တိုက်ပွဲပြန်စခြင်း
Vol. 72 Ch. 996
ဖန်ရှုံ့ဖုန်းနှင့် မန်လီသည် အရှေ့အောင်ပွဲဂြိုလ်ပေါ်က ဖန်မျိုးနွယ်စု၏ ပုန်ကန်မှုကို စောင့်ကြည့်ရင်း တောင်ကောင်းကင်ဂြိုလ်၏ တန်မျှော်စင်ထဲတွင် ရပ်နေကြသည်။ မန်လီ၏ မျက်လုံးများက ဝိုင်းစက်ပြူးကျယ်နေပြီး သူမသည် ဖန်ရှုံ့ဖုန်း၏ လက်မောင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ တုန်ရီလျက်ရှိ၏။
"ရှင် ဒါတွေ ဖြစ်မယ်ဆိုတာ သိထားတယ်မလား" သူမက မန်ဟို အန္တရာယ်ထဲရောက်နေသော မြင်ကွင်းကို ကြည့်ရင်း စိုးရိမ်ပူပန်နေသော မျက်၀န်းများဖြင့် ပြောသည်။ သူမ စိတ်ပူသည့်အရာမှာ ဖန်မျိုးနွယ်စု၏ ပျက်စီးခြင်းမဟုတ်ဘဲ သူမသား၏ လုံခြုံမှုသာ ဖြစ်သည်။
ဖန်ရှုံ့ဖုန်းက ပုံရိပ်များကို ကြည့်ပြီးနောက် ဖြေးညင်းစွာ ခေါင်းညိတ်လိုက်သည်။
"မင်း ကိုယ့်ကို ယုံကြည်ဖို့လိုတယ်။ ဟိုအာကို ယုံကြည်ဖို့လိုတယ်။ အကုန်လုံးက အချိန်ခဏလေးနဲ့ ပြီးဆုံးသွားလိမ့်မယ်" ဖန်ရှုံ့ဖုန်းက တိုးညှင်းစွာ ပြောသည်။ သူ၏ ဖခင်မေတ္တာမှာ ခဲယွင်ဟိုင်ကဲ့သို့ အပြင်ပန်းတွင် ပြသတတ်သည့်မေတ္တာမျိုး မဟုတ်ပေ။ သူ၏မေတ္တာသည် သူ့နှလုံးသား၏ အနက်ရှိုင်းဆုံးထဲ၌ ကိန်းအောင်းနေ၏။ သူသည် မန်ဟို့အဖေဖြစ်၍ သူ့သားကို ထိခိုက်နာကျင်စေသည်ထက် သူ့ကိုယ်သူ ထိခိုက်နာကျင်စေမည့်သူမျိုးဖြစ်သည်။
သို့သော် ဖြစ်ပျက်နေသည့်အရာများကတော့ ဖြစ်ပျက်မှရမည့်အရာများပင်။
အရှေ့အောင်ပွဲဂြိုလ်ပေါ်တွင် ဖန်ဝေနှင့် မန်ဟို၏ အကြည့်များဆုံသွားပြီး အလွန်ကျယ်လောင်သော ထစ်ချုန်းသံကြီး မန်ဟို့စိတ်ထဲတွင် ပြည့်နှက်သွားသည်။ ကမ္ဘာလောကထဲရှိ အရာအားလုံး ပျောက်ကွယ်သွားသည့်အလား၊ သူတို့နှစ်ယောက်တည်းသာ တည်ရှိတော့သည့်အလားပင်။
မန်ဟို၏ မျက်လုံးများတွင် အသတ်အဖြတ်စိတ်ဆန္ဒတို့ ဖြတ်ပြေးသွား၏။ သူ့မှာ ယခုလိုမျိုး ဖြစ်ပျက်လိမ့်မည်ဟု တစ်ခါမှ ထင်မထားခဲ့ပေ။ ဖန်မျိုးနွယ်စုတွင် ဖြစ်ပွားနေသော ကြောက်မက်ဖွယ်ရာအခြေအနေများနှင့် ပက်သက်၍ သူ့နှလုံးသားထဲတွင် ဘာလုပ်၍ ဘာကိုင်ရမှန်း မသိဖြစ်နေလေသည်>
ကြယ်တံခွန်ကြီးသဖွယ် လေကိုခွင်း၍ မန်ဟို့ထံသို့ တန်းတန်းမတ်မတ် ဦးတည်ပျံသန်းလာနေသော ဖန်ဝေ၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခုအား မြင်ရနိုင်သည်။
မန်ဟိုက သူ့နှလုံးသားထဲရှိ ခံစားနေရသည့် တွေဝေမှင်သက်နေသော ခံစားချက်ကို ချိုးနှိမ်ရင်း အသက်ပြင်းပြင်း ရှူလိုက်သည်။ သူနှင့်ဖန်ဝေ၏တိုက်ပွဲကား မပြီးဆုံးသေးပေ။ သူ၏ နိဗ္ဗာနာနသစ်သီးများကိုလည်း ပြန်မယူရသေး။ ထိုသို့ဆိုမှတော့ တိုက်ပွဲပြန်စရန် အချိန် ရောက်လာလေပြီ။
သူကက မျက်လုံးများ၌ အသတ်အဖြတ်စိတ်ဆန္ဒတို့ ၀င်း၀င်းတောက်လျက် လေပေါ်ပျံတက်လိုက်သည်။ သူတို့နှစ်ယောက်သည် ကြယ်တံခွန်များသဖွယ် လူအုပ်ကြီးကို ခွင်း၍ တစ်ယောက်အနားသို့ တစ်ယောက် လျင်မြန်စွာ သွားနေကြ၏။
သူတို့၏ အမြန်နှုန်းက အရာအားလုံးကို တုန်ခါနေစေရင်း မယုံကြည်နိုင်ဖွယ်ကောင်းသည်။ ဖန်မျိုးနွယ်၀င်များမှာ တိုက်ခိုက်နေကြသော်ငြား မန်ဟိုနှင့်ဖန်ဝေကို လှည့်ကြည့်လိုက်ကြ၏။ န၀မတောင်နှင့်ပင်လယ်၏ ကျင့်ကြံသူများလည်း တစ်ယောက်ထံသို့တစ်ယောက် နီးကပ်သွားသော ပုံရိပ်နှစ်ခုကို စိုက်ကြည့်နေကြသည်။
သူတို့ လေလယ်တွင် အချင်းချင်း ၀င်တိုက်လိုက်သောအခါ အလွန်တရာ ထိတ်လန့်ဖွယ်ကောင်းသော ပေါက်ကွဲသံကြီးက အရပ်လေးမျက်နှာသို့ ပေါက်ကွဲသွား၍ လေထုကို ကြေမွသွားစေပြီး အရိုင်းဆန်သော အရောင်များက ကောင်းကင်တွင် ပြိုးပြိုးပြက်ပြက် လက်သွားစေသည်။
မန်ဟိုက အကြော ၁၂၃ ကြော၏ စွမ်းအားအပြည့်ဖြင့် တိုက်ခိုက်နေလေသည်။ ကောင်းကင်ဘုံ ၃၃ ခုမှာ ထစ်ချုန်းအော်မြည်နေပြီး မရေမတွက်နိုင်သော တောင်တန်းများ ပေါ်လာသည်။ သွေးမိစ္ဆာခေါင်းကြီးတစ်ခေါင်းပြီးတစ်ခေါင်း ဟိန်းဟောက်နေကြရာ မိုးနှင့်မြေကို တုန်လှုပ်သွားစေပြီး လေကြမ်းများအား တဝေါဝေါ တိုက်ခိုက်လာစေသည်။
ဖန်ဝေက မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်ကာ နတ်ဘုရားစွမ်းအင်တစ်ခု ဖြစ်ပေါ်လာစေသည်။ ရုပ်တုများသည် ဘ၀င်ပြန်၀င်စားခြင်း၊ မြစ်ဝါမြစ်နှင့် မန်ဟိုနှင့်မရင်းနှီးသော အခြားမှော်သိုင်းကွက်များပုံစံဖြင့် ပေါ်လာ၏။ ရုပ်တုများက တိုက်ကွက်များအား မရပ်မနားထုတ်လွှတ်ရင်း မန်ဟို့ကို ၀န်းရံထားသည်။
မန်ဟိုက မျက်မှောင်ကြုတ်လိုက်သည်။ ဖန်ဝေ့ထံမှ ထွက်လာခဲ့သော ရှေးဟောင်းနယ်ပယ် လှိုင်းဂယက်များက ပျောက်ကွယ်သွားခဲ့၏။ သို့သော် ဖန်ဝေသည် စောစောကထက်ပို၍ အစွမ်းထက်လာပြီဖြစ်ကြောင်း မန်ဟို အာရုံရလိုက်သည်။
တဖြည်းဖြည်း မန်ဟိုမှာ ဖန်ဝေထံမှ လှိုင်းဂယက်များက သူ့ကို အန္တရာယ်အာရုံရကြောင်း သိလိုက်ရသည်။
"သူက ဖန်ဝေ မဟုတ်ဘူး" သူက မျက်လုံးများ အေးစက်စွာ တောက်ပလျက် တွေးလိုက်သည်။
ဖန်ဝေသည် ယခင်ထက် များစွာ ကြီးမားသော စွမ်းအားတို့ဖြင့် ပြည့်နှက်နေ၏။ အတွေးတစ်ချက်မြစ်ဝါမြစ်တာအိုကို နောက်တဖန် ထုတ်လွှတ်လိုက်ပြန်သော်လည်း ဤတစ်ခေါက်တွင် မတူတော့ပေ။ မြစ်ဝါမြစ်ကြီး ပေါ်ထွက်လာပြီး မန်ဟို့ကို တိုက်ရိုက်တိုက်ခိုက်လိုက်သဖြင့် ထစ်ချုန်းသံများအား ကြားလိုက်ရသည်။
တိုက်ကွက်တစ်ရာကျော်မှာ အလွန် တိုတောင်းလှသော အချိန်လေးအတွင်း ဖလှယ်ခံလိုက်ရသဖြင့် တအုန်းအုန်း၊ တဝုန်းဝုန်း ပေါက်ကွဲသံများ ဆူညံနေတော့သည်။
"အဲ့ဒါ မင်းလုပ်နိုင်တာ အကုန်ပဲလား" ဖန်ဝေက ရန်စနေသောအသံဖြင့် ပြောသည်။ "ဒါက အင်မော်တယ်နယ်ပယ်ပါရာဂွန်တဲ့လား" သူသည် ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်ကာ မြစ်ဝါမြစ်အား မန်ဟို့ကို ပါးစပ်ကြီးဟလျက် လှမ်းဟပ်လိုက်သော နဂါးကြီးတစ်ကောင်နှင့် တူသွားစေသည်။
မန်ဟို၏ အမူအရာမှာ မည်ူမှောင်သွားသော်လည်း သူက ဘာမှ မပြောပေ။ သူသည် လက်ကို ဆန့်တန်းကာ နတ်ဘုရားစွမ်းအင်တစ်ခုကို ထုတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ဖန်ဝေ၏ အင်မော်တယ်အကြော ၂၄၁ ကြော ပေါ်လာသည်။ သိုသော် ၂၄၁ ကြောမှာတင် ရပ်မနေ။ ရုတ်တရက် နောက်ထပ် အင်မော်တယ်အကြောများပေါ်လာသည်။
၂၅၁… ၂၆၁… ၂၇၁….
ဖန်ဝေ၏ အရှိန်အဝါသည် မြင့်တက်သထက် မြင့်တက်လာသဖြင့် န၀မတောင်ပင်လယ်၏ စောင့်ကြည့်နေသော ကျင့်ကြံသူများပင် ထိတ်လန့်မှင်သက်လာတော့သည်။
"ဖန်ဝေ …. သူ့ရဲ့ အင်မော်တယ်အကြောတွေက …တိုးနေပါလား"
"မယုံနိုင်စရာကောင်းလိုက်တာ။ ဒါ ဘာတွေဖြစ်နေတာတုန်း" ကျင့်ကြံသူများမှာ အံ့ဩမှင်သက်နေသော်လည်း တာအိုနယ်ပယ်ခေါင်းဆောင်ကြီးများသည် မျက်မှောင်သာ ကြုတ်နေကြသည်။ သူတို့သည် ဖြစ်ပျက်နေသောအရာနှင့်ပက်သက်၍ အပိုင်းအစများကို ဆက်စပ်စဉ်းစားမိလာကြတော့သည်။
"သူ ၀င်ပူးခံထားရတာပဲ"
"သူ အင်မော်တယ်ဖြစ်လာပြီးတဲ့နောက်မှာ ၀င်ပူးလိုက်ရတယ်။ ဝင်ပူးတာက အပြီးပြည့်စုံဆုံး မဟုတ်နိုင်သေးဘူး။ အထွတ်အထိပ် အင်မော်တယ်အကြောအဆင့်ကို ရောက်နိုင်တဲ့သူကို တောင်ကိုးလုံးနဲ့ပင်လယ်ကိုးစင်းမှာ တွေ့ရလေ့မရှိဘူးလေ။ ဖြစ်နိုင်တာက ဖန်ဝေကိုယ်ထဲမှာ တစ်ယောက်ယောက်က တာအိုသစ်စေ့တစ်စေ့ကို အရဲစွန့်ပြီး ထားခဲ့တာဖြစ်မယ်။ အဲ့လိုမျိုး ထားခဲ့တဲ့လူက ဖန်ဝေ ကြီးပြင်းလာတဲ့အခါ အပိုင်ဝင်ပူးနိုင်ဖို့ အခွင့်ရေးရသွားလိမ့်မယ်"
"အဲဒါက ဒုတိယအရေးပါတာပဲ ရှိသေးတယ်။ အဓိကလိုအပ်ချက်က သွေးဆက်တူရမှာ။ ဒါ့အပြင် နှစ်ယောက်လုံးက တူညီတဲ့ကျင့်စဉ်တွေကို ကျင့်ကြံထားရမယ်။ ပိုပြီးအရေးကြီးတာက သူတို့နှစ်ယောက်လုံးမှာ ဒဏ္ဍာရီလာမြေအောက်ကမ္ဘာမျိုးနွယ်စုဆီက သွေးနေရမှာပဲ" တာအိုနယ်ပယ်ခေါင်းဆောင်ကြီးများသည် ဖန်ဝေ့ကို သိချင်စိတ်များအပြင် ထိတ်လန့်မှုတို့ဖြင့် ကြည့်နေစဉ် တိတ်ဆိတ်နေကြ၏။
အရှေ့အောင်ပွဲဂြိုလ်ပေါ်တွင် ဖန်ဝေ၏ အင်မော်တယ်အကြောများက ဆက်လက်၍ ပေါ်ထွက်လာနေသည်။
၂၈၁ … ၂၉၁ … ၃၀၀။
အလွန်ကျယ်လောင်သော ထစ်ချုန်းသံများ ပဲ့တင်ထပ်သွား၏။ ဖန်ဝေ၏ အင်မော်တယ်အကြောများက ဆက်လက်၍သာ တိုးလာနေသဖြင့် မန်ဟို၏ မျက်လုံးများမှာ ပြူးကျယ်နေတော့သည်။ မန်ဟိုမှာ အံ့အားသင့်နေသော်လည်း ၎င်းက သူ့ကို နည်းနည်းလေးမှ တွန့်ဆုတ်မသွားစေပေ။ သူသည် လက်ကို ဝှေ့ယမ်းရင်း ရွှေရောင်သိမ်းငှက်ကြီးတစ်ကောင်အသွင် ပြောင်းလိုက်သည်။ တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော တောင်စဉ်တန်းများက စွမ်းအားတို့ မြင့်တက်လာသည်နှင့်အမျှ တဟားဟား အော်ရယ်နေသော ဖန်ဝေ့ကို ဖိချလိုက်သည်။
မန်ဟို၏ မျက်လုံးများတွင် အသတ်အဖြတ်စိတ်ဆန္ဒတို့ ဖြတ်ပြေးသွား၏။ လွှမ်းမိုးကြီးစိုးသော အရှိန်အဝါက ဖြာထွက်သွားပြီး သူ၏ အင်မော်တယ်နယ်ပယ်ပါရာဂွန် ကျင့်ကြံခြင်းအခြေခံက ပေါက်ကွဲထွက်လာသည်။ ကြယ်ကျောက်ခဲသည် သူ့လက်ဖဝါးပြင်ထက်တွင် ကြယ်အလင်းရောင်အသွင်ပြောင်းရင်း သူ၏ ဘယ်မျက်လုံးထဲမှ ပျောက်ကွယ်သွားတော့သည်။ အတွေးတစ်ချက်ကြယ်တာရာအသွင်ပြောင်းခြင်း ဖြစ်ပေါ်လာပြီး ၎င်းက သူ့ကို ဖန်ဝေ့ထံသို့ ပြေး၀င်သွားသော ဧရာမဂြိုလ်ကြီးတစ်လုံးအသွင်ပြောင်းသွားစေ၏။
ဂြိုလ်ကြီးက အရာအားလုံးအပေါ်သို့ ကြောက်မက်ဖွယ်ဖိအားကြီးကို ထုတ်လွှတ်ရင်း ရွှီးခနဲ လေကို ခွင်းသွား၏။ ကျောက်တုံးများ ကြေမွသွားပြီးနောက် လေပေါ်ပျံတက်လာရာ အနီးအနားရှိ တိုက်ခိုက်နေသော ကျင့်ကြံသူများမှာ ကြီးမားသော အား၏ တွန်းဖယ်ခြင်းကို ခံလိုက်ရလေသည်။
မီတာ ၃၀၀၀ ဂြိုလ်ကျောက်ခဲကြီး ကြောက်ခမန်းလိလိဖိအားတို့ဖြင့် ပြည့်နှက်လျက် လေကို ခွင်းသွား၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းကား ဖန်ဝေ၏အပေါ် ရောက်သွားလေပြီ။
သို့သော် ထိုအခိုက်အတန့်တွင် ဖန်ဝေ၏ မျက်လုံးများက မောက်မာထောင်လွှားမှုတို့ဖြင့် လင်းလက်သွား၏။ သူက လက်နှစ်ဖက်ကို ဆန့်ထုတ်ရင်း ဟိန်းဟောက်လိုက်သည်။
ရုတ်တရက် သူ၏ အင်မော်တယ်အကြောများမှာ ပို၍ပင် ထပ်ဆောင်းပေါင်းထည့်ခံလိုက်ရသဖြင့် စွမ်းအားတို့ဖြင့် ဟုန်းဟုန်းတောက်သွားလေသည်။
အကြော ၃၁၀
အကြော ၃၂၀
နဝမတောင်ပင်လယ်တစ်ခုလုံး တဂျိန်းဂျိန်း တုန်ခါနေသည်။ ဖန်မျိုးနွယ်စု၀င်အားလုံး တုန်လှုပ်နေကြသည်။ မျက်လုံးအားလုံးက ဖန်ဝေ၏အပေါ်ကျရောက်နေ၏။
အကြော ၃၃၀
အံ့ဩဖွယ်ကောင်းစွာနှင့် တာအိုနယ်ပယ်ကို မိမိဘာသာ ခိုင်မာစေခဲ့ခြင်းမရှိသော အင်မော်တယ်တစ်ယောက်အတွက် အထွတ်အထိပ်ဖြစ်သည့် အင်မော်တယ်အကြော ၃၃၀ ကား ဖန်ဝေ့ကိုယ်ထဲတွင် ပေါ်လာခဲ့လေပြီ။ အင်မော်တယ်အကြော ၃၃၀ ပေါ်လာသောအခါ အင်မော်တယ်ဝိညာဉ် ၃၃ ခုလည်း ဖန်ဝေ၏အနောက်တွင် ဆင်းသက်လာသည်။ ၎င်းတို့က မန်ဟို၏ ကောင်းကင်ဘုံ ၃၃ ခုနှင့် အတူတူပင်။
"သေစမ်း" သူက လာနေသော ဂြိုလ်ကြီးထံသို့ လက်နှစ်ဖက်ကို ဆန့်တန်းရင်း ဟိန်းဟောက်လိုက်သည်။ သူ တွန်းထုတ်လိုက်သည်နှင့် အင်မော်တယ်အကြော ၃၃၀ သည် မြစ်ဝါမြစ်အစင်း ၃၃ စင်း အသွင်ပြောင်းပြီးနောက် တိုက်ကွက်တစ်ကွက်တည်းအဖြစ် ပေါင်းစည်းသွားသည်။ ထို့အပြင် သူ၏ အင်မော်တယ်ဝိညာဉ် ၃၃ ခုက မြေအောက်ကမ္ဘာတရားသူကြီးများမဟုတ်တော့ဘဲ ယမမင်းများ ဖြစ်သွားကြလေသည်။ အင်မော်တယ်ပ်နယ်ပယ်အထွတ်အထိပ်ဖြစ်သော မယုံကြည်နိုင်ဖွယ် ဖိအားကြီးက သူ့ထံမှ ဖြာထွက်လာ၏။
အထွတ်အထိပ်အင်မော်တယ်နှစ်ဦး စတင်တိုက်ခိုက်လိုက်သည်နှင့် ကြီးမားသော ထစ်ချုန်းသံကြီးက အရှေ့အောင်ပွဲဂြိုလ်တစ်ဂြိုလ်လုံးကို တုန်ခါနေစေသည်။ သူတို့ တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်လိုက်သောအခါ အလွန်ကျယ်လောင်သော ပေါက်ကွဲသံကြီး လိမ့်ထွက်လာ၏။ ဂြိုလ်မှာ တစ်စစီ အက်ကွဲစပြုလာကာ မြစ်ဝါမြစ်များလည်း လွင့်ပျယ်ပျောက်ကွယ်သွားလေသည်။ ထို့နောက် ဂြိုလ်သည် ဝုန်းခနဲ နားကွဲလုမတတ် ပေါက်ကွဲသွားသည်။ မန်ဟိုက မျက်နှာဖြူဖတ်ဖြူရော်နှင့် ဓားတစ်စင်းသဖွယ် အလွန်တရာ အေးစက်နေသော အမူအရာဖြင့် ပေါ်လာသည်။ သူ့မှာ အားကြီးတစ်ရပ်၏ တွန်းထုတ်ခြင်းခံလိုက်ရသည့်အလား နောက်သို့ ယိမ်းယိုင်သွားပြီး သွေးတစ်ပွက် အန်လိုက်ရသည်။ သို့ထိတိုင် သူသည် ထက်မြက်နေသော ဓားကဲ့သို့ နည်းနည်းလေးမှ စိတ်ဓာတ်ကျဆင်းမသွားပေ။
"အင်မော်တယ်နယ်ပယ်ရဲ့ အထွတ်အထိပ်။ ကောင်းကင်ဘုံ ၃၃ခု" သူက ပါးစပ်မှ သွေးများကို သုတ်လိုက်ပြီး သူ့မျက်လုံးထဲရှိ သွေးအေးမှုသည် တိုက်ခိုက်လိုစိတ်အဖြစ် လောင်မြိုက်လာ၏။
အပေါ်တွင် မြစ်ဝါမြစ်များမှာ ပြိုကွဲသွားပြီး ယမမင်း ၃၃ဦးလည်း ပျက်စီးသွားသည်။ ဖန်ဝေလည်း သွေးတစ်ပွက် အန်လိုက်ရသည်။ ထို့ပြင် သူ၏ ညာမျက်လုံးမှာ ရူးသွပ်မှုတို့ဖြင့် ပြည့်နှက်နေပုံရပြီး ဘယ်မျက်လုံးတွင်မူ ရုန်းကန်နေသော အရိပ်အယောင်များကို မြင်ရနိုင်သည်။ ယင်းက ဖန်ဝေ၏ ဝိညာဉ်မှ ပြန်တိုက်ခိုက်နေခြင်းဖြစ်လေသည်။
ရုတ်တရက် ဖန်ဝေ၏အသံအစစ်က သူ၏ စစ်မှန်သော စိတ်ဆန္ဒတို့နှင့်အတူ ဟိန်းထွက်လာသည်။ "ငါက ဖန်မျိုးနွယ်၀င်။ ငါ့ရဲ့ အိပ်မက်က ဖန်မျိုးနွယ်စုကို ထွန်းတောက်ကျော်ကြားလာစေဖို့။ အဖေ၊ အဘိုး၊ ခေါင်းဆောင်ကြီး ခင်ဗျားတို့ရဲ့ ရည်ရွယ်ချက်က မျိုးနွယ်စုကို မြေလှန်ပစ်ဖို့ဆိုရင် ကျုပ် သဘောမတူဘူး"
သို့သော် ဖန်ဝေ၏အသံအစစ်အား ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ဆဋ္ဌမခေါင်းဆောင်ကြီးက အော်လိုက်သည်။ "ငုပ်လျှိုးနေစမ်း" သူက လျင်မြန်စွာ ဖိနှိပ်လိုက်လေသည်။ ဘယ်မျက်လုံးသည် ပုံမှန်အခြေအနေပြန်ရောက်သွားပြီး ဖန်ဝေက သွေးတစ်ပွက်ထပ်အန်ကာ မန်ဟို့ကို ကြည့်လိုက်သည်။
"ဖန်ဟို" ဖန်ဝေသည် ပါးစပ်မှ သွေးကို သုတ်ရင်း ရှေ့တစ်လှမ်းလှမ်းလိုက်၏။ ကောင်းကင်ဘုံ ၃၃ ခု သည် ထပ်မံပေါ်လာပြီး အကန့်အသတ်မဲ့သော အင်မော်တယ်အားအင်က ပေါက်ကွဲထွက်လာသည်။
"ငါလိုချင်တာက ဒီခံစားချက်ပဲ။ အခုတော့ ရလိုက်ပြီ။ နောက်ဆုံးတော့ ငါ ဒီ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ကို ပြန်ရပြီ။ ဒါက ငါ့ ကိုယ်ပွား။ အနာဂတ်မှာ ဒါက ငါ့ရဲ့ ကိုယ်အစစ် ဖြစ်လာလိမ့်မယ်။ ဖန်ဝေ မင်းက ငါ့ရဲ့ မျိုးဆက်ဖြစ်တဲ့အတွက် ဒါဟာ မင်းအတွက် ဂုဏ်ယူစရာတစ်ခုပဲ" ဖန်ဝေ၏ ညာလက်က မြောက်တက်သွားပြီး ကောင်းကင်ဘုံ ၃၃ ခုက မန်ဟို့ထံသို့ ဝုန်းခနဲ ပြေး၀င်သွားသည်။
" မင်းရဲ့ အလိုပြည့်၀စေဖို့ ဒီကောင့်ကို ငါ သတ်ပေးမယ်"
မန်ဟို၏ မျက်လုံးများသည် ပြင်းထန်သော အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် လင်းလက်သွားသည်။ သူက ဖန်ဝေ့ကို အေးတိအေးစက် တခဏ ကြည့်ပြီးနောက် ရှေ့တက်လာသည်။ သူသည် ညာလက်ကို မြှောက်လိုက်ပြီး သူ၏ ကိုယ်ပိုင် ကောင်းကင်ဘုံ ၃၃ ခုလည်း ပေါ်လာ၏။
"ပါရာဂွန်တံတား" သူက တိုးညှင်းစွာ ပြောလိုက်သည်။
စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ထစ်ချုန်းသံများ ကောင်းကင်နှင့်မြေကြီးတွင် ပြည့်နှက်သွားသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် မန်ဟို၏ ကောင်းကင်ဘုံ ၃၃ ခုက ပါရာဂွန်တံတား၏ ပုံရိပ်အသွင်ပြောင်းသွားသည်။ ၎င်း ဖန်ဝေ့ထံသို့ ပြေး၀င်သွားစဉ် အင်မော်တယ်အကြော ၁၂၃ ကြောသည် တံတား၏အနောက်တွင် ပေါ်လာ၏။
"ဘယ်သူက မင်းကို အဲ့ဒီဟာ ပေးလိုက်တာတုန်း။ ငရဲလောက" ဖန်ဝေက ညာလက်ကို ဝှေ့ယမ်းလိုက်ကာ မြစ်ဝါမြစ်အား ပေါ်လာစေသည်။ ထို့အပြင် မြေအောက်ကမ္ဘာ၏ ပုံရိပ်ယောင်လည်း ပေါ်လာပြီး လျင်မြန်စွာ အစစ်အမှန်ဖြစ်လာ၏။
သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်နေစဉ် ဖန်ရှုံ့ရှန်းသည် ရရှိနိုင်မည့် ထိခိုက်ဒဏ်ရာများကို လျစ်လျူရှုပြီး မန်ဟို၏ ဦးလေးဆယ့်ကိုးထံမှ ရုန်းထွက်လာသည်။ ထို့နောက် သူက အသေးစားနေရာရွေ့ပြောင်း၍ အသတ်အဖြတ်စိတ်ဆန္ဒအပြည့်ဖြင့် မန်ဟို့ထံ ဦးတည်သွား၏။ သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ရှေးဟောင်းနယ်ပယ်ကျင့်ကြံခြင်းအခြေခံအား ဝိညာဉ်မီးအိမ်နှစ်လုံး ငြှိမ်းထားသော စွမ်းအားဖြင့် ပေါက်ကွဲထွက်လာစေသည်။ ဧရာမလက်ဝါးကြီးက မန်ဟို့က ရိုက်ချလိုက်၏။
"သေစမ်း"
အံ့ဩဖွယ်ကောင်းစွာနှင့် သူသည် မန်ဟို့ကို သတ်ရန် ၊ မန်ဟို၏ စိတ်ဝိညာဉ်နှင့်ခန္ဓာကိုယ်ကို သုတ်သင်ရန် ဖန်ဝေနှင့် ပူးပေါင်း၍ တိုက်ခိုက်နေလေသည်။
ဤအခိုက်အတန့်တွင် မန်ဟိုက ညာလက်ကို ဝှေ့ယမ်းလိုက်ပြီး ပါရာဂွန်တံတားက ဖန်ဝေနှင့် ဖန်ရှုံ့ရှန်းနှစ်ယောက်လုံးကို ဟန့်တားရန် ကျဆင်းသွားသည်။ မန်ဟိုသည် နောက်ဆုတ်လိုက်ပြီး သူ၏ အမူအရာမှာ ထိတ်လန့်နေသောပုံစံ တစ်စိုးတစ်စိမျှ မရှိပေ။ ထိုအစား ၎င်းတို့တွင် ဆထက်တိုး မြင့်တက်လာနေသော အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် ပြည့်နှက်နေ၏။
သူက ညာလက်ကို ဆန့်တန်းလိုက်ပြီး သူ၏ လက်ဝါးထဲတွင် သူမှလွဲ၍ ဘယ်သူမှ မမြင်နိုင်သော သစ်သီးသေးသေးလေးတစ်လုံးရှိသည်။
၎င်းက ပထမမျိုးဆက်ခေါင်းဆောင်ကြီး၏ နိဗ္ဗာနသစ်သီးပင်။
နိဗ္ဗာနသစ်သီးကို လက်ထဲတွင် ကိုင်လျက် သူ၏ မိုးထိုးလာနေသော အသတ်အဖြတ်စိတ်ဆန္ဒသည် ပတ်၀န်းကျင်ကို ဖုံးလွှမ်းသွားပြီး အရာအားလုံးအား အေးစိမ့်လာစေ၏။ ဖန်ဝေနှင့် ဖန်ရှုံ့ရှန်းမှာ မန်ဟို၏မျက်လုံးများကို ကြည့်လိုက်ပြီး အကြောင်းတစ်စုံတစ်ရာကြောင့် တုန်ရီလာကြတော့သည်။
***