နတ်ဘုရားများ အပြိုင် အင်မော်တယ်များ
Vol. 71 Ch. 990
မန်ဟိုက ထိုသုံးယောက်ကို ကြည့်လိုက်သည်။ သူသည် ဝမ်တန်ဖေး၏ ပေါ်ပေါက်လာမှုကြောင့် အတန်ငယ် အံ့အားသင့်သွားသော်လည်း ဤအတိုင်း ပြောရန် ရွေးချယ်လိုက်သေး၏။
အသစ်ရောက်ရှိလာသူ သုံးယောက်၏မျက်နှာများက သူ့စကားလုံးများကြောင့် အနည်းငယ်မှ ပျက်မသွားပေ။ ကျီယင်မှာမူ သူမမျက်နှာအား မြင်ပင်မမြင်ရပေ။
"အစ်ကိုမန်၊ ကျုပ်ဆရာက အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့ ...." ကျိုးရွှယ်က ပြောသည်။ သူသည် အပေါ်ယံတွင် ပြုံးနေသော်လည်း နှလုံးသားမှာတော့ ရေခဲတမျှ အေးစက်နေ၏။ သူ စကားပြောမပြီးခင် မန်ဟိုက သွေးအေးသောမျက်နှာထားဖြင့် သူ့အား တိုက်ရိုက်ကြည့်လိုက်သည်။
သူသည် ဘာမှထပ်မပြောတော့ဘဲ ရှေ့တက်လိုက်၏။ အင်မော်တယ်ဝိညာဉ် (၃၃) ကောင်က စွမ်းအားတို့အား ထုတ်ဖော်လိုက်ပြီး သူ၏အင်မော်တယ်အကြော (၁၂၃) ကြောသည် အံ့မခန်းလိလိ စွမ်းအားတို့ဖြင့် ပြည့်ဝလျက် လည်ပတ်သွားသည်။ ချက်ချင်းပင် သူသည် လက်သီးတစ်လုံးကို ပစ်သွင်းရင်း ကျိုးရွှယ်၏အရှေ့သို့ ရောက်လာသည်။
ကျိုးရွှယ်က မျက်လုံးများ တောက်ပနေလျက် ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက် ဖော်သည်။ သူ၏စွမ်းအားတို့ ထိုးတက်လာကာ အကြော (၁၄၀) နှင့်ညီမျှသော အတိုင်းအတာထိ ရောက်ရှိသွားသည်။ သူ၏အင်မော်တယ်ဝိညာဉ်များ ပေါ်လာပြီး တစ်ချိန်တည်းမှာပင် မီးပွားတစ်စသည် သူ၏ခေါင်းအထက်၌ ပေါ်လာကာ ကျမ်းစာရွတ်ဖတ်သံများ ထုတ်လွှတ်လိုက်သည်။ ချက်ချင်းပင် ကျိုးရွှယ်၏အရှိန်အဝါက ကျောက်ရီဖန်းထက် သာသွားလေပြီ။
သူသည် မုဒြာလက်ကွက်တစ်ကွက်ကို လျင်မြန်စွာ ဖော်ပြီးနောက် မန်ဟို၏လက်သီးကို ခုခံရန် လက်ဝါးအား တွန်းလွှတ်လိုက်သည်။
ဝုန်းခနဲ အသံကြီးတစ်သံ ကြားလိုက်ရပြီး ကျိုးရွှယ်မှာ လက်မောင်းတစ်ဖက်လုံး တုန်ခါလာသဖြင့် မျက်စိမျက်နှာပျက်သွားသည်။ ဗြိခနဲ စုတ်ပြတ်သံတစ်သံအား ကြားလိုက်ရပြီး ကျမ်းစာရွတ်သံများမှာ ပို၍ကျယ်လောင်လာသည်။
"ကိုးသံသရာတာအိုမှော်သိုင်း" ကျိုးရွှယ်၏အသံ ဟိန်းထွက်လာသည့်အခါ ကျမ်းစာရွတ်သံများသည် မန်ဟို၏တိုက်ကွက်အားကို ကိုးဆလျော့ကျသွားစေသော ထူးထူးဆန်းဆန်း လှိုင်းဂယက်များကို ထုတ်လွှတ်လိုက်၏။ ကိုးကြိမ်မြောက်လျှော့ချခံရပြီးနောက် တိုက်ကွက်မှာ ကျိုးရွှယ်၏လက်ဝါးမှ အလွယ်တကူ တန်ပြန်တွန်းလှန်ခံလိုက်ရသည်။
မန်ဟိုက မပြောင်းလဲသော မျက်နှာထားဖြင့် ကျိုးရွှယ်ကို လှမ်းကြည့်လေသည်။
"တာအိုရောင်ရင်းမန်၊ ဒါက အင်မော်တယ်နယ်ပယ်ပါရာဂွန်တစ်ဦးရဲ့ တိုက်ကွက်စွမ်းမားအပြည့်အဝလား" ကျိုးရွှယ်က တည်ငြိမ်စွာ မေးသည်။ စိတ်ထဲတွင်တော့ သူ့မှာ အံ့အားသင့်နေလေသည်။ ယခုလေးတင် သူ မြင်ခဲ့ရသောအရာကို ကိုယ်တိုင်ကြုံတွေ့ခဲ့ခြင်းနှင့် ခံစားခဲ့ရခြင်းက သူ့အား အကြီးအကျယ် တုန်လှုပ်သွားစေသည်။
"အဲ့ဒါက မင်းမှာ ရှိတာအကုန်ပဲဆိုရင် ငါ့တိုက်ကွက်တစ်ကွက်လောက် တိုက်ခိုက်ကြည့်တာ ဘယ်လိုလဲ" ထို့နောက် အင်မော်တယ်နဂါး (၉၉) ကောင်က ရုတ်တရက် ဘွားခနဲ ပေါ်လာသည်။
အင်မော်တယ်နဂါးများက ဟိန်းဟောက်လိုက်ကြပြီး ထူးဆန်းသောအရောင်အဝါများအား ကောင်းကင်ထက်တွင် ပြိုးပြက်လက်သွားစေသည်။ ဤမြင်ကွင်း နဝမတောင်ပင်လယ်၏ ကျင့်ကြံသူများအကြား တအံ့တဩ ရေရွတ်သံများ ထွက်လာစေသည်။
"အကြော ၉၉ ကြော"
"အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့က လျှိုထားတာပဲ။ သူတို့မှာ အကြော ၉၉ ကြောနဲ့ ဂိုဏ်းသာားတစ်ဦးရှိနေလိမ့်မယ်လို့ထင်တောင်မထားဘူး"
"တစ်ရာပြည့်ဖို့ တစ်ကြောပဲ လိုတော့တာ။ ကျိုးရွှယ်ကြည့်ရတာ မန်ဟို့ကို တိုက်ခိုက်ဖို့ သိပ်ပျော်နေပုံမပေါ်ဘူး။ အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့သာ သူ့ကို အဲဒီအကြောသာ ပေးခဲ့ရင် သူ့မှာ အခု အကြောတစ်ရာ ရှိသွားမှာ"
ကျိုးရွှယ်၏ အင်မော်တယ်နဂါး (၉၉) ကောင်သည် ဟိန်းဟောက်နေပြီး သူ၏အင်မော်တယ်ဝိညာဉ်များ ပေါ်လာသည်။ သံသရာကိုးခုတာအိုမှော်သိုင်းကွက်၏ လှိုင်းဂယက်များ ဖြာထွက်နေသည့်အချိန်မှာပင် သူသည် အသက်ပြင်းပြင်းရှူ၍ ကြယ်တာရာကောင်းကင်မှ မိုးနှင့်မြေ၏ချီကို စုပ်ယူလိုက်၏။
အသက်တစ်ရှိုက်ကြာသော် သူ၏အင်မော်တယ်အကြောများ တဂျုန်းဂျုန်းမြည်လာသည်။ ချက်ချင်းပင် အင်မော်တယ်နဂါးအရေအတွက်သည် (၉၉) ကောင်ထက် ကျော်လွန်သွား၏။ ၁၀၀၊ ၁၀၈ ၊ ၁၁၅ ၊ ၁၂၇ ၊ ၁၃၆ .... စုစုပေါင်း (၁၄၈) ကောင်။
ဤမြင်ကွင်းက လူတိုင်းအား အတိုင်းထက်အလွန် တုန်လှုပ်သွားစေသည်။ ကျိုးရွှယ်၏အရှိန်အဝါသည် မိုးထိတိုင်အောင် ထိုးတက်သွားပြီး အေးစက်သော မျက်ဝန်းများဖြင့် မန်ဟို့ကို ငုံ့ကြည့်ကာ အော်ဟစ်လိုက်သည်။ "အသက်တစ်ရှိုက် အလောင်းသုံးလောင်းသုတ်သင်ခြင်း"
ကျိုးရွှယ်၏မျက်လုံးများသည် အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် တောက်ပနေသည်။ မန်ဟို့ကို အနိုင်ယူနိုင်မည့် မျှော်လင့်ချက်မရှိကြောင်း သူ သိသော်လည်း သရေကျ၍ သူက နဝမတောင်ပင်လယ်၏ အစစ်အမှန်ရွေးချယ်ခံဖြစ်ကြောင်း သက်သေပြရန် မျှော်လင့်သေးလေသည်။
သူ စကားပြောလိုက်စဉ် သူ၏အရှိန်အဝါက လိမ့်ထွက်သွားပြီး သူ၏အင်မော်တယ်အကြောများသည် အင်မော်တယ်ချီမျှင်များအား အဖြူရောင်အငွေ့တန်းတစ်တန်းသဖွယ် မန်ဟို့ထံ ပြေးဝင်သွားစေသည်။
၎င်းက အငွေ့တန်းလေးတစ်တန်းသာ ဖြစ်သော်လည်း အင်မော်တယ်နယ်ပယ်ရှိ မည်သူ့ကိုမဆို သုတ်သင်ရှင်းလင်းပစ်နိုင်သော ကြောက်မက်ဖွယ် အရှိန်အဝါကို ထုတ်လွှတ်နေသည်။ နဝမတောင်ပင်လယ်ရှိ လူတိုင်းမှာ အံ့ဩမှင်သက်သွားကြသည်။
မျက်နှာထားပြောင်းလဲခြင်းမရှိသည့် တစ်ဦးတည်းသောလူမှာ မန်ဟိုသာ ဖြစ်သည်။ သူ့နှုတ်ခမ်းထောင့်စွန်းသည် သွေးအေးသောအပြုံးအဖြစ် တွန့်ချိုးသွား၏။ သူ၏အင်မော်တယ်အကြော (၁၂၃) ကြောသည် အင်မော်တယ်စွမ်းအား (၁၂၃) ပိုင်းအား သူ့လက်သီးထဲ၌ တစ်သားတည်းပေါင်းစည်းသွားစေသည်။ ဤသည်မှာ အစစ်အမှန်အင်မော်တယ်အဖြစ်သို့ တက်လှမ်းရန် သူ၏တာအိုကို သူ့နည်းဟန်ဖြင့် ခိုင်မာစေခဲ့ခြင်းမှ ရလဒ်လျှို့ဝှက်သိုင်းကွက်ဖြစ်သည်။
ထပ်မံ၍ လက်သီးတစ်ချက်က လေကို ခွင်းသွားသည်။
မန်ဟို စောစောက တိုက်ခိုက်နေခဲ့တုန်းက သူ၏အင်မော်တယ်အကြောများမှ ထုတ်ပေးနိုင်သမျှစွမ်းအားအကုန်လုံးကို သုံးနေသယောင် ထင်ရကောင်း ထင်ရလိမ့်မည်။ သို့သော် သူက တိုက်ပွဲများတွင် မည်သည့်အစွမ်းမှ မထည့်ဘဲ ပြင်းအားဖြင့်သာ လူတိုင်းကို အနိုင်ယူခဲ့ခြင်းဖြစ်သည်။
ယခုမှ သူသည် အစစ်အမှန်အင်မော်တယ်လျှို့ဝှက်မှော်သိုင်းကွက်ကို သုံးရင်း အင်မော်တယ်အကြောများ၏စွမ်းအားများအား အစစ်အမှန်အင်မော်တယ်နယ်ပယ်တိုက်ကွက်တစ်ကွက်ကို ထုတ်လွှတ်ရန် အားတစ်ရပ်တည်းအဖြစ် ပထမဆုံးအကြိမ် ပေါင်းစည်းလိုက်ခြင်းပင်။
လက်သီးတစ်ချက်က ကြယ်တာရာများကို မှိတ်တုတ်မှိတ်တုတ် လက်သွားစေသော လေပြင်းကြီးအား တိုက်ခတ်သွားစေသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် ဝိညာဉ်မီးအိမ်များ မန်ဟို့ပတ်ပတ်လည်တွင် ပေါ်လာရာ ကျိုးရွှယ်အား ပင့်သက်ရှိုက်မိလိုက်စေ၏။ သူ့မျက်လုံးများ ပြူးကျယ်သွားပြီး အံ့ဩတုန်လှုပ်ခြင်းတို့ သူ့ကိုယ်တစ်လျှောက် စီးဆင်းသွားသည့်အချိန်မှာပင် မန်ဟို့လက်သီးက အငွေ့တန်းအား ဝင်တိုက်လိုက်လေပြီ။
အငွေ့တန်းသည် ချက်ချင်း ဝုန်းခနဲ ပြိုကွဲသွား၏။ သွေးများ ကျိုးရွှယ်၏ပါးစပ်မှ ပန်းထွက်သွားပြီး သူ့ခန္ဓာကိုယ်မှာ ပေါက်ကွဲတော့မည့်အလား ဖြစ်သွားသည်။ သူက မာန်သွင်းဟိန်းဟောက်ရင်း ကိုးသံသရာတာအိုမှော်သိုင်းအား သုံးလိုက်သော်လည်း ပြင်းအားကို ကိုးဆလျှော့ချပြီးနောက်တွင်ပင် သူ့မှာ ကြိုးဖြတ်ခံလိုက်ရသော စွန်ငယ်ပမာ လွင့်ထွက်သွားသေး၏။ သွေးများက သူ့တစ်ကိုယ်လုံး စိုရွှဲသွားသည်။ သူ၏အရှိန်အဝါမှာ များစွာ အားနည်းသွားပြီး အသက်မီးတောက်မှာလည်း ငြိမ်းတော့မည့်အလား တဖျပ်ဖျပ် လှုပ်သွားသည်။
"မင်း ... " သူက ပြောသည်။ သူ့မှာ ဦးရေပြားတို့ထုံကျင်နေလျက် မျက်နှာဖြူဖျော့နေသည်။ တုန်ခါလှိုင်းတို့အား သူ့ကိုယ်တစ်လျှောက် ဖြတ်သန်းရင်း သူ၏အင်မော်တယ်အကြောအားလုံးကို ပြိုကွဲသွားတော့မတတ် ဖြစ်သွားစေသည်။ သူ့မှာ အံ့ဩနေဆဲခုလတ်မှာတင် ကြောက်လန့်သွားပြီး ကျောက်စိမ်းပြားတစ်ပြားအား ကပျာကယာ ထုတ်၍ နေရာရွှေ့ပြောင်းသွားတော့၏။
လူတိုင်း စောစောက မန်ဟို့တိုက်ကွက်၏ ပုံရိပ်ကို ပြန်မြင်ယောင်နေသဖြင့် နဝမတောင်ပင်လယ်တစ်ခုလုံး သုဿန်တစပြင်ပမာ တိတ်ဆိတ်သွားသည်။
"အဲ့ဒါ ... အင်မော်တယ်နယ်ပယ်ပါရာဂွန်တစ်ဦးရဲ့ စွမ်းအားလား"
"အစွမ်းထက်လိုက်တာ။ သိပ်အစွမ်းထက်တာပဲ။ အဲဒီလက်သီးချက်က ရှေးဟောင်းနယ်ပယ်နဲ့တောင် ယှဉ်နိုင်တယ်"
"အဲဒီတိုက်ကွက်က မီးအိမ်တစ်လုံး ငြှိမ်းထားတဲ့ ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူတစ်ယောက်ကိုတောင် ... ပြန်တိုက်ခိုက်ဖို့ ခက်သွားစေနိုင်တယ်"
နဝမတောင်ပင်လယ်တစ်ခုလုံး တုန်လှုပ်နေစဉ် မန်ဟိုက ဝမ်တန်ဖေးနှင့် ကျီယင်ကို မျက်နှာချင်းဆိုင်ရန် ခေါင်းလှည့်လိုက်သည်။
ကျီယင်၏မျက်နှာမှာ တင်းမာခက်ထန်နေပြီး သူမက နေရာရွှေ့ပြောင်းခြင်း မုခ်ဝထံသို့ ပြန်ဆုတ်သွားသည်။ ကြည့်ရသရွေ့ သူမသည် ဤအခိုက်အတန့််၌ မန်ဟိုမှာ အင်မော်တယ်နယ်ပယ်ကျင့်ကြံသူများ အနိုင်ယူ၍မရနိုင်သော လူတစ်ယောက်ဖြစ်သည်ကို သဘောပေါက်သွား၍ မန်ဟို့ကို မတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည့်အလားပင်။
ဖန်းတုံးအာ၏မျက်ဝန်းလေးများ ဝိုင်းစက်နေပြီး လီလင်းအာ၏မျက်နှာမှာ ဖြူဆုပ်နေသည်။ ကျောက်ရီဖန်းက ခါးသီးစွာ ပြုံးနေပြီး ထိုက်ယန်ကျစ်နှင့် စောစောက ဆယ်ယောက်ကျော်မှာ သက်ပြင်းချနေကြလေသည်။
စောစောက မန်ဟိုသည် သူ့ကျင့်ကြံခြင်းအခြေခံနှင့် အသားကျရန် တိုက်ခိုက်နေခဲ့ခြင်းသာ ဖြစ်ကြောင်း သူတို့ သိလိုက်၏။ ထို့ကြောင့် သူက သူတို့ကို တိုက်ခိုက်ခွင့်ပေးထားခြင်းပင်။ ယခု သူ့အတွက် ထိုသို့လုပ်ရန် မလိုတော့ရာ သူတို့ ထပ်မံတိုက်ခိုက်ပါက ရလဒ်မှာ လွန်စွာ ခြားနားသွားပေလိမ့်မည်။
မန်ဟိုက ရန်စရမည့် လူတစ်ယောက်မဟုတ်ပေ။
ဝမ်တန်ဖေးက ခေါင်းမော့လာပြီး သူ ရှေ့တစ်လှန်းတက်လိုက်စဉ် သူ့နဖူးပေါ်ရှိ ကြယ်များက ပြိုးပြိုးပြက်ပြက် လက်သွား၏။
"မန်ဟို ငါ မင်းအချိန်ကို မဖြုန်းပါဘူး။ လက်သီးတစ်ချက်ပဲ… တစ်ချက်လေးပဲ" သူ၏မျက်လုံးများသည် အစွဲတို့ဖြင့် တောက်ပနေ၏။ သူ့မှာ ယနေ့ကို အကြာမှအကြာကြီး စောင့်နေခဲ့ရပြီး သူတို့၏အတိတ်အကြောင်း အသေးစိတ်သိသူများမှာ သူတို့နှစ်ယောက်ပင် မရှိပေ။
မန်ဟိုက ဝမ်တန်ဖေးကို ကြည့်သည်။ သူ့မှာဝမ်တန်ဖေး အသက်ရှင်နေသေးသည်ကို မြင်လိုက်ရ၍ အတန်ငယ် အံ့ဩနေသေးလေသည်။ ဝမ်တန်ဖေး ဒသမဝမ်ခေါင်းဆောင်ကြီး၏လက်ထဲတွင် သေသွားသည်ကို သူ ကိုယ်တိုင် မြင်ခဲ့ရသည်မဟုတ်ပါလော။
မန်ဟို သိချင်နေသောအရာကို ကောင်းကောင်း သဘောပေါက်သည့်အလား ဝမ်တန်ဖေးက အေးအေးလူလူ ရှင်းပြသည်။ "ဒသမခေါင်းဆောင်ကြီးက ငါ့ကို ကူညီပေးခဲ့တယ်"
မန်ဟိုသည် ဝမ်တန်ဖေးကို ပြန်ကြည့်ပြီး လွန်ခဲ့သောနှစ်ပေါင်းများစွာက သူတို့ ပထမဆုံးဆုံတွေ့ခဲ့ပုံကို ပြန်စဉ်းစားရင်း သူ့နှလုံးသားထဲ၌ ရှုပ်ထွေးသောအတွေးများ ပြည့်နှက်သွား၏။ ဝမ်တန်ဖေးသည် မိုးနဂါးပျံကြီး သူ၏အင်မော်တယ်အကြောတစ်ကြော ဖြစ်လာခဲ့သည်ကို မြင်ခဲ့လိမ့်မည်။
"သိပ်ကောင်းတယ်" သူက ခေါင်းညိတ်ရင်း ပြောသည်။
ဝမ်တန်ဖေး၏ မျက်လုံးများသည် တိုက်ခိုက်လိုစိတ်တို့ဖြင့် ပြည့်နှက်နေသည်။ မန်ဟို့ကို ကြည့်နေစဉ် သူ၏စွမ်းအားများ စတင်မြင့်လာ၏။ သူ့တွင် လျှို့ဝှက်မှော်ကျင့်စဉ်မရှိသလို၊ သူ ဖွင့်ခဲ့သော အင်မော်တယ်အကြောအရေအတွက်မှာလည်း လက်ရှိခေတ်တွင် ထူးချွန်ပြောင်မြောက်လှသည်ဟု မသတ်မှတ်နိုင်ပေ။
သို့သော် သူသည် ဒသမဝမ်ခေါင်းဆောင်ကြီး စုစည်းထားသော အရင်းအမြစ်များကို ရရှိထား၏။ သူ့တွင် မန်ဟို၏ပြီးပြည့်စုံသောအခြေကိုသာမက အစစ်အမှန်အင်မော်တယ်တစ်ဦး ဖြစ်လာခဲ့သောအခိုက်အတန့်တွင် ရရှိခဲ့သော သွေးဆက်စွမ်းအားကိုလည်း ပိုင်ဆိုင်ထားသည်။
ထိုသွေးဆက်စွမ်းအားသည် အလွန်တရာရှားပါးလွန်း၍ ဝမ်မျိုးနွယ်စုထဲ၌ပင် အံ့ဖွယ်ရာဖြစ်၏။
၎င်းက နတ်ဘုရားတို့၏ စွမ်းအားပင်။
ဝမ်မျိုးနွယ်စုတွင် ဝမ်တန်ဖေး၏ ဤသွေးဆက်စွန်းအားသည် နတ်ဘုရားတစ်ပါး၏ စွမ်းအားဖြစ်၏။
သူ လျှောက်လှမ်းခဲ့သောလမ်းမှာ အင်မော်တယ်အဖြစ်သို့ တက်ရာလမ်းမဟုတ်၊ နတ်ဘုရားအဖြစ်သို့ တက်ရာလမ်းဖြစ်သည်။
ဤတိုက်ပွဲသည် နတ်ဘုရားနှင့် အင်မော်တယ်ကြားက တိုက်ပွဲဖြစ်လေသည်။
ဝမ်တန်ဖေးက ခေါင်းနောက်လှန်၍ မာန်သွင်းဟိန်းဟောက်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ တဂျွတ်ဂျွတ် မြည်သံများ ပဲ့တင်ထပ်လာပြီး မျက်စိတစ်မှိတ်အတွင်း သူသည် မီတာ သုံးဆယ် ၊ မီတာ သုံးရာ၊ မီတာ သုံးသောင်းမြင့်မားသည့်တိုင်အောင် ထွားကြိုင်းလာခဲ့လေပြီ... သူကား သူ့ကို မြင်ရသူတိုင်းအတွက် သွက်သွက်ခါလောင်အောင် အံ့ဩတုန်လှုပ်ဖွယ်ကောင်းပြီး သူ့ပတ်ဝန်းကျင်မှာ ချက်ချင်း အက်ကွဲကြောင်းများဖြင့် ပြည့်နှက်သွားသည်။
သူသည် ရူးချင်လောက်စရာ အမြန်နှုန်းဖြင့် ဆက်လက်ထွားကြိုင်းလာပြီး အသက်ရှိုက်စာအနည်းငယ်အတွင်း မီတာခြောက်ထောင်အမြင့်နှင့် ဘီလူးကြီးသဖွယ် မန်ဟို့အရှေ့တည့်တည့်သို့ ရောက်နေလေပြီ။
ဤဘီလူးကြီး၏ပုံပန်းသွင်ပြင်က မန်ဟို့အား စိတ်နှလုံးတုန်လှုပ်သွားစေပြီး အင်မော်တယ်ရှေးဟောင်းတာအိုဆရာဝတ်ပြုကျောင်းတွင် မြင်ခဲ့ရသော မြင်ကွင်းကို ပြန်တွေးမိလိုက်စေသည်။ ထိုအချိန်တုန်းက မိုးကောင်းကင်ကို ထမ်းတော့မတတ် ကြီးမားနေသော ဘီလူးကြီးတစ်ကောင်ကို သူ မြင်ခဲ့သည်။ ထိုဘီလူးကြီးက တကယ်တမ်း ဝမ်တန်ဖေးနှင့် အလွန်ဆင်လေသည်။
နှစ်ကောင်လုံးတွင် မှော်သင်္ကေတများဖုံးနေသော မာခေါက်ခေါက် ထူပိန်းပိန်း အရေပြားများရှိပြီး နှစ်ကောင်လုံး၏နဖူးထက်တွင် ကြယ်များ ရှိလေသည်။ အဓိက မတူသည့်အရာမှာ သူ့မြင်ကွင်းထက်ရှိ ဘီလူး၏ကြယ်များက ဝမ်တန်ဖေးထက် ပိုများခြင်းပင်။
ဖြစ်ပျက်နေသောအရာကို မြင်နေရသော ကျင့်ကြံသူအားလုံး အံ့ဩသွားကြသည်။ ဝမ်တန်ဖေးက ဟိန်းဟောက်လိုက်ရာ ၎င်းကို ကြားလိုက်သူတိုင်း၏ နှလုံးသားထဲတွင် ပရမ်းပတာဖြစ်သွားသောခံစားချက်တို့ ပြည့်နှက်သွားသည်။ သူသည် ညာလက်ကို လက်သီးဆုပ်၍ မန်ဟိုထံသို့ ထိုးချလိုက်သည်။
ထိုလက်သီးက ဧရာမဥက္ကာခဲကြီးသဖွယ် ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် မန်ဟို့ထံ ဦးတည်သွား၏။
မန်ဟို့အမူအရာမှာ အာရုံစူးစိုက်ထားသော အမူအရာဖြစ်သည်။ ဝမ်မျိုးနွယ်စုနှင့် ပတ်သက်၍ တစ်ခုခုထူးခြားကြောင်း သူ သိသည်။ စောစောက ဝမ်မုသုံးခဲ့သော ထူးထူးဆန်းဆန်း နတ်ဘုရားစွမ်းရည်အရ သူ ပြောနိုင်၏။ အမှန်တွင် သူသည် တောင်ကောင်းကင်ဂြိုဟ်အပေါ်တွင် ထူးဆန်းသောဝမ်မျိုးနွယ်နတ်ဘုရားစွမ်းရည်များကို ရင်ဆိုင်ခဲ့ရဖူးလေသည်။ သို့သော် ဝမ်မျိုးနွယ်သွေးထဲတွင်.... နတ်ဘုရားစွမ်းအားပါရှိနေလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။
"ဝမ်မျိုးနွယ်စုရဲ့ ပထမခေါင်းဆောင်ကြီးက ဘယ်လောက်တောင် အစွမ်းထက်တာလဲ" သူ့မှာ တွေးလိုက်မိသည်။ သူသည် ထိုဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး မည်သည့်ခေတ်တွင် ရှင်သန်ခဲ့သလဲ မသိသော်လည်း သူ့အား လွန်စွာစိတ်ဝင်စား၏။ သို့သော် လက်ရှိအချိန်မှာ ထိုကိစ္စအား စဉ်းစားနေရမည့်အချိန်မဟုတ်ပေ။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ တဖျောက်ဖျောက် မြည်သံများ ထွက်လာစေ၏။ ထို့နောက် သူ၏လျှို့ဝှက်မှော်သိုင်းကို ထုတ်လွှတ်ရင်း အင်မော်တယ်အကြော (၁၂၃) ကြောအား သူ၏အပြင်အားကိုယ်ခွန်အားနှင့် တစ်သားတည်းဖြစ်သွားစေသည်။
သူ့အပြင်အားကိုယ်မှာ ယခုတွင် (၁၂၃) ဆ အစွမ်းထက်သွားပြီး သူ လက်သီးထိုးချလိုက်သောအခါ သူ့ပတ်ပတ်လည်ရှိ ကြယ်တာရာကောင်းကင်မှာ ကြေမွသွားသည်။ သူ့လက်သီးထဲတွင် ပါရှိသောစွမ်းအားက စောင့်ကြည့်နေသူအားလုံးအား ရင်တဒိန်းဒိန်း ခုန်သွားစေ၏။
မျက်စိတစ်မှတ်အတွင်း မန်ဟိုက ဝမ်တန်ဖေး၏လက်သီးနှင့် ရင်ဆိုင်ရန် ပျံတက်သွားသည်။ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ထိသွားသောအခါ အလွန်ကြီးမားသောပေါက်ကွဲမှုကြီး ပဲ့တင်ထပ်လာသည်။ ကြယ်စင်တာရာများ ပြိုကွဲသွားပြီး ကောင်းကင်များ မှေးမှိန်သွား၏။ လှိုင်းဂယက်များက ကွင်းများသဖွယ် အရပ်လေးမျက်နှာသို့ ဖြာထွက်သွားသည်။
သွေးများ ဝမ်တန်ဖေး၏ ပါးစပ်မှ ပန်းထွက်သွားကာ သူ့မှာ နောက်သို့ယိမ်းယိုင်သွား၏။ သူ့ခန္ဓာကိုယ်မှာ လျင်မြန်စွာ ကျုံ့လာပြီး သူ့မှာ ခြေလှမ်းဆယ်လှမ်းကျော် နောက်ဆုတ်လိုက်ရပြီးနောက် မျက်နှာဖြူဖပ်ဖြူလျော်နှင့် ပုံမှန်ပြန်ဖြစ်သွားလေသည်။ သူသည် သွေးတချို့ ထပ်အန်လိုက်ရပြီး သူ့လက်မောင်းမှာ စုတ်ပြတ်သွား၏။ သူက မန်ဟို့ကို မော့ကြည့်သည်။
"ငါ မင်းကို တစ်နေ့ အနိုင်ယူပြမယ်" သူက မယုံနိုင်လောက်အောင် ခိုင်မာပြတ်သားနေသံဖြင့် ပြောသည်။ ထို့နောက် ချာခနဲ လှည့်၍ သွေးတစ်လုပ်ပြီးတစ်လုပ် အန်ပြီးနောက် အဝေးသို့ ထွက်သွားသော အလင်းတန်းတစ်တန်းအသွင်ပြောင်းသွားတော့သည်။
မန်ဟိုက တိတ်ဆိတ်စွာ ရပ်နေသည်။ သူသည် လက်သီးအား ဖြေးဖြေးချင်း ပြန်ရုတ်လိုက်ရာ သူ့လက်မောင်းတစ်ခုလုံး တုန်နေကြောင်း တွေ့လိုက်ရ၏။ ဝမ်တန်ဖေး၏စွမ်းအားတွင် အရာအားလုံးကို ဖျက်စီးပစ်နိုင်သော ဩဇာကြီးမားသည့်အားတစ်ရပ် ပါရှိလေသည်။ မန်ဟိုသည် သူ့လက်ဖမိုးနှင့် ထိုနေရာတွင် ကျန်ရစ်ခဲ့သော ဒဏ်ရာကို ကြည့်လိုက်၏။
ဤသည်မှာ ဤရွေးချယ်ခံများကို တိုက်ခိုက်နေစဉ် ပထမဆုံးအကြိမ် ဒဏ်ရာရလိုက်ခြင်းဖြစ်သည်။
"နတ်ဘုရားစွမ်းအား ..." သူက မျက်လုံးများတွင် မျှော်လင့်ချက်တို့ ပြည့်နှက်နေလျက် တွေးလိုက်သည်။
"ကဲအခု ငါ့ကိစ္စတွေ ရှင်းဖို့ အချိန်ကျပြီ..." သူက အရှေ့အောင်ပွဲဂြိုဟ်နှင့် လေလယ်တွင် ပျံဝဲနေသော ဖန်ဝေကို ငုံ့ကြည့်လိုက်၏။ ထပ်မံ၍ သူတို့အကြည့်ချင်း ဆုံသွားလေသည်။
"ဖန်ဝေ" သူက အံ့အားသင့်နေသော လူတိုင်း၏အကြည့်များအောက်ဝယ် အရှေ့အောင်ပွဲဂြိုဟ်ဆို့ ထိုးဆင်းရင်း ညင်သာစွာ ပြောလိုက်သည်။
"ဖန်ဝေ" ဖန်ဝေက အစွဲကြီးမှုတို့ မျက်လုံးများတွင် တောက်ပနေလျက် မန်ဟို့အား ရင်ဆိုင်ရန် ပျံတက်သွားသည်။
မြေကြီးပေါ်တွင်မူ ဖန်ရှုံ့ရှန်း၏မျက်လုံးများတွင် အဆိပ်ပြင်းသာသတ်ဖြတ်လိုစိတ်တို့ တဝင်းဝင်းလက်နေသည်။ ဖန်ဝေ၏အဘိုးက မျက်လုံးများ ကျဉ်းမြောင်းနေ၏။ သူ့လက်ထဲတွင် အချိန်ကျသည်နှင့် ချိုးရန် အသင့်ပြင်ထားသော ကျောက်စိမ်းပြားတစ်ပြား ရှိလေသည်။
သို့သော် သူ့မှာ တွန့်ဆုတ်နေသယောင်ပင်။ ထိုကျောက်စိမ်းပြားအား ချိုးလိုက်လျှင် ... နောက်ပြန်သွား၍မရတော့ပေ။
***