← Chapters

တိုက်ခိုက်ကြစို့

Vol. 71 Ch. 985

တိုက်ခိုက်ကြစို့

Vol. 71 Ch. 985

အင်မော်တယ်ဝိညာဉ် (၃၃) ကောင်သည် အင်မတန် ရင်သပ်ရှု‌မောဖွယ်ကောင်း၏။ မရေမတွက်နိုင်သော နတ်စစ်သည်တော်များက ဒူးထောက်လိုက်ကြရာ ကြယ်တာရာကောင်းကင်အား တသိမ့်သိမ့် တုန်ခါလာစေသည်။ မန်ဟိုသည် အာကာသဟင်းလင်းပြင်၏အလယ်၊ ပလ္လင်တစ်ဆူ၏အပေါ်တွင် ရပ်၍ လက္ခဏာများ တစတစ ပျောက်ကွယ်သွားသည်ကို ကြည့်ရှုနေ၏။

၎င်းတို့ အလျှင်း ပျောက်ကွယ်သွားပြီးနောက်တွင် သူသည် အစစ်အမှန်အင်မော်တယ်နယ်ပယ်သို့ တရားဝင်ရောက်ရှိသွားသည်သာမက နယ်ပယ်၏အထွတ်အထိပ်အဆင့်ဖြစ်၍ သူ့အား အင်မော်တယ်နယ်ပယ်ပါရာဂွန်တစ်ဦးဖြစ်လာစေခဲ့သည်။

ထိုအခိုက်အတန့်တွင် နဝမတောင်ပင်လယ်မှာ အပ်ကျသံမကြားရလောက်အောင် တိတ်ဆိတ်နေ၏။ စောင့်ကြည့်နေသူအားလုံး ကြည့်နေကြစဉ် မန်ဟို၏ပုံရိပ်သည် သူတို့၏နှလုံးသားအပေါ် ခတ်နှိပ်လိုက်သော အမှတ်အသားတစ်ခုပမာ ဖြစ်သွားလေပြီ။

၎င်းက ဘယ်တော့မှ မှေးမှိန်ပျောက်ကွယ်မသွားမည့် ‌ဖျောက်ဖျက်မရသော အမှတ်အသားတစ်ခုဖြစ်သည်။

သို့သော် ဆူဆူညံညံအသံများ အုံးအုံးထလာရန် မကြာလိုက်ပေ။ အထူးသဖြင့် အရှေ့အောင်ပွဲဂြိုဟ်အပေါ်တွင် ဖန်မျိုးနွယ်ဝင်များအပါအဝင် လူတိုင်းမှာ အကြီးအကျယ် အုတ်အုတ်ကျက်ကျက် ဖြစ်နေကြ၏။

ဟစ်ကြွေးသံများက အရပ်လေးမျက်နှာတွင် ဟိန်းထွက်သွားသည်။

"ဖန်ဟို"

"ဖန်ဟို"

"ဖန်ဟို"

"ဖန်ဟို"

မန်ဟို၏နာမည်အား မရေမတွက်နိုင်သောလူများက တခနဲနက် ဟစ်ကြွေးနေရာ မိုးကောင်းကင်ခပ်သိမ်းတွင် ပဲ့တင်ထပ်လာပြီး မြေပြင်များအား တုန်ခါလာစေတော့၏။ ဤအခိုက်အတန့်တွင် သူကား ဖန်မျိုးနွယ်စု၏ ဂုဏ်ယူစရာ၊ ဖန်မျိုးနွယ်စု၏ ဝမ်းမြောက်စရာ လျှမ်းလျှမ်းတောက်နေတစ်စင်း ဖြစ်လာခဲ့လေပြီ။

ဖန်ရှုံ့ရှန်းသည် မဲ့ရွဲ့နေသောမျက်နှာထားဖြင့် လူအုပ်ထဲတွင် ရပ်နေ၏။ သူက လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ရှူးရှူးရှားရှား ဖြစ်နေလေသည်။ ကောက်ကျစ်ယုတ်မာသောအတွေးများက သူ့စိတ်ထဲတွင် ပေါ်ပေါက်လာ၏။

သူ၏ စကားနည်းသောအဖေ၊ ဖန်ဝေ၏အဘိုးုးကတော့ သူ့မျက်လုံးထဲရှိ အန္တရာယ်များသောအရိပ်အယောင်ကို မည်သူမှ မမြင်နိုင်အောင် ခေါင်းငုံ့ထားသည်။

မဟာအကြီးအကဲက မလှမ်းမကမ်းတွင် တိတ်ဆိတ်စွာ ရပ်နေ၏။ သူ့မှာ သက်ပြင်းခိုးချလိုက်လေသည်။

ကျန်ဖန်မျိုးနွယ်ဝင်များမှာ ဝမ်းသာအားရ ဟစ်ကြွေးနေကြသည်။ လေလယ်တွင် ဖန်ဝေသည် မျက်လုံးထဲ၌ အသတ်အဖြတ်ဈတ်ဆန္ဒတို့ အားကောင်းသထက် အားကောင်းလာနေလျက် အေးဆေးတိတ်ဆိတ်စွာ ရပ်နေ၏။

နဝမတောင်ပင်လယ်၏ ဂိုဏ်းအမျိုးမျိုးနှင့် မျိုးနွယ်စုအသီးသီးမှာ စိတ်လှုပ်ရှားမှုတို့ဖြင့် ဆူပွက်နေကြလေသည်။

ကြယ်တာရာကောင်းကင်ထက်တွင် မန်ဟိုက တောင်ကောင်းကင်ဂြိုဟ်အား မျက်နှာမူ၍ ဒူးထောက်ကာ ဂါရဝပြုလိုက်သည်။

သူ တောင်ကောင်းကင်ဂြိုဟ်ကို ဂါရဝပြုနေစဉ် နဝမတောင်ပင်လယ်ရှိ ကျင့်ကြံသူအားလုံး၏မျက်လုံးများက သူ့အပေါ် ကျရောက်နေ၏။ သူ ဂါရဝပြုနေသည်ကား မိုးနှင့်မြေကို မဟုတ်၊ ဂြိုဟ်ကိုလည်း မဟုတ်။ သူ့အဖေနှင့် အမေကို ဂါရဝပြုနေခြင်းဖြစ်သည်။

ထိုအခိုက်အတန့်တွင် ဖန်ရှုံ့ဖုန်းနှင့် မန်လီသည် မန်ဟို့ကို ကြည့်ရင်း တောင်ကောင်းကင်ဂြိုဟ်၏တန်မျှော်စင်တွင် ရပ်နေ၏။ မန်လီမှာ ဝမ်းသာမျက်ရည်ဝဲလျက် အတိုင်းထက်အလွန် စိတ်လှုပ်ရှားနေသလို ဂုဏ်ယူနေလေသည်။

ဒါမှ သူမသားပင်။

ဖန်ရှုံ့ဖုန်းမှာလည်း မျက်နှာထားတည်တည်မထားနိုင်တော့ပေ။ သူသည် နဂါးတစ်ကောင်သဖွယ် ဖြစ်လာသော သူ့သား ကြည့်ရင်း တောက်ပစွာ ပြုံးနေ၏။ သူက အသက်ပြင်းပြင်းရှူသွင်းပြီးနောက် တဟားဟား ရယ်တော့သည်။

မန်ဟို မည်သူတို့ကို ဂါရဝပြုနေသည်လဲ သူ ကောင်းကောင်း သိသည်။

ဤအခိုက်အတန့်တွင် ဖန်မျိုးနွယ်စုမှ ထွက်လာပြီးနောက် သူ့ရင်ထဲတွင် တိုးပွားလာခဲ့သော ခါးသီးခံပြင်းမှုတို့မှာ နောက်ဆုံးတော့ သူ့သားကြောင့် ပြေပျောက်သွားလေပြီ။ သူ့သားက မျိုးနွယ်စုသို့ ပြန်သွားခဲ့သည်သာမက လျှမ်းလျှမ်းတောက်နေတစ်စင်းအဖြစ် ထွန်းတောက်လာခဲ့သည်။

အရှေ့အောင်ပွဲဂြိုဟ်၏အပြင်တွင် မန်ဟိုက ပြန်ထလိုက်သည်။ လက္ခဏာများ ပျောက်ကွယ်သွားခဲ့ပြီး ယခုတွင် အင်မော်တယ်ဝိညာဉ် (၃၃) ကောင်လည်း မရှိတော့ပေ။

ထိုအချိန်တွင် နဝမတောင်ပင်လယ်၏ အစစ်အမှန်အင်မော်တယ်ရွေးချယ်ခံများမှာ တိုက်ခိုက်လိုစိတ်များ ဆူပွက်လာသည်ကို ခံစားလိုက်ပြီး သူတို့၏မျက်နှာများမှာ အစွဲဥပါဒန်တို့ဖြင့် တောက်ပလာသည်။

တိုက်ခိုက်ကြစို့

သူတို့ ရှုံးနိမ့်သွားတော့လဲ ဘာအရေးနည်း။ မည်သို့ပင်ဖြစ်စေ တိုက်ခိုက်မည်။

သူတို့ မတိုက်ခိုက်လျှင် မန်ဟိုဖြစ်လာခဲ့သော အတွင်းနတ်ဆိုးက သူတို့ကို တစ်ဘဝလုံး စိုးမိုးနေမည်ဖြစ်သည်။ ထိုနတ်ဆိုးက သူတို့လမ်းကို ဆက်မလျှောက်နိုင်အောင် ဟန့်တားလိမ့်မည်။

ထို့ကြောင့် တိုက်ခိုက်မှဖြစ်မည်။

မည်သည့်အရာကိုမှ မထိမ်ချန်ဘဲ အစွမ်းကုန် တိုက်ခိုက်ဖို့လိုသည်။

သူတို့၏တစ်ခုတည်းသော ရွေးချယ်စရာမှာ သူ့အား ထိပ်တိုက်တွေ့ရန်ပင်။ ထိုမှသာ နောင်တွင် အဆင့်တက်နိုင်မည့်အခွင့်အရေး ရမည်။ မိမိ၏တာအိုလမ်းစဉ်အတိုင်း လျှောက်လှမ်းနိုင်မည်။

ထိုက်ယန်ကျစ်က နေရာရွှေ့ပြောင်းခြင်းမုခ်ဝထဲသို့ ပထမဆုံးဝင်သွား၏။ သူသည် အထွတ်အမြတ်မြေငါးမြေထဲက နေသူရိန်တောင်၏ တာအိုကလေးတစ်ဦးဖြစ်သည်။ သူကား ဤမျိုးဆက်တွင် အစစ်အမှန်အင်မော်တယ်အဖြစ်သို့ တက်လှမ်းနိုင်ခဲ့သည့် နေသူရိန်တောင်အဖွဲ့ဝင်နှစ်ယောက်အနက် တစ်ယောက်ပင်။ သူ့တွင် မာနရှိသည်။ ပန်းတိုင်ရှိသည်။ အစွဲရှိသည်။ ထို့ကြောင့် တိုက်ခိုက်မည်။

သူ နေရာရွှေ့ပြောင်းခြင်းမုခ်ဝထဲသို့ ခြေချ၍ ပျောက်ကွယ်သွားစဉ် ထစ်ချုန်းသံများ လေတွင် ပြည့်နှက်သွား၏။ အံ့ဩဖွယ်ကောင်းစွာနှင့် ပြန်ပေါ်လာသောအခါ သူကား အရှေ့အောင်ပွဲဂြိုဟ်၏အ‌ပြင်သို့ ရောက်နေလေပြီ။ သူသည် ချက်ချင်း မန်ဟို့ဘက်လှည့်၍ ပျံသန်းသွား၏။

"မန်ဟို" ထိုက်ယန်ကျစ်သည် မန်ဟို ဖန်မျိုးနွယ်စုတွင် သုံးသော နာမည် 'ဖန်ဟို' ဟုလည်း မခေါ်၊ တာအိုဆရာအစည်းအရုံးသုံးခု၏ နတ်မီးလျှံစမ်းသပ်ပွဲတွင် သုံးခဲ့သောနာမည်ကိုလည်း မခေါ်ဘဲ တောင်ကောင်းကင်ဂြိုဟ်တွင် သုံးခဲ့သည့် နာမည်အရင်းကို ခေါ်လိုက်၏။

"တိုက်ခိုက်ကြစို့" ထိုက်ယန်ကျစ်၏မျက်လုံးများမှာ နီရဲနေပြီး စွမ်းအားတို့ဖြင့် ဟုန်းဟုန်းတောက်နေသည်။ သူသည် အင်မော်တယ်အကြော (၉၀) ကျော်ကို ဖွင့်ခဲ့ပြီး ၎င်းတို့အားလုံးက စွမ်းအင်များဖြင့် ပြည့်ဝနေ၏။ အစစ်အမှန်အင်မော်တယ်တစ်ဦး၏ တန်ခိုးလည်း ထွက်ပေါ်လာသည်။

သူ၏စွမ်းအားတန်ခိုးတို့ တဟုန်ထိုး မြင့်တက်နေစဉ် နေအသွင်ဖြင့် ထိုက်ယန်ကျစ်သည် ကျင့်ကြံသူအားလုံး၏ အာရုံကို ဆွဲဆောင်၍ လုံးလုံးလျားလျား အံ့အားသင့်သွားစေ၏။

"သူတို့ တိုက်ခိုက်တော့မယ်"

"သူတို့ ဒီတိုက်ပွဲကို တိုက်ခိုက်မှဖြစ်လိမ့်မယ်။ ငါသာ ရွေးချယ်ခံဆိုရင် တိုက်ခိုက်မှာပဲ။ ရှုံးမှာကိုလည်း မကြောက်ဘူး ၊ သေမှာကိုလည်း မကြောက်ဘူး။ ငါ ကြောက်မှာက... မတိုက်ခိုက်ရဲမှာကိုပဲ။ ဓားကို မထုတ်ရဲမှာကိုပဲ"

"ဒီထိုက်ယန်ကျစ်က ပထမဆုံးတိုက်ခိုက်တဲ့သူပဲ။ သူက အနာဂတ်မှာ သေချာပေါက် သာလွန်ထူးကဲတဲ့ ပုဂ္ဂိုလ်ကျော်တစ်ဦးဖြစ်လာလိမ့်မယ်" မရေမတွက်နိုင်သော စောင့်ကြည့်နေသူများကား ယခုတွင် တိုက်ပွဲစတင်မည့်အချိန်ကို စောင့်နေကြလေပြီ။

"ဒီအစစ်အမှန်အင်မော်တယ်ခေတ်မှာ မန်ဟို့ကို အနိုင်ယူနိုင်တဲ့ ဘယ်သူမဆို .... ထိပ်ကို ရောက်လိမ့်မှာပဲ"

မန်ဟိုက ထိုက်ယန်ကျစ် သူ့ထံ ပြေးဝင်လာသည်ကို ကြည့်ရင်း မျက်လုံးများ တလက်လက် လာ၏။ သူသည် အဆင့်တက်နေစဉ်ကတည်းက သူ့အား လူများ လာရောက်တိုက်ခိုက်ကြမည်ဟု ခန့်မှန်းထားပြီးဖြစ်၏။ သို့သော် ပထမဆုံးလူက ဖန်ဝေမဟုတ်ဘဲ ထိုက်ယန်ကျစ်ဖြစ်လိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။

"‌ကောင်းပြီ" မန်ဟိုက မထူးခြားနားသလို ပြောသည်။ "မင်း ငါ့အပေါ် အကြွေးတင်နေတယ် သိတယ်မလား..." သူ့စကားလုံးများက မသင့်တော်ခြင်းမြူမှုန်မျှမရှိဘဲ လုံးလုံးလျားလျား သင့်တော်နေသည့်အလား သူ၏မျက်နှာထားသည် လွန်စွာတည်ကြည်နေ၏။

သူ့စကားလုံးများက ထိုက်ယန်ကျစ်၏ရန်လိုမှုကို ဆုံ့ဆိုင်းသွားစေသည်......

အဖြစ်အပျက်ကို စောင့်ကြည့်နေသော နဝမတောင်ပင်လယ်ရှိ ကျင့်ကြံသူအားလုံးမှာ တအံ့တဩ စိုက်ကြည့်နေကြသည်။

"ဒါပေမဲ့ ... " မန်ဟိုက ‌ဆက်ပြောသည်။ "မင်း တိုက်ခိုက်ချင်ရင် တိုက်ခိုက်ကြ‌တာပေါ့" သူ စကားပြောပြီးလျှင်ချင်း စူးရှတောက်ပသောအလင်းရောင်က သူ၏မျက်လုံးများမှ ဖြာထွက်လာပြီး သူက ထိုက်ယန်ကျစ်ထံသို့ ခြေတစ်လှမ်းလှမ်းလိုက်သည်။

သူ လှမ်းလိုက်သည့်အခါ ထိုက်ယန်ကျစ်က ဒေါသတကြီး ဟိန်းဟောက်ပြီး သူ၏ရန်လိုနေသောစွမ်းအားတို့ ထပ်မံပေါက်ကွဲထွက်လာသည်။ မရေမတွက်နိုင်သော မှော်သင်္ကေတများမှာ သူ၏နေအသွင်မျက်နှာပြင်ပေါ်တွင် ပေါ်လာကာ ကြောက်ခမန်းလိလိ လှိုင်းဂယက်များအား မန်ဟို့ထံ ဖြာထွက်သွားစေသည်။ ထိုက်ယန်ကျစ်က မာန်သွင်းကြိမ်းဝါးပြီးနောက် ညာခြေကို ဆန့်ထုတ်၍ မန်ဟို့ကို ဝိုက်ကန်လိုက်သည်။

သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားအကုန်လုံးကား ဤတိုက်ပွဲလေးအတွက် ပေါ်ထွက်လာလေပြီ။

သူ့အနောက်တွင် ဧရာမဓမ္မဆင်းတုကြီးတစ်ခု ပေါ်လာသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် ၎င်းကား ‌နေတစ်စင်းဖြစ်နေသည်။ ထိုနေက သူ၏နတ်ဘုရားစွမ်းရည်နှင့် တစ်သားတည်းဖြစ်သွားကာ သူ၏နေအသွင်ကို မယုံနိုင်လောက်အောင် အသက်ဝင်သွားစေသည်။ သူသည် ဤတိုက်ကွက်အတွင်းသို့ သူ၏စွမ်းအားအလုံးစုံကို ထည့်သွင်းထားသည့်အလား နေတစ်စင်းနှင့် တစ်ထပ်တည်းတူလာသည်။

မန်ဟို၏ညာဘက်က လက်သီးဆုပ်လိုက်ပြီး ထိုက်ယန်ကျစ်၏ခြေထောက် သူ့ထံ ကျဆင်းလာစဉ် အားပင်မထည့်ထားသကဲ့သို့ သာမန်ကာလျှံကာ ထိုးချလိုက်သည်။

မျက်စိတစ်မှိတ်အတွင်း လက်သီးနှင့် ခြေထောက်က တစ်ခုကိုတစ်ခု ဝင်တိုက်သွားသည်။

အုန်းခနဲ ပေါက်ကွဲသံကြီးက ကြယ်တာရာကောင်းကင်ကို တုန်ခါသွားစေသည်။ ‌မိုးကောင်းကင်မှာ မှေးမှိန်သွားပြီး လေတိုက်ရာလမ်းကြောင်းတို့ ပြောင်းလဲသွားသည်။ အတိုင်းထက်အလွန် ကြီးမားပြင်းထန်သော တုန်ခါလှိုင်းများ အရပ်ရှစ်မျက်နှာသို့ ဖြာထွက်သွား၏။ နဝမတောင်ပင်လယ်၏ ကျင့်ကြံသူအားလုံး ‌ကြည့်နေစဉ် ထိုက်ယန်ကျစ်၏နေအသွင်သည် မန်ဟို၏ထိုးနှက်မှုအားကြီးအောက်ဝယ် ရစရာမရှိအောင် ပျက်စီးသွားလေပြီ။ ၎င်းသည် အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားပြီး ချက်ချင်း လွင့်စင်ပြိုကွဲသွားတော့၏။

မန်ဟိုက နေတစ်စင်းအား ဖောက်ခွဲပစ်လိုက်သည့်အလားပင်။

သွေးများ ထိုက်ယန်ကျစ်၏ ပါးစပ်မှ ပန်းထွက်သွားပြီး သူ့မှာ ကြိုးဖြတ်ခံလိုက်ရသော စွန်ငယ်ပမာ ‌ဒလိမ့်ခေါက်ခွေး လွင့်ထွက်သွား၏။

မန်ဟိုက ကြယ်တာရာကောင်းကင်ထဲတွင် ပျံဝဲနေသည်။ သူ့ဆံပင်များက မျောလွင့်နေခြင်းမရှိသလို၊ အဝတ်စများလည်း တစ်ချက်လေးမှ လှုပ်မနေချေ။ သူ့လက်သီးက တခဏကြာသည်အထိ ထိုက်ယန်ကျစ်ကို ထိုးလိုက်သော ဟန်အနေအထားအတိုင်း တန့်နေပြီးနောက် သူက တည်ငြိမ်အေးဆေးစွာဖြင့် လက်ကို ဖြည်းဖြည်းချင်း ပြန်ရုတ်လိုက်သည်။

လက်သီးတစ်ချက်

မန်ဟိုကား အကြောကိုးဆယ်ကျော်နှင့် အစစ်အမှန်အင်မော်တယ်ရွေးချယ်ခံတစ်ဦး၏ နတ်ဘုရားစွမ်းရည်ကို မြက်ခြောက်များသဖွယ် လွယ်ကူစွာ နင်းချေခဲ့လေပြီ။

နဝမတောင်ပင်လယ်မှာ အပ်ကျသံမကြားရလောက်အောင် တိတ်ဆိတ်နေသည်။ လူတိုင်းသည် မန်ဟို တခမ်းတနားဖြင့် အနိုင်ရမည်ဟု ‌ခန့်မှန်းထားပြီးဖြစ်သော်ငြား ယခုလေးတင် မြင်တွေ့ခဲ့ရသောအရာက သူတို့အား အံ့ဩတုန်လှုပ်သွားစေလေသည်။ သူတို့အနေဖြင့် မန်ဟို၏အင်အားအပြည့်အဝကို မသိသော်လည်း ခန့်မှန်းနိုင်သွားကြ၏။

"လက်သီးတစ်ချက်တည်းနဲ့ ... သူက ဓမ္မဆင်းတုကိုတောင် မသုံးဘူး..."

"ဒီမန်ဟိုက ... ဘယ် ... ဘယ်လောက်တောင် အစွမ်းထက်တာလဲဟေ"

လူတိုင်း တအံ့တဩ ရေရွတ်နေကြစဉ် ထိုက်ယန်ကျစ်သည် သူ့ကိုယ်သူ ရပ်သွားအောင် ထိန်းလိုက်နိုင်၏။ သူ့မျက်နှာမှာ ဖြူဆုပ်နေပြီး သူ့မှာ သွေးပွက်ကြီးတစ်ပွက် အန်လိုက်ရသည်။ သူက အမျက်ဒေါသတို့ဖြင့် မျက်နှာကြီး ရှုံ့မဲ့နေလျက် ခေါင်းမော့လာပြီး သူ၏တိုက်ခိုက်လိုစိတ်မှာ ပို၍ပင် အားကောင်းလာလေသည်။

"မန်ဟို ငါတို့တိုက်ပွဲ အခုထိ မပြီးဆုံးသေးဘူး"

"လျှို့ဝှက်သိုင်းကွက်၊ အထွတ်မြတ်နေကျမ်းစာတော်" ထိုက်ယန်ကျစ်က လက်နှစ်ဖက်မုဒြာလက်ကွက် ဖော်ပြီးနောက် သူ့ခန္ဓာကိုယ်ပေါ်ရှိ အမျိုးမျိုးသော ဖိအားအမှတ်များကို (၄၉) ကြိမ် ထိလိုက်သည်။ သူ့မှာ ဆက်လက်တိုက်ခိုက်ချင်ပုံရသော်လည်း နောက်ဆုံးအ‌တိုင်းအတာသို့ ရောက်သွားခဲ့သည့်အလားပင်။ သူ့မျက်နှာမှာ နီမြန်းသွားပြီး ‌သူက ခေါင်းနောက်လှန်၍ မာန်သွင်းဟိန်းဟောက် စွမ်းအားတို့ တရိပ်ရိပ် ထိုးတက်လာသည်။

စောစောက သူ့တွင် အင်မော်တယ်အကြော (၉၀) ကျော်စွမ်းအားတို့ ပြည့်နှက်နေခဲ့၏။ သို့သော် ယခုမူ ထိုစွမ်းအားထက် နှစ်ဆယ်ရာခိုင်နှုန်းပိုများသော စွမ်းအားများ ပါရှိနေသည့် လှိုင်းဂယက်များ ဖြာထွက်လာသည်။

လျှို့ဝှက်မှော်သိုင်းကွက်

ဂိုဏ်းတစ်ဂိုဏ်းစီတိုင်း၊ မျိုးနွယ်စုတစ်စုစီတိုင်းတွင် ကြီးမားသောအဖိုးအခများ ပေးဆပ်မှသာ ကျင့်ကြံနိုင်သော အစွမ်းထက်မှော်သိုင်းကွက်များ၊ အင်မော်တယ်နယ်ပယ်လျှို့ဝှက်ကျင့်စဉ်များ ရှိပြီး လေ့လာကျင့်ကြံရန် အရည်အချင်းပြည့်မှီသည့် အဖွဲ့ဝင်များကိုသာ ပေးအပ်ချီးမြှင့်၏။

အမှန်တွင် မန်ဟိုမှာ ဖန်မျိုးနွယ်စု၏အင်မော်တယ်အကြော လျှို့ဝှက်မှော်ကျင့်စဉ်တစ်ခုကိုမှ မလေ့လာခဲ့ရပေ။

ထိုက်ယန်ကျစ်၏စွမ်းအားများ မြင့်တက်လာစဉ် သူ၏ဓမ္မဆင်းတုမှာ ပျောက်ကွယ်သွားပြီး အံ့ဩဖွယ်ကောင်းစွာနှင့် ၎င်း၏နေရာတွင် အင်မော်တယ်ဝိညာဉ် (၉) ခု ပေါ်လာသည်။

ထိုအင်မော်တယ်ဝိညာဉ်တစ်ခုစီသည် နေတစ်စင်း၏ပုံသဏ္ဌာန်ကို ဆောင်ယူထားရာ ထိုက်ယန်ကျစ်အား နေကိုးစင်းမှ ကျောထောက်နောက်ခံပေးထားသကဲ့သို့ ဖြစ်နေသည်။ နေများက တစ်စင်းနှင့်တစ်စင်း ချိတ်ဆက်ပြီး ကြောက်ခမန်းလိလိစွမ်းအင်များ ထုတ်လွှတ်နေသော ခမ်းနားထည်ဝါသည့်ပုံရိပ်ကြီးတစ်ခု အသွင်ပြောင်းသွား၏။

တဂျိန်းဂျိန်း ထစ်ချုန်းသံများက ကြယ်တာရာကောင်းကင်တစ်ခွင် ပျံ့နှံ့ရင်း ကောင်းကင်ဘုံများထက်သို့ ပဲ့တင်ထပ်သွားသည်။ ထိုက်ယန်ကျစ်သည် ရဲတွတ်နေသော မျက်လုံးများဖြင့် မန်ဟို့ကို ကြည့်‌၏။ သူက ရုတ်တရက် လက်ညှိုးထိုးလိုက်ကာ ‌နေကိုးစင်းအား မန်ဟို့ထံ ပြေးဝင်သွားစေသည်။ တစ်ချိန်တည်းမှာပင် မုဒြာလက်ကွက်တစ်ကွက်ဖော်၍ အင်မော်တယ်အကြော (၁၁၀) ကြော၏စွမ်းအားအား သူ့ဘယ်လက်ထဲတွင် လေးတစ်လက်အသွင် ဖန်ဆင်းလိုက်သည်။ ထို့နောက်‌ လေးကြိုးကို ညာလက်ဖြင့် ဆွဲ၍ လွှတ်လိုက်၏။

"အထွတ်မြတ်နေကျမ်းစာတော်။ အင်မော်တယ်မြား နေကိုးစင်း ပျက်စီးခြင်း"

မျက်လုံးအားလုံးက ဖြစ်ပျက်နေသော မြင်ကွင်း၏အပေါ်တွင် ကော်နှင့်ကပ်ထားသကဲ့သို့ ကပ်နေကြသည်။ ရွှေရောင်အလင်းတန်းတစ်တန်း မြားတစ်စင်းသဖွယ် ကြယ်တာရာကောင်းကင်ကို ခွင်းသွားစဉ် လူပေါင်းများစွာမှာ ရင်တဒိန်းဒိန်းခုန်‌နေသည်ကို ခံစားလိုက်ရ၏။

မန်ဟို့မျက်နှာထားမှာ တည်ငြိမ်မြဲ တည်ငြိမ်နေဆဲပင်။ ထိုက်ယန်ကျစ် ယခုလို လျှို့ဝှက်မှော်အတတ်ကို ထုတ်လွှတ်သည်ဖြစ်စေ အရေးမကြီးပေ။ မန်ဟိုက သက်ပြင်းသာ ချလိုက်သည်။

"မင်းက ငါ့အပေါ်မှာ အကြွေးအများကြီးတင်ထားတာဆိုတော့ မင်းကို တိုက်ရမှာ နည်းနည်းလက်ဝင်တယ်ကွာ" သူက ခေါင်းတခါခါနှင့် ပြောရင်း ရှေ့တက်လိုက်သည်။ သူ၏ခြေထောက် ကျဆင်းလာသောအခါ နေကိုးစင်းက သူ့ကို လွှမ်းမိုးရင်း သူ့ထံ ထိုးဆင်းလာနေလေပြီ။

"ပေါက်ကွဲစမ်း" ထိုက်ယန်ကျစ်က ဟိန်းဟောက်လိုက်သည်။ နေကိုးစင်းသည် ပေါက်ကွဲသွားကာ အရပ်မျက်နှာတစ်ခွင်သို့ လှိုင်းများ ဖြန့်ကျက်လိုက်သော နားကွဲလုမတတ် ထစ်ချုန်းသံကြီးအား ဖန်တီးလိုက်၏။ တစ်ချိန်တည်းမှာပင် ရွှေရောင်မြားက ဂယက်များကို ခွင်းလာ၏။

ထိုက်ယန်ကျစ်၏မျက်နှာမှာ ဖြူဖပ်နေပြီး သူက သွေးတစ်ပွက်အန်လိုက်သည်။ သူ့မှာ ယခုတွင် များစွာ အားနည်းနေလေပြီ။ လျှို့ဝှက်မှော်အတတ်ကို အသုံးပြုခြင်းက သူ့အား အင်အားအလွန်အကျူး ကုန်ခမ်းစေခဲ့သည်။ ဤအခိုက်အတန့်တွင် သူ၏မျက်လုံးများမှာ ရုတ်တရက် မယုံကြည်နိုင်မှု၊ အံ့သြတုန်လှုပ်မှုတို့ဖြင့် ဝိုင်းစက်ပြူးကျယ်သွားသည်။

ကြယ်တာရာကောင်းကင်မှ လှိုင်းဂယက်များ မှေးမှိန်ပျောက်ကွယ်သွားစဉ် မန်ဟိုသည် ယခင်ရှိခဲ့သောနေရာမှာပင် ပျံဝဲရှိနေကြောင်း မြင်သာလာ၏။ သူကား နည်းနည်းလေးပင် ထိခိုက်သွားခြင်းမရှိသည့်အပြင် သူ့အမူအရာပင် မပြောင်းလဲခဲ့ပေ။ သူ့လက်မနှင့် လက်ညှိုးကြားတွင် ညှပ်ထားသည်မှာတော့ တုန်ခါနေသော ရွှေရောင်အလင်းတန်းတစ်တန်း ဖြစ်သည်။

"မင်းအကြွေး အခု နှစ်ဆဖြစ်သွားပြီ" သူက အေးစက်စက် ပြောလေသည်။ ထို့နောက် လက်မနှင့်လက်ညှိုးကို ဖိလိုက်ရာ ရွှေရောင်အလင်းတန်းသည် ခွမ်းခနဲ ကြေမွသွား၏။

ထိုက်ယန်ကျစ်မှာ အထိတ်တလန့်ဖြင့် နောက်သို့ယိမ်းယိုင်သွားရင်း သွေးတစ်ပွက်အန်လိုက်ရသည်။ သူသည် မန်ဟို သူ၏နတ်ဘုရားစွမ်းရည်ကို ခုခံနိုင်မည့်ဖြစ်နိုင်ခြေအတွက် စိတ်ကို ပြင်ဆင်ထားပြီးဖြစ်သော်လည်း လျှို့ဝှက်မှော်သိုင်းကွက်ကို ထုတ်လွှတ်ရန် သူ့ကိုယ်သူ အားအင်ကုန်ခမ်းသွားစေခဲ့ပြီးနောက်တွင်ပင် မန်ဟိုက ၎င်းကို လက်ချောင်းနှစ်ချောင်းတည်းဖြင့် အနိုင်ယူသွားလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။

***

All Chapters