← Chapters

ကျီမျိုးနွယ်စု လှုပ်ရှားခြင်း

Vol. 72 Ch. 995

ကျီမျိုးနွယ်စု လှုပ်ရှားခြင်း

Vol. 72 Ch. 995

လူတိုင်းစောင့်ကြည့်နေကြစဉ် ကျီယင်က ထွက်လာသည်။ တာအိုနယ်ပယ်လှိုင်းဂယက်များက ရုတ်တရက် သူမ၏ကိုယ်မှ စတင်ဖြာထွက်လာ၏။ ယင်းက အနှစ်သာရအရှိန်အဝါဖြစ်ရာ သူမထံမှ ထွက်လာသော လှိုင်းများသည် ကြယ်တာရာကောင်းကင်တွင် မြင်ရနိုင်သမျှထဲ အစွမ်းထက်ဆုံးဖြစ်သည်ဟု ဆိုလို၏။

လှိုင်းဂယက်များ ဖြာထွက်လာသည့်အခိုက်အတန့်တွင် ဖန်းတုံးအာနှင့် တခြားရွေးချယ်ခံများ၏ မျက်နှာများတွင် အံ့ဩထိတ်လန့်မှုတို့ ဖြတ်ပြေးသွားကြသည်။  ကျီယင်က ကျီယင်အစစ်မဟုတ်ဟု မည်သူမှ မထင်ထားခဲ့ကြပေ။

ဤသည်မှာ ဖန်မျိုးနွယ်မြေခေါင်းဆောင်ကြီးသော်လည်းကောင်း၊ မန်ဟိုသော်လည်းကောင်း သတိမထားမိသောအရာဖြစ်သည်။

တာအိုနယ်ပယ်ပညာရှင်တစ်ဦး အရှေ့အောင်ပွဲဂြိုလ်၏အပြင်ဘက်တွင် ရုတ်တရက် ပေါ်လာသဖြင့် သုသာန်တစပြင်ပမာ တိတ်ဆိတ်မှုက ကြီးစိုးသွားသည်။ ၎င်းက န၀မတောင်၏ ဂိုဏ်းအသီးသီးနှင့် မျိုးနွယ်စုအားလုံးကို အံ့ဩထိတ်လန့်သွားစေသောအရာ ဖြစ်လေသည်။

တာအိုနယ်ပယ်ခေါင်းဆောင်ကြီးများအားလုံး ခပ်တိုးတိုး ရေရွတ်နေကြသည်။

"ငါတို့မသိဘဲ ဒီလိုမျိုးလုပ်နိုင်တဲ့ တစ်ယောက်တည်းသော သူက ကျီမျိုးနွယ်စုရဲ့ တာအိုနယ်ပယ်ပညာရှင်ငါးဦးထဲက တစ်ယောက်ဖြစ်တဲ့ … ကျီရှုံ့ဖန်ပဲ"

"ကျီမျိုးနွယ်စုက မယုံနိုင်လောက်အောင်ပဲ…"

မြေခေါင်းဆောင်ကြီးသည် အေးစက်ခက်ထန်သော မျက်နှာထားဖြင့် ကျီယင်ကို စူးစူးစိုက်စိုက် ကြည့်ပြီး တစ်လုံးချင်းစီ ပြောလိုက်သည်။ "ကျီ ရှုံ့ ဖန်"

ကျီယင် ခပ်တိုးတိုး ရယ်နေစဉ် သူမကို ၀န်းရံထားသည့် မရေမတွက်နိုင်သော ကံကြွေးမျှင်များက လွင့်ပျယ်ပျောက်ကွယ်သွားကာ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး၏ မျက်နှာအား ဖော်ပြလိုက်သည်။

"ဖန်ရှုတောက် မတွေ့ရတာကြာပြီ။ ငါ အခုဒီမှာရောက်နေရင် နင် ဘယ်ကိုမှ မသွားစေရဘူး" ဤအမျိုးသမီးသည် ဖန်မျိုးနွယ်စု၏ မြေခေါင်းဆောင်ကြီး ယခုလေးတင် ခေါ်ခဲ့သည့် ကျီရှုံ့ဖန်ပင်ဖြစ်သည်။

မြေခေါင်းဆောင်ကြီးက သတ်ဖြတ်လိုသော မျက်လုံးများဖြင့် သူမကို တိတ်ဆိတ်စွာ ကြည့်သည်။ သူက ချက်ချင်းလက်ငင်း ရှေ့တက်လိုက်ပြီး သူတို့နှစ်ယောက် စတင် တိုက်ခိုက်ကြတော့သည်။

တဘုန်းဘုန်း ပေါက်ကွဲသံများ လေတွင် ပြည့်နှက်သွားပြီး တာအိုနယ်ပယ်တိုက်ပွဲက တောင်ပင်လယ်များကို တုန်ခါနေစေသဖြင့် ကြယ်တာရာကောင်းကင်မှာ ကြေမွသွားလေသည်။

သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် စတင်တိုက်ခိုက်လိုက်သည့် အခိုက်အတန့်တွင် လူသုံးယောက်သည် အရှေ့အောင်ပွဲဂြိုလ်ကို ဖုံးလွှမ်းထားသည့် အကာအကွယ်၏အပြင်တွင် ပေါ်လာ၏။ တစ်ယောက်စီက တာအိုနယ်ပယ်လှိုင်းများကို ထုတ်လွှတ်နေပြီး သူတို့ တင်ပျဉ်ခွေထိုင်ချလိုက်စဉ် သူတို့ထံမှ ထစ်ချုန်းသံများ ထွက်လာ၏။ သူတို့ထံမှ ဖြာထွက်လာသော ကျင့်ကြံခြင်းအခြေခံစွမ်းအားများက အကာအကွယ်ကို အားဖြည့်ပြီး ပို၍ပင် ခိုင်မာသွားစေသည်။

ယခုတွင် အရှေ့အောင်ပွဲဂြိုလ်မှာ လုံးလုံးလျားလျား ပိတ်လှောင်ခံထားရလေပြီ။

အခြားဂိုဏ်းနှင့်မျိုးနွယ်စုများမှာ ဖြစ်ပျက်နေသည့်အရာများကိုမြင်လျှင် အံ့ဩခြင်းလှိုင်းတံပိုးတို့က သူတို့၏ နှလုံးသားများကို ၀င်ဆောင့်သွားကြ၏။

ဖန်မျိုးနွယ်စုရှိ ပုန်ကန်ထကြွမှုမှုမှာ ကျီမျိုးနွယ်စုနှင့် ပက်သက်နေကြောင်း ရာနှုန်းပြည့်သေချာလေသည်။ ထိုမျှသာမက ကျီမျိုးနွယ်စုက အနိုင်ပိုင်းဖို့ ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း သိသာ၏။

န၀မတောင်နှင့်ပင်လယ်မှ ဂိုဏ်းအမျိုးမျိုးနှင့် မျိုးနွယ်စုအသီးသီး၏ ခေါင်းဆောင်ကြီးများမှာ သူတို့နှလုံးသားထဲ၌ အေးစိမ့်မှုတို့ ကူးစက်လာသည်ကို ခံစားလိုက်ရသည်။ ထိုအေးစိမ့်မှုက ဖန်မျိုးနွယ်စုရှိ အုတ်အော်သောင်းနင်းဖြစ်နေသော ပုန်ကန်ထကြွမှုများနှင့် ကျီရှုံ့ဖန်၏ ရုတ်တရက် ပေါ်ထွက်လာမှု၊ အကာအကွယ်၏အပြင်ရှိ အစွမ်းထက်တာအိုပညာရှင်သုံးဦးကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

စောစောကမတိုင်ခင်အထိ ဘယ်သူမှ ကျီယင်နှင့်ပက်သက်ပြီး မူမမှန်သည့်အရာတစ်ခုကိုမှ သတိမထားမိခဲ့သည့်အပြင် သူမတစ်ယောက်တည်းသာ ရွေးချယ်ခံများကြား၌ မန်ဟို့ကို မတိုက်ခိုက်ခဲ့သူဖြစ်သည်ဟူသော အချက်ကို အမှတ်တမဲ့ ဖြစ်သွားခဲ့၏။

ယခုတွင် သူတို့သည် ဖြစ်ပျက်ခဲ့သောအရာကို ပြန်တွေးကြည့်သောအခါ အစီအစဉ်မှာ လျှောလျှောလျှူလျှူ အကောင်အထည်ပေါ်သွားကြောင်း သဘောပေါက်လိုက်ကြသည်။ ကျီရှုံ့ဖန်သာ ထိုနေရာတွင် မရှိလျှင် ဖန်ရှုတောက်အနေဖြင့် မျိုးနွယ်စု၏ အုတ်အော်သောင်းနင်းအခြေအနေများကို လျင်မြန်စွာ ဖြေရှင်းကောင်းဖြေရှင်းနိုင်ပေလိမ့်မည်။

တာအိုနယ်ပယ်ခေါင်းဆောင်ကြီးများမှာ ဤအခြင်းအရာကို သဘောပေါက်သောအခါ သူတို့နှလုံးသားထဲရှိ အေးစိမ့်မှုမှာ ပို၍ပင် အားကောင်းလာတော့သည်။

"ကျီမျိုးနွယ်စုက တိုက်ခိုက်နေတာပဲ။ သူတို့က ဖန်မျိုးနွယ်စုကို ရင်ဆိုင်ဖို့ တာအိုနယ်ပယ်ခေါင်းဆောင်ပညာရှင်လေးယောက်ကို လွှတ်ခဲ့တယ်။ မိုးကောင်းကင်လောက် အသက်ကြီးတဲ့ သခင်ကျီကိုသာ လျစ်လျူရှုလိုက်ရင် ကျင့်ကြံသူလို့တောင် မခေါ်ထိုက်တော့တဲ့ သခင်ကျီကို လျစ်လျူရှုလိုက်ရင် ကျီမျိုးနွယ်စုမှာ တာအိုနယ်ပယ်ပညာရှင်က လေးယောက်ပဲ ရှိတာလေ"

"ကျီမျိုးနွယ်စုရဲ့ တာအိုက ကံကြွေးပေါ်မှာ အာရုံစိုက်တယ်။ သူတို့က မလှုပ်ရှားခဲ့တာကြာပြီ။ ဒဏ္ဍာရီတွေအရ သူတို့လှုပ်ရှားရင် လူတိုင်းထက် ခြေတစ်လှမ်းအမြဲသာနေအောင် အမြဲလုပ်တယ်တဲ့"

"ဥပမာဆိုရင် ဖန်မျိုးနွယ်စုရဲ့ ရှေးဟောင်းနယ်ပယ်ပညာရှင်ခြောက်ဦး။ ကျီမျိုးနွယ်စုက သူတို့အချင်းချင်း တိုက်ခိုက်အောင် လုပ်ထားလို့ ပုန်ကန်မှုကို မတားနိုင်တော့တာပဲ။ ပြီးတော့ ဖန်ရှုတောက်…. ဖန်ရှုတောက်ကိုကျတော့ ကျီရှုံ့ဖန်ကို တိုက်ခိုက်ခိုင်းတယ်"

"အဲ့လိုဆိုရင် အဲ့ဒီ့တာအိုနယ်ပယ်ပညာရှင်သုံးယောက်က အဲဒီအကာအကွယ်နဲ့ ဘာလုပ်နေတာတုန်း" တာအိုနယ်ပယ်ခေါင်းဆောင်ကြီးများသည် ထိုကိစ္စကို လျင်မြန်စွာ စဉ်းစားနေကြစဉ် မျက်နှာများ ရိပ်ခနဲ ဖြစ်သွားကြပြီး တာအိုဆရာအစည်းအရုံးသုံးခုရှိရာသို့ လှမ်းကြည့်လိုက်ကြသည်။

ရုတ်တရက် ထိုအရပ်မျက်နှာမှ အားကောင်းသောလှိုင်းများ ဖြာထွက်လာပြီး ဂိုဏ်းများ အင်အားစုစည်းနေသည့်အလား မရေမတွက်နိုင်သော ပုံရိပ်များပေါ်လာကာ ထစ်ချုန်းသံများ ကြားလိုက်ရသည်။

တာအိုဆရာအစည်းအရုံးသုံးခုကား တိုက်ပွဲထဲ ၀င်ရောက်လာပေတော့မည်။

သိသိသာသာပင် သူတို့သည် ကျီမျိုးနွယ်စုကို ကူညီမည်မဟုတ်ပေ။ သူတို့က ကျီမျိုးနွယ်စု ဖန်မျိုးနွယ်စုကို သုတ်သင်မရှင်းလင်းပစ်နိုင်အောင် ကာကွယ်မည်ဖြစ်သည်။

ဤအခိုက်အတန့်တွင် လူတိုင်းသည် အရှေ့အောင်ပွဲဂြိုဟ်၏ ပတ်ပတ်လည်ရှိ အကာအကွယ်၏ ရည်ရွယ်ချက်ကို နားလည်သွားကြသည်။ ၎င်းက တာအိုဆရာအစည်းအရုံးကို သို့မဟုတ် တခြားအပြင်အဖွဲ့အစည်းတစ်ခု အလွယ်တကူ ၀င်ရောက်မစွက်ဖက်နိုင်အောင် ဟန့်တားရန်ဖြစ်လေသည်။ ထိုအခြင်းအရာအရ ကျီရှုံ့ဖန်၏ တည်ရှိမှုသည် ပို၍ပင် အရေးပါသွား၏။

တာအိုဆရာအစည်းအရုံးသုံးခု၏ အားအင်များ စုစည်းပြီး ပုံရိပ်များထွက်လာစဉ် ရုတ်တရက် ထိုစွမ်းအားသည် မှေးမှိန်ပျောက်ကွယ်လာ၏။ တစ်ချိန်တည်းမှာပင် ပေါ်လာခဲ့သော ပုံရိပ်များက ရုတ်တရက် သူတို့၏ သက်ဆိုင်ရာဂိုဏ်းများသို့ ပြန်သွားကြ၏။

ဤအဖြစ်အပျက်ကို သတိထားမိသူများမှာ စောင့်ကြည့်ရင်း မျက်နှာများ ရိပ်ခနဲဖြစ်နေကြသော တာအိုနယ်ပယ်ခေါင်းဆောင်ကြီးများသာ ဖြစ်လေသည်။

သူတို့မှာ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားကြပြီး စိတ်နှလုံးများ ချာချာလည်သွားကြသွားသည်။

န၀မပင်လယ်နတ်လောကတွင် အမျိုးမျိုးသော ပုံရိပ်များသည် ဖန်မျိုးနွယ်စုကို ကူညီရန် အရှေ့အောင်ပွဲဂြိုလ်သို့ ဦးတည်နေသည့်အချိန်မှာပင် ရုတ်တရက် ဂိုဏ်းထဲရှိ ဂိုဏ်းသားဆယ်ရာခိုင်နှုန်းက သစ္စာဖောက်ပုန်ကန်ကုန်ကြ၏။

မျိုးနွယ်အကြီးအကဲများပင် ပါဝင်လေရာ န၀မပင်လယ်နတ်လောကမှာ ချက်ချင်းဆိုသလို ဆူညံပွက်လောရိုက်သွားတော့သည်။

တူညီသော အဖြစ်အပျက်သည်လည်း မြင့်မြတ်သောရေစီးဓားဂူနှင့်အတူ အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့တွင် ဖြစ်ပွားနေ၏။ ဤအပြောင်းအလဲသည် အလွန်တရာ ရုတ်တရက်ဆန်လွန်းပြီး ဤအခိုက်အတန့်တွင်မှ အကုန်လုံး လှုပ်ရှားရန် ရည်ရွယ်ချက်ဖြင့် နှစ်ပေါင်းများစွာ လျှို့ဝှက်စီစဉ်ခဲ့သော အစီအစဉ်၏ရလဒ်ဖြစ်သည်။

တာအိုဆရာအစည်းအရုံးသုံးခုမှ တဂျိန်းဂျိန်း ထစ်ချုန်းသံများ ပဲ့တင်ထပ်လာသည်။ ၎င်းတို့သည် သိပ်ကြာရှည်ခံမည်မဟုတ်သော ဖရိုဖရဲ ဂယက်များသာဖြစ်သည်။ ကြီးကြီးမားမား အပြောင်းအလဲများ ဖြစ်ပွားမည်မဟုတ်သော်လည်း သူတို့၏ အဓိကရည်ရွယ်ချက်ကား အချိန်ဆွဲထားရန်ပင်။

အကြောင်းရင်းတစ်ခုလုံးက တာအိုဆရာအစည်းအရုံးသုံးခု အရှေ့အောင်ပွဲဂြိုလ်ကို သွားမကူညီနိုင်အောင် အချိန်ဆွဲရန်သာဖြစ်သည်။

အကာအကွယ်ကို ပေါင်းထည့်လိုက်လျှင် ထိုအချိန်ဆွဲမှုက အလွန်တရာ အန္တရာယ်များ၏။

ထို့အပြင် ဤရုတ်တရက် အဖြစ်အပျက်များတွင် ပါ၀င်နေသော စကားဖြင့် မပြောထားသည့် သတိပေးချက်လည်း ရှိသည်။

တာအိုနယ်ပယ်ခေါင်းဆောင်ကြီးများ၏ နှလုံးသားထဲရှိ အေးစိမ့်မှုသည် ယခင်ထက်ပို၍ပင် ပြင်းထန်လာ၏။

"ဖန်မျိုးနွယ်စု သုတ်သင်ခံရတော့မယ်။ အဲ့ဒီလိုမျိုးနွယ်စုမျိုးက ဒီလို ဖြစ်သွားလိမ့်မယ်လို့ ငါ ယုံတောင်မယုံနိုင်သေးဘူး"

"ကျီမျိုးနွယ်စုက ပေါ့ပေါ့ပါးပါး တိုက်ခိုက်တာမဟုတ်ဘူး။ သူတို့က လျှပ်စီးလို တိုက်ခိုက်တာ။ ဒါက ဖန်မျိုးနွယ်စုရဲ့ ကပ်ဘေးပဲ။ ကံဆိုးစွာနဲ့ ကျီမျိုးနွယ်စုရဲ့ ဝှက်ဖဲတွေ အခုထိ ပေါ်မလာသေးတာကိုပဲ စိတ်ပူတယ်"

"ကျီမျိုးနွယ်စုက တာအိုဆရာအစည်းအရုံးသုံးခုထဲက သူတို့ရဲ့ လျှို့ဝှက်အဖွဲ့တွေကိုတောင်မှ လှုပ်ရှားစေတယ်ဆိုတော့ ဖန်မျိုးနွယ်စုကို ဘယ်လောက်တောင် မြေလှန်ပစ်ချင်နေလဲ သိသာတယ်။ ဒါပေမယ့် တကယ့် ရည်ရွယ်ချက်က ဘာလဲ…" တာအိုနယ်ပယ်ခေါင်းဆောင်ကြီးများမှာ တိတ်ဆိတ်နေကြသော်လည်း ကျီမျိုးနွယ်စုသည် ရွေးချယ်ခံများကိုပင် သူတို့၏ အစီအစဉ်တွင် ထည့်သွင်းခဲ့သဖြင့် ဒေါသပုန်ထနေကြတော့သည်။

ရွေးချယ်ခံတစ်ဖွဲ့လုံးကား အရှေ့အောင်ပွဲဂြိုလ်၏အပြင်တွင် ပိတ်မိနေကြသည်မဟုတ်ပါလော။

သို့သော် တာအိုနယ်ပယ်ခေါင်းဆောင်ကြီးများမှာ မည်မျှပင် ဒေါသထွက်စေကာမူ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး၍ တုံးအသူများမဟုတ်ကြပေ။ ကျီမျိုးနွယ်စုအနေဖြင့် မည်မျှအင်အားကြီးမားပါစေ န၀မတောင်၏ ဂိုဏ်းနှင့်မျိုးနွယ်စုအားလုံးနှင့် ရန်သူလုပ်ချင်မည် မဟုတ်ပေ။ ရွေးချယ်ခံများ သူတို့ဘာသူတို့ သေမင်းလက်ထဲ မတိုးဝင်သရွေ့ အန္တရာယ်ကင်းမည်ဖြစ်သည်။ သူတို့ ၀င်ရောက်မစွက်ဖက်သရွေ့ တိုက်ပွဲပြီးဆုံးသည်နှင့် လွတ်လပ်စွာ ထွက်ခွာနိုင်ပေမည်။

ဖန်မျိုးနွယ်စု၏ ဘိုးဘေးစံအိမ်ထဲမှ မချိတင်ကဲ အော်သံများ ပဲ့တင်ထပ်လာသည်။ သွေးသားရင်းချာများကြားက ခါးသီးသော တိုက်ပွဲက တစ်နေရာလုံးကို သွေးတို့ဖြင့် စိုရွှဲနေစေသည်။ ထိုအခိုက်အတန့်တွင် တစ်စက္ကန့်ကုန်ဆုံးသွားတိုင်း ဖန်မျိုးနွယ်၀င်တစ်ယောက် သေနေရ၏။

အတွင်းရေးပုန်ကန်ထကြွမှုများက အရှေ့အောင်ပွဲဂြိုလ်ပေါ်ရှိ အခြားနေရာများကို သုသာန်တစပြင်ပမာ တိတ်ဆိတ်သွားစေသည်။

အဆောက်အအုံများ ပြိုကျပြီး နေအိမ်များ တသိမ့်သိမ့်တုန်ခါနေ၏။ မန်ဟိုက ဖြစ်ပျက်နေသော အရာများကိုကြည့်ပြီး မျက်လုံးများ သွေးချင်းနီနေလေသည်။ သူသည် ဖန်မျိုးနွယ်စုအပေါ် သိပ်သစ္စာမရှိသော်လည်း မျိုးနွယ်၀င်များ အသတ်ခံနေရသည်ကို မြင်ရခြင်း၊ ဖန်ရွှီ အသက်အန္တရာယ်များနေသည်ကို မြင်ရခြင်းက သူ့ထံမှ အသတ်အဖြတ်စိတ်ဆန္ဒကို ပေါက်ကွဲထွက်လာစေသည်။

သူက သိုလှောင်အိတ်ကို ပုတ်၍ မိုးကြိုးဒယ်အိုးကို ထုတ်လိုက်သည်။ လျှပ်စီးများ ကခုန်သွားပြီး မန်ဟိုသည် ရုတ်တရက် ပျောက်ကွယ်သွားကာ ဖန်ရွှီ့အနားရှိ မျိုးနွယ်၀င်တစ်ဦးနှင့် နေရာလဲသွား၏။

ဤနေရာပြောင်းလဲလိုက်သည့် အခိုက်အတန့်က ဖန်ရွှီမှာ အခြားတိုက်ရိုက်သွေးဆက်မျိုးနွယ်၀င်တစ်ယောက်၏ သတ်ခြင်းခံတော့မည့်အခိုက်အတန့်တွင်ဖြစ်သည်။ ထိုလူ ဖန်ရွှီ၏ နဖူးထံသို့ လက်ညှိုးထိုးလိုက်သည့် အခိုက်အတန့်တွင် မန်ဟိုက တုံ့ဆိုင်းခြင်းမရှိ တက်သွားပြီး အင်္ကျီလက်စကို ခါလိုက်၏။

အင်မော်တယ်အကြော ၁၂၃ ကြော၏ စွမ်းအားက ပေါက်ကွဲထွက်လာသဖြင့် ဘုန်းခနဲ အသံအား ကြားလိုက်ရသည်။ ကြောက်မက်ဖွယ်အားတစ်ရပ်က ဖန်ရွှီကို တိုက်ခိုက်နေသော မျိုးနွယ်၀င်ကို ပိုင်းချလိုက်၏။ သူ၏ပါးစပ်မှ သွေးများပန်းထွက်သွားပြီး တခဏကြာသော် သူ့ခန္ဓာကိုယ်မှာ အသွေးအသားတုံးများအဖြစ် ပေါက်ကွဲထွက်သွားတော့သည်။

ဖန်ရွှီက အစွမ်းအစမဲ့သော ခံစားချက်ဖြင့် ဘေးဘီဝဲယာကို ကြည့်ရင်း ခါးသီးစွာ ရယ်လိုက်သည်။

မန်ဟိုက ဖန်ရွှီ့ကို တခဏ တိတ်ဆိတ်စွာကြည့်လိုက်၏။ ထို့နောက် သူ၏ မျက်လုံးများတွင် ခိုင်မာပြတ်သားမှုတို့ ပြည့်နှက်သွားပြီး ကျောက်စစ်သည်တော်ကြီးကို စတင်ခေါ်လိုက်သည်။ ယခုတွင် သူပင်လျှင် မျိုးနွယ်စု၏ ပုန်ကန်မှုက အပြင်အင်အားစုများ၏ လွှမ်းမိုးခြင်းခံထားရကြောင်း သုံးသပ်လာမိ၏။ မဟုတ်လျှင် မျိုးနွယ်စု၏ ခေါင်းဆောင်ကြီးအဆင့်ပညာရှင်များ ယခုတွင် ပေါ်လာမှာဖြစ်သည်။

ဘိုးဘေးစံအိမ်၏အောက်ထဲတွင် ဖြစ်ပွားနေသော တိုက်ပွဲနှင့်ပက်သက်၍သော်လည်းကောင်း၊ ကြယ်တာရာကောင်းကင်တွင် ဖြစ်ပွားနေသော တိုက်ပွဲကိုလည်းကောင်း သူ မသိပေ။ သို့သော် မန်ဟိုသည် မျိုးနွယ်စုထဲတွင် အလွန်ဆိုးဝါးသော တစ်စုံတစ်ခုဖြစ်ပွားနေသည်ကို နားလည်ရန် ထိုအရာများကို သိဖို့မလိုအပ်ပေ။

သို့သော် သူ ကျောက်စစ်သည်တော်ကြီးကို ခေါ်လိုက်သည့်အခိုက်အတန့်တွင် အင်အားကြီးမားသော အားတစ်ရပ်က အရှေ့အောင်ပွဲဂြိုလ်တစ်ခုလုံးကို ဖုံးလွှမ်းထားသည်ကို ခံစားလိုက်ရ၏။ ၎င်းက ဘိုးဘေးမြေ၏ပွင့်ခြင်းကို အလွန်အမင်း နှေးကွေးအောင် လုပ်ထားရာ ကျောက်စစ်သည်တော်ကြီးအား သူ့ထံသို့ ချက်ချင်းမလာအောင် တားမြစ်ထားလေသည်။

သူ၏ မျက်လုံးများ၌ အသတ်အဖြတ်စိတ်ဆန္ဒတို့ ဖြတ်ပြေးသွားသည်။ သူက ကျောက်စစ်သည်တော်ကြီးကို ဆက်ခေါ်ရင်း လှည့်ကာ သစ္စာဖောက်များကို သတ်ဖြတ်လိုက်သည်။ သူသည် ရှေးဟောင်းနယ်ပယ်ပညာရှင်အဆင့် မဟုတ်သည့်အတွက် အင်မော်တယ်နယ်ပယ်ရန်သူများကိုသာ တိုက်ခိုက်နိုင်ပြီး လျှပ်စီးသဖွယ် သတ်ဖြတ်နေ၏။ ကောင်းကင်ဘုံ ၃၃ ခု ကျဆင်းလာပြီး အင်မော်တယ်စွမ်းအားက ပေါက်ကွဲထွက်လာသည်။ အင်မော်တယ်နယ်ပယ်အဆင့် သစ္စာ‌ဖောက်တိုင်း သူ့ကိုမြင်သည်နှင့် သွေးပျက်မတတ် အော်ရင်း ခန္ဓာ‌ကိုယ်ရော၊ ဝိညာဉ်ပါ အိုးစားကွဲကုန်ကြသည်။

မန်ဟိုကား … သေမင်းအလားပင်။ သူက ညာလက်ညှိုးကို ဝှေ့ယမ်း၍ အဆင့် ၇ အင်မော်တယ်နယ်ပယ်မျိုးနွယ်၀င်တစ်ဦး၏ နဖူးအား ပေါက်ကွဲသွားစေသဖြင့် ဖောင်းခနဲ အသံကြီးတစ်သံအား ကြားလိုက်ရသည်။ ထို့နောက် သူက ချာခနဲ လှည့်ပြီး သူ၏ အေးစက်စက်အကြည့်သည် သူ့ကို တိုက်ခိုက်ရန် တဟုန်ထိုးလာနေသော မျိုးနွယ်၀င်နှစ်ယောက်ထံသို့ ရောက်ရှိသွားသဖြင့် ထိုလူနှစ်ယောက်မှာ ရုတ်တရက် ကြောက်လန့်တုန်ရီသွားလေသည်။ သူတို့ တုံ့ပင်မတုံ့ပြန်နိုင်ခင် မန်ဟိုက ဖြတ်သွားပြီး သူတို့၏ ခေါင်းပြတ်များကား ပျံထွက်သွား၏။

မန်ဟိုက သူ့ကို တိုက်ခိုက်နေသော မျိုးနွယ်၀င်များကို သုတ်သင်‌၍ ဘေးမှဖြတ်သွားစဉ် ဖန်ယွင်ရီ၏ မျက်နှာပေါ်တွင် ရှုပ်ထွေးသော အမူအရာတစ်ခုပေါ်လာသည်။ မန်ဟိုက ယခုလေးတင် သူ့အသက်ကို ကယ်ခဲ့ရာ သူလုပ်နိုင်သည့် တစ်ခုတည်း‌အရာမှာ ခါးခါးသီးသီး ပြုံးရန်သာဖြစ်သည်။

ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲကြီး ဖြစ်ပွားနေသည်နှင့်အမျှ ပေါက်ကွဲသံများ ဆူညံနေတော့သည်။

မန်ဟိုသည် သတ်ဖြတ်ရာတွင် အလွန်တရာ ကျွမ်းကျင်၏။ တောင်ကောင်းကင်ဂြိုလ်တွင် သူကား လူပေါင်းများစွာကို သတ်ခဲ့ဖူးလေသည်။

ထိုမျှသာမက သူသည် ဖရိုဖရဲဖြစ်နေသော စစ်မြေပြင်များနှင့် အလွန်တရာ ရင်းနှီး၏။ မိုးကြိုးဒယ်အိုးက လင်းခနဲလက်သွားပြီး သူက ထစ်ချုန်းသံများ၏ အလယ်တွင် ပျောက်ကွယ်သွားသည်။ ထိုအခိုက်အတန့်တွင် သူ ယခုလေးတင် ရှိခဲ့သောနေရာတွင် အနီးအနားရှိ သစ္စာဖောက်မျိုးနွယ်၀င်တစ်ဦး ပေါ်လာပြီးနောက် မန်ဟို့ကို သတ်ဖြတ်ဖို့ ကြိုးစားနေသော ရှေးဟောင်းနယ်ပယ်ပညာရှင်ငါးဦး၏ ပူးပေါင်းတိုက်ကွက်ကြောင့် ပေါက်ကွဲသွားရလေသည်။

မိုးကြိုးဒယ်အိုးဖြင့် မည်သူမဆိုအတွက် သူ့ကို ဖမ်းဆုပ်ထားရန်အတွက် အလွန်တရာ ခက်ခဲနေ၏။ အချိန်တိုလေးအတွင်း သစ္စာဖောက်ဒါဇင်ပေါင်းများစွာမှာ သူ့လက်ချက်ကြောင့် သေဆုံးသွားခဲ့ရလေပြီ။

ဤသည်မှာ မျိုးနွယ်စုထဲတွင် သူမည်မျှ ရက်စက်ကြမ်းကြုတ်သည်ကို ပြသသော ပထမဦးဆုံးအကြိမ်ဖြစ်ပြီး ရလဒ်အနေဖြင့် မန်ဟို့ပတ်ပတ်လည်ရှိ မျိုးနွယ်၀င်များမှာ သူ့ကို တအံ့တဩ ကြည့်နေကြတော့သည်။

န၀မတောင်နှင့်ပင်လယ်ရှိ အခြားဂိုဏ်းများနှင့်မျိုးနွယ်စုများရှိ ရွေးချယ်ခံများ ဖော်ပြစရာပင်မလိုတော့ပေ။ အကာအကွယ်ရှိနေသည့်တိုင် လူတိုင်းသည် ဖန်မျိုးနွယ်စု၌ ဖြစ်ပျက်နေသည့်အရာများကို မြင်ရရန် နည်းလမ်းပေါင်းစုံအား သုံးနေကြ၏။ ယင်းက ကျီမျိုးနွယ်စု မတတ်နိုင်သောအရာဖြစ်လေသည်။ သူတို့သည် ခြိမ်းခြောက်မှုအနေဖြင့် ဖန်မျိုးနွယ်စု၌ ဖြစ်ပျက်နေသော ခါးသီးဖွယ် အဖြစ်ဆိုးကြီးအား လူတိုင်းကို ပြထား၏။

သို့သော် ဤအခိုက်အတန့်တွင် ဖန်ဝေ တောင်ကို ဝင်တိုက်သွားခဲ့သောနေရာမှ အလွန်ကျယ်လောင်သော ထစ်ချုန်းသံများအား ကြားလိုက်ရသည်။ ဖန်ဝေ၏ သူငယ်အိမ်များ ပုံမှန်ပြန်ဖြစ်သွားသည်နှင့် ကြောက်မက်ဖွယ်ရာ လှိုင်းများ စတင်ဖြာထွက်လာသည်။

ထို့နောက် ကြောက်မက်ဖွယ်ရာလှိုင်းများ ပျောက်ကွယ်သွား၏။ သူက ရုတ်တရက် အပျက်အစီးများကြားမှ ထလိုက်ပြီး ခေါင်းနောက်လှန်၍ ရယ်လိုက်သည်။

"ဒီကိုယ်ပွားက အံ့ဩစရာပဲ။ သိပ်ကောင်းတယ်။ ငယ်ရတာ အရမ်းကောင်းတယ်။ ဒီခန္ဓာကိုယ်က အားနည်းပြီး ရှေးဟောင်းနယ်ပယ်စွမ်းအားကို မသုံးနိုင်ပေမယ့် အလားအလာ တော်တော်ကောင်းတယ်။ အနာဂတ်မှာ အပြည့်အ၀ပေါင်းစည်းပြီး ငါ့ရဲ့ အစစ်အမှန်ကိုယ်အဖြစ် ပြောင်းလဲပြီးသွားရင် ရှေးဟောင်းနယ်ပယ်အထွတ်အထိပ်က ငါ့ရဲ့ အကန့်အသတ်ဖြစ်မှာမဟုတ်တော့ဘူး

"ဖန်ဝေ။ မျိုးနွယ်စုထဲက ငါ့ရဲ့ မျိုးဆက်။ မင်းက ငါ့ကို မင်းခန္ဓာကိုယ်ကို ပေးခဲ့ပြီဆိုမှတော့ မင်းရဲ့ ရည်မှန်းချက်တစ်ခုကို ဖြည့်ဆည်းပေးရတော့‌မှာပေါ့" ဤအခိုက်အတန့်တွင် ထူးဆန်းသော လှိုင်းများက ဖန်ဝေ့ထံမှ စတင်ဖြာထွက်လာသည်။ သူက လေပေါ်ပျံတက်ပြီး ဘိုးဘေးစံအိမ်ထဲရှိ လူအုပ်ထဲတွင် တိုက်ခိုက်နေသော မန်ဟို့ကို ရှာပြီးနောက် သူ့ထံ ပျံသန်းသွားတော့သည်။

သူ အနားကပ်လာစဉ် အသတ်အဖြတ်စိတ်ဆန္ဒတို့က သူ၏ မျက်လုံးများထဲတွင် လင်းလက်လာ၏။

ထိုအခိုက်အတန့်တွင် မန်ဟိုသည် အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။ သူက မော့ကြည့်လိုက်ပြီး သူ့အကြည့်က ဖန်ဝေနှင့် အကြည့်ချင်းဆုံသွားလေသည်။

သိုမဟုတ် သူ့အကြည့်က ဆဋ္ဌမခေါင်းဆောင်ကြီးနှင့် ဆုံသွားသည်ဟုပြောလျှင် ပိုမှန်လောက်သည်။

***

All Chapters