ပညာရှင်ခြောက်ဦးအပြိုင် မန်ဟို
Vol. 71 Ch. 986
န၀မတောင်ပင်လယ်တစ်ခုလုံး အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်နေသည်။
မန်ဟိုနှင့် ထိုက်ယန်ကျစ်ကြားက တိုက်ပွဲကို စောင့်ကြည့်ခဲ့သော ကျင့်ကြံသူအားလုံး အလွန်အမင်း အံ့တုန်လှုပ်နေကြ၏။ ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူများလျှင် မန်ဟို့ကြောင့် အတန်ငယ် ထိတ်လန့်သွားရလေသည်။
လောလောဆယ်တွင် သူမည်မျှ အစွမ်းထက်သလဲနှင့်ပက်သက်ပြီး တစ်ယောက်မှ မသိကြပေ။
အဘယ့်ကြောင့်ဆိုသော် န၀မတောင်နှင့်ပင်လယ်တွင် မန်ဟိုကဲ့သို့ပုဂ္ဂိုလ်မျိုး တစ်ခါမှ မရှိခဲ့ဖူး၍ ဖြစ်သည်။ သူသည် တာအိုကို သူ့ဘာသာ ခိုင်မာစေခဲ့ပြီး အကြော (၁၂၃) အကြောကို ဖွင့်ပြီးနောက် အင်မော်တယ်ဝိညာဉ် (၃၃) ခုအား ဖော်ဆောင်ခဲ့လေသည်။
"သူက အင်မော်တယ်အကြောတွေ၊ အင်မော်တယ်ဝိညာဉ်တွေကိုတောင် မသုံးရသေးဘူး"
"သူက ထိုက်ယန်ကျစ်ကို သူ့ရဲ့ အပြင်အားကိုယ်စွမ်းအားနဲ့ပဲ တိုက်ခိုက်ခဲ့တာ"
"ငါ သိပြီထင်တယ်။ သူ့မှာ အစစ်အမှန်အင်မော်တယ်အပြင်အားကိုယ်ရယ် အင်မော်တယ်ဝိညာဉ်တွေရယ် ရှိပြီးတော့ အင်မော်တယ်ချီတွေက အားဖြည့်ပေးထားတဲ့အတွက်ကြောင့်မလို့ သူ့အပြင်အားကိုယ်က အင်မော်တယ်နယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်ရှိနေပြီထင်တယ်" တခဏ တိတ်ဆိတ်သွားပြီးနောက် စကားသံများ စတင် ထွက်လာသည်။ လူတိုင်းသည် မန်ဟို၏ ဖြုံစဖွယ် လျှို့ဝှက်ချက်များကြောင့် မှင်သက်နေကြလေသည်။
ထိုက်ယန်ကျစ်သည် မန်ဟို့ကို ခါးသီးစွာကြည့်ရင်း မျက်နှာဖြူဖျော့နေ၏။ သူက ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ပြီး ထွက်သွားတော့မည့်အချိန် ရုတ်တရက် ကြယ်တာရာကောင်းကင်တွင် နေရာရွှေ့ပြောင်းခြင်းမုခ်၀အမြောက်အမြား၏ အလင်းရောင်တို့ဖြင့် ပြည့်နှက်သွားသည်။
သို့သော် ဤတစ်ခေါက်တွင် နှစ်ခုက တစ်ပြိုင်တည်းဆိုသလို ပွင့်လာလေသည်။ နေရာရွေ့ပြောင်းခြင်းအလင်းရောင်တို့ ဖြာထွက်လာပြီး မကြာမီ လူများ ထပ်ရောက်ရှိလာ၏။
လူရိပ်နှစ်ခုက နေရာရွေ့ပြောင်းခြင်းမုခ်၀များထဲမှ ထွက်လာသည်။
တစ်ယောက်က စုန့်မျိုးနွယ်စု၏ တာအိုကလေး၊ အစစ်အမှန်ရွေးချယ်ခံ စုန့်လော့တန်ဖြစ်သည်။ တစ်ယောက် ကျောက်ခေတ်ဦးအင်မော်တယ်ဗိမ္မာန်မှ အစစ်အမှန်အင်မော်တယ်တစ်ဦး ဖြစ်သည်။ သူသည် ငယ်ရွယ်ပြီး အနီရောင်အိုးတစ်လုံးအား သူ့ကျောနောက်တွင် လွယ်ထားလေသည်။
အိုးက ရှည်ရှည်မြောမြောဖြစ်ရာ အလောင်းတစ်လောင်းအား ထည့်ထားသည်နှင့် တူစေသည်။
ဤသည်မှာ မန်ဟို တစ်ခါမှ မမြင်ခဲ့ဖူးသော လူတစ်ယောက်ဖြစ်၏။
"မန်ဟို" စုန့်လော့တန်၏ စွမ်းအားတို့မှာ ပေါ်လာလျှင်ချင်း ကြောက်မက်ဖွယ်ကောင်းစွာ ဖြာထွက်လာပြီး သူ၏ သူ၏ အင်မော်တယ်အကြောများကို ပုံမှန်ထက် အစွမ်းပိုထက်သွားစေပြီး အရပ်လေးမျက်နှာသို့ ဖြာထွက်သွားစေသော စုန့်မျိုးနွယ်စု၏ လျှို့ဝှက်သိုင်းကွက်ကို ထုတ်လွှတ်လိုက်၏။
ထိုက်ယန်ကျစ်နှင့် နည်းတူစွာ သူသည် အင်မော်တယ်အကြောများကို ၂၀ ရာခိုင်နှုန်းအထိ တိုးပွားလာစေရန် လျှို့ဝှက်မှော်ကျင့်စဉ်တစ်ခုကို အသုံးပြုနေလေသည်။ သူ့တွင် အကြော ၁၁၀ ထက်ပို၍ ရှိသွားသည့်အလားပင်။ ထိုမျှသာမက အင်မော်တယ်ဝိညာဉ် ၉ ခု သူ့အနောက်တွင် ပေါ်လာသည်။
သို့သော် လူတိုင်း စုန့်လော့တန် စွမ်းအားမြှင့်ခြင်း ပြီးဆုံးသွားပြီဟု ယူဆလိုက်သည့်အချိန်မှာပင် သူက ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်၏။ ချက်ချင်းပင် ၁၀ ခုမြောက်အင်မော်တယ်ဝိညာဉ်က သူ့အနောက်တွင် ပေါ်လာပြီး နောက်တစ်ခု ထပ်ပေါ်လာလေသည်။
စုစုပေါင်း အင်မော်တယ်ဝိညာဉ် ၁၁ ခုဖြင့် စုန့်လော့တန်၏။ စွမ်းအားတို့က ပေါက်ကွဲထွက်လာသည်။ သူက ညာလက်ကိုမြှောက်လိုက်ရာ ၎င်းအတွင်း၌ လှံရှည်တစ်လက် ပေါ်လာ၏။
လှံသည် အစိမ်းရောင်ဖြစ်ပြီး ရှေးဆန်မှုကို ထုတ်လွှတ်နေလေသည်။ ၎င်းပေါ်လာသည်နှင့်တစ်ပြိုင်နက် ကြယ်တာရာကောင်းကင်မှာ တုန်ခါသွား၏။
"မန်ဟို လာပြီး ငါ့ကို တိုက်စမ်း" စုန့်လော့တန်က လှံကု အားကုန်လွှဲလိုက်သည်။
တစ်ချိန်တည်းမှာပင် ကျောက်ခေတ်ဦးအင်မော်တယ်ဗိမ္မာန်မှ လူငယ်က တင်းမာခက်ထန်သော မျက်နှာထားဖြင့် တိတ်ဆိတ်စွာ ရပ်နေသည်။ သူက ရုတ်တရက် ညာလက်ကို မြှောက်လိုက်ရာ သူ့အနောက်ရှိ အိုးကြီးအား ပျံထွက်သွားစေသည်။ ၎င်းကိုပတ်ထားသော စက္ကူလိပ်များပြေသွားပြီး ခြောက်ကပ်နေသော အလောင်းတစ်လောင်းအား ဖော်ပြလိုက်၏။
အလောင်းမှာ လုံးလုံးလျားလျား ခြောက်သွေ့နေပြီး ရှေးဆန်သော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။ ဤသည်ကား ရှေးခေတ်မှ အလောင်းတစ်လောင်းကလွဲ၍ အခြားမဟုတ်ပေ။
ကျောက်ခေတ်ဦးအင်မော်တယ်ဗိမ္မာန်မှ လူငယ်က လျှာထိပ်ကို ကိုက်ပြီးနောက် သွေးတစ်ပွက် အန်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူက တင်ပျဉ်ခွေထိုင်လိုက်ပြီးနောက် မျက်လုံးများ မှိတ်လိုက်၏။ သူက သူ့နဖူးကို ဖိချလိုက်ရာ အတွင်းမှ အလင်းတန်းတစ်တန်း ထိုးထွက်သွားသည်။ သူ့သွေးနှင့်ပေါင်းစည်းပြီးနောက်တွင် ၎င်းသည် အလောင်းထဲသို့ ၀င်ရောက်သွားသော သွေးရောင်အလင်းတန်းတစ်တန်းအသွင် ပြောင်းလဲသွား၏။
အလောင်းတစ်ကိုယ်လုံး တုန်ရီနေစဉ် အသွေးအသားတို့မှာ ပြန်လည်ဖြစ်ပေါ်လာ၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းသည် သက်လက်ပိုင်းလူတစ်ယောက်အသွင်ပြောင်းသွားပြီး မျက်လုံးများအား ဖျက်ခနဲ ဖွင့်လိုက်၏။ သူ့ခန္ဓာကိုယ်မှာ ထစ်ချုန်းနေပြီး ချက်ချင်းပင် အင်မော်တယ်အကြောများ၏ အရှိန်အဝါက ပေါက်ကွဲထွက်လာသည်။
ဤသည်မှာ ရှေးဟောင်းအလောင်းတစ်လောင်းကို အသုံးပြုသော လျှို့ဝှက်မှော်ကျင့်စဉ်တစ်ခုလည်း ဖြစ်သည်။ မည်သည့် အင်မော်တယ်ဝိညာဉ်မှ ပေါ်မလာသော်လည်း ၎င်းတွင် အင်မော်တယ်အကြော ၁၂၀ နှင့်ညီမျှသော လှိုင်းငယ်များအား ထုတ်လွှတ်နေသည့် ကြောက်မက်ဖွယ်ဖိအားတစ်ခု ပါရှိ၏။ တစ်ချိန်တည်းမှာပင် အင်မော်တယ်နဂါးများ ပေါ်လာပြီး လေကိုခွင်း၍ ပျံဝဲနေကြ၏။
လူတိုင်းကား ဖြစ်ပျက်နေသောအရာကို မမှိတ်မသုန် စိုက်ကြည့်နေကြလေသည်။
"ဝိုး စုန့်လော့တန်ကို ကြည့်စမ်း။ သူက ထိုက်ယန်ကျစ်ထက်တောင် ပိုပြီး အစွမ်းထက်သေးတယ်။ သူလည်း သူ့မှော်သိုင်းကွက်ရဲ့ ဒုတိယအဆင့်အထိ ကျင့်ကြံထားတာပဲ။ ပထမအဆင့်ကတော့ သိပ်ပြီး မတိုးတက်လာခဲ့ဘဲ အင်မော်တယ်အကြောကို ၂၀ ရာခိုင်နှုန်းပဲ စွမ်းအားမြှင့်တင်ပေးနိုင်လဲ့ပေးမယ့် မယုံနိုင်လောက်အောင် အစွမ်းထက်နေတယ်"
"န၀မတောင်ပင်လယ်မှာရှိတဲ့ ဂိုဏ်းအားလုံးနဲ့ မျိုးနွယ်စုအားလုံးမှာ လျှို့ဝှက်မှော်ကျင့်စဉ်တွေ ရှိတယ်လို့ ငါကြားဖူးတယ်။ အဲ့ဒီ မှော်ကျင့်စဉ်တွေအားလုံးက အဆင့် ၃ ဆင့် ရှိတယ်။ ပထမအဆင့်က ပုံရိပ်ယောင်အင်မော်တယ်အကြောတွေကို ထပ်တိုးစေပြီး တစ်ခါတစ်လေကျရင် အကြောအစစ်တွေရဲ့ အရေအတွက် နှစ်ဆကိုတောင် တိုးသွားစေနိုင်တယ်။ ဒုတိယအဆင့်ကကျတော့ အင်မော်တယ်ဝိညာဉ်အရေအတွက်ကို တိုးပွားလာစေတာ။ နောက်ဆုံးအဆင့်ကတော့ ပုံရိပ်ယောင်ကို အစစ်အမှန်ဖြစ်စေလိုက်တာပဲ"
"ကျောက်ခေတ်ဦးအင်မော်တယ်ဗိမ္မာန်က ယွီချင်းလောင်လဲ သာမန်မဟုတ်ဘူး။ သူတို့ မှော်သိုင်းကွက်တွေက ရက်စက်ကြမ်းကြုတ်ပြီး ထူးခြားဆန်းပြားတယ်။ သူက ဒုတိယအဆင့်ကို မကျင့်ရသေးပေမယ့် ပထမအဆင့်ကို အောင်မြင်ထားတာကြောင့် သူ့စွမ်းအားကို ၂၀ ရာခိုင်နှုန်းအထိ တိုးတက်သွားစေပြီး အင်မော်တယ်အကြော ၁၂၀ နဲ့ ညီမျှသွားစေတယ်"
န၀မတောင်ပင်လယ် ကျင့်ကြံသူများ ဖြစ်ပျက်နေသည့် မြင်ကွင်းကို မှတ်ချက်ပြုနေကြသည့်အချိန်မှာပင် မန်ဟို၏ အသံက ကြယ်တာရာကောင်းကင်ကိုခွင်း၍ ပဲ့တင်ထပ်လာ၏။
"တန်တန်" သူက စုန့်လော့တန်ကို မွေးစားခွေးလေးတစ်ကောင်အား ခေါ်နေသည့်အလား ခေါ်လိုက်သည်။ "မင်းလည်း ငါ့ကို အကြွေးတင်နေတယ်နော်" သူက စု့န်လော့တန်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်၏။ သူ၏ အပြုအမူနှင့် စကားလုံးများက စီနီယာမျိုးဆက်တစ်ဦး ဆိုးသွမ်းသော အငယ်မျိုးဆက်တစ်ယောက်အား ဆုံးမနေသည်နှင့် တူလေသည်။
စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် စုန့်လော့တန်၏မျက်နှာမှာ ခရမ်းရောင်သမ်းသွားသည်။ မန်ဟို့အပေါ် ကြွေးတင်နေသည့် ကိစ္စမှာ သူ့တစ်ဘ၀လုံးတွင် အကြီးမားဆုံး အရှက်ကွဲရမှုကြီးဖြစ်၏။ သူက မာန်သွင်းဟိန်းဟောက်လိုက်ပြီး မန်ဟို့ထံသို့ တိုက်ရိုက်ပြေးတက်သွားသည်။
ထို့နောက် မန်ဟိုက ကျောက်ခေတ်ဦးအင်မော်တယ်ဗိမ္မာန်မှ လူငယ်ကို လှမ်းကြည့်ပြီး မျက်လုံးများက ထူးဆန်းစွာ တောက်ပသွား၏။
"ကျောက်ခေတ်ဦးအင်မော်တယ်ဗိမ္မာန်ကတစ်ယောက်မှ အခုထက်ထိ ငါ့ကို အကြွေးမတင်သေးဘူး။ ဒါပေမယ့် ငါ အဲဒီ့မှာ ရှောင်လော့ဆိုတဲ့ လူတစ်ယောက်ကိုတော့ သိထားတယ်"
စုန့်လော့တန် တိုက်ကွက်အား ထုတ်လွှတ်လိုက်သည့်အချိန်မှာပင် ကျောက်ခေတ်ဦးအင်မော်တယ်ဗိမ္မာန်မှ ယွီချင်းလောင်က အလောင်းအား ရှေ့သို့ ပို့လွှတ်လိုက်သည်။ ၎င်းသည် စွမ်းအားများကို ထုတ်လွှတ်လျက် စုန့်လော့တန်နှင့်အတူ တိုက်ခိုက်လိုက်၏။ နှစ်ယောက် တစ်ယောက်။
သူတို့သည် မယုံကြည်နိုင်ဖွယ်ရာ အမြန်နှုန်းဖြင့် လှုပ်ရှားကြသည်။ စုန့်လော့တန်၏ လှံက ကြယ်တာရာကောင်းကင်တွင် လှိုင်းဂယက်များ ဖြာထွက်သွားစေ၍ လေကို ခွင်းသွားကာ မန်ဟို့ထံ ထိုးစိုက်လိုက်၏။ တဘုန်းဘုန်း ပေါက်ကွဲသံများ အရပ်လေးမျက်နှာသို့ ပဲ့တင်ထပ်သွားသည်။
ရက်စက်သော အလင်းရောင်က မန်ဟို့မျက်လုံးများတွင် ပေါ်လာသည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတက်လိုက်ပြီး ရုတ်တရက် ကြယ်တာရာကောင်းကင်မှာ ကျုံ့သွားသည့်အလား ထင်ရ၏။ မျက်စိတစ်မှိတ်အတွင်း သူသည် စုန့်လော့တန်၏ အရှေ့သို့ ရောက်ရှိသွားပြီး ထပ်မံ၍ ညာလက်ကို မြှောက်ကာ ထိုးချလိုက်လေသည်။
ဘုန်း
လက်သီးကျရောက်သွားသောအခါ လှံမှာ အစိတ်စိတ်အမွှာမွှာ ကြေမွသွားပြီး စုန့်လော့တန်၏ ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ တစ်ဆက်တည်းမှာပင် သူ့အနောက်ရှိ အင်မော်တယ်ဝိညာဉ် ၁၁ ခုသည် ဧရာမတောင်ကြီး ၁၁ လုံး သဖွယ် မန်ဟိုအပေါ်သို့ တဝုန်း၀ုန်း ကျရောက်သွားသည်။ ထပ်မံ၍ မန်ဟို့လက်သီးက ပြေးထွက်သွားသည်။
ဘုန်း
လက်သီးသည် တောင် ၁၁ လုံးကို ဝင်ဆောင့်၍ ၎င်းတို့အား တုန်ခါသွားစေပြီးနောက် တဝုန်းဝုန်း ပေါက်သွားသည်။ မန်ဟိုလက်သီးတစ်ချက်က ၎င်းတို့ကို မြက်ခြောက်များသဖွယ် အရှင်းဖျက်ဆီး ပစ်လိုက်လေသည်။ ထို့နောက် ၎င်းက စုန့်လော့တန်၏ ရင်ဘတ်ကို ၀င်ဆောင့်သွား၏။
စုန့်လော့တန်က အင့်ခနဲ ညည်းလိုက်သည်။ သူသည် ပါးစပ်များ သွေးများပန်းထွက်ရင်း ဒလိမ့်ခေါက်ကွေး လိမ့်ထွက်သွား၏။
တစ်ဆက်တည်းမှာပင် မန်ဟိုသည် လာနေသော ရှေးဟောင်းဝိညာဉ်ကို မျက်နှာမူကာ မျက်လုံးများ မီး၀င်းဝင်းတောက်သွားသည်။ သူ၏ အကြည့်က ရှေးဟောင်းအလောင်း၏ စွမ်းအားကို ရင်ဆိုင်လိုက်သော လျှပ်စီးအလားပင်။
ထို့နောက် သူက နောက်ထပ်လက်သီးတစ်လုံး ပစ်လွှတ်လိုက်သည်။
ဘုံးခနဲ အသံကြီးတစ်သံ ကြားလိုက်ရ၏။ မန်ဟိုသည် စုန့်လော့တန်နှင့်တုန်းက အတန်ငယ် ညှာခဲ့သော်လည်း ကျောက်ခေတ်ဦးအင်မော်တယ်ဗိမ္မာန်မှ လူငယ်က သူ့အပေါ် အကြွေးမတင်ထားသူဖြစ်ရာ သူ လက်သီးထိုးလိုက်သောအခါ သူ၏ အပြင်အားကိုယ်စွမ်းအားအပြည့်အ၀အား ၎င်းထဲသို့ ထည့်သွင်းလိုက်သည်။ ရှေးဟောင်းအလောင်းတွင် အကြော (၁၂၀) နှင့် ညီမျှသော အင်မော်တယ်စွမ်းအား ပါရှိပါသော်လည်း ၎င်းမှာ ချက်ချင်း ပေါက်ကွဲသွားပြီးနောက် ရစရာမရှိအောင် ပျက်စီးသွားတော့သည်။
အလောင်းပေါက်ကွဲသွားသည့် အခိုက်အတန့်တွင် ယွီချင်းလောင်မှာ သွေးတစ်ပွက် အန်လိုက်ရသည်။ သူ့မျက်လုံးများက ဖျက်ခနဲ ပွင့်လာပြီး ၎င်းတို့တွင် အံ့ဩထိတ်လန့်မှုတို့ ပြည့်နှက်နေလေသည်။
"အစွမ်းထက်လွန်းတယ်"
တစ်ချိန်တည်းမှာပင် …
နေရာရွေ့ပြောင်းခြင်းမုခ်၀ ၃ ခုသည် သူတို့ ပတ်ပတ်လည်တွင် တဖြတ်ဖြတ် လက်လာ၏။ အကန့်အသတ်မရှိသော အလင်းရောင်တို့ တောက်ပလာပြီး လှိုင်းဂယက်များက ကြယ်တာရာကောင်းကင်တွင် ဖြာထွက်သွားသည်။
နေရာရွေ့ပြောင်းခြင်းမုခ်၀ထဲမှ အရိပ်သုံးခုက တခဏလေးပင် မရပ်နားဘဲ အမြန်ဆုံးအရှိန်ဖြင့် မန်ဟို့ထံ ဦးတည်လာကြလေသည်။
တစ်ယောက်က ၀မ်မုဖြစ်သည်။
၀မ်မျိုးနွယ်စု၏ ရွေးချယ်ခံတစ်ဦးအနေဖြင့် ဤသည်မှာ သူနှင့် မန်ဟို ပထမဦးဆုံး တိုက်ခိုက်ဖူးသည့်အကြိမ် မဟုတ်ပေ။ သူသည် ဤရွေးချယ်ခံများအနက် အငယ်ဆုံးဖြစ်သော်လည်း သူ၏ ရည်မှန်းချက်များက အများစုထက် သာလွန်၏။
"မန်ဟို" သူက ဟိန်းဟောက်လိုက်သည်။ သူ ပျံထွက်လာစဉ် ထူးဆန်းသော အရှိန်အဝါတစ်ခု ပေါ်ထွက်လာသည်။ သူ၏ အင်မော်တယ်အကြောများမှ လျှို့ဝှက်မှော်ကျင့်စဉ်၏ လှိုင်းဂယက်များကို ထုတ်လွှတ်နေသည်နှင့်အမျှ သူ့စွမ်းအားတို့သည် မြင့်တက်လာ၏။ သူ မန်ဟို့ထံသို့ လက်ညှိုးထိုးလိုက်စဉ် သူ၏ စွမ်းအားအလုံးစုံက သူ၏ လက်ညှိုးပေါ်တွင် စုဆုံသွားသည်။
ဒုတိယပျံထွက်လာသူမှာ အမွှေ့နံ့သာအစည်းအရုံးမှ ရှဲ့ရီရှန်းဖြစ်သည်။
တာအိုဆရာအစည်းအရုံးသုံးခု၏ နတ်မီးလျှံစမ်းသပ်ပွဲတွင် ရှဲ့ရီရှန်း၏ စွမ်းအားသည် အတော်များများ၏ အာရုံကို စွဲဆောင်ခဲ့၏။ သူသည် ထိပ်ဆုံးလေးယောက်အတွင်း ပါ၀င်ခဲ့သော ရွေးချယ်ခံတစ်ဦးဖြစ်သည်။ သူ မန်ဟို့အနားတွင် ပေါ်လာသည့်တစ်ပြိုင်နက် မြူများက သူ့ကို ရစ်သိုင်းသွားပြီး သူ၏ ကိုယ်ပိုင်နိုင်ငံကဲ့သို့သော ဧရိယာတစ်ခုကို ဖန်ဆင်းလိုက်သည်။
"ဖန်မု" ရှဲ့ရီရှန်း၏မျက်လုံးများသည် တိုက်ခိုက်လိုစိတ်တို့ဖြင့် တောက်ပနေပြီး သူ၏ အင်မော်တယ်အကြောများက လျှို့ဝှက်မှော်ကျင့်စဉ်တို့၏ စွမ်းအင်အပြည့်အ၀ဖြင့် ပေါက်ကွဲထွက်လာသည်။
နောက်ဆုံးပေါ်လာသူမှာတော့ အထွတ်အမြတ်မြေငါးမြေ၏ မီးနတ်ဆိုးအရိုးများမြေမှ ချန်ဟိုဖြစ်သည်။
သူ နေရာရွေ့ပြောင်းခြင်းမုခ်၀အတွင်းမှ ထွက်လာလျှင်ချင်း မီးပင်လယ်တစ်စင်းက သူ့ပတ်ပတ်လည်တွင် တဟုန်းဟုန်းတောက်လာသည်။ ၎င်းသည် ဟိန်းဟောက်လှည့်ပတ်ရင်း သူ့ကို ခြံရံထားသော မီးနဂါးအကောင်တစ်ရာကျော်အဖြစ် လျင်မြန်စွာ အသွင်ပြောင်းသွားသည်။ သူ့အနောက်တွင် ဧရာမ မီးဘီလူးကြီးများသဖွယ် အင်မော်တယ်ဝိညာဉ် ၁၂ ကောင်က ပေါ်လာ၏။
လူသုံးယောက်သည် တစ်ပြိုင်တည်း ပူးပေါင်း၍ မန်ဟို့အား တစ်ဆက်တည်း တိုက်ခိုက်လိုက်ကြလေသည်။
တစ်ချိန်တည်းမှာပင် စုန့်လော့တန်က သူ၏ဒဏ်ရာများကို လျစ်လျူရှု၍ အံတင်းတင်းကြိတ်ပြီး ထပ်မံတိုက်ခိုက်လိုက်သည်။ သူ့ဘေးရှိ ထိုက်ယန်ကျစ်၏ မျက်လုံးများမှာ ခိုင်မာပြတ်သားမှုတို့ဖြင့် တောက်ပလာ၏။ ဤလူအားလုံးမှာ ရွေးချယ်ခံများဖြစ်သော်လည်း မန်ဟိုမှာ အလွန်တရာ အစွမ်းထက်လွန်း၍ သူ့ကို တိုက်ခိုက်ရန် ပူးပေါင်းကြရုံမှတစ်ပါး အခြားမရှိတော့ပေ။
"ငါ သူ့ကို တစ်ကြိမ်ပဲ အနိုင်ယူဖို့လိုတာ။ တစ်ကြိမ်လေးပဲ" ထိုက်ယန်ကျစ်က ဟိန်းဟောက်ရင်း ရှေ့တက်သွားသည်။
ထို့နောက် ယွီချင်းလောင်၏မျက်နှာတွင် အမျိုးမျိုးသော ခံစားချက်များ ဖြတ်ပြေးသွား၏။ သူ၏ ရှေးဟောင်းအလောင်းမှာ ဖျက်ဆီးခံလိုက်ရသော်လည်း သူ့ဘာသာသူ တိုက်ခိုက်နိုင်သေးလေသည်။ သူလည်း ခန္ဓာကိုယ်မှ သေခြင်းအငွေ့အသက်တို့ ထုတ်လွှတ်၍ အင်မော်တယ်အကြောများ၏ စွမ်းအားများကို ထုတ်ဖော်လျက် မန်ဟို့ထံ ပြေးတက်သွား၏။
ကျင့်ကြံသူခြောက်ယောက်ကား တိုက်ခိုက်ရန် ပူးပေါင်းလိုက်ကြလေပြီ။
ကြယ်တာရာကောင်းကင်မှ အရောင်အဝါတို့ဖြင့် ပြိုးပြိုးပြက်ပြက် လက်နေသည်။ ပရိသတ်ကျင့်ကြံသူများမှာ ကြည့်ရင်း အသက်ရှုဖို့ရန်ပင် မေ့မြော့နေကြလေသည်။ န၀မတောင်ပင်လယ်၏ အစစ်အမှန်အင်မော်တယ်များ သမိုင်းတစ်လျှောက်တွင် အစွမ်းထက်သောသူများ တစ်ခါမှ မပေါ်လာခဲ့ဖူးခြင်း မဟုတ်ပါသော်လည်း ကျန်ရွေးချယ်ခံများကို အပြတ်အသတ် အနိုင်ယူသွားသော လျှမ်းလျှမ်းတောက် ပုဂ္ဂိုလ်မျိုးကား မည်သည့်မျိုးဆက်တွင်မှ မရှိခဲ့ဖူးပေ။
မန်ဟို့မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ဤအခိုက်အတန့်တွင် သူပင်လျှင် အလေးအနက်ထားရန် တွေးလာ၏။ သူ၏ ပြိုင်ဘက်ခြောက်ယောက်တွင် အကြော ၉၀ ကျော်ရှိပြီး အကုန်လုံးက လျှို့ဝှက်မှော်ကျင့်စဉ်များကို သုံးထားကြလေသည်။ ဤလူများသည် သူတို့၏ သက်ဆိုင်ဂိုဏ်းနှင့် မျိုးနွယ်စုများမှ နှစ်ပေါင်းများစွာ ထိန်းကျောင်းပေးခဲ့သူများဖြစ်ပြီး သူတို့၏အနာဂတ် ဖြစ်သည်။
သူတို့အားလုံးက သူတို့ဂိုဏ်းနှင့်မျိုးနွယ်စုများ၏ တာအိုကလေးများဖြစ်ကြပြီး မန်ဟိုသာ ပေါ်မလာခဲ့လျှင် ထင်ရှားကျော်ကြားနေကြမှာ ဖြစ်သည်။
"စိတ်၀င်စားစရာပဲ" မန်ဟိုက ပြောသည်။ သူ၏မျက်လုံးများတွင် တိုက်ခိုက်လိုစိတ်နှင့် သူမည်မျှအစွမ်းထက်သည်လဲ သိချင်စိတ်တို့ဖြင့် ပြည့်နှက်နေ၏။
"အင်မော်တယ်အကြောရဲ့ စွမ်းအားတွေ" သူက တွေးသည်။ သူ၏ ခန္ဓာကိုယ်မှ တဝုန်းဝုန်းမြည်သံ (၁၂၃) သံအား ထုတ်လွှတ်လိုက်ပြီး အသံတစ်သံစီသည် သူ၏ အင်မော်တယ်အကြောတစ်ကြောစီ၏ အသက်၀င်မှုကို ကိုယ်စားပြုသည်။
"ငါလည်း ဒီနဝမတောင်ပင်လယ်ရဲ့ အစစ်အမှန်အင်မော်တယ်ရွေးချယ်ခံအားလုံးကို ပြန်တိုက်ခိုက်နိုင်မလား သိချင်တယ်" သူ၏ ခန္ဓာကိုယ်က ဝုန်းခနဲ အစွမ်းထက်သော လွှမ်းမိုးကြီးစိုးသည့် အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။
သူသည် သူ၏ ပြိုင်ဘက်ခြောက်ယောက် အနားရောက်လာမည်ကို မစောင့်ပေ။ သူ၏ ခန္ဓာကိုယ်က သူတို့ထံ ရိပ်ခနဲ ပြေး၀င်သွားလေသည်။
တိုက်ခိုက်ဖို့ အချိန်ကျလေပြီ။
***