ရောက်လာသောအခွင့်အရေး
Vol. 46 Ch. 639
အခန်း (၆၃၉) ရောက်လာသောအခွင့်အရေး
ကျိုးဟောက်ရှန်းမျက်လုံးများ တည်ငြိမ်သွားပြီး...
“အချိန်ဓား... အချိန်စီးဆင်းဓား... မင်းက ရှန်လင်ကျီရဲ့ တပည့်လား”
ရှေးယခင်အချိန် တာ့ရွှမ်မင်းဆက်တည်ထောင်စဉ်က တည်ထောက်သူ ဧကရာဇ်’ရွှမ်ဝမ်’ က ကျူတော်ပင်လယ်ဒေသတစ်ခုလုံးကို တန်ခိုးစွမ်းအားမြင့်မားစွာဖြင့်လွှမ်းမိုးချုပ်ကိုင်ခဲ့သည်။
ထိုအချိန်က တာ့ရွှမ်မင်းဆက်အာဏာတည်မြဲရေးအတွက် နယ်မြေလုံခြုံအောင်ကူညီပေးခဲ့ကြသူ များစွာရှိသည်။ ထိုသို့ ကူညီပေးခဲ့သူများထဲတွင် ဧကရာဇ်ရွှမ်ဝမ်၏ ဂိုဏ်းတူညီအစ်ကိုဖြစ်သော ‘ရှန်လင်ကျီ’ သည်လည်း တစ်ယောက်အပါအဝင် ဖြစ်၏။
ထို့နောက် တာ့ရွှမ်တိုင်းပြည် သြဇာအာဏာမြင့်မားလာပြီး ဧကရာဇ်’ရွှမ်ဝမ်’က ဧကရာဇ်အဖြစ် ခံယူကာ သရဖူဆောင်းခဲ့သည်။ ထိုအချိန်မှစတင်ပြီး ရှန်လင်ကျီနှင့် အခြားသူများ မည်သည့်နေရာရောက်သွားမှန်း မသိကြတော့ပေ။
လူအတော်များများက ထိုသူများအားလုံး မတရားအသတ်ခံခဲ့ရသည်ဟု ထင်မှတ်ကြသည်။ သို့သော် ယခု အခြေအနေအရ လူတိုင်းခန့်မှန်းချက်မှားယွင်းခဲ့ပြီဖြစ်ကြောင်း ကျိုးဟောက်ရှန်း သိခဲ့ရ၏။
တကယ်တော့ ရှန်လင်ကျီက ကျူတောပင်လယ်ဒေသ၏ သြဇာအာဏာကို မမက်မောဘဲ တာ့ရွှမ်တိုင်းပြည် တည်ထောင်ပြီးသည်နှင် ဝေးရာသို့သွားကာ ဇာတ်မြှုပ်ခဲ့ခြင်း ဖြစ်သည်။
ယခု တာ့ရွှမ်မင်းဆက် အခြေအနေမတည်ငြိမ်သဖြင့် တစ်ဖန်ပြန်လည်ထွက်ပေါ်လာပြီး ကူညီပံ့ပိုးပေးခြင်းသာပင်။
ကျိုးဟောက်ရှန်းအရှေ့မှပုဂ္ဂိုလ်က ငယ်ရွယ်ဟန်ရှိသော်လည်း သူ့ထက် ကျင့်ကြံခြင်းအဆင့် မြင့်မားသည်။ ကျိုးဟောက်ရှန်းနှင့် ဧကရာဇ်ရွှမ်မုက ထိုလူငယ်ထက် အသက်အရွယ်ကြီးဟန်ရှိသော်လည်း ထိုသူက သိုင်းသူတော်စင် သတ္တမအဆင့် ၊ အမတကူးပြောင်းခြင်း ကနဦးအဆင့်သို့ ရောက်ရှိနေပေပြီ။
ထိုသူက ယိုးမင်ဂိုဏ်း အဓိကပလ္လင်ဆီသို့ လမ်းလျှောက်လာစဉ် သူ၏ခြေလှမ်းများက ပုံသဏ္ဌန်မရှိသော တံတားတစ်ခုထက် နင်းလျှောက်လာသည့်အလား ပို၍ပို၍ မြင့်မားလာသည်။
‘ပိုမိုမြင့်မားသော’ ဆိုရာတွင် ယိုးမင်ဂိုဏ်း အဓိကပလ္လင်တည်ရှိရာနေရာ ကောင်းကင်ထက်သို့ မြင့်မားစွာတက်သွားခြင်းမျိုး မဟုတ်ပေ။ သူက ကျိုးဟောက်ရှန်းနှင့် အောက်ဘက်မှ အခြားသူများအပေါ် လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းအပြည့်ဖြင့် အထက်သို့ လှမ်းတက်နေခြင်း ဖြစ်၏။
ကျိုးဟောက်ရှန်းမျက်နှာအမူအရာက တည်ကြည်လေးနက်နေပြီး သူ၏စွမ်းအားက ပင်မအစီအရင်၏စွမ်းအားဖြင့် တစ်သားတည်းပေါင်းစပ်သွားသည်။ သူ့ပုံစံက ရေတံခွန်ပမာဆင်းသက်လာသော ဓားအလင်းတန်းကို ကြံ့ကြံ့ခံထားသော အမှောင်ထုတွင်းနက်ကြီးနှင့် ဆင်တူသည်။
ရေတံခွန်နှင့်ဆင်တူသောဓားအလင်းတန်းက အမှောင်ထုနှင့် ရိုက်ခတ်မိသည်နှင့် အက်ကွဲသွားပြီး အပေါ်သို့လွင့်စင်သွားကာ ပုံသဏ္ဌန်မဲ့သွားသည်။
သို့သော် အစစ်အမှန်စီးဆင်းနေသော ရေကဲ့သို့ အောက်ဘက်ရှိ အနက်ရောင်ကျောက်တုံးများဆီသို့ ကျရောက်ကာ ရေစက်များ လွင့်စင်ပျံသန်းသွားစေသည်။
လေထဲတွင်ရှိနေသော “လူငယ်” သည် ယိုးမင်ဂိုဏ်း အဓိကပလ္လင်ကို ငုံ့ကြည့်ရင်း ခေါင်းကိုဖြည်းညင်းစွာခါယမ်းလိုက်သည်။ သူ့အသွင်အပြင်က ပိုမိုငယ်ရွယ်သွားသလို ထင်မှတ်ရသော်လည်း သူ့မျက်ဝန်းများကတော့ ပိုမိုရှေးကျလာသောခံစားချက်ကို ပေးစွမ်းသည်။
သူ့လက်ထဲတွင်ဓားတစ်လက်ပေါ်လာပြီး ဓားက သံချေးများတက်လာကာ အိုဟောင်းဆွေးမြေ့သွားပြီး အလိုလို ပျက်ဆီးပျောက်ကွယ်သွားသည်။
သို့သော် ရေစီးကြောင်းနှင့်တူသောဓားအလင်းက ပြန်လည်ထွက်ပေါ်လာပြီး တန်ခိုးစွမ်းအားက မှန်းဆမရနိုင်ပေ။
ဓားအလင်းတန်းဖြင့်ထိမိသော မိုးမြေတစ်ခွင်ကြား အချိန်ကာလသည် ပုံမှန်အတိုင်းပင် နှေးကွေးနေရာမှ တဖြည်းဖြည်းလျှင်မြန်လာပြီး ပုံပျက်နေသော တွန်းအားတစ်ခု ဖြစ်ပေါ်လာ၏။
ဓားအလင်း၏တိုက်ခိုက်မှုက ကျောက်ဆောင်ကြီးတစ်ခုအတွင်းမှစိမ့်ထွက်နေသော ရေစက်များအလား ခိုင်မာသောအမှောင်ထုအတွင်းသို့ တဖြည်းဖြည်း စိမ့်ဝင်သွားသည်။
ကျိုးဟောက်ရှန်းဝတ်ဆင်ထားသော ဝတ်ရုံထက်တွင် များပြားလှစွာသော မန္တန်စွမ်းအားများက သိပ်သည်းသွားပြီး သူ၏ အစစ်အမှန်သိုင်းအဇ္စျတ္တနှင့် မန္တန်စွမ်းအားများပေါင်းစပ်ကာ အနက်ရောင်ဖန်သားပြင်တစ်ခု ဖြစ်တည်လာသည်။
ကျိုးဟောက်ရှန်းက အလွန်တရာ စိတ်ဓာတ်ပြင်းထန်သူ ဖြစ်သည်။
ပုံမှန်အချိန်ဆိုလျှင် မူလအမှောင်အစီအရင်ကိုအသုံးပြုပြီး ရန်သူများကို တိုက်ခိုက်နိုင်သည်။ သို့သော် နေမရှိလရိပ် ထုံးတမ်းပွဲတော် ကျင်းပနေချိန်တွင် ရန်သူကရောက်လာသဖြင့် ကျိုးဟောက်ရှန်း ကြီးမားသောဖိအားကို ရင်ဆိုင်ရခြင်း ဖြစ်၏။
ယိုးမင်ဂိုဏ်းတွင် ထိပ်တန်းအဆင့်ကျင့်ကြံသူ များစွာရှိသော်လည်း တာ့ရွှမ်တိုင်းပြည်တွင်လည်း ထိပ်တန်းအဆင့်ကျင့်ကြူုံများက ဒုနှင့်ဒေး ဖြစ်သည်။
သိုင်သူတော်စင် သတ္တမအဆင့်ရှိသော ရှန်လင်ကျီ၏ မျိုးဆက်အပါအဝင် အခြားသော တန်ခိုးစွမ်းအားရှင်များစွာ ရှိနေကြောင်း ကျိုးဟောက်ရှန်း တွေ့ရသည်။
သို့ဖြစ်ရာ မူလအမှောင်အစီအရင်က အချိန်မရွေးအက်ကွဲသွားနိုင်သဖြင့် ယိုးမင်ဂိုဏ်း ရင်ဆိုင်နေရသော အခြေအနေက အလွန်ဆိုးရွားလှသည်။
ကြောက်မက်ဖွယ်ရာလှံရှည်တစ်စင်းက ကောင်းကင်ထက်မှ ပျံသန်းထွက်ပေါ်လာပြီး လေထုကိုဖြတ်သန်းထိုးခွင်းလျှက် လမ်းတစ်လျှောက် အရာအားလုံးကို သုတ်သင်ရှင်းလင်းသွားသည်။
လှံသွားထိပ်တွင်တောက်လောင်နေသော မီးတောက်မီးလျှံများမှ ကြောက်မက်ဖွယ်ရာ အလင်းတန်းများထွက်ပေါ်နေသည်။ ကျူတောပင်လယ်ဒေသမိုးမြေတစ်ခွင်လုံး မီးရှို့လောင်ကျွမ်းသွားသည့်ပမာ ခံစားရပြီး မည်သည့်အရာမှ ထင်ကျန်ရစ်ခြင်း မရှိတော့ပေ။
ဧကရာဇ်ရွှမ်မုက ယိုးမင်ဂိုဏ်း၏ အဓိကပလ္လင်ဆီသို့ တန်းတန်းမတ်မတ်ေလျှာက်လာစဉ် သူ၏အထွတ်ထိပ်သိုင်းပညာဖြစ်သော မီးတောက်ငါးသွယ်နှင့် ရတနာလှံရှည်ခုနစ်သွယ်သိင်းပညာကို ထုတ်ဖော်အသုံးပြုခဲ့သည်။
"ရွှမ်ဧကရာဇ်လှံရှည်"
ဧကရာဇ်ရွှမ်မုလက်ထဲမှ လှံရှည်ကိုမြင်တော့ သိုင်းသူတော်စင် ဆဋ္ဌမအဆင့်ရှိသော ကျိုးဟောက်ရှန်း၏မျက်နှာက ပိုပြီး တည်ကြည်လေးနက်သွားသည်။
သို့ပေသိ အထက်မှစီးဆင်းလာသော အချိန်ရေစီးကြောင်းဓားက သူ၏စိတ်အာရုံကို အပြည့်အဝ ဖမ်းစားထားသဖြင့် ဧကရာဇ်ရွှမ်မု၏ ကြောက်မက်ဖွယ်ရာလှံရှည်ကို ခုခံနိုင်စွမ်းမရှိခဲ့ပေ။
ယိုးမင်ဂိုဏ်းအဓိကပလ္လင်တွင် ရှိနေသော အခြားသော ယိုးမင်ဂိုဏ်းသားများက ရှေ့သို့လှမ်းတက်ပြီး ဧကရာဇ်ရွှမ်မုကို တားဆီးလိုက်သော်လည်း ရွှမ်ဧကရာဇ်လှံရှည်၏ စွမ်းအားကို ခုခံနိုင်ခြင်း မရှိခဲ့ပေ။
ရွှမ်ဧကရာဇ်လှံရှည်ကိုင်ဆောင်ထားသော ဧကရာဇ်ရွှမ်မုသည် အချိန်ရေစီးကြောင်းဓားကို ထုတ်ဖော်အသုံးပြုသော လူငယ်သိုင်းသူတော်စင်ထက် စွမ်းအားနိမ့်ကျခြင်း မရှိပေ။
ကြောက်မက်ဖွယ်ရာလှံရှည်သည် မူလအမှောင်အစီအရင်ကြီးထံ ဖြတ်ကျော်ထိုးဖောက်သွားသည်။
ညအမှောင်ပြီးနောက် မိုးစင်စင်လင်းလာသည့်အလား မီးတောက်မီးလျှံများက မြို့တော်နှင့် ချောက်ကမ်းပါးတစ်ဝက်ခန့်အား ချက်ချင်း လင်းထိန်သွားစေသည်။ တွင်းနက်ကြီးတစ်ခုလုံး နေ့အလင်းရောင် တစ်ဖန်ပြန်လည်ထွန်းလင်းလာသည့်အလား ထင်မှတ်ရသည်။
ကျိုးဟောက်ရှန်းက အတော်လေး မျက်နှာမျက်နှာပျက်နေပြီး လက်ဖဝါးနှစ်ဖက်ကို အသာယှက်လိုက်ပြီးနောက် ဖြည်းညင်းစွာပြန်လည်ခွဲထုတ်လိုက်သည်။
အနက်ရောင်မိုးကုတ်စက်ဝိုင်း အက်ကွဲသွားပြီး တောက်ပသော မီးလျှံတစ်ခု ထွက်ပေါ်လာ၏။ ထိုမီးလျှံက ခေတ်အဆက်ဆက် ထွန်းလင်းတောက်ပနေသော အနှိုင်းမဲ့အလင်းတန်းများပမာ ထင်မှတ်ရသည်။
အဆုံးစွန် မှောင်မိုက်ခြင်းက အလင်းကို မွေးဖွားစေသည်။ အမှောင်ထု လွန်ကဲခြင်းက ပြည့်ဝသန့်စင်သော အလင်းကို ထုတ်လွှတ်ပေးသည်မှာ သဘာဝပင်။
မျက်စိတ်တစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည့်တိုင် မီးလျှံ၏တောက်ပမှုက နှိုင်းယှဉ်မရနိုင်ပေ။
ထိုတောက်ပသောမီးလျှံက ကြောက်မက်ဖွယ်ရာ အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီး ဧကရာဇ်ရွှမ်မုထံသို့ ဝင်ရောက်သွားသည်။
ဧကရာဇ်ရွှမ်မုက သူ့လက်ထဲမှ ရွှမ်ဧကရာဇ်လှံရှည်ကို အလျှင်အမြန်ဆွဲထုတ်လိုက်ပြီး ကျိုးဟောက်ရှန်း၏ ကြောက်မက်ဖွယ်ကောင်းသော အမှောင်လွန်ကဲအလင်းမီးလျှံဓားသိုင်းကို တားဆီးလိုက်သည်။
စွမ်းအားနှစ်ခု ရိုက်ခတ်မိသည်နှင့် ကောင်းကင်တစ်ခွင်လုံး မီးတောက်မီးလျှံမိုး ရွာသွန်းသည့်ပမာ ပင်လယ်ရေများပင် ခမ်းခြောက်သွားပြီး မရေမတွက်နိုင်သော ပင်လယ်ပြင် အက်ကွဲကြောင်းများ ထင်ကျန်ရစ်သည်။
သို့ရာတွင် တောက်ပသောအလင်းရောင်များအောက်တွင် အချိန်ရေစီးကြောင်းဓား ထွက်ပေါ်လာပြီး ကျိုးဟောက်ရှန်းထံ တည့်တည့်မတ်မတ် ဝင်ရောက်လာ၏။
ကျိုးဟောက်ရှန်းက ထိုဓားကွက်ကို အလျှင်အမြန် ရင်ဆိုင်လိုက်သည်။ တောက်ပသောဓားအလင်းတန်းက ချက်ချင်းပင် ပြန်လည်မှောင်မိုက်သွားပြီး အချိန်ရေစီးကြောင်းဓားသိုင်းကို ပိတ်ဆို့ထားလိုက်သည်။
သို့သော်လည်း ဓားအလင်းတန်း၏ ပြောင်းလဲမှုအရှိန်အဟုန်အောက်တွင် ထိုအရာက ကျိုးဟောက်ချန်း၏ ခံစစ်ကို ရှောင်တိမ်းကာ နောက်ထပ်လမ်းကြောင်းတစ်ခုမှ ထပ်မံတိုက်ခိုက်လာသည်။
ရန်သူက အခြားအရာတစ်ခုခုကို ရည်မှန်းနေကြောင်း ကျိုးဟောက်ရှန်း သိလိုက်သည်။
ထိုသူမည်သည့်အရာအားလိုချင်သည်ကို ကျိုးဟောက်ရှန်း သိချင်သည့်တိုင် ဧကရာဇ်ရွှမ်မု၏လှံရှည်က သူ့ကို နောက်တစ်ကြိမ် တိုက်ခိုက်လာပြန်သည်။
နှစ်ယောက်လုံးအား ရင်ဆိုင်နိုင်စွမ်းမရှိသော ကျိုးဟောက်ရှန်းသည် အချိန်ရေစီးကြောင်းပမာ ဓားအလင်းတန်းက သူ၏ဦးခေါင်းထက်မှ နေမရှိလရိပ်အား ခုတ်ပိုင်းချလိုက်သည်ကို ဒီအတိုင်းသာကြည့်နေနိုင်သည်။
ဓားအလင်းတန်းနှင့် ထိခတ်မိသည်နှင့် ကျိုးဟောက်ရှန်း၏ ဦးခေါင်းထက်တွင်ရှိနေသော အနက်ရောင်နေဝန်းနှင့် လဝန်းပြာပြာတို့သည် အဝေးတစ်နေရာသို့လွင့်ထွက်သွားပြီး အလင်းတန်းများအဖြစ် ပြောင်းလဲသွားသည်။
လက်ရှိတွင် မိုးမြေတစ်ခုလုံးလည်ပတ်နေပြီး နေမရှိလရိပ်ကြားမှ ဆက်နွယ်လုပ်ဆောင်မှုကြောင့် ထူးခြားသည့် ဗလာနယ်တစ်ခုက ပြောင်းပြန်လှည့်ပတ်သွားသည်။
ထိုအခြေအနေတွင် အမှောင်ထုထဲတွင် ရှိနေပြီး သူ့ကိုယ်သူ တည်ငြိမ်ရန် ကြိုးစားနေသော ရန်ကျောက်ကဲမှာ ရိုလာကိုစတာ စီးရသလို ခံစားချက်မျိုး ထပ်မံခံစားလိုက်ရသည်။
သူ့ရှေ့တွင် အစီအစဉ်မကျတော့သော နေမရှိလရိပ်ကို ကြည့်ရင်း ဤဗလာနယ်နှင့် မူလအမှောင်အစီအရင်တို့ ချိတ်ဆက်မှုရပ်တန့်သွားကြောင်း ရန်ကျောက်ကဲ ခံစားရသည်။ ရန်ကျောက်ကဲ ဖြည်းညင်းစွာအသက်တစ်ချက်ရှူထုတ်လိုက်ပြီး သူ့မျက်ဝန်းများက ထက်ရှလာ၏။
“ငါ ကြိုတင်ခန့်မှန်းထားတာနဲ့ နည်းနည်းလေး လွဲသွားတယ် ၊ ဒါပေမဲ့ နည်းလမ်းရှာနိုင်ပါသေးတယ်“
ထိုအချိန်မှာပင် ခမ်းနားထည်ဝါပြီး ပြင်းထန်လှသော ဓားအလင်းတန်းတစ်ခု အဝေးတစ်နေရာမှ ပျံသန်းထွက်ပေါ်လာသည်။
ဧကရာဇ်ရွှမ်မု၏အကြည့်များ အနည်းငယ် အာရုံစိုက်သွားပြီး
“မြောက်ပင်လယ်ဓားခန်းဆောင် ၊ အတော်မြန်တာပဲ“
ဓားအလင်းတန်းက ကောင်းကင်ကို ထိုးခွင်းတုန်လှုပ်စေကာ လက်ရှိ ယိုးမင်ဂိုဏ်းကို ပစ်မှတ်ထားတိုက်ခိုက်နေသော အချိန်ရေစီးကြောင်းဓားကို ပစ်မှတ်ထား ဝင်ရောက်တိုက်ခိုက်လာသည်။
ဓားအလင်းတန်းနှစ်ခုသည် လေထုအလယ်တွင် ထိပ်တိုက်တွေ့ပြီးနောက် အနီးပတ်ဝန်းကျင် လီပေါင်းတစ်ေသာင်းမက စွမ်းအားလှိုင်းလုံးကြီးများ မြင့်မားစွာ ထွက်ပေါ်လာသည်။
ကျိုးဟောက်ရှန်းမှ ဧကရာဇ်ရွှမ်မုနှင့် ရွှမ်ဧကရာဇ်လှံရှည်ကို လျှင်မြန်စွာပိတ်ဆို့လိုက်ပြီး ဖိအားများလည်း အနည်းငယ်လျော့နည်းသွားသည်။
နှစ်ဖက်လုံးမှ လူများက နေမရှိလရိပ်လွင့်ထွက်သွားရာနေရာသို့ ပျံသန်းထွက်ခွာရင်း လိုက်လံ ရှာဖွေကြသည်။
အခြားသောနေရာတစ်ခုမှ အလင်းတန်းတစ်ခု တောက်ပလာပြီး ထိုအလင်းတန်းသည်လည်း နေမရှိလရိပ်ကို တူညီစွာပင် ပစ်မှတ်ထားသည်။
အလင်းတန်းက မြင့်တက်လာပြီး ပြန်လည်ကျဆင်းသွားသည်နှင့် တစ်ချက်တစ်ချက် တောက်ပလာသော နေနှင့်လကို တွေ့မြင်ရလေရာကွမ်းမင်ဂိုဏ်းမှ နေလကျင့်စဉ်ဖြစ်ကြောင်း ထင်ရှားသည်။
နေမရှိလရိပ်ဖြင့် လွှမ်းခြုံခံထားရသော ရန်ကျောက်ကဲက ထိုအလင်းတန်းကို အနီးကပ်တွေ့မြင်ရပြီးနောက် ချက်ချင်းပင် သဘောပေါက်သွားသည်။
“ကွမ်းမင်ဂိုဏ်းကလူတွေပဲ“