← Chapters

ငါ အခုထိ မရှုံးသေးဘူး

Vol. 71 Ch. 992

ငါ အခုထိ မရှုံးသေးဘူး

Vol. 71 Ch. 992

ဖန်ဝေက မန်ဟို၏တည်ငြိမ်အေးဆေးသောအသံကို ကြားသောအခါ ခေါင်းနောက်လှန်၍ တဟားဟား ရယ်သည်။ ရယ်သံကြီး ကျောချမ်းဖွယ်ကောင်းလာစဉ် သူက မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်ကာ အဖြူအမည်းဝဲအား တဝေါဝေါ လျင်မြန်စွာ လည်ရင်း မန်ဟို့ထံ ရွေ့လျားသွားစေသည်။

မျက်စိတစ်မှိတ်အတွင်း ဝဲမှာ မီတာသုံးရာနီပါး ကျယ်လာသည်။ ၎င်းက အလွန်လျင်မြန်စွာ လည်နေသဖြင့် အဖြူရောင်နှင့် အမည်းရောင်မှာ ရောနှောသွားရင်း သေဆုံးခြင်း၏အရောင်၊ မီးခိုးရောင်ပမာ ဖြစ်လာသည်။ သို့သော် အဆိုပါသေဆုံးခြင်းအတွင်း၌ ရှင်သန်ခြင်းလည်း ရှိသည်။

ယင်းကား…. ဘဝပြန်ဝင်စားခြင်းပင်။

ဖန်ဝေသည် သူ၏အင်မော်အကြောများမှ ထုတ်နိုင်သမျှ စွမ်းအားများအား ထုတ်ဖော်ထားသည်။ အင်မော်တယ်အကြော (၁၉၂) ကြောသည် အင်မော်တယ်နဂါး (၁၉၂) ကောင်ဖြစ်လာရင်း ဝဲကြီး၏ပတ်ပတ်လည်တွင် ပျံဝဲကာ ၎င်းကို အားဖြည့်ပေး၍ ပိုမိုလျင်မြန်စွာပင် လည်လာစေ၏။

ဖန်ဝေ၏ အင်မော်တယ်ဝိညာဉ်များက ရှေ့တက်လာပြီး ဝဲကြီးအား မန်ဟို့ထံသို့ တွန်းပို့လိုက်သယောင်ပင်။

ဝဲကြီးမှာ မီတာ (၃၀၀၀) မကျယ်မချင်း ကြီးမားလာသည်။

ဂျိန်းခနဲ ထစ်ချုန်းသံကြီးက နဝမတောင်ပင်လယ်ရှိ ကျင့်ကြံသူများကို အံ့အားသင့်သွားစေရင်း လေတွင် ပြည့်နှက်သွားသည်။ ဖန်မျိုးနွယ်ဝင်များမှာတော့ လုံးလုံးလျားလျား တုန်လှုပ်ကုန်ကြလေသည်။

ဤအခိုက်အတန့်တွင် ဖန်ဝေသည် … မည်သူမဆို စိတ်ကူးကြည့်နိုင်သည်ထက် အဆများစွာ အစွမ်းထက်လာရာ လူအတော်များများမှာ သူတို့ကိုယ်သူတို့ မေးခွန်းပြန်မေးလိုက်ကြသည်။

"အင်မော်တယ်နယ်ပယ်ပါရာဂွန် မန်ဟို ... ရှုံးလိမ့်မှာလား"

မန်ဟိုသည် လာနေသော ဘဝပြန်ဝင်စားခြင်းဝဲကြီးကို ကြည့်ရင်း လေလယ်တွင် ပျံဝဲနေ၏။ သူ၏မျက်လုံးများက ‌အေးစက်သောအလင်းရောင်ဖြင့် ဝောာက်ပနေသည်။ ဖန်ဝေ အင်မော်တယ်အကြော (၁၉၂) ကြောအား ထုတ်လွှတ်နိုင်ခြင်းမှာ သူ့အတွက် သိပ်အံ့ဩစရာမဟုတ်ပေ။

အံ့ဩစရာကောင်းသည်မှု သူ့သိုလှောင်အိတ်ထဲရှိ နိဗ္ဗာနသစ်သီးက သူ၏ကိုယ်ပိုင်အင်မော်ဝယ်အကြောများကို နှစ်ဆတိုးစေနိုင်သည့်အချိန် ဖန်ဝေတွင် ရှိသော နိဗ္ဗာနသစ်သီးများက ထက်ဝက်သာ တိုးစေခဲ့ခြင်းပင်။

"ငါ့နိဗ္ဗာနသစ်သီးတွေက ပထမမျိုးဆက်ခေါင်းဆောင်ကြီးလောက် မကောင်းတာလား" သူက တွေးသည်။ "‌ဒါမှမဟုတ် ဖန်ဝေအတွက် မသင့်တော်တာကြောင့်ပဲလား" သူ့မှာ သူ့သစ်သီးများက နိမ့်ကျသည်ဆိုသောအချက်ကို လက်မခံနိုင်၍ အေးစက်စက် နှာမှုတ်ပြီးနောက် လက်ကို ဖြေးညင်းစွာ မြှောက်လိုက်သည်။ သူက သူ၏ကိုယ်ပိုင်လျှို့ဝှက်အစွမ်း၊ သွေးမိစ္ဆာမဟာမှော်သိုင်းကို ထုတ်လွှတ်ကာ သူ၏အင်မော်တယ်အကြော (၁၂၃) ကြောနှင့် တစ်သားတည်းဖြစ်သွားစေသည်။

သွေးရောင်ခေါင်းကြီးက လေထုကို စုတ်ဖြဲကာ မန်ဟို့၏လက်ဝါးအရှေ့တွင်‌ ပေါ်လာသည်။ ၎င်း၏မျက်နှာထားက ‌ရက်စက်ကြမ်းကြုတ်နေပြီး ၎င်းက စူးရှတောက်ပသော သွေးနီရောင်အလင်းကို ထုတ်လွှတ်နေသည်။ ၎င်းသည် ဟိန်းဟောက်ခြင်း ၊ ကြိမ်းဝါးခြင်းမရှိသော်လည်း ကြီးမားပြင်းထန်သောဖိအားအား အရပ်လေးမျက်နှာသို့ ဖြာထွက်နေစေ၏။

ဤအင်မော်တယ်အကြော သွေးမိစ္ဆာခေါင်းမှာ မယုံနိုင်လောက်အောင် အင်အားကြီးမား၏။ ယခုအချိန်တွင် ... အင်မော်တယ်အကြော (၁၂၃) ကြော၏စွမ်းအားသည် ပေါက်ကွဲထွက်လာကာ သွေးမိစ္ဆာခေါင်းကြီးအား လျင်မြန်စွာ ကြီးထွားလာစေသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းသည် မီတာ (၃၀၀၀) မြင့်မားသွားလေပြီ။

၎င်၏ကြီးထွားလာမှုက လက်ဖျားခါလောက်အောင် အံ့ဩဖွယ်ကောင်းပြီး အမှန်တွင် သွေးမိစ္ဆာ‌ခေါင်းကြီးမှာ ပုံရိပ်ယောင်အဖြစ်မှ အစစ်အမှန်အဖြစ်သို့ ပြောင်းလဲသွားသော အတိုင်းအတာသို့ပင် ရောက်ရှိသွားသည်။

၎င်း၏အမူအရာကြီးမှာ ချောက်ချားဖွယ်ကောင်း၏။ ၎င်းတွင် ရှည်လျားသော ချိုကြီးတစ်ချိုနှင့် သွေးရောင်အရေပြားရှိသည်။ ထိုမျှသာမက ၎င်းကို ကြည့်နေသော မည်သူမဆို ရုတ်တရက် သူတို့၏သွေးများ ထိန်းမနိုင်သိမ်းမရ‌အောင် ဆူပွက်လာသည်ကို ခံစားလိုက်ကြရ၏။ ဤခံစားချက်က ‌အရှေ့အောင်ပွဲတစ်လျှောက်လုံး ပျံနှံ့သွားသည်။

ဤသွေးမိစ္ဆာခေါင်းကြီးမှာ အလွန်အစွမ်းထက်လှပြီး သွေးမိစ္ဆာဂိုဏ်းချုပ်ကိုယ်တိုင်ပင် မန်ဟိုနှင့်တူညီသော နယ်ပယ်တွင်ရှိစဉ်တုန်းက ဤသိုင်းကွက်ကို ဤအတိုင်းအတာအထိ ဖန်တီးနိုင်ခဲ့မည်မဟုတ်ပေ။

သူ့အနောက်တွင်ကား အံ့မခန်းလိလိ အင်မော်တယ်ဝိညာဉ် (၃၃)ကောင်။ ကောင်းကင်ဘုံ (၃၃) ခု ဆင်းသက်လာပြီး ရောင်စုံလေပြင်းများအား သူ့အား ဝန်းရံလည်ပတ်နေစေသည်

ဤသို့ဖြစ်ပျက်နေစဉ် အချိန်မှာ နှေးကွေး‌သွားသယောင်ပင်။ အရှေ့အောင်ပွဲဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူများမှာ အသက်ရှုရပ်သွားကြပြီး နဝမတောင်ပင်လယ်ရှိ စောင့်ကြည့်နေသူများမှာ မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။

ဖန်ဝေသည် အစွမ်းကုန်ထုတ်၍ သူ၏ဘဝပြန်ဝင်စားခြင်းဝဲအား မန်ဟို့ထံ ပို့လွှတ်ရင်း စူးစူးဝါးဝါး ‌ဟိန်းဟောက်လိုက်သည်။

မန်ဟိုက လက်အား တွန်းထုတ်လိုက်ကာ သွေးမိစ္ဆာခေါင်းကြီးအား ရုတ်တရက် ဟိန်းဟောက်လိုက်စေ၏။ ထိုအသံက ကောင်းကင်နှင့်မြေကြီးအားလုံးတွင် တည်ရှိသည့် တစ်သံတည်းသောအသံ ဖြစ်လာသည်။

သွေးမိစ္ဆာခေါင်းကြီးက ပြိုးပြိုးပြက်ပြက် လက်နေသော အနီရောင်အလင်း၊ နားကွဲလုမတတ် အသံကြီးနှင့်အတူ ဘဝပြန်ဝင်စားခြင်းဝဲထံသို့ ပြေးဝင်သွားသည်။

မီတာ (၃၀၀၀) ၊ မီတာ (၁၅၀၀) ၊ မီတာ (၉၀၀) ....

မျက်စိတစ်မှိတ်အတွင်း ဘဝပြန်ဝင်စားခြင်းဝဲနှင့် သွေးမိစ္ဆာခေါင်းတို့ ဝင်တိုက်သွားလေပြီ။

ထိုသို့ ဝင်တိုက်သွားသောအခါ အောက်ရှိမြေပြင်မှာ လှိုင်းများသဖွယ် အလိပ်လိပ် ထသွားသည်။ တောင်တန်းများ တဝုန်းဝုန်း ပြိုကျကုန်ပြီး မြစ်များ တအုန်အုန်း ပေါက်ကွဲကုန်သည်။ ဂြိုဟ်ပေါ်ရှိ ပင်လယ်များပင်လျှင် တပွက်ပွက် ဆူလာသည်။

နေရာတိုင်း ထိုနည်းတူပင်။ မြေကြီးများ လှုပ်ခတ်လာပြီး တောင်တန်းများ တုန်ခါလာသည်။ မိုးကောင်းကင်များပင်လျှင် အစိတ်စိတ်အမြွှာမြွှာ ကြေမွတော့မည့်အလားပင်။ ဧရာမအက်ကွဲကြောင်းကြီးတစ်ကြောင်းက ခေါင်းအထက်တွင် လျင်မြန်စွာ ပျံနှံ့လာသည်။

အနီးကပ်ကြည့်လျှင် ထိုအက်ကွဲကြောင်းမှာ အံ့အားသင့်ဖွယ် အမြန်နှုန်းဖြင့် ဖြာထွက်လာသော တုန်ခါလှိုင်းတစ်လှိုင်းဖြစ်ပေသည်။

ဘဝပြန်ဝင်စားခြင်းဝဲမှာ ချက်ချင်းဆိုသလို မရေမတွက်နိုင်သော အပိုင်းအစများဖြင့် အရပ်လေးမျက်နှာသို့ တစစီ ပြန့်ကြဲသွားသည်။ သွေးမိစ္ဆာခေါင်းကြီးက ဝင်တိုက်မှုက အင်မော်တယ်နဂါး (၁၉၃) ကောင်အား မချိတင်ကဲအော်၍ အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားစေသည်။

ထို့အပြင် အင်မော်တယ်ဝိညာဉ် (၁၉) ကောင်လည်း တစ်ကောင်ပြီးတစ်ကောင် ပျက်စီးသွားသည်။

ဝဲ ပေါက်ကွဲသွားသောအခါ ဘဝပြန်ဝင်စားခြင်းအငွေ့အသက်များသည် သွေးမိစ္ဆာခေါင်းကြီးအား စတင်ဝါးမြိုလာသော ပါးစပ်ကြီးသဖွယ် အသွင်ပြောင်းရင်း ဖြာထွက်သွား၏။

ထိုအခိုက်အတန့်တွင် မန်ဟို၏မျက်လုံးများ ဝိုင်းစက်သွားပြီး သူက လက်ချောင်းတစ်ချောင်းအား လေကိုခွင်း၍ ဝှေ့ယမ်းလိုက်လေသည်။

သွေးမိစ္ဆာခေါင်းကြီးမှာ တဝုန်းဝုန်း မြည်ရင်း သွေးနဂါး (၁၂၃) ကောင်အသွင်ပြောင်းကာ ဧရာမပါးစပ်ကြီးအား ရစရာမရှိအောင် ကိုက်ဖြတ်စုတ်ဖြဲကြ၏။ ၎င်းတို့ ပျံထွက်လာသောအခါ ၎င်းတို့မှာ ယခင်ထက် မှေးမှိန်ဖျော့တော့သွားပုံရသော်လည်း တစ်ကောင်မှ မပျက်စီးသွားပေ။ ထို့နောက် ၎င်းတို့သည် မန်ဟို့ကို ဝန်းရံလှည့်ပတ်လိုက်ကြရာ သူ့အား သွေးမိစ္ဆာကြီးတစ်ကောင်အလား၊ သွေးအင်မော်တယ်တစ်ဦးအလား ဖြစ်သွားစေသည်။

၎င်းက ရိုးရှင်းသော တိုက်ရိုက်တိုက်ကွက်တစ်ကွက်လေးသာ ဖြစ်၏။

အင်မော်တယ်နယ်ပယ်ပါရာဂွန်တစ်ဦးဖြစ်သော မန်ဟို၏ခွန်အားက ‌နဝမတောင်ပင်လယ်ရှိ လူတိုင်းကို တုန်လှုပ်သွားစေပြီး သူတို့ကြည့်နေသော ပုံရိပ်များမှာ သူတို့၏စိတ်သန္တန်တွင် ထာဝရစွဲထင်ကျန်ရစ်သွားလေပြီ။

လေများ တဝေါဝေါ တိုက်ခတ်နေပြီး တဂျိန်းဂျိန်း ထစ်ချုန်းနေသည်။ မန်ဟိုသည် ဖန်ဝေကို ငုံ့ကြည့်ရင်း လေလယ်တွင် ပျံဝဲနေ၏။ သူက သက်ပြင်းချလိုက်သည်။

ဖန်ဝေမှာ ယုတ်မာကောက်ကျစ်သော လူတစ်ဦးမဟုတ်ကြောင်း မန်ဟို မြင်ရသည်။ သူက မာနကြီးလွန်း၍ အရှုံးကို လက်မခံနိုင်ခြင်းသာ ဖြစ်သည်။

"ပေးတော့" မန်ဟို မိုးနှင့်မြေအား တဂျုန်းဂျုန်း မြည်ဟည်းနေစေရင်း ဖန်ဝေထံ ဆင်းလာကာ အေးအေးဆေးဆေး ပြောလိုက်သည်။ ထိုအစား ဖန်ဝေက ခေါင်းနောက်လှန်၍ တဟားဟား ရယ်သည်။

သွေးများ သူ့ပါးစပ်မှ စီးကျနေပြီး သူ့မှာ တုန်ရီနေလျက် နောက်သို့ ယိုင်သွား၏။ သူ့အရေပြားမှာ စုတ်ပြတ်သပ်နေပြီး သူသည် သွေးအသားပြင်ကြီးပမာ ဖြစ်နေလေပြီ။

သူ စူးစူးဝါးဝါး ရယ်နေစဉ် အစွဲကြီးမှုအား သူ့မျက်လုံးများတွင် မြင်ရနိုင်သည်။

"ငါ အခုထိ မရှုံးသေးဘူး" သူက အော်သည်။ "ငါ ဖန်ဝေ။ ငါဆိုတဲ့ ဖန်ဝေက ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ"

သူသည် ရက်စက်ကြမ်းကြုတ်သော မျက်နှာထားဖြင့် တဟားဟား အော်ရယ်ရင်း တဆတ်ဆတ် တုန်လျက် ရပ်နေ၏။ လူများသည် သူ၏အောင်မြင်မှုများကို မြင်သော်လည်း သူ အရူးသဖွယ် ကျင့်ကြံခြင်းအားထုတ်ရင်း ကုန်ဆုံးခဲ့သော နေ့များ၊ ညများကို မမြင်ကြပေ။ အခြားသူများ မိသားစုနှင့်အတူ ရယ်ကာမောကာ စကားပြောနေကြစဉ် သူသည် အပြင်တွင် တိုက်ခိုက်သတ်ဖြတ်နေခဲ့၏။ အခြားသူများ ချစ်သူရည်းစားထားနေကြစဉ် သူကတော့ တံခါးပိတ်ကျင့်ကြံနေခဲ့သည်။ သူ့မှာ အထီးကျန်မှုကို သည်းခံခဲ့ရသည်။ အချိန်ကုန်သွားသည်ကိုလည်း ‌သည်းခံခဲ့ရသည်။

သူ့တွင် ပန်းတိုင်တစ်ခုတည်းသာ ရှိပြီး ယင်းက လူတိုင်းကို ကျော်တက်ဖိနှိပ်ရန် ဖြစ်သည်။ သူသည် နဝမတောင်ပင်လယ်၏ နံပါတ်တစ်ရွေးချယ်ခံ ‌ဖြစ်လာချင်၏။ သူ့အဖေ ဂိုဏ်းရှိ အခြားသူများကို မည်သို့ပင် လုပ်နေပါစေ၊ သူ့အဘိုးတွင် မည်သည့်အကြံအစည်များပင် ရှိနေပါစေ သူ ဂရုမစိုက်ပေ။

သူ ဂရုစိုက်သည့် တစ်ခုတည်းသောအရာမှာ ဖန်မျိုးနွယ်စု၏ အနာဂတ်ခေါင်းဆောင်ကြီးဖြစ်လာရန်ပင်။

ထို့အကြောင်းကြောင့် သူ့အဘိုး သူ့ကို နိဗ္ဗာနသစ်သီးနှစ်လုံးအား ‌ပေးခဲ့စဉ်တုန်းက တစ်စက္ကန်လေးပင် မတုံ့ဆိုင်းခဲ့ဘဲ ချက်ချင်း စုပ်ယူခဲ့သည်။ ထို့အ‌ကြောင်းကြောင့် ဆဋ္ဌမခေါင်းဆောင်ကြီး၏ရှေ့မှောက်တွင် တုန်ရီစွာ ဒူး‌ထောက်ခဲ့စဉ်တုန်းက ဖန်ဝေသည် ဆဋ္ဌမခေါင်းဆောင်ကြီး၏သဘောအတိုင်း လိုက်လျောဖို့ ရွေးချယ်ခဲ့၏။

ဂိုဏ်းသို့ ပြန်လာရာလမ်းတွင် မန်ဟို့အား လုပ်ကြံဖို့ သူ့အဖေ လူသတ်သမားများကို လွှတ်ခဲ့ကြောင်း သိသော်လည်း သူ ဂရုမစိုက်ခဲ့။ သူ့အတွက် မန်ဟိုမှာ ဖြတ်လျှောက်ထက်မပိုပေ။

အထူးသဖြင့် သူ အသုံးပြုနေသော နိဗ္ဗာနသစ်သီးများက မန်ဟို့အပိုင်ပင် ဖြစ်လင့်ကစား သူ နည်းနည်းမှ ဂရုမစိုက်ပေ။ သူသည် သူ့ကိုယ်သူ မျိုးနွယ်စု၏ နံပါတ်တစ်ရွေးချယ်ခံအစစ်ဟု မြင်ထားသည်မဟုတ်ပါလော။ အရာအားလုံးက ... သူ့အပိုင် ဖြစ်နေပြီးသားပင်။

"ဖန်ဟို ငါ ရှုံးရင် မင်းပိုင်တာတွေ ပြန်ယူနိုင်တယ်။ ဒါပေမဲ့ အခု ငါ မရှုံးသေးဘူး" သူ မန်ဟို့ကို မော့ကြည့်လိုက်စဉ် သူ့မျက်နှာတစ်လျှောက် စီးကျလာသော သွေးများက သူ့အား ပို၍ပင် ရုန့်ရင်းကြမ်းကြုတ်သွားစေသည်။

သူသည် ခေါင်းနောက်လှန်၍ တဟားဟား ရယ်လိုက်ပြီး ရုတ်တရက် ဘဝပြန်ဝင်စားခြင်းအငွေ့အသက်များ ပျောက်ကွယ်သွားကာ ... သေခြင်းစိတ်ဆန္ဒအစားထိုး ဝင်ရောက်လာသည်။

ဤသည်ကား .. အတွေးတစ်ချက် မြစ်ဝါမြစ်တာအိုပင်။

၎င်းသည် ဖန်မျိုးနွယ်စု၏ ဒုတိယအစွမ်းထက်ဆုံး အမှတ်သညာ တာအိုမှော်ကျင့်စဉ်ဖြစ်သည်။ အတွေးတစ်ချက်ကြယ်တာရာအသွင်ပြောင်းခြင်းသာလျှင် ပို၍ အစွမ်းထက်၏။

ဤကျင့်စဥ်ကို ကျင့်ကြံဖို့ အလို့ငှာ လူတစ်ယောက်သည် ပထမဆုံး သေရမည်။ ထို့နောက် သေနေသည့်အချိန်တွင် အသက်မျှင်လေးကို ရှာရမည်။ ထိုအသက်မျှင်က ဝိညာဉ်အား သေဆုံးမသွားအောင် ဟန့်တားပေးပြီး သေခြင်းနှင့်ရှင်ခြင်းအကြား အဟလေးနှင့် ခန္ဓာကိုယ်အား တစ်သားတည်းဖြစ်စေကာ ရှင်ခြင်းသေခြင်းအစစ်အမှန်တာအိုတစ်ပါးကို ဖန်တီး‌ပေးလိမ့်မည်။

အရှိန်အဝါ ပေါက်ကွဲထွက်လာသည့်အခါ မန်ဟို၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။ အောက်တွင် ဖန်ရှုံ့ရှန်းက မဲ့ရွဲ့ကောက်ကျစ်နေသော မျက်နှာထားဖြင့် မန်ဟို့ကို အမဲဖြတ်တော့မတတ် ကြည့်နေ၏။ ဖန်ဝေ၏ လက်ရှိအခြေအနေက သူ့အား နာကျင်စေသော်လည်း သူသည် မန်ဟို သေသည်ကို ပိုမြင်ချင်၏။ အမှန်တွင် သူသာ အခွင့်အရေးရလျှင် ... မန်ဟို့ကို သေချာပေါက် သတ်မည်ဖြစ်သည်။

"သူ့ကို သတ်လိုက်ရင် အကုန်လုံး နိဂုံးချုပ်သွားလိမ့်မယ်။ ငါ အဲ့ဒါကြောင့် ငရဲကျရင်တောင်မှ အဲဒီအတိုင်းပဲ လုပ်မယ်" ဖန်ရှုံ့ရှန်းက သူ့မျက်လုံးများထဲရှိ သတ်ဖြတ်လိုစိတ်များကို ဖုံးကွယ်ရင်း အံတင်းတင်းကြိတ်လိုက်သည်။

ဖန်ဝေ၏ စွမ်းအားမှာ မြင့်သထက် မြင့်တက်လာသည်။ သူသည် နာကျင်စွာ အော်ဟစ်လိုက်သော်လည်း နာကျင်လာလေလေ ၊ သူ့မျက်လုံးများမှာ အစွဲကြီးမှုတို့ဖြင့် တောက်ပလာလေလေ ဖြစ်ပြီး သူ၏အရှိန်အဝါမှာ ‌တဟုန်းဟုန်းတောက်လာလေလေ ဖြစ်သည်။

အင်မော်တယ်နဂါး (၁၉၂) ကောက်က လေဟုန်ခွင်းရင်း သူ့ကို လှည့်ပတ်ပျံဝဲနေသည်။ ဤအခိုက်အတန့်တွင် နဝမတောင်ပင်လယ်ကျင့်ကြံသူများ၏မျက်နှာအပေါ်၌ မှင်သက်သွားသောအမူအရာများ စတင်ပေါ်လာ၏။ အဘယ်ကြောင့်ဆိုသော် အံ့ဩဖွယ်ကောင်းစွာနှင့် ဖန်ဝေ့ပတ်ပတ်လည်တွင် အင်မော်တယ်နဂါးများ ထပ်မံပေါ်လာ၍ပင်။

၁၉၇ ၊ ၂၀၇ ၊ ၂၁၃ ...

အင်မော်တယ်နဂါးတစ်ကောင်ပြီးတစ်ကောင်သည် လေကို စုတ်ဖြဲရင်း ကြယ်တာရာများကို တုန်ခါစေလျက် ပေါ်လာကြ၏။ အက်ကွဲကြောင်းအမြောက်အမြားက ဖန်ဝေ၏ပတ်ပတ်လည်ကို ဝန်းရံလိုက်သည်။

၂၁၁၊ ၂၃၄ ... သူ၏အင်မော်တယ်ကြောများ ပေါက်ကွဲထွက်လာနေသည်။

၎င်းတို့က ... သူ အကြော (၂၄၁) သို့ မရောက်မချင်း ဆက်သွားနေသည်။

ဤအချိန်တွင် နဝမတောင်ပင်လယ်ရှိ ကျင့်ကြံသူများမှာ အံ့ဩမဆုံးဖြစ်နေကြသည်။ သူတို့မှာ ဆွံ့အနေကြပြီး ဖန်မျိုးနွယ်ဝင်များမှာ လုံးဝပွက်လောရိုက်နေကြတော့၏။ ဘိုးဘေးစံအိမ်ထဲတွင် မဟာအကြီးအကဲသည် ကောင်းကင်ထက်ရှိ ဖန်ဝေနှင့် မန်ဟို့ကို ‌ငိုင်တွေတွေ မော့ကြည့်နေပြီးနောက် သက်ပြင်းရှည်ကြီး ချလိုက်၏။

"သူက ... တကယ် (၄၉) ကြော ထပ်ပေါင်းလိုက်တာပဲ"

"မန်ဟိုသာ မရှိရင် ဖန်ဝေက ... နဝမတောင်ပင်လယ်ရဲ့ အင်မော်တယ်နယ်ပယ်ပါရာဂွန် သေချာပေါက် ဖြစ်လာလိမ့်မယ်"

"ဖန်ဝေလည်း မန်ဟို့လို လူမဟုတ်ဘူးပဲ။ သူ ဘာနည်းလမ်းတွေ သုံးနေတာပါလိမ့်"

"အကြော (၂၄၁) ကြော။ အဲဒီလိုမျိုးလုပ်နိုင်တဲ့လူ နဝမတောင်ပင်လယ်ရဲ့ အင်မော်တယ်မျိုးဆက်ထဲမှာ တစ်ခါမှ မရှိခဲ့ဖူးဘူး။ ဒဏ္ဍာရီ‌များအရ တကယ့်အကန့်အသတ်က အကြော (၃၃၀) တဲ့။ ဒါပေမဲ့ အဲ့ဒါက ဒဏ္ဍာရီထက်မ‌ပိုဘူးလေ"

ကြယ်တာရာကောင်းကင်ရှိ ရွေးချယ်ခံများမှာတော့ ချာချာလည်သွားကြသည်။ ဖန်မျိုးနွယ်စုတွင် မန်ဟိုရော၊ ဖန်ဝေပါ ရှိနေသဖြင့် သူတို့အားလုံး ခါးသီးမှုတို့ဖြင့် ပြည့်နှက်သွားကြ၏။ နဝမတောင်ပင်လယ်၏ကျင့်ကြံသူတိုင်း ဖန်မျိုးနွယ်စုအား ဘယ်တော့မှ မေ့နိုင်တော့မည်မဟုတ်ပေ။

ဖန်မျိုးနွယ်စု၏ မြေခေါင်းဆောင်ကြီးသည် ကြယ်တာရာကောင်းကင်ထဲတွင် တိတ်ဆိတ်စွာ ပျံဝဲနေ၏။ သူ့မှာ ကြားဝင်၍တားချင်သော်လည်း တွန့်ဆုတ်နေသည်။ သူသာ ဖြစ်ပျက်နေသောအရာကို တားဖို့ မကြိုးစားလျှင် ... နှစ်ယောက်လုံးကို ဆုံးရှုံးရနိုင်ကြောင်း သူ သိ၏။

"ဟိုအာ ... မင်း အင်မော်တယ်အဆင့်တက်ဖို့သက်သက်နဲ့ မျိုးနွယ်စုကို ပြန်လာတာလား။ မင်းကိုယ်မင်း သက်သေပြဖို့ပဲလား" မြေခေါင်းဆောင်ကြီးရဲ့မျက်လုံးများသည် လေးနက်သော အလင်းရောင်ဖြင့် တောက်ပသွား၏။

"အဲဒီလိုဆိုရင် မျိုးနွယ်စုထဲမှာ ပုန်းကွယ်လျှိုးနေတဲ့ အဲဒီလူတွေ နောက်ဆုံး ထွက်လာတော့မှာလား"

***

All Chapters