← Chapters

ကောင်းကင်ဘုံ (၃၃) ခု

Vol. 71 Ch. 984

ကောင်းကင်ဘုံ (၃၃) ခု

Vol. 71 Ch. 984

အင်မော်တယ်နယ်ပယ်တွင် ... လူတစ်ယောက်ပိုင်ဆိုင်ထားသော အင်မော်တယ်အကြောအရေအတွက်က တိုက်ပွဲအတွင်း၌ ထိုလူမည်မျှ အင်အားကြီးမားမည်လဲ အဆုံးအဖြတ်ပေးသည်။

ယင်းကို လူတိုင်းသိ၏။ သို့သော် မိမိနည်းဟန်ဖြင့် တာအိုကို ခိုင်မာစေလိုက်သောအခခါ အဘယ်ကံတရား၊ အဘယ်ပြောင်းလဲမှုများ ဖြစ်ပေါ်လာလိမ့်မည်လဲ သိသူမရှိသလောက်ပင်ယ

အကြောင်းမူ တောင်ပင်လယ်‌ကိုးလောကတွင် ခိတိဂဗ္ဗတစ်ဦးတည်းသာလျှင် အောင်မြင်ခဲ့ဖူး၍ပင်။ သို့သော် ယခုတွင် မန်ဟိုက အကြော (၁၂၃) ကြောကို ဖွင့်ခဲ့ပြီဖြစ်ရာ တာအိုနယ်ပယ်ခေါင်းဆောင်ကြီးများသာမက အစစ်အမှန်အင်မော်တယ်ရွေးချယ်ခံများနှင့် ရှေးဟောင်းနယ်ပယ်ပညာရှင်အားလုံး လုံးလုံးလျားလျား တုန်လှုပ်ကုန်ကြပြီး တခြားအရာတစ်ခု ဖြစ်ပျက်နိုင်သည်ကို သဘောပေါက်လာကြသည်။

မိမိဘာသာ မိမိတာအိုကို ခိုင်မာစေခဲ့သော အင်မော်တယ်သည် သူ၏အင်မော်တယ်အကြောများကို အမှန်တကယ် ‌အသွင်ပြောင်းနိုင်၏။

သာမန်အသွင်ပြောင်းခြင်းလေးသာမဟုတ်၊ အင်မော်တယ်အကြောများသည် နတ်ဘုရားစွမ်းရည်တစ်မျိုးအဖြစ် ပေါင်းစည်းသွားခြင်းမျိုးဖြစ်သည်။ အချိန်တိုလေးအတွင်း ....မည်သည့်ကျင့်ကြံသူမဆိုအား ကြောက်ရွံ့လေးစားသွားစေမည့် ကြောက်မက်ဖွယ်ရာဖြစ်သော ၊ ပုံမှန်စွမ်းအား၏ အဆ (၁၂၀) ကို ထုတ်လွှတ်နိုင်မည်ဖြစ်သည်။

"ကိုယ့်တာအိုကိုယ် ကိုယ့်ဘာသာခိုင်မာစေလိုက်တဲ့ အင်မော်တယ်တွေဟာ တိုက်ခိုက်နေတဲ့အတောအတွင်း သူတို့အင်မော်တယ်အကြောတွေရဲ့ စွမ်းအားကို မြှင့်တင်နိုင်ဖို့ လျှို့ဝှက်မှော်အစွမ်းတစ်ခုမှ မလိုဘူး။ ဘာကြောင့်လဲဆိုရင် အဲဒီလိုအင်မော်တယ်တွေရဲ့ ခန္ဓာကိုယ်က သူတို့အတွက် လျှို့ဝှက်မှောအစွမ်းဖြစ်နေကြောင့်ပဲ"

"အဲဒီလိုအရာမျိုး ကြောက်စရာကောင်းလွန်းတယ်။ ခိတိဂဗ္ဗက စတုတ္ထတောင်ပင်လယ်ရဲ့သခင်ဖြစ်လာတာ အံ့ဩစရာမရှိဘူး"

"ဒီကလေးက ... မှန်းဆကြည့်လို့ရလောက်အောင် အလားအလာကောင်းတယ်"

မျက်လုံးအားလုံး မန်ဟို့အပေါ်မှ မခွာဘဲ ရှိနေစဥ် နဝမတောင်ပင်လယ်မှာ အုတ်အော်သောင်းနင်းဖြစ်နေသည်။

မန်ဟို လုပ်ဆောင်ခဲ့သောအရာက ရာဇဝင်တွင်သော ဒဏ္ဍာရီတစ်ခုကို ကမ္ဗည်းထိုးလိုက်လေပြီ။

အကြော (၁၂၃) ကြောသည် သူ့အား နဝမတောင်ပင်လယ်၏ အင်မော်တယ်နယ်ပယ်တွင် နံပါတ်တစ်ဖြစ်စေခဲ့ရုံတင်သာမက ၊ ထိုအရေအတွက်ကား တောင်ကိုးလုံးနှင့် ပင်လယ်ကိုးခုစလုံးတွင် အကြောဖွင့်ခဲ့ဖူးသမျှထဲ အများဆုံးဖြစ်ပေသည်။

အစစ်အမှန်သူတော်စင်အပြင်အားကိုယ်၊ အစစ်အမှန်အင်မော်တယ်ကျင့်ကြံခြင်းအခြေခံ။

ဤအခိုက်အတန့်တွင် သူကား ပါရာဂွန်။ အင်မော်တယ်နယ်ပယ်ပါရာဂွန်တစ်ဦးဖြစ်သွားလေပြီ။ (မှတ်ချက် - ဒီနေရာမှာ ပါရာဂွန်ဆိုတာ နယ်ပယ်တစ်ခုလုံးမှာ အစွမ်းထက်ဆုံးအဖြစ် ရည်ညွှန်းပါတယ်။ ပြိုင်စံရှားဆိုတဲ့သဘောပါပဲ)

သူ့အား ဟိန်းဟောက်ကြုံးဝါးလျက်ရှိသော ရင်သပ်ရှုမောဖွယ် အင်မော်တယ်နဂါး (၁၂၃) ကောင်က ဝန်းရံထားသည်။ ထိုနဂါးများအနက် နောက်ဆုံးအကောင်သည် မီးဖြင့် ဖွဲ့စည်းထားသော မီးနဂါးဖြစ်ပြီး အဆီအနှစ်အရှိန်အဝါကို ထုတ်လွှတ်နေ၏။

"ပြီးဆုံးသွားပြီ" မန်ဟိုက ရေရွတ်လိုက်သည်။ သူ၏ကျင့်ကြံခြင်းအ‌ခြေခံအား ယခင်နှင့် လုံးလုံးကွဲပြားသွားစေသည့် အဆုံးမဲ့သောအင်မော်တယ်စွမ်းအားကို သူ ခံစားနေရသည်။ ဥပမာအားဖြင့် ယခင်က မန်ဟိုသည် သစ်ပင်တစ်ပင်ဆိုလျှင် ယခု သစ်တောတစ်တော ဖြစ်နေလေပြီ။

သူ ခေါင်းမော့လိုက်စဉ် သူ့ကိုယ်တစ်လျှောက် စီးဆင်းနေသော စွမ်းအားအငွေ့အသက်က သူ၏မျက်လုံးများကို ဖျပ်ဖျပ်လက်နေစေသည်။ သူသည် သွေးတို့ ဆူပွက်နေသည်ကို ခံစားရပြီး သူ့ကိုယ်ထဲရှိ အင်မော်တယ်ချီကိုလည်း ရှင်းလင်းပြတ်သားစွာ တွေ့ရှိနေရ၏။

အတန်ကြာသော သူက လက်နှစ်ဖက်လုံးကို ဖြန့်ကားလိုက်သည်။

"ပြန်လာခဲ့" စကားတစ်ခွန်း ပဲ့တင်ထပ်သွားစဉ် အင်မော်တယ်တံခါး၏အပြင်ရှိ အင်မော်တယ်နဂါး (၁၂၃) ကောင်က ဟိန်းဟောက်ပြီးနောက် မန်ဟို့ထံ တည့်တည့်ပြေးဝင်လာကြသည်။ ၎င်းတို့ သူနှင့် တစ်သားတည်းဖြစ်၍ သူ၏စွမ်းအားကို မြင့်သွားစေသဖြင့် ဂျိန်းခနဲ ထစ်ချုန်းသံကြီးအား ကြားလိုက်ရ၏။

နောက်ဆုံးတော့ အင်မော်တယ်တံခါးမှာ မှေးမှိန်စပြုလာသည်။ အင်မော်တယ်အလင်းရောင်လည်း ပျောက်ကွယ်သွားသည့်တိုင်အောင် မှိန်ကျသွားပြီး အင်မော်တယ်ချီလည်း ကုန်ခမ်းသွားသည်။ မန်ဟို၏ အစစ်အမှန်အင်မော်တယ်ပြစ်ဒဏ်ကား ....

အောင်မြင်စွာ ကျော်လွှားခံလိုက်ရလေပြီ။

ယခု သူကား အင်မော်တယ်ဖြစ်သွားချေပြီ။

သူ၏ဆံပင်ရှည်ရှည်များက ပျံ့လွင့်နေပြီး သူ့ထံမှ အင်မော်တယ်တစ်ဦး၏အရှိန်အဝါက ဖြာထွက်နေသည်။ သူသည် သေမျိုးအဖြစ်၏အလွန်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်၍ ယခင်နှင့် မတူတော့ပေ။ သည့်မတိုင်ခင်ကလည်း ချောမောခန့်ညားခဲ့သော်ငြား ယခုတွင် သူသည် သူ၏တည်ရှိမှုကလေးကပင် လူတိုင်းအာရုံကို ဆွဲဆောင်နိုင်သည့်အလား ကမ္ဘာခြားအငွေ့အသက်များကို ထုတ်လွှတ်နေ၏။

အင်မော်တယ်တံခါး ပျောက်ကွယ်သွားခဲ့သော အခိုက်အတန့်တွင် သူ့ပတ်ပတ်လည်၌ မြင်ကွင်းပုံရိပ်တစ်ခုအား ရုတ်တရက် မြင်လာရသည်။

ရွှေရောင်ချပ်ဝတ်များ ဝတ်ထားသည့် မရေမတွက်နိုင်သော နတ်စစ်သည်တော်များ ပေါ်လာသည်။ ၎င်းတို့က အရပ်လေးမျက်နှာတွင် စီတန်းနေပြီး မန်ဟို့ကို တခဏ ကြည့်ကာ ဒူးထောက်ခစားလိုက်ကြသည်။

တစ်ချိန်တည်းမှာပင် အင်မော်တယ်နန်းတော်အမြောက်အမြား‌က နေရာအပြည့်နေရာယူသွားသည်။ ဧရာမပလ္လင်ကြီးတစ်ခုသည် မန်ဟို့ခြေထောက်အောက်တွင် ပေါ်လာကာ သူ့အား လူတိုင်းကို အပေါ်စီးမှ ကြည့်နိုင်အောင် ‌ပင့်မြှောက်ပေးလိုက်၏။

အင်မော်တယ်အလင်းရောင်တို့က အရပ်‌ရှစ်မျက်နှာသို့ ဖြာထွက်ရင်း တစ်ဖန်ပေါ်လာကာ တိမ်တိုက်တိမ်စိုင်များလည်း ပြည့်နှက်လာသည်။

ရွှေနဂါးပေါင်းများစွာသည် ခစားအရိုအသေပေးနေသော အသံများကို ထုတ်လွှတ်ရင်း အပေါ်ထက်တွင် ပျံဝဲနေကြ၏။ အဝေးကြည့်လျှင် ဒူးထောက်နေသော နတ်စစ်သည်များ၊ ပျံဝဲနေသော ရွှေနဂါးများကို မြင်ရနိုင်သည်။ ထို့နောက် အင်မော်တယ်နန်းတော်များထဲမှ ဝိုးတိုးဝါးတားပုံရိပ်များ ထွက်လာကြပြီး လက်ယှက်၍ မန်ဟို့ကို ခါးကိုင်းအရိုအသေပေးလိုက်ကြ၏။

ကောင်းကင်မှာ မှေးမှိန်သွားပြီး ကြယ်တာရာတို့ တုန်ခါနေသည်။ မန်ဟို့ကို စောင့်ကြည့်နေသော နဝမတောင်ပင်လယ်၏ ကျင့်ကြံသူအားလုံးမှာ ဖြစ်ပျက်နေသောအရာကို မြင်လျှင် ဆွံ့အသွားကြသည်။

ယင်းက ... လက္ခဏာတစ်ရပ်ဖြစ်သည်။

ဖန်းတုံးအာ အင်မော်တယ်ဖြစ်လာတုန်းက နဂါးများနှင့် ဖီးနစ်ငှက်များ ကခုန်ခဲ့ကြသည်။ ဖန်ဝေ အင်မော်တယ်အဖြစ်သို့ ရောက်ရှိခဲ့သောအခါ စစ်သည်တော်တစ်သောင်း အရိုအသေပေးခဲ့ကြသည်။ ကျန်ရွေးချယ်ခံအားလုံး အင်မော်တယ်အဆင့်တက်လှမ်းခဲ့တုန်းကလည်း လက္ခဏာများ ပေါ်လာခဲ့လေသည်။

ယခုတွင် မန်ဟို့အတွက်လည်း လက္ခဏာတစ်ခု ပေါ်လာလေပြီ။

သို့သော် အခြားသူများနှင့်ယှဉ်လျှင် ဤလက္ခဏာသည် များစွာခမ်းနားပြီး ရင်သပ်ရှုမောဖွယ် ကောင်း၏။

အမှန်တွင် ဤလက္ခဏာက ဤမျှသာ ဖြစ်သည်ဟု အတော်များများ တွေးထင်နေကြသည့်အချိန်မှာပင် မန်ဟို့ဧရိယာထဲ၌ တစ်စုံတစ်ခု ပေါ်လာခဲ့သည် .... တောင်ကိုးလုံး။

ဤတောင်ကိုးလုံးက ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေသော တောင်များ၊ ဧကရာဇ်မင်းမြတ်များသဖွယ် တောင်များ ဖြစ်သည်။

တောင်တစ်လုံးစီ၏အကြား၌ ပင်လယ်တစ်စင်းစီရှိရာ ... ပင်လယ်ကိုးစင်းလည်း ရှိသည်ဟု ဆိုလိုသည်။

တောင်ကိုးလုံး၊ ပင်လယ်ကိုးစင်း။ နေတစ်စင်း၊ လတစ်စင်းနှင့် ကြယ်နက္ခတ်များသည် ၎င်းတို့ကို လှည့်ပတ်နေ၏။

ဤသည်ကို မြင်လိုက်သူတိုင်းမှာ စိတ်ထဲတွင် အကြီးအကျယ် တုန်လှုပ်သွားကြတော့သည်။‌ တောင်ပင်လယ်ကိုးလောကတွင် နေထိုင်သူများအတွက် ဤပုံရိပ်ထက်ပို၍ ခမ်းနားသောအရာမရှိ‌သလို၊ ၎င်း၏ထည်ဝါမှုကို နှိုင်းယှဉ်နိုင်သည့်အရာလည်း မရှိပေ။

"တောင်ကိုးလုံးနဲ့ ပင်လယ်ကိုးစင်း ... သူက အဲဒီလိုလက္ခဏာများ ပေါ်လာစေနိုင်တယ်လား။ ကိုယ်ပိုင်တာအိုကို ခိုင်မာစေတာက ဒီလောက်တောင် အင်အားကြီးမားတယ်လား"

"မဟုတ်မှ.... ဒါက တောင်ကိုးလုံးနဲ့ ပင်လယ်ကိုးစင်းရဲ့ အသိအမှတ်ပြုမှုကို ကိုယ်စားပြုနေတာလား။ ပါရာဂွန်တွေရဲ့အပေါ်မှာ ဧကရာဇ်မင်းတွေ ရှိတယ်။ ဒါဆို သူ့မှာ ဧကရာဇ်မင်းအရှိန်အဝါ ရှိနေတာလား"

"ဒီနေ့ကစပြီး နဝမတောင်ပင်လယ်ဟာ .... တောင်ကိုးလုံးနဲ့ပင်လယ်ကိုးစင်းစလုံးကို သေချာပေါက် တုန်လှုပ်သွားစေနိုင်တဲ့ လျှမ်းလျှမ်းတောက် နေအသစ်တစ်စင်းကို ပိုင်ဆိုင်သွားပြီ" လူတိုင်းသည် မန်ဟို့ကို ကြည့်ရင်း ဆူညံပွက်လောရိုက်နေကြ၏။ သူတို့မှာ စိတ်ကို တည်ငြိမ်အောင် ထား၍မရတော့ပေ။ သူသည် ပြစ်ဒဏ်ကို ကျော်လွှားခဲ့သော အခိုက်အတန့်ကတည်းက အခြားသူများနှင့် ကွဲပြားခဲ့၏။ ပြစ်ဒဏ်ကို ကျော်လွှားခဲ့ပြီး၍ အင်မော်တယ်တံခါး ပျောက်ကွယ်သွားသည့်တိုင် သူကား လူတိုင်းကို အံ့အားသင့်နေစေသေးသည်။

မန်ဟိုက သူ့ပတ်ပတ်လည်ရှိ လက္ခဏာများကို မျက်လုံးဝေ့ကြည့်ပြီးနောက် တောင်ကောင်းကင်ဂြိုဟ်ရှိရာသို့ လွမ်းဆွေးစွာ လှမ်းကြည့်လိုက်သည်။

"အဖေ အမေ" သူက ရေရွတ်လိုက်သည်။ "ကျွန်တော် ဖန်မျိုးနွယ်စုမှာ ထွန်းတောက်ကျော်ကြားလာခဲ့ပြီ"

"ဆရာ၊ ခွန်လွန်အစည်းအရုံးကနေ ကျွန်တော့်ကို မြင်ရလား"

"မွေးစားဖေဖေ ၊ ကောင်းကင်ဘုံကနေ ကျွန်တော့်ကို မြင်ရလား"

"ချင်းအာ .... မင်းရော ကိုယ့်ကို မြင်ရလား" ဤအခိုက်အတန့်တွင် သူ အတိုင်းထက်အလွန် ပျော်ရွှင်သင့်သည်၊ စိတ်လှုပ်ရှားသင့်သည်။ သို့သော် .... လက်တွေ့တွင် သူ့အပြုံးအား ဝေမျှရန် သူ့ဘေးတွင် မည်သူမှ ရှိမနေပေ။

သူ့အဖေနှင့်‌အမေမှာ တောင်ကောင်းကင်ဂြိုဟ်ပေါ်တွင် ဖြစ်သည်။ သူ့ဆရာကတော့ ခွန်လွန်အစည်းအရုံးတွင်။ သူ့မွေးစားအဖေမှာမူ .... ပြာဖြစ်သွားခဲ့သည်မှာ ကြာလေပြီ။ သူ့မိန်းမရှုချင်မှာလည်း .... တစ်နေရာရာတွင် ပြန်ဝင်စားနေသည်။

မန်ဟိုက သက်ပြင်းချပြီးနောက် ခံစားချက်များကို တတ်နိုင်သမျှ ထိန်းချုပ်ရင်း ခေါင်းမော့လိုက်သည်။ သူ၏မျက်လုံးများသည် ထပ်မံ၍ စူးရှတောက်ပလာ၏။

"ငါ့အင်မော်တယ်အကြောတွေ ပွင့်သွားပြီ ... အင်မော်တယ်ဝိညာဉ်တွေ ဖော်ဆောင်ဖို့ အချိန်ကျပြီ

"လူတိုင်းမှာ နာမ်ဝိညာဉ် သုံးခုနဲ့ ရုပ်ဝိညာဉ် ခုနစ်ခုရှိတယ်။ ဒါကြောင့် အကြောတစ်ရာဟာ ဝိညာဉ်ဆယ်ခုကို ဖန်တီးနိုင်တယ်

"ငါ နားလည်ထားသလောက် ထပ်ဆောင်းအကြောာတစ်ကြောစီက နောက်ထပ်ဝိညာဉ်တစ်ခုစီကို ဖန်တီးပေးနိုင်တယ်

"အင်မော်တယ်ဝိညာဉ်တွေ .... ဖြစ်တည်လိုက်စမ်း" မန်ဟိုက တည်ငြိမ်စွာ ပြောသည်။ စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသောအခိုက်အတန့်တွင် သူ၏အင်မော်တယ်အကြောများမှ တဂျုန်းဂျုန်း မြည်သံများ ထွက်လာ၏။

အံ့ဩဖွယ်ကောင်းစွာနှင့် ဧရာမဆင်းတုကြီးတစ်ခုသည် သူ့အနောက်တွင် ပေါ်လာသည်။ အခိုက်အတန့်တွင် ဓမ္မဆင်းတုကြီးသည် .... အစစ်အမှန်‌အင်မော်တယ်တစ်ဦး၏ ဝိညာဉ်ဟုဆိုလျှင် အမှန်ဆုံးဖြစ်လိမ့်မည်။

မီတာ (၃၆၉၀၀)

ဂျိန်းခနဲ ဒုတိယဝိညာဉ် ‌ဖြစ်ပေါ်လာသည်။ ထို့နောက် တတိယမြောက်၊ စတုတ္ထမြောက် ....

တစ်ခုချင်းစီမှ ကြောက်ခမန်းလိလိစွမ်းအားများအား အရပ်လေးမျက်နှာသို့ ထုတ်လွှတ်နေသော အစစ်အမှန်အင်မော်တယ်ဝိညာဉ်ဆယ်ခု ပေါ်လာခဲ့လေပြီ။ ထို့နောက် (၁၁) ခုမြောက်၊ (၁၂) ခုမြောက်၊ (၁၃) ခုမြောက် ....

ပေါ်လာခဲ့သည့် ဝိညာဉ်တိုင်းက မည်သူ့ကိုမဆို အံဩတုန်လှုပ်သွားသည်။ ကြယ်တာရာကောင်းကင်တွင် လှိုင်းဂယက်များ ဖြာနေပြီး မန်ဟို့စွမ်းအားသည် မြင့်သထက် မြင့်တက်လာ၏။

ဂျိန်းးးးးးးး

ဝိညာဉ် (၂၂) ခု၊ ဝိညာဉ် (၂၃) ခု၊ ဝိညာဉ် (၂၄) ခု။

မကြာမီ ဝိညာဉ် (၂၉) ခုပေါ်လာခဲ့လေပြီ။ ထို့နောက် (၃၀)။

ဝိညာဉ်အစုအဝေးကြီးက မန်ဟို၏အနောက်တွင် ပေါ်လာခဲ့၏။ မူလဆယ်ခုအပြင် သူ၏အမျိုးမျိုးသော ကံတရားများနှင့် နတ်ဘုရားစွမ်းရည်များကြောင့် အင်မော်တယ်ဝိညာဉ်များ ထပ်မံပေါ်ပေါက်လာနေသည်။

ဝိညာဉ် (၃၁) ခု၊ ဝိညာဉ် (၃၂) ခု ... အဆုံးသတ်တွင် ဝိညာဉ် (၃၃) ခု။

ဤအင်မော်တယ်ဝိညာဉ် (၃၃)ခုက အံ့ခမန်းလိလိဖိအား (၃၃) မျိုးကို ဖြာထွက်လာစေသည်။ ၎င်းကား ... ကောင်းကင်ဘုံ (၃၃) ခု ပေါ်လာခဲ့သည့်အလားပင်။

ကောင်းကင်ဘုံဘယ်နှစ်ခု ရှိသနည်း။ ကောင်းကင်ဘုံ (၃၃) ခုကား အဆုံးစွန်အန္တိမဖြစ်သည်။

တောင်ကိုးလုံးနှင့် ပင်လယ်ကိုးစင်း၏ ဒဏ္ဍာရီများတွင် နဝမတောင်၏အထက်၌ ကောင်းကင်ဘုံ (၃၃) ခု ရှိသည်။ လူတစ်ယောက်သည် ထိုကောင်းကင်ဘုံ (၃၃) ခုကို ဖောက်ထွက်နိုင်လျှင် တောင်ကိုးလုံးနှင့် ပင်လယ်ကိုးစင်းမှ ထွက်သွားနိုင်၏။

ယင်းအား .... တောင်ပင်လယ်ပြစ်ဒဏ်ခံရာလမ်းဟု ခေါ်ဆိုသည်။

မန်ဟို၏ကျင့်ကြံခြင်းအခြေခံမှာ တဂျုန်းဂျုန်းမြည်ဟည်းနေသော်လည်း သူက သူ့အနောက်ကို လှည့်မကြည့်ပေ။ သူ့အနေဖြင့် အစစ်အမှန်အင်မော်တယ်ဝိညာဉ် (၃၃) ခု၏ စွမ်းအားကို အာရုံရသည့်တိုင် သူ မည်မျှအစွမ်းထက်သလဲ မသေချာသေးပေ။

သို့သော် သူသာ ယခု ဘိုးဘေးမြေသို့ ပြန်သွား၍ မီးအိမ်တစ်လုံးငြှိမ်းထားသော ထိုရှေးဟောင်းနယ်ပယ်ပညာရှင်များနှင့် ရင်ဆိုင်လျှင် ... သူတို့ကို သတ်ရန် ကျောက်စစ်သည်တော်ကြီး၏အကူအညီအား လိုအပ်တော့မည်မဟုတ်ကြောင်း သေချာသည်။

မန်ဟို ကြယ်တာရာကောင်းကင်တွင် ပျံဝဲနေစဉ် မိုးနှင့်မြေသည် လှုပ်ခါရမ်းလျက်ရှိ၏။ သူ့ခြေထောက်အောက်တွင် ပလ္လင်တစ်ဆူရှိပြီး နတ်‌စစ်သည်တော်များက သူ့ကို ဝိုင်း၍ ဒူးထောက်ခစားနေကြသည်။ နေတစ်စင်း၊ လတစ်စင်းအပါအဝင် တောင်ကိုးလုံးနှင့် ပင်လယ်ကိုးစင်းအား မြင်ရနိုင်သည်။ အဝေးတွင်မူ အရိပ်များက အင်မော်တယ်နန်းတော်ထဲမှ ထွက်လာ၍ လက်ယှက်အရိုအသေပေးနေကြသည်။

သူ့အနောက်တွင် ကောင်းကင်ဘုံ (၃၃) ခုအဖြစ် ပြောင်းလဲသွားသော အစစ်အမှန်အင်မော်တယ်ဝိညာဉ် (၃၃) ခုရှိသည်။

ဖြစ်ပျက်နေသောအရာကို မြင်လိုက်ရသူတိုင်း လုံးလုံးလျားလျား တုန်လှုပ်ကုန်ကြလေသည်။

"ကောင်းကင်ဘုံး (၃၃) ခု ... သူ အကြော (၁၂၃) ကြော ဖွင့်နိုင်တာ အံ့ဩစရာမရှိဘူးပဲ"

"အဲ့ဒါက တောင်ကိုးလုံးနဲ့ ပင်လယ်ကိုးစင်းမှာ အင်မော်တယ်နယ်ပယ်ရဲ့ အကန့်အသတ်။ အစစ်အမှန် မဟာစက်ဝန်းပဲ" ဂိုဏ်းအမျိုးမျိုးနှင့် မျိုးနွယ်စုအသီးသီး၏ တာအိုနယ်ပယ်ခေါင်းဆောင်ကြီးများအားလုံး ဤအချက်ကို နားလည်ကြသည်။ သူတို့သည် မန်ဟို့ကို ကြည့်လိုက်ကြပြီး မြင်လိုက်ရသည်မှာတော့ ပို၍ပင် ကြီးကျယ်ခမ်းနားလာတော့မည့် ပုဂ္ဂိုလ်၊ နဝမတောင်ပင်လယ်၏ လျှမ်းလျှမ်းတောက်နေတစ်စင်း ဖြစ်‌၏။

တစ်ချိန်တည်းမှာပင် ဂိုဏ်းနှင့်မျိုးနွယ်စုအသီးသီး၏ အစစ်အမှန်အင်မော်တယ်ရွေးချယ်ခံများအားလုံး တိတ်ဆိတ်စွာ ကြည့်နေကြသည်။ သူတို့၏မျက်နှာထားများအရ မည်သည့်အရာမဆိုထက် မန်ဟို့ကို တိုက်ခိုက်ချင်နေကြပုံပင်။ ရွေးချယ်ခံအားလုံးမှာ မန်ဟိုနှင့် စာရင်းရှင်းစရာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တိုက်ခိုက်လိုစိတ်တို့ ပြင်းပြလာကြသည်။

"ငါ တိုက်ခိုက်မှရမယ်။ မတိုက်ခိုက်ရင် တစ်သက်လုံး ဒီအတွင်းနတ်ဆိုးရဲ့ လှိုက်စားတာ ခံနေရလိမ့်မယ်"

"ငါ့လမ်းအတိုင်း လျှောက်နိုင်မယ့် တစ်ခုတည်းသောနည်းလမ်းက သူ့ကို တိုက်ခိုက်ပြီး အနိုင်ယူဖို့ပဲ။ အဲ့ဒါမှ ဒီခေတ်မှာ အောင်မြင်ကျော်ကြားနိုင်မယ်"

"သူ့မှာ သူ့နည်းဟန်နဲ့ တာအိုကို ခိုင်မာစေနိုင်ခဲ့တဲ့ လျှို့ဝှက်ပညာရပ်ရှိတယ်။ ဒါပေမဲ့ ငါတို့မှာလည်း ငါတို့အင်မော်တယ်အကြောတွေရဲ့အားအင်ကို ကြောက်စရာကောင်းလောက်အောင် ဆပွားပေးနိုင်တဲ့ ၊ ဂိုဏ်းထဲမှာ လက်ဆင့်ကမ်းလာခဲ့တဲ့ ငါတို့ရဲ့ကိုယ်ပိုင်လျှို့ဝှက်ပညာရပ်တွေ ရှိတယ်။ ဒါကြောင့် သူ့ကို တိုက်ခိုက်တာက ... မဖြစ်နိုင်တဲ့အရာမဟုတ်ဘူး"

ထိုက်ယန်ကျစ်မှာ သည်းကြီးမဲကြီးဖြစ်နေပြီး စုန့်လော့တန်က လက်နှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ ဝမ်မု၏အမူအရာသည် သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နှက်နေ၏။ ကျောက်ရီဖန်းက ဓားကို ထုတ်ထားပြီလေပြီ။ ဖန်းတုံးအာ၏မျက်ဝန်းများမှာ တလက်လက် တောက်ပနေသည်။

လီလင်းအာ၊ စွန်းဟိုက်နှင့် ဝမ်တန်ဖေးပင်အပါအဝင်၊ မန်ဟို ယခင်က တစ်ခါမှ မမြင်ခဲ့ဖူးသည့် အစစ်အမှန်အင်မော်တယ်အဖြစ် တက်ရောက်ခဲ့သော ရွေးချယ်ခံအကုန်လုံး ...

ပြင်းပြစွာ တိုက်ခိုက်‌ချင်နေကြသည်။

ဖန်ဝေလည်း ခြွင်းချက်မဟုတ်ပေ။ သူသည် ကြယ်တာရာကောင်းကင်ထက်ရှိ မန်ဟို့ကို မော့ကြည့်ရင်း လေတွင် ပျံဝဲနေပြီး သူ၏မျက်လုံးများသည် အပြင်းထန်ဆုံးတိုက်ခိုက်လိုစိတ်တို့ဖြင့် ပြည့်နှက်နေ၏။

"ငါက ဖန်ဝေ။ ဒီခေတ်မှာ ဖန်ဟို မင်းတစ်ယောက်တည်း ထင်ရှားကျော်ကြားတောက်ပနေခွင့်မရှိဘူး" ဖန်ဝေသည် အသက်ပြင်းပြင်းရှူပြီးနောက် သူ့စိတ်သူ ထိန်းလိုက်သည်။ မန်ဟို ပြစ်ဒဏ်အား ကျော်လွှားနေသည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်ရခြင်းက သူ့ဘဝကို ပြောင်းလဲပေးသောအတွေ့အကြုံတစ်ခုဖြစ်ချေ၏။

***

All Chapters