← Chapters

မန်ဟို၏ ရည်မှန်းချက်

Vol. 71 Ch. 987

မန်ဟို၏ ရည်မှန်းချက်

Vol. 71 Ch. 987

သို့သော် မန်ဟို ရှေ့တက်လိုက်သည့်အခိုက်အတန့်တွင် သူ၏ပြိုင်ဘက်ခြောက်ဦးထံမှ စွမ်းအားများက ပို၍မြင့်တက်သွား၏။ သူတို့သည် သူ့ထံ တိုက်ရိုက်ပြေးဝင်လာသော အလင်းတန်းများအသွင်ပြောင်းသွားလေပြီ။ ဝမ်မုမှာမူ ရုတ်တရက် မျက်လုံးများ ထူးဆန်းစွာ တောက်ပသွားပြီး ရူးသွပ်သွားသည့်အလား လှိုင်းဂယက်များအား ကြယ်တာရာကောင်းကင်သို့ ဖြာထွက်သွားစေသည်။

သူသည် ရုတ်တရက် ညာလက်ကို မြှောက်လိုက်ပြီး မှုန်ဝါးဝါးအလင်းရောင်တစ်ရောင်က သူ၏ဝိညာဉ်နှင့်အသက်စွမ်းအားကို စုပ်ယူရင်း ပေါ်လာသည်။ ၎င်းသည် .. ကျွမ်းကျင်တတ်မြောက်ဖို့ မယုံနိုင်လောက်အောင် ခက်သော ဝမ်မျိုးနွယ်စု၏ နက်နဲသော တာအိုမှော်သိုင်းကွက်တစ်ကွက် အသွင်ပြောင်းသွား၏။

"ရပ်လိုက်စမ်း" ဝမ်မုက ဟိန်းဟောက်လိုက်သည်။ သူ့လက်သည်းထိပ်က ကြယ်တာရာကောင်းကင်ကို စုတ်ဖြဲကာ လှိုင်းအကုန်လုံးအား တုံ့ခနဲ ရပ်သွားစေသည်။ ‌ကြောက်မက်ဖွယ်စွမ်းအားတစ်ရပ်သည် မမြင်ရသော ကြိုးများအသွင်ပြောင်းရင်း မန်ဟို့ကို ချက်ချင်း ရစ်ပတ်တုပ်နှောင်၍ မလှုပ်နိုင်အောင် လုပ်လိုက်သည်။

သူ့မှာ မလှုပ်နိုင်တော့သော်လည်း ၎င်းက သူ၏ခန္ဓာကိုယ်ပြုစားခြင်း အဋ္ဌမန္တန်နှင့် မတူပေ။ အချိန်ရပ်တန့်သွားသကဲ့သို့ ၊ မန်ဟို့ခန္ဓာကိုယ်မှာ ထာဝရရပ်တန့်သွားသကဲ့သို့ဖြစ်သည်။

ဖြစ်ပျက်နေသော မြင်ကွင်းက လူတိုင်းကို လုံးလုံးလျားလျား အံ့အားသင့်သွားစေသည်။

သို့သော် မည်သူမှပင် မတုံ့ပြန်နိုင်ခင် ဝမ်မုအပါအဝင် တိုက်ခိုက်သူခြောက်ယောက်သည် ဓားချွန်ချွန်ခြောက်လက်သဖွယ် ပြောင်းလဲသွား၏။ သူတို့၏မျက်လုံးများသည် တိုက်ခိုက်လိုသောအာသီသတို့ဖြင့် တဖျပ်ဖျပ် လက်နေပြီး သူတို့က ရှိသမျှစွမ်းအားအလုံးစုံဖြင့် မန်ဟို့ကို တိုက်ခိုက်လိုက်ကြသည်။

ဝမ်မုမှာ အဆများစွာ အားနည်းသွားခဲ့သော်ငြား အားမာန်အပြည့်ဖြင့် တိုက်ခိုက်နေသေး၏။ သူက ညာလက်ကို မြှောက်လိုက်ပြီး ပုံရိပ်ယောင်လက်ချောင်းတစ်ချောင်း အကောင်အထည်ဖြစ်တည်လာသည်။ (ဝမ်လင်းရဲ့တိုက်ကွက်တွေပါ)

"ဝမ်ခေါင်းဆောင်ကြီးလက်ချောင်းတိုက်ကွက်" ဂျိန်းခနဲ ၊ ဧရာမပုံရိပ်ယောင်လက်ချောင်းကြီးက ကြယ်တာရာကောင်းကင်ကို အစားထိုး၍ မန်ဟို့အပေါ် ကျဆင်းလာသည်။ စွမ်းအင်များ ပြိုးပြိုးပြက်ပြက် တောက်ပလာရာ အရာအားလုံးမှာ ပြာကျတော့မည့်အလားဖြစ်လာ၏။

ရှဲရီရှန်း၏ အမွှေးနံ့သာအရှိန်အဝါက သူ၏ကိုယ်ပိုင်နိုင်ငံနှင့် ကမ္ဘာအား ဖန်ဆင်းပေးရင်း တဖွေးဖွေး လှုပ်လာသည်။ သူသည် အင်မော်တယ်အကြောများ၏ စွမ်းအားကို အသုံးပြုရင်း အမွေးနံ့သာကမ္ဘာကို အားဖြည့်ကာ သူ၏ကိုယ်ပိုင်နိုင်ငံအား ဖန်ဆင်းလိုက်၏။ ၎င်းက မန်ဟို့အပေါ် ထိုးဆင်းလာသော မရေမတွက်နိုင်သည့် ပုံရိပ်များအသွင်ပြောင်းသွားလေပြီ။

ချန်ဟိုက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ၏ အင်မော်တယ်အကြောများမှ စွမ်းအားများ ထွက်ပေါ်လာသဖြင့် မီးတောက်များက သူ့ကို ဝန်းရံသွားသည်။ သူ၏မီးနဂါးများသည် သက်ရှိသတ္တဝါအားလုံးကို ဝါးမြိုတော့မည့်အလား ပါးစပ်ကြီးဟထားသော ဧရာမနဂါးခေါင်းကြီးတစ်ခေါင်းအသွင်ပြောင်းသွား၏။

ထိုက်ယန်ကျစ်က သူ့တွင် ရှိရှိသမျှ အရာအားလုံးကို ထုတ်လွှတ်လိုက်သည်။ သူသည် သွေးအန်ကာ နေကိုးစင်းအား သူ့အရှေ့တွင် ပေါ်လာစေ၍ တစ်စင်းနှင့်တစ်စင်း ထပ်စေပြီးနောက် ‌သေစေနိုင်သောအားကြီးဖြင့် ပြေးထွက်သွားသော ဧရာမနေကြီးတစ်စင်းအသွင်ပြောင်းသွားသည်။

စုန့်လောတန်၏စွမ်းအားများလည်း တဟုန်ထိုး မြင့်တက်လာသည်။ တဖြေးဖြေး တာအိုတစ်ခုလည်းဖြစ်သော စုန့်မျိုးနွယ်စု ဓားသွားတစ်ခုက သူ့ ခေါင်းထက်တွင် ပေါ်လာ၏။ ခမ်းနားသော ဓားသွားကြီးသည် ကောင်းကင်တာအိုတစ်ပါး ရောက်ရှိလာသကဲ့သို့ အောက်သို့ ပိုင်းချလိုက်လေပြီ။

နောက်ဆုံး‌တစ်ယောက်ကတော့ ယွီချင်းလောင်။ သူက မည်သည့်အရာကို မခြွင်းချန်ဘဲ သူ့ကိုယ်သူ ရှေးဟောင်းအလောင်းတစ်လောင်းအသွင်ပြောင်းလိုက်သဖြင့် တစ်ကိုယ်လုံး တောင့်တင်းသွား၏။ ဘဝပြန်ဝင်စားခြင်းအရှိန်အဝါသည် အလောင်းအပ်တစ်အပ်အသွင် ဆောင်ယူရင်း မယုံနိုင်ဖွယ်စွမ်းအားတို့ဖြင့် ပေါက်ကွဲထွက်လာသည်။

အပ်က လေကို ခွင်း၍ မန်ဟို့နဖူးထံ တိုက်ရိုက်ပြေးဝင်သွားသည်။

နဝမတောင်ပင်လယ်မှာ လုံးလုံးလျားလျား တုန်လှုပ်သွား၏။ လူတိုင်းသည် ဖြစ်ပျက်နေသော မြင်ကွင်းကို စိတ်နှလုံးချာချာလည်လျက် ကြည့်နေကြ၏။ စောစောက သူတို့မှာ မန်ဟို၏လက်သီးတစ်ချက်က ရွေးချယ်ခံများကို အနိုင်ယူခဲ့သည့်အတွက် အံ့ဩမှင်သက်ခဲ့ကြရပြီး ယင်းကြောင့် အစစ်အမှန်အင်မော်တယ်ရွေးချယ်ခံများကို အထင်မသေးဘဲ မနေမိပေ။ သို့သော် ဤရွေးချယ်ခံတစ်ဦးတစ်ယောက်ချင်းစီမှာ အရာအားလုံးကို ကိုင်လှုပ်နိုင်သော လျှမ်းလျှမ်းတောက်နေများဖြစ်နိုင်ကြောင်း တွေ့လိုက်ရလေပြီ။

ယခုတွင် သူတို့ခြောက်‌ယောက်က ပူးပေါင်းကား ကမ္ဘာမြေတုန်ဟည်း၍ မိုးကောင်းကင်ယိမ်းခါလှုပ်သွားစေသော တိုက်ကွက်တစ်ကွက်အား ထုတ်လွှတ်လိုက်ကြသည်။

"မန်ဟိုတော့ ရှုံးတော့မယ်"

မျက်စိတစ်မှိတ်အတွင်း သူတို့က မန်ဟို့ကို ဝိုင်းလိုက်ကြသည်။ ‌သို့သော် ဤအခိုက်အတန့်တွင် .... ပြင်းထန်သောထစ်ချုန်းသံများက မန်ဟို့ကိုယ်အတွင်းမှ ပဲ့တင်ထပ်လာသည်။ ၎င်းတို့က လျှပ်စီးမိုးကြိုးများသဖွယ် ပြိုးပြိုးပြက်ပြက်လက်လျက် တရစပ် ထစ်ချုန်းနေသည်။ ဂျိန်း ၊ ဂျိန်း ၊ ဂျိန်း ၊ ဂျိန်း ၊ ဂျိန်း ...

အံ့ဩဖွယ်ကောင်းစွာနှင့် ထိုကဲ့သံအသံတစ်ရာတိတိ ပဲ့တင်ထပ်လာလေသည်။

အသံတစ်ရာက အင်မော်တယ်အကြော (၁၀၀) ၏စွမ်းအားကို ကိုယ်စားပြုသည်။ ရုတ်ခြည်းပင် ဝမ်မျိုးနွယ်စု၏ ထူးဆန်းသော ရပ်တန့်သိုင်းကွက်ပျက်စီးသွားသည်။

၎င်း ပျက်စီးသွားသဖြင့် ဝမ်မုမှာ သွေးတစ်ပွက် အန်လိုက်ရသည်။ သူ့တစ်ကိုယ်လုံးမှာ အတွင်းရောအပြင်ရော ဓားများနှင့် မွှန်းခြစ်ခံလိုက်ရသလို ခံစားလိုက်ရ၏။ သူ့မျက်နှာထားမှာ ထိတ်လန့်တုန်လှုပ်နေသော ပုံစံဖြစ်သည်။ သူသည် သူနှင့်မျိုးဆက်တူတစ်ယောက်ထံမှ ထိုမျှပြင်းထန်သော တန်ပြန်သက်ရောက်မှုကို တစ်ခါမှ မခံစာစခဲ့ရဖူးပေ။

မန်ဟိုကမူ မျက်လုံးအားလုံး သူ့အပေါ် ကျရောက်နေစဉ် တဂျိန်းဂျိန်း ထစ်ချုန်းသံများ ဆက်တိုက်မြည်ဟည်း‌လာသည်။ အင်မော်တယ်အကြောတစ်ကြောပြီး တစ်ကြော၏စွမ်းအားများ ပေါ်ထွက်လာသည်နှင့်အမျှ မန်ဟို၏စွမ်းအားသည် တဟုန်ထိုး မြင့်တက်နေတော့သည်။

"ကဲ အခု ငါ့အလှည့်" သူက မျက်လုံးများ သွေးအေးစွာ တောက်ပနေလျက် ပြောသည်။ စောစောက ဝမ်မျိုးနွယ်စု၏ မှော်သိုင်းကွက်က သူ့အား တုန်လှုပ်စေခဲ့သည်။ ယခုတွင် သူ၏မျက်လုံးများမှာ ‌အေးစက်မှုတို့ဖြင့် ပြည့်နှက်နေလေပြီ။ သူ့ခန္ဓာကိုယ်က ရိပ်ခနဲ ရှဲ့ရီရှန်း၏အရှေ့တည့်တည့်တွင် ပြန်ပေါ်လာ၏။ ထုံးစံအတိုင်း သူက ညာလက်ကို ဆုပ်၍ လက်သီးထိုးချလိုက်သည်။

လက်သီးက ရှဲ့ရီရှန်း၏ ပါးစပ်မှ သွေးများ ပန်းထွက်သွားစေသည်။ သူ၏အမွေးနံ့သာကမ္ဘာ၊ သူ၏ကိုယ်ပိုင်နိုင်ငံမှာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားပြီး သူ့မှာ ဒလိမ့်ခေါက်ခွေး လွင့်ထွက်သွားတော့သည်။

ဒုတိယလက်သီးချက်က ချန်ဟို၏အရှေ့သို့ ကျရောက်လာသည်။ သူ့ကို ဝန်းရံထားသော မီးတောက်များမှာ ရုတ်တရက် လေကြမ်းကြမ်းတိုက်ခတ်လိုက်မှုကြောင့် ငြိမ်းသွား၏။ ကြောက်မက်ဖွယ် နဂါးခေါင်းကြီးပေါက်ကွဲသွားရာ ချန်ဟိုမှာ လက်မခံနိုင်သဖြင့် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သို့သော် သူ့မှာ သူ့ပါးစပ်မှ သွေးများပန်းထွက်မသွားအောင် မဟန့်တားနိုင်ပေ။

တတိယလက်သီးချက်က ဝမ်မုထံ ကျရောက်လာသည်။ မန်ဟိုမှာ ဝမ်မျိုးနွယ်စုနှင့်ပတ်သက်၍ အတော်လေး ရှုပ်ထွေးသော ခံစားချက်များ ရှိ၏။ သို့သော် သူတို့၏နတ်ဘုရားစွမ်းရည်ကိုလည်း ကြောက်လေသည်။ သူ့လက်သီး လက်ချောင်းတိုက်ကွက်နှင့် ထိသွားသောအခါ အလွန်ကြီးမားသောပေါက်ကွဲမှုကြီး ဖြစ်ပေါ်သွားသည်။ လက်ချောင်းတိုက်ကွက်မှာ ပျက်စီးသွားပြီး ဝမ်မုသည် သွေးတစ်ပွက်အန်၍ သတိလစ်သွားတော့၏။

လက်သီးလေးချက်၊ ငါးချက်၊ ခြောက်ချက်။

စုန့်လော့တန်တစ်ကိုယ်လုံး သွေးသံရဲရဲ စိုရွှဲနေသည်။ ထိုက်ယန်ကျစ်၏ရင်ဘတ်မှာ ချိုင့်ဝင်သွားပြီး သေလုမြောပါး ဖြစ်သွားသည်။ ကျောက်ခေတ်ဦးအင်မော်တယ်ဗိမာန်မှ ယွီချင်းလောင်လည်း သူ့အပ် ပြာကျသွားသည်ကို မြင်လိုက်ရသည်။ သူ့မျက်နှာဖြူလျော့သွားစဉ် မန်ဟို့လက်သီးက သူ့အား ပေါက်ကွဲတော့ခါနီး ဖြစ်သွားစေသည်။ အဆုံးသတ်တွင် သူ့မှာ သတိလစ်သွားတော့၏။

မန်ဟိုက သူတို့တစ်ယောက်ကိုမှ မသတ်ပေ။ သူသည် သူတို့နှင့် ရန်ငြိုးမရှိသည့်အပြင် အစစ်အမှန်ရွေးချယ်ခံများအနေဖြင့် သူတို့၏တာအိုများကြောင့် ဤတိုက်ပွဲကို တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိ၏။

လက်သီးခြောက်‌ချက်။ ရန်သူခြောက်ယောက်မှာ အပြတ်သတ် ရှုံးနိမ့်သွားသည်။ မန်ဟိုသည် ဆံပင်များ ပျံ့လွင့်နေလျက် ကြယ်တာရာကောင်းကင်ထဲတွင် ပျံဝဲနေသည်။ သူ့ကိုယ်ထဲမှ ထစ်ချုန်းသံများသည် စုစုပေါင်း (၁၂၃) သံဖြစ်လာသည့်တိုင်အောင် မြည်ဟည်းလာကာ မန်ဟို့အကြောများ၏စွမ်းအားအပြည့်အဝ ပေါ်ထွက်လာပြီဖြစ်ကြောင်း ဖော်ပြလိုက်၏။

"အစွမ်းထက်လိုက်တာ"

"အင်မော်တယ်နယ်ပယ်ပါရာဂွန်" တအံ့တဩ ဟစ်ကြွေးသံများအား ‌နဝ‌မတောင်ပင်လယ်တစ်ဝန်း ကြားလိုက်ရသည်။ မန်ဟို၏လက်ရှိအတိုက်အခိုက်စွမ်းရည်က လူတိုင်းအား အံ့ဩမှင်သက်သွားစေ၏။

မရေမတွက်နိုင်သော လူများကား ကြယ်တာရာကောင်းကင်ထဲရှိ ဤတိုက်ပွဲကို အနီးကပ် ကြည့်ရှုနေကြလေသည်။ ၎င်းသည် ဂိုဏ်းအမျိုးမျိုးနှင့် ‌မျိုးနွယ်စုအသီးသီး၏ အနာဂတ်ကို ဆုံးဖြတ်ပေးမည့် ရွေးချယ်ခံများ၏ တိုက်ပွဲ၊ အစစ်အမှန်အင်မော်တယ်များ၏ တိုက်ပွဲဖြစ်သည်။

မသိလိုက်သော အချိန်တစ်ချိန်တွင် အနန္တကြယ်တာရာကောင်းကင်ထဲတွင် ထူးဆန်းစွာနှင့် သာမန်ဖြစ်နေသော သင်္ဘောတစ်စင်းပေါ်လာ၏။ ကျီမျိုးနွယ်စုပင်လျှင် ၎င်း၏ဖြစ်တည်မှုကို မသိရှိပေ။

သင်္ဘောပေါ်တွင် အဘိုးကြီးတစ်ဦးထိုင်နေပြီး သူ့ဘေးတွင် မန်ဟို ရွေးချယ်ခံများနှင့် တိုက်ခိုက်နေသော ပုံရိပ်ကို ဖော်ပြနေသည့် ပုံရိပ်ယောင်မှန်သားပြင်အား မျက်မှောင်ကြုတ်ကြည့်နေသော လူငယ်တစ်ဦးရှိသည်။

"သူတို့ ဘာလို့ သူ့ကို တိုက်ခိုက်နေတာလဲ" လူငယ်က မေးသည်။ "သူရဲ့ပြိုင်ဘက်မဟုတ်တာလည်း သိကြရဲ့သားနဲ့။ ဘာတို့တိုက်ခိုက်နေသေးတာတုန်း။ နဝမတောင်နဲ့ပင်လယ်ရဲ့ရွေးချယ်ခံတွေက ကိုယ့်ကိုယ်ကို အထင်ကြီးနေတာလားလား။ ကျုပ်သာဆို နောက်မှ ထင်ရှားကျော်ကြားလာအောင် ကြိတ်ကြိုးစားမှာ။ ကြည့်ရတာ နဝမတောင်ပင်လယ်က ဒီလူတွေက ဘာမှမဟုတ်ဘူး။ အကုန်လုံး ပိန်းတိန်းနေတာပဲ အရူးတွေ"

"ဘာကြောင့်လဲဆိုတော့ ... သူတို့က ရွေးချယ်ခံတွေမလို့ပဲ" အဘိုးကြီးက ‌တိုးညှင်းစွာ ပြန်ဖြေသည်။ "အရှုံးကို လက်ခံနိုင်တယ်။ မယှဉ်နိုင်ဘူးဆိုတာ သူတို့ လက်ခံနိုင်ကြတယ်။ ဒါပေမဲ့ တိုက်ခိုက်ရဲတဲ့ သတ္တိမရှိရင် ၊ ဓားတောင် မဆွဲထုတ်ရဲရင် ... ဒီဖန်ဟိုဆိုတဲ့ ကောင်လေးကို လက်ထိပ်လေးနဲ့တောင် တို့နိုင်ကြတော့မှာမဟုတ်ဘူး

"သူတို့က အခု အင်မော်တယ်နယ်ပယ်မှာ။ ကွာခြားမှုက ကြီးမားနေပါစေ၊ သူတို့ အခု မတိုက်ခိုက်ရင် ... နောက်ကျ အဲဒီကွာခြားမှုက ပိုလို့တောင် ကြီးမားသွားလိမ့်မယ်။ တစ်သက်လုံး တိုက်ခိုက်ရဲတဲ့ သတ္တိရှိတော့မှ မဟုတ်ဘူး" အဘိုးကြီးက အရက်ခွက်ကို ကောက်၍ တစ်ကျိုက်မော့လိုက်သည်။

"သူတို့က သူ့ကို ပေါင်းပြီး‌တောင် တိုက်ကြဦးမှာပေါ့" လူငယ်က အေးစက်စက် ရယ်၍ ပြောသည်။ "အဲဒီနည်းနဲ့ နိုင်သွားတော့ရော ဘာကိုသက်သေပြနိုင်မှာတုန်း"

"အဲ့ဒါက သူ့ကို မျိုးဆက်တူတွေက တိုက်ခိုက်နိုင်သေးတယ်လို့ သက်သေပြလိမ့်မယ်" တည်ငြိမ်သောအဖြေဖြစ်သည်။ "လင်းကလေး အဲ့ဒါက မင်းနဲ့ သူတို့ မတူတာပဲ။ မင်းအနေနဲ့ တောင်ကိုးလုံးနဲ့ ပင်လယ်ကိုးစင်းက လူတွေကို အထင်သေးလို့မရဘူး"

လူငယ်က ညစ်ကျယ်ကျယ် ရယ်သည်။ "ဟာဗျာ ဘယ်သူမှ ဂရုစိုက်မနေဘူး ။ သူတို့ကို ကျုပ် ..." သူ ဆက်ပြောတော့မည့်အချိန် အဘိုးအိုက သူ့ကို စိုက်ကြည့်လိုက်၏။ လူငယ်မှာ ရင်ဒိန်းခနဲ ခုန်သွားပြီး စကားများကို ပြန်မျိုချလိုက်လေသည်။

သင်္ဘောမှာ မတူညီသော အချိန်နှင့်နေရာအပိုင်းအခြားတွင် တည်ရှိနေသည့်အလား မည်သူမှ သူတို့ကို သတိမထားမိပေ။ သူတို့သည် ကြယ်တာရာကောင်းကင်ထဲတွင် ဖြေးညင်းစွာ ရွက်လွင့်ရင်း အဝေးသို့ လွင့်မျောနေ၏။

တိုက်ပွဲအား မရေမတွက်နိုင်သောလူများ စောင့်ကြည့်နေကြသည်။ အထူးသဖြင့် လူများစွာ ပူးပေါင်း၍ မန်ဟို့အား တိုက်ခိုက်ကြလျှင် ပို၍စိတ်ဝင်စားစရာကောင်းမှာ ဖြစ်သည်။

မှန်ပါသည် ၊ ရွေးချယ်ခံအကုန်လုံး မန်ဟို့ကို ‌တိုက်ခိုက်ရန် မပူးပေါင်းကြပေ။ ဖန်ဝေသည် မျက်လုံးများပိတ်၍ ကြယ်တာရာကောင်းကင်ထက်၌ ဖြစ်ပျက်နေသည်များကို လျစ်လျူရှုရင်း လေလယ်တွင် မလှုပ်မယှက် ပျံဝဲနေ၏။ သူက သူ့အားကို စုစည်းနေပြီး ဖန်မျိုးနွယ်စု၏ လျှို့ဝှက်မှော်ကျင့်စဉ်များ၏ ကျေးဇူးကြောင့် သူ၏အရှိန်အဝါမှာ ပိုမိုအားကောင်းလာလေသည်။ ထိုမျှသာမက သူ့ကိုယ်ထဲရှိ နိဗ္ဗာနသစ်သီးနှစ်လုံးက နှလုံးခုန်နေသည့်အလား သက်ဝင်လှုပ်ရှားနေ၏။

သူသည် သူ့အင်အား အထွတ်အထိပ်သို့ ရောက်မည့်အချိန်ကို စောင့်စားနေပြီး ထိုအချိန်ရောက်လျှင် မန်ဟို့ကို တိုက်ခိုက်ပေမည်။

သူ့အပြင် ဖန်းတုံးအာလည်း သူမ၏အားအင်ကို စုဆောင်းနေသည်။ ထို့နောက် ကျောက်ရီဖန်း၊ လီလင်းအာနှင့်အပြင် တခြားနှစ်ယောက် .... တစ်ယောက်က ကျီမျိုးနွယ်စုမှ ဖြစ်သည်။ ကျီမျိုးနွယ်စုသည် ဤပုဂ္ဂိုလ်နှင့်ပတ်သက်လျှင် အင်မော်တယ်တံခါးကို ဖုံးကွယ်ထားခဲ့၍ မည်သူမှ သတိမထားမိခဲ့ကြပေ။ လူများ သိသည့် တစ်ခုတည်းသောအရာမှာ သူမ အစစ်အမှန်အင်မော်တယ်အဖြစ်သို့ တက်လှမ်းသွားခဲ့သည်ကိုသာ ဖြစ်၏။ သူမ အင်မော်တယ်အကြော မည်မျှဖွင့်နိုင်ခဲ့သလဲ မည်သူမှ မသိကြပေ။ သူမကား ... ကျီယင်။

သူမသည် ကျီမျိုးနွယ်စု၏ တာအိုကလေးမဟုတ်ပေ။ သို့သော် တာအိုကလေး၏အောက်က နံပါတ်တစ် ရွေးချယ်ခံဖြစ်သည်။

ကျီယင်အပြင် လူအများ မေ့မေ့ပျောက်ပျောက် ဖြစ်နေကြသော နဝမပင်လယ်နတ်လောက ဖန်းတုံးအာရှိသည်။ တာအိုအစည်းအရုံးသုံးခု၏ မြင့်မြတ်သော ရေစီးဓားဂူမှ ကျောက်ရီဖန်းနှင့် ကျိုးရှင်းလည်း ရှိသည်။ မှန်ပါသည်၊ အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့မှလည်း ‌ရောက်လာ၏.....

မည်သူမှ တာအိုဆရာအဖွဲ့မှ မည်သည့်လျှမ်းလျှမ်းတောက် ပုဂ္ဂိုလ် ထွက်လာမည်လဲ မသိသလို၊ မည်သူဖြစ်လောက်သည်ဆိုသော တီးတိုးပြောသံများကိုပင် မကြားရပေ။

ထိုက်ယန်ကျစ်နှင့် ရွေးချယ်ခံငါးဦး ရှုံးနိမ့်သွားသော အခိုက်အတန့်တွင် နေရာရွှေ့ပြောင်းခြင်းမုခ်ဝများစွာ ဖြစ်တည်လာသဖြင့် ကြယ်တာရာကောင်းကင်တွင် ထစ်ချုန်းသံများ ပြည့်နှက်သွားသည်။ ဂိုဏ်းခြောက်ဂိုဏ်းဘုရားကျောင်းသုံးကျောင်းအပြင် အထွတ်အမြတ်မြေများမှ မရေမတွက်နိုင်သော အစစ်အမှန်အင်မော်တယ်ရွေးချယ်ခံများ ပေါ်လာ၏။

တချို့က မန်ဟို သတိထားမိသူများဖြစ်ပြီး တချို့ကတော့ သူစိမ်းများ ဖြစ်သည်။ စုစုပေါင်း (၁၁) ယောက် ၊ (၁၂) ယောက်ခန့်ရှိပြီး သူတို့က လှိုင်းဂယက်များအား အရပ်လေးမျက်နှာသို့ ဖြာထွက်သွားစေ၏။ သူတို့ကား တုံ့ဆိုင်းခြင်းမရှိဘဲ ပေါင်းတိုက်လိုက်ကြသည်။

သူတို့သည် တစ်ယောက်တည်းဆိုလျှင် မန်ဟို့ကို အနိုင်ယူနိုင်မည်မဟုတ်ကြောင်း သိသော်လည်း ဤတိုက်ပွဲတွင် နိုင်ချင်ကြလေသည်။

ထို့ကြောင့် ပူးပေါင်းခဲ့ကြ၏။ သူတို့အနိုင်ရလျှင် နှလုံးသားထဲရှိ အတွင်းနတ်ဆိုးများအား ဖိနှိပ်နိုင်ပြီး မန်ဟို့ကို ... အနိုင်ယူ၍ရကြောင်း သက်သေပြနိုင်လိမ့်မည်။

ဂျိန်းးးးးး

ကျင့်ကြံသူများ၏ အင်မော်တယ်အကြောပေါင်းများစွာ ပေါ်လာကြသည်။ ဤသည်မှု အစစ်အမှန်အင်မော်တယ်ခေတ်ဖြစ်၍ အစစ်အမှန်အင်မ်ေတယ် အဖြစ်သို့ တက်လှမ်းခဲ့သော မည်သူမဆို အနည်းဆုံး အင်မော်တယ်အကြောကိုးဆယ်အား ဖွင့်နိုင်ခဲ့ပြီး လျှို့ဝှက်အတတ်များ သုံးကား အင်မော်တယ်ဝိညာဉ်စွမ်းအားများကို မြှင့်တင်လိုက်၏။ သူတို့က မန်ဟို့ထံ တန်းတန်းမတ်မတ် ပြေးဝင်သွားသော အလင်းတန်းများအသွင် ပြောင်းသွားသည်။

သူတို့အားလုံး နတ်ဘုရားစွမ်းရည်အမျိုးမျိုးကို ထုတ်လွှတ်ကာ မန်ဟို့ကို တိုက်ခိုက်လိုက်ကြ၏။

မန်ဟို၏မျက်လုံးများသည် တိုက်ခိုက်လိုစိတ်တို့ဖြင့် တောက်ပလျက်ရှိ၏။ သူက သူ၏ ပြိုင်ဘက် (၁၃) ယောက်ကို ကြည့်ရင်း ပြုံးလိုက်သည်။ လွန်စွာသွေးအေးသောအပြုံး ဖြစ်ချေသည်။

သူ၏အင်မော်တယ်အကြော (၁၂၃) ကြောက အပြည့်အဝ လှုပ်ရှားသက်ဝင်နေသည်။ ရန်သူများ အနားရောက်လာစဉ် မန်ဟိုက နဂါးတစ်ကောင်သဖွယ် ရှေ့တက်သွား၏။ လုံးလုံးလျားလျား လွှမ်းမိုးကြီးစိုးနေသော အရှိန်အဝါတစ်ခုက သူ့ထံမှ ဝုန်းခနဲ ဖြာထွက်လာသည်။ ထို့နောက် သူက လက်သီးဆုပ်၍ ထိုးချလိုက်သည်။

သူက ဝါးကို ပိုင်းချလိုက်သော ဓားထက်ထက်တစ်လက်ပမာ အရာအားလုံးကို ထိုးခွင်းသွားသည်။ သူ သွားသည့်နေရာတိုင်းတွင် နတ်ဘုရားစွမ်းရည်များ ပျက်စီးသွားပြီး လျှို့ဝှက်သိုင်းကွက်များ ပျက်ပြားကာ သွေးများပန်းထွက်၍ အရာအားလုံး တုန်ခါရလေသည်။

အကန့်အသတ်မဲ့သော လှိုင်းဂယက်များသည် ရေပြင်ထက်က လှိုင်းများသဖွယ် ကြယ်တာရာကောင်းကင်တစ်ခွင် ဖြာထွက်သွား၏။ မန်ဟို ဤအစစ်အမှန်ရွေးချယ်ခံများကို တစ်ပြိုင်တည်း တိုက်ခိုက်နေစဉ် မန်သွင်းဟိန်းဟောက်သံများ ပဲ့တင်ထပ်လာ၏။

ဂျလိန်းးးးးးး

ကြယ်တာရာကောင်းကင်မှ တုန်ခါနေပြီး မိုးကောင်းကင်မှာ မှေးမှိန်နေသည်။ လက်သီးတစ်ချက်၊ နောက်တစ်ချက်၊ နောက်တစ်ချက်။

ရန်သူများ ပါးစပ်မှ သွေးများ ပန်းထွက်လျက် လွင့်ထွက်ကုန်သည်။ တောက်ပသောအလင်းတန်းများ ကြေမွသွားပြီး နတ်ဘုရားစွမ်းရည်များ တစစီ ဖျက်စီးခံလိုက်ရသည်။

ပရိသတ်များမှာတော့ ပါးစပ်အဟောင်းသားနှင့် မျက်လုံးပြူးနေကြသည်။ မန်ဟိုသည် နတ်စစ်သည်တော်ကြီးနှင့်တူပြီး တိုက်ခိုက်နေသော သူ၏ပုံရိပ်က လက်ရှိမျိုးဆက်များ၏စိတ်ထဲတွင် ဖျောက်ဖျက်မရအောင် စွဲထင်ကျန်ရစ်သွားလေပြီ။

အဆုံးသတ်တွင် ပြိုင်ဘက်အားလုံး မျက်နှာဖြူဆုပ်ပြီး နောက်ဆုံးရွေးချယ်ခံ လွင့်ထွက်သွားသောအခါ မန်ဟိုက လက်ကို မြှောက်၍ ကောင်းကင်ထံသို့ ဝှေ့ယမ်းလိုက်သည်။

"ကံကြွေးအမိန့်စာ" မရေမတွက်နိုင်သော ကံကြွေးမျှင်များသည် သူ၏ခန္ဓာကိုယ်မှသာမက ခြောက်ယောက်အပါအဝင် စောစောက သူ တိုက်ခိုက်ခဲ့သော ရွေးချယ်ခံများ၏ ခန္ဓာကိုယ်များမှ ရုတ်တရက် ထွက်လာ၏။ စုစုပေါင်း ကံကြွေးမျှင် (၁၈) တန်း အစစ်အမှန်ရွေးချယ်ခံများထံမှ လာနေသည်ကို မြင်လိုက်ရသည်။

မန်ဟိုသည် သူ၏ လွှမ်းမိုးကြီးစိုးနေသော ကျင့်ကြံခြင်းအခြေခံနှင့် တာအိုမှော်သိုင်းကွက်ကြောင့် ကံကြွေးကို ဖြစ်တည်စေနိုင်သွား၏။ ၎င်းက မရေမတွက်နိုင်သော အကြွေးစာချုပ်အသွင်ပြောင်းရင်း မန်ဟို့လက်ဝါးအပေါ် ကျ‌လာသည်။

မည်သူမှ ချရေးစရာမလိုတော့သလို၊ သဘောတူစရာလည်း မလိုတော့ပေ။ သူတို့ကား ... မည်သို့ပင်ဖြစ်စေ သူ့အပေါ် အကြွေးတင်သွားလေပြီ။

သူ၏ကံကြွေးတာအိုမှော်သိုင်းကွက်က ကံတရားကို အတင်းအကြပ် ချည်နှောင်ဆက်စပ်ပေး၏။

ကံကြွေးအမိန့်စာပေါ်လာလျှင်ချင်း သူ၏ပြိုင်ဘက် (၁၈) ယောက်မှ သွေးအန်လိုက်ကြရပြီး မျက်လုံးများ နီရဲသွားကြသည်။ အကယ်၍ သူတို့သာ အကြွေးပြန်မဆပ်လျှင် ကံအချုပ်အနှောင်များနှင့် အကြွေးစာချုပ်က သူတို့ကို ဖိအားပေးပြီး စိတ်ခံစားချက်တို့ကို နှောင့်ယှက်တော့မည်ဖြစ်ရာ ရွေးချယ်ခံအကုန်လုံး မန်ဟို့ကို မျက်ထောင့်နီကြီးများဖြင့် ဒေါသတကြီး လှမ်းကြည့်လိုက်ကြ၏။

"မန်ဟို ရာရာစစ"

"သေစမ်း မင်းက အရှက်မရှိလိုက်တာ"

အစစ်အမှန်ရွေးချယ်ခံအကုန်လုံး ဒေါသူပုန်ထကုန်ကြသည်။

"အရှက်မရှိဘူး ဟုတ်စ" သူက အတန်ငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေသောပုံစံဖြင့် ပြန်ဖြေသည်။ ထို့နောက် သူသည် ဖြောင့်မြတ်တည်ကြည်စွာဖြင့် ချောင်းဟန့်လိုက်၏။ "အင်း ... မင်းတို့ကောင်တွေက မင်းတို့ရဲ့ တာအိုကို ခိုင်မာစေချင်လို့ ငါ့ကို တိုက်ခိုက်ချင်ခဲ့ကြတယ်။ ပေါင်းပြီးတောင် တိုက်ကြသေးတယ်လေ။ ငါ့ကို အနိုင်ယူရင် မင်းတို့တာအိုနှလုံးသားတွေ အချုပ်အနှောင်တွေကနေ လွတ်လပ်သွားမှာမဟုတ်လား။ အဲဒီလိုဆိုမှတော့ ငါလည်း အကျိုးအမြတ်နည်းနည်းယူသင့်တာပေါ့။ မင်းတို့ အဲဒီလိုတွေးကြည့်ရင်ဝောာ့ လက်ခံနိုင်မှာပါ..." ယင်းက သူ ဖန်ရှုံ့ဖုန်းကို ပြောခဲ့သော သူ၏အိပ်မက်ဖြစ်သည်။

နဝမတောင်ပင်လယ်ရှိ ရွေးချယ်ခံအားလုံးကို သူ့အပေါ် အကြွေးတင်စေရန်။

ထိုအိပ်မက်ကား... အမှန်တကယ် ဖြစ်လာနေလေပြီ။ ရုတ်တရက် မန်ဟိုသည် သူ့အိမ်မက် နည်းနည်းနိမ့်ကျနေသည့်အလား ခံစားလိုက်ရ၏။

"တောင်ကိုးလုံးနဲ့ ပင်လယ်ကိုးစင်းလုံးက ရွေးချယ်ခံတွေအကုန်လုံး ငါ့အပေါ် အကြွေးတင်စေရမယ်လို့ ပြောခဲ့သင့်တာ" ဤခမ်းနားကြီးကျယ်သော ရည်မှန်းချက်ကြီး နှလုံးသားထဲ၌ ပေါက်ဖွားလာစဉ် သူက ခေါင်းမော့လိုက်ပြီး သူ၏ဆံပင်ရှည်ရှည်များက လေတွင် မျောလွင့်နေသည်။ သူ၏စွမ်းအားတို့က ဟုန်းဟုန်းတောက်ဟုန်းဟုန်းတောက်နေလျက်ရှိကာ သူ၏စိတ်ဆန္ဒက ကြယ်တာရာကောင်းကင်အား တုန်ခါသွားစေသည့်အလားပင်။ မရေမတွက်နိုင်သော လှိုင်းဂယက်များ အရပ်လေးမျက်နှာသို့ ဖြာထွက်သွား၏။

ဤအခိုက်အတန့်တွင် နဝမတောင်ပင်လယ်မှာ တိတ်ဆိတ်သွားသည်။ လူတိုင်းမှာ မန်ဟို့ကို ကြည့်ရင်း ဆွံ့အနေကြသည်။ အစစ်အမှန်အင်မော်တယ်ရွေးချယ်ခံများမှာ ဒေါကန်နေကြသည့်တိုင် ပြန်ပြောစရာစကား မရှိတော့ပေ။

***

All Chapters