ငါ့ရဲ့ကံတရား
Vol. 109 Ch. 1523
ရတနာလေးသည် ပန်းပုကို ဆက်လက်ထုဆစ်နေ၏။ ဓားချက်တစ်ချက်တိုင်း ပန်းပုကား တစတစ ပုံပေါ်လာနေချေပြီ။ နောက်ထပ်ဆယ်စုနှစ်တစ်စု ကုန်လွန်သွားသည်။ ယခုတွင် ပန်းပုသည် ကိုးဆယ်ရာခိုင်နှုန်း ပြီးမြောက်သွားခဲ့ပြီး အပြင်ရှိကမ္ဘာကြီးမှာလည်း အေးသထက် အေးလာနေသည်။
လေမုန်တိုင်းများ တိုက်ခတ်တတ်ပြီး အစာရေစာမှာလည်း ပို၍ခေါင်းပါးလာကြသည်။ ဂူများပင်လျှင် စိမ့်သထက် စိမ့်အေးလာကြ၏။ လူများ အိပ်ပျော်သွားပြီး ဘယ်တော့မှ ပြန်နိုးမလာခြင်းက အထူးအဆန်းပင် မဟုတ်တော့ပေ။
နောက်တော့ ဂူအတွင်းနှင့်အပြင်အပူချိန် မကွာတော့သည့်တိုင်အောင် ရာသီဥတုက ဆိုးရွားလာသည်။ အရာဝတ္ထုများ အေးခဲစပြုလာပြီး မကြာမီ ရေခဲများ အလွန်များပြားလာသဖြင့် ရွေးချယ်စရာနှစ်ခုသာ ရှိတော့သည်။
ဂူထဲပဲ နေပြီး သေကြမလား....
ဂူက ထွက်ပြီး နေစရာအသစ်ရှာကြမလား....
ထွက်သွားသည့် ပထမဆုံးအုပ်စုသည် ဘယ်တော့မှ ပြန်ရောက်မလာခဲ့ပေ။ ထို့နောက် ဒုတိယအုပ်စု၊ တတိယအုပ်စု....
တစ်မနက်တွင် ရတနာလေးသည် ခံစားချက်တစ်မျိုးဖြစ်လာသဖြင့် နိုးလာ၏။ သူ့ဇနီးကို လှမ်းထိလိုက်သောအခါ သူမတစ်ကိုယ်လုံး လွန်စွာတောင့်တင်းနေကြောင်း သိလိုက်ရသည်။ သူ့မှာ ကပျာကယာထ၍ သူမကို နှိပ်နယ်ပေးပြီး သူ့ရင်ခွင်ထဲ ထည့်ဖက်ပေးထားမှ သူမမှာ နိုးလာလေသည်။ သူမဘာကြောင့် ယခုလိုဖြစ်ရမှန်း ရတနာလေး သိသည်။ ညတိုင်းညတိုင်း သူ,မအေးအောင် လေကိုကွယ်၍ လှဲအိပ်ပေးခြင်းကြောင့်ပင်။
အတန်ကြာတိတ်ဆိတ်နေပြီးနောက် ရတနာလေးက ပြောသည်။ “ကိုယ်တို့ ဒီနေရာက ထွက်သွားကြရအောင်”
ရက်အနည်းငယ်ကြာသော် လေးဖွဲ့မြောက်သည် လေကို အံတု၍ နှင်းများကိုဖြတ်ကာ ခရီးစထွက်ကြ၏။ ဆွတ်ဆွတ်ဖြူနေသော ကမ္ဘာကြီးတွင် ခိုလှုံနိုင်မည့် နေရာတစ်နေရာပြီးတစ်နေရာ သူတို့ လိုက်ရှာကြသည်။ သုံးရက်မြောက်နေ့တွင် နှင်းပြိုကျမှုဖြစ်ပွားရာ တစ်ဖွဲ့လုံး နှင်းများအောက် ရောက်သွားကြသည်။
မန်ဟိုသည် အောက်ကိုငုံ့ကြည့်ရင်း လေလယ်တွင် ပျံဝဲနေ၏။ ဤအချိန်တွင် ဝင်ပါလိုစိတ်များကို သူ ချုပ်တည်းခဲ့ရသည့်အကြိမ်အရေအတွက်ကား မရေမတွက်နိုင်လောက်အောင် များပြားခဲ့လေပြီ။ သို့သော် ယခုတော့ ရွေးချယ်စရာမရှိတော့ကြောင်း သူ အမှန်တကယ် ခံစားလိုက်ရ၏။ တစ်ခုခုလုပ်ဖို့ ပြင်လိုက်စဉ်မှာပဲ မန်ဟို ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
နှင်းအောက်ရှိ ဧရိယာတစ်ခုမှာ လှုပ်လာပြီးနောက် အမျိုးသမီးတစ်ယောက် တွားသွားထွက်လာသည်။ တခြားသူမဟုတ်.... ယန်အာပင်။ သူမသည် ကျင့်ကြံသူတစ်ယောက်ဖြစ်သည့်အတွက် ကျင့်ကြံခြင်းအခြေခံကို ဆုံးရှုံးလိုက်ရသော်လည်း သူမခန္ဓာကိုယ်က သေမျိုးတစ်ယောက်ထက် များစွာသန်မာသေး၏။
အားနည်းနေသည့်တိုင် ယန်အာသည် သတိလစ်နေသော ရတနာလေးကို သူမနှင့်အတူ နှင်းထဲမှ ဆွဲထုတ်လိုက်နိုင်သေးသည်။ ကမ္ဘာကြီးသည် လွန်စွာတိတ်ဆိတ်နေ၏။ ယန်အာက ရတနာလေး နွေးလာအောင် ဖက်လိုက်ပြီး ကုန်းပိုးလိုက်သည်။ ဘေးဘီဝဲယာကို ငေးကြောင်ကြောင်ကြည့်နေပြီးနောက် သူမက တရွတ်တိုက်လျှောက်သွားလေသည်။
မန်ဟိုမှာ အတိုင်းထက်အလွန် စိတ်နှလုံးလှုပ်ခတ်သွားသည်။ ယန်အာသည် ဤအခိုက်အတန့်၌ အင်မတန်အားနည်းနေပြီဖြစ်သော်လည်း ခိုင်မာပြတ်သားသောစိတ်ဖြင့် ဆက်သွားနေသေး၏။
သူမသည် သုံးရက်တိုင် လမ်းလျှောက်နေပြီး ထိုအချိန်အတောအတွင်း ရတနာလေးမှာ သတိပြန်လည်မလာခဲ့ပေ။ သူ့အသားသည် ခြစ်ခြစ်တောက်ပူနေ၏။ အဖျားကြောင့်မဟုတ်၊ အေးခဲသေဆုံးတော့မည်ဖြစ်၍ပင်။
မျက်ရည်များက ယန်အာ၏မျက်ဝန်းအိမ်မှ စီးကျလာသည်။ သူမက သူ့ကို တဖွဖွခေါ်နေပြီး နွေးအောင် သူမကိုယ်နှင့် ကပ်ထားသည်။ ရတနာလေး၏အရှိန်အဝါမှာ အားနည်းသထက် အားနည်းလာခဲ့ချေပြီ။
ဤအခိုက်အတန့်တွင် ရတနာလေး၏ဝိညာဉ် ထွက်စပြုလာသည်ကိုပင် မန်ဟို မြင်လိုက်ရသည်။ ထိုအခြင်းအရာက နဝမလူဝင်စား၏ဘဝ အဆုံးသတ်တော့မည်ဟု သူ့ကို ပြောနေ၏။ သူက ကိုယ်ပွားထံ လက်ညှိုးထိုးလိုက်သည်။ သို့သော် သူ့လက်ညှိုး တုန်ရီလာသည်။ တစ်စုံတစ်ခုက သူ ဝင်မပါနိုင်အောင် သူ့အား တွန်းထုတ်နေလေသည်။
ထို့အပြင် ပြီးမြောက်ပြီးသား ချုပ်စည်းရှစ်ခု ရုတ်တရက် အက်လာသည်ကို မန်ဟို ခံစားလိုက်ရသည်။ ကြည့်ရသရွေ့ သူသာ ဝင်ပါလိုက်လျှင် ၎င်းတို့ ပျက်စီးသွားပြီး နဝမချုပ်စည်းလည်း ပျောက်ကွယ်သွားမည့်အလားပင်။
မန်ဟို တိတ်ဆိတ်သွားသည်။ ဤသည်မှာ နဝမချုပ်စည်းကို ထိန်းချုပ်ဖို့ ပထမဆုံးကြိုးစားခြင်း ဖြစ်သော်လည်း ယခုလိုဖြစ်လိမ့်မည်ဟု မန်ဟို ထင်ထားခဲ့သည်မှာ ကြာလေပြီ။
“အကုန်လုံး အလကားပဲလား...” မန်ဟိုသည် ထွက်သွားဖို့ ရုန်းနေသော ရတနာလေး၏ဝိညာဉ်ကို ငေးကြည့်နေမိ၏။
သို့သော် ဤအခိုက်အတန့်တွင် ယန်အာက မန်ဟို့ကို လုံးလုံးလျားလျား တုန်လှုပ်သွားစေသော တစ်စုံတစ်ခုအား လုပ်လိုက်သည်။ သူမသည် သွေးမရှိသည့် ရတနာလေး၏မျက်နှာနှင့် နိမ့်ချည်မြင့်ချည်ဖြစ်သည်ဆိုရုံလေးသာ ရှိတော့သော သူ့ရင်ဘတ်ကို ကြည့်သည်။ သူမမျက်ဝန်းများသည် နူးညံ့လာ၏။
“ဆရာ ကျွန်မ ရှင့်ကို ချစ်တယ်” သူမက ခပ်တိုးတိုးလေး ရေရွတ်သည်။ “အရင်ဘဝတုန်းကလည်း ချစ်ခဲ့သလို၊ အခုဘဝမှာလည်း အတူတူပဲ....” ထို့နောက် သူမလက်ကောက်ဝတ်ကို ဖိကိုက်ပြီးနောက် ရတနာလေး၏နှုတ်ခမ်းနား တေ့ပေးလိုက်သည်။ သွေးတို့သည် သူ့ပါးစပ်ထဲ စီးကျသွား၏။
သူမသွေးသည် သူမ၏အနွေးဆုံးအစိတ်အပိုင်း ဖြစ်သည်မဟုတ်လော။
တခဏကြာသော် ဒဏ်ရာက ပြန်ပိတ်သွားရာ သူမက ထပ်ကိုက်လိုက်ပြန်သည်။ နာကျင်မှုက သူမအတွက် မပြောပလောက်ပေ။ ပူပူနွေးနွေးသွေးများက ရတနာလေးကို ပြန်သက်သာလာနိုင်စေသရွေ့ သူမ လုပ်ဝံ့သည်။ ရတနာလေး၏ ကံတရားမှာ မပြီးမြောက်သေးသလို၊ သူလည်း မသေသေးပေ။ ထို့ကြောင့် ယန်အာသည် သူ့ကို ကုန်းပိုး၍ သူတို့ နှစ်ပေါင်းများစွာ နေခဲ့သော ဂူဆီသို့ ပြန်လျှောက်သွား၏။ ရောက်သည့်အခါ သူမမှာ သတိလစ်သွားလေသည်။
ရက်အနည်းငယ်ကြာသော် ရတနာလေး နိုးလာသည်။ သူ့ဇနီးကို မမြင်နိုင်သော်လည်း သူ့အသက်ကို ထပ်ကယ်ပေးခဲ့မှန်း သူ သိသည်။
ရတနာလေးသည် ခံပြင်းမှု၊ နာကျင်မှုတို့ဖြင့် ဆို့နစ်ကြေကွဲစွာ ငို၏။ နောက်ဆုံးတော့ ယန်အာက သူ့ကို ဖက်လိုက်ပြီး နှစ်ယောက်အား အေးစိမ့်နေသောဂူထဲတွင် တစ်ယောက်ကိုတစ်ယောက် နွေးထွေးစေလျက် ထိုင်နေကြသည်။
အချိန်အနည်းငယ်ကြာသော် ရတနာလေးသည် သူ့အဝတ်အား လှမ်းပွတ်သပ်လိုက်၏။ ရှာနေသောအရာကို မတွေ့လျှင် သူ့မှာ တုန်ရီလာတော့သည်။
သစ်သားပန်းပု .... မရှိတော့ပေ။
၎င်းသည် ကိုးဆယ်ရာခိုင်နှုန်းကျော် ပြီးမြောက်နေပြီဖြစ်ပြီး သူနှင့်အတူ နှစ်ပေါင်းများစွာ အတူရှိခဲ့၏။ ယခုတော့ နှင်းများ၏အောက်တွင် မြှုပ်နှံခံလိုက်ရချေပြီ။
ရတနာလေးမှာ သူ့ဝိညာဉ်ကို ဆုံးရှုံးလိုက်ရသကဲ့သို့ ခံစားလိုက်ရသဖြင့် ခါးသီးစွာ သက်ပြင်းချလိုက်တော့သည်။
ယန်အာသည် ဘာဖြစ်ခဲ့မှန်း ရိပ်စားမိသောအခါ ဘာမှမပြောပေ။ သို့သော် ထိုည ရတနာလေး အိပ်ပျော်သွားပြီးနောက် သူမက ထရပ်၍ အဝတ်အစားများကို သပ်သပ်ရပ်ရပ်လုပ်ကာ ဂူဝဆီ လျှောက်သွားသည်။ ရတနာလေးကို တခဏပြန်လှည့်ကြည့်ပြီးသော် သူမသည် အံတင်းတင်းကြိတ်၍ နှင်းများထဲ ပြန်လျှောက်သွား၏။
သူမယောက်ျား၏ ကံတရားကို ယန်အာ သိသည်။
သူတို့ ထွက်သွားတုန်းက လမ်းအတိုင်း သူမ လိုက်သွားသည်။ သွေးဆုံးရှုံးမှုကြောင့် သူမမှာ အေးစိမ့်နေသော လေထဲတွင် အချိန်မရွေး ငြိမ်းသွားနိုင်သည့် ဖယောင်းတိုင်ပမာ အားနည်းနေချေပြီ။
ရက်အနည်းငယ်လျှောက်လာပြီးနောက် ယန်အာသည် နှင်းပြိုကျမှု ဖြစ်ပွားခဲ့သောနေရာသို့ ရောက်သွား၏။ ထို့နောက် နှင်းများကို စတူး၏။ သူမမှာ လက်များထုံကျင်တောင့်တင်းလာသည့်တိုင်အောင် ဆက်တူးမြဲတူးနေလေသည်။
သူတို့နှင့်အတူ ခရီးနှင်ခဲ့သော အလောင်းတစ်လောင်းပြီးတစ်လောင်း ပေါ်လာသည့်တိုင်အောင် သူမ တူးသည်။ သစ်သားပန်းပုလေးကို ရှာတွေ့သည့်အခါတွင်တော့ သူမမျက်လုံးများ ဝေဝါးနေပြီဖြစ်သည်။
ယန်အာသည် ပြုံး၍ ပန်းပုရုပ်အား အဝတ်စထဲ ထည့်ပြီးနောက် သတိလစ်ချင်နေသောစိတ်ကို တွန်းလှန်ကာ ပြန်လျှောက်သွား၏။ တစ်ရက်ကြာသော် သူမမှာ ပူလာသော်လည်း တက်ကြွနေလေသည်။
သူမသည် ပို၍မြန်မြန်လျှောက်နေသလို၊ ပို၍လည်း ပူပူလာသည်။ နှစ်ရက်ကြာသည့်အခါ ဂူသို့ ပြန်ရောက်သွား၍ သူမမျက်နှာပေါ်တွင် အပြုံးလေး ဖြစ်ထွန်းလာ၏။ မည်သို့ပြန်ရောက်လာမှန်းပင် သူမ မသိတော့ပေ။ ဂူထဲ ဝင်လိုက်ပြီး ရတနာလေးကို မြင်သည်နှင့် သူမမှာ သူ့ရင်ခွင်ထဲ လဲပြိုကျသွားတော့သည်။
“ရတနာလေး” သူမက တိုးတိုးလေး ပြောသည်။ “ရုပ်တု .. ပြန်ယူလာခဲ့ပြီ....
“ကျွန်မ ရှင့်ကို ကာကွယ်ဖို့ နေသင့်ပေမယ့် နေနိုင်တော့မယ် မထင်ဘူး....
“ဆရာ ကျွန်မ... ရှင့်ကို ချစ်တယ်”
ယန်အာ၏အရှိန်အဝါမှာ မှေးမှိန်သွားလေပြီ။ ရတနာလေး တုန်ရီလာသည်။
**
ပြီးခဲ့သည့်ရက်အစောပိုင်းက
ရတနာလေး နိုးလာသည့်အခါ သူ့ဇနီးထွက်သွားသည်ကို သိလိုက်ရ၏။ မည်သည့်နေရာကို သူမ သွားမှန်းမသိသလို၊ သူကိုယ်တိုင်မှာ မျက်စိမမြင်သဖြင့် သူမနောက်လိုက်ဖို့လည်း မလွယ်လှပေ။
သူ့မှာ အသံများကို နားစွင့်ရင်း ဂူထဲတွင် တခိုက်ခိုက်တုန်လျက်သာ ထိုင်နေနိုင်သည်။ သို့သော် သူကြားရသမျှမှာ သူ့ဇနီး၏ခြေသံမဟုတ်.. လေတိုးသံများသာ။
တစ်ရက်လုံး သူ စောင့်နေသည်။ ထို့နောက် နောက်တစ်ရက်၊ နောက်တစ်ရက်။ မကြာမီ သူ မျှော်လင့်ချက်မဲ့လာသည်။
နောက်ဆုံးတော့ ရတနာလေးသည် ခါးသီးစွာ ရယ်လျက် ကလေးတုန်းက တောထဲ ချန်ရစ်ခံခဲ့ရသည့်အချိန်ကို ပြန်တွေးနေ၏။
“ဘာကြောင့် ငါက မျက်မမြင်အဖြစ် မွေးဖွားလာရတာလဲ” လောကကြီးကို မမြင်ရလည်း ကိစ္စမရှိဟု သူ့ကိုယ်သူ အမြဲလှည့်စားခဲ့လေသည်။ သို့သော် ဤအခိုက်အတန့်တွင် ကန်းနေခြင်းကို သူ မုန်း၏။
“အကုန်လုံး ထွက်သွားကြပြီ။ ဖေကြီးနဲ့ မေကြီးလည်း ထွက်သွားပြီ။ အခု မင်းလည်း ထွက်သွားပြီ... ကိုယ်တစ်ယောက်ပဲ ကျန်တော့တယ်....” မျက်ရည်များက သူ့မျက်နှာတစ်လျှောက် စီးကျလာသည်။ သူ့ဆံပင်များ ဖြူနေသည်မှာ ကြာခဲ့လေပြီ။ ဂူတစ်ဂူထဲတွင် အဘိုးအိုတစ်ယောက်တည်း တစ်ယောက်တည်း အထီးကျန်စွာ ငိုကြွေးနေ၏။
အချိန်မည်မျှကြာသွားမှန်း သူ သိတော့ပေ။ နောက်ဆုံးတော့ အလွန်ရင်းနှီးသောခြေသံများကို လေတိုးသံများကြားမှ သူ ကြားလိုက်ရသည်။ သူ့မှာ ကတုန်ကယင်ဖြင့် ထရပ်လိုက်သော်လည်း သူမက သူ့ရင်ခွင်ထဲ လဲပြိုကျလာသည်။
သူမတစ်ကိုယ်လုံး ရေခဲရိုက်ခံထားရသလို အေးစက်နေ၏။
“ရတနာလေး” သူမက တိုးညှင်းစွာ ခေါ်သည်။ “ရုပ်တုကို .. ပြန်ယူလာနိုင်ခဲ့ပြီ...
“ကျွန်မ ရှင့်ကို ကာကွယ်ဖို့ နေသင့်ပေမယ့် နေနိုင်တော့မယ် မထင်ဘူး
“ဆရာ၊ ကျွန်မ ... ရှင့်ကို ချစ်တယ်”
ထိုစကားသုံးခွန်းက ရတနာလေးကို မိုးကြိုးလို ထိမှန်သွားသည်။ သူ့မှာ သူမကို ပွေ့ဖက်ရင်း ဘာပြောရမှန်းမသိပေ။ သူ့လည်ပင်းထဲတွင် တစ်ဆို့နေပြီး ဘာအသံမှ ထွက်မလာနိုင်။ သူ့နှလုံးသားသည် ဓားဖြင် ထိုးစိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။
ရုတ်တရက် ရတနာလေးသည် သွေးအန်လိုက်ရပြီး သွေးများက သူ့ဇနီး၏ခန္ဓာကိုယ်အပေါ် ကြက်သွေးရောင်ပန်းပွင့်များလို ကျသွားသည်။
ကလေးအရွယ်တုန်းက တောအုပ်ထဲတွင် တွေ့ခဲ့ရသော မိန်းကလေးကို သူ ပြန်တွေးမိသည်။ သူတို့ လက်ထပ်သည့်ညကို သူ တွေးနေသည်။ မျက်နှာလွှားဇာလေးကို မြှောက်၍ သူမမျက်နှာလေးအား မည်ကဲ့သို့ထိခဲ့သည်ကိုလည်း သူ တွေးမိနေ၏။
ပြည့်ပြည့်လေး မွေးဖွားလာသည့်နေ့က လူတိုင်း မည်မျှပျော်ခဲ့ကြပုံကို သူ ပြန်တွေးနေသည်။ မိုးစရွာသောအခါ သူ ပန်းပုထုနေသည့်အချိန်မှာပင် သူ့ဇနီး သူ့အနားမှ မခွာခဲ့သည်ကို သူ တွေးမိသည်။ သူ့မိဘနှစ်ပါး ဆုံးပါးသွားချိန်တုန်းက မည်မျှဝမ်းနည်းခဲ့ရပြီး သူ့ဇနီး သူ့အား နှစ်သိမ့်ပေးခဲ့သည်ကိုလည်း တွေးမိနေသည်။
သူ ဖျားနေတုန်းက သူမ သူ့ကို မည်ကဲ့သို့ ပြုစုခဲ့ပုံ၊ သူမကိုယ်ဖြင့် လေကို ကွယ်ပေးခဲ့ပုံတို့ကိုလည်း သူ တွေးမိသည်။ နောက်ဆုံးတော့ နှင်းပြိုကျပြီးနောက် သူမသွေးအာ သူ့ကို တိုက်ကျွေးခဲ့ည်ကို သူ ပြန်တွေး၏။ ထိုအရသာက သူ့ပါးစပ်ထဲတွင် ယခုထိရှိသယောင်ပင်။
ရတနာလေးသည် ယန်အာကို အကြာမှအကြာကြီးဖက်ထား၏။ နောက်ဆုံးတော့ သူမအရှိန်အဝါ ပျောက်ကွယ်သွားသည့်တိုင် ရတနာလေးမှာ မယုံချင်သေးပေ။ မျက်ရည်များပိုမိုစီးကျလာသည်။
“ဘာမှမဖြစ်ဘူး၊ ဘာမှမဖြစ်ဘူးနော်” သူက ခပ်တိုးတိုးလေး ရေရွတ်နေသည်။ “ကိုယ် ဒီမှာရှိတယ်။ မင်း နားနားနေနေ နေ။ အသားတွေလည်း အေးစက်နေပါလား။ ကိုယ်ဖက်ပေးထားမယ်နော် မပူနဲ့ မပူနဲ့” ရတနာလေးသည် ဇနီးသည်၏အလောင်းကို ဂူအတွင်းထဲသို့ သယ်သွားပြီး သူ့ခန္ဓာကိုယ်ဖြင့် သူမကို နွေးထွေးစေဖို့ ကြိုးစားလေသည်။