ပုံရိပ်ယောင် ဝိညာဉ်မီးအိမ်များ
Vol. 71 Ch. 981
အသံသည် ရှေးဟောင်းမိစ္ဆာအင်မော်တယ်ဂိုဏ်းမှ လာ၏။
၎င်းသည် နဝမတောင်ပင်လယ်၏ ကြယ်တာရာကောင်းကင်ထဲရှိ လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်နေရာ၊ နှစ်အပိုင်းအခြားကြာမှ ဖွင့်တတ်သော နေရာတစ်နေရာဖြစ်သည်။ ၎င်းက အင်မော်တယ်အပျက်အစီးများနယ်၏ တစ်စိတ်တစ်ပိုင်းမဟုတ်သလို၊ ထိုအပျက်အစီးများကဲ့သို့ မဆန်းပြားသော်လည်း ရာဇဝင်များကြောင့် နဝမတောင်ပင်လယ်၌ တားမြစ်နေရာတစ်နေရာ ဖြစ်လာခဲ့၏။
၎င်းမှာ မူလတုန်းက သခင်လီ ဖန်ဆင်းခဲ့သောနေရာ၊ ကျီနှင့်ဖန်မျိုးနွယ်စုများ နေထိုင်၍ စည်ပင်တိုးတက်လာခဲ့သော နေရာဖြစ်သည်။ ၎င်းကား ခေတ်အဆက်ဆက် တည်ရှ်ိခဲ့ပြီး မျက်မှောက်ခေတ်ကာလ၏ ဂိုဏ်းဆိုသောအရာများမှာ တကယ်တမ်း ရှေးဟောင်းမိစ္ဆာအင်မော်တယ်ဂိုဏ်း၏အခွဲများမျှသာ ဖြစ်ပေသည်။
မျက်မှောက်ခတ်၏ အထွတ်အမြတ်မြေများ၊ ဂိုဏ်းခြောက်ဂိုဏ်းဘုရားကျောင်းသုံးကျောင်းလည်း ထိုနည်းတူပင်။ တာအိုဆရာအစည်းအရုံးသုံးခုသာလျှင် ထိုခေတ်အခါက ရှေးဟောင်းမိစ္ဆာအင်မော်တယ်ဂိုဏ်း၏ အခွဲမဟုတ်ခဲ့ပေ။
ဒဏ္ဍာရီများအရ သခင်ကျီကိုပင် ခြောက်လှန့်ခဲ့သည့် ရက်စက်ကြမ်းကြုတ်သော သတ္တဝါကြီးတစ်ကောင် ထိုနေရာတွင် တည်ရှိသည်ဟု ဆိုသည်။ ထိုသတ္တဝါကြီး၏နာမည်က ညဟု ခေါ်၏။
ရာဇဝင်များက ဤသို့ပြောသည်။ ညသည် အချိန်နှင့်နေရာအစွမ်းကို ထိန်းချုပ်ခြယ်လှယ်၍ လူအများအား အိပ်မက်မက်နေသကဲ့သို့ အခြေအနေမျိုးဖြင့် ရှေးခေတ်သို့ ပို့ဆောင်ပေးနိုင်သည်ဟူ၍....
အဆိုပါမိစ္ဆာအင်မော်တယ်ဂိုဏ်းတွင် တောင်ထိပ်တစ်ခု၌ အမြဲရှိနေသော လူတစ်ယောက်လည်း ရှိသည်။ တစ်ခါတရံ သူသည် ရယ်တတ်၏။ တစ်ခါတလေ ငိုနေတတ်ပြီး ရံဖန်ရံခါ တိတ်ဆိတ်စွာသာ ထိုင်နေတတ်သည်။
ယခုတွင် ဤအသံသည် ထိုရှေးဟောင်းမိစ္ဆာအင်မော်တယ်ဂိုဏ်းမှ ပဲ့တင်ထပ်လာပြီး မန်ဟိုမှာ ၎င်းကို ကြားလိုက်လျှင်ချင်း အသံပိုင်ရှင်ကို သိလိုက်၏.... ခဲကျုံစစ်။
စိတ်လိုက်မာန်ပါလုပ်တတ်လွန်း၍ ၊ ကမူးရှုးထိုးနိုင်လွန်း၍ ၊ မောက်မာထောင်လွှားတတ်လွန်း၍၊ ပြဿနာကို မီးထွန်းရှာတတ်လွန်း၍၊ သူ့အဖေခဲယွင်ဟိုင်သည် သူ့နာမည်အား 'တစ်ခုခုမလုပ်ခင် သုံးကြိမ်သုံးခါစဉ်းစားပါ' မဟုတ်ဘဲ 'ကိုးကြိမ်ကိုးခါစဉ်းစားပါ' ဟု ဆိုသော ကျုံစစ်အဖြစ် ပြောင်းလဲခဲ့၏။
မန်ဟိုမှာ တုန်ရီလာသည်။ သူ အင်မော်တယ်အကြောများ ဖွင့်နေသောအခိုက်အတန့်တွင်၊ သူ၏ကံတရားအားလုံး ပေါ်ထွက်လာခဲ့ပြီးနောက် ရှေးဟောင်းမိစ္ဆာအင်မော်တယ်ဂိုဏ်းမှ ထိုကံတရားလည်း ပေါ်ထွက်လာလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။
ခဲကျုံစစ်။ မေ့မရနိုင်သော နာမည်တစ်ခု။ ထို့ထက်ပို၍ မေ့မရသည်ကတော့ .... ခဲယွင်ဟိုင်။
ခဲယွင်ဟိုင်သည် မန်ဟို၏မွေးစားအဖေ၊ မန်ဟို့အား ဖခင်မေတ္တာကို ခံစားရစေခဲ့သောလူဖြစ်သည်။ ၎င်းသည် မည်သို့ပင်ဖြစ်ပါစေ သူ့အတွက် ဘယ်တော့မှ မေ့မရမည့် အမှတ်တရတစ်ခုပင်။
ခဲယွင်ဟိုင်အကြောင်းတွေးတိုင်း မန်ဟို့မျက်လုံးများ နီရဲသွားပြီး မျက်ရည်မဝဲမိဘဲ မနေပေ။ ခဲယွင်ဟိုင်ကို သူ လွမ်းသည်။ ရှေးဟောင်းမိစ္ဆာအင်မော်တယ်ဂိုဏ်းကို လွမ်းသည်။ အထူးသဖြင့် မြင်းမိုရ်တောင်ကြီးပမာ ကြီးမားလှသော ချစ်ခြင်းမေတ္တာပိုင်ရှင် ထိုအဘိုးကြီးကို လွမ်းသည်။
"ညီလေး။ အဖေ့နေရာကနေ မင်းကို အကြောတစ်ကြော ချီးမြှင့်ပေးမယ်..." ခဲယွင်ဟိုင်၏ အသိအမှတ်ပြုမှုကြောင့် ... ခဲကျုံစစ်မှာ သူ၏အစ်ကိုကြီးဖြစ်ကြောင်း မန်ဟို သိထားလေသည်။
မန်ဟိုက ကြယ်တာရာကောင်းကင်ကို အတွေးများဖြင့် လှမ်းကြည့်လိုက်သည်။ ယခုလေးတင် ကြားလိုက်ရသော စကားလုံးများက သူ့အား အတိတ်ကို ပြန်ခေါ်သွားသယောင်ပင်။
ကြယ်တာရာကောင်းကင်ရှိ ရှေးဟောင်းမိစ္ဆာအင်မော်တယ်ဂိုဏ်း၏ပတ်ဝန်းကျင်တွင် တိမ်မြူများဖုံးလွှမ်းနေသော နေရာတစ်နေရာရှိသည်။ ထိုမြူများအတွင်း၌ အဆုံးမဲ့သောအပျက်အစီးများ.... ကောင်းကင်နှင့်မြေကြီးဟူ၍မရှိဘဲ အမှောင်ထုသာ ကြီးစိုးနေသော အပျက်အစီးများရှိသည်။
ထိုနေရာ၊ တောင်ထိပ်တစ်ခုအပေါ်တွင် အဖြူရောင်ဝတ်ရုံနှင့် ရပ်နေသော လူရိပ်တစ်ခုကို သူ မြင်ရလိမ့်မည်။ အဝတ်စများက လေယူရာယိမ်းနေပြီး ထိုလူသည် ထာဝရတစ်လျှောက်လုံး တိတ်ဆိတ်နေမည့်ပုံပေါ်၏။
ထိုအဖြူရောင်ဝတ်ရုံနှင့်လူသည် မဆိုစလောက်ပြုံးလျက် တိတ်ဆိတ်စွာ ရပ်နေသော ခဲကျုံစစ်မှတစ်ပါး အခြားမဟုတ်ပေ။ သူကား အမှတ်တရများ၊ ခံစားချက်များဖြင့် ပြည့်နှက်လျက် ရှေးဆန်နေသည်။
"ညီလေး" သူက ရေရွတ်လိုက်သည်။ "အဖေကတော့ ထွက်သွားပြီ။ ဒါပေမယ့် အစ်ကိုကြီး ဒီနေရာကနေ မင်းကို စောင့်ရှောက်ပေးနေမှာပါ" သူက စကားလုံးများအား ပြောလိုက်သည့်အချိန်မှာပင် ညာလက်ကို ဝှေ့ယမ်းပြီးနောက် အဝေးသို့ ညွှန်လိုက်သည်။ ချက်ချင်းပင် ရှေးဟောင်းမိစ္ဆာအင်မော်တယ်ဂိုဏ်း၏ အပျက်အစီးများ စတင်တုန်ခါလာပြီးနောက် တခဏကြာသော် အိပ်စက်နေသော ညလည်း တုန်ရီလာသယောင်ပင်။
တစ်ချိန်တည်းမှာပင် အချိန်သည် ခဲကျုံစစ်၏အရှေ့တွင် ဖြတ်သန်းသွားပုံရသည်။ ၎င်းက နောက်ပြန်သွားနေ၏။ ဆယ်နှစ်၊ နှစ်တစ်ရာ၊ နှစ်တစ်ထောင်၊ နှစ်တစ်သောင်း၊ နှစ်တစ်သိန်း။
မရေမတွက်နိုင်သော အဆောက်အဦးများနှင့် အလောင်းများ တဖြည်းဖြည်း ပြောင်းလဲစပြုလာသည်။ ပြိုကျနေသော အပျက်အစီးများသည် တစတစ အကောင်းပကတိပြန်ဖြစ်လာပြီး လူသေများလည်း အသွေးအသားကိုယ်များကို တစ်ဖန် ပိုင်ဆိုင်ကာ ထရပ်လိုက်ကြသည်။ ပျောက်ကွယ်နေခဲ့သော မိုးနှင့်မြေမှာလည်း မူလအခြေအနေသို့ ပြန်ရောက်ရှိသွား၏။
စကားပြောသံများ၊ ရယ်သံများ ကြားရပြီး သက်တံများက ကောင်းကင်တွင် ကျီစယ်နေကြသည်။ လူတစ်ယောက်သည် တာအိုတရားဟောကြားနေပြီး တောင်ထိပ်အားလုံးအပေါ်တွင် ဟိန်းဟောက်နေသော အင်မော်တယ်သားရဲများအား မြင်လာရ၏။ မိုးနဂါးပျံကြီးတစ်ကောင်က ဝေဟင်၏ ဥသျှောင်ဘုရင်တစ်ပါးအလား ပျံဝဲနေသည်။
အရာအားလုံး ... အသစ်အတိုင်းပြန်ဖြစ်သွားသည်။ ခဲကျုံစစ် ရပ်နေသောတောင်နှင့် ခဲယွင်ဟိုင်၏ ကျင့်ကြံခြင်းဂူပင်လျှင် ခမ်းနားတင့်တယ်နေလေသည်။ တောက်ပသောအရောင်အဝါတို့က ကောင်းကင်တွင် ဖြာနေပြီး ဖိအားကြီးတစ်ခုက အရာခပ်သိမ်းအပေါ် သက်ရောက်နေ၏။
ခဲယွင်ဟိုင်၏ ကျင့်ကြံခြင်းဂူတံခါးက ကျွီခနဲ ဖြေးညင်းစွာ ပွင့်လာသည်။ သက်လတ်ပိုင်းလူတစ်ယောက်သည် ဒေါသအရိပ်အယောင်မရှိဘဲ တည်ကြည်လေးနက်နေသော အမူအရာဖြင့် ထွက်လာ၏။ ၎င်းကား .... ခဲယွင်ဟိုင်မှတစ်ပါး အခြားမဟုတ်ပေ။
သူ၏အရှိန်အဝါက တောက်ပခံ့ညားစွာ ဖြာထွက်နေပြီး သူ့ကိုယ်ပေါ်တွင် သေခြင်းအငွေ့အသက်စိုးစဉ်းမျှ မမြင်ရပေ။ သူ့တွင် ပါရာဂွန်တစ်ဦး၏အရှိန်အဝါရှိပြီး ပေါက်ကွဲထွက်လာပါက မိုးနှင့်မြေကိုပင် ခြိမ်းခြောက်နိုင်ပုံရသည်။
ခဲယွင်ဟိုင်က လမ်းလျှောက်ထွက်လာပြီးနောက် ခဲကျုံစစ် ရပ်နေသော တောင်ထိပ်သို့ တက်သွားသည်။ သူတို့နှစ်ယောက်သည် တစ်ယောက်အပေါ် တစ်ယောက်ထပ်သွား၏။
မည်သည့်နှစ်၊ မည်သည့်လ၊ မည်သည့်ရက်လည်း မသိပေ။ ခဲယွင်ဟိုင်သည် အချိန်ကို ဖြတ်သန်းလာဖို့ သူ့သားနှင့်တစ်သားတည်းဖြစ်ကာ ထိုတောင်ထိပ်အပေါ်တွင် ရပ်နေ၏။
အတန်ကြာသော် ခဲယွင်ဟိုင်က လက်ကို ဖြေးညင်းစွာ ဆန့်တန်းလိုက်ရာ ဝိညဉ်မီးအိမ် ပျံထွက်လာသည်။ ၎င်းတွင် နဂါးကိုယ်၊ ဖီးနစ်မီးစာရှိပြီး သူ၏လက်ဝါးအပေါ် ဆင်းသက်လာသောအခါ ခဲယွင်ဟိုင်သည် ထိုဝိညာဉ်မီးအိမ်ကို အကြာကြီးကြည့်ပြီးနောက် ပြုံးလိုက်၏။ ထို့နောက် သူက လက်ကို ဝှေ့ယမ်းလိုက်ရာ နဂါးတစ်ကောင် ပျံထွက်လာပြီး အစွမ်းထက်သော မိစ္ဆာအငွေ့အသက်ကို ထုတ်လွှတ်လိုက်သည်။ ၎င်းက အရာရာကို တုန်ခါသွားစေသော ဟိန်းဟောက်သံကြီးကို ထုတ်လွှတ်လိုက်သဖြင့် တိမ်တိုက်မြူစိုင်များ ဆူပွက်သွားလေသည်။
"မိစ္ဆာအင်မော်တယ်နဂါး" ခဲယွင်ဟိုင်က အေးဆေးစွာ ပြောသည်။
ခဲယွင်ဟိုင် ထိုစကားလုံးများအား ပြောလိုက်သောအခိုက်အတန့်တွင် ခဲကျုံစစ်လည်း ထိုအတိုင်းပြောလိုက်၏။
"မိစ္ဆာအင်မော်တယ်နဂါး"
သူက ခဲယွင်ဟိုင်ကဲ့သို့ လက်ကို ဝှေ့ယမ်းလိုက်သည်။ တစ်ခုတည်းသော ခြားနားမှုမှာ သူ့လက်ထဲ၌ နဂါး-ဖီးနစ်ဝိညာဉ်မီးအိမ်မရှိခြင်းသာ ဖြစ်သည်။
"ဒီနဂါးက မိစ္ဆာအင်မော်တယ်ဂိုဏ်းရဲ့ ကံကြမ္မာကို ဆောင်ကြဉ်းတယ်။ နဝမတောင်ရဲ့ အဆီအနှစ်ပါရှိတဲ့အတွက် အင်မော်တယ်အကြောတစ်ကြောဖွင့်ဖို့ အသင့်တော်ဆုံးပဲ" ခဲယွင်ဟိုင်က ပြောသည်။ သူက လက်ညှိုးထိုးလိုက်ရာ မိစ္ဆာအင်မော်တယ်နဂါးသည် တိမ်တိုက်များထံသို့ ထိုးတက်သွားရင်း မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွား၏။
နဂါးပျောက်ကွယ်သွားသောအခါ ခဲယွင်ဟိုင်၏ပုံရိပ်လည်း တစတစ ပျောက်ကွယ်စပြုလာသည်။ နောက်ဆုံးတွင် ခဲကျုံစစ်တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့၏။ အသက်ရှိုက်စာအနည်းငယ်လေးအတွင်း ရှေးဟောင်းမိစ္ဆာအင်မော်တယ်ဂိုဏ်းသည် နှစ်ပေါင်းများစွာကျော်ဖြတ်ကာ မျက်မှောက်ခတ်သို့ ပြန်ရောက်လာခဲ့လေပြီ။ ၎င်းက အလောင်းများ ပုံနေသော အပျက်အစီးများ ပြန်ဖြစ်သွားသည်။
ည၏မျက်လုံးများ ပွင့်လာစဉ် သက်ပြင်းချသံတစ်သံအား ကြားလိုက်ရသည်။
တောင်ထိပ်အပေါ်တွင် ခဲကျုံစစ်သည် မျက်ရည်များ ဝဲနေ၏။
"အဖေ ... လွမ်းလိုက်တာဗျာ" သူက ခပ်တိုးတိုး ရေရွတ်လိုက်၏။ အတန်ကြာသော် သူသည် ကောင်းကင်ကို မော့ကြည့်ပြီး လက်ညှိုးထိုးလိုက်သည်။ တိမ်တိုက်များမှာ နောက်တစ်ဖန် ဆူပွက်သွားပြီးနောက် ပွင့်သွားကာ ထိုးဆင်းလာနေသော ရှေးဟောင်းနဂါးတစ်ကောင်ကို ဖော်ပြလိုက်သည်။
၎င်းက ... ထိုမိစ္ဆာအင်မော်တယ်နဂါးပင်။
စောစောတုန်းက ထိုနဂါးကား တည်ရှိခဲ့ခြင်းပင် မရှိပေ။ ည၏အစွမ်းက ၎င်းကို ရှေးခေတ်မှ ယနေ့ခေတ်သို့ ရောက်ရှိလာစေခဲ့ခြင်းဖြစ်သည်။
"သွားတော့..." ခဲကျုံးစစ်က ခပ်ဖွဖွ ပြောသည်။ "ညီလေး အစ်ကိုကြီး အဖေ့အစား မင်းကို ဒီလက်ဆောင်ပေးတယ်" သူက လက်ကို ခါရမ်းလိုက်ရာ မိစ္ဆာအင်မော်တယ်နဂါးသည် ဟိန်းဟောက်ပြီးနောက် တိမ်တိုက်များခွင်းသွားတော့သည်။
၎င်း တဟုန်ထိုး ထွက်သွားစဥ် ခဲကျုံစစ်၏ပုံရိပ်သည် တစတစ မှေးမှိန်လာပြီး ရှေးဟောင်းမိစ္ဆာအင်မော်တယ်ဂိုဏ်းတစ်ဂိုဏ်းလုံး တိမ်တိုက်မြူစိုင်များအတွင်း တိတ်ဆိတ်စွာ နစ်မြုပ်သွားလေပြီ။
မိစ္ဆာအင်မော်တယ်နဂါးက ကြယ်တာရာကောင်းကင်ကို ဖြတ်သန်း၍ မကြာမီ အရှေ့အောင်ပွဲဂြိုဟ်၏အပြင်ရှိ မန်ဟို့ရှေ့မှောက်တွင် ပေါ်လာသည်။
မန်ဟိုမှာ ၎င်းကို မြင်လိုက်သည့်အခါ တုန်ရီသွား၏။ ၎င်းအပေါ်၌ ခဲယွင်ဟိုင်၏အငွေ့အသက်ကို သူ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရလေသည်။
"မွေးစားဖေဖေ ...." သူက ပူဆွေးသောကအပြည့်ဖြင့် တမ်းတလိုက်သည်။ မိစ္ဆာအင်မော်တယ်နဂါးက မန်ဟို့ကိုယ်ထဲ တိုက်ရိုက်ဝင်ရောက်လိုက်သဖြင့် ထစ်ချုန်းသံများ ပဲ့တင်ထပ်သွားသည်။ သူသည် ၎င်းကို သူ့ကိုယ်ထဲ ဝင်ခွင့်ပေးလိုက်ပြီး မထင်မရှားအင်မော်တယ်အကြောတစ်ကြောကို ချက်ချင်း ဖွင့်လိုက်လေသည်။
၎င်းကား .... (၁၂၁) ကြောမြောက် အင်မော်တယ်အကြောပင်။
၎င်းသည် ... ခဲယွင်ဟိုင်မှ ချီးမြှင့်ပေးပြီး ခဲကျုံစစ်မှ ကိုယ်စားပြုပေးသောအရာဖြစ်၏။
ဝုန်းးးးးးး
မန်ဟို့အရှိန်အဝါသည် ယခင်ထက် အဆများစွာ တဟုန်ထိုး မြင့်တက်သွားသည်။ တစ်ချိန်တည်းမှာပင် သူ့အနောက်၌ မီးအိမ်များ၏ ဝိုးတိုးဝါးတားပုံရိပ်များကိုပင် မြင်လာရလေပြီ။
ရုတ်တရက် ပျောက်ကွယ်တော့ခါနီးဆဲဆဲ ဖြစ်နေခဲ့သော အင်မော်တယ်တံခါးသည် မမြင်ရသောလက်ကြီးတစ်ဖက်၏ တွန်းဖွင့်ခံလိုက်ရပုံပေါ်သည်။ အင်မော်တယ်အလင်းများ ဖြာထွက်လာပြီး အင်မော်တယ်ချီတို့သည် တစ်ဖန် စီးမျောထွက်လာကာ မန်ဟို့တစ်ကိုယ်လုံးတွင် နေရာယူရင်း သူ၏ (၁၂၁) ကြောမြောက် အင်မော်တယ်အကြောအား လျင်မြန်စွာ ခိုင်မာသွားစေ၏။
မကြာမီ အင်မော်တယ်အကြောသည် အပြည့်အဝဖြစ်တည်သွားပြီး အင်မော်တယ်နဂါးနောက်တစ်ကောင်က အင်မော်တယ်တံခါးကိုဖြတ်၍ ပျံသန်းသွားလေသည်။
(၁၂၁) ကောင်မြောက် အင်မော်တယ်နဂါးသည် အချိန်ကို ဖြတ်သန်းလာပုံရသော မိစ္ဆာအရှိန်အဝါတို့ဖြင့် ပြည့်သျှံနေ၏။ နဂါး၏အရောင်ကို မည်သူမှ မမြင်ရသော်လည်း ၎င်းကား ခေတ်ပေါင်းအသင်္ချေတည်ရှိခဲ့သည့်အလား အတိုင်းထက်အလွန် ရှေးကျနေသည်ကိုတော့ ပြောနိုင်သည်။
ဤအင်မော်တယ်နဂါးအသစ် ပေါ်လာသောအခိုက်အတန့်မှာပင် ကျင်ရှန်းသည် မျက်မှောက်ခေတ် မိစ္ဆာအင်မော်တယ်ဂိုဏ်းထဲ၌ တင်ပျဉ်ခွေထိုင်နေ၏။ ဂိုဏ်းတစ်ဂိုဏ်းလုံး ပြင်းပြင်းထန်ထန် တုန်ခါလာပြီး ဂိုဏ်းအတွင်းရှိ ပူဇော်ဝတ္ထုများမှာ တစ်စုံတစ်ခုနှင့် ပဲ့တင်ရိုက်နေသည့်အလား တုန်ခါလာကြသည်။
မန်ဟို၏အရှိန်အဝါသည် လျင်မြန်စွာ မြင့်တက်သွားပြီး မန်ဟို့အနောက်ရှိ ပုံရိပ်ယောင်မီးအိမ်များကို မြင်လိုက်ရသူတိုင်းမှာ အံ့ဩတုန်လှုပ်သွားကြပြီး ကမ္ဘာကြီးဇောက်ထိုးမိုးမျှော်ဖြစ်သွားသကဲ့သို့ ခံစားလိုက်ကြရသည်။ သူတို့သည် မန်ဟို့ကြောင့် ကြိမ်ဖန်များစွာ အံ့အားသင့်ခဲ့ရသော်လည်း ထပ်မံ၍ စိတ်နှလုံးမတုန်လှုပ်မိဘဲ မနေပြန်ပေ။
"အဲ့ဒါ ... ဝိညာဉ်မီးအိမ်တွေလား"
"ဖန်ဟိုက နှိုင်းယှဉ်လို့မရတော့တဲ့အထိ အစွမ်းထက်လိုက်တာ။ သူက ... တကယ်ပဲ ပုံရိပ်ယောင်ဝိညာဉ်မီးအိမ်တွေကို ပေါ်လာစေတယ်တဲ့လား"
"ပုံရိပ်ယောင်ဆိုပေမယ်လို့ ဝိညာဉ်မီးအိမ်တွေက ဝိညာဉ်မီးအိမ်တွေပဲ"
စကားသံများက နဝမတောင်ပင်လယ်၏ နေရာဒေသအသီးသီးတွင် ပွက်လောရိုက်သွားသည်။
ခွန်လွန်အစည်းအရုံးတွင် ချူယွီယန်သည် မန်ဟို အင်မော်တယ်အကြော တစ်ကြောပြီးတစ်ကြော ဖွင့်နေသည်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့၏။ သူမမျက်နှာလေးမှာ နီမြန်းနေပြီး သူမမျက်ဝန်းလေးများသည် ရွှန်းလဲ့နေ၏။
မန်ဟိုကား သူမနှလုံးသား၏ အနက်ရှိုင်းဆုံးထဲတွင် နေရာယူထားခဲ့လေပြီ။
ခွန်လွန်အစည်းအရုံးတစ်ခုလုံး ပုံရိပ်အား ပါးစပ်အဟောင်းသားနှင့် ကြည့်နေကြစဉ် ဆေးလုံးမိစ္ဆာကတော့ ပြုံးရင်း ဘေးတွင် ရပ်နေသည်။ သူက ခေါင်းခါလိုက်ပြီး သူ၏အပြုံးသည် နူးညံ့ကြင်နာမှုတို့ဖြင့် ပြည့်နှက်နေ၏။
"ကိုယ့်တပည့်ရဲ့ အကျောခံရတာ ... ပျော်စရာကောင်းတဲ့ အခိုက်အတန့်တစ်ခုပဲ" သူက တွေးသည်။
တစ်ချိန်တည်းမှာပင် အရှေ့အောင်ပွဲဂြိုဟ်သည် အုတ်အော်သောင်းနင်းဖြစ်နေ၏။ ဖန်မျိုးနွယ်များမှာ မျက်လုံးပြူးကြီးများဖြင့် ကြည့်နေကြလေသည်။ ဖန်ရှုံ့ရှန်းမှာတော့ ခြေလှမ်းအနည်းငယ် ယိမ်းယိုင်သွားသည်။ မန်ဟို၏အင်မော်တယ်ပြစ်ဒဏ် စတင်ကတည်းက သူ့မှာ မူးမေ့လဲတော့မတတ် အံ့ဩပြီးရင်း အံ့ဩခဲ့ရလေသည်။
"မဖြစ်နိုင်ဘူး ။ လုံးဝ မဖြစ်နိုင်ဘူး ..." သူ့မှာ မန်ဟို့အနောက်ရှိ မှိန်ပျပျ မီးအိမ်များကို ကြည့်ရင်း မယုံနိုင်လောက်အောင် ဖြစ်နေတော့သည်။
ဖန်ဝေက လေလယ်တွင် ပျံဝဲနေသည်။ သူသည် ဘာမှမပြောသော်လည်း တစ်ကိုယ်လုံး တုန်ရီနေပြီး မန်ဟို့ကို တိုက်ခိုက်လိုစိတ်တို့မှာ လျင်မြန်စွာ ကုန်ခမ်းလာနေ၏။
မဟာအကြီးအကဲမှာလည်း သစ်သားကြက်ရုပ်လေးပမာ ဟစိဟစိဖြစ်နေပြီး ချာချာလည်နေတော့သည်။
"ငါတော့ တကယ် .... မှားသွားပြီ" ဤအခိုက်အတန့်တွင် သူသည် သူ့နှလုံးသားထဲ၌ အကြာကြီးမြိုသိပ်ထားခဲ့သော ခံစားချက်ကို ဖွင့်ဟပြောလိုက်လေပြီ။
***