ခံစားလို့ ကောင်းလိုက်တာ
Vol. 71 Ch. 989
"တတိယပိုင်းဖြတ်ခြင်း၊ ဘယ်သူက မိုးကောင်းကင်မှာ ဂုဏ်သရေအရှိဆုံးလဲ" ကျောက်ရီဖန်းက အော်ဟစ်လိုက်သည်။ သူ၏ အင်မော်တယ်အကြောများသည် ထပ်မံ၍ မယုံကြည်နိုင်ဖွယ် ဖိအားကို ထုတ်လွှတ်နေပြီး မကြာခင် သူ၏စွမ်းအားသည် အင်မော်တယ်အကြော ၁၄၀ ကြောနှင့် ညီမျှလာ၏။
ဤစွမ်အားတို့ ဖြစ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် မိုးကောင်းကင်မှာ မှေးမှိန်သွားပြီး လေကြမ်းများ တိုက်ခိုက်လာသည်။ ကောင်းကင်ထက်ရှိ ကြယ်တာရာအားလုံး တုန်ုခါသွားပြီး တစ်ချိန်တည်းမှာပင် ကျောက်ရီဖန်းမှာလည်း တုန်ရီလာသည်။ သူ အင်မော်တယ်နယ်ပယ်စွမ်းအားကို ၄၀ ရာခိုင်နှုန်း မြှင့်တင်ပြီးနောက် သူ၏ နောက်ဆုံးအတိုင်းအတာသို့ ရောက်ရှိသွားခဲ့ပြီး ထိုအခြေအနေအား အချိန်တိုလေးသာ ထိန်းထားနိုင်လေသည်။
"မန်ဟို ငါ့ရဲ့ အစွမ်းထက်ဆုံး တိုက်ကွက်ကို လက်ခံဖို့ ပြင်ဆင်ထားလိုက်" သူက ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်ကာ သူ့ပတ်ပတ်လည်ရှိ ဓားပေါင်းသောင်းချီအား အင်မော်တယ်ဝိညာဉ် ၁၄ ခုအဖြစ် ပေါင်းစည်းသွားစေသည်။
လျှို့ဝှက်မှော်သိုင်းကွက်၏ ပုံရိပ်ယောင်အင်မော်တယ်အကြောများက ဖန်ဆင်းပေးထားသော ဤဝိညာဉ်များမှာ လူတစ်ယောက် မိမိ၏တာအိုကို ခိုင်မာစေပြီး အင်မော်တယ်ဖြစ်လာပြီးနောက် အကြောတစ်ကြောလျှင် ဝိညာဉ်တစ်ခုစီအဖြစ် ဖန်ဆင်းထားသော ဝိညာဉ်များနှင့်မယှဉ်နိုင်ပေ။
န၀မတောင်ပင်လယ်၏ အစစ်အမှန်အင်မော်တယ်ရွေးချယ်ခံများအတွက် မန်ဟို့လို လူမဟုတ်သော ကျင့်ကြံသူမှာ သူတို့ နှိုင်းယှဉ်၍ မရနိုင်သည့်သူသာ ဖြစ်သည်။
ကျောက်ရီဖန်း၏ အရှိန်အဝါမှာ တဖွေးဖွေး လှုပ်နေပြီး သူ၏ဓားက ကျဆင်းလာသည်။ သူ့နောက်ရှိ အင်မော်တယ်ဝိညာဉ် ၁၄ ကောင်က ကြယ်တာရာကောင်းကင်တစ်ခုလုံးကို လင်းထိန်သွားစေသော ဓားအလင်းတန်းအသွင် ပြောင်းသွား၏။ လူတိုင်းမှာ တဖျက်ဖျက် တောက်ပနေသော ဓားအလင်းရောင်ကြောင့် မျက်စိကျိန်းသွားကြလေသည်။
၎င်းက ကျောက်ရီဖန်း၏ အစွမ်းထက်ဆုံး ဓားကွက်ဖြစ်၏။
ဓားက မန်ဟို့ထံတန်းတန်းမတ်မတ် ပြေး၀င်သွားသဖြင့် တဂျုန်းဂျုန်း ထစ်ချုန်းသံများ ပဲ့တင်ထပ်သွားသည်။
မန်ဟိုသည် တိုက်ခိုက်လိုစိတ်တို့ ဆူပွက်လာလျက် သူ၏ အင်မော်တယ်အကြော (၁၂၃) ကြောလုံးကို စွမ်းအားများဖြင့် လှည့်ပတ်လိုက်သည်။ အင်မော်တယ်အကြောများက သူ့အနောက်တွင် ပေါ်လာ၏။ ဤသည်မှာ … အစစ်အမှန်အင်မော်တယ်ရွေးချယ်ခံတစ်ဦးကို ရင်ဆိုင်ရာတွင် ထိုစွမ်းအားအား ပထမဦးဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်လေသည်။
သူက ရှေ့တက်၍ လက်သီးဆုပ်ကာ ထုံးစံအတိုင်း လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
သူသည် ရန်သူမည်မျှပင် ရင်ဆိုင်ရစေကာမူ အရိုးရှင်းဆုံးတိုက်ကွက်တစ်ခုဖြစ်သည့် လက်သီးတစ်ချက်တည်းကိုသာ အသုံးပြုမည့်အလားပင်။
ဝုန်း
ကြီးမားသော ထစ်ချုန်းသံကြီးက မန်ဟိုနှင့် ကျောက်ရီဖန်း တိုက်ခိုက်နေသော ကြယ်တာရာကောင်းကင်ပတ်၀န်းကျင်တွင် ပြည့်နှက်သွားသည်။ ဧရာမတွင်းနက်ကြီးတစ်တွင်းက ဟင်းလင်းပြင်တွင် ပွင့်ထွက်သွား၏။ ကျောက်ရီဖန်း၏ ပါးစပ်မှ သွေးများပန်းထွက်သွားသည်။ သူ၏ အစွမ်းထက်ဆုံး အလင်းရောင်မှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားပြီးနောက် အပိုင်းအစများအဖြစ် ပြန့်ကျဲသွားကာ လေမုန်တိုင်းတစ်ခုအသွင် ပြောင်းလဲသွားလေသည်။
ထိုလေမုန်တိုင်းအတွင်းတွင် သွေးများ ဆက်တိုက်အန်လျက် ခါးသီးစွာ ရယ်ပြုံးနေသော ကျောက်ရီဖန်းအား မြင်ရနိုင်၏။ သူ့မှာ ရှုံးသွားသော်လည်း သူ့နှလုံးသားမှာ မရှုံးနိမ့်ခဲ့ပေ။ သူသည် ယခုတွင် မန်ဟို့အား ဓားဖြင့်ရွယ်နိုင်သော ခွန်အားကို ပိုင်ဆိုင်သွားပြီဖြစ်ကြောင်း သိလိုက်၏။
မန်ဟိုက လေမုန်တိုင်းထဲမှ ထွက်လာပြီးနောက် ကျောက်ရီဖန်းကို ကြည့်သည်။
ထိုအခိုက်အတန့်တွင် ဖန်းတုံးအာက လှုပ်ရှားလိုက်သည်။ လီလင်းအာလည်း ထိုနည်းတူပင်။ သူတို့က တစ်ပြိုင်တည်းဆိုသလို တိုက်ခိုက်လိုက်ကြသည်။ ဖန်းတုံးအာအတွက်မူ န၀မပင်လယ်က သူမ ပတ်ပတ်လည်တွင် ဖြစ်တည်လာ၏။ သက်၀င်လှုပ်ရှားနေသော မှော်သင်္ကေတတစ်ခုက သူမနဖူးတွင် ပေါ်လာသည်။ တစ်ခါလှုပ်ရှားလိုက်တိုင်း သူမ၏ အင်မော်တယ်အကြောများက မူလစွမ်းအား၏ ၁၀ ရာခိုင်နှုန်းတိုးမြှင့်သွား၏။
၎င်း လေးကြိမ် သက်၀င်လှုပ်ရှားပြီးနောက် သူမသည် မူလစွမ်းအား၏ ၄၀ ရာခိုင်နှုန်းကို ထည့်ပေါင်းပြီးသွားပြီး သူမ၏ အင်မော်တယ်ဝိညာဉ်များက သူမ၏ ပတ်ပတ်လည်တွင် ပေါ်လာလေသည်။
သူမက လက်ကိုဝှေ့ယမ်းလိုက်ရာ မရေမတွက်နိုင်သော ပင်လယ်နဂါးများပြည့်နှက်နေသော န၀မပင်လယ်အား ရှေ့သို့ ထွက်သွားစေသည်။ ၎င်းသည် နဖူး၌ ချိုကြီးတစ်ချို ထိုးထွက်နေသော ဧရာမခေါင်းကြီးအသွင် ပြောင်းသွားသည်။ ၎င်းက ပင်လယ်ဘီလူးကြီးသဖွယ် မန်ဟို့ကို ခေါင်းချင်းဆိုင် တိုက်ချလိုက်သည်။
၎င်း၏ တောက်ပသော စွမ်းအားက အရပ်လေးမျက်နှာသို့ လိမ့်ထွက်သွားသည်။
အခြားတစ်ဖက်တွင် လီလင်းအာမှာ မုဒြာလက်ကွက်တစ်ကွက်ဖော်လိုက်ကာ သူမ၏ ပတ်ပတ်လည်တွင် သစ်ပင်အမြောက်အမြားအား ပေါ်လာစေသည်။ သူမ ပတ်ပတ်လည်ရှိ ကြယ်တာရာကောင်းကင်မှာ မြေစိုင်ထုကြီးအသွင် ပြောင်းသွားသဖြင့် အက်ကွဲသံများကြားလိုက်ရ၏။ မျက်စိတစ်မှိတ်အတွင်း သူမ ပတ်၀န်းကျင်တွင် သစ်ပင် အပင် ၉၀ ကျော် ပေါ်လာခဲ့လေပြီ။ သူမက မုဒြာလက်ကွက်များ ဆက်လက်ဖော်နေပြီးနောက် သူမကိုယ်ပေါ်ရှိ နေရာအနှံ့အပြားပေါ်သို့ ဖိချလိုက်သည်။ သစ်ပင်အရေအတွက်က စုစုပေါင်း ၁၃၀ ကျော်သွားသဖြင့် တဂျုန်းဂျုန်း မြည်သံများအား ကြားလိုက်၏။
ဤအမျိုးသမီးနှစ်ယောက်မှာ တစ်ယောက်မှာ တစ်ယောက်တည်းသာဆိုလျှင် ကျောက်ရီဖန်းကို မကျော်နိုင်ပေ။ သို့သော် သူတို့၏ ပူးပေါင်းထားသော တိုက်ခိုက်စွမ်းရည်က ကျောက်ရီဖန်းပင်လျှင် သူတို့နှင့် တိုက်ခိုက်ရမည်ဆိုပါက မျက်နှာဖြူဖျော့သွားရမည်အထိ ဖြစ်သည်။
သူတို့က မန်ဟို့ကို စကားမပြောဘဲ မန်ဟိုနှင့်ကျောက်ရီဖန်း တိုက်ပွဲ နိဂုံးချုပ်သွားသည့် အခိုက်အတန့်တွင် တိုက်ခိုက်လိုက်ကြသည်။
မန်ဟိုက ခေါင်းလှည့်လိုက်ပြီး သူ၏ မျက်လုံးများက စူးရှတောက်ပနေသည်။ သူသည် အေးစက်စက်နှာမှုတ်ပြီးနောက် အင်မော်တယ်အကြော (၁၂၃) ကြော၏ စွမ်းအားအား ပေါက်ကွဲထွက်လာစေ၏။ အင်မော်တယ်ဝိညာဉ် (၃၃) ကောင်လုံးက ကောင်းကင်ဘုံ (၃၃) ခုအသွင်ပြောင်းရင်း သူ့အနောက်တွင် ပေါ်လာကာ ကြောက်ခမန်းလိလိ ဖိအားအား ထုတ်လွှတ်လိုက်၏။
အင်မော်တယ်နယ်ပယ်ပါရာဂွန်၏ လွှမ်းမိုးကြီးစိုးနေသော အရှိန်အဝါက ရုတ်တရက် လိမ့်ထွက်လာလေသည်။
"ငါ့ကို အနိုင်ယူနိုင်မယ် ထင်နေတာလား။ မင်းတို့နေရာ မင်းတို့သိအောင် ငါ လုပ်ပေးမယ်" သူက ရှေ့တစ်လှမ်းတက်ပြီး ညာလက်ကို မြှောက်လိုက်သည်။ လက်သီးမဟုတ် လက်ဝါးဖြစ်၏။ သူက လက်ဝါးကို အရှေ့သို့ ပြင်းပြင်းတွန်းလိုက်ရာ သူ့အနောက်ရှိ ကောင်းကင်ဘုံ (၃၃) ခုအား န၀မပင်လယ်ကို ၀င်တိုက်သွားသော ဧရာမလက်ကြီးအသွင် ပြောင်းသွားစေသည်။ ပင်လယ်ရေမှာ တဝုန်းဝုန်း ပေါက်ကွဲသွား၏။ ပင်လယ်နဂါးများမှာ စူးစူးဝါးဝါး အော်လိုက်ရပြီး ချိုနှင့်ဘီလူးကြီးမှာ အစိတ်စိတ်အမွှာမွှာ ကြေမွသွားလေသည်။
၎င်း၏ ခေါင်း ပေါက်ကွဲသွားသည့်အခါ ဖန်းတုံးအာမှာ မျက်နှာပျက်သွားပြီး နောက်ဆုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် မန်ဟိုက ရှေ့တက်လာကာ ဧရာမလက်ဝါးကြီးအား သူမထံသို့ ပြေး၀င်သွားစေ၏။
ဖန်တုံးအာ၏ မျက်လုံးများက အနီရောင်အလင်းဖြင့် တောက်ပသွားပြီး သူမက မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်သည်။ ချက်ချင်းပင် သူမအနောက်ရှိ အလောင်းက ခေါင်းမော့လာပြီး ပြင်းထန်သော အသတ်အဖြတ်အရှိန်အဝါကို ထုတ်လွှတ်လာ၏။ ၎င်းက မန်ဟို့ကို တိုက်ခိုက်တော့မည့်အလားပင်။
အလောင်းထံမှ အသတ်အဖြတ်အရှိန်အဝါထွက်လာသည့် အခိုက်အတန့်တွင် မန်ဟိုက တည်ကြည်ဖြောင့်မတ်သောအသံဖြင့် အော်ပြောလိုက်၏။ "အမည်းတုံးလေး ငြိမ်ငြိမ်နေစမ်း"
အမျိုးသမီးအလောင်းက ချက်ချင်း ခေါင်းငုံ့လိုက်၏။ အသတ်အဖြတ်အရှိန်အဝါမှာ ပျောက်ကွယ်သွားပြီး ၎င်းက မီတာဒါဇင်အနည်းငယ်ပင် ဆုတ်သွားလေသည်။
ဖန်းတုံးအာမှာ ထိတ်လန့်အံ့ဩသွားပြီး ခေါင်းနပန်းကြီးသွား၏။ ထိုအခိုက်အတန့်တွင် မန်ဟို့တိုက်ကွက်က နီးကပ်လာသည်။ ၎င်း သူမကို ၀င်ဆောင့်တော့မည့်အချိန်မှာပင် မန်ဟိုသည် နားထဲ၌ တစ်ယောက်ယောက်၏ ချောင်းဟန့်သံကို ကြားလိုက်ရ၏။
ထိုချောင်းဟန့်သံက ရှေးဆန်ပုံရပြီး အဘွားအိုတစ်ဦး၏ လည်ချောင်းမှလာကြောင်း သိသာသည်။ မန်ဟိုက မျက်မှောင်ကြုတ်သွားပြီး လက်အား လှန်လိုက်သည်။ သူသည် ဖန်းတုံးအာကို တိုက်ရိုက် ရိုက်တော့မည့်အစား သူမ၏ တင်ပါးကို ချလိုက်၏။
"မန်ဟို ရာရာစစ"
ဖြန်းခနဲအသံကြီးနှင့်အတူ ဖန်းတုံးအာမှာ အားခနဲ အော်လိုက်ရပြီး မျက်နှာပျက်သွား၏။ သူမ၏ တင်ပါးနှစ်မြွှာမှာ မညီတော့ပေ။ ပြင်းထန်သော နာကျင်မှုက သူမခန္ဓာကိုယ်လေးကို တုန်ရီသွားစေ၏။ ၎င်းကား သူမ တစ်ဘ၀လုံးတွင် ခံစားခဲ့ရဖူးသမျှထဲတွင် အပြင်းထန်ဆုံး နာကျင်မှုဖြစ်လေသည်။
ဖန်းတုံးအာမှာ တဆတ်ဆတ် တုန်လျက် သတိလစ်တော့မတတ်ဖြစ်သွားသည်။ သွေးများ သူမပါးစပ်မှ ပန်းထွက်သွားပြီး သူမှာ မန်ဟို့ကို ရူးလောက်အောင် မုန်းတီးသွားရင်း နောက်သို့ယိမ်းယိုင်သွား၏။
လီလင်းအာမှာ ဤအခြင်းအရာကို မြင်သောအခါ မျက်နှာရိပ်ခနဲဖြစ်သွားပြီး တုံ့ခနဲ ရပ်သွားသည်။ သူမသည် အတိတ်တုန်းက ဖြစ်ပျက်ခဲ့သည့် အလွန်ကြောက်စရာကောင်းသော အရာတစ်ခုကို ရုတ်တရက် တွေးမိသွားသည့်အလား မျက်နှာဖြူဖျော့သွား၏။ သူမက မန်ဟို့ကို မျက်စောင်းထိုးရင်း နောက်ဆုတ်လိုက်လေသည်။
"ငါ့မိန်းမလောက် မကောင်းဘူး" မန်ဟိုက လီလင်းအာဘက် လှည့်ကြည့်ရင်း ပြောသည်။
လီလင်းအာက အံတင်းတင်းကြိတ်ပြီး လက်နှစ်ဖက် မုဒြာလက်ကွက် ဖော်လိုက်၏။ ချက်ချင်းပင် သူမ ပတ်ပတ်လည်ရှိ သစ်ပင်အပင် (၁၃၀) မှာ မန်ဟို့ထံပြေး၀င်သွားသော ကြောက်မက်ဖွယ်ရာ လေဆင်နှာမောင်းကြီးအသွင်ပြောင်းရင်း ပေါက်ကွဲထွက်သွားသည်။
သစ်ပင်များ ပေါက်ကွဲသွားသည့်အခိုက်အတန့်တွင် လီလင်းအာမှာ သွေးတစ်ပွက်အန်၍ အမြန်ဆုံး နောက်ဆုတ်လိုက်လေသည်။ တစ်ဆက်တည်းမှာပင် ပေါက်ကွဲမှုအတွင်းမှ အေးစက်စက် နှာမှုတ်သံအား ကြားလိုက်ရ၏။
"ပြန်လာစမ်း မိန်းမ" တစ်ဆက်တည်းမှာပင် ပြင်းထန်သော ဆွဲအားက လီလင်းအာကို ဆုပ်ကိုင်လိုက်သည်။ လီလင်းအာမှာ မုန်တိုင်းအတွင်းသို့ အလိုအလျောက် ဆွဲသွင်းခံလိုက်ရသဖြင့် မျက်နှာရိပ်ခနဲ ဖြစ်သွားလေသည်။
လေမုန်တိုင်းထဲတွင် အင်မော်တယ်ဝိညာဉ် (၃၃)ခုက မန်ဟို့ကို လှည့်ပတ်နေသည်။ ၎င်းတို့က လေမုန်တိုင်းနှင့် ပေါက်ကွဲနေသော သစ်ပင်များ၏ အားကို ဟန့်တားပေးထားသော ကောင်းကင်ဘုံ ၃၃ ခုအသွင် ပြောင်းထား၏။ သူက လေမုန်တိုင်း၏ စွမ်းအားဖြင့် ရှေ့တက်လာသည်။
မျက်စိတစ်မှိတ်အတွင်း လီလင်းအာမှာ ဆုပ်ကိုင်ခံလိုက်ရပြီး မန်ဟို့ထံသို့ ဆွဲခေါ်ခံလိုက်ရ၏။ သူမသည် အံတင်းတင်းကြိတ်ပြီး သူ့ကို မျက်နှာချင်းဆိုင်ရန် လှည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူမသည် လက်နှစ်ဖက် မုဒြာလက်ကွက်ဖော်လိုက်ရာ သူမနဖူးထက်တွင် သစ်ရွက်တစ်ရွက်၏ အံအားသင့်ဖွယ်ကောင်းသော ပုံရိပ်တစ်ခု ပေါ်လာ၏။
သစ်ရွက်က မြစိမ်းရောင်သမ်းနေပြီး ၎င်းပေါ်လာသည်နှင့်တစ်ပြိုင်နက် လီလင်းအာကိုယ်ထဲတွင် အသက်စွမ်းအားတစ်ရပ် ပေါ်ပေါက်လာသည်။ မှော်ပုလင်းတစ်ပုလင်းက သူမအရှေ့တွင် ဖြစ်တည်လာ၍ သူမက ၎င်းကို ဆုပ်ကိုင်ကာ မန်ဟို့ထံ ပစ်ပေါက်လိုက်သည်။
"မင်း အဲ့လို လုပ်မယ်ဆိုတာ သိသားပဲ" သူက အင်္ကျီလက်စကိုခါ၍ အေးစက်စက်ပြောသည်။ သူ့အနောက်ရှိ အင်မော်တယ်ဝိညာဉ် (၃၃) ခုက ကြောက်ခမန်းလိလိ စွမ်းအားများကို ထုတ်လွှတ်လိုက်သည်နှင့် မှော်ပုလင်းမှာ ချက်ချင်း ကြေမွသွားလေသည်။
လီလင်းအာမှာ ပါးစပ်မှ သွေးများပန်းထွက်လျက် ဒယိမ်းဒယိုင် နောက်ဆုတ်သွားသည်။ ထိုအခိုက်အတန့်တွင် မန်ဟိုက ရှေ့တက်လာကာ လီလင်းအာ၏ ရှေ့တည့်တည့်တွင် ပေါ်လာသည်။ ထို့နောက် သူက လက်ကို လေပေါ်မြှောက်လိုက်ပြီး လီလင်းအာ၏ မျက်လုံးများ ဒေါသတို့ဖြင့် ကျုံ့သွားစဉ် သူ့လက်ဝါးက သူမတင်ပါးကို ချလိုက်လေသည်။
ဤသည်မှာ တတ်ိယအကြိမ်ဖြစ်သည်။
နာကျင်မှုက သူမတစ်ကိုယ်လုံးကို လွှမ်းခြုံသွားသဖြင့် လီလင်းအာခမျာ မချိတင်ကဲ အော်လိုက်ရသည်။ သူမသည် လူသေကောင်သဖွယ် ဖြူဆုပ်သွားပြီး တစ်ကိုယ်လုံး လည်ထွက်သွား၏။ သူမက ပြင်းထန်သော အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် မန်ဟိုကို စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။
"မန်ဟို"
"အား ဘယ်လောက်ရင်းနှီးလိုက်တဲ့ ခံစားချက်လဲ" မန်ဟိုက အေးစက်စက် ပြုံးရင်း ပြောသည်။ ထို့နောက် လီလင်းအာကို အာရုံမရှိတော့ပေ။ သူက ကျောက်ရီဖန်းကို တိုက်ခိုက်တုန်းက စွမ်းအားအပြည့်အ၀ပင် မသုံးခဲ့ပေ။ ထိုအစား သူ အသုံးပြုနိုင်သည့် အတိုက်အခိုက်စွမ်းရည်အတိုင်းအတာအမျိုးမျိုးနှင့် အသားကျရန် အချိန်ယူနေသည်။ အစစ်အမှန်အင်မော်တယ်ရွေးချယ်ခံများက သူတို့ကို ဆက်တိုက်လာတိုက်ခိုက်နေကြောင်း ပြောနိုင်သည်။ သို့သော် ဤသည်မှာ မန်ဟို့အတွက် အကောင်းဆုံးအခြေအနေပင်။ သူသည် သူ၏အတိုက်အခိုက်စွမ်းရည်အသစ်နှင့် အမြန်ဆုံး သဟဇာတဖြစ်အောင် ယခုလို ဆက်တိုက်တိုက်ခိုက်ဖို့ လိုအပ်၏။
ယခုတွင် သူကား သဟဇာတဖြစ်သွားပြီဖြစ်ပြီး မျက်လုံးများ လင်းလက်တောက်ပနေလျက် ကြယ်တာရာကောင်းကင်အတွင်း လှမ်းကြည့်လိုက်သည်။
ဤအခိုက်အတန့်တွင် နဝမတောင်ပင်လယ်ရှိ လူတိုင်းလည်း မန်ဟိုနှင့် သူ၏စွမ်းအားကို ကြည့်နေကြသည်။ သူ၏အားအင်အခင်းအကျင်းမှာ အင်မော်တယ်နယ်ပယ်ရှိ လူတိုင်းကို ကြောက်လန့်သွားစေပြီး ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူများကိုပင် တအံ့တဩ စိုက်ကြည့်နေမိစေ၏။
"သူက အင်မော်တယ်နယ်ပယ်မှာ ... နံပါတ်တစ်ပုဂ္ဂိုလ်တစ်ဦးပဲ"
"သူက သူ့ကိုယ်သူ လေ့ကျင့်ပေးဖို့ အစစ်အမှန်အင်မော်တယ်ရွေးချယ်ခံတွေကို တိုက်ခိုက်နေတာပဲ။ မီးထဲက ထွက်လာလာချင်း သွေးဖို့ လိုသေးတဲ့ နတ်သတ္တုကနေ ထုလုပ်ထားတဲ့ မဟာဓားတစ်လက်လိုပဲ"
"သူ့ကို ယှဉ်တိုက်နိုင်တဲ့သူက မျိုးဆက်တူတွေမဟုတ်ဘဲ ... အကြီးပိုင်းမျိုးဆက်ကပဲ ဖြစ်လောက်တယ်" ဆွေးနွေးသံများက နဝမတောင်ပင်လယ်၏ ချောင်ကြိုချောင်ကြားမှမကျန် ထွက်လာကြသည်။
မန်ဟိုသည် ကြယ်တာရာကောင်းကင်ထဲတွင် ပျံဝဲနေလျက် ဘေးပတ်ဝန်းကျင်ကို အေးဆေးတည်ငြိမ်စွာ ကြည့်ရင်း ပြောလိုက်သည်။ "ရွေးချယ်ခံတို့၊ ငါ့ကို တိုက်ခိုက်ရဲတဲ့သူ ရှိသေးလား။ မရှိရင် ငါ့မှာ စာရင်းရှင်းစရာတွေ ရှိသေးတယ်" သူက အရှေ့အောင်ပွဲဂြိုဟ်ကို ငုံ့ကြည့်လိုက်ပြီး မျက်လုံးများက အေးစက်စွာ တောက်ပသွားသည်။
သူ ကြည့်နေရာအတိုင်း လိုက်ကြည့်လျှင် ... အရှေ့အောင်ပွဲဂြိုဟ်ထက်၌ ပျံဝဲနေသော ဖန်ဝေကို ကြည့်နေကြောင်း မြင်ရပေမည်။
ဖန်ဝေက မျက်လုံးများအား အေးဆေးတည်ငြိမ်စွာ ဖွင့်လိုက်၏။
သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်နေသည့်အခိုက်အတန့်တွင် နေရာရွေ့ပြောင်းခြင်းမုခ်၀သုံးခု နောက်ထပ် ပေါ်ပေါက်လာသဖြင့် တဂျိန်းဂျိန်း ထစ်ချုန်းသံများအား ကြားလိုက်ရသည်။
မန်ဟိုက မျက်မှောင်ကြုတ်သွားပြီး မူလက သူတို့ကို လျစ်လျူရှု၍ အရှေ့အောင်ပွဲဂြိုလ်သို့ တိုက်ရိုက်သွားရန် ကြံစည်လိုက်သည်။ သို့သော် သူသည် တုံ့ခနဲ ရပ်သွားပြီး နေရာရွေ့ပြောင်းခြင်းမုခ်၀တစ်ခုကို လှည့်ကြည့်လိုက်၏။ သူ၏မျက်လုံးများက ပြူးကျယ်သွားပြီး မယုံကြည်နိုင်သော အမူအရာတစ်ခုက သူ့မျက်နှာကို ဖုံးလွှမ်းသွားလေသည်။
"မင်းမသေဘူးလား"
လူငယ်တစ်ယောက်က နေရာရွေ့ပြောင်းခြင်းမုခ်၀ထဲမှ ထွက်လာ၏။ သူသည် ပိန်ပိန်သွယ်သွယ်ဖြစ်ပြီး အားကောင်းသန်မာသည့်ပုံမပေါ်သော်လည်း သူ့ကို ကြည့်လိုက်သည့်မည်သူမဆို သူ၏ အပြင်အားကိုယ်က ကြောက်စရာကောင်းလောက်အောင် သန်မာကြောင်း ပြောနိုင်၏။
"အေး မသေဘူး။ ငါအသက်ရှင်နေသေးတယ်" သူက ပြောသည်။
ကြယ်တစ်စင်းသဖွယ် တစ်စုံတစ်ခုက သူ့နဖူးပေါ်တွင် ဖြည်းညင်းစွာ လည်ပတ်နေသည်။ သို့သော် ၎င်းကို အနီးကပ်ကြည့်လျှင် ထိုနေရာ၌တင် ကြယ်များစွာရှိနေကြောင်း မြင်ရနိုင်၏။ ၎င်းတို့မှာ ချုပ်နှောင်ခံထားရသဖြင့် ပုံရိပ်ယောင်နှင့်အစစ်အမှန်ကြားတွင် တလက်လက် တောက်ပနေပုံပေါ်သည်။
၎င်းကား …
၀မ်တန်ဖေးပင်။
၀မ်တန်ဖေးပေါ်လာသည့် အခိုက်အတန့်မှာပင် ပုံရိပ်တစ်ခုက ဒုတိယ နေရာရွေ့ပြောင်းခြင်းမုခ်၀ထဲမှ ထွက်လာ၏။ သူမက အကန့်အသတ်မဲ့သော ကံကြွေးမြူခိုးများနှင့် ပျံထွက်လာသည်။
မြူထဲမှနေ၍ သူမ၏ အေးစက်ပြီး ခံစားချက်မဲ့သောမျက်လုံးများက အဆုံးစွန်အထိ ခက်ထန်နေလျက် မန်ဟို့ထံ ထိုးဖောက်လာသည်။
သူမကား ... ကျီယင်။
နောက်ဆုံး နေရာရွှေ့ပြောင်းခြင်းမုခ်ခပွင့်လာပြီး နောက်ထပ်လူငယ်တစ်ယောက် ပေါ်လာသည်။ သူက စာပေသမားနှင့်တူပြီး လက်ထဲတွင် ဝါးပေလိပ်ကိုပင် ကိုင်ထားသည်။ သူက မန်ဟို့ကို လှမ်းကြည့်ပြီး ရိုးသားပုံရသော်လည်း အကန့်အသတ်မဲ့အေးစက်မှုတို့ ပြည့်နှက်နေသောအပြုံးအား ပြုံးပြလိုက်သည်။ ထိုအထဲတွင် မနာလိုနေသောအရိပ်အယောင်ပင် ပါရှိနေသယောင်ပင်။
"အစ်ကိုမန်၊ ကျုပ်က အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့က ကျိုးရွှယ်ပါ။ ကျုပ်ဆရာက ဒီကို လွှတ်လိုက်တာပါ။ ကျေးဇူးပြုပြီး ညှာတာပေးပါခင်ဗျ"
"ငါ့ကို အလှည့်ကျ တိုက်ခိုက်နေကြတာပေါ့လေ" မန်ဟိုက ပြန်ဖြေသည်။ "ဘယ်အချိန်မှ ပြီးကြမှာလဲ။ ကြည့်နေတဲ့ မင်းတို့ဂိုဏ်းအားလုံးအရှေ့မှာ ငါ လူမသတ်ရဲဘူး ထင်နေတာလား" သူ၏မျက်လုံးများ ပြင်းထန်သောအေးစက်မှုဖြင့် တောက်ပနေသော်လည်း သူ့စကားလုံးများက ပို၍ပင်အေးစက်နေလေသည်။
***