ပြင်းထန်စွာမျက်နှာဖြတ်ရိုက်
Vol. 46 Ch. 643
အခန်း (၆၄၃) ပြင်းထန်စွာမျက်နှာဖြတ်ရိုက်
ကြယ်စင်အလင်းတန်းများ ငြိမ်းသတ်သွားပြီး ညကောင်းကင်ယံရှိ အဆုံးမရှိကြယ်စင်များ တစ်ပြိုင်နက်တည်း အက်ကွဲသွားသည်။
နုန်ယွိရွှမ်က စောစောက သူ သတိမထားမိခဲ့သော ရန်ကျောက်ကဲလက်ထဲမှ အစိမ်းရောင်ဝါးကိုင်းကို ခေါင်းမလှည့်စတမ်း စူးစိုက်ကြည့်နေသည်။
ထို ဝါးကိုင်းက...
အစွမ်းထက်ရောင်ဝါများ ပိုင်ဆိုင်ထားခြင်း မရှိပေ။
ကြီးမားပြင်းထန်သော ဝိညာဉ်စွမ်းအားအတက်အကျများ ထွက်ပေါ်နေခြင်း မရှိပေ။
လေးနက်သော သိုင်းဝိညာဉ် အယူအဆများ ထွက်ပေါ်နေခြင်းလည်း မရှိပေ။
မည်သို့ပင်ကြည့်ပါစေ ထိုဝါးကိုင်းက သာမန်ဝါးကိုင်းတစ်ခုထက် မပိုပေ။
သို့သော် ထိုသို့ ဘာစွမ်းအားမှမရှိသော ဝါးကိုင်းတစ်ခုကြောင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော "ကောင်းကင်ကြယ်စင်" ချပ်ဝတ်မှာ အလင်းတန်းများ မှိန်ဖျော့သွားခဲ့သည်။
နုန်ယွိရွှမ်မှာ သူနှင့် ကောင်းကင်ကြယ်စင်ချပ်ဝတ်အကြားဆက်နွယ်မှု များစွာအားနည်းသွားကြောင်း ခံစားလိုက်ရ၏။
နုန်ယွိရွှမ်မှာ ကျင့်ကြံခြင်း သွေဖယ်ဖောက်ပြန်ခြင်းကို ခံစားနေရပြီး ကောင်းကင်ချပ်ဝတ်ကလည်း အပြည့်အဝ မလုပ်မလုပ်တော့ချိန် ရန်ကျောက်ကဲ၏ ရေခဲနဂါးစံနှုန်းပြောင်းပြန်လူသတ်တိုက်ကွက်က သူ့ရှေ့တည့်တည့်သို့ ဝင်ရောက်လာသည်။
ရန်ကျောက်ကဲ၏ အစစ်အမှန်သိုင်းကိုယ်ခွဲမှ ဖန်ဆင်းထားသော နဂါးအစစ်များသည် နုန်ယွိရွှမ်ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်သွားပြီး ကွမ်းမင်ဂိုဏ်း၏ အကြီးတန်းမျိုးဆက် ၊ ပါရမီရင် သိုင်းသူတော်စင်မှာ နောက်သို့ လွင့်စင်ထွက်သွားသည်။
နုန်ယွိရွှမ် ဒဏ်ရာအပြင်းအထန်ရသွားကာ သွေးများအန်ထုတ်လိုက်ပြီး သူ့ခန္ဓာကိုယ်ထက်မှ အလင်းတန်းများ ပျံ့ကျဲသွားသည်။
ရန်ကျောက်ကဲက ရှေ့သို့ခြေတစ်လှမ်းတိုးကာ နုန်ယွိရွှမ်ကို ပို၍နီးကပ်စွာ ဖိအားပေးလိုက်သည်။
အတွင်းဒဏ်ရာရော အပြင်ဒဏ်ရာများပါ ပြင်းထန်စွာရရှိသွားသော နုန်ယွိရွှမ်က ရန်ကျောက်ကဲကို လှမ်းကြည့်ပြီးနောက် ကောင်းကင်ထက်တွင် တဖြည်းဖြည်းတည်ငြိမ်သွားပြီဖြစ်သော အသင်္ချေနဂါးနန်းတော်ကို လှမ်းကြည့်လိုက်သည်။
“ရာဟုဓားရဲ့ အကြွင်းအကျန်အပိုင်းအစတွေက အဲဒီမှာ ရှိနေတာလား ၊ အဲဒါတွေကို ဒီကောင်လေး ရထားတာလား”
နုန်ယွိရွှမ်မျက်ဝန်းထဲ ကြယ်များလင်းလက်သွားသည်။
အောက်ဘုံကမ္ဘာမှ သိုင်းဆရာသခင်တစ်ယောက်ကို ရှုံးနိမ့်သွားခြင်းက သူ့ကို သွေးအန်လုမတတ် အရှက်ရစေပြီး သူ ရရှိထားသောဒဏ်ရာများထက် ပိုမိုနာကျင်စေသည်။ အထူးသဖြင့် ဤ ရှုံးနိမ့်မှုက သူကိုယ်တိုင် ဆောင်ကြဉ်းလာမိသော အရှုံးတရား ဖြစ်နေခြင်းက ပို၍ခံရခက်စေ၏။
နုန်ယွိရွှမ်က ရာဟုကြယ်စွမ်းအားကို သန့်စင်ပြီး သူ၏ ထိပ်တန်းသိုင်းပညာရပ်များနှင့် ပေါင်းစပ်ကျင့်ကြံခဲ့သည်။ ထို့ကြောင့် သူ၏စွမ်းအားက ထူးခြားစွာမြင့်မားလာပြီး ကျင့်ကြံခြင်းအဆင့်တူညီသူများအလယ်တွင် အခြားသူများထက် သာလွန်သူ ဖြစ်ခဲ့သည်။ ဘယ်လောက်တောင် သူက ခမ်းနားပြီး ပြိုင်ဘက်ကင်း ဖြစ်ခဲ့ပါသနည်း။
ရာဟုကြယ်၏ အဆိပ်ပြင်းသောစွမ်းအားကို သန့်စင်နိုင်ခဲ့ပြီးသည့်နောက် မြောက်မှတောင် ၊ အရှေ့မှအနောက် ထိပ်တန်းအဆင့် ခမ်းနားခဲ့သော နုန်ယွိရွှမ်သည် ယနေ့တော့ အတိအကျပင် အရှုံးတရားနှင့် ရင်ဆိုင်ခဲ့ရပေပြီ။
သူ့ကို မျက်နှာဖြတ်ရိုက်သူက သူ့ဘဝတွင် တစ်ခါမှမျှော်လင့်မထားခဲ့သော ရန်ကျောက်ကဲ ဖြစ်နေခဲ့သည်။
ကွမ်းမင်ဂိုဏ်းသည် တာ့ရွှမ်တိုင်းပြည်နှင့် ယိုးမင်ဂိုဏ်းတို့ကို အာရုံစိုက်နေရသည့်အတွက် အောက်ဘုံကမ္ဘာသို့ သိုင်းသူတော်စင်များစေလွှတ်သည့်အခါ သူတို့၏ ကျင့်ကြံခြင်းအဆင့်ကို သိုင်းသူတော်စင် စတုတ္ထအဆင့်အောက် ကန့်သတ်ထားသည်။
ပြီးတော့ ရန်ကျောက်ကဲကဲ့သို့ သိုင်းဆရာသခင်တစ်ယောက်က ထူးကဲယန်စည်းတံဆိပ်ကို ထိန်းချုပ်နိုင်နေသဖြင့် ကွမ်းမင်ဂိုဏ်းမှာ အလွန်ပင် ကူရာကယ်ရာမဲ့စွာ ခံစားရသည်။
သို့သော် နုန်ယွိရွှမ်ကဲ့သို့သော ကွမ်းမင်ဂိုဏ်းမှ ပါရမီရှင်တစ်ယောက်က အထက်ဘုံကမ္ဘာတွင် ရန်ကျောက်ကဲလက်ချက်ဖြင့် ထိခိုက်သွားမည်ဟု တစ်ခါမှ တွေးထင်ခဲ့ခြင်း မရှိပေ။
ရန်ကျောက်ကဲနှင့် ဝါဒတောင်မှလူများ နည်းလမ်းတစ်ခုရှာဖွေပြီး အထက်ဘုံကမ္ဘာသို့တက်လာကာ သူတို့၏ ရန်သူများထဲမှ တစ်ယောက်ယောက်၏ အကူအညီကို ရယူမည်ဖြစ်ကြောင်း ခန့်မှန်းခဲ့ကြသည်။
သို့ပေသိ နုန်ယွိရွှမ် ခန့်မှန်းချက်အရဆိုလျှင် ရန်ကျောက်ကဲ အထက်ဘုံကမ္ဘာသို့ ရောက်လာလျှင် အမြီးကုတ်နေပြီး ကိုယ်ထင်ပြရဲမည်မဟုတ်ဟု တွေးထားခဲ့၏။ သို့ရာတွင် ထိုလူငယ်က အထက်ဘုံကမ္ဘာသို့ ရောက်လာသည်နှင့် သူ့ကို မျက်နှာဖြတ်ရိုက်ခဲ့၏။
လက်ရှိအခြေအနေမှာတော့ သူ့မှာ သိက္ခာပြန်ဆည်ရန် အခွင့်အလမ်းမရှိတော့ပေ။
သူတို့ ဆက်လက်တိုက်ခိုက်မည်ဆိုလျှင် ရန်ကျောက်ကဲက မလှုပ်ရှားဘူးဆိုလျှင်တောင်မှ နုန်ယွိရွှမ်၏ ကျင့်ကြံခြင်းစွမ်းအားများ သွေဖည်ဖောက်ပြန်သွားသဖြင့် အသက်သေရန် နီးစပ်နေပေပြီ။
သူ အနည်းငယ် တုံ့ဆိုင်းနေလျှင်ပင် ယိုးမင်ဂိုဏ်းမှအကြီးအကြနှင့် အချိန်ရေစီးကြောင်းဓားသိုင်း၏ ဆက်ခံသူ ခန်းကျင်းယွမ်တို့က သူ့ကို အာရုံစိုက်လာကြပေမည်။
ရန်ကျောက်ကဲက သူ့လက်တစ်ချက်မြှောက်လိုက်ရုံဖြင့် သိုင်းသူတော်စင် တတိယအဆင့် ၊ ကိုယ်ခွဲပေါင်းစပ်ခြင်း နှောင်းပိုင်းအဆင့်ဖြစ်သော နုန်ယွိရွှမ်ကို ဒဏ်ရာရစေခဲ့သည်။ ဤသည်က ခန်းကျင်းယွမ်နှင့် ယိုးမင်ဂိုဏ်းမှအကြီးအကဲကိုလည်း အံ့သြထိတ်လန့်သွားစေ၏။
သို့သော် ဤသို့ဖြစ်ရသည်မှာ အကြောင်းတစ်ခုခုကြောင့် နုန်ယွိရွှမ်၏ ကျင့်ကြံခြင်းစွမ်းအားများ ပြဿနာတက်သွားခြင်းဖြစ်ကြောင်း သူတို့နှစ်ယောက် လျှင်မြန်စွာ သဘောပေါက်သွားသည်။
ခန်းကျင်းယွမ်က မာနကြီးပြီး မဆင်မချင်လုပ်တတ်သလို အသေးအဖွဲကိစ္စလေးများတွင်လည်း လက်စားချေလိုသူ ဖြစ်သည်။ ယခု နုန်ယွိရွှမ် ဒဏ်ရာရသွားကြောင်းတွေ့ရှိသည်နှင့် ချက်ချင်းပင် သူ၏ပစ်မှတ်က နုန်ယွိရွှမ် ဖြစ်သွားသည်။
ယိုးမင်ဂိုဏ်းမှအကြီးအကဲကတော့ သံသယလွှမ်းသောအကြည့်များဖြင့် ရန်ကျောက်ကဲကို လှမ်းကြည့်လိုက်၏။
ရန်ကျောက်ကဲက ရယ်မောရင်း...
“ကျွန်တော်က ‘ရန်’မျိုးနွယ် ၊ နာမည်က ရန်ကျောက်ကဲလို့ ခေါ်ပါတယ် ၊ အကြီးအကဲဝူကျိရှိုးနဲ့ အကြီးအကဲနျဲ့စန်းတို့က ယိုးမင်ဂိုဏ်းခွဲကနေ အဓိကပလ္လင်ဆီကို ကျွန်တော့်အကြောင်း သတင်းပို့ထားမယ် ထင်ပါတယ်”
ထိုစကားကိုကြားတော့ ယိုးမင်ဂိုဏ်းမှအကြီးအကဲ အံ့အားသင့်သွားပြီး...
“မင်းက ရန်ကျောက်ကဲလား ၊ ဒါပေမဲ့ မင်းက ပန်းပွင့်ငြိမ်းချမ်းဒေသမှာ ရှိနေရမှာ မဟုတ်ဘူးလား”
ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...
“ပြောရရင် ရှက်စရာပါပဲ ၊ ဒီ ‘ရန်’ က သတိမထားမိဘဲ ပွဲတော်ကျင်းပဖို့ လှည့်ပတ်နေတဲ့ ယိုးမင်ဂိုဏ်းခွဲ ပင်မအစီအရင်ထဲကို ကျသွားခဲ့တယ် ၊ ကံကောင်းလို့ နေနဲ့လရဲ့စွမ်းအားတွေလွှမ်းခြုံရင်း အသက်ရှင်လျက်နဲ့ ယိုးမင်ဂိုဏ်း အဓိကပလ္လင်နေရာကို ရောက်လာနိုင်ခဲ့တယ်”
“အခုတောင် ပြောင်းပြန်လည်ပတ်နေတဲ့ နေနဲ့လရဲ့ စွမ်းအားပေါက်ကွဲမှုကြောင့် သေလုမတတ်ပါပဲ ၊ တကယ့်ကို အနီးကပ်ကြီးပဲဆိုတော့လေ”
ရန်ကျောက်ကဲစကားကိုကြားတော့ ယိုးမင်ဂိုဏ်းအကြီးအကဲ အနည်းငယ် အံ့အားသင့်သွားသည်။
သူက ရန်ကျောက်ကဲကို မှင်တက်စွာကြည့်ရင်း...
“ပန်းပွင့်ငြိမ်းချမ်းနယ်မြေက နေမရှိလရိပ် ထုံးတမ်းပွဲတော်အတွက် ပြင်ဆင်ထားတဲ့ အစီအရင်ထဲ ရောက်သွားတာတောင် မင်းက အသက်ရှင်လျှက် ဒီ အဓိကပလ္လင်ဆီအထိ ရောက်လာတယ်ဆိုတာ အဓိပ္ပါယ်မရှိဘူး”
ပြီးတော့ သူက ရန်ကျောက်ကဲကို အကဲခတ်ရင်း အံ့အားသင့်စွာဖြင့် တွေးလိုက်သည်။
“အကြီးအကဲ’ဝူ’ သတင်းပို့သလိုပဲ ဒီကောင်လေးက အသက် (၃၀) တောင်မပြည့်သေးဘူး”
ငယ်ငယ်ရွယ်ရွယ်ဖြင့် ဤမျှမြင့်မားသော ကျင့်ကြံခြင်းအဆင့် ပိုင်ဆိုင်ထားပြီး မိုးမြေတစ်ခုလုံးကို လွှမ်းခြုံနိုင်စွမ်းရှိသော အလုံးစုံစွမ်းအားကို ပိုင်ဆိုင်ထားသည် အမှန်ပင်။
အစောပိုင်းတိုက်ပွဲတွင် နုန်ယွိရွှမ်၏ ကျင့်ကြံခြင်းစွမ်းအားများ သွေဖယ်ဖောက်ပြန်သွားသဖြင့် ရန်ကျောက်ကဲကို ရှုံးနိမ့်ခဲ့ရသော်လည်း ရန်ကျောက်ကဲ၏ လုပ်ရပ်များက ယိုးမင်ဂိုဏ်းအကြီးအကဲကို စိတ်လှုပ်ရှားစေခဲ့သည်။ အထူးသဖြင့် ရန်ကျောက်ကဲက နေမရှိလရိပ်ကို လမရှိနေရိပ်အဖြစ်ပြောင်းလဲလိုက်သည့်နည်းလမ်းက အလွန်ထူးခြားပြီး လောကကို တုန်လှုပ်စေသည်။
ယိုးမင်ဂိုဏ်းအကြီးအကဲအနေဖြင့် ရန်ကျောက်ကဲ မည်သို့ပြုလုပ်သည်ကို အသေးစိတ်မသိရသော်လည်း နုန်ယွိရွှမ်၏ ကျင့်ကြံခြင်းစွမ်းအားများ သွေဖယ်ဖောက်ပြန်သွားသည်မှာ ရန်ကျောက်ကဲလက်ချက်ဖြစ်သည်ဟု သံသယဝင်နေခဲ့သည်။ ထိုသို့သော ရန်ကျောက်ကဲ၏ အရည်အချင်းများ ၊ တန်ခိုးစွမ်းအားများ ၊ ထူးဆန်းပြီး ရက်စက်ကြမ်းကြုတ်သောနည်းလမ်းများသည် သူ့အား မည်သို့မှမတတ်နိုင်စွာ တုန်လှုပ်ချောက်ချားစေသည်။
သူ မည်သို့တုံ့ပြန်ရမည်ကို တွေးတောနေစဉ်မှာပင် အဝေးတစ်နေရာရှိ မိုးမြေတစ်ခွင်က ရုတ်တရက် တုန်လှုပ်လာပြီး များပြားလှစွာသော ကြမ်းတမ်းသည့် အလင်းတန်းဒီရေများက ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံရိုက်ခတ်သွားသည်။
ရန်ကျောက်ကဲ လှမ်းကြည့်လိုက်တော့ အဆုံးမရှိ ၊ အကန့်အသတ်မရှိ အလင်းတန်းများက မိုးမြေတစ်ခွင် ဖြူဖွေးတောက်ပနေကြောင်း တွေ့ရ၏။
ကမ္ဘာများစွာအလွန်မှ အထက်ဘုံကမ္ဘာမှ ဝိညာဉ်စွမ်းအားများက သိပ်သည်းပြီး မိုးမြေတစ်ခွင်ကို သန့်စင်လှပစေကာ ကမ္ဘာဖြတ်လမ်းကြောင်းနယ်နိမိတ်များကို တည်ငြိမ်စေသည်။ ထိုအချက်ကြောင့်ပင် အထက်ဘုံကမ္ဘာက အစွန်းရောက်ရှစ်ပါးကမ္ဘာ ၊ မျောလွင့်ဝိညာဉ်ကမ္ဘာနှင့် သမုဒ္ဒရာကမ္ဘာတို့ထက် သာလွန်ရခြင်း ဖြစ်သည်။
ထို့ကြောင့် ထိုသို့သော ကမ္ဘာမြေပတ်ဝန်းကျင်ကို လွှမ်းမိုးနိုင်ရန်မှာ သိုင်းကျင့်ကြံသူတစ်ယောက်အတွက် အလွန်တရာ ကြီးမားသော တန်ခိုးစွမ်းအားလိုအပ်မည် အမှန်ပင်။
ဤသို့သော ကြီးကျယ်ခမ်းနားသော ဖြစ်စဉ်များကို ထင်ရှားစေရန်အတွက် နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်အနည်းငယ်သာလျှင် ရှိသည်။
ကျူတောပင်လယ်ဒေသ၏ ကောင်းကင်ပြင်တစ်ခုလုံးကို ခမ်းနားသောအလင်းတန်းများက လွှမ်းခြုံထားပြီး ဤသို့သောဖြစ်ရပ်က အလွန်တရာ ရှားပါးဖြစ်ရပ်ပင်။
“လော့ကျီးထောင်...”
ယိုးမင်ဂိုဏ်းမှအကြီးအကဲက ရေရွတ်လိုက်၏။
ရန်ကျောက်ကဲကလည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။
ကွမ်းမင်ဂိုဏ်းချုပ် ‘ကောင်းကင်ကိုးထပ်လင်းလက်စေသူ’ လော့ကျီးထောင်။
သို့သော် အဆုံးမရှိသောအလင်းတန်းများအလယ်တွင် ကြည်လင်ရှည်လျားသော မြစ်တစ်စင်း စီးဆင်းနေသည်ကို တွေ့ရပြီး ထိုမြစ်က အချိန်ရေစီးကြောင်းနှင့် ဆင်းတူကာ အလင်းတန်းကမ္ဘာကြီးကို နှစ်ခြမ်းကွဲသွားစေသည်။
နွမ်းလျပြီး အိုမင်းရင့်ရောင်နေသည့် အဘိုးအိုတစ်ယောက်က အချိန်ရေစီးကြောင်းထက်တွင် လမ်းလျှောက်လာသည်။
ထိုအဘိုးအိုက အလွန်ရှေးကျဟန်ရှိသော်လည်း သူ၏မျက်လုံးများအတွင်းမှ တောက်ပမှုကတော့ မွေးကင်းစ ကလေးငယ်တစ်ယောက်ပမာ နုပျိုပြီး စူးရှထက်မြက်သည်။
အဘိုးအို၏လက်ထဲတွင်ကိုင်ထားသောဓားအလင်းတန်းက ရေကဲ့သို့လည်းဖြစ်ပြီး ဓားသွားဖြတ်သန်းသွားရာနေရာတိုင်းတွင် အချိန်ကာလက တစ်ပြိုင်နက်တည်း နှေးကွေးသွားပုံရသည်။
တုန်လှုပ်စရာကောင်းစွာပင် ထိုဓားက ‘အချိန်စီးဆင်းဓားသိုင်း’ ပင် ဖြစ်၏။
ထိုအဘိုးအိုက ကွမ်းမင်ဂိုဏ်းချုပ် လော့ကျီးထောင်နှင့် တိုက်ခိုက်နေစဉ် မနီးမဝေးတွင် ဧကရာဇ်ရွှမ်မုက ယိုးမင်ဂိုဏ်းချုပ် ကျိုးဟောက်ရှန်းနှင့် တိုက်ခိုက်နေသည်။ အခြားသော ထိပ်တန်းအဆင့် သိုင်းကျင့်ကြံသူများသည်လည်း နေရာအနှံ့တွင် တိုက်ခိုက်လျှက် ရှိကြ၏။
ယိုးမင်ဂိုဏ်း၏ အဓိကပလ္လင်နေရာကို ရှာတွေ့ပြီးနောက် တာ့ရွှမ်တိုင်းပြည်က စွမ်းအားကုန်လာရောက်တိုက်ခိုက်သည်မှာ သေချာသည်။ ကျူတောပင်လယ်ဒေသမှ အထွတ်ထိပ်သိုင်းသမားများအားလုံးနီးပါး ယနေ့တိုက်ပွဲကြီးတွင် ပါဝင်နေကြောင်း တွေ့ရသည်။
သိုင်းသူတော်စင်များကြား ကြီးမားသောတိုက်ပွဲကြီး၏ နောက်ဆက်တွဲ လှုပ်ခတ်မှုဒဏ်ကို ခံရမည်စိုးရိမ်၍ ရန်ကျောက်ကဲက အသင်္ချေနဂါးနန်းတော်အတွင်းသို့ ဝင်လိုက်သည်။ ထို့နောက် နန်းတော်က ကြီးမားသောပင်လယ်ကြီးအောက်သို့ နစ်မြုပ်သွားတော့၏။
မည်သို့ပင်ဖြစ်စေ ရန်သူတော်ဖြစ်သော ကွမ်းမင်ဂိုဏ်းထက် ရန်ကျောက်ကဲက အချိန်ရေစီးကြောင်းဓားသိုင်းကို ပိုပြီး စိတ်ဝင်စားနေသည်။
“အချိန်ကအချိန် ၊ စီးဆင်းခြင်းက စီးဆင်းခြင်း... ၊ ဓားက ဓား...”
ရန်ကျောက်ကဲ မျက်လုံးများကို ကျဉ်းမြောင်းလိုက်၏။
“ဒီဓားသိုင်းက ထာဝရအလင်းကောင်းကင်ကျမ်းစာက ဆင်းသက်လာတဲ့ သိုင်းပညာတစ်ရပ်ဆိုတာ ထင်ရှားနေတာပဲ”