မျိုးနွယ်စုထဲရှိ ဖရိုဖရဲ အခြေအနေများ
Vol. 72 Ch. 994
ဖန်မျိုးနွယ်စုမှာ လုံးလုံးလျားလျား ဖရိုဖရဲ ဖြစ်နေချေပြီ။
နဝမတောင်ပင်လယ်၏ စောင့်ကြည့်နေသော ကျင့်ကြံသူများမှာ အဆိုပါမြင်ကွင်းကို ပါးစပ်အဟောင်းသားနှင့် ကြည့်နေကြသည်။ ယခုလိုအရာမျိုးမှာ ဖြစ်ပျက်တော့မည့်အရိပ်အယောင်တစ်စက်မှ မရှိခဲ့ပေ။ ဖန်မျိုးနွယ်စုကား ဗြုန်းစားကြီး ကစဉ့်ကလျား ဖြစ်နေလေပြီ။
တစ်ချိန်တည်းမှာပင် တောက်ပနေသော အကာအကွယ်တစ်ခုသည် အရှေ့အောင်ပွဲဂြိုဟ်၏အပြင်တွင် ပေါ်လာကာ ဂြိုဟ်တစ်ဂြိုဟ်လုံးကို လွှမ်းခြုံရင်း အဝင်အထွက် ပိတ်လိုက်၏။
တစ်နေရာလုံးကား ယခုတွင် ဘယ်သူ့ကိုမှ ဝင်ခွင့်လည်းမပြု၊ ထွက်ခွင့်လည်း မပြုတော့ဘဲ တစ်သီးတစ်သန့်တည်း ဖြစ်သွား၏။
အထဲတွင် ပိတ်မိနေသည်မှာ အရှေအောင်ပွဲဂြိုဟ်မှ လူအားလုံးသာမက ဂိုဏ်းအမျိုးမျိုးနှင့် မျိုးနွယ်စုအသီးသီးမှ ရွေးချယ်ခံများလည်း ပါသည်။ သူတို့မှာ အောက်ရှိဂြိုဟ်ပေါ်တွင် ဖြစ်ပျက်နေသော ပုန်ကန်မှုကြီးကို အထိတ်တလန့်ကြည့်ရင်း ကြယ်တာရာကောင်းကင်တွင် ပိတ်မိနေကြတော့သည်။
ဒေါသတကြီး ဟိန်းဟောက်သံများ၊ အလန့်တကြား အော်ဟစ်ငိုယိုသံများနှင့်အတူ မချိတင်ကဲအသံများက ဖန်မျိုးနွယ်စုမှ ထွက်လာနေသည်။
"မင်း .... ဖန်ကျဲရီ ... မင်း ..."
"ဖန်ဟိုင်တောက် မင်း ဘာလုပ်နေတာလဲ။ ငါက မင်းရဲ့ မျိုးနွယ်တူဦးလေးကွ"
"ဒါပုန်ကန်ထကြွမှုပဲ။ မင်းတို့ မျိုးနွယ်စုကို တကယ် သစ္စာဖောက်နေတာလား "
ဘိုးဘေးစံအိမ်ထဲရှိ အကြီးအကဲလေးဆယ်ရာခိုင်နှုန်းခန့်မှာ မန်ဟိုနှင့် ဖန်ဝေ၏တိုက်ပွဲကို ကြည့်နေရာမှ ရုတ်တရက် တစ်မျိုးနွယ်တည်းသား အကြီးအကဲများကို ရုတ်တရက် တိုက်ခိုက်လိုက်သဖြင့် အံ့မခန်းလိလိ ပေါက်ကွဲသံများ ပဲ့တင်ထပ်သွားသည်။ သူတို့သည် အရက်စက်ဆုံးနတ်ဘုရားစွမ်းရည်များအား ချက်ချင်း ထုတ်လွှတ်လိုက်ကြ၏။
အကြီးအကဲတချို့မှာ လက်သီးဖြင့် အနောက်မှ အထိုးခံလိုက်ကြရသည်။ သူတို့သည် သွေးများ လွင့်စင့်ပျံနှံ့လျက် လွင့်ထွက်သွားပြီးနောက် ဒေါသတကြီး ဟိန်းဟောက်ရင်း ချာခနဲ လှည့်လိုက်ကြ၏။
အခြားသူများက ရန်သူအမြောက်အမြား၏ ဝိုင်းတိုက်ခံလိုက်ရပြီး တုံ့ပင်မတုံ့ပြန်နိုင်ခင် တစစီစုတ်ပြတ်သွားလေသည်။ ခေါင်းပြတ်များ ပျံထွက်သွားပြီး ခန္ဓာရော ဝိညာဉ်ပါ အသတ်ခံလိုက်ရစဥ် သူတို့၏မျက်လုံးများတွင် မယုံကြည်နိုင်မှုတို့ ပြည့်နှက်နေသည်။
အသေတိုက်ကွက်များကို ရှောင်လိုက်နိုင်သူတချို့လည်း ရှိသည်။ သူတို့သည် ဒေါသလည်းထွက်၊ ယုံလည်း မယုံနိုင်သောမျက်လုံးများဖြင့် သစ္စာဖောက်များကို မျက်နှာချင်းဆိုင်ရင်း ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို ထုတ်ဖော်လိုက်ကြ၏။
ဝုန်းးးးးးးးးးးးးးးးးးးးးးးး
မျက်စိတစ်မှိတ်အတွင်း မျိုးနွယ်စုအပေါ် သစ္စာရှိသော အကြီးအကဲခြောက်ဆယ်ရာခိုင်နှုန်းအနက် ထက်ဝက်ကျော်မှာ ဒဏ်ရာအပြင်းအထန် ရသွားကြသည်။ ခုခံရန်ပင် အခွင့်မရလိုက်ဘဲ ချက်ချင်း သုတ်သင်ခံလိုက်ရသောသူများလည်း အတော်များ၏။
သွေးစီးကြောင်းများက ဘိုးဘေးစံအိမ်တစ်လျှောက် အိုင်ထွန်းစီးဆင်းနေသည်။
ယင်းက အကြီးအကဲများ၏ အခြေအနေဖြစ်သည်။ သို့သော် ရုတ်ရုန်းဆန်ခတ်မှုများကား သူတို့တွင်သာမဟုတ်၊ ဖန်ဝေ့သွေးဆက်အားလုံးနီးပါးက ရက်စက်ကြမ်းကြုတ်သော မျက်နှာထားများဖြင့် လှည့်လာကာ တစ်မျိုးတည်းသားများကို တိုက်ခိုက်ကြလေသည်။ ကြားနေသွေးဆက်များလည်း သစ္စာဖောက်များ ဖြစ်ကုန်ကြသဖြင့် နတ်ဘုရားစွမ်းရည်များ ပေါက်ကွဲထွက်လာသည်။ တစ်မျိုးနွယ်စုလုံး ကစဉ့်ကလျားဖြစ်၍ မရေမတွက်နိုင်သောလူများ သေဆုံးနေစဉ် မချိတင်ကဲအော်သံများမှာ ဆူညံလျက်ရှိ၏။
ဖန်ရှန်ရှန်း၏ နှုတ်ခမ်းထောင့်မှ သွေးများစီးကျနေသည်။ သူမမှာ မျိုးနွယ်တူအစ်မတစ်ဦး၏ လိုက်သတ်ခြင်းခံနေရသဖြင့် ထွက်ပြေးနေသည်။
ထို့နောက် ဖန်ယွင်ရီ။ သူသည် သစ္စာဖောက်မဟုတ်သဖြင့် တစ်လောကလုံး ပြောင်းလဲနေသည်ကို ကြောင်အစွာ ကြည့်နေလေ၏။
ဖန်ရွှီမှာ တိုက်ရိုက်သွေးဆက်နောက်တစ်ဦးကြောင့် ဒဏ်ရာရသွားသဖြင့် သွေးတစ်ပွက် အန်လိုက်ရသည်။ ဖန်ရွှီ၏မျက်နှာထားတွင် နာကြည်းဒေါသတို့ ပြည့်နှက်နေသည်။
"ဖန်ရွှယ် မင်းးးး...."
သူ့ကို ထိခိုက်စေခဲ့သော လူငယ်က တခဏ တိတ်ဆိတ်စွာ ကြည့်နေပြီးနောက် ထပ်မံ တိုက်ခိုက်လိုက်ပြန်သည်။ နှစ်ယောက်လုံး သူတစ်ပြန် ကိုယ်တစ်ပြန် ခါးခါးသီးသီး စတင်တိုက်ခိုက်ကြတော့သည်။
ဖရိုဖရဲအခြေအနေများ၊ အချင်းချင်း တိုက်ခိုက်နေသော မြင်ကွင်းများသည် ဖန်မျိုးနွယ်စု၏ နေရာအနှံ့အပြားတွင် ဖြစ်ပေါ်နေ၏။
မြေကြီးမှာ တသိမ့်သိမ့် တုန်ခါနေပြီး အဆောက်အဦးများ ပြိုကျကုန်သည်။ ရုန့်ရင်းဆန်ခတ် အခြေအနေများ ပျံ့နှံ့လာသည်နှင့်အမျှ မြေကြီးမှာ သွေးတို့ဖြင့် နီစွေးနေတော့သည်။ မျက်စိတစ်မှိတ်အတွင်း မရေမတွက်နိုင်သောလူများ သေကုန်ကြလေပြီ။
ကောင်းကင်ထက်တွင် ဦးလေးဆယ့်ကိုးနှင့် ဖန်ရှုံ့ရှန်းတို့နှစ်ယောက် တိုက်ခိုက်နေသည်။ မူလက ဦးလေးဆယ့်ကိုးမှာ ဖန်ရှုံ့ရှန်းကို တားရုံသာ ကြိုးစားနေခဲ့သော်လည်း ယခုတွင် သူ၏မျက်လုံးများ ရဲတွတ်သွားပြီး ဒေါသတကြီးဟိန်းဟောက်ရင်း အသေတိုက်ကွက်ပေါင်းများစွာကို ထုတ်လွှတ်နေ၏။
ဖန်ရှုံ့ရှန်းက ရူးသွပ်နေသောမျက်နှာထားကြီးဖြင့် ခေါင်းနောက်လှန်၍ ခပ်ဩဩကြီး ရယ်သည်။
အရာအားလုံးမှာ အလွန်လျင်မြန်စွာ ဖြစ်ပွားနေ၏။ ဖန်ရှုံ့ရှန်းအား ဦးလေးဆယ့်ကိုးမှ တားလိုက်သောအချိန်၊ ဖန်ဝေ၏အဘိုး ကျောက်စိမ်းပြားအား ချိုးလိုက်သောအချိန်နှင့် အကြီးအကဲလေးဆယ်ရာခိုင်နှုန်း ပုန်ကန်သော အခြေအနေမှာ တစ်ချိန်တည်းဆိုသလိုဖြစ်သည်။ လေလယ်တွင် မန်ဟိုက ဖန်ဝေထံ ချဉ်းကပ်၍ သူ့နဖူးအား လှမ်းထိပေတော့မည်။
သို့သော် ထိုအခိုက်အတန့်တွင် ရုတ်တရက် တစ်ခါမှ မခံစားရခဲ့ဖူးသော အန္တရာယ်အာရုံက သူ့နှလုံးသားထဲတွင် ဖြစ်တည်လာသည်။ အန္တရာယ်အာရုံသည် ဖန်ရှုံ့ရှန်းထံမှ မဟုတ်သလို ဖန်ဝေ၏အဘိုးထံမှလည်း မဟုတ်ပေ။ ထိုအစား ... ဖန်ဝေကိုယ်တိုင်ထံမှ လာနေသည်။
ထိုအခိုက်အတန့်တွင် ရုန်းကန်နေသောအရိပ်အယောင်တစ်ခုက ဖန်ဝေ၏မျက်လုံးများတွင် ပေါ်လာပြီး ရုတ်တရက် မျက်လုံးတစ်ဖက်လျှင် သူငယ်အိမ်နှစ်ခုစီ၊ စုစုပေါင်းလေးခုပေါ်လာသည်။ ထို့နောက် ထိုသူငယ်အိမ်များက အတူတကွ ပေါင်းစည်းသွား၏။
မန်ဟိုမှ လွှဲ၍ မည်သူမှ ဖြစ်ပျက်နေသောအရာကို မမြင်နိုင်ပေ။ သူက ဖြစ်ပျက်နေသည်ကို အာရုံရလိုက်လျှင်ချင်း နောက်ဆုတ်သွားသည်။ တစ်ချိန်တည်းဆိုသလို စောစောက သူ ရပ်နေသော နေရာမှာ ဝုန်းခနဲ ပြိုကျသွား၏။ ရှေးဟောင်းနယ်ပယ်၏ မီးအိမ်ဆယ်လုံးငြှိမ်းထားသော မယုံကြည်နိုင်ဖွယ်စွမ်းအားက ရုတ်တရက် ပေါ်ထွက်လာသည်။
မန်ဟိုသာ အသက်တစ်ရှိုက်လေးမျှ တုံ့ဆိုင်းနေခဲ့လျှင် သေချာပေါက် သေသွားပြီဖြစ်လိမ့်မည်။
တစ်ချိန်တည်းမှာပင် လက်တစ်ဖက်သည် ကြေမွနေသော ကောင်းကင်မှ ထွက်လာပြီးနောက် ဖန်ဝေ၏နဖူးအား အသာအယာပုတ်လိုက်၏။
"နိုးထလော့ ငါ့ကိုယ်ပွား" ရှေးဆန်သောအသံတစ်သံက ပြောသည်။ တစ်ချိန်တည်းမှာပင် ဖန်ဝေ၏ ခန္ဓာကိုယ်မှာ တုန်ရီသွားပြီး စူးစူးဝါးဝါး အော်သံကြီး ထွက်လာ၏။
လေလယ်တွင် မန်ဟိုမှာ ခေါင်းနပန်းကြီးနေပြီး သူ၏အမူအရာမှာ အံ့အားသင့်နေသောပုံစံဖြစ်သည်။ ဤအခိုက်အတန့်တွင် သူက ခေါင်းလှည့်ကြည့်လိုက်ရာ ဖန်မျိုးနွယ်စုထဲတွင် ပြင်းထန်နေသော ရုန့်ရင်းဆန်ခတ်အခြေအနေအားလုံးကို မြင်သွား၏။
မရေမတွက်နိုင်သောလူများ သေနေသည်ကို သူ မြင်လိုက်ရသည်။ တစ်မျိုးနွယ်တည်းသားများ တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်နေသည်ကို မြင်လိုက်ရသည်။ ဤမြင်ကွင်းက သူ့စိတ်ကို ချာချာလည်သွားစေ၏ .... ယခုလိုအရာမျိုးအတွက် သူ့မှာ စိတ်ကို မပြင်ဆင်ထားခဲ့ရာ သူ့နှလုံးသားသည် ရုတ်တရက် ပြင်းပြင်းထန်ထန် တုန်ရီလာတော့သည်။
သူ ကြည့်သမျှနေရာတိုင်း လူသေအလောင်းများ ပုံနေသည်။ ကောင်းကင်ထက်တွင် ဖန်မျိုးနွယ်အကြီးအကဲများသည် အသေအကြေတိုက်ခိုက်နေကြ၏။ အောက်တွင် မျိုးနွယ်ဝင်အားလုံးမှာ ကယောက်ချောက်ချား သတ်ဖြတ်နေကြသည်။ သွေးညှီနံ့တို့က လေတွင် တထောင်းထောင်းထနေပြီး နည်းနည်းလေးမှ လွင့်ပျယ်သွားခြင်းမရှိသည်အထိ လွန်စွာ သိပ်သည်းနေလေသည်။
မန်ဟိုမှာ မျက်မြင်တွေ့နေရသော ရုတ်တရက် ပုန်ကန်ထကြွမှုကြီးကို မယုံနိုင်အောင် ဖြစ်နေသည်။
ဆေးနတ်ဂိုဏ်းအပါအဝင် အရှေ့အောင်ပွဲဂြိုဟ်တစ်ဂြိုဟ်လုံး လုံးလုံးလျားလျား တုန်လှုပ်နေသည်။ မှီခိုရာဂိုဏ်းချုပ်ပင်လျှင် ကြက်သေသေနေ၏။
အရှေ့အောင်ပွဲဂြိုဟ်ပေါ်ရှိ အင်အားစုများသာ အံ့အားသင့်နေလျှင် နဝမတောင်ပင်လယ်ရှိ ဂိုဏ်းများနှင့် မျိုးနွယ်စုများ၏ တုံ့ပြန်မှုအား ဖော်ပြရန်ပင် မလိုပေ။ သူတို့သည် ဖြစ်ပျက်နေသောအရာကိုမြင်လျှင် စိတ်နှလုံး ချာချာလည်သွားကြပြီး အံ့ဩလွန်း၍ မျက်လုံးများဝိုင်းစက်ပြူးကျယ်ကုန်ကြသည်။
"ဒါ ... ဒါ မဖြစ်နိုင်ဘူး"
"ဒါက ဖန်မျိုးနွယ်စုလေ။ မျိုးနွယ်စုကြီးလေးစုထဲက တစ်စုလေ။ သူတို့က ဘယ်လိုလုပ် ဒီလို ရုတ်တရက်ကြီး ထပုန်ကန်နိုင်မှာလဲ"
"ဖန်မျိုးနွယ်စု ... ဖန်မျိုးနွယ်စုက ပြည်တွင်းစစ်ဖြစ်နေပြီ"
"ဒါ မျိုးနွယ်စုလျှို့ဝှက်ကြံစည်မှုကြီးပဲ။ မျိုးနွယ်စုရဲ့ တစ်ဝက်လုံးနီးပါး ပုန်ကုန်နေကြတာထင်တယ်"
"ဒီလိုအရာမျိုးက နဝမတောင်ပင်လယ်တစ်ခုလုံးကို ရိုက်ခတ်တော့မှာ" ဂိုဏ်းအမျိုးမျိုးနှင့် မျိုးနွယ်စုအသီးသီးတွင် ပင့်သက်ရှိုက်သံများ ထွက်လာကြသည်။ သူတို့မှာ ဖန်မျိုးနွယ်စုထဲ၌ သွေးချောင်းစီးနေသည်ကို ကြည့်ရင်း မယုံနိုင်သေးပေ။
"ဖန်ဟဲ့ရှန်း မင်း ဘာလုပ်နေတာလဲ" မဟာအကြီးအကဲက ဖန်ဝေ၏ အဘိုးကို မာန်မဲလိုက်သည်။ "ခေါင်းဆောင်ကြီးတွေ ဘိုးဘေးစံအိမ်ထဲမှာ တံခါးပိတ်ကျင့်နေကြတာ မင်းသိသားပဲ။ ဒီလိုပုန်ကန်ထကြွရင် သူတို့ သေချာပေါက် နိုးလာလိမ့်မယ်။ တစ်ယောက်ပဲ ထွက်လာရင်တောင်မှ မင်းတို့ သေရတာထက် ဆိုးတဲ့ဘဝနဲ့ နေသွားရအောင် ဒဏ်ခတ်နိုင်တယ်" မဟာအကြီးအကဲ၏ဆံပင်များမှာ ဖွာလန်ကြဲနေပြီး သူ့မှာ မျက်လုံးများ၌ ဒေါသတို့ ပြည့်သျှံနေလျက် တဆတ်ဆတ် တုန်နေလေသည်။ ဤသည်မှာ အရင်းအမြစ်များအား နှစ်ပေါင်းမရေမတွက်နိုင်အောင် စုဆောင်းတည်ဆောက်ခဲ့ရသော ဖန်မျိုးနွယ်စု၏ ဘိုးဘေးစံအိမ်ဖြစ်သည်။ သို့ထိတိုင် ၎င်းကား ရုတ်တရက် ပုန်ကန်ခံရလေပြီ။
ဖန်မျိုးနွယ်စု၏ ရာဇဝင်သမိုင်းတစ်လျှောက်လုံး ယခုလို အကြီးစားပုန်ကန်မှုမျိုး မဖြစ်ပွားခဲ့ဖူးပေ။ ကိစ္စတစ်ရပ်လုံးက မဟာအကြီးအကဲ၏သွေးကို ဆူပွက်လာစေပြီး သူက ဖန်ဟဲ့ရှန်းထံသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားတော့၏။
ဖန်ဝေ့အဘိုး ဖန်ဟဲ့ရှန်းသည် ခက်ထန်သော မျက်နှာထားဖြင့် ရုန့်ရင်းဆန်ခတ်အခြေအနေများကို ကြည့်ရင်း လေလယ်တွင် ပျံဝဲနေ၏။ မျိုးနွယ်စုအတွင်း၌ ဖြစ်ပျက်နေသမျှအရာအားလုံးနှင့် မျိုးနွယ်ဝင်များ မရေမတွက်နိုင်အောင် သေဆုံးနေသည်ကို သူ မြင်နေရသည်။ လတ်လတ်ဆတ်ဆတ် သွေးနံ့တို့ကိုလည်း သူ ရနေ၏။
"ငါ ဘာလုပ်နေတာလဲဟုတ်လား" သူကဘမေးသည်။ "ဒါက ငါ့ဆုံးဖြတ်ချက်မဟုတ်ဘူး။ တစ်ယောက်သောသူက ပြောတယ်။ ဖန်မျိုးနွယ်စုက အမှန်တကယ် ပြောင်းလဲဖို့ လိုနေပြီတဲ့လေ။ ပြီးတော့ မင်း အခုလေးတင် ပြောခဲ့တဲ့ ခေါင်းဆောင်ကြီးတွေကတော့..." ဖန်ဟဲ့ရှန်းသည် ရုတ်တရက် အလွန်ထူးဆန်းသောပုံစံကြီးဖြင့် တဟားဟား ရယ်လိုက်ပြီး ဘာမှဆက်မပြောတော့ပေ။ ထိုအစား သူက ရှေ့တက်၍ မဟာအကြီးအကဲနှင့် စတိုက်သည်။
မဟာအကြီးအကဲသည် ဖန်ဟဲ့ရှန်း၏ မျက်နှာထားကို မြင်လျှင် ရင်တဒိန်းဒိန်း ခုန်လာ၏။
ပြင်းထန်သောပေါက်ကွဲမှုများက အရာအားလုံးကို တုန်ခါလာစေသည်။ ဖန်မျိုးနွယ်စု ဘိုးဘေးစံအိမ်ပတ်ပတ်လည်ရှိ မရေမတွက်နိုင်သော အဆောက်အဦးများမှာ ပြိုကျကုန်သည်။ ရက်စက်သောသတ်ပွဲများ အကြီးအကျယ် ဖြစ်ပွားနေသည်နှင့်အမျှ မြေကြီးထဲတွက် ချောက်နက်ကြီးများ ပေါ်လာ၏။
အကြီးအကျယ်ပုန်ကန်ထကြွမှုကြီးက ဖန်မျိုးနွယ်စုကို ရိုက်ခတ်နေသည့်အချိန်နှင့် တစ်ချိန်တည်းမှာပင် ဘိုးဘေးစံအိမ်၏ အနက်ပိုင်းထဲက ကျောက်လိုဏ်ဂူထဲတွင် သတ္တမခေါင်းဆောင်ကြီးသည် ဒေါသလည်းထွက်၊ ယုံလည်း မယုံနိုင်ဖြစ်နေသော မျက်နှာထားဖြင့် ထရပ်လိုက်သည်။ သူ့တစ်ကိုယ်လုံးမှာ တုန်ရီနေပြီး သူက အရာအားလုံးကို တားရန် ခြေဆောင့်နင်း၍ လိုဏ်ဂူထဲမှ ပျံထွက်ဖို့ ပြင်လိုက်သည်။
သူတစ်ယောက်တည်းမဟုတ်။ တစ်ချိန်တည်းမှာပင် ကျန်ခေါင်းဆောင်ကြီးများလည်း ထရပ်လိုက်ကြသည်။ သို့သော် ထိုအခိုက်အတန့်တွင် ....
ရုတ်တရက် ဆဋ္ဌမခေါင်းဆောင်ကြီးက လက်ကို ဆန့်ထုတ်၍ အရှေ့သို့ တွန်းလိုက်ရာ အားကောင်းသောလှိုင်းတစ်လှိုင်းအား ဖြာထွက်သွားစေသည်။ ၎င်းက ဘယ်သူမှ ထွက်မသွားနိုင်အောင် တားလိုက်သည့် အကာအကွယ်တစ်ခုအသွင် ချက်ချင်း ပြောင်းသွား၏။
"ဂုဏ်သရေရှိ လူကြီးမင်းများနှင့် အမျိုးသမီးတို့၊ ကျုပ် ခင်ဗျားတို့ကို တကယ်မတိုက်ခိုက်ချင်ပါဘူး" သူက ဖြေးညင်းစွာ ပြောသည်။ "အပေါ်က ကိစ္စတွေ ပြီးသွားတဲ့အထိပဲ ဒီမှာ စောင့်ပေးပါ။ ဒါဆို ခင်ဗျားကို အေးအေးချမ်းချမ်း ထွက်သွားခွင့်ပေးမယ်"
"အဘိုးကြီးခြောက်" သတ္တမခေါင်းဆောင်ကြီးက မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ချာခနဲ လှည့်ရင်း အော်လိုက်သည်။ ဤသေရေးရှင်ရေးအခိုက်အတန့်တွင် သူတို့အနေဖြင့် တွန့်ဆုတ်ခြင်းမရှိဘဲ ပြဿနာကို ချက်ချင်း ဖြေရှင်းရန် လိုအပ်၏။ နည်းနည်းနောက်ကျသွားသည်နှင့် မျိုးနွယ်စုအပေါ် ထိခိုက်မှုများစေနိုင်သည်။
သတ္တမခေါင်းဆောင်ကြီးက အော်လိုက်သည့်အချိန်မှာပင် ဆဋ္ဌမခေါင်းဆောင်ကြီးထံသို့ ကရောသောပါး ပြေးဝင်သွားလေပြီ။
"မင်းတစ်ယောက်တည်းနဲ့ ငါတို့အားလုံးကို တားနိုင်မယ်ထင်လား။ ပုန်ကန်မှုအောင်မြင်ဖို့အတွက် ဖန်ဟဲ့ရှန်းကို အားကိုးဝောာ့မှာလား" သတ္တမခေါင်းဆောင်ကြီးမှာ မိုးမီးလောင်နေပြီး အသတ်အဖြတ်စိတ်ဆန္ဒတို့အား ထုတ်ဖော်ထားသည်။ သို့သော် သူ စလှုပ်ရှားလိုက်သည့်အခိုက်အတန့်တွင် ဆဋ္ဌမခေါင်းဆောင်ကြီး၏မျက်နှာအပေါ်၌ အပြုံးတစ်စ ပေါ်လာသည်။
"ဂျူနီယာမျိုးဆက် ဖန်ဟဲ့ရှန်းက မျိုးနွယ်စုတစ်စုလုံးမှာ နယ်ရုပ်လေးသာသာပဲ။ ဒီနေရာမှာ ငါတစ်ယောက်တည်း လှုပ်ရှားနေတယ်ထင်လား အဘိုးကြီးခုနစ်"
ဆဋ္ဌမခေါင်းဆောင်ကြီး၏ပါးစပ်မှ ထိုစကားလုံးများမှ ထွက်လာလျှင်ချင်း စတုတ္ထခေါင်းဆောင်ကြီးက ရုတ်တရက် မျက်လုံးများ၌ အသတ်အဖြတ်စိတ်ဆန္ဒတို့ တောက်လောင်လာပြီး ချာခနဲ လှည့်၍ ပဉ္စမခေါင်းဆောင်ကြီးကို တိုက်ခိုက်လိုက်သဖြင့် သတ္တမခေါင်းဆောင်ကြီးမှာ အံ့အားသင့်သွားလေသည်။
"အစ်ကိုလေး ဘာလုပ်နေတာလဲ" အံ့မခန်းလိလိ ပေါက်ကွဲသံများ ကြားလိုက်ရသည်။ အရာအားလုံးမှာ ဖြစ်ပျက်နေသည်ကား လျင်မြန်လွန်းလေသည်။ ပဉ္စမခေါင်းဆောင်ကြီးတွင် နက်ရှိုင်းသော ကျင့်ကြံခြင်းအခြေခံရှိသည့်အတွက် မမျှော်လင့်ဘဲ တိုက်ခိုက်ခံလိုက်ရသည့်တိုင် ထရပ်နိုင်လိုက်သေး၏။
တစ်ချိန်တည်းမှာပင် ဒုတိယခေါင်းဆောင်ကြီးက အေးစက်စက် ရယ်သည်။ သူ ရှေ့တက်လာသည့်အခါ တတိယခေါင်းဆောင်ကြီးမှာ မျက်နှာဖြူဖျော့သွားသည်။
ဒုတိယခေါင်းဆောင်ကြီးသည် ဖန်မျိုးနွယ်စု၏ မြေခေါင်းဆောင်ကြီးနှင့်ယှဉ်လျှင် ဒုတိယသာ လိုက်သည်။ သူက သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ရှေ့တက်လာရာ ကျန်ခေါင်းဆောင်ကြီးများအား တုန်လှုပ်သွားစေတော့သည်။
ခြောက်ယောက်ရှိသည့်အနက် သုံးယောက်က သစ္စာဖောက် ဖြစ်နေသည်။
အညှာအတာမဲ့တိုက်ကွက်များအား ထုတ်လွှတ်နေသဖြင့် ကျောက်လိုဏ်ဂူထဲတွင် ကြောက်ခမန်းလိလိ ပေါက်ကွဲသံများအား ကြားရနိုင်သည်။ အရာအားလုံး တုန်ခါနေပြီး သတ္တမခေါင်းဆောင်ကြီး၏ပါးစပ်မှ သွေးများ ပန်းထွက်သွား၏။ သူက နာကျည်းနေသောအမူအရာဖြင့် ဟိန်းဟောက်လိုက်သည်။ "ဘာကြောင့်လဲ"
ဤခြောက်ယောက်သည် နှစ်ပေါင်းများစွာ အတူတကွ တံခါးပိတ်ကျင့်ကြံခဲ့ကြပြီး ညီအစ်ကိုအရင်းများ မဟုတ်ကြသော်လည်း တစ်ယောက်နှင့်တစ်ယောက် ညီအစ်ကိုအရင်းများသဖွယ် ဆက်ဆံကြရင်း 'အစ်ကိုကြီး' 'ညီလေး' ဟုပင် ခေါ်ကြ၏။
သတ္တမခေါင်းဆောင်ကြီး၏ မေးခွန်းကို ဖြေလိုက်သူမှာ ရှိသမျှလူများအနက် အစွမ်းထက်ဆုံး ဖြစ်သော ဒုတိယခေါင်းဆောင်ကြီးဖြစ်သည်။
"ခုနစ်၊ ငါ မင်းကို မညာချင်ဘူး။ ဒါတွေအကုန်လုံးက .... သခင်လီရဲ့အမွေအတွက်ပဲ"
ပြင်းထန်သောပုန်ကန်မှုက ဖန်မျိုးနွယ်စုကို တုန်ခါနေစေသည်။ တဖောင်းဖောင်း ပေါက်ကွဲသံများ လေတွင် ပြည့်နှက်နေပြီး အရှေ့အောင်ပွဲဂြိုဟ်မှာလည်း ယိမ်းခါနေ၏။ ဂိုဏ်းနှင့်မျိုးနွယ်စုအသီးသီးမှ တာအိုနယ်ပယ်ခေါင်းဆောင်ကြီးများက တအံ့တဩ ကြည့်နေကြလေသည်။
ထိုစဉ် မြေခေါင်းဆောင်ကြီးသည် အရှေ့အောင်ပွဲဂြိုဟ်၏အပြင် ကြယ်တာရာကောင်းကင်တွင် ဖြစ်သည်။ ဖြစ်ပျက်နေသောအရာကို မြင်လျှင် ဘယ်သူမှ သတိမထားမိနိုင်သည့် ထူးဆန်းသောအရိပ်အယောင်တစ်ခုက သူ၏မျက်လုံးများတွင် ဖြတ်ပြေးသွား၏။ အောက်ရှိ ဂြိုဟ်ပေါ်တွင် သေဆုံးနေသော မျိုးနွယ်ဝင်များကို သူ မြင်နေရပြီး မည်သူရှုံးရှုံး၊ မည်သူနိုင်နိုင် မျိုးနွယ်စုအနေဖြင့် အင်အားဆုံးရှုံးရတော့မည်ဖြစ်ကြောင်း သိလိုက်သည်။ သို့ထိတိုင် သူ၏မျက်လုံးများက သစ္စာဖောက်မျိုးနွယ်ဝင်များကို လှောင်ပြောင်နေသည့်အလား လင်းခနဲ လက်သွားသေး၏။
သူက အရှေ့အောင်ပွဲဂြိုဟ်သို့ ပြန်ဆင်းရန် ပြင်လိုက်သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံကို ထည့်တွက်လျှင် ပုန်ကန်သူမည်မျှပင် များပြားပါစေ၊ အစွမ်းအစမဲ့နေကြဦးမည်သာဖြစ်သည်။
သို့သော် သူ လှုပ်ရှားရန် ပြင်လိုက်သော အခိုက်အတန့်တွင် တစ်ယောက်သောလူ၏ မျက်နှာအပေါ်၌ အေးစက်စက် အပြုံးတစ်စပေါ်လာသည်။ ဤပုဂ္ဂိုလ်သည် မန်ဟို့ကို တိုက်ခိုက်ရန် လာခဲ့သူဖြစ်သော်လည်း မန်ဟို ရွေးချယ်ခံတစ်ယောက်ပြီးတစ်ယောက်အား ဆက်တိုက်အနိုင်ယူခဲ့သည်ကို မြင်တွေ့ပြီးနောက် မတိုက်ခိုက်ခဲ့ပေ။ ယခုတွင် ထိုပုဂ္ဂိုလ်က ရုတ်တရက် ဖန်မျိုးနွယ်စုမြေခေါင်းဆောင်ကြီး၏အရှေ့တည့်တည့် ရိပ်ခနဲ ရောက်ရှိသွား၏။
သူမက ရွေးချယ်ခံများအနက် ... မန်ဟို့ကို မတိုက်ခိုက်ခဲ့သည့် တစ်ယောက်တည်းသော လူဖြစ်သည်။
သူမကား ကျီယင်ဟု လူတိုင်း သိကြသည့်လူမှတစ်ပါး အခြားမဟုတ်ပေ။
သို့သော် သူမကား ကျီယင်အစစ်မဟုတ်ပေ။
***