်" သူ၏မျက်လုံးများက သွေးချင်းနီနေသော်လည်း သူ အင်မော်တယ်တံခါးအောက်တွင် ဓားအိမ်မှ မထုတ်ရသေးသော ဓားတစ်လက်ပမာ မားမားမတ်မတ် ရပ်နေစဉ် စူးရှသောအလင်းရောင်ဖြင့် တောက်ပနေလေ၏။
သူ့မျက်လုံးများ တောက်ပလာသည့်အချိန်နှင့်တစ်ပြိုင်တည်းဆိုသလို န၀မတောင်ပေါ်ရှိ ဂိုဏ်းတစ်ဂိုဏ်း၌ တစ်စုံတစ်ခု ဖြစ်သွားသည်။
ထိုဂိုဏ်းအတွင်း၌ ဧရိယာဆယ်ခုဖြင့် ပိုင်းခြားထားသော မရေမတွက်နိုင်သော အဆောက်အအုံများရှိ၏။ ဧရိယာတစ်ခုစီတွင် ကျင့်ကြံအားထုတ်နေသော ကျင့်ကြံသူများဖြင့် ပြည့်နှက်နေသည်။
ဂိုဏ်းတစ်ဂိုဏ်းလုံးက အဝေးမှ ကြည့်လျှင်ပင် မွန်းကြပ်ဖွယ် အင်အားကို ထုတ်လွှတ်နေသော ဧရာမမြို့ကြီးတစ်မြို့ကို ဖော်ဆောင်ထားသည့်အလားပင်။ ၎င်းသည် နှစ်ပေါင်းများစွာ တည်ရှိခဲ့သော ဂိုဏ်းတစ်ဂိုဏ်းဟု ထင်ရ၏။
အဆောက်အအုံများက နှစ်အဆက်ဆက် တည်ရှိခဲ့သည့်အလား အချိန်ခံစားချက်ကို ပေးစွမ်းနေသည်။ ဤအဆောက်အအုံများ၏ မူလအစကို အခြေခံကြည့်ပါလျှင် ၎င်းတို့သည် သခင်ကျီ သို့မဟုတ် သခင်လီ၏ ခေတ်ထက်ပင် အိုမင်းရှေးကျကြောင်း တွေ့ရမည်ဖြစ်သည်။ ၎င်းတို့က တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်းနှင့်အတူ တည်ရှိနေခဲ့သည့်အလားပင်။
ဤသည်ကား အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့မှတစ်ပါး အခြားမဟုတ်ပေ။
ဤသည်ကား န၀မတောင်ပင်လယ်၏ တာအိုဆရာအဖွဲ့အစည်းအရုံးသုံးခုတွင် နာမည်အကြီးဆုံးဖြစ်၏။ ဤသည်ကား န၀မတောင်ပေါ်တွင် တည်ရှိသော အင်အားအကြီးဆုံးကျီမျိုးနွယ်စုကိုပင် ခေါင်းငုံ့သွားစေနိုင်သည့် တစ်ခုတည်းသောဂိုဏ်း ဖြစ်သည်။
ဂိုဏ်း၏ ဧရိယာဆယ်ခု၏အလယ်တွင် အစိမ်းရောင်ကျောက်တုံးများ ခင်းထားသော ပြည်သူ့ရင်ပြင်ကြီးတစ်ခုရှိ၏။ ပြည်သူ့ရင်ပြင်မှ ကမ္ဘာဦးအစအရှိန်အဝါတစ်ခုက အရပ်လေးမျက်နှာသို့ ဖြန့်ကျက်နေလေသည်။
လောလောဆယ်တွင် ထိုရင်ပြင်၏အလယ်၌ အဘိုးကြီးလေးယောက် တင်ပျဉ်ခွေထိုင်နေသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် သူတို့အားလုံးက တာအိုနယ်ပယ်၏စွမ်းအားကို ထုတ်လွှတ်နေ၏။ ဤအဘိုးကြီးလေးဦးအနက် မည်သူမဆိုသည် န၀မတောင်နှင့်ပင်လယ်တစ်ခုလုံးကို ကိုင်လှုပ်ပစ်နိုင်သည်။
"ဒီကလေးက အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့နဲ့ ကံချင်း ပတ်သက်နေတယ်" သူတို့ထဲမှ တစ်ဦးက ရှေးကျသော အသံကြီးဖြင့် ပြောသည်။ "ငါတို့ရဲ့ တာအိုစည်းမျဉ်းတွေအရ သူ အကြော ၁၁၇ ကြော ဖွင့်နိုင်ရင် တာအိုဆရာအဖွဲ့ရဲ့ စွမ်းအားကို ထုတ်လွှတ်ပြီး သူ့ကို အင်မော်တယ်ရှေးဟောင်းတာအိုဆရာ အကြောတစ်ကြော ဖန်တီးနိုင်အောင် ကူညီပေးရလိမ့်မယ်"
ကျန်သုံးယောက်က ခေါင်းညိတ်လိုက်သည်။
"သူ့ကံကြမ္မာကောင်းရဲ့ အတိုင်းအတာကို စောင့်ကြည့်ကြတာပေါ့။ လက်ရှိမှာ သူ့မှာ အကြော ၁၁၇ ကြောရှိတယ်။ သူ ၁၁၇ ကြောမြောက်ကို ဖော်ဆောင်နိုင်ပြီးတော့ ငါတို့ရဲ့အကြောကို လက်ခံပြီး အကြောနှစ်ကြော ထည့်ပေါင်းနိုင်မလား ကြည့်ကြသေးတာပေါ့"
"ဒဏ္ဍာရီတွေထဲမှာတော့ စတုတ္ထတောင်သခင် ခိတိဂဗ္ဗက အင်မော်တယ်အကြော ၁၂၀ ဖွင့်နိုင်ခဲ့တယ်"
"သူသာ တစ်ကြောထပ်ဖွင့်နိုင်လို့ ငါတို့ရဲ့အကြောကိုပါ ရသွားရင် စုစုပေါင်း အကြော ၁၁၈ ကြော ဖြစ်သွားလိမ့်မယ်။ သူ့ရဲ့ အနာဂတ်က ဘယ်လိုမျိုးဖြစ်မလဲဆိုတာ မခန့်မှန်းနိုင်ဘူး။ ဒါပေမယ့် ခတ္တိဂဗ္ဗကို ကျောက်တက်ဖို့ အတိုင်းထက်အလွန် ခက်တယ်။ ဒီကလေးက သူ့ရဲ့အတိုင်းအတာကို ရောက်နေပြီ။ ငါတို့ သူ့ကို နောက်တစ်ကြော ထပ်ပေးရင်တောင်မှပဲ အဲ့ဒီလို လုပ်နိုင်မယ်မထင်ဘူး"
"သူ ဘယ်လိုကံတရားကို ကိုင်ဆောင်ထားလဲ။ ဘယ်လို ကံကြမ္မာကောင်းတွေကို စုဆောင်းခဲ့လဲပဲ ကြည့်ကြတာပေါ့။ သူ့ကံတရားက လုံလောက်တယ်ဆိုရင် မဖြစ်နိုင်စရာ မရှိပါဘူး"
အင်မော်တယ်ရှေးဟောင်းတာအိုအဖွဲ့ မန်ဟိုနှင့်ပက်သက်၍ မည်သို့လုပ်ရမည်လဲ ဆုံးဖြတ်နေသည့်အခိုက်အတန့်မှာပင် မန်ဟိုသည် အရှေ့အောင်ပွဲဂြိုလ်၏အပြင်ဘက် အင်မော်တယ်တံခါး၏အောက်တွင် မျက်လုံးများ စူးရှသွာ တောက်ပနေလျက် ပျံဝဲနေသည်။ သူ့မျက်လုံးများထဲရှိ သွေးကြောများက ပြင်းပြသော ခိုင်မာပြတ်သားမှုကို ထုတ်လွှတ်နေ၏။
"ငါ အင်မော်တယ်အကြောတွေ ဖန်တီးဖို့အတွက် မဟာမိစ္ဆာချုပ်နှောင်မန္တန်လေးခုကို သုံးပြီးသွားပြီ။ ပြီးတော့ ငါ့ရဲ့ အခြားစွမ်းရည်တွေနဲ့ မှော်သိုင်းကွက်တွေကို ကြည့်လိုက်ရင် အတွေးတစ်ချက် ကြယ်တာရာအသွင်ပြောင်းခြင်းနဲ့ အဲ့ဒီလိုမျိုး လုပ်နိုင်မလားမသိဘူး" ကြယ်အလင်းရောင်က မန်ဟို့၏ ဘယ်မျက်လုံးတွင် တောက်ပစ ပြုလာသော်လည်း သူ မည်သည့်နည်းလမ်းကို သုံးစေကာမူ ၎င်းအား အကြောတစ်ကြောအဖြစ် ဖော်ဆောင်၍မရပေ။
သို့သော် ယင်းက သူ ကျွမ်းကျင်ထားပြီးဖြစ်သော နတ်ဘုရားစွမ်းအင်များကို မစမ်းကြည့်ရန် မတားနိုင်ပေ။ မန်ဟိုက အကုန်လုံးကို စမ်းကြည့်သော်လည်း တစ်ခုကမှ သူ့ကို အင်မော်တယ်အကြော ဖော်ဆောင်ခွင့်မပေးသဖြင့် နောင်တရနေတော့သည်။
အကုန်လုံး အလုပ်မဖြစ်ပေ။ အတွေးတစ်ချက် ကြယ်တာရာအသွင်ပြောင်းခြင်းတောင်မှ အလုပ်မဖြစ်ပေ။
"နောက်ထပ် နတ်ဘုရားစွမ်းရည်တစ်ခု ကျန်သေးတယ်" မန်ဟိုက ခေါင်းကို ဖြည်းညင်းစွာ မော့ရင်း တွေးလိုက်သည်။
"ပါရာဂွန်တံတား။ ငါ တံတားရဲ့ပုံရိပ်ကိုသုံးပြီး ပါရာဂွန်အင်မော်တယ်အကြောတစ်ကြော ဖော်ဆောင်နိုင်လောက်တယ်" မန်ဟိုသည် ထပ်မံတုံ့ဆိုင်းမနေတော့ဘဲ ပါရာဂွန်တံတား၏ စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ စွမ်းအားထွက်ပေါ်လာသည့်အခိုက်အတန့်တွင် သူ့မှာ သွေးတစ်ပွက် အန်လိုက်ရ၏။ ၎င်းကို အချိန်တိုအတွင်း ထပ်တလဲလဲ သုံးခဲ့သည့်အတွက်ကြောင့် တန်ပြန်ရိုက်ခတ်မှုက ဆထက်တိုးသွားလေသည်။
ဤအချိန်တွင် အင်မော်တယ်အလင်းရောင်မှာ မန်ဟို နောက်ထပ်အင်မော်တယ်အကြောများ ထပ်မံမဖွင့်နိုင်တော့ကြောင်း ခံစားလိုက်ရသည့်အလား မှေးမှိန်စပြုလာပြီ။
မကြာမီ ၎င်းမှာ ပျောက်ကွယ်သွားတော့သည်။ ကြယ်တာရာကောင်းကင်လည်း ပိတ်ပိတ်ပုန်း မှောင်မဲသွားပြီး အင်မော်တယ်တံခါးသည် ဖြေးညင်းစွာ မှေးမှိန်ပြီး ပိတ်သွား၏။ မည်သည့် အင်မော်တယ်ချီမှ ထွက်လာတော့ပေ။ ၎င်းကား ကြယ်တာရာကောင်းကင်မှ အချိန်မရွေး ပျောက်ကွယ်သွားတော့မည့်ပုံရသည်။
"ကံတရား မလုံလောက်ဘူး" အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့ရှိ အဘိုးကြီးလေးဦးက သက်ပြင်းချလိုက်သည်။ သူတို့၏ အင်မော်တယ်ရှေးဟောင်းတာအိုဆရာအကြောမှာ ပေါ့ပေါ့တန်တန် ချီးမြှင့်၍ရသည့်အရာ မဟုတ်ပေ။ သူတို့အနေဖြင့် ၎င်းကို အင်မော်တယ်အကြော ၁၁၇ ကြောဖွင့်ထားသည့် လူတစ်ယောက်ကိုသာ ပေးအပ်နိုင်၏။ ယင်းက အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့ လိုက်နာရသည့် တာအိုစည်းမျဉ်းတစ်ခု ဖြစ်လေသည်။
ဤအခိုက်အတန့်တွင် န၀မတောင်နှင့်ပင်လယ်ရှိ ပရိသတ်တော်တော်များများမှာ သက်ပြင်းရှည်ကြီး ချလိုက်ကြသည်။ မန်ဟိုက လူမဟုတ်၍ ကြောက်စရာကောင်းသော်လည်း လူတိုင်းမှာ အံ့အားသင့်နေရာမှ စိတ်နှင့်ကိုယ် ပြန်ကပ်လာကြသည်။
"၁၁၆ ကြောက လုံလောက်တာထက် ပိုပါတယ်"
"အဲ့ဒီလို အင်မော်တယ်အကြောတွေက ဘယ်သူ့ကိုမဆို ခြောက်လန့်နိုင်တယ်"
"ဘယ်လောက် နှမြောစရာကောင်းလိုက်သလဲ။ ငါ သူ ထပ်ဖွင့်နိုင်မလား မျှော်လင့်နေတာ… ဟမ် သူဘာလုပ်နေတာတုန်း" ဆွေးနွေးသံများ၏အလယ်တွင် အထိတ်တလန့် အော်ဟစ်သံများက နေရာအသီးသီးမှ ထွက်ပေါ်လာ၏။
လူတိုင်း မန်ဟို့ကို ကြည့်နေစဉ် ပင့်သက်ရှိုက်သံများလည်း ကြားလိုက်ရသည်။ အင်မော်တယ်တံခါး ထာ၀ရ ပျောက်ကွယ်သွားတော့မည့်အခိုက်အတန့်တွင် မန်ဟိုက လက်နှစ်ဖက်လုံးကို လေပေါ်မြှောက်လိုက်၏။
တစ်ဆက်တည်းမှာပင် သူ့ကို လှည့်ပတ်နေသော အင်မော်တယ်နဂါး ၁၁၆ ကောင်က အရာအားလုံးကို တုန်ခါသွားစေသော ဟိန်းဟောက်သံများ ထုတ်လွှတ်လိုက်သည်။ နဂါး ၁၁၆ ကောင်က မန်ဟို့ထံ ပြေး၀င်လာသဖြင့် ကြယ်တာရာကောင်းကင်မှာ တုန်ခါသွားလေသည်။
၎င်းတို့က မန်ဟို့ကို တဝုန်းဝုန်း ၀င်ဆောင့်ကာ ပျောက်ကွယ်သွားသည်။ ထို့နောက် အင်မော်တယ်အကြော ၁၁၆ ကြော၏ စွမ်းအားမှာ ထုတ်လွှတ်ခံလိုက်ရသဖြင့် မန်ဟိုက အရှိန်အဝါမှာ တဟုန်ထိုး ထိုးတက်လာတော့သည်။
"အင်မော်တယ်ပါရာဂွန်တံတား ပေါ်လာစမ်း" မန်ဟိုသည် ထုတ်နိုင်သမျှသော စွမ်းအားအလုံးစုံကို ထုတ်လိုက်သဖြင့် မျက်လုံးများ နီရဲတွတ်သွား၏။ သူက ခေါင်းနောက်လှန်ကာ ဟိန်းဟောက်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ တုန်ခါနေပြီး တဖောက်ဖောက် မြည်သံများအား ကြားလိုက်ရ၏။ အရေပြားများ စုတ်ပြဲလာကာ အသွေးအသားစိုင်တို့အား မြင်လိုက်ရသည်။ ပါရာဂွန်တံတားကား သူ့ကိုယ်ထဲတွင် ပုံသဏ္ဌာန်ဖြစ်ပေါ်လာသည်။
ပါရာဂွန်တံတား ပေါ်လာသည့်တစ်ချိန်တည်းမှာပင် ဝေဝါးနေသော အင်မော်တယ်တံခါးက ရပ်သွားပြီးနောက် ရုတ်တရက် ပြန်ပေါ်လာ၏။ အလင်းရောင်တို့ ပျံထွက်လာပြီး အားကောင်းသော အင်မော်တယ်ချီတို့က မန်ဟို့ထံသို့ စီးဆင်းလာသည်။
အကန့်အသတ်မရှိသော အင်မော်တယ်ချီတို့ သူ့ကိုယ်ထဲ စီး၀င်လာသဖြင့် ပါရာဂွန်တံတားသည် အင်မော်တယ်အကြောတစ်ကြောအသွင် ပြောင်းလာသည်။ ကြည့်နေသူတို့မှာ လုံးလုံးလျားလျား အံ့အားသင့်နေကြပြီး အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့ရှိ အဘိုးကြီးလေးဦးက စောင့်ကြည့်နေကြ၏။
ဂျိန်းခနဲ ထစ်ချုန်းသံကြီးဖြင့် မန်ဟို၏ စုတ်ပြတ်နေသော ခန္ဓာကိုယ်မှာ ပြင်းထန်သော နာကျင်မှုလှိုင်းတို့ဖြင့် နှိပ်စက်ခြင်း ခံလိုက်ရသည်။ နာကျင်မှုက သူ့ကို လွှမ်းခြုံနေစဉ် မန်ဟိုက အံတင်းတင်းကြိတ်၍ ပါရာဂွန်အင်မော်တယ်အကြောအား အလျင်အမြန် အစိုင်အခဲ ဖြစ်လာစေလိုက်သည်။
၁၀ ရာခိုင်နှုန်း။ ၂၀ ရာခိုင်နှုန်း။ ၃၀ ရာခိုင်နှုန်း။
သွေးများ မန်ဟို့ပါးစပ်မှ စီးကျလာပြီး သူ့အမြင်တို့ ဝေဝါးလာသည်။ သို့သော် သူက အံတင်းတင်းကြိတ်ပြီး သူ၏ အင်မော်တယ်အကြော ၁၁၆ ကြောအား စွမ်းအားတို့ဖြင့် ပေါက်ကွဲလာအောင် ဖိအားပေးလိုက်၏။
၄၀ ရာခိုင်နှုန်း။ ၅၀ ရာခိုင်နှုန်း။ ၆၀ ရာခိုင်နှုန်း။ ၇၀ ရာခိုင်နှုန်း။
"ပွင့်စမ်း" မန်ဟိုက ဟိန်းဟောက်လိုက်သည်။ တစနှငိ့တစ သူသည် ၈၀ ရာခိုင်နှုန်း၊ ၉၀ ရာခိုင်နှုန်း နောက်ဆုံး အင်မော်တယ်အကြောသည် ၁၀၀ ရာခိုင်နှုန်းသို့ ရောက်ရှိသွားသဖြင့် ဂျလိန်းဂျလိန်း ထစ်ချုန်းသံများအား ကြားလိုက်ရတော့သည်။
မိုးနှင့်မြေကြီးမှာ တုန်ခါနေပြီး မရေမတွက်နိုင်သော စောင့်ကြည့်နေသူများမှာ အံ့ဩမှင်သက်နေကြတော့သည်။ တရားထိုင်နေခဲ့သော လူတော်တော်များများက အလွန်တရာ မယုံကြည်နိုင်ဖြစ်သွားပြီး မျက်လုံးများ ပြူးကျယ်လျက် ရုတ်တရက် ထရပ်လိုက်ကြသည်။
ထစ်ချုန်းသံများ၏အလယ်တွင် အင်မော်တယ်အလင်းတို့သည် လှည့်ပတ်စီးမြောလာပြီး ၁၁၇ ကြောမြောက် အင်မော်တယ်အကြောက မန်ဟို့၏ကိုယ်ထဲတွင် ဖြစ်တည်လာသည်။ တစ်ဆက်တည်းမှာပင် ၁၁၇ ကောင်မြောက် အင်မော်တယ်နဂါးက အင်မော်တယ်တံခါး၏ အပြင်တွင် ပေါ်လာသည်။
ထိုမျှသာမက ဤအင်မော်တယ်နဂါးသည် ပါရာဂွန်တစ်ဦး၏ အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ဤသည်ကား ပါရာဂွန်အင်မော်တယ်နဂါးမှတစ်ပါး အခြားမဟုတ်ပေ။
အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့တွင် အဘိုးကြီးလေးယောက်သည် ထူးဆန်းသော မျက်လုံးများဖြင့် ကြည့်နေကြ၏။ သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးနောက်တွင် မျှော်လင့်ချက်များဖြင့် ပြုံးလိုက်ကြလေသည်။
"အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့ရဲ့ စွမ်းအားကို ထုတ်လွှတ်လိုက်။ တာအိုဆရာအဖွဲ့ကျင့်ကြံသူတွေရဲ့ စိတ်ဆန္ဒကို ပေါင်းစည်းပြီး ရှေးဟောင်းတာအိုဆရာအဖွဲ့ အင်မော်တယ်နတ်မင်းကို ဆင့်ခေါ်ကြစို့"
"အကြောတစ်ကြော အပ်နှင်းစေ"
အဘိုးကြီးလေးယောက်က ချက်ချင်း မုဒြာလက်ကွက်များ ဖော်လိုက်ကြသည်။ အစွမ်းထက်ချီစီးကြောင်းလေးကြောင်းသည် မယုံကြည်နိုင်ဖွယ်ကောင်းစွာ ထစ်ချုန်းမြည်ဟည်းရင်း ကြယ်တာရာကောင်းကင်ထဲသို့ ထွက်သွား၏။ တစ်ချိန်တည်းမှာပင် ကမ္ဘာဦးစိတ်ဆန္ဒက ဂိုဏ်းထဲရှိ အဆောက်အဦအားလုံးမှ ထွက်ပေါ်လာသည်။
အက်ကွဲသံများ ကြားလိုက်ရပြီး အဘိုးကြီးလေးယောက်၏အောက်ရှိ မြေကြီးက ကွဲထွက်သွားကာ ပါးစပ် 口 ဆိုသော စာလုံးကို ဖန်တီးလိုက်သည်။
တာအိုဆရာအဖွဲ့ရှိ ကျင့်ကြံသူအားလုံးမှာ နားထဲ၌ စကားပြောနေသောအသံများကို ကြားလိုက်ရ၏။ သူတို့သည် တင်ပျဉ်ခွေထိုင်ပြီး တာအိုကျမ်းစာများကို ရွတ်ဖတ်လိုက်ကြသည်။ အသံများက အရပ်လေးမျက်နှာသို့ ပဲ့တင်ထပ်သွား၏။
ဧရာမလေးထောင့်ဒယ်အိုးကြီးတစ်လုံးက ကောင်းကင်သို့ ပျံတက်သွားသဖြင့် မြေပြင်မှာ တသိမ့်သိမ့် တုန်ခါနေသည်။ ဒယ်အိုးကြီး၏အထဲတွင် နှစ်ပေါင်းမရမတွက်နိုင်အောင် တည်ရှိခဲ့သည့်အလား အိုမင်း၍ ဝါကျင့်ကျင့် အရောင်သမ်းနေသော ပန်းချီကားလိပ်တစ်ချပ်ရှိ၏။ ပန်းချီကားက လူသုံးယောက်ကို ဖော်ပြနေသည်။
အမျိုးသမီးတစ်ဦး၊ သက်လတ်ပိုင်းလူတစ်ဦးနှင့် အဘိုးအိုတစ်ဦးပင်။
အမျိုးသမီးသည် ပန်းပွင့်လေးသဖွယ် ပြုံးလျက် လက်ဖျားခါလောက်အောင် လှပ၏။ သက်လတ်ပိုင်းလူက ခပ်ရေးရေး ပြုံးနေပြီး စွမ်းအားတို့ကို ထုတ်ဖော်ထားသည်။ သူ့မျက်လုံး၏ အလင်းရောင်ထဲတွင် သက်ရှိသတ္တဝါအားလုံး ပါရှိနေသည့်အလားပင်။ အဘိုးအိုမှာမူ တန်ခိုးရှင်တစ်ဦးပမာ ဖြောင့်မတ်တည်ကြည်နေသော်လည်း မာနကြီး၍ မျက်မှောင်ကြုတ်နေ၏။ သူ၏ မျက်ခုံးနှစ်ဖက်ကို အနီးကပ်ကြည့်ပါလျှင် တွန့်နေသော အတွန့်အခေါက်များက အင်မော်တယ်ဆိုသော စကားလုံးကို ဖော်ဆောင်ထားကြောင်း သတိပြုမိပေလိမ့်သည်။
မန်ဟိုသာ ရှိလျှင် သူ့မှာ ချာချာလည်မူးလျက် တုန်လှုပ်သွားပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ပန်းချီကားထဲရှိ အမျိုးသမီးမှာ အင်မော်တယ်အပျက်အစီးများနယ်က အဖြူရောင်၀တ်ရုံနှင့် ပါရာဂွန်မှတစ်ပါး အခြားမဟုတ်၍ပင်။
နူးညံ့သော အလင်းရောင်က ပန်းချီကားထဲမှ ဖြာထွက်လာကာ တစ်နေရာလုံးတွင် ပြည့်နှက်သွားသည်။ အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့၏ ကောင်းကင်မှာ ပုံရိပ်ယောင်လောကတစ်ခုအသွင် ပြောင်းသွားသည်။
ထိုကမ္ဘာလောကအတွင်းတွင် မရေမတွက်နိုင်သော ဖြစ်တည်မှုများသည် သူတို့၏ ရှေ့၌ တင်ပျဉ်ခွေထိုင်နေသော အဘိုးအိုမှ ဟောကြားနေသော တာအိုတရားဒေဿနာကို နားထောင်ရင်း တင်ပျဉ်ခွေလျက် တရားထိုင်နေကြသည်။
ထိုအဘိုးကြီးသည် ပန်းချီကားလိပ်ထဲတွင် ဖော်ပြထားသော အဘိုးကြီးပင်ဖြစ်သည်။ သူက လက်ကိုဝှေ့ယမ်းလိုက်ရာ ဧရာမအင်မော်တယ်စကားလုံးအား ပေါ်လာစေသည်။
ဤစကားလုံးမှ ထုတ်လွှတ်နေသာ စွမ်းအားကို ဖော်ပြရန်မှာ မဖြစ်နိုင်သော်လည်း မိုးနှင့်မြေအားလုံးကို ဖိနှိပ်ချုပ်ချယ်နိုင်သည်ကတော့ သေချာ၏။
ထိုစကားလုံးသည် တလက်လက် တောက်ပနေပြီးနောက် ကြယ်တာရာကောင်းကင်ထဲကို ရုတ်တရက် ထွက်သွားကာ အရှေ့အောင်ပွဲဂြိုလ်နှင့် မန်ဟို့ထံ ဦးတည်သွားသော အလင်းတန်းတစ်တန်းအသွင် ပြောင်းသွားတော့သည်။
***