မိုးကောင်းကင်ကို ထုဆစ်ခြင်း
Vol. 109 Ch. 1520
“အာကာပြင်ကျယ်ဂိုဏ်းချုပ်ပြီးတော့ နတ်ဆိုးနဲ့ နတ်ဘုရားပေါ်လာခဲ့တယ်။ သူတို့လည်း လောကပါလနတ်မင်းရဲ့ လက်ချောင်းတစ်ချောင်းစီကို ဖြတ်ပစ်ခဲ့တယ်။ သူတို့သုံးယောက်က လောကပါလနတ်မင်းကို အပြတ်ရှင်းဖို့ အတူတူပူးပေါင်းခဲ့ကြပေမယ့် မအောင်မြင်ခဲ့တာလား မသိဘူး
“ဘယ်လိုပဲဖြစ်ဖြစ် သူတို့အားလုံး ... မိစ္ဆာပေါ်လာမှာကို စောင့်နေကြတယ်။ မိစ္ဆာက လောကပါလနတ်မင်းကို အဆုံးသတ်နိုင်တယ်ဆိုတဲ့ အကြံကို သူတို့ ဘယ်ကများ ရခဲ့တာပါလိမ့်
“ဒါပေမဲ့ လောကပါလနတ်မင်းလည်း စောင့်နေခဲ့တယ်။ အတုမရှိအင်မော်တယ်အဆင့်နဲ့ နီးကပ်လာတဲ့လူတိုင်းကို မျက်စိဒေါက်ထောက်အကဲခတ်ရင်း သူတို့ကိုယ်ထဲမှာ မိစ္ဆာချီပေါ်လာမှာကို စောင့်နေတာ။ ပြီးရင် အတုမရှိမိစ္ဆာအစစ်မဖြစ်ခင်လေးမှာတင် ... အဲဒီမိစ္ဆာတစ်ပိုင်းတွေကို စုပ်ယူပြီး စားပစ်ခဲ့တယ်။ ရည်ရွယ်ချက်က မိစ္ဆာရဲ့ ပြောင်းလဲတတ်တဲ့သဘာဝနဲ့ သူတို့ရဲ့နိဗ္ဗာနပြန်မွေးဖွားခြင်းကနေတစ်ဆင့် သူ့ကိုယ်သူ အသက်ပြန်သွင်းဖို့ပဲ
“လောကပါလမျိုးနွယ်စုတွေက လောကပါလနတ်မင်းရဲ့ သွေးနဲ့ ဖန်ဆင်းခံထားရတာဆိုပေမယ့် သူတို့က အတုမရှိမိစ္ဆာကို မွေးဖွားပေးနိုင်တဲ့မျိုးနွယ်စုတွေဆိုလည်း မမှားဘူး
“ငါ့ကံကြမ္မာက မိစ္ဆာတစ်ယောက်ရဲ့ကံကြမ္မာ။ ငါဟာ အတုမရှိမိစ္ဆာအစစ်ပဲ” မန်ဟိုက သက်ပြင်းချသည်။ သူ၏နားလည်မှုက မပြည့်စုံသေးသော်လည်း ဤအဖြစ်အပျက်များပြီးနောက် ခုနစ်ဆယ်မှ ရှစ်ဆယ်ရာခိုင်နှုန်းအထိ မှန်ကြောင်း သူ သေချာလေသည်။
“စုန့်တောက်စစ်နဲ့ ကျန်မျက်နှာ ၉၇ ခုရဲ့ မူလအစက အဲ့ဒါပဲ။ သူတို့ဟာ မတူညီတဲ့ကမ္ဘာလောကတွေကနေ လာပြီး မိစ္ဆာတစ်ပိုင်းဖြစ်သွားကြခဲ့တာ
“ပြီးတော့ ငါကတော့ ၉၉ ယောက်မြောက်။ နောက်ဆုံးတစ်ယောက်အဖြစ် လောကပါလနတ်မင်းက ငါ့ကို ပြင်ဆင်ထားခဲ့တာ” မန်ဟိုသည် ခေါင်းခါလိုက်ပြီး အတန်ကြာသည်အထိ တိတ်ဆိတ်စွာ ပျံဝဲနေ၏။ မိုးစဲသွား၍ ငွေသော်တာလမင်းက မဟူရာမိုးကောင်းကင်၏အထက်တွင် မဝံ့မရဲ ပေါ်ထွက်လာတော့သည်။ လရောင်ခြည်တို့သည် အောက်ရှိမြေပြင်များအပေါ် ဖြာကျသွားသောအခါ ရေအိုင်များ၌ ရောင်ပြန်ထင်ဟပ်ကာ စိတ်နှလုံးအေးချမ်းဖွယ် အလှတရားကို ဖော်ကျူးနေ၏။
နောက်ဆုံးတော့ မန်ဟိုက အောက်ရှိ သေမျိုးမြို့တော်၏ ညအမှောင်ထုထဲသို့ ဝင်ရောက်သွားသည်။ သူ၏ခံစားချက်များအတိုင်း လမ်းကြိုလမ်းကြားများကို ဖြတ်၍ လျှောက်လာပြီးနောက် လမ်းသွယ်လေးအထဲ ဦးတည်နေသော လမ်းထောင့်တစ်ထောင့်၌ ရောက်နေကြောင်း တွေ့လိုက်ရသည်။
လမ်းသွယ်လေးအတွင်းတွင်တော့ ဆိုင်သေးသေးလေးတစ်ဆိုင်။
တံခါးသည် ပိတ်နေသော်လည်း ဆိုင်းဘုတ်နှင့် အပြင်ရှိ သစ်သားပုံများအရ ... လက်သမားတစ်ဦး၏ဆိုင်ဖြစ်ကြောင်း ထင်ရှားသည်။
ဤဆိုင်သည် နဝမလူဝင်စား၏အိမ် ဖြစ်၏။ မန်ဟိုက ထိုနေရာတွင် အကြာကြီး ရပ်နေသည်။ ပတ်ဝန်းကျင်ကို ပိတ်ကွယ်ဖုံးနေသော မြူများသည် ဤနေရာတွင် သိပ်သည်းနေသလို၊ ကောင်းကင်ဘုံများကို လှုပ်ခတ်နိုင်သည့် တစ်စုံတစ်ခု အစပြုဖြစ်တည်သော အတွေ့အထိလည်း ရှိနေ၏။
အတန်ကြာသော် မန်ဟိုက ဆိုင်အတွင်းကို ကြည့်ဖို့ သူ၏နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သည်။ သို့သော် သမုဒ္ဒရာထဲသို့ ကျောက်တုံးတစ်တုံး ပစ်ချလိုက်သကဲ့သို့ အချည်းနှီးသာ။ ဘာမှမမြင်ရပေ။
တအောင့်ကြာသည့်အခါ မန်ဟို ပျောက်ကွယ်သွားသည်။ ပြန်ပေါ်လာသောအခါ သူသည် လက်သမားဆိုင်အတွင်း၌ သပ်သပ်ရပ်ရပ် စီထားသော လက်သမားကိရိယာတန်ဆာပလာများကို ကြည့်နေ၏။ သစ်သားပန်းပုသေးသေးလေးများကိုလည်း အတန်းလိုက်စီထားရာ မန်ဟို့အား အတန်ငယ်အံ့အားသင့်သွားစေသည်။
ငှက်များ၊ ခွေးများ၊ ကြောင်များ အစရှိသဖြင့် အားလုံး ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် အသက်ဝင်နေသည်။ အင်မတန် အသက်ဝင်လွန်း၍ အချိန်မရွေး လမ်းထလျှောက်တော့မည့်အလား ထင်ရသည်။ ၎င်းတို့သည် သေမျိုးများ မြင်ရမည်မဟုတ်သည့် အရောင်အဝါကိုပင် ထုတ်လွှတ်နေကြ၏။
၎င်းက အသက်အရောင်အဝါဖြစ်ပြီး အလွန်အားကောင်းလေသည်။ အဆိုပါအသက်အရောင်အဝါသည် သစ်သားထဲ၌ မူလကတည်းက တည်ရှိနေခဲ့ခြင်းမဖြစ်တန်ရာ၊ ပန်းပုအတတ်မှတစ်ဆင့် မွေးဖွားလာခဲ့သယောင်ပင်။
မည်သည့်လက်များက ထိုမျှအသက်ဝင်သောပန်းပုများကို ထုနိုင်စွမ်းရှိသနည်း... မန်ဟိုမှာ စိတ်ပင်မကူးတတ်တော့ပေ။
ဤအခိုက်အတန့်တွင် သူ၏မျက်လုံးများက အမျိုးသမီးတစ်ယောက်ကို ထုဆစ်ထားသော ပန်းပုသေးသေးလေးတစ်ခုအပေါ် ကျရောက်သွားသည်။ သူ့တစ်ကိုယ်လုံး တုန်ရီသွားပြီး သူ၏မျက်လုံးများ ဝိုင်းစက်လာ၏။ သူ့မှာ သူ့မျက်စိသူပင် မယုံနိုင်တော့ပေ။ မိုးကြိုးများက သူ့ငယ်ထိပ်ကို ပစ်ချနေသကဲ့သို့ ခံစားလိုက်ရလေသည်။
သူ၏မျက်ဝန်းများအရ အင်မတန်တုန်လှုပ်ဖွယ်ကောင်းလောက်အောင် အသက်ဝင်နေသော တစ်စုံတစ်ခုကို ကြည့်နေပုံရသည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါ့ကိုယ်ပွားရဲ့ နဝမလူဝင်စားက ဘယ်လိုလုပ် သူမကို ထုဆစ်နိုင်မှာလဲ...” ဤနဝမဘဝတွင် ပြင်ဆင်မရနိုင်တော့သည့် အဖြစ်အပျက်များ ဖြစ်ပွားခဲ့မည်ဖြစ်ကြောင်း သဘောပေါက်လိုက်သဖြင့် မန်ဟို ရင်တဒိန်းဒိန်း ခုန်လာသည်။
ထိုအခိုက်အတန့်မှာပင် သူ့အနောက်မှ ခြေသံများ ကြားလိုက်ရ၏။ ဆိုင်၏အနောက်ဖက်ရှိ အခန်းထဲမှ သက်လတ်ပိုင်းလူတစ်ယောက် ထွက်လာသည်။ သူသည် အမြင်ကွယ်နေသော်လည်း ဤဆိုင်လေးနှင့် အလွန်ရင်းနှီး၍ မျက်စိမြင်သည့်လူတစ်ယောက်ပမာ ယုံကြည်ချက်ရှိရှိ လျှောက်လာနေ၏။ သူက ဆိုင်အလယ်သို့ လျှောက်သွားပြီး စင်မှ ပန်းပုထုဓားကို ယူကာ ထိုင်ပြီးနောက် ထုလက်စပန်းပုကို ဆက်ထုနေသည်။
ပန်းပုသည် တစ်ဝက်ပင် မပြီးသေးပေ။ ဘယ်သူမှ ထိုအရာကဘာမှန်း မြင်ကြမည်မဟုတ်သော်လည်း မန်ဟိုကတော့ တစ်ချက်လေးကြည့်လိုက်ရုံနှင် နဝမမန္တန်၏ နဝမချုပ်စည်းဖြစ်ကြောင်း ပြောနိုင်သည်။
ရတနာလေးသည် မန်ဟို့ကို မမြင်ရသလို၊ သူနှင့်အတူရှိနေသည်ကိုလည်း မသိပေ။ ပန်းချီသာ ရေးခြယ်ပြနိုင်လျှင် သစ်သားတုံးကို ဖြည်းဖြည်းချင်း ထုဆစ်နေသော သူ့ကိုယ်ပွား၏ နဝမလူဝင်စားကို ကြည့်ရင်း ရပ်နေသည့် မန်ဟို့ကို မြင်ရလိမ့်မည်။
နဝမလူဝင်စားကို ကြည့်နေစဉ် မန်ဟို့နှလုံးသားထဲ၌ အလွန်ထူးဆန်းသောခံစားချက် ဖြစ်ပေါ်လာသည်။ ဤလူဝင်စားသည် အခြားသူများနှင့် မတူပေ။ ဒုတိယဘဝမှ အဋ္ဌမဘဝအထိ မန်ဟိုသည် အဖြစ်အပျက်အားလုံးကို ကြည့်ရှုနိုင်ခဲ့ပြီး လူဝင်စားများနှင့် ရင်းနှီးခဲ့၏။
ဤလူဝင်စားသည် သူ့ကိုယ်ပွားဖြစ်၏။ သူ့ဝိညာဉ်နှင့်သွေးနှစ်မျိုးလုံးက မန်ဟို့ဆီက လာသည်။ သို့သော် ဤနဝမလူဝင်စားနှင့် သူ မရင်းနှီးပေ။
မန်ဟို ကိုယ်ပွား ပန်းပုထုနေသည်ကို ကြည်နေစဉ် အချိန်တွေ ကုန်ဆုံးသွားသည်။ ယခုလို ထင်ရှားပြီး အကောက်အထည်အလိုက် ဖြစ်ပေါ်လာသော နဝမချုပ်စည်းကို သူ တစ်ခါမှ မမြင်ခဲ့ဖူးချေ။
၎င်းက သူ့စိတ်နှလုံးသားထဲတွင် ကောက်ကြောင်းအဖြစ် ပေါ်လာခဲ့သော်လည်း ရတနာလေး၏လက်ထဲ၌မူ ဓားချက်တစ်ချက်တိုင်းနှင့်အတူ အကောင်အထည်ဖြစ်ပေါ်လာနေ၏။
“ဆိုတော့ ဒါက ငါ့ရဲ့ နောက်ဆုံးသော နဝမဘဝပေါ့..” မန်ဟိုက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူသည် အမျိုးသမီးတစ်ယောက် အခန်းထဲမှ ထွက်လာသည်အထိ အကြာကြီး ရပ်နေ၏။ အမျိုးသမီးသည် ရတနာလေးကဲ့သို့ မန်ဟို့ကို မမြင်ရသော်လည်း သူမကို မြင်လိုက်လျှင်ချင်း ဟန်ပေ့ ဘာကြောင့်ဤနေရာသို့ လာခဲ့သလဲ မန်ဟို နားလည်သွားသည်။
“ယန်အာ...” မန်ဟို့နှုတ်မှ လွှတ်ခနဲ ထွက်သွားသည်။ ယန်အာ၏ ပန်းပုရုပ်ကို မြင်တွေ့ပြီးနော် ရိပ်စားမိလိုက်သော်လည်း ယခုလိုမျက်ဝါးထင်ထင် မြင်တွေ့ရခြင်းက မန်ဟို့ရင်ထဲတွင် ရှုပ်ထွေးသောခံစားချက်များ အုံကြွလာစေသည်။ ဤနဝမမြောက်ဘဝ၌ မထင်မှတ်ထားသောအလှည့်အပြောင်းတစ်ခု ဖြစ်ပေါ်ခဲ့ကြောင်း မန်ဟို နားလည်လိုက်ချေပြီ။
သူ့ကိုယ်ပွားသည် ... ချူယွီယန်ကို လက်ထပ်ခဲ့၏။
သူမမှာ ကိုယ်ဝန်လွယ်ထားပြီလည်း ဖြစ်ပေသည်။ ယန်အာသည် နွေးထွေးကြင်နာသောအမူအရာဖြင့် ခပ်ထူထူအင်္ကျီတစ်ထည်ကို သူမယောက်ျား၏ ပခုံးအပေါ် လွှားတင်ပေးလိုက်၏။ ထို့နောက် သူမယောက်ျား ပန်းပုထုနေသည်ကို ဘေးမှထိုင်ကြည့်နေသည်။ သူမ သူ့ကို ကြည့်နေသောပုံစံအရ ... တစ်ဘဝလုံး ထိုသို့ထိုင်နေရလျှင်တောင်မှ ဘယ်တော့မှ မငြီးငွေ့မည့်ပုံရသည်။
နောက်ဆုံးတော့ ယန်အာသည် ပန်းပုကို ငုံ့ကြည့်ပြီး ဘာပုံစံမှန်း မပြောနိုင်သောအခါ တိုးတိုးလေး မေးလေ၏။ “ပြီးခါနီးပြီလားဟင်”
“မပြီးသေးဘူး” ရတနာလေးက သစ်သားကို တယုတယ ပွတ်သပ်ရင်း ပြန်ဖြေသည်။ “သုံးပုံတစ်ပုံတော့ ပြီးပြီ”
ယန်အာက အနီးကပ်ကြည့်ပြီးနောက် မေးသည်။ “ဘာပုံစံပါလိမ့်။ ကျွန်မ မပြောတတ်ဘူး”
ရတနာလေးက ပြုံးလျက် ပြန်ဖြေသည်။ “ဒါ... ကိုယ်မြင်ရတဲ့ မိုးကောင်းကင်တွေပေါ့”
“မိုးကောင်းကင်တွေ ဟုတ်လား” ယန်အာမှာ အတန်ငယ်အံ့အားသင့်သွားပုံပေါ်သည်။
“အင်း ဒါတွေက မျက်လုံးပိတ်ထားတဲ့ မိုးကောင်းကင်တွေပဲ။ ကိုယ့်လိုပဲ မမြင်နိုင်ကြဘူး” ရတနာလေးက သက်ပြင်းချသည်။ ယန်အာသည် တိတ်ဆိတ်စွာ ထိုင်နေ၏။
ရုတ်တရက် ရတနာလေးက ခေါင်းမော့လိုက်ပြီး မန်ဟို့ကို မမြင်ရသော်လည်း မန်ဟို့ကို ကြည့်နေသည့်အလား ထင်ရလေသည်။ “ယန်အာ တစ်ခါလေ ဒါက ကိုယ့်ဘဝရဲ့ ရည်ရွယ်ချက်လို့ ခံစားရတယ်”
“အမှောင်ကမ္ဘာကြီးမှာ နေဖို့ ကံတရားက ကိုယ့်ကို မျက်မမြင်အဖြစ် မွေးဖွားပေးလိုက်တာထင်တယ်
“ဒါပေမဲ့ ကိုယ် မိုးကောင်းကင်တွေကို မျက်လုံးဖွင့်ပေးချင်တယ်။ သူတို့ကို လှမ်းမထိနိုင်တာတော့ ဆိုးလွန်းတာပဲ”
မန်ဟိုသည် ရတနာလေးနှင့် ယန်အာကို အတန်ကြာကြည့်နေပြီးနောက် သက်ပြင်းချကာ ဆိုင်ထဲမှ ထွက်သွားဖို့ လှည့်လိုက်၏။ ဆိုင်အပြင်မထွက်ခင် သူက ယန်အာနှင့် အတန်ငယ်ဖောင်းနေသော သူမဗိုက်ကို လှည့်ကြည့်သည်။
အထဲ၌ လှုပ်ရှားနေသော အသက်လေးကို သူ ခံစားရပြီး ဤကလေးသည် သူ့ကိုယ်ပွား၏နဝမလူဝင်စား၏ ကလေးဖြစ်သော်လည်း သူ၏အသွေးအသားဆိုလည်း မမှားပေ။
ဤနဝမလူဝင်စားသည် ကျန်ဘဝများနှင့် မတူညီသည့်အတွက် ဤကလေးကလည်း ထူးခြားသည်။
မန်ဟိုမှာ ရှုပ်ထွေးနေသော ခံစားချက်ပေါင်းများစွာဖြင့် တံခါးဝတွင် ရပ်နေမိသည်။
ယန်အာနှင့် ရတနာလေး၏ဘဝကို သူ မနှောင့်ယှက်ပေ။ နှောင့်ယှက်ဖို့လည်း မလိုအပ်သည်သာ။
သူသည် သူတို့နှစ်ယောက်လုံးကို လွှတ်ပေးထားဖို့ ရွေးချယ်လိုက်ပြီဖြစ်၍ သူတို့ကို ခွဲမည်မဟုတ်ပေ။
နဝမမန္တန်ကြောင့် ဤနဝမလူဝင်စားသည် မန်ဟို့ကိုပင် အံ့ဩမိစေသည်အထိ အသိအမြင်ထူးကဲ၏။ သူက နဝမမန္တန်၏ နဝမချုပ်စည်းကို အမှန်တကယ် ထုဆစ်နေသည်သာမက မန်ဟို့အတွက်ပင် ချောက်ချားစရာကောင်းသော စကားလုံးများအား ရေရွတ်ခဲ့၏။
“မိုးကောင်းကင်တွေကို မမြင်နိုင်ဘဲ ဘယ်လိုချုပ်နှောင်မှာလဲ” မန်ဟိုက ခေါင်းခါလျက် ဆိုသည်။
“မဟုတ်ဘူး။ အဲဒီထက် ပိုတယ်။ လူတွေဟာ သူ မိုးကောင်းကင်တွေကို မမြင်နိုင်ဘူး ထင်ကြပေမယ့် တကယ်က သူရဲ့အမြင်ကွယ်နေတဲ့ကမ္ဘာကြီးထဲမှ သူ မိုးကောင်းကင်တွေကို မြင်နေရတယ်
“သူက အဲဒီမိုးကောင်းကင်တွေကို ဓားချက်တစ်ချက်တိုင်းနဲ့ ထုဆစ်နေတာ။ နဝမချုပ်စည်းက အဲဒီမိုးကောင်းကင်တွေကို ကိုယ်စားပြုနေတာပဲ
“အဲဒီပန်းပု ပြီးမြောက်သွားရင် ငါ့ကိုယ်ပွားရဲ့ နဝမလူဝင်စားဟာ မျက်လုံးပိတ်ပြီး ကွယ်လွန်သွားလိမ့်မယ်။ သူ့ဘဝရဲ့ရည်ရွယ်ချက်က အဲဒီနဝမချုပ်စည်းကို ထုဆစ်ဖို့ပဲမဟုတ်လား” မန်ဟိုသည် အဝေးသို့ တိတ်ဆိတ်စွာ လမ်းလျှောက်ထွက်သွား၏။
ဤသေမျိုးမြို့တော်မှ သူ ထွက်မသွားပေ။ ရတနာလေးနှင့် ယန်အတို့အိမ်မှ ခပ်လှမ်းလှမ်းတွင် အိမ်တစ်အိမ် ဝယ်၍ နဝမလူဝင်စား၏အလုပ် ပြီးဆုံးမည်ကို စောင့်နေလိုက်သည်။
ရှစ်လသည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွား၏။ ရတနာလေးကား ကလေးမလေးတစ်ယောက်၏ အဖေ ဖြစ်လာခဲ့လေပြီ။ သူမသည် အမြင်ကွယ်မနေ။ ရောင်စုံခြယ်မှုန်းသော လောကကြီးကို မြင်နိုင်၏။ သူမ၏ တခစ်ခစ် ရယ်သံလွင်လွင်လေးသည်လည်း တစ်အိမ်လုံးတွင် မကြာခဏ ပျံလွင့်နေတတ်သည်။
သူမအမေသည် သူမအား ‘ပြီးပြည့်စုံခြင်း’ ဟု အမည်ရသော စာလုံးတစ်လုံးတည်းဖြင့် နာမည်မှည့်၏။
သူမမွေးလာသည့်အချိန်မှစ၍ သူမမိဘများသည် သူမအား ‘ပြည့်ပြည့်’ ခေါ်ကြလေသည်။
အသံထွက်က အတန်ငယ်ထူးဆန်းသော်လည်း ရတနာလေးလည်း သဘောကျသလို၊ ယန်အာလည်း နှစ်သက်သည်။
ရတနာလေးသည် ပြည့်ပြည့်လေးမွေးလာကတည်းက အတော်လေးစိတ်လှုပ်ရှားနေ၏။ သူ၏သမီးသေးသေးလေးကို မကြာခဏ ပွေ့ချပြီး ပျော်ရွှင်စွာ ရယ်နေတတ်သည်။ နောက်တော့ သူသည် သမီးဖြစ်သူ၏ ပုံစံတူကို ပန်းပုထုကာ သူမအိပ်ရာခေါင်းရင်းတွင် ထားပေးထားလေသည်။
နှစ်အနည်းငယ်ကြာသော် ရတနာလေး၏သမီးသည် အသက်ရှစ်နှစ်ပြည့်သွားပြီး နဝမချုပ်စည်းကတော့ တစ်ဝက်ခန့်ပြီးမြောက်ခဲ့လေပြီ။ ထိုနေ့တွင် ရတနာလေး၏ခေါင်း၌ ဆံပင်ဖြူတစ်ချောင်း ပေါ်လာသည်။ ပြည့်ပြည့်လေးသည် တခစ်ခစ်ရယ်လျက် သူ့အနောက် တိတ်တိတ်ကလေးပေါ်လာပြီး သူ့ကျောပေါ် ခုန်တက်လိုက်၏။ ရတနာလေးက သဘောကျစွာ ရယ်ရင်း သူမကို ပွေ့လိုက်သည့်အခါ ပြည့်ပြည့်လေးက သူ့အဖေခေါင်းပေါ်ရှိ ဆံပင်ဖြူကို မြင်သွားလေသည်။
“ဖေဖေ ဆံပင်ဖြူပေါက်နေပြီ။ မလှုပ်နဲ့နော် သမီးနှုတ်ပေးမယ်” သူမက လက်သေးသေးဖြင့် ဆံပင်ဖြူကို လှမ်းနှုတ်လေသည်။
ရတနာလေးသည် သမီးဖြစ်သူ၏ ပါးဖောင်းဖောင်းကို ဖြစ်ပြီး ပြုံးလိုက်၏။ သူ့ဘဝကား ပျော်စရာကောင်းပြီး ကောင်းချီးပေးခံထားရသကဲ့သို့ ဖြစ်လေသည်။ ဤသို့ဖြင့် နှစ်တွေ ကုန်ဆုံးသွားသည်။