နေရိပ်နတ်ဓား
Vol. 46 Ch. 644
အခန်း (၆၄၄) နေရိပ်နတ်ဓား
ရေခဲပြာရောင်နေရောင်ခြည်နှင့် အနက်ရောင်လရောင်ခြည်တို့က အသင်္ချေနဂါးနန်းတော်ထဲတွင် ပျံ့ကျဲလျှက် အလင်းအမှုံအမွှားများအဖြစ် အောက်ဘက်သို့ အဆက်မပြတ် ရွာသွန်းနေဆဲဖြစ်ပြီး ရန်ကျောက်ကဲက ထိုအလင်းမှုံများအလယ်တွင် နှစ်ခြင်းခံယူလျှက် ရှိသည်။
သူ လှမ်းကြည့်လိုက်တော့ အားဟူနှင့် ဖန်းယွင်ရှန်း တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေသည်ကို တွေ့ရ၏။ အမြဲတမ်း ပျင်းရိပျင်းတွဲ လဲလျောင်းနေတတ်သော ပန်ပန်သည်ပင် ယခုတော့ ခပ်မတ်မတ် မတ်တတ်ရပ်လျှက်ရှိသည်။
အနက်ရောင်ရေနှင့် အဖြူရောင်မီးတောက်များက ပန်ပန်၏ ခန္ဓာကိုယ်အား ရစ်ခွေလှည့်ပတ်နေသည်။
ရေခဲပြာ နေရောင်ခြည်က ပန်ပန်၏ အဖြူရောင်မီးတောက်များနှင့် ပေါင်းစပ်သွားပြီး အနက်ရောင်လရောင်ခြည်က ပန်ပန်၏ အနက်ရောင်ရေစီးကြောင်းများနှင့် ပေါင်းစပ်သွားသည်။
ရန်ကျောက်ကဲ ကြည့်နေစဉ်မှာပင် ပန်ပန်သည် သာမန်မျက်စိဖြင့် ထင်ထင်ရှားရှားသိမြင်နိုင်သော အမြန်နှုန်းဖြင့် ကြီးထွားလာသည်။
ဤ ဝဝတုတ်တုတ်ဖြင့် ကြီးမားလာသော ခန္ဓာကိုယ်က နောက်ပိုင်းတွင် ပြန်ကျုံ့သွားနိုင်သည်ကို သိရှိသော်လည်း ယခုတော့ တောင်ငယ်တစ်လုံးပမာ ကြီးထွားလာသော ပန်ပန်ကိုကြည့်ရင်း ရန်ကျောက်ကဲနှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားသည်။
...အသင်္ချေနဂါးနန်းတော်က ကျုံ့နဲ့ ချဲ့နိုင်စွမ်း မရှိပါက လက်ရှိ ပန်ပန်၏ ပြောင်းလဲမှုကို လက်ခံနိုင်မည် မဟုတ်ပေ။
အားဟူက တင်ပျဉ်ခွေထိုင်နေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးကြောဆုံချက်များမှ နဂါးချီစွမ်းအားများ ထုတ်လွှတ်နေကာ လမရှိနေရိပ် အလင်းရောင်အမှုံအမွှားများဖြင့် ပေါင်းစပ်သွားသည်။ လွန်ခဲ့သောရက်များက အားဟူသည် အသင်္ချေနဂါးနန်းတော်ထဲတွင် ကျင့်ကြံနေခဲ့သဖြင့် နဂါးချီစွမ်းအားအနှစ်သာရများက သူ့အတွက် လုံးဝပြဿနာမဟုတ်ခဲ့ပေ။
ယခု သူက နေနှင့်လ ပြောင်းပြန်လည်ပတ်နေသော စွမ်းအားကို စုပ်ယူပြီး သူ့ခန္ဓာကိုယ်အား မြှင့်တင်ရန်ကျင့်ကြံနေသည်။ သူ၏ရုပ်ခန္ဓာ ပိုမိုသန်မာလာပြီး အနာဂတ်ကျင့်ကြံခြင်းအတွက် မိုမိုခိုင်မာသော အခြေခံအုတ်မြစ်ကို ရရှိစေပေမည်။
ဖန်းယွင်ရှန်း၏ အခြေအနေကတော့ အနည်းငယ် ကွဲပြားသည်။
ပြောင်းပြန်လည်ပတ်နေသော ‘လမရှိ၏ ၏ လစွမ်းအားကိုသာ သူမက အဓိကထား စုပ်ယူနေသည်။ ရေခဲပြာရောင် နေရောင်ခြည်ကိုတော့ ဖန်းယွင်ရှန်း၏ အနက်ရောင်ဓားက အများစု စုပ်ယူနေ၏။
ဓားပိုင်ရှင်ဖြစ်သော ဖန်းယွင်ရှန်းအနေဖြင့် သူမနှင့် အနက်ရောင်ဓားကြား ဆက်နွယ်မှုက ပိုမိုနီးကပ်လာပြီး ရလဒ်အနေဖြင့် အနက်ရောင်ဓားက ရေခဲပြာရောင်နေရောင်ခြည် ပမာဏများစွာကို သန့်စင်ပြီး ဖန်းယွင်ရှန်းခန္ဓာကိုယ်အတွင်းသို့ ပို့ဆောင်ပေးနေသည်။
ယခု သူမခန္ဓာကိုယ်ထက်တွင် ဝိညာဉ်သင်္ကေတများက မရပ်မနားတောက်ပနေပြီး သူမခန္ဓာကိုယ်အပြင်ဘက်တွင် ရေခဲပြာရောင်အလင်းတန်းများ တောက်ပနေ၏။
သူမ မျက်လုံးဖွင့်လိုက်သောအခါ အေးစက်သောနေဝန်းနှင့်ဆင်တူသည့် အပြာရောင်အလင်းတန်းများက မျက်ဆံများထဲတွင် တောက်ပနေသည်။
ရန်ကျောက်ကဲက ဖန်းယွင်ရှန်းရှေ့သို့ ရောက်လာပြီး သူမ၏ အနက်ရောင်ဓားရှည်ကို ငုံ့ကြည့်ရင်း ဓားအတွင်းမှ သဘောတရားကို အာရုံခံမိသည်။
သူက ခေါင်းတစ်ချက်ခါယမ်းရင်း...
“ကြည့်ရတာ... ဒီရတနာပစ္စည်းက ရာဟုကြယ်တန်ခိုးစွမ်းအားကို ဖျက်ဆီးပစ်နိုင်တဲ့ စွမ်းအားတွေ ပါဝင်နေတာပဲ ၊ အကြောင်းတစ်ခုခုကြောင့်သာ သူ့ရဲ့သရုပ်မှန်ကို ဆုံးရှုံးသွားခဲ့ရတာပဲ”
“ဒီဓားက ရာဟုကြယ် အထွတ်ထိပ်မှော်ဝင်ပစ္စည်းရဲ့ အကြွင်းအကျန်အခွံကနေ ပေါက်ဖွားလာတဲ့ဓားပဲ ၊ ဓားရဲ့စွမ်းအားက အားနည်းပေမယ့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းက ကျန်ခဲ့တဲ့ အကြွင်းအကျန်တွေက အခြေခံအုတ်မြစ်ကို ဆက်ပြီး တည်မြဲနေစေတယ်”
ရန်ကျောက်ကဲက ပြုံးရင်း...
“ဒီဓားရဲ့အကူအညီနဲ့ ပျံ့ကျဲနေတဲ့ အဖျက်စွမ်းအားတွေကို အလင်းမဲ့မိစ္ဆာချီအဖြစ် သန့်စင်နိုင်တယ် ၊ ဒါဆိုရင် ဆုံးရှုံးသွားတဲ့သူ့ရဲ့သရုပ်မှန်ကို ပြန်ရဖို့ အခွင့်အရေး ရှိနိုင်တယ်”
ဖန်းယွင်ရှန်းက နေရာတွင် မလှုပ်မယှက်ထိုင်နေပြီး သူမခန္ဓာကိုယ်ထဲ စီးဆင်းဝင်ရောက်လာသော အေးစက်သည့် ရေခဲပြာရောင်နေရာင်ခြည်များကို သန့်စင်ရန် သူမ၏ သိုင်းပညာကို တိတ်တဆိတ် ဖြန့်ကျက်လှည့်ပတ်လိုက်သည်။
ထို့နောက် သူမက လက်ထဲတွင်ကိုင်ထားသောဓားကိုကြည့်ကာ သက်ပြင်းချရင်း...
“ထူးကဲယန်စည်းတံဆိပ် ၊ ထူးကဲယင်သရဖူတို့လိုမျိုးပဲ... ၊ ရာဟုဓားလား...”
ရန်ကျောက်ကဲက...
“ဒါက အရင်တုန်းက နာမည်ဖြစ်နိုင်တယ် ၊ ဒါပေမဲ့ အရင်က ခံစားခဲ့ရတဲ့ ကပ်ဘေးတွေပြီးတဲ့နောက် ဒီနေ့ ‘နေရိပ်’ စွမ်းအားနဲ့ သန့်စင်ခံရပြီး နှစ်ကြိမ် ပြန်လည်မွေးဖွားလာခဲ့တယ် ၊ ဒါကြောင့် ရာဟုဓားလို့ သူ့ကိုခေါ်မယ်ဆိုရင် သဘောကျမယ် မထင်ဘူး”
ဖန်းယွင်ရှန်းက မလှုပ်မယှက်ထိုင်နေရင်း သူမလက်ထဲမှဓားကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ အပြာနုရောင်အလင်းတန်းများ တောက်ပလာသည်။
“အမှန်ပဲ ၊ အခုကစပြီး ‘နေရိပ်ဓား’ လို့ ခေါ်ရမယ်”
ရန်ကျောက်ကဲက ပြုံးရင်း..
“နေရိပ်နတ်ဓားလို့ခေါ်လေ... အရမ်းကောင်းတဲ့နာမည်ပဲ”
ဖန်းယွင်ရှန်းက ပြုံးရင်း...
“’နတ်ဓား’ လို့နာမည်ပေးရတာ တခြားအကြောင်း ရှိလို့လား”
ရန်ကျောက်ကဲက လက်တစ်ဖက်ဝှေ့ယမ်းရင်း...
“အကြောင်းတစ်ခုခုကြောင့် ဒီဓားက တစ်ချိန်တုန်းက ကပ်ဘေးတစ်ခုကြုံခဲ့ရပြီး ပြန်လည်မွေးဖွားလာတာ အံ့သြစရာကောင်းတယ် ၊ သူသာ ဆက်ပြီး ကြီးထွားလာမယ်ဆိုရင် အရင်ဘဝတုန်းက ရာဟုဓားနဲ့တောင် ယှဉ်လို့မရနိုင်ဘူး ၊ သူ့ရဲ့အနာဂတ်တိုးတက်မှုကို မျှော်လင့်ထားချင်တယ်လေ”
သူမလက်ထဲမှ အေးစိမ့်နေသော အနက်ရောင် ‘နေရိပ်နတ်ဓား’ ကိုကြည့်ရင်း ဖန်းယွင်ရှန်း ရုတ်တရက် ပြုံးလိုက်သည်။
“အခုတော့ ကွမ်းမင်ဂိုဏ်းမှာ သူတို့အာရုံစိုက်ရမယ့်ကိစ္စတစ်ခု ရှိလာပြီပေါ့”
ရန်ကျောက်ကဲက...
“သူတို့ ဒါကို လျစ်လျူရှုမှာ မဟုတ်ဘူး ၊ ဒီဓားက နုန်ယွိရွှမ်ကို ကောင်းကောင်းဒုက္ခပေးခဲ့တာလေ”
စကားဆိုရင်း ရန်ကျောက်ကဲက မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး...
“အဲဒီ နုန်ယွိရွှမ်က ရာဟုဓားက အစိတ်စိတ်အမွှာမွှာပျံ့ကျဲနေတဲ့ အကြွင်းအကျန် အလင်းမဲ့မိစ္ဆာချီတွေကို စုဆောင်းထားတာ ဖြစ်နိုင်တယ် ၊ အချိန်ကြာလာတာနဲ့အမျှ အဲဒီစွမ်းအားအနည်းငယ်ကို သူ့ကိုယ်ပိုင်အဖြစ် သန့်စင်ထားနိုင်ခဲ့တယ်”
ဖန်းယွင်ရှန်းက ခဏမျှ စဉ်းစားရင်း...
“အဲဒါကြောင့် သူ့ရဲ့ ကျင့်ကြံခြင်းသွေဖယ်ပျက်ဆီးသွားတာ အရမ်းပြင်းထန်သွားတာ ဖြစ်ရမယ် ၊ သူ့ခန္ဓာကိုယ်ထဲမှာ မသန့်စင်ရသေးတဲ့ အဖျက်စွမ်းအားတွေလည်း အများကြီးရှိနေမယ်ထင်တယ်”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“အမှန်ပဲ...”
ထို့နောက် သူက မေးစေ့ကိုတစ်ချက်ပွတ်သပ်ရင်း...
“ဒီတစ်ခေါက် ထူးကဲယန်စည်းတံဆိပ် ပြန်ပြီးအားပြည့်လာတာကို မစောင့်ဘဲ အထက်ဘုံကမ္ဘာကို အမြန်ခရီးထွက်လာတာ... ဒီဓားကိုအသုံးပြုပြီး ရာဟုကြယ် ရတနာပစ္စည်းကို ရှာဖွေနိုင်ဖို့ပဲ ၊ အဲဒီပစ္စည်းရဲ့ အစိတ်အပိုင်းအတော်များများက ကွမ်းမင်ဂိုဏ်းလက်ထဲရောက်နေတယ်လို့ ငါ ထင်ခဲ့တာ”
“အခုတော့ ကြည့်ရတာ... အဲဒီလိုမဟုတ်ဘူး ၊ ရာဟုကြယ် ပြိုလဲသွားချိန်မှာ သူ့ရဲ့စွမ်းအားအများစုက နုန်ယွိရွှမ်လက်ထဲမှာပဲ ရှိနေခဲ့တယ် ၊ သူသာ အချိန်အလုံအလောက်ယူပြီး အဲဒီအဖျက်စွမ်းအားတွေကို သန့်စင်ထားမယ်ဆိုရင်... သူ့ကိုတန်ပြန်တိုက်ခိုက်ဖို့ ‘နေရိပ်နတ်ဓား’ အတွက် လွယ်ကူမှာ မဟုတ်ဘူး”
ရန်ကျောက်ကဲက ပြုံးရင်း...
“အခုတော့ အခွင့်အရေး ရှိပါသေးတယ်လေ”
ဖန်းယွင်ရှန်းက...
“နောက်တစ်ခါဆိုရင် သူ အရမ်းသတိထားလိမ့်မယ် ၊ ကျွန်မတို့က ဒီနေရာမှာ သဲလွန်စပြလိုက်မိပြီဆိုတော့ ကွမ်းမင်ဂိုဏ်းက ကျွန်မတို့နောက်ကို အင်နဲ့အားနဲ့ လိုက်တော့မှာ သေချာတယ် ၊ ဒီ အထက်ဘုံကမ္ဘာမှာ ထိပ်တန်းအဆင့် သိုင်းသူတော်စင်တွေက တိမ်တိုက်တွေလိုပဲ များပြားတယ် ၊ တာ့ရွှမ်တိုင်းပြည်နဲ့ ယိုးမင်ဂိုဏ်းက ကွမ်းမင်ဂိုဏ်းရဲ့ စိတ်အာရုံကိုဆွဲဆောင်ထားနိုင်တယ်ဆိုပေမယ့် ကွမ်းမင်ဂိုဏ်းမှာ ကျွန်မတို့ကို လိုက်ဖမ်းဖို့ ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်တွေ အများကြီး ရှိနိုင်သေးတယ်လေ”
ရန်ကျောက်ကဲက...
“ဟက်... တာ့ရွှမ်တိုင်းပြည်ရဲ့ တန်ပြန်တိုက်ခိုက်မှုလှိုင်းလုံးကိုပဲ သူတို့ အရင် ကျော်ဖြတ်ပါစေဦး”
အရင်က ကွမ်းမင်ဂိုဏ်း ၊ ယိုးမင်ဂိုဏ်း ၊ မြောက်ပင်လယ်ဓားခန်းမနှင့် ကြေးနီကျွန်းတို့လက်တွဲပြီး တာရွှမ်မင်းဆက်ကို ပုန်ကန်ခဲ့ကြသည်။ ထိုသိုင်းဂိုဏ်းများမှ များပြားလှစွာသော အထွတ်ထိပ်သိုင်းကျင့်ကြံသူများကြောင့် တာ့ရွှမ်တိုင်းပြည်သည် အကြီးအကျယ်အုံကြွမှုများကို ခံစစ်သာ ခုခံနိုင်ခဲ့၏။
သို့သော် ယခု ရှန်လင်ကျီ၏ မျိုးဆက်တပည့် ရုတ်တရက် ပြန်လည်ထွက်ပေါ်လာပြီး ကျူတောပင်လယ်ဒေသတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။
ဤတိုက်ပွဲတွင် သိုင်းသူတော်စင် သတ္တမအဆင့်ရှိသူ နှစ်ယောက် ထွက်ပေါ်လာခဲ့သည်။
တစ်ယောက်က အသက်ငယ်ရွယ်ပြီး ရှေးကျသည့်မျက်ဝန်းများကိုပိုင်ဆိုင်သော လူငယ်ဖြစ်သည်။ ထိုလူငယ်က ယိုးမင်ဂိုဏ်း အဓိကပလ္လင်ကို အရင်ဆုံး တိုက်ခိုက်ခဲ့သည်။
ဒုတိယတစ်ယောက်မှာ အသက်အရွယ်အိုမင်းသော်လည်း နုပျိုငယ်ရွယ်သောမျက်ဝန်းများကိုပိုင်ဆိုင်ထားသည့် အဘိုးအို ဖြစ်သည်။ ထိုအဘိုးအိုက ကွမ်းမင်ဂိုဏ်းမှ လော့ကျီးထောင်နှင့် တိုက်ခိုက်နေသည်။
လော့ကျီးထောင်သာ သူတို့ဂိုဏ်းမှ အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော “နေလစကြာ” ကို ယူဆောင်င်မလာလျှင် ထိုအဘိုးအို၏ဓားချက်အောက် အသက်ပျောက်သွားနိုင်သည်။
ထိုသို့သော သိုင်းသူတော်စင်များ ဤကမ္ဘာတွင် ထွက်ပေါ်လာခဲ့ပြီး တာ့ရွှမ်တိုင်းပြည်သည် သူတို့၏ အားနည်းသောအခြေအနေမှ အရှိန်အဟုန်ဖြင့် ကျော်လွှားနိုင်ခဲ့သည်။ ပြီးလျှင်တော့ တန်ပြန်တိုက်စစ်ဆင်လာမည်မှာ အသေအချာပင်။
ယခု သူတို့က အလွန်တရာ လျှို့ဝှက်သော ယိုးမင်ဂိုဏ်းကို ဦးစွာ တိုက်ခိုက်ခဲ့သည်။ နေမရှိလရိပ် ထုံးတမ်းပွဲတော်တွင် တိုက်ခိုက်ခြင်းက သူတို့အတွက် အကောင်းဆုံးအခွင့်အရေး ဖြစ်၏။
ဤတိုက်ပွဲအပြီးတွင် ကွမ်းမင်ဂိုဏ်း ၊ မြောက်ပင်လယ်ဓားခန်းမနှင့် ကြေးနီကျွန်းတို့အားလုံးက တာ့ရွှမ်တိုင်းပြည်၏ နောက်ထပ်ပစ်မှတ်များ ဖြစ်လာနိုင်ခြေများသည်။
ပြီးတော့ ကွမ်းမင်ဂိုဏ်း၏ ဌာနချုပ်က ယိုးမင်ဂိုဏ်း၏ အဓိကပလ္လင်ကဲ့သို့ လျှို့ဝှက်ထားခြင်းမရှိဘဲ လူတိုင်းသိမြင်နိုင်သော နေရာဖြစ်၏။
အားဟူက တင်ပျဉ်ခွေထိုင်နေရာမှ မတ်တတ်ရပ်လိုက်ပြီး ရန်ကျောက်ကဲကို လှမ်းကြည့်ရင်း...
“သခင်လေး... ရှန်လင်ကျီရဲ့ မျိုးဆက်တွေက အတော်လေး သစ္စာရှိတယ်နော် ၊ သူတို့က အရင်က ဧကရာဇ်ရွှမ်ဝမ် နန်းတက်နိုင်ဖို့ ကူညီပေးခဲ့ပြီး ဘာအခွင့်အရေးမှမယူဘဲ ထွက်ခွာသွားခဲ့တယ် ၊ အခု တာ့ရွှမ်တိုင်းပြည် မတည်မငြိမ် ဖြစ်နေတော့ သူတို့က ရွှမ်ဝမ်ဧကရာဇ်ရဲ့ သားစဉ်မြေးဆက်အထိ ကူညီနေကြတုန်းပဲ”
ရန်ကျောက်ကဲက နက်ရှိုင်းသည့်အကြည့်များဖြင့် အဝေးတစ်နေရာသို့ ငေးကြည့်ရင်း...
“သူတို့က တကယ်သစ္စာရှိတာလည်း ဖြစ်နိုင်သလို... တခြား ရည်မှန်းချက်တစ်ခုရှိတာလည်း ဖြစ်နိုင်တယ် ၊ ကြည့်ရတာ သူတို့စိတ်ဆန္ဒတွေက တစ်နေရာရာမှာ ရှိနေနိုင်တယ်”
တခြားသူတွေကိုမပြောနိုင်ပေမယ့် အချိန်ရေစီးကြောင်းဓားကို တစ်ချက်ကြည့်ရုံဖြင့် ရန်ကျောက်ကဲက သူတို့ရဲ့ နောက်ခံကို မြင်နိုင်ပါပြီ။
ခန်းကျင်းယွမ်၏ ဓားတာအိုက မလုံလောက်သေးဟုဆိုလျှင်ပင် လော့ကျီးထောင်ကိုတိုက်ခိုက်သော အဘိုးအို၏ သိုင်းပညာကိုကြည့်ခြင်းအားဖြင့် သူ သေချာစေနိုင်သည်။
ထိုဓားသိုင်းက ထာဝရအလင်းကောင်းကင်ကျမ်းစာမှ ဆင်းသက်လာသော သိုင်းပညာတစ်ရပ် ဖြစ်၏။
ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ ၊ စက်ဝန်းသံသရာကောင်းကင်ကျမ်းစာနှင့် ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာများကဲ့သို့ပင် ထိုကျမ်းစာသည် မူလကောင်းကင်ကျမ်းစာများထဲတွင် အတော်လေး ထူးခြားသော ပညာရပ်တစ်ခု ဖြစ်၏။
မီးငါးသွယ်သိုင်းပညာနဲ့ ရတနာခုနစ်သွယ်လှံသိုင်းက တာ့ရွှမ်တိုင်းပြည်၏ ကိုယ်ပိုင်သိုင်းပညာဟု ယူဆနိုင်သည်။ ထာဝရအလင်းကောင်းကင်ကျမ်းစာကတော့ သလင်းကျောက်စိမ်းအဆက်အနွယ်မှ အမှန်တကယ် မွေးဖွားလာသော သိုင်းပညာ ဖြစ်လေသည်။