← Chapters

အို မည်မျှရက်စက်လှသနည်း

Vol. 109 Ch. 1522

အို မည်မျှရက်စက်လှသနည်း

Vol. 109 Ch. 1522

ရတနာလေးတို့ ငိုကြွေးနေသည့်အချိန်တွင် မန်ဟိုသည် လေပေါ်၌ ပျံဝဲနေ၏။ ပထမမြေထုအပေါ်တွင် မိုးနှင့်မြေစွမ်းအင် ရုတ်ခြည်း ပျောက်ကွယ်သွားမှု‌ကြောင့် ဘာမှမဖြစ်သူဆို၍ သူတစ်ယောက်တည်းသာ ရှိလေသည်။

မန်ဟိုသည် ဆုံးဖြတ်ရခက်နေသောအမူအရာဖြင့် ရတနာလေးကို ငုံ့ကြည့်သည်။ ယန်အာ၏ ပုံဆင်းပျက်နေသောမျက်နှာနှင့် ပြည့်ပြည့်လေးကိုလည်း မြင်လေသည်။ အောက်ရှိ မိသားစုကို အတန်ကြာငုံ့ကြည့်နေပြီးနောက် သူ စိတ်မောလူမောစွာ သက်ပြင်းချလိုက်မိသည်။

လောလောဆယ်တွင် သူတို့၏ကံတရားကို မနှောင့်ယှက်ဘဲ နေခြင်းက အကောင်းဆုံးဟု သူ ခံစားနေရဆဲပင်။

လအနည်းငယ်ကြာသွားသည်။ ရတနာလေးသည် အမြင်ကွယ်နေသည့်တိုင် သူတို့နေထိုင်သော ရေခဲကမ္ဘာထဲတွင် အဖိုးတန်အရည်အချင်းဖြစ်သော လက်သမားအတတ်၌ အလွန်ကျွမ်းကျင်၏။ ထို့ကြောင့် တောင်ပေါ်ရှိ ဂူအတွင်း၌ နေထိုင်ခွင့်ရခဲ့သော လူအနည်းစုအနက်မှ တစ်ယောက်အပါအဝင် ဖြစ်လာခဲ့သည်။

အစာရေစာရှားပါးသဖြင့် ရတနာလေးသည် တဖြည်းဖြည်း ကိုယ်အလေးချိန်လျော့နည်းလာ၏။ သူ့ဇနီးလည်း ထိုနည်းတူပင်။ သူမသည် တစ်ခါတုန်းကလို မလှပတော့သလို၊ သူမခေါင်းပေါ်ရှိ ဆံပင်များမှာလည်း ပြောင်းဖူးမွှေးများလို ဖွာလန်ကြဲနေချေပြီ။

အမှန်က ... ယခုလိုအန္တရာယ်များသောအချိန်အခါတွင် ယန်အာသာ စိတ်ရှိလျှင် ပိုမိုကောင်းမွန်သောဘဝဖြင့် နေထိုင်နိုင်၏။ ကျင့်ကြံခြင်းအခြေခံကို ဆုံးရှုံးလိုက်ရသည့်တိုင် သူမခန္ဓာကိုယ်၌ ပြန်လည်ကုစားပေးနိုင်သော စွမ်းအားများ ရှိနေသေးသည့်အတွက် သူမကိုယ်သူမ ရုပ်ဖျက်ထားသည့်တိုင် မကြာခင် ပြန်သက်သာလာပြီး လှမြဲလှလာ၏။ ထိုကဲ့သို့ မိန်းမလှတစ်ဦးသည် ကမ္ဘာကြီးပျက်နေစေကာမူ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်သည့် နည်းလမ်းများအား အလွယ်တကူရှာဖွေနိုင်လေသည်။

သို့ရာတွင် ယန်အာသည် သူမမျက်နှာသူမ ဓားဖြင့်ထပ်မွှန်းပြီး အကောင်းအတိုင်းပြန်ဖြစ်လာတိုင်း ဆက်မွှန်း၏။ ကောင်းမွန်သောဘဝအစား သူမအတွက် ရတနာလေးနှင့် သမီးငယ်လေးဖြင့် အတူရှိနေရလျှင် လုံလောက်လေပြီ။ သူတို့က သူမ၏မိသားစုဖြစ်၏။

ရတနာလေးကို မြင်သည်နှင့် သူမရှာနေခဲ့သော ဆရာဖြစ်သူ၏လူဝင်စားမှန်း သဘောပေါက်လိုက်သည့် နှစ်တုန်းကအတိုင်းပင်။ ထိုစဉ်ကအတိုင်း သူမသည် ခပ်တိုးတိုးလေး ရေရွတ်လိုက်၏။ “ကျွန်မ ရှင့်ကို ကာကွယ်ဖို့ ရှိနေပေးမယ်....”

အချိန်တွေ ကုန်လွန်သွားသော်လည်း အခြေအနေများက ပို၍သာ ဆိုးရွားလာသည်။ ဂူများအပြင်၌ ကြာကြာနေပါက အေးခဲသေဆုံးရသည်အထိပင် အ‌အေးဓာတ်သည် လွန်ကဲလာ၏။ နောက်ဆုံးတော့ ရတနာလေးသည် လက်သမားအလုပ်မလုပ်တော့ပေ။ နဝမချုပ်စည်းကို ထုဆစ်ရာတွင် အာရုံစိုက်တော့သည်။ ယင်းက သူ၏အစွဲ၊ သူ့ဘဝ၏ရည်ရွယ်ချက် ဖြစ်သည်။ ထုဆစ်ခြင်းအား သူ ဘယ်တော့မှ မရပ်ပေ။

ရတနာလေးမှာ ဂူထဲရှိ ဒုက္ခသည်များအနက် အတော်လေးအဆင့်နိမ့်ကျနေပြီးသား ဖြစ်သည်။ ကြာလာသည့်အခါ ဒုက္ခသည်များအကြားမှ အရက်စက်ဆုံးလူများသည် လက်သမားက သိပ်အသုံးမကျဟု ဆုံးဖြတ်လိုက်ကြရာ ရတနာလေး၏အခြေအနေမှာ ပိုမိုဆိုးရွားလာ၏။

ယန်အာမှာလည်း မျက်နှာအကျည်းတန်နေသည့်တိုင် အလွန်ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့်အတွက် လူသားဆန်မှုမရှိသော လူအုပ်ထဲရောက်နေသည်ကို ထည့်တွက်ပါက ပို၍ခက်ခဲလေသည်။

အားလုံးထဲ အဆိုးဆုံးကတော့ သူတို့သမီးမှာ ယခုဆိုလျှင် အသက်ဆယ့်ခြောက်နှစ် ပြည့်ပြီဖြစ်သည်။

တစ်ညတွင် ပြည့်ပြည့်လေး ပျောက်သွားသည်။

ထိုနေ့တွင် ရတနာလေးတစ်ကိုယ်လုံး တဆတ်ဆတ်တုန်ရီနေ၏။ သူ့ကမ္ဘာ ပြိုကျသွားသလို သူ ခံစားလိုက်ရသည်။ သူ့ဇနီးလည်း တုန်ရီနေသည်။ သူတို့နှစ်ယောက်သည် သမီးငယ်ကို ရှာဖို့ ဂူအပြင်ထွက်လာကြ၏။

“ပြည့်ပြည့်....”

“ပြည်ပြည့်ရေ သမီးလေး ဘယ်မှာလဲ....” သူတို့မှာ သောကပရိဒေဝမီးတို့ လောင်မြိုက်လျက် အော်ခေါ်နေကြသည်။ ရတနာလေးသည် တောထဲတွင် သူတစ်ယောက်တည်း ချန်ခဲ့ခံရ၍ ကြောက်ရွံ့ထိတ်လန့်စွာ ငိုကြွေးခဲ့ရသည်ကို ပြန်တွေးမိလိုက်၏။ ယခုလည်း သူ ကြောက်နေသည်။ သို့သော် သူ့စိတ်သူထိန်း၍ သမီးငယ်ကို ရှာနေကြောင်း သူ့ကိုယ်သူ သတိပေးလိုက်သည်။

နောက်ဆုံးတော့ သူနှင့် ယန်အာ လူခွဲလိုက်ရသည်။ ရတနာလေးသည် သမီးနာမည်အား တကျော်ကျော်အော်ခေါ်လျက် ကျောက်သားနံရံတစ်ခုကို စမ်းရင်း လျှောက်နေ၏။ နေထွက်လာသည့်တိုင် ဘာသံမှပြန်မကြားရသေးပေ။

မည်သူမှ ကူမရှာပေးကြ။ ဂူများအထဲရှိ တခြားသူများသည် သူတို့ကို အေးစက်စက်သာ ကြည့်နေကြ၏။

“ပြည့်ပြည့်လေး.... အဖေ့သမီးလေးပြည့်ပြည့်....” ရတနာလေးသည် သမီးငယ်ကို ဆက်ရှာနေရင်း ခါးသီးစွာ ပြုံးလိုက်၏။ သူ့လို မျက်ကန်းကိုအသာထား၊ သူ့ဇနီးပင် ရှာမတွေ့ပေ။ ရတနာလေးမှာ လောကကြီးကို မမြင်ရ၍ ဤအခိုက်အတန့်တွင် ပို၍အသုံးမကျသလို ခံစားလိုက်ရသည်....

ထို့နောက် သူသည် ပူဆွေးသောကအပြည့်ဖြင့် အော်လိုက်သံတစ်သံ ကြားလိုက်ရ၏။ အော်သံက မိမိကိုယ်ကို အဆုံးစီရင်လိုသည့် လူတစ်ယောက်ထံမှ လာသယောင်ပင်။ ယင်းကား ပြည့်ပြည့်လေး၏အသံမဟုတ်.... သူ့ဇနီး၏အသံပင်။

ရတနာလေး တုန်ရီသွားသည်။ သူ့မျက်လုံးများသည် မမြင်ရသော်လည်း နီရဲလာသေး၏။ သူသည် သူရပ်နေရာမှ သိပ်မလှမ်းသော အသံလာရာဆီသို့ ချက်ချင်း လျှောက်သွားသည်။

သူ့ခြေထောက်များသည် ခပ်သွက်သွက် လျှောက်နေရာမှ ပြေး၏။ ထိုအခါ ချော်လဲပြီး ကျောက်တုံးများကို ခေါင်းနှင့်တိုက်မိသည်။ မကြာမီ သူ့တစ်ကိုယ်လုံး သွေးအလိမ်းလိမ်းဖြစ်နေချေပြီ။ သို့သော် သူကား ဆက်ပြေးဆဲပင်။ အသံကြားရာသို့ ရောက်သည့်အခါ ယုတ်မာကောက်ကျစ်စွာ ရယ်လိုက်သံကို သူ ကြားလိုက်ရသည်။

“-ာသည်မ။ မင်းက တော်တော်လေး ရုပ်ဆိုးပေမယ့် ငါ မင်းကို ကြိုက်တယ် ကြားလား။ ဒီနေ့က မင်း ကံကောင်းတဲ့နေ့ပဲ။ ငါလိုချင်တာပေးရင် မင်းမိသားစုအတွက် အသားတစ်ကီလိုပေးမယ်။ ဘယ်လိုလဲ”

သူ့အရှေ့တွင် ယန်အာသည် သူမလည်မျိုသူမ ဓားမြှောင်ဖြင့် ထောက်ထား၏။ သူမမှာ ထွားထွားကြိုင်းကြိုင်းယောက်ျားသားသုံးယောက်ကို မျက်နှာမူလျက် ချောက်ကမ်းပါးသို့ တရွေ့ရွေ့ ဆုတ်နေခဲ့လေသည်။ ကျင့်ကြံခြင်းအခြေခံသာ ရှိပါက သူမ၏အကြည့်လေးတစ်ချက်တည်းဖြင့် သူတို့ကို သတ်နိုင်သည်။ သို့သော် ယခုတော့ သူမမှာ ပြုသမျှနုရမည့် သေမျိုးအမျိုးသမီးတစ်ယောက်ထက် မပိုပေ။

လူသုံးယောက် သူမအနား ကပ်လာနေစဉ် သူမမျက်ဝန်းအိမ်၌ မျက်ရည်များ ဝဲတက်လာသည်။ သူမသည် နှုတ်ခမ်းကို ကိုက်၍ မိမိကိုယ်ကို အဆုံးစီရင်တော့မည့်အချိန်မှာပဲ သူမဆီ ပြေးလာနေသော သွေးအလိမ်းလိမ်းနှင့် ရတနာလေးကို မြင်လိုက်ရ၏။

သူမတစ်ယောက်တည်းသာ သတိထားမိခြင်းမဟုတ်။ လူထွားကြီးသုံးယောက်လည်း လှည့်ကြည့်ပြီး တဟားဟား လှောင်ရယ်သည်။

“မျက်ကန်းရောက်လာပြီဟ။ သိပ်ကောင်းတယ်။ မင်းတို့နှစ်ကောင် သူ့ကို ဆွဲထားစမ်း။ ကဲ နားထောင်စမ်း ခွေးမ၊ ဖေကြီးအတွက် လိမ္မာလိုက်နော်။ မဟုတ်လို့ကတော့ မင်းယောက်ျားကို မင်းအရှေ့မှာတင် ပြုတ်စားပစ်မယ်”

ရတနာလေးကို လှမ်းကြည့်ရင်း ဓားမြှောင်ကို ဆုပ်ကိုင်ထားသော ယန်အာ၏ လက်များ တုန်ရီလာသည်။ ယောက်ျားနှစ်ယောက် ရတနာလေးကို ချုပ်ထားဖို့ ရှေ့တက်သွားပြီး ကျန်တစ်ယောက်က ကြမ်းကြုတ်ခက်ထန်စွာ ပြုံး၍ ယန်အာ့အနား ကပ်လာသည်။

ဤအခိုက်အတန့်တွင် ရတနာလေးသည် ရုတ်တရက် ပြုံးလိုက်၏။ မျက်နှာတွင် ပေရေနေသော သွေးများက အပြုံးက လွန်စွာကြောက်စရာကောင်းနေသည်။ ထို့နောက် သူက ရုတ်တရက် အင်အားတို့ပြည့်ဝလာသည့်အလား ထရပ်သည်။ သူ၏အသက်စွမ်းအားအလုံးစုံ ပေါ်ထွက်လာခဲ့သည့်အလားပင်။ သူ့သွားများက နှစ်ယောက်အနက်မှ တစ်ယောက်၏လည်ပင်းအား ကိုက်ချလိုက်သည်။ ထိုလူမှာ ပိန်ချုံးချုံးမျက်ကန်းတစ်ယောက်၏ တိုက်ခိုက်ခြင်းခံရလိမ့်မည်ဟု မထင်ထားသဖြင့် အငိုက်မိသွား၏။ သူက ဒဏ်ရာအပေါ် လက်ဖြင့်ဖိရင်း စူးစူးဝါးဝါးအော်သည်။ ဘေးရှိ ဒုတိယတစ်ယောက်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။

ရတနာလေးက နားစွင့်ပြီးနောက် အော်ဟစ်နေသောလူပေါ် ခုန်အုပ်ကာ အသားတစ်တုံးပြီးတစ်တုံး ကိုက်ဖဲ့တော့သည်။ ယန်အာဆီ သွားနေသော ခပ်ထွားထွားလူသည် ဒေါသတကြီးဆဲပြီး ဝင်ပါတော့မည့်အချိန် ယန်အာက သူ့နောက်ကျောအား ဓားမြှောင်ဖြင့် ထပ်တလဲလဲ ထိုး၏။

ကျန်တစ်ယောက်မှာ ကြောက်လန့်တကြား ထွက်ပြေးတော့သည်။

စိတ်နှင့်ကိုယ်မကပ်တော့သော ရတနာလေး၏ တရစပ်ကိုက်ဖဲ့မှုကြောင့် လူထွားကြီးမှာ အသက်မရှိတော့‌ပေ။ ထို့နောက် ရတနာလေးက ကုန်းရုန်းထ၍ သူ့ဇနီးကို စမ်းမိသည့်အတွက် ယိုင်တီးယိုင်တိုင် လျှောက်သွားပြီး ဇနီးသည်အား ဖက်လိုက်သည်။ နှစ်ယောက်သား အတူတူငိုကြလေသည်။

သမီးငယ်ကိုလည်း သူတို့ ရှာမတွေ့ခဲ့။ သူတို့ ဂူသို့ ပြန်ရောက်သောအခါ တခြားဒုဏ္ခသည်များသည် သူတို့ကို ကြောက်ရွံ့စွာ ကြည့်ကြ၏။ နောက်ဆုံးနေ့ရက်များသို့ ရောက်ရှိနေသော ကမ္ဘာတစ်ကမ္ဘာတွင် လူများသည် ရက်စက်မှုနှင့် ကြမ်းတမ်းမှုကိုသာ ကြောက်ကြပေသည်။

ပို၍ကြမ်းတမ်းလေလေ သူတို့ ပိုကြောက်လေလေပင်။

နောက်တော့ ယမန်နေ့ညက လူငယ်အုပ်စုတစ်စု ပြည့်ပြည့်လေးကို ပြန်ပေးဆွဲ၍ ခေါ်သွား‌ကြောင်း သူတို့ကို ပြောပြကြသည်။

ပထမတော့ ပြည့်ပြည့်လေးအား ဘယ်တော့မှပြန်မတွေ့ရတော့ဘဲ လူငယ်များကိုသာ မြင်ရလိမ့်မည်ဟု ယူဆခဲ့ကြသည်။ သို့သော် နောက်တစ်ရက်တွင် လူငယ်များပင် ပြန်ရောက်မလာခဲ့ပေ။

ဘာဖြစ်ခဲ့သလဲဆိုသည်ကိုတော့ အတော်များများတွင် ခန့်မှန်းချက်ကိုယ်စီ ရှိကြသော်လည်း မည်သူမှမသေချာပေ။

မှန်၏။ တောင်ခြေရှိ ဂူထဲတွင် အေးစက်နေပြီဖြစ်သော အလောင်းလေးလောင်း ရှိနေသည်ကို မည်သူမှ မသိကြပေ။

ထိုအလောင်းများသည် ကြောက်လန့်မှု၊ မယုံကြည်နိုင်မှုတို့ဖြင့် မျက်လုံးများပြူးထွက်နေသော လူငယ်လေးယောက်ဖြစ်၏။

ပထမတွင် မန်ဟိုသည် ယန်အာနှင့်ပတ်သက်လာလျှင်ပင် နဝမလူဝင်စား၏ဘဝကို ဝင်မပတ်သက်ရန် ဆုံးဖြတ်ခဲ့၏။ သို့သော် အချိန်ကြာလာပြီး နဝမလူဝင်စား၏ဘဝ ပြောင်းလဲသွားသောအခါ မန်ဟိုမှာ စိတ်မခိုင်တော့ပေ။

ထို့နောက် ပြည့်ပြည့်လေး လူငယ်လေးယောက်၏ ပြန်ပေးဆွဲခြင်းခံရသောအခါ မန်ဟိုမှာ ရပ်မကြည့်နိုင်တော့ပေ။ နဝမလူဝင်စား၏သမီးသည် သူ့အသွေးအသားလည်း ဖြစ်သည်မဟုတ်ပါလော။

သူသည် ပြည့်ပြည့်လေးကို နဝမမြေထုဆီ ခေါ်သွား၏။ မန်ဟိုကား နဝမဂိုဏ်းချုပ်၊ နဝမပါရာဂွန်ဖြစ်ချေရာ ထိုအဆင့်အတန်းဖြင့် သူလုပ်ရန်လိုသမျှမှာ ... သူမက သူ့သမီးဖြစ်ကြောင်း နဝမဂိုဏ်း၏ကျန်ပါရာဂွန်များကို ပြောလိုက်ရုံသာ ဖြစ်သည်။

ထိုသို့ဖြင့် ပြည့်ပြည့်လေးသည် သူမဘဝတစ်လျှောက်လုံး လိုလေသေးမရှိ ပြည့်စုံကာ ရိုသေလေးစားခံရလိမ့်မည်။

နဝမလူဝင်စားနှင့်ပတ်သက်၍မူ သူဖြစ်တည်လာရသည့် ရည်ရွယ်ချက်မှာ နဝမမန္တန်ကို အပြီးသတ်ရန် ဖြစ်သည်။ ထို့အပြင် ယန်အာသည်လည်း မိမိဘာသာဆုံးဖြတ်ချက်ချနိုင်သော အရွယ်ရောက်ပြီးသားလူတစ်ယောက်ဖြစ်၏။ သူမတွင် သူမကိုယ်ပိုင်ကံကြွေး ရှိလေသည်။

သို့သော် ပြည့်ပြည့်လေးကတော့ အပြစ်ကင်း၍ ပထမမြေထုအပေါ်ရှိ ရက်စက်သောကံတရား၏ အနှိပ်စက်ခံဖြစ်ဖို့ မထိုက်တန်ပေ။

မန်ဟိုသည် ပြည့်ပြည့်လေးကို နွေးထွေးစွာ ကြည့်ပြီးနောက် နဝမဂိုဏ်းမှ လှည့်ထွက်သွား၏။ သူက ပထမမြေထုနှင့် ဂူများဆီသို့ ပြန်သွားလေသည်။

မတော်တဆမှုပြီးနောက် ရတနာလေးနှင့် ယန်အာတို့၏အခြေအနေများ ပြောင်းလဲသွား သည်။ သူတို့သည် သူတို့၏ရက်စက်နိုင်သောအခြမ်းကို ဖော်ပြခဲ့ပြီးလေပြီ။ အထူးသဖြင့် မျက်စိကန်းနေသည့်တိုင် လူတစ်ယောက်ကို သေသည်အထိ သွားများဖြင့် ကိုက်ဖြဲခဲ့သော ရတနာလေးပင်။ သူတို့သတ်ခဲ့သောလူများ၏ အလောင်းကို မြင်လျှင် မတုပ်လှုပ်မိသူဟူ၍ မရှိပေ။

ရတနာလေးကို အနိုင်ကျင့်ခဲ့သောအုပ်စုမှာ ကြောက်လန့်တုန်လှုပ်စွာဖြင့် ထွက်သွားကြသည်။

နောက်ရက်များတွင် ရတနာလေးနှင့် ယန်အာသည် တခြားဂူထဲရှိ အလောင်းလေးလောင်းအကြောင်း ကြားသိလိုက်ရ၏။ ထိုအလောင်းများက ပြည့်ပြည့်ကို ပြန်ပေးဆွဲခဲ့သော လူငယ်လေးယောက်ဖြစ်ကြောင်း အခြားသူများက အတည်ပြုပေးကြသည်။

သူတို့သေနေသည်မှာ အချိန်တချို့ ကြာနေပြီဖြစ်သည့်တိုင် ပြည့်ပြည့်၏အရိပ်အယောင်ကို တွေ့ပင်မတွေ့ရပေ။ သူမကား ပျောက်ချင်းမလှ ပျောက်သွားသယောင်ပင်။

သို့သော် ရတနာလေးတွင် မျှော်လင့်ချက်ရှိသေးသည်။ ပြည့်ပြည့်လေး မသေ‌သေးသည့်အပြင် ပို၍ပင်ကောင်းမွန်သောနေရာ ရောက်သွားပြီဟု သူ ယုံကြည့်လေသည်။

ရတနာလေးမှာ မျက်စိမမြင်သည့်အတွက် လူငယ်လေးယောက်၏ အလောင်းများအပေါ်၌ ရပ်နေစဉ် သူ့ဇနီး၏မျက်နှာအမူအရာကို မမြင်ရပေ။ စစချင်း သူမသည် တွေဝေနေဟန်တူပြီးနောက် ငေးကြောင်သွား၏။ မည်သူက ပြည့်ပြည့်ကို ကယ်တင်ခဲ့မှန်း သူမအတပ်မပြောနိုင်သော်လည်း မည်သူပဲဖြစ်ဖြစ် အင်မတန်အစွမ်းထက်လိမ့်မည်ဟု ယုံကြည်သည်။ မိုးနှင့်မြေက လူတစ်ယောက်၏ကျင့်ကြံခြင်းအခြေခံကို ချုပ်ချယ်ထားသည့်တိုင် ထိုပုဂ္ဂိုလ်သည် ပထမမြေထုမှ တစ်နည်းနည်းဖြင့် ထွက်သွားနိုင်ခဲ့လိမ့်မည်။

ထိုသို့ဆိုလျှင် ပြည့်ပြည့်လေး အန္တရာယ်ကင်းသည်ဟု ဆိုလိုသည်။

သို့သော် အဆိုပါကိစ္စက ရတနာလေးအတွက် ကြီးမားသောထိုးနှက်မှုကြီး ဖြစ်နေသေးသည်။ သူ့မှာ စိတ်ရောလူရော ချုံးချုံးကျကာ ဖျားနာတော့သည်။

ကမ္ဘာ၏နောက်ဆုံးနေ့ရက်များတွင် ဖျားနာခြင်းသည် သေဒဏ်နှင့် တူ၏။ ယန်အာမှာ သူ့ကို ပြုစုဖို့ အရိုးကြေကြေအရေခမ်းခမ်း အလုပ်လုပ်လေသည်။ တစ်နှစ်ကြာသော် ရတနာလေးသည် ထူထူထောင်ထောင် ပြန်ဖြစ်လာသော်လည်း ယန်အာမှာ အရိုးနှင့်အရေသာ ကျန်တော့သည်။

ဇနီးဖြစ်သူမရှိလျှင် ရတနာလေး မုချသေခဲ့ရလိမ့်မည်။

ရတနာလေးသည် စကားနည်းခဲ့သော်လည်း ဖျားနာပြီးနောက် ပို၍ပင်နည်းလာ၏။ များသောအားဖြင့် ပန်းပုထုရာတွင်သာ သူ အာရုံစိုက်နေတတ်သည်။ ဤပန်းပုအား ဆယ်စုနှစ်နှင့်ချီ ထုဆစ်နေခဲ့သည့်အတွက် ယခုတွင် ၎င်းကား မှန်သားကဲ့သို့ ‌ချောမွတ်ကာ ညကဲ့သို့ နက်မှောင်နေချေပြီ။

All Chapters