← Chapters

ဖန်ဝေ အပြိုင် မန်ဟို

Vol. 71 Ch. 991

ဖန်ဝေ အပြိုင် မန်ဟို

Vol. 71 Ch. 991

မန်ဟို ဤတိုက်ပွဲကို စောင့်ဆိုင်းနေခဲ့သည်မှာ ကြာပြီဖြစ်၏။ သို့သော် သူ့အတွက် ၎င်းမှာ မဖြစ်မနေ တိုက်ခိုက်ရမည့် တိုက်ပွဲမဟုတ်ဘဲ သူ၏ပိုင်‌ဆိုင်မှုများကို ပြန်ရယူမှ ဖြစ်ပွားမည့်တိုက်ပွဲဖြစ်သည်။

ဆန့်ကျက်ဘက်တွင်မူ ဖန်ဝေအတွက် မဖြစ်မနေ တိုက်ခိုက်ရမည့်တိုက်ပွဲတစ်ပွဲပင်။

သူ့အနေဖြင့် ဤတိုက်ပွဲတွင် အရှုံးကို လက်မခံနိုင်ပေ။ ရှုံးလျှင် အရာအားလုံး ဆုံးရှုံးသွားမည်ဖြစ်၍ သူ ထိုသို့ အဖြစ်မခံနိုင်ပေ။ သူသည် မျိုးနွယ်စု၏ ရွေးချယ်ခံဆိုသော သူ၏နေရာကို သူတစ်ပါးအား ယူခွင့်ပေးမည်မဟုတ်။

လူအများစုမြင်ရသည်မှာ သူ ရရှိခဲ့သော အောင်မြင်မှုကိုသာ ဖြစ်သည်။ မန်ဟို မျိုးနွယ်စုမှ ထွက်သွားပြီးနောက်ပိုင်း သူ မည်မျှမဆုတ်မနစ် ကြိုးစားအားထုတ်ခဲ့သည်ကို မမြင်ကြပေ။ မန်ဟိုထွက်သွားခဲ့သောအခါ ဧရာမတောင်တစ်လုံးအား ဖယ်ရှားလိုက်သကဲ့သို့ သူ့အား ထွန်းတောက်ကျော်ကြားလာစေခဲ့သည်။ သူသည် ထိုအခိုက်အတန့်မှစ၍ သူ့တစ်ဘဝလုံး ထိုသို့ဖြစ်လိမ့်မည်ဟု ထင်ခဲ့၏။ သူကား ... သူ၏မျိုးနွယ်စုအား သည့်ထက်ပို၍ ကြီးကျယ်ခမ်းနားအောင် လုပ်ဆောင်ပေးမည်ဆိုသော ပန်းတိုင်သို့‌ ရောက်ဖို့ ဇွဲနပဲကြီးစွာဖြင့် အပတ်တကုတ် ကြိုးစားခဲ့ရသည်။

သူသည် ဖန်မျိုးနွယ်စု၏နာမည်ကို ဆထက်တိုး ကျော်ကြားစေပြီး ‌နှစ်ပေါင်းများစွာကြာလျှင် မျိုးနွယ်စုခေါင်းဆောင်ကြီးတစ်ဦး ဖြစ်လာလိမ့်မည်။

သို့သော် ထိုအရာအားလုံးမှာ .... မန်ဟို ပြန်ရောက်လာခဲ့သည်နှင့်တစ်ပြိုင်နက် ပြောင်းလဲသွားခဲ့လေသည်။

"မင်း ဘာကြောင့် ပြန်လာရတာလဲ" အသတ်အဖြတ်စိတ်ဆန္ဒတို့က ဖန်ဝေ၏မျက်လုံးများထဲတွင် တဝင်းဝင်းတောက်လာပြီး သူက မာန်သွင်းကြိမ်းဝါးလိုက်သည်။ ထို့နောက် သူသည် လက်နှစ်ဖက်မုဒြာလက်ကွက်တစ်ကွက်ဖော်ရင်း ကြယ်တံခွန်ကြီးသဖွယ် ထိုးတက်သွား၏။ ပြန်လည်မွေးဖွားခြင်းအရှိန်အဝါနှင့်အတူ မရဏသင်္ချိုင်းမြစ်ဝါမြစ်၏စိတ်ဆန္ဒက သူ့ထံမှ တလိပ်လိပ် ထွက်ပေါ်လာသည်။ သူက လျှာထိပ်ကို ကိုက်၍ သွေးတစ်လုပ်အန်ပြီးနောက် ထူးဆန်းသောဂါထာတစ်ပုဒ်ကို ရွတ်သည်။

ဤသည်ကား လျှို့ဝှက်မှော်သိုင်းကွက်။

ဖန်မျိုးနွယ်စု၏ လျှို့ဝှက်မှော်ကျင့်စဉ်ပင်။

ရွတ်သံ ထွက်လာစဉ် ဖန်ဟိုထံမှ တဖျောက်ဖျောက် မြည်သံများက ကျယ်လောင်စွာ ထွက်လာပြီး သူ၏အင်မော်တယ်အကြော (၉၈) ကြောသည် အင်မော်တယ်နဂါး (၉၈) ကောင်အသွင်ပြောင်းရင်း ပျံဝဲပြီးနောက် လာနေသော မန်ဟို့ထံ ပြေးဝင်သွားကြသည်။

ထို့အပြင် သူ၏လျှို့ဝှက်မှော်အတတ်ကို ထုတ်လွှတ်လိုက်သည့်အတွက် ထပ်ဆောင်းပုံရိပ်ယောင်နဂါးအကောင် (၄၀)ကျော်က ၎င်းတို့နှင့် ပူးပေါင်းသွားသည်။ စုစုပေါင်း (၁၄၃) ကောင်ကြောင့် မိုးနှင့်မြေမှာ ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားတော့၏။

ဖြစ်ပျက်နေသောအရာအားလုံးက နဝမတောင်ပင်လယ်၏ကျင့်ကြံသူများကို စိတ်နှလုံးတုန်ရီသွားစေသည်။ သူတို့သည် ဖန်ဝေကို ကြည့်၍ သက်ပြင်းခိုးချလိုက်ကြ၏။ ဖန်မျိုးနွယ်ဝင်များလည်း တိတ်ဆိတ်စွာ ကြည့်နေသည်။

"ပထမ ဖန်ဟို။ အခု ဖန်ဝေ .... တစ်ဖက်မှာ မျိုးနွယ်စုတစ်စုအနေနဲ့ ဒီလိုရွေးချယ်ခံနှစ်ဦးကို မွေးထုတ်ပေးနိုင်တာက အနာဂတ် အလားအလာကောင်းတော့မှာကို သက်သေပြနေတယ်။ အခြားတစ်ဖက်မှာတော့ သေသေချာချာ မကိုင်တွယ်ရင် အဲဒီထူးချွန်ပြောင်မြောက်တဲ့လူနှစ်ယောက်ထဲက တစ်ယောက် အသက်ဆုံးရှုံးရလိမ့်မယ်"

"ဖန်မျိုးနွယ်စုရဲ့ မင်းသားဝေဟာ အရင်တုန်းက နံပါတ်တစ်ရွေးချယ်ခံ ဖြစ်ခဲ့တယ်။ သူက အကြော (၉၈) ကြောကို ဖွင့်ပြီး နဝမတောင်ပင်လယ်တစ်ခုလုံးကို တုန်လှုပ်စေခဲ့တယ်။ အင်း ဘယ်လောက်နှမြောစရာကောင်းလိုက်သလဲ...."

"သူက ကျိုးရွှယ်ထက် အကြောတစ်ကြောပဲနည်းတာ။ သိပ်မကွာဘူး။ မန်ဟိုသာ ပေါ်မလာခဲ့ရင်တော့ ... အဲဒီနှစ်ယောက်နဲ့ ‌ကျောက်ရီဖန်း၊ သူတို့သုံးယောက်ပဲ ရွေးချယ်ခံတွေကြားမှာ အစွမ်းထက်ဆုံး‌ လျှမ်းလျှမ်းတောက်နေတစ်စင်းဆိုတဲ့ ဂုဏ်ပုဒ်အတွက် ယှဉ်ပြိုင်ဖို့ အရည်အချင်းပြည့်မှီတယ်"

နဝမတောင်ပင်လယ်၏ ရွေးချယ်ခံများ သက်ပြင်းချနေစဉ် ဖန်ဝေ၏ကျင့်ကြံခြင်းအခြေခံသည် စွမ်းအားတို့ဖြင့် ပေါက်ကွဲထွက်လာပြီး သူက တောင်ကောင်းကင်ဂြိုဟ်အထက်ရှိ လေထုကိုခွင်း၍ မန်ဟို့ထံ ပြေးဝင်သွားသည်။ ဤအခိုက်အတန့်တွင် သူတို့နှစ်ယောက်သည် မီတာသုံးရာသာ ကွာ၏။

သူတို့နှစ်ယောက်မှာ ကြယ်တံခွန်များအလား၊ တစ်ယောက်က ကောင်းကင်မှ ထိုးဆင်းလာသည်။ တစ်ယောက်က မြေပြင်မှ ထိုးတက်နေသည်။ ‌အရှေ့အောင်ပွဲဂြိုဟ်၏ ကျင့်ကြံသူများနှင့် ဖန်မျိုးနွယ်ဝင်များအပါအဝင် နဝမတောင်ပင်လယ်ရှိ လူတိုင်းမှာ ရင်ခုန်စိတ်လှုပ်ရှားလျက် ကြည့်နေကြသည်။ ဖန်ဝေနှင့် မန်ဟိုမှာ အလွန်လျင်မြန်စွာ ရွေ့လျားနေကြသဖြင့် .... ပေါက်ကွဲသံများက အရပ်လေးမျက်နှာသို့ လှိုင်းဂယက်များ ဖြာထွက်သွားစေသည်။

ထို့နောက် သူတို့သည် တစ်ယောက်ကို တစ်ယောက် ဝင်တိုက်လိုက်ကြ၏။

အုန်းခနဲ ပေါက်ကွဲမှုကြီးက လှိုင်းကွင်းဆက်များကို ဆက်တိုက်ဖြာထွက်သွားစေရင်း ‌မိုးကောင်းကင်ကိုပင်လျှင် တုန်ခါသွားစေသည်။ ခပ်ကြမ်းကြမ်း လေပြင်းတစ်ချက်က မိုးမြေကို မှေးမှိန်ဖျော့၍ ကြယ်နက္ခတ်တာရာများကို တုန်ခါလှုပ်သွားစေသည်။

မန်ဟိုက မပြောင်းလဲသောမျက်နှာထားဖြင့် အင်မော်တယ်အကြော (၁၂၃) ကြော၏စွမ်းအားတို့ပြည့်ဝနေသော လက်သီးတစ်လုံးတည်းအား ထိုးသွင်းလိုက်သည်။ ဝုန်းခနဲ အသံတစ်သံ ကြားလိုက်ရပြီး ဖန်ဝေမှာ ပါးစပ်မှသွေးများပန်းထွက်လျက် မြေပြင်ဆီသို့ တဟုန်ထိုး ပြုတ်ကျသွားသည်။

ပထမဆုံးတိုက်ကွက်ဖလှယ်ရာတွင် အရှုံးအနိုင်အား ဆုံးဖြတ်ပြီးသွားသည့်အလားပင်။ မန်ဟိုသည် ယခုတွင် အစစ်အမှန်အင်မော်တယ်ရွေးချယ်ခံ (၁၀) ဦးပေါင်းတိုက်လျှင်ပင် မဖြုံသော အင်မော်တယ်နယ်ပယ်ပါရာဂွန်တစ်ဦးဖြစ်၏။ သူတို့အားလုံးမှာ သူ၏ကံကြွေးအမိန့်စာဖြင့် ကံတရားအား ချည်နှောင်ခံခဲ့ကြရသည်။ ထိုမျှသာမက ဖန်းတုံးအာနှင့် လီလင်းအာကိုပင် နောက်ဆုတ်သွားစေခဲ့ပြီး ကျောက်ရီဖန်းထက် ကျော်လွန်၍ အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့မှ အင်မော်တယ်အကြော (၉၉) ကြောနှင့် ကျိုးရွှယ်ကိုပင် ကြောက်လန့်တကြား ထွက်ပြေးသွားစေခဲ့သည်။

ဖန်ဝေသည်လည်း ရွေးချယ်ခံတစ်ဦးဖြစ်၏။ သို့ရာတွင် မန်ဟို လုပ်နိုင်သောအရာများအား …. သူ မလုပ်နိုင်ပေ။

နဝမတောင်ပင်လယ်ရှိ ပရိသတ်များ၏ရှုထောင့်အရ အကွာအဝေးကား အင်မတန် ကွာခြားလွန်းလေသည်။ အမှန်တွင် ဤတိုက်ပွဲသည် တကယ်တမ်း … ဖန်မျိုးနွယ်စု၏ ရွေးချယ်ခံတစ်ဦးအား တရားဝင်အစားထိုးပေးလိုက်သော အခမ်းအနားတစ်ခုဟု ပြောလျှင် ပိုမှန်မည်။

ဖန်မျိုးနွယ်ဝင်အကုန်လုံး ဤအခြင်းအရာကို နားလည်၍ မည်သူမျှ ဝင်ရောက်မစွက်ဖက်ကြပေ။ သူတို့အားလုံးမှာ တိတ်ဆိတ်စွာသာ ကြည့်နေကြသည်။

ဖန်ဝေ မြေကြီးဆီသို့ ပြုတ်ကျသွားသောအခါ အတော်များများက သက်ပြင်းခိုးချလိုက်ကြသည်။

မန်ဟိုသည် ဖန်ဝေကို ငုံ့ကြည့်ရင်း ဖြေးညင်းစွာ ပြောလိုက်၏။ “ဖန်ဝေ ၊ မင်းက ငါ့အတွက် ပြိုင်ဘက်မဟုတ်ဘူး။ အခု ငါ့အပိုင်ပစ္စည်းတွေကို ထုတ်ပြီး ပြန်ပေးလိုက်တော့။ အရာအားလုံး ပြီးဆုံးသွားပြီ။ မင်း မလိုက်လျောရင်တော့… ငါ ဒီထက်ပိုပြီး ချုပ်တည်းထားတော့မှာ မဟုတ်ဘူး”

ဖန်ဝေ၏ခန္ဓာကိုယ်မှာ သွေးတို့ ရွှဲရွှဲစိုလျက်ရှိသည်။ သူ့ဆံပင်များမှာ ဖွာလန်ကြဲနေပြီး သူ့အမူအရာမှာ ရန်လိုကြမ်းကြုတ်နေသော ပုံစံရှိသည်။ မီတာ (၃၀၀၀) ခန့် ပြုတ်ကျသွားပြီးနောက် သူက ရုတ်တရက် ရပ်၍ သွေးချင်းနီနေသော မျက်လုံးများဖြင့် မော့ကြည့်လိုက်သည်။ သူသည် မန်ဟို့ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်ရင်း တဟားဟား အော်ရယ်တော့၏။

“ဖန်ဟို ငါတို့တိုက်ပွဲက ဒီလောက်မြန်မြန် ပြီးလိမ့်မယ်လို့ မင်းထင်လား။ မင် အလွယ်လေး နိုင်လိမ့်မယ်ထင်လား” စူးစူးဝါးဝါး ရယ်သံကြီး ဟိန်းထွက်နေစဉ် ဖန်ဝေက မျက်လုံးများ၌ ရူးမိုက်မှုနှင့် သွေးကြောများ ပြည့်နှက်နေလျက် လေပေါ်သို့ ရုတ်ခြည်း ပြန်တက်လိုက်သည်။

“မင်း မင်းအပိုင်ပစ္စည်းတွေကို ပြန်လိုချင်ရင်တော့ အစွမ်းနည်းနည်းပြပြီး ယူသင့်တာပေါ့

“ကံဆိုးတာက…. ငါ မင်းကို ယူခွင့်ပေးမှာ မဟုတ်ဘူး” ဖန်ဝေ၏ ရယ်သံကြီးသည် ပဲ့တင်ထပ်လာစဉ် ရူးသွပ်မှုတို့ဖြင့် ပြည့်နှက်နေ၏။ သူက ညာလက်ကို မြှောက်လိုက်ပြီး နဖူးအပေါ်သို့ လက်ဝါးအား ဖိချလိုက်သည်။

ထိုသို့ဖြစ်ပျက်သောအခါ ထူးဆန်းသောအရှိန်အဝါတစ်ခုသည် သူ၏အားအင်တို့ကို တဟုန်ထိုး ကြီးထွားလာစေရင်း သူ့ကိုယ်ထဲမှ ရုတ်တရက် ဖြာထွက်လာ၏။ သူ့မျက်နှာမှာ အကျည်းတန်နေပြီး သူ စူးစူးဝါးဝါး ဟိန်းဟောက်လိုက်စဉ် သွေးကြောပြာပြာကြီးများ ဖောင်းကြွလာသည်။

မန်ဟိုသည် ဖန်ဝေထံမှ လာနေသော ဤအရှိန်အဝါမှာ အမှန်တွင် အလွန်အမင်းရင်းနှီးနေကြောင်း သတိထားမိလိုက်၍ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး ဖန်ဝေအား ရှုပ်ထွေးသော ခံစားချက်များဖြင့် ကြည့်လိုက်မိ၏။

“ငါ့ နိဗ္ဗာနသစ်သီးတွေပေါ့လေ…” သူက ရေရွတ်လိုက်သည်။ နဝမတောင်ပင်လယ်ရှိ ကျင့်ကြံသူများအားလုံး၊ အထူးသဖြင့် ရွေးချယ်ခံများသည် ဖန်ဝေထံ အာရုံရောက်သွားကြပြီး အံ့အားသင့်သွားကြပုံရသည်။

ဖန်မျိုးနွယ်ဝင်များမှာ ကြောင်တောင်တောင် ကြည့်နေကြသည်။ သူတို့သည် ဖန်ဝေ၏ပတ်ပတ်လည်တွင် ထပ်ဆောင်းပေါ်ပေါက်လာကာ အင်မော်တယ်နဂါးအရေအတွက်ကို စုစုပေါင်း (၁၄၃) ကောင် ဖြစ်သွားစေသော ပုံရိပ်ယောင်နဂါးများကို မြင်လိုက်ရ၏။

သို့သော် ယင်းက သူတို့ကို အံ့အားသင့်သွားစေသော အရာမဟုတ်ပေ။ ဖန်ဝေ၏စွမ်းအားတို့ကား လျင်မြန်စွာ တိုးများလာနေသည်ကို မြင်နေရသဖြင့် သူတို့မှာ ပင့်သက်ရှိုက်မိသွားကြသည်။ သူ မာန်သွင်းဟိန်းဟောက်လိုက်သည့်အခါ အံ့ဩဖွယ်ကောင်းစွာနှင့် …. အင်မော်တယ်အကြောများ ထပ်မံပေါ်လာသည်။

တစ်ကြောပြီးတစ်ကြော … ပုံရိပ်ယောင်အင်မော်တယ်အကြောများသည် တဖောက်ဖောက် မြည်နေကြ၏။ ၁၅၃ ၊ ၁၆၃၊ ၁၇၃ ….

ဤအင်မော်တယ်အကြောအသစ်များ ပေါ်ပေါက်လာမှုနှင့်အတူ ဖန်ဝေ၏စွမ်းအားသည် စောင့်ကြည့်နေသူများထံမှ စိတ်လှုပ်တရှား ဆွေးနွေးသံများအား ဆွဲဆောင်ရင်း တရှိန်ထိုး မြင့်တက်လာနေသည်။ ကျောက်ရီဖန်းနှင့် ကျန်ရွေးချယ်ခံအကုန်လုံးမှာ မှင်သက်နေကြလေသည်။

“ဖန်ဝေ ဘာလျှို့ဝှက်မှော်ကျင့်စဉ်ကို သုံးနေတာလဲ။ သူ ဒီလောက် အစွမ်းထက်တာကို ငါ မယုံနိုင်ဘူး”

“မယုံနိုင်လောက်အောင်ပဲ။ သူ့အင်မော်တယ်အကြောတွေက လျှို့ဝှက်မှော်ကျင့်စဉ်တစ်ခုခုရဲ့ ကျေးဇူးကြောင့် ငါးဆယ်ရာခိုင်နှုန်းနီးပါး တိုးပွားနေပြီ။ အဲဒါကို ငါ နားလည်နိုင်ပေမယ့် သူက အင်မော်တယ်အကြောတွေ ထပ်ဖော်ဆောင်ပေးနိုင်စေတဲ့ တခြားနည်းလမ်းကို ပိုင်ဆိုင်ထားလိမ့်မယ်လို့ ထင်တောင်မထားဘူး။ ပုံရိပ်ယောင်ပဲ ရှိသေးပေမယ့်…. အင်မော်တယ်အကြောတွေ ဖြစ်နေသေးတယ်လေ”

“သူက တားမြစ်ကျင့်စဉ်တစ်ခုခု ကျင့်ကြံထားတာများလား။ ဒါပေမဲ့ ဒီလောက်မယုံကြည်နိုင်ဖွယ် စွမ်းအားမျိုး ထုတ်ဖော်ပေးနိုင်တဲ့ တားမြစ်ကျင့်စဉ်တစ်ခုကိုမှ ငါ မကြားဖူးပါဘူး” နဝမတောင်ပင်လယ်မှာ အကြီးအကျက် ပွက်လောရိုက်နေတော့သည်။

အခြားဂိုဏ်းများမှ တာအိုနယ်ပယ်ခေါင်းဆောင်ကြီးများလည်း လုံးလုံးလျားလျား အံ့ဩတုန်လှုပ်နေကြသည်။

ဖန်မျိုးနွယ်စု မြေခေါင်းဆောင်ကြီး၏မျက်နှာတွင် ရှုပ်ထွေးသောခံစားချက်များ ဖြတ်ပြေးသွားသည်။ သူသည် ဖြစ်ပျက်နေသောာ အရာကို အတိအကျ နားလည်၍ သက်ပြင်းခိုးချလိုက်လေ၏။

ဘိုးဘေးစံအိမ်၏အောက်ရှိ ကျန်ခေါင်းဆောင်ကြီးခြောက်ဦးမှာ တိတ်ဆိတ်စွာ ကြည့်နေကြသည်။ သတ္တမခေါင်းဆောင်ကြီးသာ မျက်မှောင်ကြုတ်နေပြီး ဆဋ္ဌမခေါင်းဆောင်ကြီးအား ထိတ်လန့်စွာ လှမ်းကြည့်လိုက်သည်။

အရှေ့အောင်ပွဲဂြိုဟ်ပေါ်တွင်တော့ ဖန်ရှုံ့ရှန်းမှာ အလွန်စိတ်လှုပ်ရှားနေသည်။ ရုတ်တရက် မျှော်လင့်ချက်တို့ သူ့နှလုံးသားထဲတွင် ပေါက်ဖွားလာသည်။

“ဝေအာ နိုင်လောက်တယ်”

ဖန်ဝေ၏အဘိုးပင်လျှင် တလက်လက်တောက်ပနေသော မျက်လုံးများဖြင့် ကြည့်နေသည်။ သူက သူ ချိုးတော့မည့် ကျောက်စိမ်းပြားအား ဖိထားသည်ကို ဖြေလျှော့လိုက်၏။ ယင်းက သူ၏နောက်ဆုံးဝှက်ဖဲဖြစ်၍ အစီအစဉ်ကို အဆောတလျင် အကောင်အထည်မဖော်ချင်ပေ။

ပြင်ဆင်မှုများအား ထောင့်စေ့အောင် မလုပ်ရသေးသည်မဟုတ်ပါလော။

မန်ဟိုက ဖန်ဝေ့အပေါ်ရှိ သူ့နိဗ္ဗာနသစ်သီးများ၏ အရှိန်အဝါ အားကောင်းသထက် အားကောင်းလာနေစဉ် ဘာမှမပြောပေ။ စောင့်ကြည့်နေသူများအနေဖြင့် မည်သည်တို့ဖြစ်ပျက်နေသလဲ သေသေချာချာ နားမလည်သော်လည်း သူကတော့ နားလည်သည်။

“ဖန်ဟို” ဖန်ဝေက မာန်သွင်းဟိန်းဟောက်လိုက်ပြီး သူ့အဝတ်အစားများက တဖောင်းဖောင်းမြည်သံများနှင့်အတူ စုတ်ပြတ်သွားသည်။ သူ့ခန္ဓာကိုယ်မှာ ထွားကြိုင်းစပြုလာပြီး မျက်စိတစ်မှိတ်အတွင်း များစွာ အရပ်မြင့်လာသည်။ သူ့ချီနှင့်သွေးတို့က အင်မော်တယ်နတ်မင်းကြီးတစ်ပါး၏ ချီသွေးတို့ပမာ တပွက်ပွက် ဆူလာသည်။

သူ့ကို ဝန်းရံထားသော အင်မော်တယ်နဂါးများလည်း လျင်မြန်စွာ တိုးပွားလာနေသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် အင်မော်တယ်အကြောများ ထပ်မံဖြစ်ပေါ်လာသဖြင့် တဂျိန်းဂျိန်းမြည်သံများ ကြားလိုက်ရ၏။ (၁၈၃) ကြောမှာ အကန့်အသတ်မဟုတ်ပေ။ ရုတ်တရက် (၁၉၂) ကြော ရှိနေလေပြီ။

ယင်းက (၄၉)ကြော ထပ်တိုးလာခြင်းဖြစ်သည်။

လူတိုင်းသည် ဖြစ်ပျက်နေသောအရာကို မမှိတ်မသုန် အာရုံစိုက်နေကြ၏။

“သူ့မှာ သူ့ကိုယ်ပိုင်အကြော (၉၈) ရှိပြီး လျှို့ဝှက်မှော်ကျင့်စဉ်တစ်ခုသုံးရင်း (၄၅) ကြော ထပ်ပေါင်းလိုက်တယ်။ ပြီးတော့ မူလရှိတာရဲ့ တစ်ဝက်နဲ့ညီမျှတဲ့ အင်မော်တယ်အကြောတွေ ထပ်ပေါင်းပေးလိုက်တဲ့ တားမြစ်ကျင့်စဉ်လို တာအိုမှော်အစွမ်းကို ထုတ်လွှတ်လိုက်တယ်”

“အကြော (၁၉၂) ကြော။ ဒီဖန်ဝေက … တကယ့်ကို အာဂပါပဲ”

“ဒီတိုက်ပွဲက ရိုးရိုးရှင်းရှင်း ဖလှယ်မှုလေး ဖြစ်မယ်ထင်ခဲ့တာ။ ဖန်ဝေက ဒီလောက်ထူးချွန်ပြောင်မြောက်လိမ့်မယ်လို့ ထင်တောင်မထားဘူး။ သူ … ဘယ်လိုများ လုပ်နေတာပါလိမ့်” နဝမတောင်ပင်လယ်မှာ အုတ်အောင်သောင်းနင်းဖြစ်နေပြီး ကြယ်တာရာကောင်းကင်ထက်ရှိ ရွေးချယ်ခံများမှာတော့ မျက်လုံးများပြူးလျက် ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ ပထမဆုံး မန်ဟိုက သူတို့ထက် အပြတ်အသတ်သာခဲ့သည်။ ထို့နောက် သူတို့ တစ်ခါမှ မထင်ထားခဲ့သောအရာတစ်ခု ဖြစ်ပျက်သွား၏။ ဖန်ဝေလည်း…. မန်ဟိုနည်းတူ ရင်သပ်ရှုမောဖွယ်ကောင်းစွာ စွမ်းဆောင်နိုင်လေသည်။

“နဝမတောင်ပင်လယ်ရဲ့ ကံတရားအကုန်လုံးက ဖန်မျိုးနွယ်စုရဲ့ လက်ထဲ ရောက်သွားလိမ့်မယ်လို့ …. ထင်တောင်မထားဘူး”

“လျှမ်းလျှမ်းတောက် နေနှစ်စင်း ၊ နှစ်ယောက်လုံးက မျိုးနွယ်စုတစ်စုတည်းက”

“သူတို့နှစ်ယောက် မတည့်တာ ဆိုးလွန်းတယ်”

ဤအခိုက်အတန့်တွင် ဂိုဏ်းအမျိုးမျိုးနှင့် မျိုးနွယ်စုအသီးသီး၏ တာအိုနယ်ပယ်ခေါင်းဆောင်ကြီးများက လင်းလက်တောက်ပနေသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။ မန်ဟို၏ပေါ်ပေါက်လာမှုက သူတို့အား စိတ်နှလုံးတုန်လှုပ်စေခဲ့သည်။ ဖန်ဝေ၏ ခမ်းနားကြီးကျယ်သော လုပ်ဆောင်မှုက သူတို့အား ဖန်မျိုးနွယ်စု၏သဘာဝကို နားလည်သွားစေသည်။

“ဖန်မျိုးနွယ်စုက မယုံကြည်နိုင်ဖွယ်ပဲ”

“ဖန်ဟိုမဟုတ်ရင် ဖန်ဝေက ဒီမျိုးဆက်ရဲ့ လျှမ်းလျှမ်းတောက် နေတစ်စင်း ဖြစ်လာနိုင်တယ်”

“ဒီဂျူနီယာမျိုးဆက်နှစ်ယောက်ကြားက တိုက်ပွဲက …. တော်တော်စိတ်ဝင်စားစရာ ကောင်းပါလား”

နဝမတောင်ပင်လယ်တစ်ခုလုံး ပွက်လောရိုက်နေစဉ် ဖန်ဝေက မန်ဟိုအား ဖြေးညင်းစွာ မော့ကြည့်လိုက်သည်။ သူသည် ယခုတွင် ယခင်ထက် အဆများစွာ သန်မာနေပြီး ကိုးမီတာတိတိ အရပ်မြင့်မားနေလေပြီ။ သူ၏စွမ်းအားတို့က တဖွေးဖွေး လှုပ်လျက် ရှိသည်။ သူ့အား ဟိန်းဟောက်နေသော အင်မော်တယ်နဂါး (၁၉၂) ကောင်က ခြံရံထားပြီး အင်မော်တယ်ဝိညာဉ် (၁၉) ကောင်က အနောက်မှ အားဖြည့်ပေးနေ၏။

“ငါ ပြောခဲ့သလိုပဲ ဖန်ဟို ငါတို့တိုက်ပွဲက လွယ်လွယ်နဲ့ အပြီးသတ်မှာ မဟုတ်ဘူး” သူက မန်ဟိုကို ကြည့်နေပြီး သူ၏မျက်လုံးများသည် ရူးမိုက်မှုနှင့် တိုက်ခိုက်လိုစိတ်တို့ဖြင့် တောက်ပနေ၏။ သူ ရှေ့တက်လာသည့်အခါ လူသတ်ငွေ့တို့ တထောင်းထောင်းထလာသည်။ မိုးမြေနှင့်မှာ တသိမ့်သိမ့် တုန်နေပြီး လေပြင်းများ တဝေါဝေါ တိုက်ခတ်လာကာ နက္ခတ်တာရာများ မှေးမှိန်သွားလေ၏။

“အတွေးတစ်ချက် ဘဝပြန်ဝင်စားခြင်းမန္တန်” ဖန်ဝေက လက်နှစ်ဖက်လုံးကို ဆန့်တန်းလိုက်ပြီးနောက် ဝှေ့ယမ်းလိုက်ရာ ဧရာမဝဲကြီးတစ်ခုအား သူ့အရှေ့တွင် ပေါ်လာစေသည်။

ဝဲကြီးသည် ဖြူလည်းဖြူ၊ မည်းလည်းမည်းနေပြီး လည်နေစဉ် ဘဝပြန်ဝင်စားခြင်းအငွေ့အသက်များကို ထုတ်လွှတ်နေ၏။

မန်ဟို၏မျက်လုံးများက အေးစက်စက် တောက်ပသွားပြီး သူ့အကြည့်သည် စူးရှထက်မြက်နေသော ဓားတစ်လက်သဖွယ် ဖန်ဝေ့အပေါ် ကျ‌ရောက်လာ၏။

“မင်းက ငါ့ပစ္စည်းတွေကို သုံးနေတာတောင်မှ …. အားနည်းနေလွန်းသေးတယ်”

***

All Chapters