မွေးစားအဖေမှ အကြောတစ်ကြောပို့လွှတ်ခြင်း
Vol. 71 Ch. 980
ရှေးဆန်သောအသံကြီးက မန်ဟို့၏စိတ်ထဲတွင် မိုးခြိမ်းသံကြီးသဖွယ် ပဲ့တင်ထပ်သွားသည်။ အသံသည် မန်ဟို၏ မှတ်ဉာဏ်များကို ထိုးမွှေနှောက်သွားသော ပဲ့တင်သံများသဖွယ် တဖြည်းဖြည်း ပြောင်းသွား၏။
မန်ဟိုသည် တောင်ကောင်းကင်ဂြိုလ်ပေါ်က အဖြစ်အပျက်များကို ပြန်မြင်ယောင်မိလိုက်သည်။ ထိုနှစ်က သူ့မှာ ကျိုးပြည်၏ တန်မျှော်စင်တွင် ရပ်နေခဲ့ပြီး တိမ်တိုက်များအတွင်းရှိ ထူးဆန်းသော စစ်မြေပြင်ကြီးကို မော့ကြည့်နေခဲ့လေသည်။ ထိုစစ်မြေပြင်ပေါ်တွင် ဧရာမခေါင်းတလားကြီးတစ်ခုရှိသည်။ ခေါင်းတလားကြီး၏ ဘေးရှိ အလောင်းက ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်၏။
ထို့နောက် အလောင်းက မြေကြီးထံသို့ ထိုးကျလာသည်။ ထို့နောက်တွင် ဇီယွင်ဂိုဏ်း၏ နတ်မီးလျှံစမ်းသပ်ပွဲပြီးနောက်တွင် သူ ထိုအလောင်းထဲသို့ ဝင်ရောက်ခဲ့ရသည်။ ဤမြင်ကွင်းအားလုံးက မန်ဟို၏စိတ်ထဲတွင် ဖြတ်ပြေးသွား၏။
အဆုံးသတ်တွင် သူ့စိတ်ထဲရှိ ထစ်ချုန်းသံကြီးသည် နာမည်တစ်ခုအဖြစ် ပေါင်းစည်းထားသော စာလုံးသုံးလုံးအသွင် ပေါင်းစည်းသွား၏။
"ချုံမန်းတိုင်" မန်ဟို မော့ကြည့်လိုက်ပြီး ရင်တဒိန်းဒိန်း ခုန်နေစဉ် န၀မတောင်၏ အပြင်ဘက်မှ အလင်းတန်းတစ်တန်းက သူ့ထံ ထိုးဆင်းလာ၏။ အံ့ဩဖွယ်ကောင်းစွာနှင့် ၎င်းကား သတ္တမတောင်မှ လာလေသည်။
၎င်းသည် သတ္တမတောင်ကို လှည့်ပတ်၍ အဋ္ဌမတောင်ကို ဖြတ်သန်းပြီးနောက် မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် မရေမတွက်နိုင်သော ကျင့်ကြံသူများကို ကျော်လွှားပြီး န၀မတောင်တွင် ပေါ်လာခဲ့လေပြီ။
လက်ရှိအချိန်တွင် န၀မတောင်ပင်လယ်ထက်ရှိ ကြယ်တာရာကောင်းကင်မှာ လှိုင်းပမာ မို့မောက်လှုပ်ရှားလာ၏။ ဂိုဏ်းအမျိုးမျိုးနှင့် မျိုးနွယ်စုအသီးသီးမှ တာအိုနယ်ပယ်ခေါင်းဆောင်ကြီးများသည် တစ်ခါမှ မလေးနက်စဖူး လေးနက်နေသော အမူအရာများဖြင့် အလင်းတန်းကို စောင့်ကြည့်ရင်း လေလယ်တွင် ပျံဝဲနေကြသည်။
န၀မတောင်ပေါ်ရှိ ကျီမျိုးနွယ်စုထဲတွင် န၀မတောင်ပင်လယ်လောကတစ်ခွင်လုံးကို ကြည့်ရှုနိုင်ပုံရသော မျက်လုံးတစ်လုံးက ပေါ်လာပြီး လာနေသော အလင်းတန်းကို စိုက်ကြည့်နေသည်။
အလင်းတန်းက ဥက္ကာခဲကြီးသဖွယ် အရှေ့အောင်ပွဲဂြိုလ်နှင့် မန်ဟို့ထံသို့ တိုက်ရိုက်ဦးတည်သွား၏။
ကြယ်စင်တာရာများ လှုပ်ရှားသွားပြီး ဝေနေယျသက်ရှိသတ္တဝါအားလုံး အံ့အားသင့်သွားကြသည်။
"အနည်းဆုံး အနှစ်သာရ (၄) ခု တာအိုသခင်တစ်ဦးရဲ့ ကျင့်ကြံခြင်းအခြေခံဖြစ်လောက်တယ်"
"အနှစ်သာရ (၃) ခု တာအိုသခင်ထက် မြင့်မားတဲ့ ကျင့်ကြံခြင်းအခြေခံမျိုးပဲ ကောင်းကင်နှင့်မြေကြီးကို အခုလိုမျိုး အံ့ဩတုန်လှုပ်စေနိုင်တယ်။ အဲ့တာက သတ္တမတောင်က လာနေတာပဲ"
"တောင်ပင်လယ်လောကကိုးခုမှာ တာအိုသခင်နည်းနည်းပါးပါးပဲ ရှိတာ။ ဒီလူက ဘယ်သူလဲ။ အရှိန်အဝါက မရင်းနှီးလိုက်တာ" န၀မတောင်ပင်လယ်၏ တာအိုနယ်ပယ်ခေါင်းဆောင်ကြီးများကား မျက်လုံးများ ပြူးလျက် ကြည့်နေကြလေသည်။
အလင်းတန်းက ကောင်းကင်ကို ခွင်း၍ မန်ဟို၏အရှေ့တွင် ပေါ်လာပြီးနောက် သူ့ရင်ဘတ်ကို ၀င်တိုက်လိုက်သဖြင့် တဂျိန်းဂျိန်း ထစ်ချုန်းသံများအား ပဲ့တင်ထပ်သွားစေသည်။
ချက်ချင်းပင် ၎င်းက သူနှင့် တစ်သားတည်းဖြစ်သွား၏။
အလွန်ကျယ်လောင်သော ထစ်ချုန်းသံကြီးက သူ့ကိုယ်ထဲတွင် ပြည့်နှက်သွားပြီး သူက လက်နှစ်ဖက်ကို ဘေးနှစ်ဖက်သို့ ဖြန့်ကားလိုက်သည်။ သူသည် ဆံပင်များ အကြမ်းပတမ်း ပျံ့လွင့်လျက် ခေါင်းနောက်လှန်၍ မာန်သွင်းဟိန်းဟောက်လိုက်၏။ သူ၏ ဟိန်းဟောက်သံကြီး ထိန်းမနိုင်သိမ်းမရအောင် ပဲ့တင်ထပ်သွားစဉ် ချီသည် သူ့ခန္ဓာကိုယ်တစ်ကိုယ်လုံး၌ ပြည့်နှက်သွားရင်း သူ၏ လည်မျိုမှ ထွက်သွားချင်သည့်အလားပင်။
ထိုအလင်းတန်းသည် ကမ္ဘာသေးသေးလေးတစ်ခု၏ ကြယ်တာရာကောင်းကင်မှ ပုံဆောင်ဖြစ်ပေါ်လာခဲ့ဟန်တူသည်။ ၎င်းကား ကြယ်တာရာကောင်းကင် အကြောတစ်ကြောဖြစ်၏။
၎င်းသည် အင်မော်တယ်အကြောအသွင်ပြောင်းပြီး မန်ဟိုနှင့် လျင်မြန်စွာ ပေါင်းစည်းသွားလေပြီ။ ၎င်းက မန်ဟို၏ အရှိန်အဝါကို နောက်တစ်ဖန် အဆင့်တက်သွားစေသော နက္ခတ်တာရာသဖွယ် အနန္တကြယ်အလင်းရောင်တို့ဖြင့် ပြည့်နှက်နေ၏။ မန်ဟို၏ အရှိန်အဝါသည် ဝိညာဉ်မီးအိမ်တစ်လုံး ငြှိမ်းထားပြီးသော ရှေးဟောင်းနယ်ပယ်ပညာရှင်ကိုပင် အလန့်တကြားဖြစ်သွားစေသော အတိုင်းအတာသို့ လျင်မြန်စွာ ရောက်ရှိသွား၏။
အလင်းတန်း တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားပြီး စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်သော နာကျင်မှုက သူ့ကို နှိပ်စက်သွားသည်။ ကြယ်တာရာကောင်းကင်အကြောသည် ပကတိမျက်စိဖြင့် မြင်ရသည့်တိုင်အောင် လျင်မြန်စွာ အစိုင်အခဲဖြစ်သွားလေပြီ။
၎င်းက မည်သည့်အတားအဆီးကိုမျှ မကြုံတွေ့ရဘဲ အလိုအလျောက် ပွင့်သွား၏။ အင်မော်တယ်တံခါးမှာ တုန်ခါသွားပြီး အင်မော်တယ်ချီတို့က ထောက်ပံ့ပေးရန် စီးမျောထွက်လာသည်။ အမွှေးတိုင်တစ်တိုင်ထွန်းစာ ကြာသောအခါ မန်ဟိုက မျက်လုံးများ ဖွင့်လိုက်၏။
ဂျလိန်း ဂျလိန်း
အကြော (၁၂၀) ပေါ်လာခဲ့လေပြီ။
အကြောပေါ်လာသော အခိုက်အတန့်တွင် အင်မော်တယ်နဂါးနောက်တစ်ကောင်က လေတွင် ပျံဝဲလျက် ပေါ်လာခဲ့၏။
(၁၂၀) မြောက် အင်မော်တယ်အကြောကား ကြယ်တာရာနဂါးတစ်ကောင်ဖြစ်သည်။ နဂါး၏ခန္ဓာကိုယ်ကား ကြယ်တာရာအလင်းရောင်မှ ဖြစ်ပေါ်လာခဲ့သယောင်ရှိပြီး ၎င်းပေါ်လာသောအခါ ၎င်းသည် ကြယ်တာရာကောင်းကင်နှင့် တစ်သားတည်း ဖြစ်သွားနိုင်သည့်အလားပင်။ ၎င်း အခြားနဂါးများနှင့်အတူ ဟိန်းဟောက်လိုက်စဉ် ကြောက်မက်ဖွယ်ရာ ဖိအားက ဖြာထွက်လာ၏။
တောင်ကောင်းကင်ဂြိုလ်တစ်ဂြိုလ်လုံး တုန်လှုပ်နေပြီး န၀မတောင်ပင်လယ်လည်း ထိုနည်းတူပင်။လူတစ်ဦးတစ်ယောက်ချင်းစီသည် မန်ဟို့အပေါ်တွင် မမှိတ်မသုန် အာရုံစိုက်လျက်ရှိ၏။
"အဲ့ဒီလို ကံတရားမျိုး ... ကြားတောင်မကြားဖူးဘူး"
" ဒီတောင်ပင်လယ်လောကရဲ့ အပြင်က သူ့ကို ကြယ်တာရာကောင်းကင်အကြောနဲ့ ကောင်းချီးပေးခဲ့တယ်။ အဲ့ဒီကလေးရရှိသွားတဲ့ အဲ့ဒီလိုကံကြမ္မာကောင်းမျိုးကို ငါ တစ်ယောက်၊ နှစ်ယောက်ဆီမှာပဲ မြင်ခဲ့ဖူးတယ်"
"အကြော ၁၀၀ က သူ့ရဲ့မိုင်ကုန်လို့ ထင်ခဲ့ပေမယ့် သူက အကြော ၁၀၈ ကြော ဖွင့်ခဲ့တယ်။ အဲ့အချိန်မှာ သူ ပြီးသွားပြီလို့ ငါ ထင်ခဲ့ပေမယ့် သူက ၁၁၇ ကြော ထပ်ဖွင့်လိုက်ပြန်တယ်"
"သူ ၁၁၇ ကြောထက်မပိုနိုင်ဘူးလို့ တွေးနေတဲ့အချိန်မှာပဲ သူ့ရဲ့ ကံတရားက ပေါ်ထွက်လာပြီး အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့နဲ့ ဖန်မျိုးနွယ်စုက သူ့ကို အကြောနှစ်ကြောပေးခဲ့တယ်။ ဒီတောင်ပင်လယ်လောကရဲ့အပြင်က ပါရာဂွန်တစ်ယောက်ကရောပဲ"
ဂိုဏ်းအမျိုးမျိုးနှင့် မျိုးနွယ်စုအသီးသီးမှ ခေါင်းဆောင်ကြီးများမှာ ဘာမှမပြောသော်လည်း စိတ်ကို တည်ငြိမ်အောင် ထိန်းမထားနိုင်တော့ပေ။ သူတို့သည် ဂျူနီယာမျိုးဆက်တစ်ဦး၏ အင်မော်တယ်အကြောဖွင့်ခြင်းက သူတို့ကို ဤမျှ တုန်လှုပ်သွားစေလိမ့်မည်ဟု တစ်ခါမှ တွေးမထားခဲ့ပေ။
န၀မတောင်ပေါ်ရှိ ကျီမျိုးနွယ်စုလည်း တိတ်ဆိတ်နေသည်။ န၀မတောင်ပင်လယ်ကို ကြည့်ရှုနိုင်ပုံရသော မျက်လုံးကြီးက ဘယ်တုန်းကမှ မပေါ်လာခဲ့ဘူးသည့်အလား ပျောက်ကွယ်သွား၏။
ရွေးချယ်ခံများက ထိုမြင်ကွင်းကို ကြောင်၍ ကြည့်နေသည်။ သူတို့သည် မန်ဟို အကြော (၁၂၀) အား အောင်မြင်စွာ ဖွင့်နိုင်သွားကြောင်း မြင်သောအခါ အစွမ်းအစမဲ့သော ခံစားချက်က သူတို့ကို စိုးမိုးသွား၏။
သူတို့နှင့် မန်ဟိုကြား အကွာအဝေးမှာ ကြီးမားသထက်သာ ကြီးမားလာခဲ့လေပြီ။
မန်ဟို၏ မိဘနှစ်ပါးသည် တောင်ကောင်းကင်ဂြိုလ်ပေါ်ရှိ တန်မျှော်စင်ထဲတွင် စိတ်လှုပ်ရှားစွာ ရပ်နေကြသည်။ အရှေ့အောင်ပွဲဂြိုလ်ပေါ်တွင် အင်မော်တယ်အကြောများ ဖွင့်နေသော မန်ဟို၏ ပုံရိပ်ကို ကြည့်ရင်း ဂုဏ်ယူမှုတို့က သူတို့၏ မျက်၀န်းများတွင် တောက်ပနေ၏။
"ဟိုအာ" မန်လီက ရေရွတ်တိုက်သည်။ သူမသည် သူမ၏သား ထွန်းတောက်ကျော်ကြားလာသည်ကို ကြည့်ရင်း ၀မ်းသာအားရ ဖြစ်နေသည့်အပြင် သူမ၏မျက်လုံးများက နူးညံ့သော နွေးထွေးမှုတို့ဖြင့် တောက်ပနေ၏။
သူမ၏ဘေးရှိ ဖန်ရှုံ့ရှန်း၏ အမူအရာမှာလည်း ထိုနည်းတူ ဖြစ်သော်ငြား သူ၏နှလုံးသားမှာတော့ ဂုဏ်ယူခြင်းမာနတို့ဖြင့် တဒိန်းဒိန်း ခုန်နေလေသည်။ သူသည် မန်ဟို ဤကဲ့သို့ လုပ်နေရသည့် တစ်ခုတည်းသော အကြောင်းအရင်းက သူတို့အတွက်ဖြစ်ကြောင်း သိ၏။
မန်ဟိုသည် ယခုဖြစ်စေ၊ နောင်ဖြစ်စေ သူသာလျှင် ဖန်မျိုးနွယ်စု၏ နံပါတ်တစ် ရွေးချယ်ခံဖြစ်ပြီး အမြဲတမ်းဖြစ်နေမည်ဟု ဖန်မျိုးနွယ်စုရှိ လူတိုင်းကို သက်သေပြချင်လေသည်။ သူက သူ့အဖေနှင့်အမေ မည်မျှဝေးကွာသောနေရာသို့ ရောက်နေပါစေ သူတို့က မျိုးနွယ်စု၏ လေးစားမှုကို ခံယူထိုက်သေးသောလူများဖြစ်ကြောင်းကိုလည်း သက်သေပြချင်သေး၏။
အကြော (၁၂၀) က န၀မတောင်နှင့်ပင်လယ်ကို လုံးလုံးလျားလျား တုန်လှုပ်သွားစေသည်။
ဤအခိုက်အတန့်တွင် စတုတ္ထတောင်ပင်လယ်ရှိ လျှို့ဝှက်ဆန်းကြယ်သော မြေအောက်ကမ္ဘာလောက၏ မြူများထဲတွင် ဧရာမရုပ်တုကြီးသည် မျက်လုံးများကို ဖွင့်လိုက်၏။
ချက်ချင်းပင် မြေအောက်လောကတစ်ခုလုံး တိတ်ဆိတ်သွား၏။ စတုတ္ထတောင်တစ်တောင်လုံးတွင် အချိန်မှာ ရပ်တန့်သွားသယောင်ရှိပြီး အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
မရဏသင်္ချိုင်းမြစ်ဝါမြစ်နှင့် ဘ၀ပြန်၀င်စားခြင်းမြစ်ထဲတွင် ပြန်လည်မွေးဖွားနေသော ဝိညာဉ်များအားလုံး ရွေ့လျားနေခြင်း ရပ်တန့်သွားကြသည်။
ထိုရုပ်တုကြီးသာ စတုတ္ထတောင်ပေါ်တွင် တည်ရှိတော့သည့်အလားပင်။ ၎င်း န၀မတောင်ရှိရာသို့ လှမ်းကြည့်လိုက်စဥ် နက်နဲသိမ်မွေ့သော အလင်းရောင်တစ်စက ၎င်း၏ မျက်လုံးများထဲတွင် ပေါ်လာသည်။ အချိန်အကြာကြီးကြာသော် ရုပ်တုက ညာလက်ကို မြှောက်လိုက်ပြီး နိမိတ်ဖတ်သည့်အလား မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်သည်။ အတန်ကြာသော် သက်ပြင်းချသံတစ်သံကို ကြားလိုက်ရ၏။
"ငါ သူ့အနာဂတ်ကို မမြင်ရဘူး...
"ငါ့တာအိုကို စတင်ခိုင်မာစေခဲ့တဲ့ အခိုက်အတန့်ကနေ ဒီနေ့ထက်ထိ ဒီတစ်ယောက်က ငါအနာဂတ်ကို မမြင်နိုင်ခဲ့တဲ့ သုံးယောက်မြောက်လူပဲ။ ဒါပေမယ့် သူ့ရဲ့အတိတ်ကိုတော့ ငါ မြင်နိုင်တယ်...
"ငါ ကောင်းမွန်တဲ့ ကံတရားတစ်ချို့ ဖန်တီးရမယ်။ အဲဒီနောက် ငါ သူနဲ့ တွေ့နိုင်ပြီ" ဤစကားလုံးများကို ရေရွတ်ပြီးနောက် ရုပ်တုကြီးက ညာလက်ကို ဆန့်တန်းလိုက်ရာ ဓမ္မအမိန့်တစ်ခုအား ပေါ်လာစေသည်။
ဤဓမ္မအမိန့်သည် အဆင့်မြင့်စိတ်ဆန္ဒတစ်ခုကို ထုတ်လွှတ်နေပြီး ၎င်းက ပုံရိပ်ယောင်ဖြစ်ပုံပေါ်သော်လည်း ဤသည်မှာ စတုတ္ထတောင်ပင်လယ်တွင် ထုတ်ပြန်နိုင်သည့် အမြင့်ဆုံး ဓမ္မအမိန့်ဖြစ်လေသည်။
ဓမ္မအမိန့်ပေါ်တွင် မြင်ရသည်မှာတော့ စာလုံးအကြီးများဖြင့် ရေးထားသော စာတန်းတစ်တန်းဖြစ်သည်။
"န၀မတောင်ပင်လယ်က ပြန်လည်မွေးဖွားလာတဲ့ ဝိညာဉ်တွေကြားထဲမှာ ရှုမျိုးရိုးနဲ့ အမျိုးသမီးတစ်ဦးရှိတယ်။ သူ့ကို စောင့်ရှောက်ဖို့ သရဲတစ်သောင်းလွှတ်လိုက်။ သူ့ကို ပထမတန်းစား ကံကြမ္မာကောင်းချီးမြှင့်ပြီး ဘ၀ကို အေးချမ်းပျော်ရွှင်စွာ နေထိုင်စေ"
ဤဓမ္မအမိန့်သည် အနန္တအလင်းရောင်ဖြင့် တောက်ပပြီးနောက် တစတစ ပျောက်ကွယ်သွားသည်။ ရုပ်တုကြီးက မျက်လုံးများပိတ်လိုက်ပြီး ထိုအခိုက်အတန့်တွင် စတုတ္ထတောင်ပင်လယ်သည် ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။
ထိုရုပ်တုကြီးကား စတုတ္ထတောင်ပင်လယ်၏ သခင် ခိတိဂဗ္ဗမှတစ်ပါး အခြားဟုတ်ပေ။
မန်ဟိုသည် လျှို့ဝှက်ဆန်းကြယ်သော အဘိုးကြီးနှင့်အတူ ကြယ်တာရာကောင်းကင်တွင် ခရီးနှင်ခဲ့စဉ်တုန်းက သူပင်လျှင် ခိတိဂဗ္ဗကို အလွန်အလေးအနက် ထားခဲ့လေသည်။
မန်ဟိုမှာ သူ အစစ်အမှန်အင်မော်တယ်အဖြစ်သို့ တက်လှမ်းသော အခိုက်အတန့်တွင် ထိုမျှ အုတ်အော်သောင်းနင်း ဖြစ်စေခဲ့မည်ဟု တစ်ခါမှ ထင်မထားခဲ့ပေ။ ကြည့်ရသရွေ့ သူ၏ အင်မော်တယ်တံခါးဖွင့်ခြင်းမှာ ရေခဲတောင်ထိပ်၏ ထိပ်ပိုင်းမျှသာ ဖြစ်သည့်အလားပင်။ သူ တစ်ဘ၀လုံးတွင် စုဆောင်းခဲ့သော ကံတရားအားလုံးက ဤအခ်ိုက်အတန့်ကို စောင့်ဆိုင်းနေခဲ့သည့်အလား ရွှေရောင်အခွင့်အရေးတစ်ခုအဖြစ် အတူတကွ ပေါင်းစည်းသွားခဲ့လေသည်။
ချုံမန်းတိုင်၊ ရှင်သန်ခြင်းနှင်းပန်း၊ သွေးမိစ္ဆာဂိုဏ်းချုပ်၊ အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့။ တစ်ဦးတစ်ယောက်ချင်းစီသည် မန်ဟို အင်မော်တယ်အကြော ဖော်ဆောင်သောအခါ ပေါ်လာခဲ့၏။
မန်ဟိုက အင်မော်တယ်တံခါး၏အပြင်တွင် ပျံဝဲနေပြီး သူ၏ မျက်လုံးများက တလက်လက် တောက်ပနေသည်။ သူသည် သူ၏ အင်မော်တယ်အကြော (၁၂၀) ကြော၏ အကန့်အသတ်မဲ့သော စွမ်းအားကို ခံစားနေရ၏။ အင်မော်တယ်နဂါး အကောင် (၁၂၀) ဟိန်းဟောက်နေသည်ကို မြင်ရပြီး သူ၏ ကိုယ်ပိုင်ခွန်အားကိုလည်း အာရုံရနေလေသည်။
သူက ခေါင်းကို ဖြည်းညင်းစွာ ညိတ်ပြီးနောက် လက်ယှက်၍ ကြယ်တာရာကောင်းကင်အား အရိုအသေပေးလိုက်သည်။
ထိုအရိုအသေပေးခြင်းက သူ့ကို ကူညီခဲ့သော လူတိုင်းကို ကျေးဇူးတင်သည့်အရိုအသေ၊ သူ ကြုံတွေ့ခဲ့ရသည့် ကံတရားအားလုံးနှင့် ကံကြမ္မာကောင်းအားလုံးအပေါ် ကျေးဇူးတင်မှုဖြစ်သည်။
န၀မတောင်ပင်လယ်ရှိ ကျင့်ကြံသူအားလုံးက မန်ဟိုအရိုအသေပေးနေသည်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေကြ၏။ သူတို့တစ်ယောက်မှ မန်ဟို၏ အင်မော်တယ်တံခါးဖွင့်ခြင်းက ဤသို့ အဆုံးသတ်သွားလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
လူတိုင်း စောင့်ကြည့်နေစဉ် အဖြစ်အပျက်က ယခုလို ပြီးဆုံးတော့မည့်အလား ထင်ရသည်။
အင်မော်တယ်တံခါးက နောက်တစ်ဖန် ဝေဝါးလာပြီး အင်မော်တယ်အလင်းရောင်တို့ ပျောက်ကွယ်လာကာ အင်မော်တယ်ချီတို့ လွင့်ပျယ်လာ၏။
သို့သော် လူတိုင်းမှာ မန်ဟို အင်မော်တယ်အကြောများ ထပ်ဖွင့်ဦးမည်ဟု ခံစားနေရဆဲဖြစ်သည်။
အချိန်များ ကုန်လွန်သွား၏။ အင်မော်တယ်တံခါး အပြီးတိုင် ပျောက်ကွယ်သွားခါနီးခုလတ်တွင် ထိုခံစားချက်မှာလည်း ပျောက်ကွယ်သွားပြီး နောက်ဆုံးတွင် လူများ သက်ပြင်းချလိုက်ကြသည်။
"နောက်ဆုံးတော့ ပြီးဆုံးသွားပြီ"
"အကြော ၁၂၀ ဆိုတာ တစ်ခါမှ ကြားတောင်မကြားဖူးဘူး"
"ငါ့ရဲ့သက်တမ်းတစ်လျှောက်လုံးမှာ ဒါက ငါမြင်ခဲ့ဖူးတဲ့ အစွမ်းထက်ဆုံး အင်မော်တယ်ကံတရားပဲ"
အရှေ့အောင်ပွဲဂ်ြိုလ်တွင် ဖန်ဝေသည် အံတင်းတင်းကြိတ်ထား၏။ ရုတ်တရက် သူက ဝုန်းခနဲ ပျံတက်လိုက်သည်။ သူ ကောင်းကင်သို့ ပျံတက်သွားသည်ကို ဖန်မျိုးနွယ်၀င်များက အထိတ်တလန့် ကြည့်လိုက်ကြသည်။
"ဖန်ဟို ငါတို့ တိုက်ခိုက်ဖို့ အချိန်ကျပြီ" ဖန်ဝေ၏ အသံက အက်ကွဲကွဲ ဩရှရှဖြင့် အရပ်လေးမျက်နှာသို့ ပဲ့တင်ထပ်သွားသည်။ သူ၏ ကျင့်ကြံခြင်းအခြေခံသည် သက်၀င်လှုပ်ရှားလာ၏။ သူ့တွင် တိုက်ခိုက်ရန်မှတစ်ပါး ရွေးချယ်စရာမရှိပေ။ မန်ဟို မည်မျှပင် အစွမ်းထက်လာခဲ့ပါစေ သူက တိုက်ခိုက်ဦးမည်ဖြစ်သည်။ သူသည် န၀မတောင်ပင်လယ်ရှိ စောင့်ကြည့်နေသူအားလုံး၏ ရှေ့မှောက်တွင် တိုက်ခိုက်မည်ဖြစ်သည်။ သူက အားလုံး၏ရှေ့တွင် မန်ဟို့ကို အနိုင်ယူမည်။ သတ်ပစ်မည်ဖြစ်သည်။
ထိုအရာကသာ သူ့ကို မန်ဟို၏ အရိပ်အောက်မှ ထွက်နိုင်စေမည့် တစ်ခုတည်းသော နည်းလမ်းပင်။
ထိုအခိုက်အတန့်တွင် အစစ်အမှန်အင်မော်တယ်ရွေးချယ်ခံအားလုံး၏ မျက်နှာများတွင် တိုက်ခိုက်လိုစိတ်တို့ ဖြတ်ပြေးသွားကြသည်။ သူတို့သည် ဖန်ဝေနည်းတူ တွေးနေကြ၏။ သူတို့အနေဖြင့် နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ တိုက်ခိုက်ရပေမည်။ တိုက်ခိုက်လိုစိတ်ကို ဆုံးရှုံးရလျှင်တော့ မန်ဟိုနှင့် ရင်ဘောင်တန်း ရပ်နိုင်မည့်အခွင့်အရေး ထပ်ရှိလာတော့မည်မဟုတ်ပေ။
တိုက်ခိုက်လိုစိတ်များ မြင့်တက်လာကြစဉ် ထိုရွေးချယ်ခံများ၏ ခေါင်းဆောင်ကြီးများက လက်များကို ဝှေ့ရမ်းလိုက်ကာ နေရာရွေ့ပြောင်းခြင်းမုခ်ဝများကို ပေါ်လာစေ၏။
ရွေးချယ်ခံအားလုံးသည် ထိုမုခ်ဝများသို့ ၀င်ရောက်ပြီး အရှေ့အောင်ပွဲဂြိုလ်ပေါ်သို့ သွားမည်ဖြစ်သည်။
သို့သော် သူတို့ အံတင်းတင်းကြိတ်၍ နေရာရွှေ့ပြောင်းခြင်း၀င်ပေါက်ထဲသို့ ၀င်ရန် ပြင်နေသည့်အချိန်မှာပင်၊ ဖန်ဝေ၏အသံ ကြယ်တာရာကောင်းကင်ထက်သို့ ပဲ့တင်ထပ်လာသည့်အချိန်မှာပင်၊ အင်မော်တယ်တံခါး ပျောက်ကွယ်တော့မည့်အချိန်မှာပင်....
ရုတ်တရက် ကြယ်စင်တာရာများအကြားမှ ထွက်လာသော သက်ပြင်းချသံတစ်သံကို ကြားလိုက်ရသည်။ သက်ပြင်းချသံသည် အရှေ့အောင်ပွဲဂြိုလ်ထက်ရှိ ကောင်းကင်တွင် ပြည့်နှက်သွားပြီး မန်ဟို၏နားထဲသို့ ၀င်ရောက်လာသောအခါ မန်ဟို့တစ်ကိုယ်လုံး တုန်ရီသွားပြီး မော့ကြည့်လိုက်၏။
"ညီလေး။ အစ်ကိုကြီး အဖေ့နေရာကနေပြီးတော့ မင်းကို အကြောတစ်ကြောပေးမယ်" အသံက နူးညံ့ပြီး ရှေးဆန်သည်။ ထို့အပြင် ၎င်း ပဲ့တင်ထပ်လာသောအခါ န၀မတောင်ပေါ်ရှိ ကျီမျိုးနွယ်စုမှ အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာ၏။ ကြည့်ရသရွေ့ ထိုနေရာရှိ လူတစ်ယောက်သည် ထိုအသံ မည်သည့်နေရာက လာသလဲသိပြီး ၎င်းက သူတို့အား အလွန်အမင်း အံ့အားသင့်သွားစေပုံပေါ်သည်။