← Chapters

ပုန်ကန်ထကြွမှု

Vol. 71 Ch. 993

ပုန်ကန်ထကြွမှု

Vol. 71 Ch. 993

ဖန်ဝေ၏အသံသည် အရှေ့အောင်ပွဲဂြိုဟ်၏နယ်မြေများတစ်လျှောက် ဖြတ်သန်းပဲ့တင်ထပ်သွား၏။ သူ့တွင် အကြော (၂၄၁) ကြောရှိပြီး အင်မော်တယ်နဂါး (၂၄၁) ကောင်က လေပြင်းမုန်တိုင်းများ ‌တဝေါဝေါ တိုက်ခတ်၍ ကုန်းမြေပြင်မှာ လှုပ်ခတ်နေစေသော ဟိန်းဟောက်သံများကို ထုတ်လွှတ်လျက် သူ့ကို လှည့်ပတ်၍ ပျံဝဲနေကြသည်။

"ဖန်ဟို" ဖန်ဝေသည် ကြမ်းကြုတ်ခက်ထန်ပြီး ရူးမိုက်မှုတို့ ပြည့်နှက်နေသော မျက်နှာထားဖြင့် ခေါင်းမော့လာ၏။ သူ့ခန္ဓာကိုယ်က ပို၍အရပ်မြင့်လာပြီး ကြွက်သားအဖုအထစ်တို့ ပိုမိုထွက်လာသည်။

အံ့ဩဖွယ်ကောင်းစွာနှင့် အင်မော်တယ်ဝိညာဉ် (၂၄) ကောင်က သူ၏အနောက်တွင် ကောင်းကင်ဘုံ (၂၄) ခုအသွင်ပြောင်း၍ လူတိုင်းကို အသက်ရှူမှားသွားစေသော ဖိအားကို ထုတ်လွှတ်ရင်း တည်ရှိနေသည်။

၎င်းတို့က မန်ဟို၏ ကောင်းကင်ဘုံ (၃၃) ခုကို တဖြည်းဖြည်း ခုခံခြင်းစတင်လာသည်။

ဤသည်မှာ ယခင်က တစ်ခါမှ မဖြစ်ခဲ့ဖူးသောအရာ၊ ရွေးချယ်ခံများပင် မအောင်မြင်နိုင်သောအရာဖြစ်သည်။ ဖန်ဝေတစ်ယောက်တည်းသာ မန်ဟို၏ ကောင်းကင်ဘုံ (၃၃) ခုကို ယှဉ်ရာတွင် အောင်မြင်နိုင်သည်။

ကောင်းကင်ဘုံ (၃၃) ခုသည် အင်မော်တယ်များအတွက် နောက်ဆုံးအကန့်အသတ်ဖြစ်ပြီး နယ်ပယ်၏ပြိုင်စံရှားဖြစ်စေသည်။ သို့သော် ဤအခိုက်အတန့်တွင် အလွန်တရာကြီးမားပြင်းထန်သော စွမ်းအားက ဖန်ဝေထံမှ ထွက်ပေါ်လာ၏။

ဖန်ဝေ သိမ်းပိုက်ထား‌သော နိဗ္ဗာနသစ်သီးနှစ်လုံး၏ အရှိန်အဝါမှာ ပို၍အားကောင်းလာသဖြင့် မန်ဟို့မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။ အမှန်တွင် သူ မျက်လုံးများ ပိတ်လိုက်လျှင် ဖန်ဝေ၏နဖူးထဲ၌ အလုပ်လုပ်နေသော နိဗ္ဗာနသစ်သီးနှစ်လုံးကို ရှင်းလင်းပြတ်သားစွာ မြင်ရလေသည်။

တစ်ချိန်တည်းမှာပင် ဖန်မျိုးနွယ်စု၏ ဘိုးဘေးစံအိမ်အောက်တွင် ကျန်ခေါင်းဆောင်ကြီးခြောက်ဦးနှင့်အတူ သတ္တမခေါင်းဆောင်ကြီးသည် ဖန်ဝေ အကြော (၂၄၁) ကြောဖြင့် အစွမ်းထုတ်ပြနေသည်ကို မြင်လိုက်ရ၏။ သတ္တမခေါင်းဆောင်ကြီးမှာ သိသိသာသာ အံ့အားသင့်နေပြီး ‌ဆဋ္ဌမခေါင်းဆောင်ကြီး၏မျက်လုံးများအထဲ၌ ဘယ်သူမှ မမြင်ရသော ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုအစအနများ ရှိနေသည်။

"သူ အရွယ်ရောက်လာပြီ…" ဆဋ္ဌမခေါင်းဆောင်ကြီးက ရေရွတ်လိုက်ပြီးနောက် မျက်လုံးများပိတ်လိုက်သည်။

အပေါ်ထက်တွင် ဖန်ဝေ၏စွမ်းအားများက တဖွေးဖွေး လှုပ်နေပြီး အင်မော်တယ်နဂါး (၂၄၁) ကောင်က သူနှင့်အတူ လေတွင် ခွင်းနေသည်။ သူ့အနောက်ရှိ ကောင်းကင်ဘုံ (၂၄) ခုသည် အရာခပ်သိမ်းကို တသိမ့်သိမ့် တုန်ခါနေစေ၏။ ဖန်ဝေ၏အရှိန်အဝါမှာ တဟုန်ထိုး မြင့်တက်လာသည်။ ကြည့်ရသရွေ့ သူကား မန်ဟို့အရှေ့တွင် ဘယ်နည်းနှင့်မှ နောက်ဆုတ်မည်မဟုတ်သည့်အလားပင်။

မန်ဟို့တွင် အင်မော်တယ်နဂါး (၁၂၃) ကောင်သာ ရှိပြီး တစ်ကောင်ချင်းစီက ဧရာမကြီးမားသော်လည်း အင်အားက နှစ်ဆနီးပါး ကွာလေသည်။

သို့သော် မန်ဟို၏ အင်မော်တယ်ဝိညာဉ် (၃၃) ခုနှင့် ကောင်းကင်ဘုံ (၃၃) ခုကို ကြည့်လျှင် သူကား ယခင်အတိုင်း ခမ်းနားကြီးကျယ်မြဲ ခမ်းနားကြီးကျယ်နေဆဲဖြစ်သည်။

"ဖန်ဟို ဒါက ငါ့ရဲ့အစွမ်းထက်ဆုံးအခြေအနေပဲ။ ငါ အခု ရှုံးနိမ့်သွားရင် မင်းပိုင်တဲ့ဟာတွေကို ပြန်ပေးမယ်။ အဲ့ဒီဟာတွေကို သုံးခဲ့တဲ့ အဖိုးအခအဖြစ် ငါ့အသက်ကိုလည်း ပေးမယ်" ဖန်ဝေသည် မန်ဟို့ကို စိုက်ကြည့်နေစဉ် မျက်လုံးများ၌ ရူးမိုက်မှုတို့ ပြည့်နှက်နေသည့်တိုင် ထိုရူးမိုက်မှုအတွင်း၌ အစွဲဥပါဒန်လည်း ပါရှိ၏။

မန်ဟိုက လေးနက်သောအမူအရာဖြင့် ဖန်ဝေကို ပြန်ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။

ဤအခိုက်အတန့်တွင် မန်ဟိုမှာ ဖန်ဝေအား ထပ်မမုန်းနိုင်တော့ပေ။ လက်ရှိအခြေအနေမှာ ဘေးလူများ၏ ပြိုင်ဆိုင်မှုမှ ရလဒ်သာဖြစ်သည်။

"တိုက်ခိုက်ကြစို့" ဖန်ဝေက ခေါင်းနောက်လှန်၍ တဟားဟားရယ်ရင်း ဟိန်းဟောက်လိုက်သည်။ သူက ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက်ဖော်ရင်း ရှေ့တက်လာကာ မြစ်တစ်စင်းအား သူ့အရှေ့တွင် ပေါ်လာစေ၏။

မြစ်သည် အဝါရောင်ဖြစ်ပြီး ၎င်းအပေါ်၌ မျောနေသော ဝိညာဉ်များက ရက်စက်ကြမ်းကြုတ်သည့် ဟိန်းဟောက်သံများကို ထုတ်လွှတ်နေ၏။ မျက်စိတစ်မှိတ်အတွင်း မြစ်မှာ ပြိုင်ဘက်ကင်းကြီးမားလာ၏။ ၎င်းကား ... မြစ်ဝါမြစ်ပင်။

ဤသည်မှာ မြေအောက်ကမ္ဘာလောကနှင့် ၎င်း၏အင်အားကို ကိုယ်စားပြုသော မရုဏသင်္ချိုင်းမြစ်ဝါမြစ်၏ အသွင်သဏ္ဌာန်၊ အတွေးတစ်ချက်မြစ်ဝါမြစ်တာအို၏ အနှစ်သာရဖြစ်သည်။ လျှို့ဝှက်ဆန်းကြယ်သော လှိုင်းဂယက်တစ်ခုက မြစ်ဝါမြစ်မှ ဖြာထွက်လာရင်း ကောင်းကင်ဘုံအားလုံးနှင့် နဝမတောင်ပင်လယ်၏ကျင့်ကြံသူအလုံးစုံကို စိတ်နှလုံးတုန်လှုပ်သွားစေသည်။ (အရှေ့မှာ အတွေးတစ်ချက်မရဏသင်္ချိုင်းတာအိုလို့ ရေးခဲ့ပေမယ့် ဒီအပိုင်းကစပြီး အတွေးတစ်ချက်မြစ်ဝါမြစ်တာအိုလို့ ပြောင်းသုံးသွားပါ့မယ်)

ပို၍ပင် အံဩတုန်လှုပ်ဖွယ်ကောင်းသည်မှာ မြစ်ဝါမြစ်တစ်စင်းသာမဟုတ်ဘဲ .... (၂၄၁) စင်းဖြစ်နေခြင်းပင်။ ၎င်းတို့က အရာရာတိုင်းကို လှုပ်ခါနေစေရင်း ဖန်ဝေ၏အရှေ့တွင် အကောင်အထည်ဖြစ်တည်လာကြသည်။ ‌ခေါင်းအထက်ရှိ ကောင်းကင်ကြီးပင်လျှင် ဝါကြင့်ကြင့်အရောင်စွေးသွား၏။

မြစ်ဝါမြစ် (၂၄၁) စင်းက မန်ဟို့ထံသို့ ဝေါခနဲ ပြေးဝင်သွားသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းတို့သည် ပတ်ဝန်းကျင်အပြည့်နေရာယူသွားပြီး သူ့ကို လွှမ်းမိုးခါနီးလေပြီ။

မန်ဟိုက မျက်လုံးများ လင်းခနဲ လက်သွားကာ ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက်ဖော်၍ ဝှေ့ယမ်းလိုက်သည်။ သူ၏အင်မော်တယ်အကြောများက ဂျိန်းခနဲ ‌ထစ်ချုန်းသွားပြီး သူ့ခန္ဓာကိုယ်အပြင်တွင် အင်မော်တယ်နဂါးများမဟုတ်ဘဲ ... တောင်တန်းများအား ဖော်ဆောင်လိုက်သည်။

အင်မော်တယ်တောင်စဉ်တန်းများ

တောင်တန်း (၁၂၃) တန်းက မိုးမြေကို လှုပ်ခါနေစေရင်း ကျရောက်လာသည်။ မန်ဟိုကား အဆုံးမဲ့အင်မော်တယ်တန်ခိုးတို့အား အရပ်လေးမျက်နှာသို့ ထုတ်လွှတ်နေသော အဆုံးမဲ့တောင်တန်းများဖြင့် ခြံရံခံထားရသည့်အလားပင်။ မန်ဟိုသည် တောင်အပေါင်း၏ သခင်ကြီးပမာ အလယ်တည့်တည့်တွင် ရပ်နေ၏။

သူက မြစ်ဝါမြစ်များကို မျက်နှာမူရင်း ညာလက်ကို ‌ဆန့်တန်းကာ လက်ညှိုးထိုးလိုက်သည်။ တောင်အားလုံး တဝုန်းဝုန်း လည်လာပြီးနောက် မြစ်ဝါမြစ်ထံသို့ ပြေးဝင်သွားသည်။

မြစ်ဝါမြစ်များမှာ ဆန်းကြယ်ကောင်း ဆန်းကြယ်နိုင်သော်လည်း တောင်တန်းများက ၎င်းတို့ကို ဖိနှိပ်နိုင်လေသည်။

တောင်စဉ်တန်းများက မြစ်ဝါမြစ်များအပေါ်သို့ ဖိချလိုက်သည်။

နဝမတောင်ပင်လယ်၏ကျင့်ကြံသူများမှာ စောင့်ကြည့်ရင်း ရင်မောလာကြ၏။

တောင်တန်းများ ဖိချလိုက်သဖြင့် တဝုန်းဝုန်းမြည်သံကြီးများ ပဲ့တင်ထပ်သွားသည်။ မြစ်ဝါမြစ်များက မြင့်တက်လာပြီး အားနှစ်ရပ်သည် တစ်ခုကို တစ်ခု ဝင်တိုက်သွား၏။ မြစ်ဝါမြစ်တစ်စင်းမကျန် ဖျက်စီးခံလိုက်ရပြီး တောင်တန်းအားလုံး ကြေမွသွားသည်။ ကောင်းကင်ထက်တွင် ဖြစ်ပျက်နေသောမြင်ကွင်းမှာ ပန်းချီကားချပ်တစ်ချပ်အလားပင်။ ကြီးမားသော ပေါက်ကွဲမှုကြီးက အရာအားလုံးကို တုန်ခါသွားစေပြီး အက်ကွဲကြောင်းများပင် ကောင်းကင်ထက်၌ ပေါ်လာစေသည်။

ဖန်ဝေ၏ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူက လက်နှစ်ဖက်မုဒြာလက်ကွက်တစ်ကွက်ဖော်ပြီးနောက် လက်နှစ်ဖက်လုံးကို ခေါင်းအထက်သို့ မြှောက်လိုက်သည်။ သူသည် မျက်ဝန်းများ၌ ရူးမိုက်မှုတို့ ပြည့်နှက်နေလျက် ဟိန်းဟောက်လိုက်၏။ "မြစ်ဝါမြစ်တာအို"

သူ၏စကားလုံးများ ဟိန်းထွက်သွားစဉ် တစစီပျက်စီးသွားခဲ့သော မြစ်ဝါမြစ်အားလုံး သူ့ထံ ပြန်စီးဆင်းသွားသည်။ အရပ်လေးမျက်နှာမှ အဝါရောင်မြစ်ရေများသည် မိုးရေပေါက်များသဖွယ် သူ့ထံ ပျံသန်းသွား၏။ ထို့နောက် မျက်စိတစ်မှိတ်အတွင်း ရေများက ... ကောင်းကင်နှင့်မြေကြီးအား မှေးမှိန်သွားစေသော ခမ်းနားကြီးကျယ်သည့် မြစ်ဝါမြစ်ကြီးတစ်စင်းအသွင် ပြန်ပြောင်းသွားလေပြီ။

ဤသည်ကား စတုတ္ထတောင်၏ မရဏသင်္ချိုင်းမြစ်ဝါမြစ်မဟုတ်ဘဲ ဖန်ဝ၏အင်မော်တယ်အကြောများက တစ်ကြောနှင့်တစ်ကြော ပေါင်းစည်း၍ သူ့အပိုင် မြစ်ဝါမြစ်အား ဖော်ဆောင်လိုက်ခြင်းဖြစ်သည်။ ဘဝပြန်ဝင်စားခြင်းအရှိန်အဝါက မြေပြင်များကို လှုပ်ခတ်လာစေပြီး ‌မိုးကောင်းကင်ကို မှောင်မည်းလာစေ၏။

ယခုတွင် တည်ရှိတော့သည့် တစ်ခုတည်းသောအရာမှာ ... မီတာသုံးသောင်းတိတိ ရှည်လျားသော ပြိုင်ဘက်ကင်းလောက်အောင် ခမ်းနားကြီးကျယ်ခမ်းနားသည့် သူ၏ မြစ်ဝါမြစ်ကြီးဖြစ်သည်။

ထိုမျှသာဆိုလျှင် ရေးကြီးခွင်ကျယ်မဟုတ်သေး။ အံ့ဩဖွယ်ကောင်းစွာနှင့် အင်မော်တယ်ဝိညာဉ် (၂၄) ကောင်လည်း မြစ်ဝါမြစ်ထဲတွင် ပေါ်လာသည်။ ၎င်းတို့က ဖန်ဝေ၏ အင်မော်တယ်ဝိညာဥ်များဖြစ်သော်လည်း ဤအခိုက်အတန့်တွင် မြစ်ဝါမြစ်၏ မြေအောက်ကမ္ဘာ‌တရားသူကြီးများ ဖြစ်ချေသည်။

အင်မော်တယ်နယ်ပယ်အထွတ်အထိပ် ကျင့်ကြံခြင်းအခြေခံများရှိသော မြေအောက်ကမ္ဘာတရားသူကြီး ၂၄ ဦး။ မြစ်ဝါမြစ်ကား သူတို့၏လက်နက်ဖြစ်ပြီး ဖန်ဝေကမူ ....ငရဲပြည်၏ အုပ်စိုးသူ ယမမင်းအလားပင်။

"မြစ်ဝါမြစ်တာအိုနဲ့ ငါဟာ အင်မော်တယ်နယ်ပယ်ပါရာဂွန်ရဲ့ ဝိညာဉ်ကို သုတ်သင်ကွပ်မျက်နိုင်တယ်" ဖန်ဝေသည် မန်ဟို့ထံသို့ လက်ကို ဝှေ့ယမ်းရင်း ဒေါသတကြီး ‌ကြိမ်းဝါးလိုက်၏။

ဤအခိုက်အတန့်တွင် နဝမတောင်ပင်လယ်၏ကျင့်ကြံသူအားလုံး ပင့်သက်ရှိုက်မိလိုက်ကြသည်။ အရှေ့အောင်ပွဲဂြိုဟ်အ‌ပေါ်ရှိ လူအုပ်ကြီးများမှာ အံ့အားသင့်သွားကြပြီး ဖန်မျိုးနွယ်များ၏ မျက်နှာများ ရိပ်ခနဲ ဖြစ်သွားကြသည်။

"ဖန်ဝေက လက်ဖျားခါလောက်အောင် အစွမ်းထက်တာပဲ"

"အထင်ကရ တာအိုမှော်ကျင့်စဉ်အဖြစ် သတ်မှတ်ခံရတာ အံ့ဩစရာမရှိဘူး။ အဲ့ဒါက မြစ်ဝါမြစ်ကို ဖော်ဆောင်ပေးတယ်။ မြေအောက်ကမ္ဘာတရားသူကြီးတွေကို ဖန်ဆင်းပေးတယ်။ ပြီးတော့ ယမမင်းတစ်ပါးကိုရောပဲ.... ဖန်မျိုးနွယ်စုရဲ့ ပထမမျိုးဆက်ခေါင်းဆောင်ကြီးက စတုတ္ထတောင်နဲ့ တကယ်ပဲ ပတ်သက်မှုရှိတာလား"

"ဒါကမှ တကယ့်ကို တိုက်ပွဲစစ်စစ်ပဲ။ မန်ဟိုက အစွမ်းထက်လွန်းတာကြောင့် မမြင်ခဲ့မိဘူး။ ဒီလိုတိုက်ပွဲမျိုးကို မျက်မြင်တွေ့ရလိမ့်မယ်လို့ ထင်တောင်မထားခဲ့ဘူး"

နဝမတောင်ပင်လယ်မှာ တုန်လှုပ်နေကြသည်။ တောင်ကောင်းကင်ဂြိုဟ်ပေါ်တွင် ဖန်ရှုံ့ဖုန်းနှင့် မန်လီမှာ စိုးရိမ်နေကြလေသည်။ မန်ဟို့မိတ်ဆွေအားလုံးလည်း စိတ်ပူလာကြသည်။ ထိုစဉ် ကြယ်တာရာကောင်းကင်၏အပြင်တွင် မည်သူမှ မမြင်ရသော သင်္ဘောတစ်စင်းရှိ၏။ စောစောက တစ်ကိုယ်ကောင်းဆန်သော လူငယ်လည်း မျက်လုံးပြူးလျက် ကြည့်နေလေသည်။

ပထမဆုံးအနေဖြင့် မန်ဟို၏ရင်ထဲတွင် သေစေနိုင်သောအန္တရာယ်အာရုံ ဖြစ်ပေါ်လာသည်။ သူက ဖန်ဝေကို ကြည့်ပြီး ဖန်ဝေသည် ရွေးချယ်ခံစစ်စစ် ဖြစ်ကြောင်း ဝန်ခံလိုက်ရ၏။

မြစ်ဝါမြစ်က မန်ဟို့ထံ ဝေါခနဲ စီးဆင်းလာပြီး ၎င်းထဲရှိ အင်မော်တယ်ဝိညာဉ် မြေအောက်ကမ္ဘာတရားသူကြီး (၂၄) ဦးက တိုက်ကွက်များအား ထုတ်လွှတ်လိုက်ကြသည်။

မန်ဟိုက အသက်ပြင်းပြင်းရှူသွင်းလိုက်၏။ သူ့မျက်လုံးထဲရှိ တိုက်ခိုက်လိုစိတ်မှာ အစစ်အမှန်အင်မော်တယ်ရွေးချယ်ခံများအား ရင်ဆိုင်ခဲ့စဉ်တုန်းကထက်ပင် ပို၍အားကောင်းလာသည်။

သူ့ညာမျက်လုံးထဲတွင် ကြယ်ကျောက်ခဲတစ်ခဲပေါ်လာပြီး ၎င်းက မန်ဟို့လက်ဝါးပြင်ထက်တွင် ပျံဝဲနေသော ကြယ်အလင်းရောင်အသွင်ပြောင်းသွား၏။ မျက်စိတစ်မှိတ်အတွင်း ကြယ်အလင်းရောင်က သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။

"အတွေးတစ်ချက် ကြယ်တာရာအသွင်ပြောင်းခြင်း" မန်ဟိုက ပြောသည်။ မိစ္ဆာချုပ်နှောင်ပြုစားခြင်းမှော်အတတ်များနှင့် ပါရာဂွန်တံတားကို ဖယ်လိုက်လျှင် အတွေးတစ်ချက် ကြယ်တာရာအသွင်ပြောင်းခြင်းသည် သူ ထုတ်လွှတ်နိုင်သမျှအထဲ အစွမ်းထက်ဆုံးနတ်ဘုရားစွမ်းရည် ဖြစ်၏။

အကန့်အသတ်မရှိသော ကြယ်အလင်းရောင်က မန်ဟို့ကို လွှမ်းခြုံသွားရာ သူသည် ကျင့်ကြံသူတစ်ယောက်နှင့် မတူတော့ဘဲ .... ဂြိုဟ်တစ်လုံးအသွင်ပြောင်းသွားလေပြီ။

ဤသည်မှာ သာမန်ဂြိုဟ်‌ကျင့်စဉ်မဟုတ်။ မန်ဟို၏ အစစ်အမှန်အင်မော်တယ်လျှို့ဝှက်မှော်သိုင်း၊ အတွေးတစ်ချက်ကြယ်တာရာအသွင်ပြောင်းခြင်း၏ စွမ်းအား (၁၂၃) ဆ ဖြစ်သည်။

ဤဂြိုဟ်သည် မီတာ (၃၀၀၀) ကြီးမားပြီး ၎င်းပေါ်လာသောအခါ ကျင့်ကြံသူအားလုံးသည် မန်ဟို အင်မော်တယ်တံခါးကို တွန်းဖွင့်ရန် သုံးခဲ့တုန်းက မြင်ခဲ့သော် မှော်သိုင်းကွက်ကို ပြန်မြင်လိုက်၏။

"အတွေးတစ်ချက် ကြယ်တာရာအသွင်ပြောင်းခြင်း" ဖန်မျိုးနွယ်ဝင်အားလုံး ကြက်သေသေကုန်ကြလေပြီ။

တစ်ချိန်တည်းမှာပင် ဂြိုဟ်အသွင်ပြောင်းထားသော မန်ဟိုက မြစ်ဝါမြစ်ထံ ပြေးဝင်သွားသည်။ သူ နောက်ဆုံးတိုက်ကွက်အား အသုံးချလိုက်စဉ် မျက်လုံးအားလုံးက သူ့အပေါ် ရောက်ရှိနေ၏။

ဂြိုဟ်က အမြင့်ဆုံးအရှိန်ဖြင့် ရွေ့လျားသွားသည်။ ဖန်ဝေကလည်း အတိုက်အခိုက်စွမ်းရည်ကို မြူမှုန်မျှပင် မထိမ်ချန်ထားဘဲ အစွမ်းကုန်ထုတ်နေသည်။

"သေစမ်း" ဖန်ဝေ ဟိန်းဟောက်လိုက်စဉ် မြစ်ဝါမြစ်နှင့် ဂြိုဟ်အသွင်မန်ဟိုတို့ကား တစ်ဖက်ကို တစ်ဖက် ဝင်တိုက်လိုက်လေပြီ။

အုန်းခနဲ ပေါက်ကွဲသံကြီးက အရှေ့အောင်ပွဲဂြိုဟ်တစ်ဂြိုဟ်လုံးတွင် ဆူညံသွားသည်။ ကောင်းကင်မှ ကြေမွသွားပြီး မြေပြင်မှာ ကျွံကျသွား၏။ မြစ်ဝါမြစ်ကြီး ပျက်စီးသွားသည့်အခါ ဖန်ဝေက လက်မခံနိုင်သည့်အလား ဟိန်းဟောက်လိုက်သည်။ သူ၏အင်မော်တယ်ဝိညာဉ်များမှာ ဧရာမဂြိုဟ်ကြီးကို ခံနိုင်စွမ်းမရှိဘဲ ပေါက်ကွဲသွား၏။

ဂြိုဟ်မှာလည်း အားနည်းလာရင်း လျင်မြန်စွာ ကျုံ့စပြုလာသည်။ သို့သော် အဆုံးသတ်တွင် ၎င်းသည် မြစ်ဝါမြစ်ကို ရစရာမရှိအောင် ဖျက်စီးပြီး အင်မော်တယ်ဝိညာဉ် (၂၄) ကောင်လုံးကိုလည်း ဖျက်စီးခဲ့သေးလေသည်။

ဂြိုဟ် ဖန်ဝေထံသို့ ရောက်လာသောအချိန်တွင် သုံးမီတာခန့်အထိ ကျုံ့သွားခဲ့လေပြီ။ ၎င်းက သူ့ကို ဝင်တိုက်လိုက်ရာ အရိုးကျိုးသံများ ထွက်လာသည်။

ဖန်ဝေ၏ပါးစပ်မှ သွေးများပန်းထွက်သွားပြီး သူက မြေ‌ကြီးထံသို့ ထိုးဆင်းနေစဉ် ခါးသီးစွာ ရယ်လိုက်သည်။ သူသည် တောင်ထိပ်တစ်ခုနှင့် ဝင်တိုက်ကာ ၎င်းအား စိစိညက်ညက် ကြေသွားစေ၏။

ဖန်‌ဝေ၏ခါးသက်သက်ရယ်သံကြီးက သွေးများ စီးကျနေသော သူ၏ပါးစပ်မှ ပဲ့တင်ထပ်လာသည်။ သူ့ရင်ဘတ်မှာ ချိုင့်ဝင်၍ စုတ်ပြတ်သပ်နေပြီး သူ၏ကိုယ်တွင်းအင်္ဂါများမှာ ကြေမွသွားသည့်အပြင် ဝိညာဉ်လည်း အက်ကွဲသွားခဲ့၏။ သူကား အသက်ဆုံးခါနီးလေပြီ။

"လာစမ်းပါ .... မင်းပိုင်တဲ့ဟာတွေ ပြန်ယူလိုက်" ဖန်ဝေက သူ၏နောက်ဆုံးထွက်သက်ကို အသုံးပြုရင်း သူ၏အသံအား ဟိန်းထွက်သွားစေသည်။ ဂြိုဟ်ကြီး ပျောက်ကွယ်ပြီး မန်ဟို ပေါ်လာသည်။ သူ ဖန်ဝေကို တိတ်ဆိတ်စွာ ငုံ့ကြည့်နေစဉ် နဝမတောင်ပင်လယ်တစ်ခုလုံးလည်း တိတ်ဆိတ်ငြိမ်ကျသွား၏။

"ပြီးဆုံးသွားပြီ" မန်ဟိုက သက်ပြင်းချရင်း ပြောသည်။ သူသည် တိတ်ဆိတ်မှုတို့ဖြင့် ခြံရံလျက် ရှေ့သို့ ဆက်လက်ရွေ့လျားလာ၏။ သူ ဖန်ဝေထံ လှမ်းတော့မည့်အချိန် ဖန်ရှုံ့ရှန်းက ခေါင်းမော့လိုက်ပြီး အသတ်အဖြတ်စိတ်ဆန္ဒတို့က သူ၏မျက်လုံးများတွင် တဝင်းဝင်းတောက်နေတော့သည်။ ရုတ်တရက် သူက အသေးစားနေရာရွှေ့ပြောင်းလိုက်၏။ သူ၏ရှေးဟောင်းနယ်ပယ်ကျင့်ကြံခြင်းအခြေခံက ဝိညာဉ်မီးအိမ်နှစ်လုံးငြှိမ်းထားသော ကြောက်ခမန်းလိလိစွမ်းအားဖြင့် ပေါက်ကွဲထွက်လာသည်။

"ဖန်ဟို မင်း သေဖို့အချိန်ကျပြီ" ဖန်ရှုံ့ရှန်းက လက်ကို ဆန့်တန်းလိုက်ပြီး အကုန်လုံးတုန်ခါလာသည်။ သို့သော် သူ အနားရောက်လာသည့်အချိန်မှာပင် မန်ဟို၏ ဦးလေးဆယ့်ကိုးက သူတို့နှစ်ယောက်အကြားတွင် ရိပ်ခနဲ ပေါ်လာ၏။ ချက်ချင်း နှစ်ယောက်သား စတင်တိုက်ခိုက်ကြတော့သည်။

"ဖယ်စမ်း" ဖန်ရှုံ့ရှန်းက သူ၏အစွမ်းထက်ဆုံး နတ်ဘုရားစွမ်းရည်ကို ထုတ်လွှတ်ရင်း ဟိန်းဟောက်လိုက်သည်။

တစ်ချိန်တည်းမှာပင် ဖန်ဝေ၏အဘိုးက လှုပ်ရှားရန် ပြင်လိုက်စဉ် မဟာအကြီးအကဲသည် ရှေ့တစ်လှမ်းတက်၍ သူ့ကို ကြည့်သည်။

"မိုက်မဲတာတွေ မလုပ်နဲ့" မဟာအကြီးအကဲက ပြောရင်း သက်ပြင်းချသည်။ "ဝေ့အာအတွက်ကဝောာ့ ငါ ..."

ဖန်ဝေ့အဘိုးက ဘာမှမပြောပေ။ မဟာအကြီးအကဲ စကားပင်ပြောမပြီးခင် သူက မထီမဲ့မြင် ပြုံးလိုက်သည်။ ထို့နောက် ရုတ်တရက် ကျောက်စိမ်းပြားတစ်ပြားအား ထုတ်၍ ချိုးလိုက်သည့်အခါ စိတ်ပိုင်းဖြတ်လိုက်မှုက သူ၏မျက်လုံးများ၌ ပေါ်လာသည်။

"အဲဒီလူ မှန်တယ်။ ဖန်မျိုးနွယ်စုက နည်းနည်းပြောင်းလဲဖို့ လိုနေတယ်..." သူက ပြောသည်။ "ငါက အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းလေးပဲ။ မျိုးနွယ်အကြီးအကဲတွေအတွက် တာဝန်ယူပေးရတဲ့ နေရာပေါ့လေ။ ဒါပေမဲ့ ငါ လှုပ်ရှားရင် ဘယ်သူမဆို လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ .... လုပ်ခိုင်းတဲ့အတိုင်း လုပ်ရုံပဲရှိတယ်" ဖန်ဝေ၏အဘိုးက ရုတ်တရက် ခေါင်းထောင်လိုက်ပြီး သူ၏ကျင့်ကြံခြင်းအခြေခံသည် စွမ်းအားများဖြင့် ပေါက်ကွဲထွက်လာ၏။

မဟာအကြီးအကဲမှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး မယုံကြည်နိုင်မှုနှင့် ထိတ်လန့်မှုတို့က သူ၏မျက်လုံးများတွင် ပြည့်နှက်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် ဖန်ဝေ၏အဘိုး ကျောက်စိမ်းပြားအား ချိုးလိုက်သော အခိုက်အတန့်တွင် ယုတ်မာကောက်ကျစ်သောအမူအရာများက ဖန်မျိုးနွယ်အကြီးအကဲလေးဆယ်ရာခိုင်နှုန်း၏ မျက်နှာများထက်တွင် ချက်ချင်း ပေါ်လာ၍ပင်။ အံ့ဩဖွယ်ကောင်းစွာနှင့် သူတို့သည် တစ်မျိုးနွယ်တည်းသားများအား စတင်တိုက်ခိုက်ကြတော့၏။

ဖန်မျိုးနွယ်စုကား အကြီးအကျယ် ပုန်ကန်ထကြွမှုကြီးအား ကြုံတွေ့နေရလေပြီ။

***

All Chapters